News @ M-Media

Blog

  • ဗန်ပါစီ ခြောက်ပတ် ထပ်မံအနားယူရ၊ လာဇီယို ခေါင်းဆောင် ပွဲပယ်ကာလ ၃ လ လျော့ချ

    ဇန်န၀ါရီ ၁၁-၂၀၁၄
    M-Media

    ဒဏ်ရာ အကင်းမသေသေးသောကြောင့် မန်ယူတိုက်စစ်မှူး ဗန်ပါစီ ခြောက်ပတ်ခန့် ထပ်မံအနားယူရမည်။

    – အာဆင်နယ်အသင်းတွင် ရရှိခဲ့သည့် ပေါင်းဒဏ်ရာဟောင်း ပြန်လည် ခံစားနေရသည့်အတွက် မန်ယူအသင်း တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီမှာ နောက်ထပ် ၆ ပတ်ခန့်  ထပ်မံ အနားယူရမည်ဟု သိရသည်။

    ဗန်ပါစီမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ကတည်းက ဒဏ်ရာကြောင့် အသင်းမှအနားယူနေရသူဖြစ်ပြီး နည်းပြမိုယက်စ်က အမြန်ပြန်ကစားနိုင်ရန် အလိုရှိနေသော်လည်း  ဒဏ်ရာမှာ အကင်းမသေ သေးသောကြောင့် ဆက်လက်အနာယူးရမည်ဖြစ်ပြီး ယခုအခါ ဟော်လန်၌ ဆေးကုသမှု ခံယူနေသည်ဟု အသင်းက ယမန်နေ့တွင် အတည်ပြုခဲ့သည်။

    အခြားတိုက်စစ်မှူးဖြစ်သည့် ၀ိန်းရူနီမှာလည်း ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရပြီး ဒဏ်ရာအမြန်ဆုံးသက်သာရန်အတွင် အပူချိန်မြင့်သည့် အီဂျစ်နိုင်ငံတွင် ဆေးကုသမှုခံယူရန် စေလွှတ်ထားသည်။
    article-2537202-1A73EC7600000578-459_634x479
    ………………………………..
    လုပ်ပွဲကြောင့် ၉ လ ပွဲပယ်ခံ လာဇီယိုအသင်း ခေါင်းဆောင်၏ ပြစ်ဒဏ်အား ၆ လသို့ လျှော့ချ

    – အီတလီဘောလုံးအဖွဲ့ချုပ်က အသေးစိပ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် လုပ်ပွဲ ပြုလုပ်မှုကြောင့် ၉ လ ပွဲခံနေရသည့် လာဇီယို အသင်းခေါင်းဆောင် စတီဖာနို မော်ရီ၏ ပြစ်ဒဏ်အား ၆ လ သို့ လျှော့ချခဲ့သည်ဟု သိရသည်။

    အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် မော်ရီမှာ လာဇီယိုအသင်း ၂၀၁၁ ခုနှစ်က ကစားခဲ့သည့် ဂျီနိုအာ၊ လက်ချီအသင်းတို့နှင့်ပွဲစဉ်၌ ပြုလုပ်ခဲ့သည့် လုပ်ပွဲကစားမှုအား တိုင်ကြားရန် ပျက်ကွက် ခဲ့မှုကြောင့် အီတလီဘောလုံး အဖွဲ့ချုပ်က ကနဦး ပွဲပယ်ပြစ်ဒဏ် ၆ လနှင့် နောက်တိုးပြစ်ဒဏ် ၃ လ စုစုပေါင်း ၉ လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

    သို့သော်လည်း ယမန်နေ့က အားကစားတရားရုံးတွင် ၁ နာရီခွဲကြာ ကြားနာမှု ပြုလုပ်ခဲ့ပြီးနောက် နောက်တိုးပြစ်ဒဏ် ၃ လအား ပယ်ဖျက်ပေး ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မော်ရီ၏ ပြစ်ဒဏ်မှာ လာမည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင်ပြည့်မည်ဖြစ်သည်။ ၂၀၁၁ ခုနှစ်က ဖော်ထုတ်တွေ့ ရှိခဲ့သည့် စီးရီးအေ လုပ်ပွဲ အရှုပ်တော်ပုံတွင်ပါဝင်မှုကြောင့် ယခင် အီတလီလက်ရွေးစင်ကစားသမား ဂူဆပ်ပီ ဆစ်ဂ်နိုင်ရီ အပါအ၀င် နာမည်ကြီး ကစားသမား အများအပြား အဖမ်းခံခဲ့ရပြီး စီးရီးအေ အသင်းအချို့မှာလည်း အမှတ်လျော့ပြစ်ဒဏ်ကို ခံခဲ့ရသည်။

  • နေးမာ၏ အပြောင်းအရွှေ့ စာချုပ်မှာ လုပ်ကြံမှုဖြစ်နိုင်သည်ဟု စပိန်တရားရုံးက ပြောဆို

    ဇန်န၀ါရီ ၁၁-၂၀၁၄
    M-Media

    350953_heroa
    – ဆန်းတို့စ်အသင်း၏ တောင်းဆိုချက်အရ ရာဇ၀တ်မှုဖြင့် စုံးစမ်းစစ်ဆေးမှုအချို့ ပြုလုပ်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းတိုက်စစ်မှူး နေးမာ၏ အပြောင်းအရွှေ့မှာ လုပ်ကြံမှု ဖြစ်နိုင်သည်ဟု စပိန်တရားရုံးက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် နွေရာသီက ဖြစ်ပေါ်ခဲ့သည့် နေးမာ၏ အပြောင်းအရွှေ့တွင် ဘာစီလိုနာအသင်းက ယူရို ၅၇ သန်းပေးချေခဲ့ရသည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ဆန်းတို့စ်အသင်းမှာ ၁၇.၁ သန်းသာ ရရှိခဲ့သောကြောင့် ပြီးခဲ့သည့် နှစ်က ဆန်းတို့စ်အသင်းမှ စောဒကတက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ဘာစီလိုနာ ဥက္ကဌ ဆန်ဒရို ရိုဆဲလ်က ထိုကဲ့သို့ စောဒကတက်မှုမှာ မဟုတ်မှန်ဟု ပြောကြားခဲ့သော်လည်း စပိန်တရားရုံးချုပ်မှ ထိုကိစ္စကို စုံစမ်းစစ်ဆေးခဲ့ကာ အပြောင်းအရွှေ့တွင် မသမာမှုများရှိနေသည်ဟု တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် တရားသူကြီးချုပ်က အပြောင်းအရွှေ့ကိစ္စရပ်များကို အသေးစိတ်ဖေါ်ပြထားသော စာရွက်စာတမ်းများကို တောင်းယူခဲ့ပြီး၊ ဘာစီလိုနာအသင်း၏ စာရင်းစစ်များကိုလည်း ဆင့်ခေါ်ရန်ရှိနေသည်။

    “သူတို့ကြားထဲမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်ဟာ သူတို့သဘောတူညီထားတာနဲ့ ကိုက်ညီမှုမရှိပါဘူး။ ပေးချေရမယ့် ငွေပမာဏကို ရှောင်ရှားဖို့အတွက် သူတို့ ချုပ်ဆိုခဲ့တာစာချုပ်ဟာ အတုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု တရားသူကြီးချုပ် ဂျိုဆေး ပီရဲလ်စ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    နေးမာ၏ အပြောင်းအရွှေ့တွင် မိမိတို့အနေဖြင့် မည့်သည့်အမှားမှ ပြုလုပ်ခဲ့ခြင်းမရှိဟု ဘာစီလိုနာအသင်းကပြောကြားခဲ့သော်လည်း ပြောင်းရွှေ့ကြေး၏ ကျန်ရှိသည့် ပမာဏကို မည်သူမည်ဝါရရှိခဲ့သည်ကို ပြောကြားခြင်းမရှိခဲ့ပေ။ ထို့ပြင် နေးမာအား ပိုင်ဆိုသည့် DIS စူပါမားကတ်အုပ်စုကလည်း ပြောင်းရွှေ့ကြေး အကျိုးခံစားခွင့်အဖြစ် ၎င်းတို့မှာ ရာခိုင်နှုန်းအနည်းကိုသာ ရရှိခဲ့သည်ဟု ပြောဆိုခဲ့သည်။

  • နိုက်ဂျီးရီယား လက်ရွေးစင် ဘောလုံးသမားဟောင်း တစ်ဦး အစ္စလာမ်သို့ ကူးပြောင်း

    ဇန်နဝါရီ ၁၁ ၊ ၂၀၁၄
    M-Media
    Nigerian-Footballer-Reverts-to-Islam
    – နိုက်ဂျီးရီယားလက်ရွေးစင် ဘောလုံးကစားသမားဟောင်းဖြစ်သူ အီမဲကာ အက်ဇယူဂိုမှာ အစ္စလာမ် သာသနာသို့ပြောင်းလဲ သက်ဝင်လာသည်ဟု သိရသည်။

    အသက် ၄၆ နှစ်အရွယ်ရှိ ဇယူဂိုမှာ ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နိုက်ဂျီးရီးယားအသင်းတွင်ပါဝင်ခဲ့သူဖြစ်ပြီး၊ တမန်တော် မုဟမ္မဒ်သခင်၏ အထုပတ္တိအား ဖတ်ရှုပြီးနောက် အစ္စလာမ်သာသနာအား လက်ခံခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်ဟာ စူးစမ်းလေ့လာချင်တဲ့လူတစ်ယောက်ဖြစ်ပြီး ဘာသာအယူဝါဒ အများအပြားကိုလည်း လေ့လာခဲ့ပါတယ်။ မုဟမ္မဒ်သခင်ရဲ့ ထေရုပ္ပတ္တိကို လေ့လာပြီးတဲ့နောက်မှာတော့ အရမ်းလေးစား အားကျခဲ့ပြီး အစ္စလာမ်ကို လက်ခံလာခဲ့တာပါ” ဟု အက်ဇယူဂိုက ယခုသီတင်းပတ် အစောပိုင်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဇယူဂိုမှာ အိန္ဒိယ I လိဂ်တွင် ပါဝင်ယှဉ်ပြိုင်နေသည့် Mohammedan Sporting Club ဘောလုံးအသင်းတွင် ဆယ်စုနှစ်တစ်ခုနီးပါး ကစားခဲ့သူဖြစ်ပြီး၊ မုဟမ္မဒ်သခင်၏ နောက်လိုက်ဖြစ်ရခြင်းကို ဂုဏ်ယူကြောင်း၊ မုဟမ္မဒ်သခင်မှာ အလ္လာဟ်အရှင်မြတ် စေလွှတ်ခဲ့သည့် တမန်တော်များတွင် အကြီးကျယ်ဆုံး တမန်တော်တစ်ပါးဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အက်ဇယူဂို အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ကြောင်း သတင်းမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ထွက်ပေါ်ခဲ့သော်လည်း ယခုသီတင်းပတ်တွင်မှ အက်ဇယူဂိုက သတင်းမီဒီယာများအား တရားဝင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အစ္စလာမ်သာသနာသို့ ပြောင်းလဲ သက်ဝင်ကြောင်း သက်သေခံချက် (ရှဟာဒါ) ကို ပြီးခဲ့သည့်တစ်ပါတ်က အစ္စလာမ် ဓမ္မပညာရှင်ဖြစ်သူ Mohammedan အသင်း မန်နေဂျာ အမီရရုလ် အစ္စလာမ်ထံတွင် ထွက်ဆိုခဲ့ခြင်းဖြစ်ပြီး သက်သေခံချက် ထွက်ဆိုချိန်တွင် အသင်းဖော်များဖြစ်သည့် ကိုင်စာဟာမစ်၊ အမီရ်ဖိုင်ဆယ်နှင့် အသင်းတာဝန်ရှိသူ အဘူဟာဆန် ပရင့်စ်တို့ ရှိနေကြသည်။ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ပြီးနောက် အက်ဇယူဂိုမှာ ၎င်း၏ နာမည်အား မွတ်စတာဖာ မိုဟမ္မဒ်အဖြစ် ပြောင်းလဲခဲ့သည်။

    ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင် မိမိကိုယ်မိမိ ပိုမိုယုံကြည်လာစေပြီး၊ အစ္စလာမ်က ပြဌာန်ထားသည့် ၀တ်ပြုမှုများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာကျင့်ကြံခဲ့ပြီးနောက် မိမိ၏ ဘ၀မှာ ပိုမိုစည်းကမ်းရှိလာသည်ဟု ခံစားရကြောင်း ၎င်းက ပြောကြားခဲ့သည်။

    “ကျွန်တော် သစ်စေ့တစ်စေ့ကို စတင်စိုက်ပျိုးခဲ့ပြီး သစ်ပင်တစ်ပင်ကြီးဖြစ်လာအောင် ရေလာင်း၊ ပေါင်းသင်ပြီး အာဟာရဖြည့်ပေးရပါမယ်။ ကျွန်တော့်ရဲ့ ဒီဆုံးဖြတ်ချက်က အချိန်နဲ့အမျှ ကောင်းမွန်တဲ့အရာတွေ တွေ့ရလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ အခုလောလောဆယ်တော့ အစ္စလာမ်ဟာ ကျွန်တော်ဘ၀ကို ပိုပြီးစည်းကမ်းရှိအောင် ပြုလုပ်လိုက်တယ်ဆိုတာကို ကျွန်တော်ပြောနိုင်ပါတယ်”

    နိုက်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ်ဘသာသို့ ပြောင်းလဲ သက်ဝင်လာမှုများရှိနေပြီး ပြီးခဲ့သည်နိုဝင်ဘာလကလည်း  Igbo လူမျိုး ၁၈ ဦးမှာ နိုက်ဂျီးရီးယားမြို့တော် အဘူဂျာရှိ ဗလီဝတ်ကျောင်းတော်တွင် အစ္စလာမ် သာသနာအား လက်ခံခဲ့သည်။ နိုက်ဂျီးရီးယားနိုင်ငံ၏ ပြည်သူ သန်း ၁၄၀တွင် ခရစ်ယာ န်ဘာသာဝင်များမှာ ၅၅ ရာခိုင်နှုန်းရှိပြီး အစ္စလာမ်ဘာသာဝင်များမှာ ၄၀ ရာခိုင်နှုန်းရှိသည်။

    Ref: OnIsalm

  • ဗြိတိန် ဗလီတစ်လုံးတွင် လူမျိုး၊ ဘာသာမရွေး လာရောက်နိုင်သည့် လက်ဝှေ့အားကစားရုံဖွင့်

    ဇန်နဝါရီ ၁၁ ၊ ၂၀၁၄
    M-Media

    IMG_1245
    (ဓာတ်ပုံ) Netheredge မှ ဂျာမီယဟ်ဗလီရှိ လူမျိုးဘာသာမရွေး အများသုံးလက်ဝှေ့အားကစားရုံ

    ယော့ခ်ရှိုင်းယားတောင်ပိုင်း ။       ။ အင်္ဂလန်တွင် ဒုစရိုက်ဖြစ်ပွားမှုနှုန်းမြင့်မားလာခြင်းကို အာရုံပြောင်းရန်အတွက် Sheffield နယ်အတွင်းရှိလူမျိုး ဘာသာမရွေး လာရောက်နိုင်သော လက်ဝှေ့ အားကစားရုံ တစ်ခုကို ဗလီတစ်လုံးမှ ပထမဆုံး ဖွင့်လှစ်ပေးလိုက်သည်။

    “ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ ဒီဒေသအတွင်း လူမှုရေးအသွင် မတူခြင်းဆန့်ကျင်တဲ့ပြဿနာ ၁၂၆ ခုအထက်ရှိခဲ့တယ်။ ၂၀၁၃ နှစ်ကုန်ပိုင်းမှာတော့ အမှု ၁၀၀ လောက်ပဲရှိတော့တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်မှုကို ပိုမိုဖော်ထုတ်ပေးနိုင်မယ့် – ရေရှည်ထိန်းသိမ်းနိုင်မယ့်အရာတွေ လိုအပ်နေပါတယ် ” ဟု တစ်နိုင်တည်းသားများ စင်တာ One Nation Community Centre တည်ထောင်သူ ၀ါဂျစ် နဇီးရ် Wajid Nazir က ဇန္န၀ါရီလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့တွင် BBC သို့ ပြောကြားခဲ့သည်။

    Netheredge ရှိ ဂျာမီယဟ်ဗလီဝတ်ကျောင်း နှင့် အုစ်မာနီယဟ် ပညာရေးဌာန Usmania Education Centre အတွင်း တည်ရှိသော One Nation Community Centre ၌ ဖွင့်လှစ်ထားသည့် အများသုံးလက်ဝှေ့ရုံမှာ Sharrow Vale နှင့် Netheredge ၀န်းကျင်မှ လူမျိုးဘာသာမရွေး လူတိုင်းအတွက် တံခါးဖွင့်ပေးထားပါသည်။

    “ ဒီဌာနက လူမျိုးဘာသာ အဆင့်အတန်းမရွေး လူတိုင်းကို ကြိုဆိုနေပါတယ် ” ဟု လက်ဝှေ့လေ့ကျင့်ရေးသင်တန်းသား Max Cundy က ဆိုသည်။

    ယင်းအသိုင်းအ၀ိုင်းရှိ လေ့ကျင့်ရေး သင်တန်းသားများအား လန်းဆန်းတက်ကြွလာစေရန် နှစ်ထပ်ကွမ်းကမ္ဘာ့ချန်ပီယံ Paul silky Jones မှ ရှောင်တခင်လာရောက်လည်ပတ်ကာ လက်ဝှေ့အားကစားဖြင့် အားလပ်ချိန် အသုံးချခြင်းအပေါ် ချီးမွှမ်းအားပေးခဲ့သည်။

    “ ကမ္ဘာ့ချန်ပီယံဆိုတဲ့အရာက နည်းပြဆရာတွေကို ငွေကြေး အမြောက်အများ ရရှိစေတယ်။ အသင်တို့ အချင်းချင်း ပူးပေါင်းသွားမယ်ဆိုရင် လူမျိုး၊ လိင်၊ အသိုင်းအ၀ိုင်းအသီးသီးနဲ့ပတ်သက်ပြီး တွေးခေါ်တတ်လာမယ်။ ဒါဟာ မိမိကိုယ်တိုင်အကြောင်းကို တော်တော်များများ ကောင်းကောင်းသိလာအောင် သင်ကြားပေးတာပါပဲ ” ဟု ဂျုံးစ် က ပြောပြ၏။

    ဗြိတိန်၌ မွတ်စ်လင်မ်ပေါင်း ၂.၇ သန်းနီးပါး နေထိုင်ကြပြီး လူနည်းစုဝင်ဖြစ်သည်။

    ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် University of Essex မှပြုလုပ်သော Institute for Social and Economic Research ၏ အစီရင်ခံစာအရ မွတ်စ်လင်မ်တို့သည် ဗြိတိန်အမျိုးသားရေးခံယူချက်၌ အခြားအုပ်စုများနှင့် ထပ်တူထပ်မျှပင်ဖြစ်သည်ဟု ဆိုထားသည်။

    ၂၀၁၁ ခုနှစ်ကလည်း ဗြိတိန်ရှိမွတ်စ်လင်မ်တို့သည် အခြားသူများထက် မျိုးချစ်စိတ်ပြင်းထန်ကြောင်း think tank Demo မှ ဖော်ပြခဲ့သည်။

    “ ကျွန်ုပ်သည် ဗြိတိန်နိုင်ငံသားဖြစ်ခြင်းကို ဂုဏ်ယူသည် ” ဟူသောဆောင်ပုဒ်အပေါ် ၈၃ ရာခိုင်နှုန်းသော မွတ်စ်လင်မ်တို့က မိမိတို့မှာ ဗြိတိန်နိုင်ငံသားဖြစ်ခြင်းအပေါ်ဂုဏ်ယူပါသည်ဟု တုန့်ပြန်ခဲ့ကြပါသည်။ ၄င်းမှာ တစ်နိုင်ငံလုံးလူဦးရေပမာဏ၏ ပျမ်းမျှတုန့်ပြန်နှုန်း ၇၉ ရာခိုင်နှုန်းထက် မြင့်မားနေပါသည်။

    Ref: OnIslam

  • မိတ္ထီလာမြို့ ပြည်သာယာ၌ ဖဲဝိုင်းတွင် လူငယ်ချင်း စကားများရာမှ ဓါးထိုးမှုဖြစ်

    မိတ္ထီလာမြို့ ပြည်သာယာ၌ ဖဲဝိုင်းတွင် လူငယ်ချင်း စကားများရာမှ ဓါးထိုးမှုဖြစ်

    ဇန်န၀ါရီ ၁၁-၂၀၁၄
    M-Media

    မိတ္ထီလာမြို့ ပြည်သာယာ တောင်ဘက်ကမ်း ရပ်ကွက် ဖဲဝိုင်းတွင် လူငယ်ချင်းစကားများကာ ဓါးထိုးမှု တစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သည်ဟု သတင်းရရှိပါသည်။

    ပြစ်မှုကျူးလွန်သူကို သက်ဆိုင်ရာ ရဲစခန်းက ဖမ်းဆီးအရေးယူထားကြောင်း စုံစမ်းသိရှိရပါသည်။