News @ M-Media

Blog

  • အုပ်စုဖွဲ့အဓ္ဓမကျင့်ခံရသူ အိန္ဒိယအမျိုးသမီး မီးရှို့ခံရမှုကြောင့် သေဆုံး

    အုပ်စုဖွဲ့အဓ္ဓမကျင့်ခံရသူ အိန္ဒိယအမျိုးသမီး မီးရှို့ခံရမှုကြောင့် သေဆုံး

    ဇန်န၀ါရီ ၃၊ ၂၀၁၄
    M-Media

    ပြီးခဲ့သည့် အောက်တိုဘာလက ကိုလ်ကာတားမြို့တွင် အုပ်စုဖွဲ့မုဒိမ်းကျင့်မှုကို ၂-ကြိမ်တိုင်တိုင် ခံစားခဲ့ရသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် မှာ မီးလောင်ဒဏ်ရာများကြောင့် ယမန်နေ့က သေဆုံးသွားခဲ့သည်ဟု အိန္ဒိယ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    ထိုအမျိုးသမီးငယ်မှာ ဒီဇင်ဘာ ၂၃-ရက်နေ့က မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး သီတင်းတစ်ပါတ်ကျော်အကြာတွင် ဆေးရုံ၌ သေဆုံးခဲ့ရခြင်းဖြစ်သည်။ ၎င်း မသေဆုံးမီက သူမအား မီးရှို့ခဲ့သောသူများမှာ အောက်တိုဘာလအတွင်းက သူမကို အုပ်စုဖွဲ့ အဓ္ဓမ ပြုကျင့်ခဲ့ကြသူများဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲမင်းကြီး ဆန်တို့ရှိ နင်မ်ဘာကာက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    သူမ၏ မိဘများကလည်း ၎င်းတို့သမီးဖြစ်သူ အဓ္ဓမပြုကျင့်ခံရပြီးနောက်ပိုင်းတွင် တရားခံ၏ မိသားစုများနှင့် အပေါင်းအသင်းများက ထိုအမှုအား ပိတ်ပစ်ရန်ဖိအားပေးခြိမ်းခြောက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

    “ကြေးစားလူမိုက်တွေက စော်ကားမှုတွေပြုလုပ်ခဲ့ပြီး၊ ကျွန်မတို့ကို သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။ ရဲတွေကတော့ ဒါကို မသိသလို ကြည့်နေခဲ့တာပါ။ ပြည်သူကို မကာကွယ်နိုင်တဲ့ရဲတွေကို ဘာလုပ်ဖို့သုံးမလဲ” ဟု မိခင်ဖြစ်သူက ပြောဆိုခဲ့ပြီး၊ ပြစ်မှုကျူးလွန်သူအား သေဒဏ်ပေးရန် အတွက်လည်း တောင်းဆိုခဲ့သည်။

    ယမန်နေ့ကအထိ သေဆုံးသူမှာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယူဆခဲ့သော်လည်း သေဆုံးသူ၏ အိပ်ရာအောက်မှ ၎င်း ကိုယ်တိုင် ရေးသားထားသည့် ဒိုင်ယာရီကို တွေ့ရှိခဲ့ပြီးနောက် လူသတ်မှုအဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

    အိန္ဒိယနိုင်ငံတွင် အုပ်စုပွဲမုအဓ္ဓမပြုကျင့်မှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ ရဲတပ်ဖွဲ့ဝင်များကလည်း ထိုအမှုများအား ကိုင်တွယ်ရာတွင် အလွန် ညံ့ဖျင်းသောကြောင့် မကြာခဏဆိုသလို နိုင်ငံတစ်ဝှမ်းတွင် ဆန္ဒပြမှုများဖြစ်ပွားနေပြီး၊ အဓ္ဓမပြုကျင့်မှုနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုများကို ထိရောက်စွာ အရေးယူနိုင်သည့် ဥပဒေများကို ပြဌာန်းရန်အတွက် ပြည်သူများက အစိုးရအား ဖိအားပေးခဲ့ကြသည်။

    Ref : Aljazeera

  • ဇန်န၀ါရီ ၂၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၊ ၂၀၁၄
    M-Media

    သေဒဏ်နှင့် နှစ်ရှည်ကျ အကျဉ်းသားများ လွတ်ငြိမ်းခွင့်ထုတ်ပြန်

    – သေဒဏ်ချမှတ်ခံထားရသူများအား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသတ်မရှိ)၊ နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသူ များအား  ထောင်ဒဏ် နှစ် ၄၀၊ ထောင်ဒဏ်နှစ် ၄၀နှင့်အထက် ကျခံနေရသူများအား ထောင်ဒဏ် နှစ် ၄၀၊ ထောင်ဒဏ် နှစ် ၄၀-အောက် ကျခံ နေသူများအား ၎င်းတို့ကျခံနေရသော ထောင်ဒဏ်၏ လေးပုံတစ်ပုံသို့ လျော့၍ ကျခံစေရန် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သမ္မတရုံးမှ
    ယနေ့ညနေပိုင်းက ထုတ်ပြန်လိုက်သည်။
    ________________________

    အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူများပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

    – ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အဖွဲ့အစည်းများအနေဖြင့် ကိုယ်တိုင်အစည်းအဝေးများပြုလုပ်ပြီး ကြေညာချက်များထုတ်ပြန်နေသည်မှာ ညီညွတ်သည့်အတွက် ကောင်းမွန်သော်လည်း အရေးအကြီးဆုံးမှာ ပြည်သူလူထုပါဝင်ရန်လည်း လိုအပ်ကြောင်း UNDP မှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲမှာ ယနေ့တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    အချက် ၃-ချက်အား အခြေခံ၍ ဖွဲ့စည်းပုံပြင်ရန်ဟု သမ္မတပြော

    – ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်၊ ဒီမိုကရေစီစံနှုန်းပြည့်မီရေးနှင့် နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်ချက် စသည့် ၃-ချက်အား အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း သမ္မတ၏ ယနေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
    ________________________

    မြစ်ဆုံစာချုပ်ပါ ကတိကဝတ် လက်မှတ်ထိုးသူများ တာဝန်သိဖို့လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ ကတိကဝတ်တွေရဲ့ အကျိုးဆက်တွေကို နိုင်ငံနဲ့ပြည်သူက ခံရမှာကြောင့် စာချုပ်ကိုလက်မှတ်ထိုးသူတွေ တာဝန်သိဖို့လိုတယ်လို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂ရက်နေ့မှာ ပြောဆိုလိုက်ကြောင်း ကမာရွတ်မီဒီယာမှတဆင့် သိရှိရပါသည်။
    ________________________

    ရှမ်းပြည်နယ်တွင် ပတ်စ်ပို့စ်ရုံးများဖွင့်လှစ်

    – မြန်မာနိုင်ငံကူးလက်မှတ်ရုံးများကို ရှမ်းပြည်နယ် တောင်ကြီး၊ လားရှိုးနှင့် ကျိုင်းတုံမြို့များတွင် ယနေ့ ထပ်မံ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
    ________________________

  • Skype ၏ Twitter နှင့် Facebook အကောင့်ကို ဆီးရီးယား ဟက်ကာအဖွဲ့ တိုက်ခိုက်

    ဇန်န၀ါရီ ၂၊ ၂၀၁၄
    M-Media

    Screen-Shot-2014-01-01-at-12.02.56-PM1

    – ဆီးရီးယားရှိ ဟက်ကာအဖွဲ့ တစ်ခုဖြစ်သည့် SEA က မိုက်ခရိုဆော့ဖ်မှ ပိုင်ဆိုင်ထားသည့် Skype ၏ ဘလောဂ့်နှင့် ဆိုရှယ် မီဒီယာရှိ အကောင့်များအား ယမန်နေ့က တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး၊ ပြည်သူများအား စောင့်ကြည့်ထောက်လှမ်းခြင်းများကို မပြုလုပ်ရန် သတိပေးပြောကြားခဲ့သည်။

    Skype ၏ Twitter အကောင့်နှင့် Facebook အကောင့်များအား SEA မှတိုက်ခိုက်အပိုင်စီးခဲ့ပြီးနောက် Facebook စာမျက်နှာတွင် “မိုက်ခရိုဆော့ဖ်ရဲ့ အီးမေးများ (Hotmail, outlook) များကို မသုံးပါနှင့်။ သူတို့တွေဟာ ခင်ဗျားတို့ရဲ့ အကောင့်တွေကိုစောင့်ကြည့်ပြီး အမေရိကန် အစိုးရဆီကို ရောင်းချနေတယ်။ အသေးစိတ် အချက်အလက်များ မကြာမီလာမည် #SEA” ဟု ရေးသားခဲ့သည်။

    သို့သော်လည်း တိုက်ခိုက်ပြီး ၂ နာရီခန့်အကြာတွင် တာဝန်ရှိသူများက ထိုမက်ဆေ့ခ်ျများအား ဖျက်ပစ်ခဲ့ပြီး ပုံမှန်အတိုင်း ပြန်လည်ကြည့်ရှုနိုင်ခဲ့သည်။ အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ NSA ၏ လျှို့ထောက်လှမ်းမှုများကို ဖွင့်ချခဲ့သည့် အက်ဒ၀ပ်စနိုးဒင်က Skype အသုံးပြုသူများ၏ ဗီဒီယိုခေါ်ဆိုမှုများနှင့် ဖုန်းခေါ်ဆိုမှုများအား အမေရိကန်အစိုးရမှ စောင့်ကြည့်နိုင်ရန် Skype ကုမ္ပဏီက အခွင့်ပေးထားသည်ဟု ပြောကြားထားမှုများရှိသောကြောင့် SEA က ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

  • ကမ္ဘောဒီယားတွင် အထည်ချုပ် လုပ်သားများနှင့် ရဲများအကြား ရုန်းရင်းဆန်ခတ်ဖြစ် အနည်းဆုံး ၇ ဦး ဒဏ်ရာရရှိ

    ဇန်န၀ါရီ ၂၊ ၂၀၁၄
    M-Media

    51660b1f-1c4c-4018-978c-1b840a8a9b82
    ဒီဇင်ဘာ ၂၆ ရက်က ဆန္ဒပြပွဲတခု Photo-RFA

    – ကမ္ဘောဒီယားနိုင်ငံ မြို့တော် ဖနွမ်းပင်တွင် အထည်ချုပ် အလုပ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သောကြောင့် အနည်းဆံး လူ ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ဖနွမ်းပင်မြို့ ဆင်ခြေဖုံးတွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရာချီသည့် အလုပ်သမားများက စက်ရုံရှိ ပစ္စည်းများအား ဖျက်ဆီးနေခြင်းကို ရဲတပ်ဖွဲ့က ၀င်ရောက်တားမြစ်ရာမှ အစပြုခဲ့ခြင်းဖြစ်ကာ ဒဏ်ရာရသူများအပြင် အလုပ်သမား ၁၀ ဦးကိုလည်း ဖမ်းဆီးထားကြောင်း၊ ဖမ်းဆီးခံရသူများတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးများလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    နိုင်ငံအတွင်းရှိ အထည်ချုပ်စက်ရုံနှင့် ဖိနပ်စက်ရုံများအားလုံးကို ပြီးခဲ့သည့် တစ်ပါတ် ဗုဒ္ဓဟူးနေ့ကစတင်ကာ အစိုးရက ပိတ်ပစ်ခဲ့ပြီးနောက် ထိုစက်ရုံများရှိ အလုပ်သမားများက ဆန္ဒပြမှုများ အဆက်မပြတ် ပြုလုပ်လာခဲ့ကြသည်။

  • ဇန်န၀ါရီ ၂ နိုင်ငံတကာ သတင်းများ

    ဇန်န၀ါရီ ၂၊ ၂၀၁၄
    M-Media

    reactor-building-in-iran

    အီရန်နျူအရေး ပဏာမ သဘောတူညီချက်အား အကောင်အထည်ဖော်တော့မည်

    – အီရန်နိုင်ငံ၏ နျူးကလီးယားကိစ္စနှင့်စပ်လျဉ်း၍ ပြီးခဲ့သည့်လက ဂျီနီဗာတွင် ရရှိခဲ့သည့် ပဏာမ သဘောတူညီချက်အား ဇန်န၀ါရီ ၂၀ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ရန် အီရန်နှင့် အင်အားကြိး ၆ နိုင်ငံမှ ကျွမ်းကျင်သူများက သတ်မှတ်ခဲ့သည်ဟု အီရန်ကိုယ်စာလှယ်အဖွဲ့ခေါင်းဆောင် ဘအီဒီနီဂျဒ်၏ ပြောကြားမှုအား ကိုးကား၍ အီရန်နိုင်ငံပိုင် သတင်းဌာန IRNA က ယမန်နေ့တွင် ဖော်ပြခဲ့သည်။
    Ref: CNY

    …………………………….

    ငြိမ်းချမ်းရေးဆွေးနွေးရန် သဘောတူထားသော်လည်း တောင်ဆူဒန်ရှိ ပြည်နယ် နှစ်ခုတွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ရ

    – ပဋိပက္ခများဖြစ်ပွားနေသည့် တောင်ဆူဒန်နိုင်ငံရှိ ပြည်နယ်နှစ်ခုအား ယမန်နေ့က အရေးပေါ်အခြေအနေကြေညာခဲ့သည်ဟု အစိုးရ၏ Twitter စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။ အစိုးရ စစ်တပ်နှင့် သူပုန်တို့ တိုက်ပွဲဖြစ်ပွားနေသည့် Unity နှင့် Jonglei ပြည်နယ်တို့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၃ ပတ်တာကြာမြင့်နေပြီး လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့သည့် ပဋိပက္ခများအဆုံးသတ်ရန်အတွက် အီသီယိုးပီယား၌ ငြိမ်ချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အစိုးရနှင့် အတိုက်အခံ နှစ်ဘက်စလုံးမှ သဘောတူထားသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ယခုကဲ့သို့ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်။

    Ref: Al Jazeera
    ……………………….

    ဘန်ကောက်တွင် ဆန္ဒပြမှုများ ထပ်မံပြုလုပ်သွားရန် အတိုက်အခံခေါင်းဆောင် တိုက်တွန်း

    – ယခုလက်ရှိ တိုင်းပြည်အား အုပ်ချုပ်နေသည့် အိမ်စောင့်အစိုးရအား အင်အား ချိနဲ့သွားစေရန်အတွက် လာမည့် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် မြို့တော် ဘန်ကောက်၌ ဆန္ဒပြမှုများပြုလုပ်သွားရန် အတိုက်အခံခေါင်းဆောင် ဆူသပ်သောင်ဆူဘန်က ယမန်နေ့တွင် အတိုက်အခံများအား တိုက်တွန်းပြောဆိုခဲ့သည်။

    ဆန္ဒပြပွဲများကို နံနက် ၉ နာရီတွင်စတင်ရန်နှင့် တစ်နိုင်ငံလုံးတွင်လည်း ထိုကဲ့သို့ ဆန္ဒပြမှုများပြုလုပ်ရန် သောင်ဆူဘန်က ထည့်သွင်းပြောကြားခဲ့ကြောင်း Nation သတင်းစာကဖော်ပြခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာ ဦးဆောင်သည့် ထိုင်းအစိုးရအား မကျေနပ်သောကြောင့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး၊ အစိုးရက ပါလီမန်အား ဖျက်သိမ်းပေးခဲ့ကာ ရွေးကောက်ပွဲအား လာမည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ သို့သော်လည်း အတိုက်အခံများက ကျေနပ်ခြင်းမရှိဘဲ ယနေ့တွင်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ရှိနေသည်။
    Ref: ဆင်ဟွာ
    …………………………….

    မုန်တိုင်းကြောင့် သေဆုံးသူများအား မြှုပ်နှံရန် ဖိလစ်ပိုင် အစိုးရက အလျင်အမြန်ဆောင်ရွက်နေ

    – တိုင်းဖုန်ဟိုင်ယန်ကြောင့် သေဆုံးသွားခဲ့ သူများအား မြှုပ်နှံရန်အတွက် အလျင်အမြန်ဆောင်ရွက်နေကြောင်း ဖိလစ်ပိုင်အစိုးရက ယနေ့တွင် ပြောကြားခဲ့သည်။ မုန်တိုင်းတိုင်ခတ်ခဲ့ပြီး ၂ လကျော်လာ ခဲ့သော်လည်း မုန်တိုင်းကြောင့် သေဆုံးခဲ့သူ ၁၄၀၀ ခန့်အား သေချာစွာမြှုပ်နှံရခြင်း မရှိသေးပေ။ ထိုကဲ့သို့ သေချာစွာမြှုပ်နှံရခြင်း မရှိသေးသောကြောင့် အပုပ်နံ့များ ထွက်ပေါ်နေပြီး ကျန်းမာရေးအား ထိခိုက်စေနိုင်သည်ဟု ဒေသခံများက တိုင်းကြားမှုများ ပြုလုပ်ထားသည်။

    Ref: ဆင်ဟွာ