News @ M-Media

Blog

  • သြစတြေးလျရောက် မြန်မာ မိသားစုဝင်များကြီးမှူးတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် တရားဥပဒေ ဆွေးနွေးပွဲ

    ဇန်န၀ါရီ ၆၊ ၂၀၁၄
    M-Media
    စုစည်းတင်ပြသူ – သိန်းမိုးဝင်း (Sydney)

    Australia နိုင်ငံမှ မြန်မာမိသားစုဝင်များ ကြီးမှုးပြီး “ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ နေထိုင်ရေးနှင့် တရားဥပဒေ စိုးမိုးမှု အရေးကြီးပုံ” ဆွေးနွေးဖလှယ်မှု အစီအစဉ်ကို ၂၀၁၃-ခု ဒီဇင်ဘာ ၁၄-ရက်နေ့မှ ၁၉-ရက်နေ့အထိ ဆစ်ဒနီမြို့တွင် ကျင်းပခဲ့ရာ အလ်ဟာ၈်ျ ဆရာ ဦးအေးလွင် (အစ္စလာမ့် ဓမ္မဗိမ္မာန်) တက်ရောက်ဆွေးနွေးခဲ့ပါသည်။

    2

    ဆရာ အလ်ဟာဂ်ျ ဦးအေးလွင်၏ ဆစ်ဒနီမြို့ Australia နိုင်ငံသို့ရောက်ရှိစဉ် မြန်မာမွတ်စလင် မိသားစုဝင်များနှင့် တွေ့ဆုံ၍ ဘာသာလူမျိုးမခွဲခြား ရင်းနှီးချစ်ခင်စွာ အတူယှဉ်တွဲနိုင်ရေးကြိုးပမ်းနေမှုများအားရှင်းလင်းတင်ပြပြီး မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင် မိသားစုများမှလဲ မြန်မာ၌ဖြစ်ပေါ် လျက် ရှိသော ဘာသာရေး၊ လူမျိုးရေးဆန်ဆန်  ပဋိပက္ခများအတွက် အထူးပဲ စိုးရိမ်ပူပန်နေမိကြကြောင်း၊ တိုင်းပြည်သာယာဝပြောရေး-ပြည်သူအားလုံး မခွဲခြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး-တရားဥပဒေ စိုးမိုးရေးတို့မှာ Interconnected ဖြစ်နေကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီပေါ်မှာ အခြေခံသည့် ငြိမ်းချမ်းမှုမျိုး မြန်မာပြည်သူပြည်သား အားလုံး  အမြန်ဆုံး ခံစား စံစားနိုင်စေဖို့ ဆုမွန်ကောင်းတောင်းကြကြောင်း များဆွေးနွေးခဲ့ကြသည်။

    Sydney မြို့တွင် ဆရာဦးအေးလွင်နှင့် မြန်မာပြည်ဖွား မိသားစုဝင်များ (ဗုဒ္ဓဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်၊ ခရစ်ယာန် ဘာသာဝင် နှင့် ဟိန္ဒူဘာသာဝင်) ရပ်မိရပ်ဖများ နှင့် တွေ့ဆုံရာတွင်လည်း ဆရာဦးအေးလွင်မှ ရှင်းလင်းပြောကြားခဲ့ရာတွင် ယခုလက်ရှိ (Religions for Peace) မှ သီတဂူဆရာတော် ဘုရားကြီး အပါအ၀င် ဆရာ ဦးအေးလွင်နှင့် ဘာသာပေါင်းစုံမှ ဆရာတော်ကြီးများပူးပေါင်း၍ ချစ်ကြည်ရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်နေကြောင်း၊ RfP ၏ ရည်မှန်းချက်သည် ဘာသာမတူ အယူအဆ မတူသူများအကြား Engage လုပ်ပေးခြင်းဖြင့် မသမာသူများ၏ သွေးထိုး ခြေထိုး မဟုတ်သွေးထိုး နေမှုများမှေးမှိန်ကာ အမှန်တရားဖြင့် ရှင်းလင်းဖလှယ်နိုင်မှုများ တိုးပွားလာမည်ဖြစ်သည့်အပြင် မတူလက်များ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လာနိုင်ရန် ရည်ရွယ်ကြိုးစားနေကြကြောင်း၊ မြန်မာပြည်တွင်း၌ပြည်သူများအား ထင်ရောင်ထင်မှားဖြစ်စေရန် ၀ါဒဖြန့်နေမှုများ (ဥပမာ – Islamization သြဇာလွှမ်းအောင် ဓားမိုးပြီးသာသနာပြုခြင်း၊ သားဖောက် သာသနာပြုခြင်း၊ အိမ်ထောင်ပြုပြီး သာသနာပြုခြင်း၊ ငွေပေး စည်းရုံးခြင်း၊  သွေးဆောင် ဖျားယောင်းခြင်းများပြုလုပ်နေသည်ဟု စွပ်စွဲ ၀ါဒဖြန့်နေမှုများ) ရှိကြောင်း၊ အစ္စလာမ်ဘာသာ ကိုးကွယ်နေသူများအား အန္တရာယ် သဖွယ် ပုံဖော်ကာ ပတ်ဝန်းကျင်နိုင်ငံများပင်လျှင် ဒီအစ္စလာမ်ကြောင့် တစ်ခုပြီးတစ်ခု ကျဆုံးနေပြီ စသဖြင့် မှိုင်းတိုက်နေခြင်းများသည် အလွန်ပင် မှားယွင်းကြောင်း၊Islam သည် ငြိမ်းချမ်းရေးဟု အမည်ရပြီး အတင်းအဓမ္မ မလျှော် သြဇာသုံး လောကီ လာဘ်လာဘပေး သွေးဆောင် ဖျားယောင်းခြင်းမျိုးကို အစ္စလာမ့် တရားတော်အရ ခွင့်မပြုထားကြောင်း၊ Social Dispute ကို ဘာသားရေး စနက်တံ အဖြစ်ပုံဖော်ကာ မတည်ငြိမ်အောင် ဖန်တီးနေခြင်းများသာဖြစ်ကြောင်း၊ Crime ကို ကျူးလွန်သူ မည်သူမဆို ထိုသူဟာ ဘာသာ သာသနာရဲ့ ဆုံးမမှုအောက်က သွေဖည်သွားသူဖြစ်၍ ဘာသာရေးနှင့် ဘာမှ မပတ်သက်သော Criminal ၏လုပ်ရပ် အဖြစ် သာမြင်ရန် လိုအပ်ကြောင်း (၀ါဒ နှင့် ၀ါဒီ) ကို ခွဲမြင်ရန် လိုအပ်ကြောင်း၊ ၀ံသာနု ရက္ခိတ တရားသည် အင်မတန် မွန်မြတ်ပြီး ဆရာကြီးဦးရာဇတ်မှ ဤ ၀ံသာနုရက္ခိတ စိတ်ဓာတ် (တို့ဟာမြန်မာတွေ တို့မြန်မာပြည် မြန်မာ လူမျိုးကိုချစ်ရမည်) ဟု ကြွေးကြော်ခဲ့သလို မန္တလေးမြို့ခံ သံဃာတော်များ၏ ထောက်ခံမှုကို လဲရခဲ့ကြောင်း၊ သို့သော် ဤ၀ံသာနုရက္ခိတ တရားကို အတိုင်းအတာ တစ်ခုထက် ကျော်လွန်ကာ တလွဲအသုံးချပြီး ကိုယ့်အမျိုးကိုယ် ချစ်ခြင်းဖြင့် သူတစ်ပါး မုန်းခြင်းမျိုး (ငါနဲ့မတူ ငါ့ရန်သူဟု) မဖြစ်သင့်သည့် အပြင်၊ ဗုဒ္ဓဟောကြားခဲ့သည့် “ညာနတ္တစရိယ၊ လောကတ္တစရိယ” တရားထုံး နှလုံးမူသင့်ကြောင်း၊ မြန်မာပြည်၌ ဘယ်ဘာသာသာသနာမှ စတင်ပွင့်ပေါ်ခဲ့ခြင်းမျိုး မရှိခဲ့ပါ။ သို့သော် ထေရ၀ါဒ ဗုဒ္ဓဘာသာကို လူများစု ကိုးကွယ်ပြီး ကမ္ဘာပေါ်၌ ထွန်းကားနေသည့် ဘာသာသာသနာများ မြန်မာပြည်တွင် ကျင့်သုံး နေထိုင်နေကြသဖြင့် မြန်မာရဲ့  အလှဟာ Diversity အဖြစ်ရှိနေခဲ့ပါကြောင်းတို့ကို ဆွေးနွေးခဲ့သည်။

    1

    ထို့နောက် အစ္စလာမ်ဘာသာ မြန်မာပြည်ကိုရောက်တာ ဆရာကြီး ဗိုလ်မှူးဘရှင်တို့လို မြန်မာ့သမိုင်း ကမ္ဘာ့သမိုင်း ပညာရှင်ကြီးများ၏ တင်ပြချက်များ အရ နှစ်ပေါင်း(၁၂၀၀) ကျော်ခဲ့ပြီး၊ ပုဂံခေတ် အနော်ရထာ မထူထောင်ခင် မင်း (၁၂) ဆက်အရင် ပိတ်သုဉ်မင်း လက်ထက်ထဲကဖြစ်ကြောင်း၊ အင်္ဂလိပ်မြန်မာ စစ်ပွဲများအပြီး မြန်မာဟာ အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် ဗြိတိသျှတို့ သတ်မှတ်လိုက်သည့် အတွက် မြန်မာဟာ ကျွန်အောက်က သဘောက်ဖြစ်ခဲ့ရပြီးနောက် နယ်စီးမခြား ကူးသန်း သွားလာမှုများလည်း ရှိခဲ့သည့် အတွက် မြောက်များစွာသော ဘာသာစုံ လူမျိုးစုံ ၀င်ထွက်မှုရှိခဲ့ကြောင်း၊ မြန်မာပြည်ဟာ ပန်းတွေ အလုံးစုံနဲ့ အင်မတန်လှတဲ့ ဥယျာဉ်သဖွယ်ပါ။ ပန်းတစ်ပွင့်ထဲ ရှိချင်လို့ မတူကွဲပြားတဲ့ တစ်ခြားပန်းတွေကို Bulldozer နဲ့ ထိုးပြီးတော့ တစ်မျိုးထဲ ရှိရမယ်ဆိုရင် ပန်းတစ်ပွင့်ထဲလှချင်တော့လှမယ် သို့သော် အလှကတော့ မဆုံနိုင်ဘူး။ အလှဆိုတာ မတူကွဲပြားမှုများကြောင့် ရှိနေတာဖြစ်ကြောင်း၊ ပညက်တော် ၁၀ ပါးထဲက ၂ပါးလောက်ကို နိုင်အောင်ကျင့်ပြီဆိုရင်၊ ကံ ၅ပါးကို လုံအောင် ကျင့်နိုင်ပြီဆိုရင် ပဋိပက္ခတွေ တော်တော် ငြိမ်းသွားမည်။ Buddhism မှာ လူကိုကြည့်ရင် “ရုပ် နဲ့ နာမ်” ကိုသာ ရှုရမည်ဖြစ်ပြီး အသားအယောင်၊ကျား/မ စသဖြင့်ခွဲခြားမရှုရ။ Buddhism အရ တရုတ်၊ ကုလား၊ဗမာ၊ စသဖြင့် ခွဲခြားမှု မပြုပဲ ကောင်းသောသူ နှင့် ဆိုးသောသူဟူ၍ သာ ရှုမြင်ရန်ဖော်ပြ ထားကြောင်း၊ သို့ပါ၍ ဤ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆောင်ရွက်နေသော ဆရာတော်ကြီးများသည် မိမိတို့ ဘာသာအတွင်း၌ Intra-faith  (မိမိဘာသာရဲ့ သွန်သင် ဆုံးမမှု)ကိုနားလည် သဘောပေါက်စေရန် ရှင်းပြနေကြသလို Inter-faith (ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီး ဖလှယ်မှု) များလည်းဆောင်ရွက်နေ ပါကြောင်း ရှင်းလင်းတင်ပြသွားသည်။

    3

    ဤအစီအစဉ်တွင် မြန်မာပြည်ဖွား ရပ်မိရပ်ဖများထဲမှလည်း ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရေးကို မြန်မာပြည်မှ သီတဂူ ဆရာတော် ဘုရားကြီး အပါအ၀င် ဆရာဦးအေးလွင်နှင့် ဘာသာပေါင်းစုံမှ ဆရာတော်ကြီးများ ပူးပေါင်း၍ ကြိုးစားဆောင်ရွက်နေခြင်းများအပေါ် အထူးပဲ လေးစား ဂုဏ်ယူမိကြကြောင်း၊ ရှေးယခင်ကတည်းက အေးအတူပူအမျှ အတူ ယှဉ်တွဲနေထိုင်လာခဲ့ကြသော ဤတိုင်းရင်းသား မြန်မာလူမျိုးများ အချင်းချင်း ဘာသာမတူ ကိုးကွယ်မှု အပေါ် စိတ်ဝမ်းကွဲမှုများမှ အဓိကရုဏ်းများဖြစ်လာရသည် အထိ ဆိုးရွားလာမှုအပေါ် ဆစ်ဒနီမြို့ရှိ မြန်မာ မိသားစုဝင်များမှ အထူးပဲ စိုးရိမ် ပူပန်နေကြကြောင်း၊ Australia နိုင်ငံတွင် Multicultural Societies တွေစုပေါင်းပြိး ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ရခြင်းမှာ Rule of Law ဟူသော တရားဥပဒေ စိုးမိုးမှု ခိုင်မာခြင်းကြောင့် ဖြစ်၍ မြန်မာနိုင်ငံတွင် တရား ဥပဒေစိုးမိုးမှုသည် Peaceful Coexistence အတွက် အဓိကအခန်းကဏ္ဍ တစ်ရပ်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို လိုလားသော လူအဖွဲ့အစည်းများမှ တစ်ဖက်က ပြည်သူတွေ အကြား ကြိုးစားဆောင်ရွက်နေစဉ်မှာ မြန်မာပြည်မှ နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့်လဲ တရားဥပဒေစိုးမိုးမှုကို အခြေအနေအချိန်အခါ အလိုက် ခွဲခြားမှုမျိုးမဟုတ်ပဲ တရားမျှတစွာ ထိထိရောက်ရောက်ဖော်ဆောင်သင့်ကြောင်း မြန်မာပြည်သူပြည်သားများ အနေဖြင့်လဲ ဘာသာရေး၊ လူမျိုးရေးဆန်ဆန် ပဋိပက္ခများတွင် အလွယ်တကူ နားယောင်တာမျိုး မဟုတ်ဘဲ အခြေအနေဖြစ်ရိုးဖြစ်စဉ်ကို သေချာလေ့လာ အကဲခတ်သင့်ကြောင်း၊ ယခုလို မတည်ငြိမ်မှုများအား Unholy Allies ဟုခေါ်သည့် မသမာသူ လူတစ်စုမှ အကွက်ကျကျ စီစဉ်ဆောင်ရွက်နေ ဟန်တူကြောင်း၊ ထို ပဋိပက္ခများ အမြန်ဆုံး ရပ်တန့်သွားဖို့ ဘာသာရေး အဖွဲ့အစည်းများ၊လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ နှင့် နိုင်ငံရေးပါတီများ၊ အားလုံးစုပေါင်း၍ ကြိုးစားမှု မပြုပါက တိုင်းပြည် ပျက်သုဉ်း ခေတ်မှောင်မှာ ပြန်ရုန်းရ ကိန်းစိုက်နိုင်ကြောင်းတို့ကို မြန်မာပြည်ဖွား မိသားစုဝင် ရပ်မိရပ်ဖများမှာ ၀ိုင်းဝန်းပြီး အားကြိုး မာန်တက်ဆွေးနွေးခဲ့ကြပါသည်။

    ၎င်းနောက် ဆရာ အလ်ဟာ၈်ျ ဦးအေးလွင်သည် ဆစ်ဒနီမြို့သို့ရောက်ရှိစဉ် မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတိုက် (Ochardleigh Street, Yennora, New South Wales) သို့  သွားရောက်လည်ပတ်ခြင်း၊မြန်မာခရစ်ယာန် ဘာသာဘုန်းတော်ကြီးများနှင့်လည်း (Carbramatta West Rd, Carbramatta, NSW) ရှိ Church သို့ လေ့လာရေးသွားရောက်လည်ပတ်ခဲ့သည်။

    4

    မြန်မာ့ Community BCBG Radio, SBS Burmese Radio နှင့် ABC Radio Australia  အစီအစဉ်များနှင့်  အင်တာဗျူးများ ပြုလုပ်ခဲ့စဉ် ဆရာ အလ်ဟာ၈်ျ ဦးအေးလွင်မှ ရှင်းလင်းဆွေးနွေးခဲ့သည်များမှာ ယခင့်ယခင်ကတည်းက မြန်မာ၌ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပုံ၊ အစ္စလာမ်ဘာသာ မြန်မာပြည်သို့ ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၁၂၀၀ ကျော်ရှိခဲ့ပြီဖြစ်ပြီး မြန်မာပြည်ဖွား အစ္စလာမ် ဘာသာဝင်များဟာ မြန်မာပြည်ကို ချစ်မြတ်နိုး မြန်မာပြည်အတွက် အလုပ်အကျွေးပြုခဲ့ကြပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခောတ် အဆက်ဆက် ပါဝင်ကြိုးစားခဲ့ပုံ၊ ပန်းဥယျာဉ်တွင် ပန်းမံပေါင်းစုံကြောင့် အလှတင့်သကဲ့သို့ မြန်မာပြည်၌လဲ ဘာသာစုံ လူမျိုးစုံ Diverse Culture ဖြင့်  အလှဂုဏ် မာန်တင့်ခဲ့သော History ရှိခဲ့၍ မတူကွဲပြားမှုများအား Thread ဟုမယူဆပဲ Strength ဟုယူဆကာ Multicultural Diversity မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုသို့ ဖော်ဆောင်သွားသင့်ပုံတို့ကို ဆရာဦးအေးလွင်က ထည့်သွင်းပြောကြားသွားခဲ့ပါသည်။

    အင်တာဗျူးများ

    BCBG Radio Interview (29th Dec 2013) (မြန်မာ):

    မူရင်းလင့်=> http://bcbgsydney.blogspot.com.au/
    Download ယူရန် Click Here

    SBS Burmese Radio Interview (မြန်မာ):

    မူရင်းလင့်=> http://www.sbs.com.au/yourlanguage/burmese/highlight/page/id/307818/t/U-Aye-Lwin-Islamic-leader-and-Religious-for-Peace-Myanmar
    Download ယူရန် Click Here

    ABC Radio Interview (မြန်မာ):

    မူရင်းလင့်=>  http://www.radioaustralia.net.au/burmese/radio/onairhighlights/1238762
    Download ယူရန် Click Here

  • နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာအား အလွဲသုံးစားမပြုရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ

    နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာအား အလွဲသုံးစားမပြုရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ

    ဇန်နဝါရီ ၆၊ ၂၀၁၄
    M-Media
    A.N.Lay

    DSC03042

    ရန်ကုန် ။ ။ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသနာအား အလွဲသုံးစားမပြုရခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် သုဓမ္မာလမ်းမကြီးရှိ ရွှေအိမ်တော်ခန်းမ၌ ပြုလုပ်ဆွေးနွေးခဲ့ရာ လူ ၁၀၀-ကျော် တက်ရောက်ခဲ့သည်။

    အဆိုပါ ဆွေးနွေးပွဲတွင် သီတဂှုဗုဒ္ဓတက္ကသိုလ် ကထိကဆရာတော် အရှင်တိက္ခသာရ ( B.A., M.A) က စတင်ဆွေးနွေးခဲ့ပြီး၊ ဆွေးနွေးမှုတွင် ” လူအားလုံးဟာ ဘာသာတရားနဲ့ပက်သက်လာရင် ဘယ်သူမှ မခံကြဘူး။ ဘာသာတရားနဲ့ပက်သက်ရင် အသိပညာတွေခေါင်းပါးနေတဲ့အတွက်ကြောင့် သူများအသုံးချခံနေကြရတာပါ။ အဓိကကတော့ အသိဥာဏ်ရှိကြဖို့ပါ။ အသိဥာဏ်တွေတိုးတက်လာပြီဆိုရင် ဘယ်သူကမှ အသုံးချလို့မရတော့သလို ဘယ်သူကမှလည်း ပဋိပက္ခဖြစ်အောင် မဖန်တီးနိုင်တော့ပါဘူး။ ဒါကြောင့် ဘာသာဝင်အသီးသီးက ပုဂ္ဂိုလ်များ တို့တတွေ ယုံကြည်၍ ကိုးကွယ်ထားကြတဲ့ဘုရားသခင်၊ ဘုရားရှင်တို့ရဲ့ဂုဏ်ကို အလွဲသုံးစားမပြုကြပါနဲ့။ တခြားဘာသာတွေကို မေတ္တာမထားကြပါနဲ့လို့ဘယ်ဘုရားသခင်ကမှ မဟောတာ ဘာသာဝင်အားလုံးလည်းသိပါတယ်။ ငါ့ဘာသာလျှင်ကောင်းတယ်၊ သူ့ဘာသာလျှင် ကောင်းတယ်ဆိုတဲ့ ဘာသာတရားနဲ့ လူမျိုးခွဲခြားရေးစကားတွေကို မပြောကြပါနဲ့၊ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသနာကိုလည်း အလွဲသုံးစားမပြု ကြပါနဲ့”ဟု သြ၀ါဒ မြွက်ကြားခဲ့သည်။

    “နိုင်ငံရေးသည် တကယ်တော့ ယုတ်ညံ့တာမဟုတ်ပါဘူး။ နိုင်ငံရေးကို ယုတ်ညံအောင် လုပ်နေတဲ့ လူတွေကြောင့်သာ ယုတ်ညံနေရခြင်းဖြစ်ပါတယ်။ နိုင်ငံရေးအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုကြရသလို၊ ဘာသာရေးကိစ္စ အလို့ငှာ နိုင်ငံရေးကိုလည်း အလွဲသုံးစားမပြုကြရပါဘူး။ အစ္စလာမ်တွေထဲမှာလည်း ထွန်းတောက်ခဲ့သည့် မြန်မာ့သူရဲ့ကောင်းတွေရှိသလို။ ကျွန်တော်တို့ဟာ ဘာသာ သာမတူပေမဲ့၊ နိုင်ငံသားခြင်းတော့ တူကြပါတယ်။ ကိုယ်နဲ့အတူ ကိုယ့်ရန်သူလို့ မတွက်ကြဘဲ၊ ကိုယ်နဲ့မတူ ကိုယ့်ဥာဏ်ကိုကူမယ့် သူတွေလို့သတ်မှတ်ကြပါ။ ဘာကြောင့်လဲဆိုတော့ ဘာသာသာသနာဟာ အင်မတန်မှ ထိလွယ်ရှလွယ်တဲ့အတွက် အကောင်းဆုံးစနစ် ဖြစ်နေလို့ပါ။ ဒါကြောင့် နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုကြပါနဲ့ဟု” အလ်ဟဂ်ျ ဦးအေးလွင် မှ ၎င်း၏ သဘောထားကို ဆွေးနွေးခဲ့သည်။

    အဆိုပါ ဆွေးနွေးမှုတွင် ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှ ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ပရိသတ်များထဲမှလည်း သိရှိလိုသည်များကို ဆွေးနွေးခဲ့ပြီးနောက် အခမ်းအနားကို ၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

    ၎င်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအား Peace Alliance၊ ဒို့အမွေ ပညာရေးကူညီမှုအသင်း၊ ဗုဒ္ဓဘာသာလူငယ်စုစည်းမှုအသင်း(နာရေး)တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

  • ဇန်န၀ါရီ ၆၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဇန်န၀ါရီ ၆၊ ၂၀၁၄
    M-Media

    Untitled

    ကွဲကွာနေသော မိသားစုများ ပေါင်းစည်းမှု ပြန်လည် စတင်ရန် ပတ်ဂျုံဟေး တောင်းဆို

    ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုများအား ပြန်လည်ပေါင်းစည်းရေးကို လာမည့်နှစ်ကူးတွင် ပြန်လည်ပြုလုပ်ရန် တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးက ယနေ့တွင် တောင်းဆိုခဲ့သည်။ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပထမဦးဆုံးအဖြစ် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်အတွင်း ပြန်လည်ပေါင်းစည်းရေး ခေတ်သစ်ထူထောင်ရန်နှင့် လူသားချင်းစာနာသည့် အကူအညီများပေးအပ်ရန်တို့ကို လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။ မြောက်ကိုရီးယား၏ အကြောင်းပြချက်မရှိဘဲ တားမြစ်ထားမှုကြောင့် ယခုလက်ရှိတွင် နှစ်နိုင်ငံမိသာစု ပြန်လည်ပေါင်းစည်းရေး အစီအစဉ်အား ရပ်ဆိုင်းထားရသည်။
    ………………………………

    ရုရှားရှိ နိုင်ငံရေးအကျဉ်းသားများအရေး ဆောင်ရွက်သွားမည်ဟု ခိုဒိုကော့ဗ်စကီးဆို

    ၁၀ စုနှစ်တစ်ခုကြာ အကျဉ်းကျခံရပြီးနောက် ပြီးခဲ့သည့်လကမှ ပြန်လည် လွတ်မြောက်လာသည့် ရုရှားရေနံသူဌေး မီခေးလ် ခိုဒိုကော့ဗ်စကီးက လက်ရှိနေထိုင်နေသည့် နယူးဇီလန်နိုင်ငံမှနေ၍ ရုရှားရှိနိုင်ငံရေးအကျဉ်းသားများအရေးကို လုပ်ဆောင်သွားမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။ ခိုဒိုကော့ဗ်စကီးမှာ သမ္မတပူတင်၏ အတိုက်အခံနိုင်ငံရေးသမားတစ်ဦဖြစ်ပြီး ယခင်ကတည်းက ပူတင်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဝေဖန်ခဲ့သူဖြစ်သည်။
    ………………………………

    ပထမဆုံး ဆေးလိပ်မသောက်ရ ဒေသတစ်ခု စင်ကာပူထူထောင်

    စင်ကာပူနိုင်ငံ၏ ပထ၀ီနယ်နမိတ်အတွင်း ပထမဦးဆုံး ဆေးလိပ်မသောက်ရဒေသတ်မှတ်မှုအား အစမ်းသဘောအနေဖြင့် ယမန်နေ့က စတင်ခဲ့သည် ဟု သိရသည်။ ဆေးလိပ်မသောက်ရ ဒေသအဖြစ် Nee Soon South မဲဆန္ဒနယ်အား သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ထိုဒေသတွင် ဆေးလိပ်သောက်ရန် သီးသန့်နေရာ ၆ ခု ပြုလုပ်ပေးထားသည်။ ထိုအစီအစဉ်မှာ လေထုအရည်အသွေး တိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်ဖြစ်ပြီး အစမ်းကာလမှာ ၁- နှစ်ကြာမြင့်မည်ဖြစ်သည်။
    ………………………………

    ရုရှားမှ စစ်သုံးရဟတ်ယာဉ် ၁၃-စီး အီရတ်သို့ပို့

    နှစ်နိုင်ငံချုပ်ဆိုထားသည့် ကန်ဒေါ်လာ ၄.၂ သန်းတန်ဖိုးရှိ ကာကွယ်ရေး စာချုပ်အရ Mil Mi -28NE အမျိုးအစား ရဟတ်ယာဉ် ၁၃-စင်းအား ရုရှားနိုင်ငံမှ အီရတ်နိုင်ငံသို့ ယမန်နေ့က ပေးပို့ခဲ့သည်ဟု သိရသည်။ ညဘက်ပြုလုပ်နိုင်သည့် စွမ်းဆောင်ရည်များကြောင့် ထိုရဟတ်ယာဉ်များအား ‘ညမုဆိုး’ ဟု အမည်ပေးထားသည်။ ၂၀၁၂ ခုနှစ်တွင်ချုပ်ဆိုခဲ့သည့် ထိုကာကွယ်ရေးစာချုပ်အရ အီရတ်နိုင်ငံမှာ ပြီးခဲ့သည့် နှစ်ကလည်း ထိုရဟတ်ယာဉ် ၁၅-စင်းအားရရှိခဲ့ပြီး Pantsir-S1 အမည်ရသည့် လေကြောင်းကာကွယ်ရေး စနစ် ၂၄ ခုနှင့် Mi -28NE အမျိုးအစား ရဟတ်ယာဉ် ၁၂ စီး ထပ်မံရရှိရန် ရှိနေသည်။
    ………………………………

    ဂျကာတာရှိ မြန်မာသံရုံအား ဗုံးခွဲရန်ကြံစည်သူအား ထောင်ဒဏ် ၇ နှစ်ခွဲ အင်ဒိုနီးရှားချမှတ်

    ရိုဟင်ဂျာများအား သတ်ဖြတ်မှုများကို လက်စားချေရန်အတွက် မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သည့် စစ်သွေးကြွတစ်ဦးအား အင်ဒိုနီးရှား တရားရုံးမှ ယနေ့တွင် ထောင်ဒဏ် ၇ နှစ်ခွဲချမှတ်ခဲ့သည်ဟု သိရသည်။

    အသက် ၂၂ အရွယ်ရှိ Achmad Taufiq အမည်ရသည့် ထိုတရားခံမှာ မေလအတွင်းက မြန်မာသံရုံအား ဗုံးခွဲရန်ကြံစည်သူများတွင် ပါဝင်ခဲ့ပြီး၊ ဗုံးခွဲရန်အတွက် လက်လုပ်ဗုံးများအား ဆိုင်ကယ်ဖြင့် သယ်ဆောင်လာစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ထိုစဉ်ကတည်းက တရားရင်ဆိုင်နေခဲ့ရသူဖြစ်သည်။

    ၎င်းမှာ အင်ဒိုနီးရှားရှိ Negara Islam Indonesia အစွန်းရောက်အဖွဲ့ဝင်တစ်ဦးဟု သိရပြီး၊ ရိုဟင်ဂျာများအား တိုက်ခိုက်မှုများကို ရပ်တန့်အောင် ဆောင်ရွက်ရန်အတွက် မြန်မာအစိုးရအား ဖိအားပေးလိုသော ရည်ရွယ်ချက်ဖြင့် ထိုကဲ့သို့ဖောက်ကွဲရန် ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
    ………………………………

    အစ္စရေး၏ ပြုမူဆက်ဆံပုံများနှင့် ပက်သက်၍ အာဖရိက ဒုက္ခသည်များ ဆန္ဒပြ

    ဒုက္ခသည်များဖြစ်သည့် ၎င်းတို့၏အခြေအနေအား အသိအမှတ်ပြုပေးရေး အတွက် တောင်းဆိုသော ဆန္ဒပြမှုတစ်ခုအား အစ္စရေးရှိ အာဖရိက ဒုက္ခသည်များက ယမန်နေ့တွင် တယ်လ်အဗီးမြို့၌ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ ထိုဆန္ဒပြပွဲတွင် အာဖရိကမှ ဒုက္ခသည် ၃၀၀၀ ကျော်ပါဝင်ခဲ့ကြပြီး “ကျွန်ုပ်တို့အားလုံးမှာ ဒုက္ခသည်များဖြစ်ကြသည်” “လွတ်လပ်စွာနေခွင့်ပေး၊ ထောင်ထဲသို့မထည့်နှင့်” စသည့် ကြွေးကျော်သံများကို ကြွေးကြော်ခဲ့ကြ သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ညှင်းပန်းနှိပ်စက်မှု၊ အာဏာရှင်စနစ်၊ ပြည်တွင်းစစ်နှင့် လူမျိုးတုန်းသက်ဖြတ်မှု စသည့်ဒဏ်များကို ခံစားရပြီးကြောင့် အစ္စရေးတွင် လာရောက်ခိုလှုံရသူများဖြစ်ပြီး အစ္စရေးအစိုးရအနေဖြင့် မိမိတို့၏ တောင်းဆိုချက် များအား လေ့လာကာ လူသားတစ်ဦးအနေဖြင့် ဆက်ဆံ သင့်ကြောင်း ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။

    အစ္စရေး၏ လက်ရှိ ဥပဒေအရ နိုင်ငံအတွင်းသို့ဝင်ရောက်လာသည့် ဒုက္ခသည် များအား စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ထောင်ဒဏ်တစ်နှစ် ချမှတ်နိုင်ပြီး၊ ဒုက္ခသည်များကို ဖမ်ဆီးထားရန်အတွက် Negev သဲကန္တာရအတွင်း ထိန်းသိမ်းရေး စင်တာတစ်ခုကိုလည်း တည်ဆောက်ထားသည်။
    ………………………………

    နယူးဇီလန်ရှိ ကျွန်းတစ်ခုတွင် ဝေလငါး ၃၉-ကောင် သောင်တင် သေဆုံး

    နယူးဇီလန်နိုင်ငံရှိ ကျွန်းတစ်ကျွန်းတွင် ဝေလငါး (pilot whale) ၃၉-ကောင်မှာ ယမန်နေ့က သောင်တင်ခဲ့ပြီးနောက် ယနေ့နံနက်တွင် သေဆုံးသွား ခဲ့သည်ဟု သိရသည်။ ထိုဝေလငါးများမှာ နိုင်ငံတောင်ဘက် Golden Bay ပင်လယ်အော်နားရှိ ကျွန်းတစ်ကျွန်းပေါ်တွင် သောင်တင်ခဲ့ခြင်းဖြစ်ပြီး၊ မိမိတို့ တပ်ဖွဲ့များမှာ ဝေလငါးများသောင်တင်မှုများအား စောင့်ကြည့်နေခဲ့သော်လည်း ရပ်တန့်သွားရန်အတွက် လုပ်ဆောင်နိုင်မှုမရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

    သောင်တင်လာသည့် ၃၉-ကောင်အနက် ၁၂-ကောင်မှာ သဘာဝအတိုင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး ကျန်ဝေလငါးများအား ပင်လယ်ပြင်သို့ ပြန်လည် ရောက်ရှိအောင် ပြုလုပ်နိုင်ခြင်းမရှိသောကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတပ်ဖွဲ့များမှ ဆေးထိုးသတ်ခဲ့သည်။ နယူးဇီလန် နိုင်ငံ တွင် အဆိုပါ pilot whale ဝေလငါးများ အုပ်စုလိုက်သောင်တင်ခြင်းမှာ မကြာခဏ ဖြစ်လေ့ရှိသော်လည်း မည်သည့် အတွက် ကြောင့် ရေနေနို့တိုက်သတ္တ၀ါများမှာ အဖွဲ့ လိုက် ကမ်းခြေသို့ လာရောက်ကြသည်ကို သိပ္ပံပညာရှင်များက အဖြေထုတ်နိုင်ခြင်း မရှိသေးပေ။
    ………………………………
    ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် သဘောတူညီခဲ့သော်လည်း တောင်ဆူဒန်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေ

    – အစိုးရနှင့် သူပုန်များက အီသီယိုးပီးယားနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း တောင်ဆူဒန်နိုင်ငံအတွင်း ယမန်နေ့က အထိ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။ နိုင်ငံမြောက်ပိုင်းရှိ ရေနံအရင်းအမြစ်များကြွယ်ဝသည့် Unity နှင့် Nile ပြည်နယ်များတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး၊ သူပုန်များ ထိန်းချုပ်ထားသည့် Bentiu နှင့် Malakal မြို့များအား ပြန်လည်သိမ်းပိုက်နိုင်ရန် အစိုးရတပ်များက ထိုးစစ်များ ပြုလုပ်နေသည်ဟု စစ်တပ်အကြီးအကဲ ဖိလစ် အာဂဲက ပြောကြားခဲ့သည်။

    တောင်ဆူဒန်နိုင်ငံအတွင်း သမ္မတအား ထောက်ခံအားပေးသည့် အဖွဲ့နှင့် ဇူလိုင်လအတွင်းက အထုတ်ခံခဲ့ရသည့် ဒုတိယသမ္မတအား ထောက်ခံ အားပေးသည့် အဖွဲ့တို့ နိုင်ငံရေးအရ မကျေမလည် ဖြစ်ခဲ့ရာမှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အပြန်အလှန်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရသည်။

  • ဇန်န၀ါရီ ၆၊ အားကစားသတင်း စုစည်းမှု

    ဇန်န၀ါရီ ၆၊ အားကစားသတင်း စုစည်းမှု

    ဇန်န၀ါရီ ၆၊ ၂၀၁၄
    M-Media

    အာဆင်နယ်တိုက်စစ်မှူး ဝေါလ်ကော့ ၄ ပတ်ခန့်နားရမည်

    –  စပါးအသင်းနှင့် ကစားခဲ့သည့် FA ဖလားပွဲစဉ်တွင် ရရှိခဲ့သောဒဏ်ရာကြောင့် အာဆင်နယ်အသင်း၏ တိုက်စစ်မှူး ဝေါလ်ကော့မှာ အနည်းဆုံး လေးပတ်ခန့် အနားယူရမည်ဟု သိရသည်။ ဝေါလ်ကော့မှာ ထိုပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သည့် နစ်ကလပ်စ် ဘန်တနာမှာလည်း လေးပတ်ခန့်အနားယူရမည်ဖြစ်သောကြောင့် အာဆင်ဝါးဂါးအနေအဖြင့် ယခုအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှူးသစ် တစ်ဦးခေါ်ယူရန် စီစဉ်လျက်ရှိသည်။
    ……………………………

    မန်ယူအကယ်ဒမီထက် လူငယ်ကစားသမားနှစ်ဦးအား ဆိုလ်ရှားခေါ်ယူ

    – ကာဒစ်ဖ်အသင်း၏ နည်းပြဖြစ်လာသူ မန်ယူတိုက်စစ်မှူးဟောင်း ဆိုးလ်ရှားမှာ မန်ယူဘောလုံးအကယ်ဒီမီထွက် လူငယ် ကစားသမားများဖြစ်ကြသည့် အသက် ၂၃-နှစ်အရွယ် ၀ုလ်ဖ် အစ်ကရမ်နှင့် အသက် ၁၈-နှစ်ရွယ်ရှိ မတ်စ် မိုလာ ဒဲဟ်လီတို့အား ခေါ်ယူလိုက်သည်ဟု သိရသည်။ ထို့ပြင် မန်ယူ အလယ်တန်းကစားသမား ၀ီလ်ဖရိုင်းဒ် ဇာဟာကိုလည်း အငှားဖြင့် ခေါ်ယူရန် စီစဉ်နေသည်။
    ………………………………………

    လီဝန်ဒေါ့စကီးအား ခေါ်ယူနိုင်ခဲ့ခြင်းမှာ အသင်းအတွက် ပိုမိုအားကောင်းစေသည်ဟု ရော်ဘင်ဆို

    – ဒေါ့မွန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးအား ခေါ်ယူနိုင်ခဲ့ခြင်းကြောင့် အသင်းမှာ ပိုမိုကောင်းမွန်လာမည်ဟု ဘိုင်ယန်အလယ်တန်းကစာသမား ရော်ဘင်က ပြောဆိုလိုက်ပြီး လီဝန်ဒေါ့စကီးမှာလည်း ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးများထဲမှ တစ်ဦးဖြစ်သည်ဟု ချီးကျူးပြောဆိုခဲ့သည်။ ယခုနှစ် ရာသီကုန်တွင် ဒေါ့မွန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် လီဝန်ဒေါ့ကစကီးက ၎င်းမှာ ဘိုင်ယန်အသင်းနှင့် ငါးနှစ် စာချုပ် ချုပ်ဆိုခဲ့သည် ဟု စနေနေ့က ဖွင့်ဟခဲ့သည်။
    ……………………………………

    ချယ်ဆီးနှင့် လီဗာပူးလ်တို့ နောက်တစ်ဆင့် တက်ရောက်ခဲ့ပြီး မန်ယူအသင်း ရှုံးနိမ့်ခဲ့ရသည့် FA ဖလား တတိယအဆင့် ပွဲစဉ်များ

    – FA ဖလားပြိုင်ပွဲ၏ တတိယအဆင့် လက်ကျန်ပွဲစဉ်များကို ယမန်နေ့က ကစားခဲ့ရာ မန်ချက်စတာယူနိုက်တက်အသင်းမှာ အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် ဆွမ်ဆီးအသင်းအား ၂-ဂိုး ၁-ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ဒုတိယပိုင်း ပွဲပြီးကာနီးအထိ ၁-ဂိုးစီ သရေကျနေခဲ့သော်လည်း နောက်ဆုံး မိနစ်တွင်မှ ဆွမ်ဆီး ကစားသမား ၀ီလ်ဖရိုင်း ဘိုနီက အနိုင်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အခြားပရီးမီးယားလိဂ် အသင်းကြီးများဖြစ်သည့် ချယ်ဆီးနှင့် လီဗာပူးလ်တို့မှာ ဒါဘီကောင်တီနှင့် အိုလ်ဒမ် အက်သလက်တစ်အသင်းတို့အား အသီးသီးအနိုင်ရရှိခဲ့ကြပြီး နောက်တစ်ဆင့်သို့ တက်ရောက် နိုင်ခဲ့သည်။ သို့သော်လည်း ၀က်စ်ဟမ်းအသင်းမှာ အင်္ဂလန် ဒုတိယတန်းမှ နော်တင်ဟမ်ဖောရက်စ်အား ၅-ဂိုး ဂိုးမရှိဖြင့် ရှက်ဖွယ်ရှုံးနိမ့်ခဲ့ကာ ဆန်းဒါးလန်အသင်းမှာ တတိယတန်းတွင် ကာလီဆဲလ်ယူနိုက်တက်အား အနိုင်ရရှိခဲ့သည်။ FA ဖလား ရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

    နော်တင်ဟမ်ဖောရက်စ် ၅-၀ ၀က်စ်ဟမ်း
    မန်ယူ ၁-၂ ဆွမ်ဆီး
    ဒါဘီ ၀-၂ ချယ်ဆီး
    ဆန်းဒါးလန်း ၃-၀ ကာလီဆဲလ်ယူနိုက်တက်
    လီဗာပူးလ် ၂-၀ အိုလ်ဟမ်ယူနိုက်တက်
    ပေါ့ဗာလီ ၂-၂ ပလိုင်းမောက် အာဂိုင်လီ
    ……………………………

    Brisbane International တင်းနစ်ပြိုင်ပွဲတွင် လေတန်ဟေးဝစ် ဗိုလ်စွဲ

    – သြစတေးလျနိုင်ငံ Queensland တွင်ကျင်းပပြုလုပ်ခဲ့သည့် Brisbane International တင်းနစ်ပြိုင်ပွဲတွင် အိမ်ရှင်တင်းနစ်သမား လေဟန်ဟေးဝစ်က ဗိုလ်စွဲသွားခဲ့သည်ဟုသိရသည်။

    ဗိုလ်လုပွဲအား ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ဟေးဝစ်က နိုင်ခြေအဆင့် ၁ ရ ဂရင်းစလင်း ဆုဖလား ၁၇ ကြိမ်ရရှိထားသည့် ဆွစ်ဇလန် တင်းနစ်သမား ရော်ဂျာဖက်ဒါရာအား ၆-၁၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ယခုပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းမှာ ဟေးဝစ်၏ ၂၉ ခုမြောက် ATP ဆုလားဖြစ်ခဲ့ပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ATP တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    ……………………………

    ATP Chennai Open တင်းနစ်ပြိုင်ပွဲတွင် ၀ါဝရင်ကာ ဗိုလ်စွဲ

    – ကမ္ဘာ့အဆင့် ၈ ရှိ ဆွစ်ဇလန် တင်းနစ်သမား စတာနစ္စလက်စ် ၀ါဝရင်ကာမှာ အိန္ဒိယနိုင်ငံ တမီလ်နန်ဒူတွင် ကျင်းပပြုလုပ်ခဲ့သည့် ATP Chennai Open တင်းနစ် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ကစားသည့် ဗိုလ်လုပွဲတွင် နိုင်ခြေအဆင့် ၁ သတ်မှတ်ခံရသည့် ၀ါဝရင်ကာမှာ ပြင်သစ်တင်းနစ်သမား အဒူယာဒ့် ရော်ဂျာ ဗက်ဆဲလ်လင်းအား ၇-၅၊ ၆-၂ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုဆုဖလားမှာ ၀ါဝရင်ကာ၏ ကစားသမား သက်တမ်းတစ်လျှောက် ငါးကြိမ်မြောက် ဆုဖလားလည်းဖြစ်ပြီး၊ ထိုပြိုင်ပွဲတွင် နှစ်ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

  • ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ (၉၉)နှစ်မြောက် မွေးနေ့ အခမ်းအနား

    ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ (၉၉)နှစ်မြောက် မွေးနေ့ အခမ်းအနား

    ဇန်နဝါရီ ၆၊ ၂၀၁၄
    M-Media
    A.N.Lay

    untitled(6)

    ရန်ကုန်   ။          ။       ကမ္ဘာသိမြန်မာ့သမိုင်းပညာရှင် ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ (၉၉) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝန်နှင်းဆီခန်းမ၌ ဇန်န၀ါရီလ ၄-ရက်နေ့ နေ့လည် ၃-နာရီ အချိန်တွင် ပြုလုပ်ခဲ့သည်။

    ဗိုလ်မှူးဘရှင်၏အကြောင်းကို NLD ၏ နာယက ဦးတင်ဦးကမှ ပြောရာတွင် “ကျွန်တော်တို့ဆရာကြီး ဦးဘရှင် စာပေတွေဟောပြောတဲ့နေရာမှာလည်း အတုယူစရာတွေ အများကြီးလည်း ရအောင် နားလည်လွယ်အောင် ရယ်စရာတွေနဲ့ပြောလေ့ရှိပါတယ်။ ဗုဒ္ဓဘာသာ အကြောင်းကိုလည်း တော်တော်သိ တော်တော်တက်သည့်အတွက် ကျွန်တော့်စိတ်ထဲမှာတောင် သူ့ကို အစ္စလာမ်ဘာသာဝင်လို့တောင် မထင်မိဘဲ ဗုဒ္ဓဘာသာဝင် တစ်ဦးလို့တောင် ထင်မိပါတယ်။ နောက်အစ္စလာမ်ဘာသာ မေတ္တာကို အဓိကထားတာပါ။ ကျွန်တော်တို့ အတူတကွ နေထိုင်လာတဲ့ တပ်ထဲမှာလည်း အစ္စလာမ်ဘာသာဝင်တွေအများကြီးရှိသလို လွတ်လပ်ရေးဖခင် တစ်ဦးဖြစ်သည့် ဗိုလ်ချူပ် အောင်ဆန်းတို့ကို တရားစီရင်သည့် ဦးစည်သူဟာလည်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါသည်။

    “ဆရာကြီး ဗိုလ်မှူးဘရှင် အကြာင်းကိုပြောမယ်ဆိုရင် သူရဲ့စေတနာတွေကို ပြန်ပြီးအမှတ်ရမိပါတယ်။ ဆရာဟာ ပါဋိလိုတွေလည်းရတော့ ကျွန်တော်တို့ တော်တော့်ကိုအံသြမိပါတယ်။ ရေးသည့်အခါမှာလည်း ဆရာကြီးဟာ စနစ်တကျရေးလေ့ရှိပါတယ်။ ဒါကြောင့် ပညာရှင်ဟာ ကိုယ့်တက်ရုံနဲ့မပြီးဘူး။ ပညာတွေကိုဖြန့်ဝေပေးရတယ်။ ဖြန့်ဝေတဲ့နေရာမှာလည်း ဒီအတိုင်းဖြန့်ဝေလို့မရဘူး။ စေတနာပါ ပါဝင်အောင် ဖြန့်ဝေပေးမှရတယ်လို့ ဆရာကြီးက ကျွန်တော်တို့ကို အမြဲပြောပြီးဆုံးမလေ့ ရှိပါတယ်။ နှမြောစရာက ဆရာကြီးက ငယ်ငယ်ရွယ်ရွယ် နဲ့ဆုံးသွားတာပါပဲ။ ဆရာကြီးသာ နောက်ထပ်နှစ်အနည်းငယ်လောက် အသက်ရှင်နေအုံးမယ်ဆိုရင် ကျွန်တော်တို့ သမိုင်းပညာရှင်တွေ အတွက် စာပေသမားတွေအတွက် ဧကန်မလွဲ အများကြီး အကျိုးဖြစ်ထွန်းစေမှာပါ။ ဆရာကြီး အရမ်းတော်သည့် လူတစ်ယောက်ပါဟု” သမိုင်းပညာရှင် ဒေါက်တာ တိုးလှမှ ပြောကြားခဲ့ပါသည်။

    အဆိုပါ အခမ်းအနားတွင် ဦးတင်ဦးလေး မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ကြွရောက်လာသည့် ဧည့်သည်တော်များကို မုန့်များဖြင့် တည်ခင်း ကျွေးမွေးခဲ့ပြီး အခမ်းအနားကို ညနေ ၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

    ဗိုလ်မှူးဘရှင်သည် အစ္စလာမ်သာသနာရေးရာကောင်စီတွင် အာန်ဆွာရီ သင်တန်းများကို တိုင်းချစ်ပြည်ချစ်စိတ် ရှိအောင် သာသနာ ဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်တိုင်းကျိုးပြည်ကျိုးသာသနာ အကျိုးကျေပွန်စွာ ထမ်းဆောင်နိုင်စေအောင် အစ္စလာမ်သာသနာရေးကောင်စီ ဖွံဖြိုးတိုးတက် ကြံခိုင်စေရန် ရည်ရွယ်လျက် မြန်မာပြည်ဒေသအနှံတွင် သင်တန်းများကို အမှတ်စဉ် (၁) မှ အမှတ်စဉ် (၂၈) အထိ ကိုယ်တိုင်ကိုယ်ကျ
    ဦးဆောင်ပါဝင်ပို့ချခဲ့သည်။ ခုတိုင် အစ္စလာမ်သာသနာရေးရာကောင်စီသည် အန်စွာရီ သင်တန်းများကို စဉ်ဆက် မပြတ်ဖွင့်လှစ်ပို့ချလျက် ရှိနေပေ သည်။ ဗိုလ်မှူးဘရှင်၏ အထင်ကရ လုပ်ဆောင်ချက်တစ်ရပ်မှာ ကျမ်းမြတ်ကုရ်အာန် နှစ် ၁၄၀၀-ပြည့်ကို ဦးစီးဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

    ဗိုလ်မှူးဘရှင်သည် မြန်မာနိုင်ငံ သုတေသနအသင်းအမှုဆောင် ကော်မတီ (၁၉၆၅-၆၉) မြန်မာစာကော်မရှင် အဖွဲ့ဝင်၊ ရန်ကုန်တက္ကသိုလ် သမိုင်းဘွဲ့လွန် သင်တန်းများတွင် အထူးကထိက၊ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးကောင်စီ ဌာနချူပ် အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၇၀ ခုနှစ် ဇန်နဝါရီလ ၇-ရက် ညနေ ၅း ၅၀ အချိန်တွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ချိန်၌
    ဇနီးဒေါ်ခင်မေကြီး (သတ္တဗေဒကထိက) နှင့် သား ၁-ဦး ၊ သမီး ၄-ဦး ကျန်ရစ်ခဲ့သည်။