News @ M-Media

Blog

  • နိုင်ငံတကာမှ ကွန်ပျူတာများအား ရေဒီယိုနည်းပညာသုံး၍ NSA က ထောက်လှမ်းခဲ့ဟု နယူးယောက်တိုင်းမ် ဖွင့်ချ

    နိုင်ငံတကာမှ ကွန်ပျူတာများအား ရေဒီယိုနည်းပညာသုံး၍ NSA က ထောက်လှမ်းခဲ့ဟု နယူးယောက်တိုင်းမ် ဖွင့်ချ

    ဇန်န၀ါရီ ၁၅၊ ၂၀၁၄
    M-Media

    – တရုတ်စစ်တပ်၊ ဥရောပ ကုန်သွယ်မှုအဖွဲ့များနှင့် မဟာမိတ်နိုင်ငံတစ်ချို့၏ အသင်းအဖွဲ့များတွင် အသုံးပြုသည့် ကွန်ပျူတာ ၁ သိန်းနီးပါးတွင် အမေရိကန်က အချက်အလက်များ ခိုးယူနိုင်သည့် ချိစ်ပြားငယ်တစ်ခု ထည့်သွင်းကာ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်ဟု နယူးယောက်တိုင်းမ် သတင်းစာက ယမန်နေ့တွင်ရေးသားဖော်ပြခဲ့သည်။

    အမျိုးသား လုံခြုံရေးအေဂျင်စီ NSA ၏ မှတ်တမ်းများကို ကိုးကား၍ဖော်ပြခဲ့ခြင်းဖြစ်ပြီး လုံးခြုံရေးအရ အင်တာနက် ချိတ်ဆက်အသုံးပြုခြင်းမရှိသည့် ကွန်ပျူတာများမှ ရုပ်ဖျက်ထားသော အချက်အလက်များကို ရရှိနိုင်ရန်အတွက် NSA က ရေဒီယိုလှိုင်းနည်းပညာကို အသုံးပြုသည့် ဆော့ဖ်ဝဲတစ်ခုကို သုံးစွဲခဲ့သည်ဟု ထိုမှတ်တမ်းများတွင် အမေရိကန် အစိုးရ အရာရှိများနှင့် ကွန်ပျူတာ ကျွမ်းကျင်သူများက မှတ်တမ်းတင်ထားသည်။

    ထိုကဲ့သို့ နည်းပညာအသုံးပြုထားသော ဆားကစ်ဘုတ် အငယ်စားတစ်ခုကို ကွန်ပျူတာတွင် တပ်ဆင်ထားခြင်း သို့မဟုတ် USB ဖြင့် ချိတ်ဆက် ထားခြင်းဖြင့် အင်တာနက်ချိတ်ဆက်မထားသော ကွန်ပျူတာများသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း၊ ရုပ်ဖျက်ထားသော အချက်အလက်များအား ရယူနိုင်ခြင်းနှင့် ဗိုင်းရပ်စ်နှိမ်နင်းသည့် ဆော့ဖ်ဝဲများကို ကျော်ဖြတ်နိုင်ခြင်း စသည်တို့ကိုလုပ်ဆောင်နိုင်သည်ဟု သိရသည်။

    ၂၀၀၈-ခုနှစ်က စတင်ခဲ့သည့် ထိုထောက်လှမ်းရေး အစီအစဉ်အား NSA မှ “active defence” ဟု အမည်ပေးထားပြီး ရုရှားနှင့် တရုတ်စစ်တပ်များ၊ ဥရောပယူနီယံရှိ ကုန်သွယ်ရေး အဖွဲ့အစည်းများနှင့် ဆော်ဒီအာရေဗျ၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများအပါအ၀င် အမေရိကန်၏ မဟာမိတ် နိုင်ငံများအား ထောက်လှမ်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ထိုစနစ်အား အမေရိကန်နိုင်ငံအတွင်း အသုံးမပြုဟု NSA ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ ကွန်ပျူတာ ကျွမ်းကျင်သူများကလည်း အမေရိကန် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ၏ ကွန်ပျူတာများတွင် ထိုစနစ်အား ထည့်သွင်းကာ ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ဖူးပြီး အမေရိကန်က ထိုလုပ်ရပ်များအား ရှုတ်ချခဲ့ဖူးသည်။

    Ref : Aljazeera

  • နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆရာတော်ဦးရက္ခ၀ံသ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

    နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆရာတော်ဦးရက္ခ၀ံသ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

    ဇန်န၀ါရီ ၁၅၊ ၂၀၁၄
    M-Media
    သီရိ

    untitled

    ပြည်   ။     ။       နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဆရာတော် ဦးရက္ခ၀ံသသည် တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်ဖော်နေရာမှ ပြည်မြို့သို့ ရောက်ရှိကြောင်းသိရသည်။

    ဆရာတော် ဦးရက္ခ၀ံသသည်  ၁၉၈၈ စက်တင်ဘာ ၂၇-ရက်နေ့တွင် နိုင်ငံရေးမှုဖြင့် ဖမ်းဆီးခံရပြီးနောက် သေဒဏ် တစ်သက်တစ်ကျွန်းအဖြစ်မှ ၁၉၉၇-ခုနှစ် တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် တစ်ဖက်နိုင်ငံသို့တိမ်းရှောင်ခဲ့ရာ နိုင်ငံတော်သမ္မတကြီး၏ ဖိတ်ကြားချက်အရ ယခုအခါ ပြည်တွင်းသို့ပြန်လည် ၀င်ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။

    “၂၀၁၄ တွင် နိုင်ငံရေးအကျဉ်းသားမရှိစေရဟု သမ္မတကြီးက ကတိပေးထားသော်လည်း နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသည့်အတွက် ဆွမ်းဘုန်း မပေးဘဲ လမ်းလျှောက်ဆန္ဒပြနေခြင်း ဖြစ်တယ်” ဟု ဆရာတော်မှ မိန့်ကြားခဲ့ပါသည်။

    ဆရာတော်သည် မန္တလေး မဟာမြတ်မုနိဘုရားကြီးမှ ဇန်န၀ါရီလ ၆-ရက်နေ့တွင် စတင်ထွက်ခွာပြီး ဆွမ်းဘုန်းပေးခြင်းမရှိဘဲ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ရာ ဇန်န၀ါရီလ ၁၃-ရက်နေ့ညတွင် ပြည်မြို့နယ် ဇီးအုပ် ဘုန်းတော်ကြီးသို့ရောက်ရှိခဲ့ပါသည်။ ထိုဘုန်းတော်ကြီးကျောင်းတွင်  တစ်ညတာ အနားယူခဲ့ပြီး နံနက် ၇ နာရီတွင် ပြည်မြို့သို့ရောက်ရှိခဲ့ပါသည်။ ဆရာတော်သည် ပြည်မြို့ ဘုရင့်နောင်လမ်း စင်္ကြန်တောင် တောရ ကျောင်းတွင် ခေတ္တ နားခိုရင်း သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။

    ဆရာတော်သည် မိုင် ၃၀၀ ကျော် ခရီးကို ဆွမ်းဘုန်းမပေးဘဲ အချိုရည် တစ်မျိုးတည်းကိုသာ ဘုန်းပေးခဲ့ခြင်း ဖြစ်ပါသည်။ဆရာတော်သည် ပြည်မြို့မှ ထွက်ခွာပြီး ပန်းတောင်းမြို့မှတစ်ဆင့် ရခိုင်ပြည်နယ် စစ်တွေမြို့ ဥူးဥတ္တမ ပန်းခြံတွင် ခရီးစဉ် ပြီးဆုံးမည် ဖြစ်ပါသည်။

  • တောင်ဆူဒန်ရှိ ကုလငြိမ်းချမ်းရေး တပ်များအား ကူညီရန် တောင်းဆိုမှုအား ဂျပန် ပယ်ချ

    ဇန်နဝါရီ ၁၅၊ ၂၀၁၄
    M-Media

    342106_UN-peacekeepers-S. Sudan
    – ပြည်တွင်း ပဋိပက္ခများဖြစ်ပွားနေသည့် တောင်ဆူဒန်နိုင်ငံရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များအား ထောက်ပံ့ရန် အတွက် စစ်လက်နက် ပစ္စည်းများနှင့် စစ်သားများ ပို့ဆောင်ပေးရန် ဂျပန်နိုင်ငံသို့ ကုလမှ တောင်းဆိုမှုအား ဂျပန်နိုင်ငံက ယနေ့တွင် ငြင်းဆန်လိုက်သည်ဟု သိရသည်။

    ထိုကဲ့သို့ စေလွှတ်ခြင်းမပြုရန် ဥပဒေရှုထောင့်၊ အချိန်၊ ပဋိပက္ခအတွင်း အခြားနိုင်ငံများပါဝင်မှု၊ ဂျပန်နိုင်ငံ၏ အခြေခံဥပဒေ စသည်တို့နှင့် ချင့်ချိန်ကာ သေချာစွာ စဉ်းစားခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဂျပန်ကတ်ဘိနတ်အကြီးအကဲ ယိုရှိဟိုက်ဒီက ယနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဂျပန်နိုင်ငံ၏ အခြေခံဥပဒေအရ တိုက်ခိုက်ခံနေရသည့် မဟာမိတ်များအား ကာကွယ်ရန် သို့မဟုတ် နိုင်ငံတကာပြဿနာများအား ဖြေရှင်းရန်  စစ်တပ်အား အသုံးပြုခြင်းနှင့် အခြားသော စစ်တပ်ပါဝင်ပက်သက်သည့် ကန့်သတ်မှုများတွင် ပါဝင်ဆောင်ရွက်ရန် တားမြစ်ထားသည်။
    Ref: ဆင်ဟွာ

  • ဖီဖာ၏ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ဒုတိယ အကြိမ်မြောက် ဆွတ်ခူး

    ဇန်နဝါရီ ၁၄၊ ၂၀၁၄
    M-Media

    ရီဘာရီနှင့် မက်ဆီကို ကျော်ဖြတ်ပြီး ဖီဖာ၏ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ဒုတိယ အကြိမ်မြောက် ဆွတ်ခူး

    358820_heroa
    – ၂၀၁၃ ခုနှစ်အတွက် ဖီဖာမှ ချီးမြှင့်သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Orအား ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ဆွတ်ခူးရရှိသွားခဲ့သည်ဟု သိရသည်။

    အဆိုပါဆုပေးပွဲအား ယမန်နေ့က ဇူးရစ်ခ်ျမြို့တွင် ကျင်းပခဲ့ပြီး၊ အသက် ၂၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုမှာ နိုင်ငံအသင်းခေါင်းဆောင်များ၊ နည်းပြများနှင့် မီဒီယာသမားများက ပေးသောမဲအရေအတွက် ၂၇.၉၉ ရာခိုင်နှုန်းကို ရရှိခဲ့ကာ ပထမ၊မက်ဆီက ၂၄.၇၇ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ရီဘာရီက ၂၃.၃၆ ရာခိုင်နှုန်းဖြင့် တတိယ အသီးသီးရရှိသွားခဲ့သည်။

    ၂၀၀၈ ခုနှစ် မန်ချက်စတာယူနိုက်တက်အသင်းတွင် ကစားစဉ်က အဆိုပါဆုအား တစ်ကြိမ် ရရှိဖူးခဲ့သည့် ရော်နယ်ဒိုမှာ ၂၀၁၃ ခုနှစ်တွင် ကလပ်အသင်းနှင့် နိုင်ငံအသင်းတို့တွင် ထင်ရှားသော အောင်မြင်မှုများ မရခဲ့သော်လည်း တစ်နှစ်အတွင်း ကစားခဲ့သည့် စုစုပေါင်း ၅၉ ပွဲတွင် ၆၉ ဂိုး သွင်းယူနိုင်ခဲ့သည်အထိ ခြေစွမ်းပြခဲ့သောကြောင့် အဆိုပါဆုအား ရရှိခဲ့ခြင်းဖြစ်သည်။

  • ဇန်န၀ါရီ ၁၄၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၄၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၄၊ ၂၀၁၄
    M-Media

    ကာကွယ်ရေးအသုံးစရိတ် ကန်ဒေါ်လာ ၂.၃ ဘီလျံ ကာကွယ်ရေးဝန်ကြီး တောင်းခံ

    – ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွက် တိုင်းပြည်၏ စီးပွားရေးအခြေအနေကို ငဲ့ကွက်သောအားဖြင့် ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂.၃ ဘီလျံကို ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ယနေ့ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တောင်းခံလိုက် ကြောင်း သိရသည်။
    ________________________

    ပုဒ်မ ၁၈ ပြင်ဆင်ရန် လွှတ်တော်တွင်း ဆွေးနွေး

    – ဥပဒေပုဒ်မ ၁၈အရ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ခွင့်ပြုမိန့်တောင်းခံခြင်းစသည့် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် ဥပဒေများ ဖျက်သိမ်းပေးရန် တောင်းဆိုနေကြသည့်အလျောက် ပုဒ်မ ၁၈ ကို ပြင်ဆင်ရန် လွှတ်တော်အတွင်းမှလည်း ဆွေးနွေးနေကြောင်း သိရသည်။
    ________________________

    အမျိုးသမီးနှင့် လူငယ် ကိုယ်စားလှယ်လောင်းတွေ ဦးစားပေးရွေးချယ်မယ့် NLD

    – ၂၀၁၅-ခု ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် အရည်အချင်းကို အဓိကထားပြီး အမျိုးသားအမျိုးသမီး အရည်အချင်း တူနေရင် အမျိုးသမီးကို ဦးစားပေးရွေးချယ်မှာဖြစ်သည့်နည်းတူ လူကြီးလူငယ် အရည်အချင်းတူနေပါက လူငယ်ကို ဦးစားပေး ရွေးချယ်မည်ဟု ဒီနေ့ပြုလုပ်တဲံ ပြည်ထောင်စုလွှတ်တော်အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    အရှေ့တောင်အာရှ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ဖွင့်လှစ်

    ၇-ကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး ယနေ့ညနေပိုင်းက နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဖွင့်ပွဲ ပြုလုပ်ခဲ့ရာ သမ္မတဦးသိန်းစိန်တက်ရောက်ခဲ့ပြီး တက်ရောက်အားပေးသူ ၁၀၀၀၀ ၀န်းကျင် ရှိကြောင်း သိရသည်။
    ________________________