News @ M-Media
Blog
  • ဗြိတိန် ဘုရင်မကြီး၏ MBE ဂုဏ်ပြု စာရင်းတွင် ပထမဆုံး မွတ်စလင် အမျိုးသမီး ရဲမေ အဖြစ်အရွေးခံရသူ
    ဇန်နဝါရီ ၇ ၊ ၂၀၁၄
    M-Media
    UKs-First-Muslim-Policewoman-Honored
    ဘုရင်မ၏ နှစ်သစ် အထိမ်းအမှတ် ဂုဏ်ပြုစာရင်း၌ ပထမဆုံး ဗြိတန်မွတ်စလင် အမျိုးသမီးရဲအရာရှိ၏ အမည် ပါဝင်လာခဲ့သည်။
    “ ကျွန်မဆောင်ရွက်နေတဲ့ အလုပ်အတွက် ဒီဆုလက်ခံရရှိတာကို ဂုဏ်ယူမိပါတယ်။ ရဲ ၀န်ထမ်းဘ၀ကို နှစ်သက်သလို ထူးခြားမှုလည်း ရှိပါတယ် ” ဟု ၀က်စ်မင်စ်တာရဲတပ်ဖွဲ့မှ ဒုတိယတန်းရဲစုံထောက်ဖြစ်သူ Nikki Hubbard မှပြောကြားသည်။ စေတနာ့ဒါနလုပ်ငန်းအတွင်း သူမ၏စွမ်းဆောင်ချက်များ အတွက် နှစ်သစ်ဂုဏ်ပြုခံရသူများစာရင်းတွင် ပါဝင်ခဲ့သည်။
    ဘုရင်မကြီး၏မြှောက်စားမှုဖြင့် Member of the Most Excellent Order of the British Empire – MBE ၏ခန့်အပ်မှုအရ Hubbard သည် ပထမဆုံးသော မွတ်စ်လင်မ်ရဲမေ တစ်ဦး ဖြစ်လာသည်။
    “ မွတ်စ်လင်မ်အမျိုးသမီး ပထမမျိုးဆက်ဖြစ်တဲ့အနေနဲ့ လူ့အဖွဲ့အစည်းဝင်အားလုံးကို ကိုယ်စားပြုရတာ ဘယ်လောက်အရေးကြီးကြောင်း ကျွန်မ နားလည်နိုင်ပါတယ်။ အကြမ်းဖက်ခံများအတွက် ပြန်လည်ကယ်ဆယ်ထူထောင်ရေးလုပ်ငန်းထဲ ရဲတပ်ဖွဲ့ဝင်များနဲ့အတူ လုပ်ဆောင်ခဲ့ခြင်းကနေ  ဒီလိုဖြစ်လာတာပါ ” ဟူ၍ သူမက ဆိုသည်။
    ကိုယ်ပိုင်လုပ်ငန်းငယ်တစ်ခုအား ဦးစီးလုပ်ဆောင်နေရာမှ ၂၀၀၆ ခုနှစ်တွင် Hubbard သည် ရဲဝန်ထမ်းအလုပ်ကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။
    သင်တန်းဆင်းသောအခါ အကြမ်းဖက်ခံနှင့်အဓမ္မထိမ်းမြားခံရသူများအရေး honor based violence and forced marriages (HBV)ကို ဆောင်ရွက်နေသည့် ACPO – Association of Chief Police Officers တွင် တာဝန်ထမ်းဆောင်သည်။ HBV နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များ အမည်ကောင်းရအောင် ဆောင်ရွက်ပေးနိုင်ခဲ့၏။
    ၂၀၀၆ ခုနှစ် လန်ဒန်တောင်ပိုင်း Banaz Mahmod အသတ်ခံရပြီးနောက်ပိုင်း Hubbard သည် Her Choice အမည်ရှိ လေ့ကျင့်ရေး DVD ကို ထုတ်ဝေသည်။ ၄င်းကို ACPO မှ အသိအမှတ်ပြုခဲ့ပြီး အမျိုးသားရဲတပ်ဖွဲ့သင်တန်းသင်ရိုးတစ်ခုအနေဖြင့် အသုံးချခဲ့သည်။
    ရဲလုပ်ငန်း၏ပြင်ပတွင် Hubbard သည် ဗြိတိန်နှင့်ပါကစ္စတန်မှ ချို့တဲ့ကျောင်းများကို ထောက်ပံ့လှူဒါန်းနေသည့်
    “ လုပ်ငန်းခွင်ပြင်ပမှာ အာရှနွယ်အမျိုးသမီးတွေအကြား ရင်သားကင်ဆာအကြောင်း နှိုးဆော်အသိပေးမှုအတွက် ကျွန်မကတော့ ချန်ပီယံပါပဲ။ ဒီလုပ်ငန်းထဲ နစ်မြှုပ်ပါဝင်ရတဲ့အကြောင်းရင်းက ကျွန်မမိသားစုထဲ ဒီရောဂါဒဏ် ခံစားခဲ့ဖူးတာကြောင့် ဖြစ်ပါတယ် ” ဟု သူမက ပြောပြသည်။
    ထိုအသင်းအဖွဲ့သည် အမျိုးသမီးငယ်များ၏ပညာရေးအား အဓိကအာရုံထားသလို၊ ပညာမသင်ကြားနိုင်သော ကလေးငယ်များ၏ မိခင်တို့ကို ထောက်ပံ့အားပေးခြင်း၊ နာတာရှည်ရောဂါသည်ကလေးများအတွက် ငွေကြေးထောက်ပံ့ခြင်း စီမံချက်များကိုလည်း ပြုလုပ်လျက်ရှိသည်။ သို့သာမက သူမသည် Development In Literacy Trust UK အသင်း၏ ဦးဆောင်အဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်နေ၏။
    ဗြိတိန်၌ မွတ်စ်လင်မ်ပေါင်း ၂.၇ သန်းနီးပါး နေထိုင်ကြပြီး လူနည်းစုဝင်ဖြစ်သည်။
    ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် University of Essex မှပြုလုပ်သော Institute for Social and Economic Research ၏ အစီရင်ခံစာအရ မွတ်စ်လင်မ်တို့သည် ဗြိတိန်အမျိုးသားရေးခံယူချက်၌ အခြားအုပ်စုများနှင့် ထပ်တူထပ်မျှပင်ဖြစ်သည်ဟု ဆိုထားသည်။
    ၂၀၁၁ ခုနှစ်ကလည်း ဗြိတိန်ရှိမွတ်စ်လင်မ်တို့သည် အခြားသူများထက် မျိုးချစ်စိတ်ပြင်းထန်ကြောင်း think tank Demo မှ ဖော်ပြခဲ့သည်။
    “ ကျွန်ုပ်သည် ဗြိတိန်နိုင်ငံသားဖြစ်ခြင်းကို ဂုဏ်ယူသည် ” ဟူသောဆောင်ပုဒ်အပေါ် ၈၃ ရာခိုင်နှုန်းသော မွတ်စ်လင်မ်တို့က မိမိတို့မှာ ဗြိတိန်နိုင်ငံသားဖြစ်ခြင်းအပေါ်ဂုဏ်ယူပါသည်ဟု တုန့်ပြန်ခဲ့ကြပါသည်။ ၄င်းမှာ တစ်နိုင်ငံလုံးလူဦးရေပမာဏ၏ ပျမ်းမျှတုန့်ပြန်နှုန်း ၇၉ ရာခိုင်နှုန်းထက် မြင့်မားနေပါသည်။
    Ref:OnIslam & Newspapers
  • မြန်မာစစ်တပ်မှ ရိုဟင်ဂျာ မွတ်စ်လင် အမျိုးသမီးများကို လိင်ကျေးကျွန်ပြုနေ
    ဇန်နဝါရီ ၆ ၊ ၂၀၁၄
    M-Media
    ap9
    တီဟ်ရန် (FNA)။    ။  စစ်တပ်၏စခန်းများတွင် ရိုဟင်ဂျာမွတ်စ်လင်မ်အမျိုးသမီးအချို့ကို လိင်ကျေးကျွန်အဖြစ် ထားရှိ ဆက်ဆံနေကြောင်း အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံမှ သတင်းများက ဆိုသည်။
    မြန်မာနိုင်ငံ၌ဖြစ်ပွားသော လူမျိုး-ဘာသာခွဲခြားအကြမ်းဖက်မှု ဂယက်ရိုက်ခတ်စဉ်က ပြည်တွင်းလူနည်းစု မွတ်စ်လင်မ်တို့အား လုံခြုံရေးပေးရန် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ မေတ္တာရပ်ခံချက်ကို အာဏာပိုင် အစိုးရနှင့်စစ်တပ်သည် တုံဏှိဘာဝေ ပြုလုပ်သည့်အပြင် အနိဌာရုံတစ်ခုကို ထပ်တိုး ဖွင့်လှစ်လိုက်သဖြင့် ပဋိပက္ခပိုမို အရှိန်မြင့်လာဖွယ်ရာရှိနေသည်။
    စစ်စခန်းတစ်ခု အတွင်း ဒါဇင်များစွာသော ရိုဟင်ဂျာ မွတ်စ်လင် အမျိုးသမီးများမှာ လိင်ကျေးကျွန်ပြုထားခြင်း ခံနေရသည်ဟု Vice သတင်းဝက်ဘ်ဆိုဒ်မှ ဖော်ပြထား၏။
    မိမိ၏နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ကိုင်တွယ်ရန် ပျက်ကွက်နေသည်ဟု ပြစ်တင်ရှုတ်ချခံနေရသည့် စစ်တပ်သည် ယခုအခါ ထပ်မံပြင်းထန်သည့် စွဲချက်ကို ရင်ဆိုင်ရပြီဖြစ်သည်။
    ဗုဒ္ဓဘာသာဝင်တို့၏ တိုက်ခိုက်မှုကြောင့် မိမိတို့၏အိုးအိမ်များ ပြာကျမြေခရပြီး ဇာတိဒေသကို စွန့်ခွာ လက်လွှတ်ရသည့် မွတ်စ်လင်မ်များအတွက် ဒုက္ခသည်စခန်းများစွာ တည်ဆောက်ထား၏။ အထက်ပါ သတင်းနှင့်အဆိုများအား (မှန်မမှန်) အစဆွဲထုတ်နိုင်ရန် ဗြိတိန် အခြေစိုက်ဂျာနယ်လစ် Assed Baig သည် စစ်တွေသို့ သွားရောက်ခဲ့၏။
    ဤတွင် စစ်စခန်းတစ်ခု၌ မြန်မာ စစ်သားများသည် ရိုဟင်ဂျာ မွတ်စ်လင် အမျိုးသမီးအမြောက်အများကို အဓမ္မခေါ်ဆောင်ထိန်းသိမ်းကာ လိင်ကျေးကျွန်များအဖြစ် စေခိုင်းနေလျက်ရှိကြောင်း ဒေသခံများက ဆိုကြသည်။ အချို့ အမျိုးသမီးများမှာ ပဋိသန္ဓေပင် ဆောင်နေပြီဟု မျက်မြင်သက်သေတစ်ဦးက ဂျာနယ်လစ်အား ပြောပြပါသည်။
    ထိုအကြောင်းအချက်နှင့် ပတ်သက်၍ မြန်မာအစိုးရမှာ မည်သည့် သတင်းမျှ မထုတ်ပြန် မချေပသေးပေ။
    ဤလတ်တစ်လောဖြစ်ရပ်မှာ မြန်မာနိုင်ငံ အောက်ခြေ လူတန်းစားများသို့တိုင် အက်ကြောင်းထနေသည့်အနေအထားကို ထပ်မံဆိုးဝါးသွားစေနိုင်ပါသည်။ အကြမ်းဖက်ဖြစ်စဉ်အတွင်း ရိုဟင်ဂျာမွတ်စ်လင်တို့မှာ ရာနှင့်ချီ၍ သတ်ဖြတ်ခံရပြီးဖြစ်သည်။
    မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စ်လင်တို့မှာ နိုင်ငံ့လူဦးရေ သန်း ၆၀ ၌ ၅ ရာခိုင်နှုန်းနီးပါး ပါဝင်နေသည်။ မြန်မာပြည် လွတ်လပ်ရေးရရှိသော ၁၉၄၈ ခုနှစ်မှစပြီး ၄င်းတို့မှာ ဖိနှိပ်ညှင်းပန်းမှု၊ ချုပ်ခြယ်မှု၊ လျစ်လျူရှုပစ်ပယ်မှုကို ခံစားတွေ့ကြုံလာရသည်။
    အဆင်းရဲဆုံးဒေသအပါအ၀င်ဖြစ်ပြီး ရိုဟင်ဂျာ လူမျိုးအများစုနေထိုင်ကြသည့် လူဦးရေ တစ်သန်းရှိ ရခိုင်ပြည်နယ်အနောက်ပိုင်းမှ အကြမ်းဖက်မှုသည် ၂၀၁၃ ခုနှစ်အထိ ဆက်လက်ဖြစ်ပွားခဲ့သည်။ မွတ်စ်လင်များ အပါအ၀င် ရခိုင်ပြည်နယ်၏လူပေါင်း တစ်သိန်းလေးသောင်းခန့် အိုးအိမ်မဲ့ဘ၀ ရောက်သွားသည်။
    သမ္မတဦးသိန်းစိန်၏ရခိုင်ခရီးစဉ်ကာလအတွင်း မွတ်စ်လင် အိမ်ခြေများကို မီးရှို့တိုက်ခိုက်ခဲ့သည့် ဗုဒ္ဓဘာသာဝင် ၄၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာက အောက်တိုဘာ ၆ ရက်တွင် ဖော်ပြသည်။
    ရဲတပ်ဖွဲ့သတင်းအရ အောက်တိုဘာ ၂ ရက်တွင် သဗြုချိုင်ကျေးရွာ၌ ဗုဒ္ဓဘာသာဝင် လူအုပ်ကြီးရောက်လာပြီးနောက် မွတ်စ်လင် ငါးဦး သတ်ဖြတ်ခံလိုက်ရသည်ဟု သိရသည်။
    မြန်မာအစိုးရအာဏာပိုင်များသည် နိုင်ငံတွင်းရှိ မွတ်စ်လင် ဆန့်ကျင်ရေးအကြမ်းဖက်မှုများအပေါ် မျက်နာလွှဲထားသည်ဟု လူ့အခွင့်အရေး အသင်းအဖွဲ့များ နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းများမှ ပြင်းထန်စွာ ဝေဖန်ရှုတ်ချထား၏။
    Ref: Press TV
    Photo- AP
  • ဇန်န၀ါရီ ၆၊ ပြည်တွင်းသတင်း စုစည်းမှု
    ဇန်န၀ါရီ ၆၊ ပြည်တွင်းသတင်း စုစည်းမှု
    ဇန်န၀ါရီ ၆၊ ၂၀၁၄
    M-Media
    သမ္မတရော ကာချုပ်ကပါ ယုံကြည်မှုပိုမိုတဲ့ KNU
    – ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် စုစုပေါင်း(၇)ကြိမ်တိတိ တွေ့ဆုံထားသော အဖွဲ့အစည်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)ဖြစ်နေရခြင်းမှာ သမ္မတရော ကာချုပ်ကပါ KNU ကို တခြားအဖွဲ့အစည်းတွေထက် ယုံကြည်မှုပိုမို၍ဖြစ်ပြီး အခွင့်အရေးတော့ ပိုမပေးပါဟု ဖဒိုမန်းငြိမ်းမောင်က ဧရာဝတီကို ပြောခဲ့ကြောင်းသိရသည်။
    ________________________
    ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းသို့ ခရီးစဉ်
    – စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်းရေး လူထုဆန္ဒကောက်ပွဲတွင် ဟောပြောရန် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၃-နာရီက ရောက်ရှိခဲ့ရာ ဒေသခံ ထောင်ပေါင်းများစွာ လာရောက်ကြိုဆိုကြပြီး မနက်ဖြန်မှာတော့ ချင်းပြည်နယ် တီးတိန်၊ ဟားခါး၊ ဖလမ်း၊ မင်းတပ် မြို့များမှာ ဟောပြောမည်ဖြစ်ကြောင်း သိရသည်။
    ________________________
    ကူကီးတိုင်းရင်းသားအမည်ဖြင့်သာ သန်းခေါင်စာရင်း ကောက်ယူရန် အဆိုပြု
    – ကူကီးလူမျိုး နှစ်သိန်းနီးပါးရှိပြီး မျိုးနွယ်စုနာမည်တွေ ကွဲပြားစွာသုံးနှုန်းနေသည်ကို လ၀ကအနေနှင့် သတိထားသင့်ပြီး တိုင်းရင်းသားများ၏ နာမည်အမှန်ဖြစ်စေရန် ကူကီးတိုင်းရင်းသားများ၏ သဘောဆန္ဒကို ရယူပေးရန် တောင်းဆိုကြောင်း ကူကီအမျိုးသားရေးရာအဖွဲ့ နာယက ဒေါက်တာလျူခိုပေါင်က ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________
  • သြစတြေးလျရောက် မြန်မာ မိသားစုဝင်များကြီးမှူးတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် တရားဥပဒေ ဆွေးနွေးပွဲ
    ဇန်န၀ါရီ ၆၊ ၂၀၁၄
    M-Media
    စုစည်းတင်ပြသူ – သိန်းမိုးဝင်း (Sydney)
    Australia နိုင်ငံမှ မြန်မာမိသားစုဝင်များ ကြီးမှုးပြီး “ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ နေထိုင်ရေးနှင့် တရားဥပဒေ စိုးမိုးမှု အရေးကြီးပုံ” ဆွေးနွေးဖလှယ်မှု အစီအစဉ်ကို ၂၀၁၃-ခု ဒီဇင်ဘာ ၁၄-ရက်နေ့မှ ၁၉-ရက်နေ့အထိ ဆစ်ဒနီမြို့တွင် ကျင်းပခဲ့ရာ အလ်ဟာ၈်ျ ဆရာ ဦးအေးလွင် (အစ္စလာမ့် ဓမ္မဗိမ္မာန်) တက်ရောက်ဆွေးနွေးခဲ့ပါသည်။
    2
    ဆရာ အလ်ဟာဂ်ျ ဦးအေးလွင်၏ ဆစ်ဒနီမြို့ Australia နိုင်ငံသို့ရောက်ရှိစဉ် မြန်မာမွတ်စလင် မိသားစုဝင်များနှင့် တွေ့ဆုံ၍ ဘာသာလူမျိုးမခွဲခြား ရင်းနှီးချစ်ခင်စွာ အတူယှဉ်တွဲနိုင်ရေးကြိုးပမ်းနေမှုများအားရှင်းလင်းတင်ပြပြီး မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင် မိသားစုများမှလဲ မြန်မာ၌ဖြစ်ပေါ် လျက် ရှိသော ဘာသာရေး၊ လူမျိုးရေးဆန်ဆန်  ပဋိပက္ခများအတွက် အထူးပဲ စိုးရိမ်ပူပန်နေမိကြကြောင်း၊ တိုင်းပြည်သာယာဝပြောရေး-ပြည်သူအားလုံး မခွဲခြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး-တရားဥပဒေ စိုးမိုးရေးတို့မှာ Interconnected ဖြစ်နေကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီပေါ်မှာ အခြေခံသည့် ငြိမ်းချမ်းမှုမျိုး မြန်မာပြည်သူပြည်သား အားလုံး  အမြန်ဆုံး ခံစား စံစားနိုင်စေဖို့ ဆုမွန်ကောင်းတောင်းကြကြောင်း များဆွေးနွေးခဲ့ကြသည်။
    Sydney မြို့တွင် ဆရာဦးအေးလွင်နှင့် မြန်မာပြည်ဖွား မိသားစုဝင်များ (ဗုဒ္ဓဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်၊ ခရစ်ယာန် ဘာသာဝင် နှင့် ဟိန္ဒူဘာသာဝင်) ရပ်မိရပ်ဖများ နှင့် တွေ့ဆုံရာတွင်လည်း ဆရာဦးအေးလွင်မှ ရှင်းလင်းပြောကြားခဲ့ရာတွင် ယခုလက်ရှိ (Religions for Peace) မှ သီတဂူဆရာတော် ဘုရားကြီး အပါအ၀င် ဆရာ ဦးအေးလွင်နှင့် ဘာသာပေါင်းစုံမှ ဆရာတော်ကြီးများပူးပေါင်း၍ ချစ်ကြည်ရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်နေကြောင်း၊ RfP ၏ ရည်မှန်းချက်သည် ဘာသာမတူ အယူအဆ မတူသူများအကြား Engage လုပ်ပေးခြင်းဖြင့် မသမာသူများ၏ သွေးထိုး ခြေထိုး မဟုတ်သွေးထိုး နေမှုများမှေးမှိန်ကာ အမှန်တရားဖြင့် ရှင်းလင်းဖလှယ်နိုင်မှုများ တိုးပွားလာမည်ဖြစ်သည့်အပြင် မတူလက်များ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လာနိုင်ရန် ရည်ရွယ်ကြိုးစားနေကြကြောင်း၊ မြန်မာပြည်တွင်း၌ပြည်သူများအား ထင်ရောင်ထင်မှားဖြစ်စေရန် ၀ါဒဖြန့်နေမှုများ (ဥပမာ – Islamization သြဇာလွှမ်းအောင် ဓားမိုးပြီးသာသနာပြုခြင်း၊ သားဖောက် သာသနာပြုခြင်း၊ အိမ်ထောင်ပြုပြီး သာသနာပြုခြင်း၊ ငွေပေး စည်းရုံးခြင်း၊  သွေးဆောင် ဖျားယောင်းခြင်းများပြုလုပ်နေသည်ဟု စွပ်စွဲ ၀ါဒဖြန့်နေမှုများ) ရှိကြောင်း၊ အစ္စလာမ်ဘာသာ ကိုးကွယ်နေသူများအား အန္တရာယ် သဖွယ် ပုံဖော်ကာ ပတ်ဝန်းကျင်နိုင်ငံများပင်လျှင် ဒီအစ္စလာမ်ကြောင့် တစ်ခုပြီးတစ်ခု ကျဆုံးနေပြီ စသဖြင့် မှိုင်းတိုက်နေခြင်းများသည် အလွန်ပင် မှားယွင်းကြောင်း၊Islam သည် ငြိမ်းချမ်းရေးဟု အမည်ရပြီး အတင်းအဓမ္မ မလျှော် သြဇာသုံး လောကီ လာဘ်လာဘပေး သွေးဆောင် ဖျားယောင်းခြင်းမျိုးကို အစ္စလာမ့် တရားတော်အရ ခွင့်မပြုထားကြောင်း၊ Social Dispute ကို ဘာသားရေး စနက်တံ အဖြစ်ပုံဖော်ကာ မတည်ငြိမ်အောင် ဖန်တီးနေခြင်းများသာဖြစ်ကြောင်း၊ Crime ကို ကျူးလွန်သူ မည်သူမဆို ထိုသူဟာ ဘာသာ သာသနာရဲ့ ဆုံးမမှုအောက်က သွေဖည်သွားသူဖြစ်၍ ဘာသာရေးနှင့် ဘာမှ မပတ်သက်သော Criminal ၏လုပ်ရပ် အဖြစ် သာမြင်ရန် လိုအပ်ကြောင်း (၀ါဒ နှင့် ၀ါဒီ) ကို ခွဲမြင်ရန် လိုအပ်ကြောင်း၊ ၀ံသာနု ရက္ခိတ တရားသည် အင်မတန် မွန်မြတ်ပြီး ဆရာကြီးဦးရာဇတ်မှ ဤ ၀ံသာနုရက္ခိတ စိတ်ဓာတ် (တို့ဟာမြန်မာတွေ တို့မြန်မာပြည် မြန်မာ လူမျိုးကိုချစ်ရမည်) ဟု ကြွေးကြော်ခဲ့သလို မန္တလေးမြို့ခံ သံဃာတော်များ၏ ထောက်ခံမှုကို လဲရခဲ့ကြောင်း၊ သို့သော် ဤ၀ံသာနုရက္ခိတ တရားကို အတိုင်းအတာ တစ်ခုထက် ကျော်လွန်ကာ တလွဲအသုံးချပြီး ကိုယ့်အမျိုးကိုယ် ချစ်ခြင်းဖြင့် သူတစ်ပါး မုန်းခြင်းမျိုး (ငါနဲ့မတူ ငါ့ရန်သူဟု) မဖြစ်သင့်သည့် အပြင်၊ ဗုဒ္ဓဟောကြားခဲ့သည့် “ညာနတ္တစရိယ၊ လောကတ္တစရိယ” တရားထုံး နှလုံးမူသင့်ကြောင်း၊ မြန်မာပြည်၌ ဘယ်ဘာသာသာသနာမှ စတင်ပွင့်ပေါ်ခဲ့ခြင်းမျိုး မရှိခဲ့ပါ။ သို့သော် ထေရ၀ါဒ ဗုဒ္ဓဘာသာကို လူများစု ကိုးကွယ်ပြီး ကမ္ဘာပေါ်၌ ထွန်းကားနေသည့် ဘာသာသာသနာများ မြန်မာပြည်တွင် ကျင့်သုံး နေထိုင်နေကြသဖြင့် မြန်မာရဲ့  အလှဟာ Diversity အဖြစ်ရှိနေခဲ့ပါကြောင်းတို့ကို ဆွေးနွေးခဲ့သည်။
    1
    ထို့နောက် အစ္စလာမ်ဘာသာ မြန်မာပြည်ကိုရောက်တာ ဆရာကြီး ဗိုလ်မှူးဘရှင်တို့လို မြန်မာ့သမိုင်း ကမ္ဘာ့သမိုင်း ပညာရှင်ကြီးများ၏ တင်ပြချက်များ အရ နှစ်ပေါင်း(၁၂၀၀) ကျော်ခဲ့ပြီး၊ ပုဂံခေတ် အနော်ရထာ မထူထောင်ခင် မင်း (၁၂) ဆက်အရင် ပိတ်သုဉ်မင်း လက်ထက်ထဲကဖြစ်ကြောင်း၊ အင်္ဂလိပ်မြန်မာ စစ်ပွဲများအပြီး မြန်မာဟာ အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် ဗြိတိသျှတို့ သတ်မှတ်လိုက်သည့် အတွက် မြန်မာဟာ ကျွန်အောက်က သဘောက်ဖြစ်ခဲ့ရပြီးနောက် နယ်စီးမခြား ကူးသန်း သွားလာမှုများလည်း ရှိခဲ့သည့် အတွက် မြောက်များစွာသော ဘာသာစုံ လူမျိုးစုံ ၀င်ထွက်မှုရှိခဲ့ကြောင်း၊ မြန်မာပြည်ဟာ ပန်းတွေ အလုံးစုံနဲ့ အင်မတန်လှတဲ့ ဥယျာဉ်သဖွယ်ပါ။ ပန်းတစ်ပွင့်ထဲ ရှိချင်လို့ မတူကွဲပြားတဲ့ တစ်ခြားပန်းတွေကို Bulldozer နဲ့ ထိုးပြီးတော့ တစ်မျိုးထဲ ရှိရမယ်ဆိုရင် ပန်းတစ်ပွင့်ထဲလှချင်တော့လှမယ် သို့သော် အလှကတော့ မဆုံနိုင်ဘူး။ အလှဆိုတာ မတူကွဲပြားမှုများကြောင့် ရှိနေတာဖြစ်ကြောင်း၊ ပညက်တော် ၁၀ ပါးထဲက ၂ပါးလောက်ကို နိုင်အောင်ကျင့်ပြီဆိုရင်၊ ကံ ၅ပါးကို လုံအောင် ကျင့်နိုင်ပြီဆိုရင် ပဋိပက္ခတွေ တော်တော် ငြိမ်းသွားမည်။ Buddhism မှာ လူကိုကြည့်ရင် “ရုပ် နဲ့ နာမ်” ကိုသာ ရှုရမည်ဖြစ်ပြီး အသားအယောင်၊ကျား/မ စသဖြင့်ခွဲခြားမရှုရ။ Buddhism အရ တရုတ်၊ ကုလား၊ဗမာ၊ စသဖြင့် ခွဲခြားမှု မပြုပဲ ကောင်းသောသူ နှင့် ဆိုးသောသူဟူ၍ သာ ရှုမြင်ရန်ဖော်ပြ ထားကြောင်း၊ သို့ပါ၍ ဤ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆောင်ရွက်နေသော ဆရာတော်ကြီးများသည် မိမိတို့ ဘာသာအတွင်း၌ Intra-faith  (မိမိဘာသာရဲ့ သွန်သင် ဆုံးမမှု)ကိုနားလည် သဘောပေါက်စေရန် ရှင်းပြနေကြသလို Inter-faith (ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီး ဖလှယ်မှု) များလည်းဆောင်ရွက်နေ ပါကြောင်း ရှင်းလင်းတင်ပြသွားသည်။
    3
    ဤအစီအစဉ်တွင် မြန်မာပြည်ဖွား ရပ်မိရပ်ဖများထဲမှလည်း ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရေးကို မြန်မာပြည်မှ သီတဂူ ဆရာတော် ဘုရားကြီး အပါအ၀င် ဆရာဦးအေးလွင်နှင့် ဘာသာပေါင်းစုံမှ ဆရာတော်ကြီးများ ပူးပေါင်း၍ ကြိုးစားဆောင်ရွက်နေခြင်းများအပေါ် အထူးပဲ လေးစား ဂုဏ်ယူမိကြကြောင်း၊ ရှေးယခင်ကတည်းက အေးအတူပူအမျှ အတူ ယှဉ်တွဲနေထိုင်လာခဲ့ကြသော ဤတိုင်းရင်းသား မြန်မာလူမျိုးများ အချင်းချင်း ဘာသာမတူ ကိုးကွယ်မှု အပေါ် စိတ်ဝမ်းကွဲမှုများမှ အဓိကရုဏ်းများဖြစ်လာရသည် အထိ ဆိုးရွားလာမှုအပေါ် ဆစ်ဒနီမြို့ရှိ မြန်မာ မိသားစုဝင်များမှ အထူးပဲ စိုးရိမ် ပူပန်နေကြကြောင်း၊ Australia နိုင်ငံတွင် Multicultural Societies တွေစုပေါင်းပြိး ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ရခြင်းမှာ Rule of Law ဟူသော တရားဥပဒေ စိုးမိုးမှု ခိုင်မာခြင်းကြောင့် ဖြစ်၍ မြန်မာနိုင်ငံတွင် တရား ဥပဒေစိုးမိုးမှုသည် Peaceful Coexistence အတွက် အဓိကအခန်းကဏ္ဍ တစ်ရပ်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို လိုလားသော လူအဖွဲ့အစည်းများမှ တစ်ဖက်က ပြည်သူတွေ အကြား ကြိုးစားဆောင်ရွက်နေစဉ်မှာ မြန်မာပြည်မှ နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့်လဲ တရားဥပဒေစိုးမိုးမှုကို အခြေအနေအချိန်အခါ အလိုက် ခွဲခြားမှုမျိုးမဟုတ်ပဲ တရားမျှတစွာ ထိထိရောက်ရောက်ဖော်ဆောင်သင့်ကြောင်း မြန်မာပြည်သူပြည်သားများ အနေဖြင့်လဲ ဘာသာရေး၊ လူမျိုးရေးဆန်ဆန် ပဋိပက္ခများတွင် အလွယ်တကူ နားယောင်တာမျိုး မဟုတ်ဘဲ အခြေအနေဖြစ်ရိုးဖြစ်စဉ်ကို သေချာလေ့လာ အကဲခတ်သင့်ကြောင်း၊ ယခုလို မတည်ငြိမ်မှုများအား Unholy Allies ဟုခေါ်သည့် မသမာသူ လူတစ်စုမှ အကွက်ကျကျ စီစဉ်ဆောင်ရွက်နေ ဟန်တူကြောင်း၊ ထို ပဋိပက္ခများ အမြန်ဆုံး ရပ်တန့်သွားဖို့ ဘာသာရေး အဖွဲ့အစည်းများ၊လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ နှင့် နိုင်ငံရေးပါတီများ၊ အားလုံးစုပေါင်း၍ ကြိုးစားမှု မပြုပါက တိုင်းပြည် ပျက်သုဉ်း ခေတ်မှောင်မှာ ပြန်ရုန်းရ ကိန်းစိုက်နိုင်ကြောင်းတို့ကို မြန်မာပြည်ဖွား မိသားစုဝင် ရပ်မိရပ်ဖများမှာ ၀ိုင်းဝန်းပြီး အားကြိုး မာန်တက်ဆွေးနွေးခဲ့ကြပါသည်။
    ၎င်းနောက် ဆရာ အလ်ဟာ၈်ျ ဦးအေးလွင်သည် ဆစ်ဒနီမြို့သို့ရောက်ရှိစဉ် မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတိုက် (Ochardleigh Street, Yennora, New South Wales) သို့  သွားရောက်လည်ပတ်ခြင်း၊မြန်မာခရစ်ယာန် ဘာသာဘုန်းတော်ကြီးများနှင့်လည်း (Carbramatta West Rd, Carbramatta, NSW) ရှိ Church သို့ လေ့လာရေးသွားရောက်လည်ပတ်ခဲ့သည်။
    4
    မြန်မာ့ Community BCBG Radio, SBS Burmese Radio နှင့် ABC Radio Australia  အစီအစဉ်များနှင့်  အင်တာဗျူးများ ပြုလုပ်ခဲ့စဉ် ဆရာ အလ်ဟာ၈်ျ ဦးအေးလွင်မှ ရှင်းလင်းဆွေးနွေးခဲ့သည်များမှာ ယခင့်ယခင်ကတည်းက မြန်မာ၌ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပုံ၊ အစ္စလာမ်ဘာသာ မြန်မာပြည်သို့ ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၁၂၀၀ ကျော်ရှိခဲ့ပြီဖြစ်ပြီး မြန်မာပြည်ဖွား အစ္စလာမ် ဘာသာဝင်များဟာ မြန်မာပြည်ကို ချစ်မြတ်နိုး မြန်မာပြည်အတွက် အလုပ်အကျွေးပြုခဲ့ကြပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခောတ် အဆက်ဆက် ပါဝင်ကြိုးစားခဲ့ပုံ၊ ပန်းဥယျာဉ်တွင် ပန်းမံပေါင်းစုံကြောင့် အလှတင့်သကဲ့သို့ မြန်မာပြည်၌လဲ ဘာသာစုံ လူမျိုးစုံ Diverse Culture ဖြင့်  အလှဂုဏ် မာန်တင့်ခဲ့သော History ရှိခဲ့၍ မတူကွဲပြားမှုများအား Thread ဟုမယူဆပဲ Strength ဟုယူဆကာ Multicultural Diversity မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုသို့ ဖော်ဆောင်သွားသင့်ပုံတို့ကို ဆရာဦးအေးလွင်က ထည့်သွင်းပြောကြားသွားခဲ့ပါသည်။
    အင်တာဗျူးများ
    BCBG Radio Interview (29th Dec 2013) (မြန်မာ):
    မူရင်းလင့်=> http://bcbgsydney.blogspot.com.au/
    Download ယူရန် Click Here
    SBS Burmese Radio Interview (မြန်မာ):
    မူရင်းလင့်=> http://www.sbs.com.au/yourlanguage/burmese/highlight/page/id/307818/t/U-Aye-Lwin-Islamic-leader-and-Religious-for-Peace-Myanmar
    Download ယူရန် Click Here
    ABC Radio Interview (မြန်မာ):
    မူရင်းလင့်=>  http://www.radioaustralia.net.au/burmese/radio/onairhighlights/1238762
    Download ယူရန် Click Here
  • နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာအား အလွဲသုံးစားမပြုရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
    နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာအား အလွဲသုံးစားမပြုရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
    ဇန်နဝါရီ ၆၊ ၂၀၁၄
    M-Media
    A.N.Lay
    DSC03042
    ရန်ကုန် ။ ။ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသနာအား အလွဲသုံးစားမပြုရခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် သုဓမ္မာလမ်းမကြီးရှိ ရွှေအိမ်တော်ခန်းမ၌ ပြုလုပ်ဆွေးနွေးခဲ့ရာ လူ ၁၀၀-ကျော် တက်ရောက်ခဲ့သည်။
    အဆိုပါ ဆွေးနွေးပွဲတွင် သီတဂှုဗုဒ္ဓတက္ကသိုလ် ကထိကဆရာတော် အရှင်တိက္ခသာရ ( B.A., M.A) က စတင်ဆွေးနွေးခဲ့ပြီး၊ ဆွေးနွေးမှုတွင် ” လူအားလုံးဟာ ဘာသာတရားနဲ့ပက်သက်လာရင် ဘယ်သူမှ မခံကြဘူး။ ဘာသာတရားနဲ့ပက်သက်ရင် အသိပညာတွေခေါင်းပါးနေတဲ့အတွက်ကြောင့် သူများအသုံးချခံနေကြရတာပါ။ အဓိကကတော့ အသိဥာဏ်ရှိကြဖို့ပါ။ အသိဥာဏ်တွေတိုးတက်လာပြီဆိုရင် ဘယ်သူကမှ အသုံးချလို့မရတော့သလို ဘယ်သူကမှလည်း ပဋိပက္ခဖြစ်အောင် မဖန်တီးနိုင်တော့ပါဘူး။ ဒါကြောင့် ဘာသာဝင်အသီးသီးက ပုဂ္ဂိုလ်များ တို့တတွေ ယုံကြည်၍ ကိုးကွယ်ထားကြတဲ့ဘုရားသခင်၊ ဘုရားရှင်တို့ရဲ့ဂုဏ်ကို အလွဲသုံးစားမပြုကြပါနဲ့။ တခြားဘာသာတွေကို မေတ္တာမထားကြပါနဲ့လို့ဘယ်ဘုရားသခင်ကမှ မဟောတာ ဘာသာဝင်အားလုံးလည်းသိပါတယ်။ ငါ့ဘာသာလျှင်ကောင်းတယ်၊ သူ့ဘာသာလျှင် ကောင်းတယ်ဆိုတဲ့ ဘာသာတရားနဲ့ လူမျိုးခွဲခြားရေးစကားတွေကို မပြောကြပါနဲ့၊ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသနာကိုလည်း အလွဲသုံးစားမပြု ကြပါနဲ့”ဟု သြ၀ါဒ မြွက်ကြားခဲ့သည်။
    “နိုင်ငံရေးသည် တကယ်တော့ ယုတ်ညံ့တာမဟုတ်ပါဘူး။ နိုင်ငံရေးကို ယုတ်ညံအောင် လုပ်နေတဲ့ လူတွေကြောင့်သာ ယုတ်ညံနေရခြင်းဖြစ်ပါတယ်။ နိုင်ငံရေးအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုကြရသလို၊ ဘာသာရေးကိစ္စ အလို့ငှာ နိုင်ငံရေးကိုလည်း အလွဲသုံးစားမပြုကြရပါဘူး။ အစ္စလာမ်တွေထဲမှာလည်း ထွန်းတောက်ခဲ့သည့် မြန်မာ့သူရဲ့ကောင်းတွေရှိသလို။ ကျွန်တော်တို့ဟာ ဘာသာ သာမတူပေမဲ့၊ နိုင်ငံသားခြင်းတော့ တူကြပါတယ်။ ကိုယ်နဲ့အတူ ကိုယ့်ရန်သူလို့ မတွက်ကြဘဲ၊ ကိုယ်နဲ့မတူ ကိုယ့်ဥာဏ်ကိုကူမယ့် သူတွေလို့သတ်မှတ်ကြပါ။ ဘာကြောင့်လဲဆိုတော့ ဘာသာသာသနာဟာ အင်မတန်မှ ထိလွယ်ရှလွယ်တဲ့အတွက် အကောင်းဆုံးစနစ် ဖြစ်နေလို့ပါ။ ဒါကြောင့် နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုကြပါနဲ့ဟု” အလ်ဟဂ်ျ ဦးအေးလွင် မှ ၎င်း၏ သဘောထားကို ဆွေးနွေးခဲ့သည်။
    အဆိုပါ ဆွေးနွေးမှုတွင် ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှ ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ပရိသတ်များထဲမှလည်း သိရှိလိုသည်များကို ဆွေးနွေးခဲ့ပြီးနောက် အခမ်းအနားကို ၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
    ၎င်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအား Peace Alliance၊ ဒို့အမွေ ပညာရေးကူညီမှုအသင်း၊ ဗုဒ္ဓဘာသာလူငယ်စုစည်းမှုအသင်း(နာရေး)တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။