News @ M-Media

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်း ကြေငြာချက်ထုတ်

ဇန်န၀ါရီ ၁၆၊ ၂၀၁၄
M-Media
ဇာဏီ

ဓါတ်ပုံအညွှန်း - BBC Burmese ၏ သတင်းဓါတ်ပုံ
ဓါတ်ပုံအညွှန်း – BBC Burmese ၏ သတင်းဓါတ်ပုံ

မန္တလေး ။    ။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည်(မန္တလေး)ကို မနေ့က ဇန်န၀ါရီလ ၁၅-ရက်နေ့တွင် မန္တလေးမြို့ အတုမရှိကျောင်းတိုက်တွင် ပြုလုပ်သော ဂိုဏ်းပေါင်းစုံ သံဃညီလာခံတွင် သီတဂူဆရာတော်နှင့် အင်းစိန်ရွာမ ဆရာတော်တို့ အပါအ၀င် သံဃာ အများအပြား တက်ရောက် ဖွဲ့စည်းလိုက်ကြောင်းနှင့် သဘောထားကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယင်းကြေငြာချက်အား နိုင်တော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဌိတ ဥက္ကဌ မဘသ(ဗဟို) နှင့် နိုင်ငံတော်သြဝါဒါ စရိယ အဂ္ဂမဟာပဏ္ဌိတ ဥက္ကဌ မဘသ (မန္တလေးတိုင်းဒေသကြီး)တို့မှ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး ၎င်းကြေညာချက်သည် နိုင်ငံ၏ အရေးကိစ္စများအား ဘုရားသားတော် သံဃာတော် များနှင့် မသက်ဆိုင်သော ကိစ္စရပ်များကိစ္စများကို ထည့်သွင်းကြေငြာထားသောကြောင့် သင့်တော်မှုမရှိဟု ပြောဆိုသူများလည်း ရှိကြောင်းသိရသည်။

“တကယ်တမ်းပြောရရင်တော့ဗျာ ဥပဒေပြုရေး၊ နိုင်ငံအုပ်ချူပ်ရေးနဲ့ သက်ဆိုင်တာတွေဟာ ဘုရားသားတော်တွေ လုပ်ဆောင်ရမယ့် ကိစ္စ မဟုတ်ပါ ဘူး။ ဘုရား သားတော်တွေအနေနဲ့ မိမိရဲ့ ဘာသာသာသနာ စည်ပင် ပြန့်ပွားရေး တရားဓမ္မတွေကို ကိုယ်တိုင်ကျင့်ကြံရင်း တခြားသူတွေ ကိုလည်း တရားရေအေး တိုက်ကျွေးရမယ့် အလုပ်ပဲရှိတာ။ အခုတော့ ဒီလိုမျိုးတွေ ဖြစ်လာတာဟာ နိုင်ငံအတွက်၊ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အတွက်လည်း မကောင်းဘူးလို့ ကျွန်တော်မြင်တယ်”ဟု ဗုဒ္ဓဘာသာဝင် လူငယ်တစ်ယောက်မှ ပြောသည်။

“ကျွန်တော်တို့ကတော့ ဘာမှ မပြောလိုပါဘူး။ ဘယ်ဘာသာပဲဖြစ်ဖြစ်ပါ ကိုယ့်သာသနာကို တကယ်မြတ်နိုးစွာ လက်ခံယုံကြည်သူဖို့ သာသနာ ပျောက် မှာလည်း စိုးရိမ်စရာမရှိသလို။ လူမျိုးပျောက်မှာလည်း စိုးရိမ်စရာမရှိပါဘူး။ ဘယ်နေရာဒေသပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ့်လူမျိုးသာ ရှိရမယ် ဆိုတဲ့ စိတ်ထားနဲ့ အတင်းအကြပ်တွေ လုပ်ဆောင်နေလို့ကတော့ သိပ်မကြာပါဘူး အဲ့ဒီသာသနာဟာ မှေးမှိန်သွားနိုင်တယ်။”လို့ ဗုဒ္ဓဘာသာမဟုတ်သူ လူငယ်တချို့မှလည်း ပြောပါသည်။

သံဃာညီလာခံ၏ ထုတ်ပြန်ကြေငြာချက်သဘောထားသည် ဗုဒ္ဓဘာသာဝင်များမှအပ တခြားသော ဘာသာဝင်များနှင့် ဗုဒ္ဓ မဟုတ်သည့် တိုင်းရင်းသား လူမျိုးများကို ဖိနှိပ်ခွဲခြားလုပ်ဆောင်မှုပုံစံတွေ့ရပြီး ဗုဒ္ဓမြတ်စွာဘုရား သာသနာတော်၏ တရားဓမ္မနှင့်လည်း ကိုက်ညီမှုမရှိကြောင်း ဝေဖန်ပြောဆိုသံ များလည်း ထွက်ပေါ်လျက်ရှိသည်။

သံဃာ့ညီလာခံ၏ သဘောထား ကြေငြာချက်
1558469_571790712896641_125491665_n 1531606_571790782896634_2088799568_n

(၁) မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ဆက်လက်ကာကွယ် စောင့်ရှောက်ရန်တိုက်တွန်းသည်။

(၂) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် ရေးဆွဲရာ၌ ပုဂ္ဂလအဓိဌာန်နှင့် လတ်တလော အခြေနေကို မကြည့်ဘဲနိုင်ငံနှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားကိုသာ ကြည့်ရှုဆောင်ရွက်ရန် တိုက်တွန်းသည်။

(၃) လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်၌ တိုင်းရင်းသားစာရင်း မပါဝင်သော လူမျိုးစုနှင့် အဖွဲ့အစည်းများအား ကူညီပံ့ပိုး အားပေးအားမြှောက်ပြုနေကြသည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၏ လုပ်ရပ်မှန်သမျှကို နိုင်ငံတော်၏ အချုပ်အခြာအာဏာ ထိပါးစေနိုင်သဖြင့် ကန့်ကွက်သည်။

(၄) တည်ဆဲဥပဒေနှင့် မညီညွတ်သော တိုင်းရင်းသားစာရင်း၌ မပါဝင်သည့်လွှတ်တော် ကိုယ်စားလှယ်များအား ပြန်လည်စိစစ်၍ ဥပဒေနှင့်အညီသာ ဆောင်ရွက်ပေးရန် တိုက်တွန်းသည်။

(၅) တိုင်းရင်းသား အခွင့်အရေးနှင့် နိုင်ငံသားအခွင့်ရေးများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရွေးကောက်ပွဲတိုင်းတွင် ဥပဒေနှင့်မညီညွတ်သည့် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများ ၏ ဆန္ဒမဲပေးပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်း သင့်ကြောင်းအကြံပြုတိုက်တွန်းသည်။

(၆) အမျိုးဘာသာသာသနာ အဖွဲ့အစည်း(မဘသ)ခေါ် သာသနဝံသပါလအဖွဲ့ အတွက် အင်အား ဖြစ်စေသော အားပေးစကားများကို ပြောကြားခဲ့သည့် နိုင်ငံတော် အကြီးအကဲများ နိုင်ငံခေါင်းဆောင်များ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများအား ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်သည်။

(၇) သတင်းမီဒီယာများသည် နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့်အလျောက် သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ နိုင် ငံတော်နှင့် အမျိုးဘာသာသာသနာ၏ အကျိုးစီးပွားကို ထိခိုက်အောင်မှန်ကန်မျှတစွာ ဖော်ပြကြရန်နှင့်မမှန်မကန် ဖော်ပြမှု အဂတိလိုက်စားမှုများ ရှောင်ကြရန် အထူးတိုက်တွန်းသည်။

(၈) မြန်မာနိုင်ငံသူ နိုင်ငံသားများသည်မိမိ/သူတစ်ပါး အမျိုးဘာသာကို ထိခိုက်စေမည့် ဟောပြောမှု လှုံ့ဆော်မှုနှင့် တုန့်ပြန်မှုများကိုရှောင်ကြဉ်ကြရန် အထူးတိုက်တွန်းသည် ။

(၉) အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ခေါ်သာသနဝံသပါလ အဖွဲ့သည် သာသနာ့ဥသျှောင် သံဃာ့ဥသျှောင်ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူလျက် အမှီအခို ကင်းပြီးလွတ်လပ်သည့်အမျိုးသားရေး အင်အားစုကြီးတစ်ရပ်သာ ဖြစ်ကြောင်းသိစေအပ်သည်။

(၁၀) အကာအကွယ်မဲ့နေကြသည့် မြန်မာ့အမျိုးကောင်းသားအမျိုးကောင်းသမီးများအား ကာကွယ် စောင့်ရှောက်နိုင် မည့်အမျိုးစောင့် ဥပဒေ အတည်ပြုပြဌာန်း ပေးနိုင်သည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဟု ဤညီလာခံတော်ကြီးက အဓိဌာန်ပြုသည်။

(ဘဒ္ဒန္တတိလောကာဘိဝံသ) နိုင်တော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဌိတ ဥက္ကဌ မဘသ(ဗဟို)
(ဘဒ္ဒန္တတိက္ခ) နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဌိတ ဥက္ကဌ မဘသ(မန္တလေးတိုင်းဒေသကြီး)

 

Comments

Leave a Reply