News @ M-Media

Blog

  • ပါလက်စတိုင်းနယ်မြေတွင် တရားမ၀င်အိမ်ရာ ဆောက်လုပ်မှု နယ်သာလန် ကုမ္ပဏီများ အစ္စရေးနှင့် ပူးပေါင်းမှု ရပ်ဆိုင်း

    ပါလက်စတိုင်းနယ်မြေတွင် တရားမ၀င်အိမ်ရာ ဆောက်လုပ်မှု နယ်သာလန် ကုမ္ပဏီများ အစ္စရေးနှင့် ပူးပေါင်းမှု ရပ်ဆိုင်း

    ဇန်န၀ါရီ ၁၅၊ ၂၀၁၄
    M-Media

    – ပါလက်စတိုင်းနယ်မြေများအတွင်း အိမ်ရာများ တရားမ၀င်ဆောက်လုပ်နေသည့် အစ္စရေးအား ဆန့်ကျင်သောအနေဖြင့် နယ်သာလန်နိုင်ငံမှ ပင်စင် ကိစ္စဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုက အစ္စရေးရှိ ၎င်းတို့လုပ်ငန်းများအား ရပ်တန့်လိုက်ပြီးနောက် အခြားသော နယ်သာလန် ကုမ္ပဏီများကလည်း အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ရပ်တန့်ရန်ရှိနေသည်ဟု သိရသည်။

    ပင်စင်ကိစ္စများကို ဆောင်ရွက်သည့် PGGM အမည်ရသည့် အဆိုပါကုမ္ပဏီမှာ ပြီးခဲ့သည့် သီတင်းပတ်က အစ္စရေးရှိ ထိပ်တန်းဘဏ် ၅ ခုနှင့် ပူးပေါင်း ဆောင်ရွက်မှု မပြုလုပ်တော့ရန် ဆုံးဖြတ်ခဲ့ပြီး၊ ထိုကဲ့သို့ ဆုံးဖြတ်ရခြင်းမှာ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် နိုင်ငံတကာ ဥပဒေက ခွင့်မပြုသည့် တရားမ၀င်အိမ်ရာများအား အစ္စရေးက ဆောက်လုပ်နေခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲသည့်လကလည်း အစ္စရေး၏ ထိုလုပ်ရပ်ကြောင့် နယ်သာလန်ရှိ သောက်ရေသန့် ကုမ္ပဏီ Vitens မှ အစ္စရေး ကုမ္ပဏီ Mekorot နှင့် ပူးပေါင်း ဆောင်ရွက် ခြင်းအား ရပ်တန့်ခဲ့ပြီး၊ စက်တင်ဘာလကလည်း နယ်သာလန်၏ အဓိက အင်ဂျင်နီယာ ကုမ္ပဏီတစ်ခုမှ ကုလသမဂ္ဂက သတ်မှတ် ပေးထား သည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် အစ္စရေးက ဆောက်လုပ်နေသည့် တရားမ၀င်အိမ်ရာများအတွက် ရေနှုတ်မြောက်ဖောက်လုပ်ပေးမှု အား ရပ်ဆိုင်းခဲ့သည်။

    ထို့ပြင် ဥပဒေချိုးဖောက်သော ထိုလုပ်ရပ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှ ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၏ သပိတ်မှောက်မှုကို အစ္စရေးက ကြုံတွေ့နေရပြီး၊ ဘဏ္ဍာရေးနှင့် ပက်သက်သော အခြားကုမ္ပဏီများက ထိုကဲ့သို့ သပိတ်မှောက်မှုများ ထပ်မံ၍ ပြုလုပ်မည်ကို အစ္စရေးက စိုးရိမ်နေသည်ဟု IPS သတင်း အေဂျင်စီကပြုလုပ်ခဲ့သည် စစ်တမ်းများအရ သိရသည်။

    ၁၉၆၇-ခုနှစ် စစ်ပွဲပြီးကတည်းက ကုလမှ သတ်မှတ်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်တွင် အစ္စရေးက အိမ်ရာများဆောက်လုပ်ခဲ့ပြီး အစ္စရေးနိုင်ငံသား သန်းဝက်ခန့် နေထိုင်နေကြသည်။

    Ref : PressTV

  • လီဗာပူးလ်အသင်း လက်ရှိခြေစွမ်း ချန်ပီယံလိဂ် ၀င်ခွင့်နှင့် ထိုက်တန်ဟု တိုက်စစ်မှူး ဆွာရက်ဇ်ဆို

    လီဗာပူးလ်အသင်း လက်ရှိခြေစွမ်း ချန်ပီယံလိဂ် ၀င်ခွင့်နှင့် ထိုက်တန်ဟု တိုက်စစ်မှူး ဆွာရက်ဇ်ဆို

    ဇန်န၀ါရီ ၁၅၊ ၂၀၁၄
    M-Media

    – မိမိတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာနှင့် ထိုတ်တန်သော ခြေစွမ်းများကို ပြသနေသည်မှာ သံသယရှိစရာမလိုဟု လီဗာပူလ်းအသင်း၏ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    လီဗာပူလ်းအသင်းမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က စတုတ်စီးတီးအသင်းအား ၅ ဂိုး ၃ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက် အဆင့်လေးနေရာတွင် ဆက်လက် ရပ်တည်နေခဲ့ပြီး၊ ၂၀၀၉ ခုနှစ်ကတည်းက ပါဝင်ကစားခွင့်မရခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲအား လာမည့်နှစ်တွင် ပါဝင်ကစားရန်အတွက် ပုံစံကောင်းများ ရှိနေသည်ဟု ထိုပွဲတွင်အသင်းအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့သည့် ဆွာရက်ဇ်က ခံစားနေရသည်။

    “ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်းမှာ အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ၀င်ရောက် ကစားနိုင်တဲ့အသင်းဖြစ်ကြောင်း မပြသနိုင်ခဲ့တာကို ကျွန်တော်တို့ သိပါ တယ်။ အခုတော့ ကျွန်တော်တို့ ကစားပုံ အတော့ကိုကောင်းနေပြီး ချန်ပီယံလိဂ်မှာ ကစားနိုင်တဲ့ အဆင့်ကိုလည်း ရောက်နေပါပြီ။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေရှိပြီး ဒီပုံစုံအတိုင်းသွားရင် ကျွန်တော်တို့ ချန်ပီယံလိဂ် ၀င်ခွင့် ရနိုင်မှာပါ” ဟု အသင်း ၀ဘ်ဆိုဒ်သို့ ဆွာရက်ဇ်က ပြောကြား ခဲ့သည်။

    ပြီးခဲ့သည့်နွေရာသီက အသင်းပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့သည့် ဆွာရက်ဇ်မှာ ပွဲပယ်ပြစ်ဒဏ်မှ ပြန်လာပြီးနောက် ခြေစွမ်းပြလျက်ရှိကာ ပရီးမီးယားလိဂ် ၁၆ ပွဲကစားပြီး ၂၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သည်။

    Ref : Daily

  • နိုင်ငံတကာမှ ကွန်ပျူတာများအား ရေဒီယိုနည်းပညာသုံး၍ NSA က ထောက်လှမ်းခဲ့ဟု နယူးယောက်တိုင်းမ် ဖွင့်ချ

    နိုင်ငံတကာမှ ကွန်ပျူတာများအား ရေဒီယိုနည်းပညာသုံး၍ NSA က ထောက်လှမ်းခဲ့ဟု နယူးယောက်တိုင်းမ် ဖွင့်ချ

    ဇန်န၀ါရီ ၁၅၊ ၂၀၁၄
    M-Media

    – တရုတ်စစ်တပ်၊ ဥရောပ ကုန်သွယ်မှုအဖွဲ့များနှင့် မဟာမိတ်နိုင်ငံတစ်ချို့၏ အသင်းအဖွဲ့များတွင် အသုံးပြုသည့် ကွန်ပျူတာ ၁ သိန်းနီးပါးတွင် အမေရိကန်က အချက်အလက်များ ခိုးယူနိုင်သည့် ချိစ်ပြားငယ်တစ်ခု ထည့်သွင်းကာ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်ဟု နယူးယောက်တိုင်းမ် သတင်းစာက ယမန်နေ့တွင်ရေးသားဖော်ပြခဲ့သည်။

    အမျိုးသား လုံခြုံရေးအေဂျင်စီ NSA ၏ မှတ်တမ်းများကို ကိုးကား၍ဖော်ပြခဲ့ခြင်းဖြစ်ပြီး လုံးခြုံရေးအရ အင်တာနက် ချိတ်ဆက်အသုံးပြုခြင်းမရှိသည့် ကွန်ပျူတာများမှ ရုပ်ဖျက်ထားသော အချက်အလက်များကို ရရှိနိုင်ရန်အတွက် NSA က ရေဒီယိုလှိုင်းနည်းပညာကို အသုံးပြုသည့် ဆော့ဖ်ဝဲတစ်ခုကို သုံးစွဲခဲ့သည်ဟု ထိုမှတ်တမ်းများတွင် အမေရိကန် အစိုးရ အရာရှိများနှင့် ကွန်ပျူတာ ကျွမ်းကျင်သူများက မှတ်တမ်းတင်ထားသည်။

    ထိုကဲ့သို့ နည်းပညာအသုံးပြုထားသော ဆားကစ်ဘုတ် အငယ်စားတစ်ခုကို ကွန်ပျူတာတွင် တပ်ဆင်ထားခြင်း သို့မဟုတ် USB ဖြင့် ချိတ်ဆက် ထားခြင်းဖြင့် အင်တာနက်ချိတ်ဆက်မထားသော ကွန်ပျူတာများသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း၊ ရုပ်ဖျက်ထားသော အချက်အလက်များအား ရယူနိုင်ခြင်းနှင့် ဗိုင်းရပ်စ်နှိမ်နင်းသည့် ဆော့ဖ်ဝဲများကို ကျော်ဖြတ်နိုင်ခြင်း စသည်တို့ကိုလုပ်ဆောင်နိုင်သည်ဟု သိရသည်။

    ၂၀၀၈-ခုနှစ်က စတင်ခဲ့သည့် ထိုထောက်လှမ်းရေး အစီအစဉ်အား NSA မှ “active defence” ဟု အမည်ပေးထားပြီး ရုရှားနှင့် တရုတ်စစ်တပ်များ၊ ဥရောပယူနီယံရှိ ကုန်သွယ်ရေး အဖွဲ့အစည်းများနှင့် ဆော်ဒီအာရေဗျ၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများအပါအ၀င် အမေရိကန်၏ မဟာမိတ် နိုင်ငံများအား ထောက်လှမ်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ထိုစနစ်အား အမေရိကန်နိုင်ငံအတွင်း အသုံးမပြုဟု NSA ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ ကွန်ပျူတာ ကျွမ်းကျင်သူများကလည်း အမေရိကန် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ၏ ကွန်ပျူတာများတွင် ထိုစနစ်အား ထည့်သွင်းကာ ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ဖူးပြီး အမေရိကန်က ထိုလုပ်ရပ်များအား ရှုတ်ချခဲ့ဖူးသည်။

    Ref : Aljazeera

  • နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆရာတော်ဦးရက္ခ၀ံသ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

    နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆရာတော်ဦးရက္ခ၀ံသ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

    ဇန်န၀ါရီ ၁၅၊ ၂၀၁၄
    M-Media
    သီရိ

    untitled

    ပြည်   ။     ။       နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဆရာတော် ဦးရက္ခ၀ံသသည် တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်ဖော်နေရာမှ ပြည်မြို့သို့ ရောက်ရှိကြောင်းသိရသည်။

    ဆရာတော် ဦးရက္ခ၀ံသသည်  ၁၉၈၈ စက်တင်ဘာ ၂၇-ရက်နေ့တွင် နိုင်ငံရေးမှုဖြင့် ဖမ်းဆီးခံရပြီးနောက် သေဒဏ် တစ်သက်တစ်ကျွန်းအဖြစ်မှ ၁၉၉၇-ခုနှစ် တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် တစ်ဖက်နိုင်ငံသို့တိမ်းရှောင်ခဲ့ရာ နိုင်ငံတော်သမ္မတကြီး၏ ဖိတ်ကြားချက်အရ ယခုအခါ ပြည်တွင်းသို့ပြန်လည် ၀င်ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။

    “၂၀၁၄ တွင် နိုင်ငံရေးအကျဉ်းသားမရှိစေရဟု သမ္မတကြီးက ကတိပေးထားသော်လည်း နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသည့်အတွက် ဆွမ်းဘုန်း မပေးဘဲ လမ်းလျှောက်ဆန္ဒပြနေခြင်း ဖြစ်တယ်” ဟု ဆရာတော်မှ မိန့်ကြားခဲ့ပါသည်။

    ဆရာတော်သည် မန္တလေး မဟာမြတ်မုနိဘုရားကြီးမှ ဇန်န၀ါရီလ ၆-ရက်နေ့တွင် စတင်ထွက်ခွာပြီး ဆွမ်းဘုန်းပေးခြင်းမရှိဘဲ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ရာ ဇန်န၀ါရီလ ၁၃-ရက်နေ့ညတွင် ပြည်မြို့နယ် ဇီးအုပ် ဘုန်းတော်ကြီးသို့ရောက်ရှိခဲ့ပါသည်။ ထိုဘုန်းတော်ကြီးကျောင်းတွင်  တစ်ညတာ အနားယူခဲ့ပြီး နံနက် ၇ နာရီတွင် ပြည်မြို့သို့ရောက်ရှိခဲ့ပါသည်။ ဆရာတော်သည် ပြည်မြို့ ဘုရင့်နောင်လမ်း စင်္ကြန်တောင် တောရ ကျောင်းတွင် ခေတ္တ နားခိုရင်း သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။

    ဆရာတော်သည် မိုင် ၃၀၀ ကျော် ခရီးကို ဆွမ်းဘုန်းမပေးဘဲ အချိုရည် တစ်မျိုးတည်းကိုသာ ဘုန်းပေးခဲ့ခြင်း ဖြစ်ပါသည်။ဆရာတော်သည် ပြည်မြို့မှ ထွက်ခွာပြီး ပန်းတောင်းမြို့မှတစ်ဆင့် ရခိုင်ပြည်နယ် စစ်တွေမြို့ ဥူးဥတ္တမ ပန်းခြံတွင် ခရီးစဉ် ပြီးဆုံးမည် ဖြစ်ပါသည်။

  • တောင်ဆူဒန်ရှိ ကုလငြိမ်းချမ်းရေး တပ်များအား ကူညီရန် တောင်းဆိုမှုအား ဂျပန် ပယ်ချ

    ဇန်နဝါရီ ၁၅၊ ၂၀၁၄
    M-Media

    342106_UN-peacekeepers-S. Sudan
    – ပြည်တွင်း ပဋိပက္ခများဖြစ်ပွားနေသည့် တောင်ဆူဒန်နိုင်ငံရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များအား ထောက်ပံ့ရန် အတွက် စစ်လက်နက် ပစ္စည်းများနှင့် စစ်သားများ ပို့ဆောင်ပေးရန် ဂျပန်နိုင်ငံသို့ ကုလမှ တောင်းဆိုမှုအား ဂျပန်နိုင်ငံက ယနေ့တွင် ငြင်းဆန်လိုက်သည်ဟု သိရသည်။

    ထိုကဲ့သို့ စေလွှတ်ခြင်းမပြုရန် ဥပဒေရှုထောင့်၊ အချိန်၊ ပဋိပက္ခအတွင်း အခြားနိုင်ငံများပါဝင်မှု၊ ဂျပန်နိုင်ငံ၏ အခြေခံဥပဒေ စသည်တို့နှင့် ချင့်ချိန်ကာ သေချာစွာ စဉ်းစားခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဂျပန်ကတ်ဘိနတ်အကြီးအကဲ ယိုရှိဟိုက်ဒီက ယနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဂျပန်နိုင်ငံ၏ အခြေခံဥပဒေအရ တိုက်ခိုက်ခံနေရသည့် မဟာမိတ်များအား ကာကွယ်ရန် သို့မဟုတ် နိုင်ငံတကာပြဿနာများအား ဖြေရှင်းရန်  စစ်တပ်အား အသုံးပြုခြင်းနှင့် အခြားသော စစ်တပ်ပါဝင်ပက်သက်သည့် ကန့်သတ်မှုများတွင် ပါဝင်ဆောင်ရွက်ရန် တားမြစ်ထားသည်။
    Ref: ဆင်ဟွာ