News @ M-Media

Blog

  • ဇန်န၀ါရီ ၇၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၇၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၇၊ ၂၀၁၄
    M-Media

    ကရင်ပြည်နယ် လူမှုအဖွဲ့အစည်းများ ခွဲခြားဆက်ဆံခံရ

    – ကရင်ပြည်နယ်အတွင်းတွင် လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ မြေယာကိစ္စများနှင့် ပတ်သက်၍ ဒေသဖွံ့ဖြိုးရေး သင်တန်းများပြုလုပ်ပါက အစိုးရအား ဆန့်ကျင်မည်ဆိုသည့် အမြင်မျိုးဖြင့် ဆက်ဆံခံရမှုများရှိနေကြောင်း (KDN) အဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ ဧရာဝတီသို့ ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    ဖယ်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ထူထောင်ဖွဲ့စည်း

    – နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ ယနေ့မှာ NDF ရုံးခန်းမှာ တွေ့ဆုံပြီး နိုင်ငံရေးနှင့် တိုင်းရင်းသားပါတီ စုစုပေါင်း ၁၁-ပါတီ ပူးပေါင်းပြီး ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ FDA ကို လက်မှတ်ထိုး ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
    ________________________

    မြန်မာ-အိန္ဒိယ နယ်နိမိတ် အငြင်းပွားမှုများ ဆက်လက်ဆွေးနွေးမည်

    မြန်မာ၊ အိန္ဒိယ နှစ်နိုင်ငံအကြား နယ်နိမိတ်အငြင်းပွားနေတဲ့ တမူးမြို့နယ် နှစ်နိုင်ငံနယ်စပ် နယ်ခြားကျောက်တိုင်အမှတ် 76၊ 77၊ 78 နဲ့ 79 နေရာတွေမှာ မနေ့ကစပြီး နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေက မြေတိုင်းတာမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပြီး ရရှိလာတဲ့ အခြေအနေပေါ်မူတည်ပြီး နယ်နိမိတ်တိတိကျကျ သတ်မှတ်ရေးအတွက် အိန္ဒိယအစိုးရနဲ့ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း RFA သတင်းမှာ ဖော်ပြထားသည်။
    ________________________

  • ဂျွန်ကယ်ရီ၏ အရှေ့အလယ်ပိုင်း ခရီးစဉ်ပြီးဆုံး၊ အစ္စရေး-ပါလက်စတိုင်း အရေး အဖြေမထွက်

    ဇန်န၀ါရီ ၇၊ ၂၀၁၄
    M-Media

    1545825_644262775616196_2094221734_n
    – အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် သဘောတူညီချက် မရရှိခဲ့သော်လည်း မိမိ၏ ခရီးစဉ်တွင် တိုးတက်မှုများရရှိခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။ ဂျွန်ကယ်ရီမှာ အရှေ့အလယ်ပိုင်းသို့ လေးရက်ကြာ သွားရောက်ခဲ့ပြီး ယမန်နေ့က အမေရိကန်သို့ ပြန်လာခဲ့သည်။

    အမေရိကန်၏ သံတမန်ဆိုင်ရာ အမြင့်ဆုံးပုဂ္ဂိုလ်အဖြစ် အရှေ့အလယ်ပိုင်းဒေသသို့ ၁၀-ကြိမ်မြောက် သွားရောက်ခဲ့သည့် ဂျွန်ကယ်ရီမှာ အစ္စရေး ၀န်ကြီးချုပ် နေတန်ရာဟု၊ ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘတ်စ်တို့နှင့် နာရီပေါင်းများစွာကြာ တံခါးပိတ်ဆွေးနွေးမှုများ သီးခြားစီ ပြုလုပ်ခဲ့သည်။

    မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့သော်လည်း ၁၉၄၈ ခု အစ္စရေးနိုင်ငံ စတင်ထူထောင်ခဲ့ချိန်က မောင်းထုတ်ခံခဲ့ရသည့် ပါလက်စတိုင်း ဒုက္ခသည်များအား ပြန်လည်လက်ခံရေးအတွက် ဂျွန်ကယ်ရီက ဖိအားပေးခဲ့ပြီး နေတန်ယာဟုက လက်မခံခဲ့ဟု အစ္စရေးနေ့စဉ်သတင်းစာ Maariv က ရေးသားဖော်ပြခဲ့သည်။

    ထို့ပြင် အမေရိကန်၏ မဟာမိတ်နိုင်ငံများဖြစ်သည့် ဂျော်ဒန်နှင့် ဆော်ဒီအာရေဗျသို့လည်း သွားရောက်ခဲ့ပြီး အစ္စရေး-ပါလက်စတိုင်း ပြဿနာအတွက် ၎င်းတို့၏ အခန်းကဏ္ဍများနှင့် ပက်သက်၍ ဆွေးနွေးခဲ့ကြသည်။

    Ref : ChannelNewsAsia

  • ဇန်န၀ါရီ ၇၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဇန်န၀ါရီ ၇၊ ၂၀၁၄
    M-Media

    1499484_644263695616104_67541718_n

    ကန်ဂျုံအန်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် တောင်ကိုရီးယား ငြင်းပယ်ခဲ့မှု မြောက်ကိုရီးယား ရှုတ်ချ

    – ခေါင်းဆောင် ကင်ဂျုံအန်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အား တောင်ကိုရီးယားမှ ငြင်းပယ်ခဲ့မှုကို မြောက်ကိုရီးယားနိုင်ငံမှ ရှုတ်ချလိုက်ပြီး တောင်ကိုရီးယား အနေဖြင့် မိမိတို့၏ ငြိမ်းချမ်းရေး ကြိုးပမ်မှုအား ပျက်ရယ်ပြုသည်ဟု ပြောဆိုခဲ့သည်။
    ကင်ဂျုံအန်၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ဦးလေးဖြစ်သူအား သုတ်သင်နိုင်ခဲ့ခြင်းကို တိုင်းပြည်၏ အမှိုက်သရိုက် အား ဖယ်ရှားခြင်းဟု တင်စားခဲ့ပြီး၊ အမေရိကန်နှင့် ကိုရီယားနိုင်ငံတို့ကိုလည်း ကိုရီးယားကျွန်းဆွယ်တွင် စစ်ပွဲဖြစ်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။ သို့သော်လည်း တောင်နှင့် မြောက်နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် တင်းမာမှုများအား လျှော့ချရန် ကောင်းမွန်သော အနေအထားဖြစ်သည်ဟု ပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်ရန်အတွက် ကမ်းလှမ်းခဲ့သည်။

    Ref : English Alarabiya
    ……………………

    နှစ် ၂၀ အတွင်း အဆိုးဝါးဆုံး အအေးလှိုင်းဖြတ်သန်းမှု အမေရိကန် တွေ့ကြုံနေ

    – အတိတ်ဒေသမှ ဖြစ်ပေါ်လာသော အအေးလှိုင်းကြောင့် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်တစ်ချို့တွင် ဆီးနှင်းများ ကျဆင်းခြင်း၊ အေးစိမ့်သောလေများ တိုက်ခတ်ခြင်းတို့ဖြစ်ပေါ် လျက်ရှိပြီး ကျောင်းများ ပိတ်ထားရကာ၊ လေယာဉ်ခရီးစဉ်များကိုလည်း ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။

    ထိုကဲ့သို့ ဖြစ်ပွားခြင်းမှာ နှစ် ၂၀ အတွင်း ပထမဆုံးဖြစ်ပြီး Comertown၊ Montana၊ North Dakota၊ South Dakota နှင့် Minnesota ပြည်နယ်များတွင် အပူချိန်မှာ အနှုတ် ၅၃ ဒီဂရီ ဆဲလ်စီယက်စ်အထိရှိနေပြီး တောင်ဝင်ရိုးစွန်း၏ စံချိန်တင် အပူချိန် အနှုတ် ၃၄ ဒီဂရီ ဆဲလ်စီယက်စ်ထက် ပိုမို လျော့ကျနေခဲ့သည်။

    ထို့ကြောင့် လူသေဆုံးမှုများရှိနေပြီး ယမန်နေ့ကအထိ အနည်းဆုံး ၁၂ ဦးခန့် သေဆုံးခဲ့ကာ အများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြသည်။ ထို့ပြင် ယမန်နေ့ကအထိ လေယာဉ်ခရီးစဉ်ပေါင်း ၄၃၀၀ကို ဖျက်သိမ်းခဲ့ရပြီး ၆၅၀၀ အား ခရီးစဉ်ရွှေ့ဆိုင်းခဲ့ရသည်။ အချို့ပြည်နယ်များတွင် ပြည်သူများအား အိမ်ပြင်သို့ မထွက်ကြရန် ပြည်နယ်စိုးရက သတိပေးထားခြင်းများလည်းရှိနေသည်။

    Ref : ChannelNewsAsia

    ……………………..

    တူရကီ-ဂျပန် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် တူရကီဝန်ကြီးချုပ် တိုက်တွန်း

    – တူရကီနိုင်ငံအတွင်း ဂျပန်နိုင်ငံမှ ရင်းနှီးမြှပ်နှံမှုများ ပိုမိုပြုလုပ်ရန်နှင့် နှစ်နိုင်ငံ ကုန်သွယ်မှုအား ချဲ့ထွင်ရန်အတွက် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် တူရကီ ၀န်ကြီးချုပ် Ricep Yayyip Erdogan က တိုကျိုမြို့တွင် ယနေ့ပြောကြားခဲ့သည့် မိန့်ခွန်း၌ တိုက်တွန်းခဲ့သည်။

    Erdogan မှာ နှစ်နိုင်ငံပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရရှိရန် ရည်ရွယ်၍ ဂျပန်နိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်အဖြစ် တနင်္လာနေ့က ရောက်ရှိလာခဲ့ပြီး အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးအား ယခုလက်ရှိ ကန်ဒေါ်လာ ၄ ဘီလီယံမှ ၂၀၂၃ ခုနှစ်တွင် ၁၀ ဘီလီယံအထိ ထိုးချဲ့သွားရန် မျှော်လင့်နေသည်။
    Ref: ဆင်ဟွာ
    ……………………..
    ဇန်န၀ါရီ ၁၃ ဆန္ဒပြပွဲအား မပါဝင်ရန် ထိုင်းပြည်သူများကို တရားရေးဝန်ကြီး သတိပေး

    – ဘန်ကောက်မြို့ရှိ အစိုးရယန္တယားများအားလုံး ပိတ်သိမ်းသွားရန်အတွက် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ဆန္ဒပြရန် ရည်ရွယ်ထားသည့် အတိုက်ခံများ၏ အစီအစဉ်တွင် ပါဝင်ခြင်းမပြုရန် ထိုင်းအိမ်စောင့်အစိုးရ တရားရေးဝန်ကြီး Chaikasem Nitisiri က ယမန်နေ့တွင် ထိုင်းပြည်သူများအား သတိပေးပြောကြားခဲ့သည်။

    ရုပ်သံမှတစ်ဆင့် တိုင်းပြည်သို့ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထိုဆန္ဒပြပွဲမှာ တရားမ၀င်ဖြစ်ပြီး အန္တရာယ်ရှိကြောင်း၊ ထိုဆန္ဒပြပွဲတွင် ပါဝင်သူများမှာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး တိုင်းပြည်အား မတည်မငြိမ်ဖြစ်စေလိမ့်မည်ဟု Chaikasem က ထည့်သွင်းပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံတွင် နိုင်ငံရေးမတည်မငြိမ်ဖြစ်နေမှုမှာ ၃ လနီးပါးသို့ ရောက်ရှိလာပြီးဖြစ်ပြီး၊ ယခင်အစိုးရအား ဖျက်သိမ်းကာ အိမ်စောင့်အစိုးရဖွဲ့စည်းပြီး ရွေးကောက်ပွဲကို လာမည့်လတွင် ပြုလုပ်မည်ဟု ကြေညာထားသော်လည်း အတိုက်အခံများက ကျေနပ်မှုမရှိဘဲ ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်လျက်ရှိသည်။
    Ref: ဆင်ဟွာ


    …………………………….
    နျူးကီယားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ဆွေးနွေး

    – နိုင်ငံအလယ်ပိုင်းရှိ ဒေဂျီအွန်မြို့တွင် အရပ်ဖက်သုံး နျူးကလီးယား စီမံကိန်းကို ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပွဲတစ်ရပ်ကို အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ယနေ့တွင် ပြန်လည်စတင်ခဲ့သည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

    ၂၀၁၀ သြဂုတ်လမှ စတင်ခဲ့သည့် ထိုဆွေးနွေးပွဲအား ယခုအခါ ၉ ကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ပြီး နျူးကလီးယား စွမ်းအင်နှင့်ပက်သက်၍ ပြင်ဆင်ချက်ကိစ္စ သဘောတူညီချက်ရရှိခဲ့သည်။ ထိုပြင်ဆင်ချက်က နျူးကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန် အဓိက အစိတ်အပိုင်းများအား ကိုရီးယားမှ တင်ပို့ရေးအတွက် အမေရိကန်အတွင်း လိုအပ်သော လပ်ငန်းပိုင်းဆိုင်ရာများကို တိုးတက်စေမည်ဖြစ်ပြီး၊ သုံးစွဲပြီးလောင်စာများ ပြန်လည် အသုံးပြုရေး နည်းပညာများအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုလည်း အားပေးကူညီနိုင်မည်ဖြစ်ကာ အသေးစိတ်အချက်အလက်များကို ဆက်လက်ဆွေးနွေးရန် လိုအပ်နေသည်ဟု သိရသည်။
    Ref: ဆင်ဟွာ

  • နိုင်ငံတိုးတက်ရန် အတွက် ပြည်သူ ဗဟိုပြု အစီစဉ် တစ်ခုအား မြန်မာအစိုးရ ရေးဆွဲ

    ဇန်န၀ါရီ ၇၊ ၂၀၁၄
    M-Media

    1475960_443691702425368_174634829_n
    – ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေှးနှစ် အတွင်း မျှော်မှန်းထားသော ရည်မှန်းချက်များ  အောင်မြင်ရန်အတွက် ပြည်သူ့ဗဟိုပြု အစီစဉ် တစ်ခုအား မြန်မာနိုင်ငံက ရေးဆွဲနေသည်ဟု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင် မီဒီယာများမှ ယနေ့တွင် ဖော်ပြခဲ့သည်။

    ထိုအစီအစဉ်မှာ ပတ်ဝန်းကျင်နိုင်ငံများနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးလိုအပ်ချက်များနှင့် ကိုက်ညီမည်ဟု နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည် အစိုးရ စီမံကိန်းကော်မရှင် အစည်းအဝေးတွင် ဦးသိန်းစိန်က ပြောကြားခဲ့သည်။

    ထို့ပြင် တိုင်းပြည်၏ နည်းပညာဆိုင်ရာနှင့် လူသား အရင်းအမြစ်ဆိုင်ရာတို့တွင် ဖွံ့ဖြိုးမှုများရရှိရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် လိုအပ်ကြောင်းနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ ၈ ရာခိုင်နှုန်းအထိ ရောက်ရှိရန် နိုင်ငံ၏ ကဏ္ဍ ၇ ရှိ ထုတ်ကုန် စွမ်းရည်အား နှစ်ဆဖြစ်အောင် ပြုလုပ်ရန် ကိုလည်း အလေးပေးပြောကြားခဲ့သည်။ ထိုကဏ္ဍ ၇ ခုမှာ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ အခြေံအဆောက်အဦး၊ စွမ်းအင်၊ သတ္တုတွင်း၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတို့ ဖြစ်ကြသည်။

    ထို့ပြင် နိုင်ငံရှိ စီမံကိန်းများအား အကောင်အထည်ဖော်ရန်နှင့် လျားထား ထားသောဘဏ္ဍာငွေအား အသုံးပြုရန်တို့တွင် အစိုးရဌာနအားလုံးအား အတူတကွ ညီညွတ်မျှတစွာ ပါဝင်လုပ်ဆောင်ရန် တိုက်တွန်းပြောဆိုသွားသည်။

    ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံက စိုက်ပျိုးရေးကဏ္ဍတွင် ၃.၉ ရာခိုင်နှုန်း၊ စက်မှုလက်မှုကဏ္ဍတွင် ၁၀.၄ ရာခိုင်နှုန်းနှင့် ၀န်ဆောင်မှုကဏ္ဍတွင် ၁၂.၄ ရာခိုင်နှုန်း တိုးတက်ရန် လျာထားသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကမူ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ စီပွားရေးမှာ ၆.၇၅ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားသည်။
    Ref: ဆင်ဟွာ

    Photo- ပြန်ကြားရေး

  • ဇန်န၀ါရီ ၇ အားကစား သတင်းများ

    ဇန်န၀ါရီ ၇၊ ၂၀၁၄
    M-Media

    ရီဘာရီအား ဂွာဒီယိုလာချီးကျူး

    – ရီဘာရီကဲ့သို့ ကစာသမားမျိုးအား ယခင်က မြင်ဖူးခဲ့ခြင်းမရှိဟု ဘိုင်ယန်မြူးန စ်အသင်း၏နည်းပြ  ဂွာဒီယိုလာက ပြောဆိုခဲ့ပြီး ရီဘာရီ၏ ပြိုင်ပွဲဝင် စိတ်ဓာတ်ကိုလည်း ချီးကျူးခဲ့သည်။ ရီဘာရီမှာ ယမန်နှစ်က ဖလားသုံးလုံး ရခဲ့သည့် ဘိုင်ယန်မြူးနစ် အသင်းတွင် အရေးပါသည့် ကစားသမား တစ်ဦးဖြစ်ခဲ့ပြီး ယခုနှစ် ဂွာဒီယိုလာရောက် ရှိလာပြီး နောက်ပိုင်းတွင်လည်း ခြေစွမ်းကောင်းများကို ဆက်လက်ပြသနိုင်သူဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဇကာ တင်စာရင်းတွင်လည်း ပါဝင်နေသူ ဖြစ်သည်။
    354824_heroa

    …………………………

    အီတလီတိုက်စစ်မှူးဟောင်း ဒီနာတယ်လီ ဘောလုံးကစားခြင်းမှ အနားယူတော့မည်

    – ယခုနှစ်ရာသီအကုန်တွင် ဘောလုံးကစားခြင်းမှ အနားယူတော့မည်ဟု စီရီးအေကလပ် အူဒီနီးစ်အသင်း၏ အီတလီ တိုက်စစ်မှူး ဒီနာတယ်လီက ယမန်နေ့တွင် ပြောကြားလိုက်သည်။ Sky Sport Italia သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းအနားယူမည့်သတင်းအား မိသားစုကိုလည်း အသိပေးပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆုံးဖြတ်ရခြင်း အတွက် နာကျင်ရပြီး အူဒီနီးစ်အသင်းမှာ မိမိအတွက် မိသားစုကဲ့သို့ဖြစ်ကြောင်း ဒီနာတယ်လီက ထပ်လောင်းပြောကြားခဲ့သည်။

    အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒီနာတယ်လီမှာ ၎င်း၏ခေတ်ကာလတွင် အီတလီ၏အကောင်းဆုံး တိုက်စစ်မှူးများထဲမှ တစ်ဦဖြစ်ပြီး၊ အူဒီးနီးစ်အသင်း၌ ၁၀ ရာသီ အတွင်း ပွဲပေါင်း ၃၆၂ ပွဲကစားပေးခဲ့ကာ ၁၈၉ ဂိုး သွင်းယူပေးခဲ့သည်။

    …………………………
    မန်ယူအသင်းပိုင်ရှင်များက မိုယက်စ်အား ငွေအလုံအလောက် ထုတ်ပေးသင့်သည်ဟု ဂိုးသမားဟောင်းပြောကြား

    – ယခုနှစ်ရာသီ မန်ယူအသင်း၏ ယိမ်းယိုင်နေသော အခြေအနေအား ကယ်တင်ရန်နှင့် ချန်ပီယံဘွဲ့အား ကာကွယ်လိုပါက အသင်းပိုင်ရှင်များအနေဖြင့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်များ ခေါ်ယူရန် နည်းပြမိုယက်စ်အား လိုအပ်သလောက်ငွေကို ထုတ်ပေးသင့်သည်ဟု မန်ချက်စတာ ယူနိုက်တက်အသင်း၏ ဂိုးသမားဟောင်း မာခ့်ဘော့စနစ်ခ်ျက ပြောကြားလိုက်သည်။ မန်ယူအသင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ် တစ်ဝက်ကြိုးချိန်တွင် အဆင့် ၇ နေရာ၌ ရှိနေပြီး FA ဖလားတွင်လည်း ဆွမ်ဆီးအသင်းအား ရှုံးနိမ့်ကာ ထွက်ခဲ့ရသည်။

    ………………………..
    ဒီမာရီယာမှာ အမှားတစ်ခု ကျူးလွန်ခဲ့ခြင်းသာဖြစ်သည်ဟု အန်ဆယ်လော့တီဆို

    – ဒီမာရီယာအနေဖြင့် ပရိတ်သတ်များအား ရိုင်းစိုင်းသော အမူအရာလုပ်ပြခဲ့ပါက ထိုကဲ့သို့ ပြုမူခြင်းမှာ အမှားတစ်ခုဖြစ်သည်ဟု ရီးယဲလ်မက်ရစ်အသင်းနည်းပြ အန်ဆယ်လော့တီက ပြောကြားခဲ့သည်။ ယမန်နေ့က ကစားခဲ့သည့် ဆဲလ်တာဗီဂိုနှင့် လာလီဂါပွဲစဉ်တွင် ဒီမာရီယာအား လူစားလဲခဲ့သည့်အချိန်၌ ပရိသတ်များမှာ ၎င်း၏ ခြေစွမ်းမပြနိုင်မှုအား အော်ဟစ်ဝေဖန်ခဲ့သောကြောင့် ဒီမာရီယာမှာ ထိုကဲ့သို့ ရိုင်းစိုင်းသော အမူအရာ လုပ်ပြခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အန်ဆယ်လော့တီက ထိုအပြုအမူအား မမြင်ခဲ့ကြောင်း ထိုကဲ့သို့ လုပ်ပြမိခဲ့ပါကလည်း အမှားတစ်ခု ကျူးလွန်ခြင်းဖြစ်ပြီး မည်သူမှ အမှားနှင့် မကင်းနိုင်ကြောင်း သတင်းထောက်များအား ပြောဆိုခဲ့သည်။

    ……………………..
    အသင်း၏ အစိတ်အပိုင်းဖြစ်ရသည်ကို ဂုဏ်ယူကြောင်း ကာကာဆို

    – အေစီမီလန်အသင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ရသည်ကို ဂုဏ်ယူမိကြောင်း အသင်းအတွက် ဂိုး ၁၀၀ ပြည့်သွင်းယူပေးနိုင်ခဲ့သည့် ဘရာဇီးလ် အလယ်တန်းလူ ကာကာက ပြောကြားလိုက်သည်။ ကာကာမှာ ယမန်နေ့က ကစားခဲ့သည့် အတ္တလန်တာအား ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပွဲအတွင် အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး ထိုဂိုးများမှာ အသင်းအတွက် ၎င်း၏ ၁၀၀ နှင့် ၁၀၁ ဂိုးမြောက်လည်းဖြစ်သည်။ ထိုကဲ့သို့ဂိုး သွင်းယူနိုင်ခဲ့ခြင်းသောကြောင့် ပျော်ရွင်မိပြီး၊ ပရိတ်သတ်များ၏ အားပေးမှုအတွက်လည်း ကြည်နူးမိကြောင်း ပွဲအပြီးတွင် ကာကာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    …………………….
    Ballon d’Or ဆုပေးပွဲသို့ ရော်နယ်ဒို တက်ရောက်မည်

    – ယခုလ ၁၃ ရက်နေ့တွင် ဇူးရစ်၌ ကျင်းပမည့် ၂၀၁၃ ခုနှစ် ဖီဖာ၏ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဟု ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။ ယမန်နေ့က ကစားခဲ့သော လာလီဂါပွဲစဉ်တွင် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ကစားသမား သက်တမ်းတစ်လျှောက် ဂိုး ၄၀၀ ပြည့်ခဲ့သည့် ရော်နယ်ဒိုမှာ ထိုဆု၏ ဇကာတင်စာရင်းတွင် မက်ဆီ၊ ရီဘာရီတို့နှင့် အတူ ပါဝင်နေပြီး ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ၏ ၎င်းအား စော်ကားသော မှတ်ချက်ကြောင့် ထိုဆုပေးပွဲအား တက်ရောက်မည် မဟုတ်ဟု စောစောပိုင်းက သတင်းထွက်ပေါ်ခဲ့သည်။

    ………………………..
    ဂီတာဖေးနှင့် ကစားမည့် ဘာစီလိုနာ၏ လူစာရင်းတွင် မက်ဆီပါဝင်လာ

    – မနက်ဖြန်တွင်ယှဉ်ပြိုင်မည့် Copa del Rey ပြိုင်ပွဲ ဂီတာဖေးနှင့် ကစားမည့်ပွဲစဉ်အတွက် ဘာစီလိုနာအသင်းလူစာရင်းထုတ်ပြန်ခဲ့ရာ ဒဏ်ရာကြောင့် ၂ လကျော်ကြာ အနားယူခဲ့ရသည့် တိုက်စစ်မှူး မက်ဆီမှာ ပြန်လည်ပါဝင်လာခဲ့သည်။ မက်ဆီမှာ တံကောက်ကြောဒဏ်ရာကြောင့် နိုဝင်ဘာလကတည်းက အနားယူနေရသူဖြစ်ပြီး၊ ယခုအခါ လေ့ကျင်ခန်းအစီအစဉ်များတွင် ပါဝင်နေကာ ပြန်ကစားရန် အသင့်ဖြစ်နေပြီဟု နည်းပြ မာတီနိုက ပြောကြားခဲ့သည်။

    ………………………….