News @ M-Media

Blog

  • ဇန်နဝါရီ ၄ နိုင်ငံတကာသတင်းများ

    ဇန်နဝါရီ ၄၊ ၂၀၁၄
    M-Media

    ရေခဲပြင်တွင်သောင်တင်နေသော သင်္ဘောအား ကယ်တင်ရန်သွားသည့် ရေခဲခွဲ သင်္ဘောပါ ထပ်မံ သောင်တင်နေ
    2fba13a4-c8c7-4c08-97cc-68f4c7ba7865-444x333
    – အန်တာတိကရှိ ပင်လယ်ပြင် တစ်နေရာ၌ ရေခဲမှုကြောင့် သောင်တင်နေ သည့် ရုရှား သင်္ဘော Akademik Shokalskiy အား ကယ်ဆယ်ရန် သွားရောက်ခဲ့သည့် တရုတ်ရေခဲခွဲ သင်္ဘောမှာ ရေခဲမှုကြောင့် ၎င်းကိုယ်တိုင် သောင်တင်နေသည်ဟု သြစတြေးလျ အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။

    Xue Long ဟုအမည်ရသည့် အဆိုပါသင်္ဘောမှာ ၎င်းတွင်ပါဝင်သည့် ရဟတ်ယာဉ်ဖြင့် သောင်တင်နေသည့် ရုရှားသင်္ဘောမှ သင်္ဘောသာများအား သြစတေးလျပိုင် သင်္ဘော တစ်စင်းပေါ်သို့ ရွှေ့ပြောင်းပေး ခဲ့ပြီးနောက် ပြန်လည် ထွက်ခွာမည့် အချိန်တွင် ရေခဲပြင်၌ သောင်တင်နေခြင်းဖြစ်သည်။

    ရေခဲများအား ခွဲထွက်ရန် ကြိုစားမှုမအောင်မြင်ခဲ့သော်လည်း အဆိုပါ ရေခဲခွဲသင်္ဘောအနေဖြင့် အန္တရာယ်ကင်းလျက်ရှိပြီး ကူညီရန်သင်္ဘောများလည်း လိုအပ်ခြင်းမရှိဟု သြစတြေးလျ ရေကြောင်းအန္တရာယ် ကင်းရှင်းရေး အာဏာပိုင်များက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CNA

    ———————————————–

    အလ်ကိုင်းဒါက ထိန်းချုပ်ထားသည့် ဒေသအား အီရတ်အစိုးရက ပြန်လည်သိမ်းပိုက်ရန် ကြိုးစား

    –  အလ်ကိုင်းဒါး အဖွဲ့က သိမ်းပိုက်ထားသည့် နိုင်ငံအနောက်ဘက် ဖာလ်လူဂျာမြို့အား ပြန်လည်ရရှိရန်အတွက် အီရတ်စစ်တပ်က ယနေ့တွင် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး၊ ထိုတိုက်ခိုက်မှုမကြေင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ဖာလ်လူဂျာမြို့အား အလ်ကိုင်းဒါးနှင့် လူမျိုးစု လက်နက်ကိုင်များပူးပေါင်းကာ ပြီးခဲ့သည့် တနင်္လာနေ့ကတည်းက သိမ်းပိုက်ထားခြင်းဖြစ်ပြီး၊ နိုင်ငံတစ်ဝှမ်းတွင်လည်း ၀န်ကြီးချုပ် အလ်မာလီကီ ဦးဆောင်သည့် အစိုးရအား တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ်နေသည်။ ယနေ့တိုက်ခိုက်မှုအတွင်း သေဆုံးသူများအပြင် ဒဏ်ရာရရှိသူ ၃၀ ခန့် ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ထမ်းများက ပြောကြားခဲ့သည်။

    Ref:reuters
    ………………………
    အဆောက်အဦးဆောက်လုပ်ရန် မြေတူးရာမှာ ဂျာမနီတွင် စစ်လက်ကျန်ဗုံးပေါက်ကွဲ

    – ဂျာမနီနိုင်ငံ  North Rhine-Westphalia ပြည်နယ်ရှိ Euskirchen မြို့တွင် အဆောက်အဦးဆောက်လုပ်ရန် ဘူဒိုဇာနှင့် မြေတူးနေစဉ်တွင်း ဒုတိယကမ္ဘာစစ်က ကြွင်းကျန်ရစ်သည့် ဗုံးကိုထိမိခဲ့သောကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဘူဒိုဇာမောင်းသူ သေဆုံးခဲ့ကာ၊ အခြားသောသူများမှာ ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ဒဏ်ရာရရှိသူများတွင် နှစ်ဦးမှာ စိုးရိမ်ရပြီး အခြားခြောက်ဦးမှာ အနည်းငယ်ထိခိုက်ခဲ့သည်။ ထိုပြည်နယ်မှာ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ၏ လေကြောင်းမှ ဗုံးကြဲမှုဒဏ်ကို အလွန်အမင်းခံစားခဲ့ရသည့် ပြည်နယ်လည်းဖြစ်သည်။ ဂျာမနီနိုင်ငံတွင် နှစ်စဉ် စစ်ကျန်ဗုံးများ ရာချီတွေ့ရှိရလေ့ရှိပြီး ၂၀၁၂ ခုနှစ်က ဗုံး ၇၀၆ လုံးကို ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့ရသည်ဟု North Rhine-Westphalia ပြည်နယ်၏ ပြည်ထဲရေး ၀န်ကြီးဌာနမှ ပြောကြားခဲ့သည်။
    Ref:telegraph
    …………………………..
    ဓာတုလက်နက်များသယ်ဆောင်ရန် ဒိန်းမတ်နှင့် နော်ဝေမှ စစ်သင်္ဘောများ ထွက်ခွာ

    – ဆီးရီးယားရှိ ဓာတုလက်နက်များ သယ်ဆောင်ရန်အတွက် ဒိန်းမတ်နှင့် နော်ဝေနိုင်ငံတို့မှ စစ်သင်္ဘောများမှာ ယမန်နေ့က စတင်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။ ထိုသင်္ဘောအုပ်အား ဒိန်းမတ်စစ်သင်္ဘော Esbern Snare က ဦးဆောင်မည်ဖြစ်ပြီး နှစ်နိုင်ငံစလုံးမှ ကုန်တင်သင်္ဘောများလည်း ပါဝင်ကြသည်။ ဆီးရီယားရှိ ဓာတုလက်နက်များအား ဖျက်ဆီးရန် နောက်ဆုံးရက်မှာ ဒီဇင်ဘာ ၃၁ က ပြည့်ခဲ့သော်လည်း ရာသီဥတုအခြေအနေနှင့် နိုင်ငံအတွင်းဖြစ်ပွားနေသော စစ်ပွဲများကြောင့် ဓာတုလက်နက်များ သယ်ဆောင်ရန် ကြန့်ကြာမှု စသည်တို့ကြောင့် နှောင့်နှေးနေပြီး ကုလသမဂ္ဂမှ ဦးဆောင်ကာ ဖျက်ဆီးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည်။
    Ref: ဆင်ဟွာ
    ……………………………..
    အာတိတ်ဒေသတစ်ဝှမ်း ကင်းလှည့်ခြင်းကို ယခုနှစ်တွင် ရုရှား ပိုမိုဆောင်ရွက်မည်

    – ၂၀၁၄ ခုနှစ်မှ စတင်ကာ အာတိတ်ဒေသတစ်ဝှမ်း လေကြောင်း ကင်းလှည့်ခြင်းများကို ရုရှားနိုင်ငံမှ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း ထိုဒေသအား နိုင်ငံမှ ချုပ်ကိုင်ထားမှုကို ပိုမိုတောင့်တင်းအောင်ပြုလုပ်ရန် တိုက်တွန်းခဲ့သည်ဟု ရုရှားပြည်တွင်း မီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။ ၂၀၁၃ ခုနှစ်က ထိုဒေသအား လေကြောင်းနှင့် ရေကြောင်းတို့မှ ကင်းလှည်ခြင်းများကို အကြိမ် ၃၀ ကျော်ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ရုရှားကြည်းတပ်ကပါ ပါဝင်ဆောင်ရွက်သွားမည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
    Ref: ဆင်ဟွာ
    ………………………….
    အင်ဒိုနီးရှားတွင် မီးတောင်လှုပ်ရှားမှုဖြစ်ပွား ဒေသခံများအား ပြောင်းရွှေ့ပေးခဲ့ရ

    – အင်ဒိုနီးရှားနိုင်ငံရှိ အန္တရာယ်ရှိသော မီးရှင်တောင်များထဲမှတစ်ခုဖြစ်သည့် Sinabung မီးတောင်မှာ ယနေ့တွင် လှုပ်ခတ်ခဲ့သည်ဟု သိရသည်။ မီးတောင်မှ ပြာပူများ၊ ချော်ရည်များမှုတ်ထုတ်ခဲ့ပြီး အနီးအနားရှိရွာများကို ဖုံးလွှမ်းခဲ့သောကြောင့် လူပေါင်း ၁၀၀၀ ကျော်အား အာဏာပိုင်များက ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်ဆီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ပြောကြားခဲ့သည်။
    Ref: ဆင်ဟွာ
    …………………………
    အိန္ဒိယရွေးကောက်ပွဲတွင် AAP ပါတီ ပါဝင်ယှဉ်ပြိုင်မည်

    – ယခုနှစ်အတွင်း အိန္ဒိယ၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွင်း ချစားမှုတိုက်ဖျက်ရေးကို အခြေခံသည့် Aam Admi (AAP) ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုပါတီမှာ ဒေလီမြို့အား ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လူကြိုက်များလာခဲ့ပြီး၊ ရွေးကောက်ပွဲ ၀င်ရန် ပါတီမှ ၂ ရက်တာကျင်းပခဲ့သည့် အမှုဆောင် ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပါတီဥက္ကဌ Prashant Bhushan က ပြောကြားခဲ့သည်။
    Ref: ဆင်ဟွာ
    ……………………………….
    ပေါ်တူဂီနိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့အား ရော်နယ်ဒို ဆွတ်ခူး

    – ပေါ်တီသမ္မတ အနီဘဲလ် ကာဗာကို ဆေးလ်ဗားမှ ပေးအပ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့အား ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုက ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။ Grand Officer of the Order of Prince Henry the Nevigator ဟုအမည်ရသည့် ထိုဆုမှာ ပေါ်တူဂီနိုင်ငံ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ဖြစ်ပြီး၊ လာမည့် အင်္ဂါနေ့တွင် သမ္မတ အိမ်တော်၌ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ ပေါ်တူဂီနိုင်ငံအား နိုင်ငံတကာနယ်ပယ်တွင် လူသိများလာအောင် ကူညီနိုင်မှုနှင့်၊ လုံ့လ ၀ီရိယရှိမှုတွင် အနာဂတ်မျိုးဆက်များတွက် အကောင်းဆုံးဥပမာပေးနိုင်မှုတို့ကြောင့် ယခုကဲ့သို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သမ္မတ အိမ်တော်မှ သောကြာနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
    Ref: ဆင်ဟွာ

  • ကင်ဂျုံအင်မှ ဦးလေးဖြစ်သူအား အမဲလိုက်ခွေးများ ကိုက်သတ်စေခဲ့

    ဇန်နဝါရီ ၄၊ ၂၀၁၄
    M-Media

    ကင်ဂျုံအင်မှ ဦးလေးဖြစ်သူအား အမဲလိုက်ခွေး အကောင် (၁၂၀) ကိုက်သတ်စေပြီး ကွပ်မျက်ကြောင်း သတင်းများ ထွက်ပေါ်

    996096_10151803793911636_919341700_n

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ ဦးလေးဖြစ်သူအား သုတ်သင်ရာတွင် အ၀တ်အစားများကို ချွတ်၍ အမဲလိုက်ခွေးများအား ကျွေးသည့် နည်းလမ်းကို အသုံးပြုခဲ့သည်ဟု ဟောင်ကောင် အခြေစိုက် သတင်းစာ တစ်စောင်က ဖော်ပြခဲ့သည်။

    မြောက်ကိုရီးယား၏ ဒုတိယအာဏာ အရှိဆုံးခေါင်းဆောင် ဂျန်ဆွန်ထက်အား နိုင်ငံတော် သစ္စာဖောက်မှု အပါအ၀င် အခြားသော အမှုများဖြင့် တရားစွဲဆိုကာ ပြီးခဲ့သည့်လက ကွပ်မျက်ခဲ့သည်ဟု မြောက်ကိုရီးယား အာဏာပိုင်များက ကြေငြာ ခဲ့သော်လည်း မည်သို့မည်ပုံ ကွပ်မျက်ခဲ့သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

    သို့သော်လည်း ဂျန်ဆွန်ထက် အပါအ၀င်း ၎င်းအား ကူညီသူ ၅ လက်ထောက်ငါးဦး စုစုပေါင်း ၆ ဦးအား အ၀တ်အစားများ ချွတ်၍ ဆာာလောင်နေသော အမဲလိုက်ခွေးများထားရှိသည့် လှောင်အိမ်ထဲသို့ ပစ်ထည့်ခဲ့ခြင်းဖြစ်ပြီး ကင်ဂျုံအန်နှင့် ၎င်း၏ အစ်ကို ကင်ဂျုံချိုတို့က အမဲလိုက်ခွေးများ ကုန်အောင် စားသောက်ခဲ့သည့် အထိ စောင့်ကြည့်ခဲ့ကြသည်ဟု Wen Wei Po သတင်းစာက ရေးသားထားသည်။

    ကင်ဂျုံအန်ကမူ ဦးလေးဖြစ်သူမှာ တိုင်းပြည်၏ အမှိုက်သရိုက်ဖြစ်ပြီး ၎င်းအား သုတ်သင် ခဲ့ခြင်းကြောင့် ပြည်သူများအကြား စည်းလုံး ညီညွတ်မှု ပိုလာစေသည်ဟု နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ဂျန်ဆွန်ထက်မှာ မြောက်ကိုရီးယား၏ အဓိက မဟာမိတ် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတွင် အဓိက ကျသူ တစ်ဦးဖြစ်ပြီး ၎င်းအား ကွပ်မျက်လိုက်ခြင်းကြောင့် မြောက်ကိုရီယား နိုင်ငံရေး အခြေအနေပေါ် တရုတ်ဘက်ကလည်း စောင့်ကြည့်လျက်ရှိသည်။

    Ref: Al Arabiya News

  • ဇန်နဝါရီ ၄ အားကစား သတင်းများ

    ဇန်နဝါရီ ၄၊ ၂၀၁၄
    M-Media

    မာတာအား စိမ်းကားစွာ ဆက်ဆံရသည့် အကြောင်းရင်း မော်ရင်ဟိုပြော

    – အသင်းရှိ ကွင်းလယ်လူ ဂျူအန်မာတာအား မိမိ၏ ဆက်ဆံပုံအတွက် မိမိကိုယ်တိုင်လည်း နာကျင်ရပြီး အသင်းကသာ မိမိအတွက် ပထမဦးစားပေး ဖြစ်သည်ဟု ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    မာတာ အနေဖြင့် အသင်းမှ ထွက်ခွာ ချင်ပါက တံခါးဖွင့်ထားသည်ဟု မော်ရင်ဟိုက ပြောဆိုပြီး ၂ ရက်အကြာတွင် ယခုကဲ့သို့ ထပ်မံပြောဆိုခဲ့ခြင်းဖြစ်သည်။ မာတာမှာ ပြီးခဲ့သည့် ရာသီနှစ်ခုတွင် ချယ်ဆီးအသင်း၏ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်ပြီး ယခုနှစ်တွင် အော်စကာ၏နောက် ဒုတိယနေရာတွင်ရှိနေပြီး ပုံမှန်ကစားခွင့်ပျောက်ဆုံးနေသူဖြစ်ကာ နာပိုလီအသင်း၏ လီဗာပူးလ်နည်းပြဟောင်း ဘင်နီတက်ဇ်က ၎င်းအား ခေါ်ယူရန် စိတ်ဝင်စားနေသည်။
    Tottenham-Hotspur-v-Chelsea-Premier-League-2314832
    ……………………………
    ဂွာဒီယိုလာမှာ အခြားသောနည်းပြများထက် ပိုမိုကောင်းမွန်သည်ဟု မာရှေရာနိုဆို

    – အသင်း၏ လက်ရှိနည်းပြ ဂွာဒီယိုလာမှာ မိမိလက်တွဲဖူးသည့် နည်းပြများထက် ပိုမိုကောင်းမွန်သည်ဟု ဘိုင်ယန်မြူးနစ်အသင်း၏ နောက်ခံလူ မာရှေရာနိုက ချီးကျူး ပြောကြားခဲ့သည်။

    ဘာစီလိုနာ ကစာသမားဟောင်း မာရှေရာနိုမှာ ယခင်က ကွင်းလယ် ကစားသမားဖြစ်သော်လည်း ဂွာဒီယိုလာ၏ လက်အောက်တွင် နောက်တန်း ခံစစ် ကစားသမားအဖြစ် ပြောင်းလဲ ကစားခဲ့ရသည်။ သို့သော်လည်း ယခင်က မိမိကစားနိုင်မည်ဟု မထင်သည့်နေရာ တစ်ခုတွင် ကောင်းမွန်စွာ ကစားနိုင်အောင် ဂွာဒီယိုလာက ထိန်းကျောင်းပေး ခဲ့ကြောင်း၊ ဂွာဒီယိုလာမှာ ဘောလုံးလောကတွင် သူ၏ ကိုယ်ပိုင် စတိုင်များကို သွတ်သွင်းပေးခဲ့ကြောင်း မာရှေရာနိုက ထည့်သွင်းပြောကြားခဲ့သည်။

    ……………………………..
    ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ပါကာ ရူနီမှာ အသင်းမှ ထွက်ခွာသွားနိုင်သည်ဟု မိုယက်စ်ဝန်ခံ

    –  အသင်းအနေဖြင့် ထိပ်ဆုံးလေးသင်းသို့ ၀င်ရောက်နိုင်ခြင်းမရှိပါက တိုက်စစ်မှူး ရူနီမှာ အသင်းမှ ထွက်ခွာဖွယ်ရှိနေသည်ဟု မန်ယူအသင်း၏ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က ၀န်ခံခဲ့သည်။ ရူနီ၏ လက်ရှိစာချုပ်မှာ လာမည့်ရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး မန်ယူအသင်းမှ မကြာသေးခင်က သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းဆန်ထားသည်။ မန်ယူအသင်းမှာ ယခုလက်ရှိတွင် ပရီးမီးယားလိဂ် အဆင့် ၇ နေရာတွင်ရှိနေပြီး ဦးဆောင်သူ အာဆင်နယ်နှင့် ၁၁ မှတ်အကွာတွင်ရှိနေသည်။

    …………………………………..
    ဖီဖာ၏ ကမ္ဘာ့အကောင်းဆုံးဆု မရခဲ့လျှင်လည်း မက်ဆီသာအကောင်းဆုံးဖြစ်သည်ဟု ကစားဖော် အဲလ်ဗက်စ်ဆို

    – ဖီဖာမှချီးမြှင့်သည့် အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အား ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မက်ဆီမှာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဖြစ်သည်ဟု ဘာစီလိုနာ အသင်း၏ ဘရာဇီးနောက်ခံလူ ဒါနီ အဲလ်ဗက်စ်က ပြောကြားခဲ့သည်။ Ballon d’Or ဆု ဇကာတင် ၃ ဦး စာရင်းတွင် မက်ဆီမှာ ပါဝင်နေသော်လည်း ၂၀၁၃ ခုနှစ် တစ်လျှောက်လုံး မက်ဆီမှာ ဒဏ်ရာကြောင့် မကစားနိုင်ခဲ့သောကြောင့် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုနှင့် ဘိုင်ယန် အလယ်တန်း ကစားသမား ရီဘာရီတို့က ဆုရရှိရန် ပိုမိုရေပန်းစားနေသည်။

    ……………………………………….
    ကမ္ဘာ့နံပါတ် ၁ စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်လ်  Qatar Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်

    – ကာတာနိုင်ငံတွင် ကျင်းပနေသည့် ATP Qatar Open တင်းနစ်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်တွင် ကမ္ဘာ့နံပါတ် ၁ စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်လ်မှာ ဂျာမန် တင်းနစ်သမား ပီတာ ဂိုဂျိုဇက်အား အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    သို့သော်လည်း အလွယ်တကူ အနိုင်ရရှိခဲ့ခြင်းမျိုးမဟုတ်ဘဲ ကမ္ဘာ့အဆင့် ၁၆၂ ဂိုဂျိုဇက်အား ပထမပွဲငယ်တွင် ရှုံးနိမ့်ခဲ့ပြီး ဒုတိယနှင့် တတိယပွဲငယ် တို့တွင် အနိုင် ကစားနိုင်ခဲ့သောကြောင့် ၄-၆၊ ၆-၂၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နာဒယ်လ်မှာ ယနေ့တွင်ပြုလုပ်မည့် ဗိုလ်လုပွဲတွင် ပြင်သစ် တင်းနစ်သမား ဂေးလ် မွန်ဖီးလ်စ်နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

    …………………………………..
    Brisbane International အမျိုးသမီးတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆရီနာနှင့် အဇာရန်ကာတို့ တွေ့ဆုံမည်

    – အမေရိကန်နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလီယံမှာ ရုရှားနာမည်ကြီး တင်းနစ်သမား မာရီယာ ရှာရာပိုဗာအား ဆီမီးဖိုင်နယ်တွင် အနိုင်ကစားကာ Brisbane International တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဟုသိရသည်။

    အဆိုပါပြိုင်ပွဲအား သြစတေးလျနိုင်ငံ ကွင်းစ်လန်းတွင် ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး တစ်နာရီနှင့် ၁၅ မိနစ်ကြာမြင့်ခဲ့သည့် ဆီမီးဖိုင်နယ်ပွဲတွင် ဆရီနာမှာ ရှာရာပိုဗာအား ၆-၂၊ ၇-၆ (၉-၇) ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    အခြား ဆီးမီးဖိုင်နယ် ပွဲစဉ်တစ်ခုတွင် ဘီလာရုဇ်တင်းနစ်မယ် အဇာရန်ကာက ဆားဘီးယားတင်နစ်မယ် ဂျလီနာ ဂျန်ကိုဗစ်အား ၁-၆၊ ၆-၃၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။

  • နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့သတင်းများ

    ဇန်နဝါရီ ၃ ၊ ၂၀၁၄
    M-Media
    transfer-centre-window_3060334
    – ဟာလ်စီးတီးအသင်းက ၎င်းတို့၏ ကစားသမား ဆုန်းအလူကိုအား သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပြီး၊ အလူကိုကလည်း ယခုကဲ့သို့ သက်တမ်းတိုးခွင့်ရခဲ့သည့်အတွက် ၀မ်းသာမိကြောင်း ပြောကြားခဲ့သည်။

    – အသင်းရှိ အလယ်တန်းကစားသမား ဂျူအန်မာတာအား ဆောင်းရာသီအပြောင်းအရွှေ့တွင် ရောင်းချမည်မဟုတ်ဘဲ။ အသင်းအနေဖြင့်လည်း တိုက်စစ်မှူး ၀ယ်ယူမည်မဟုတ်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြေကြားလိုက်ပြီး ဟီဂူအင်အား ၀ယ်ယူရန် ကမ်းလှမ်းခဲ့သည် ဆိုသည့်သတင်းကိုလည်း ငြင်းဆိုခဲ့သည်။

    – ၀က်စ်ဟမ်းနည်းပြ ဆမ်အလာဒွိုက်စ်က အသင်းရှိ တိုက်စစ်မှူး ကာတန်ကိုးလ်၏ အခြေအနေနှင့် ပက်သက်၍ ဆွေးနွေးမှုများပြုလုပ်မည်ဟု ပြောကြားခဲ့သည်။

    – ဆွဇ်ဇလန်ကလပ် ဘေဆယ်အသင်း၏ လူငယ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်အား ခေါ်ယူရန် လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက စိတ်ဝင်စားနေသည်။ လီဗာပူးအသင်းမှ တောင်ပံကစာသမား ရဟီမ်းစတာလင်မှာလည်း ဆွမ်းဆီးအသင်းသို့ အငှားဖြင့်ပြောင်းရွှေ့ဖွယ်ရှိနေသည်။

    – စီးရီးအေထိပ်သီး အေစီမီလန်မှာ မန်စီးတီး၏ နောက်ခံလူဟောင်း စတီဖင် ဆာဗစ်အား ခေါ်ယူရန်ပြင်ဆင်နေသည်ဟုသိရသည်။ ဗီဒစ်အား ခေါ်ယူရန် ကမ်းလှမ်းမှုအား မန်ယူက ပယ်ချပြီးနောက် ယခုကဲ့သို့ ဆာဗစ်အား ခေါ်ယူရန် ဦးတည်လာခြင်းဖြစ်သည်။

    – တိုက်စစ်မှူးတစ်ဦး ၀ယ်ယူရန် စီစဉ်နေသည့် အာဆင်နယ်အသင်းမှာ ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး မီရ်ကို ဗူချီနစ်အား ပေါင် ၈ သန်းခန့်ဖြင့် ၀ယ်ယူရန် ပြင်ဆင်နေသည်။

  • သရဲတစ္ဆေ ကြောက်ကြသူများ

    ဇန်နဝါရီ ၃၊ ၂၀၁၄
    M-Media
    ဆောင်းပါးရှင်- သဲတစ်ပွင့်

    ghost_council_of_orzhova_by_velinov-d5moyq4
    တစ္ဆေသရဲ ဆိုတာကို ကြောက်တတ်ကြသူတွေ အတော်များတယ် ထင်ပါရဲ့။

    ကမ္ဘာတစ်ဝန်းလုံးမှာ ခေတ်အဆက်ဆက် ယုံတမ်းစကားတွေ၊ ပုံပြင်တွေ၊ စာအုပ်တွေ၊ သက်ကြီးစကားသက်ငယ်ကြားတွေ … အများကြီး ရှိခဲ့တာပဲကိုး။ နောက်ပိုင်းခေတ် ရုပ်ရှင်ခေတ်ရောက်တော့လည်း ခုချိန်ထိကိုပဲ ပေါများလိုက်တဲ့ သူရဲတစ္ဆေ ဇာတ်လမ်းတွေ။ ခုနောက်ဆုံး အင်တာနက် စာမျက်နှာပေါ်အထိလည်း တစ္ဆေသရဲ မင်းမူတုန်း … Smart Phone တွေTablet တွေ i-Devices တွေမှာတောင် သရဲတစ္ဆေ game တွေ ကစားကြတုန်း။ Facebook Page တွေ Group တွေလည်း ရှိပါ့။

    တစ္ဆေခြောက်ပြပြီး တစ်သက်စာ ဖူဖူလုံလုံ လုပ်စားနေကြသူတွေလည်း တစ်ပုံတစ်ပင်ပေါ့။

    ခုဒီစာဖတ်နေကြတဲ့မိတ်ဆွေတွေလည်း သရဲတစ္ဆေ ကြောက်ကြတဲ့သူတွေကို သေချာပေါက် တွေ့ဖူးကြပါမှာ။ ကိုယ်တိုင်တောင် အဲဒီထဲ ပါကောင်းပါနေမှာပဲ။ တစ်ချို့ဆို ဘယ်လောက် ကြောက်တတ်သလဲဆို ကိုယ့်မိသားစုဝင် ကိုယ်သိပ်ချစ်တဲ့ သွေးသားရင်းချာထဲက ကွယ်လွန်သွားရင်တောင် အဲဒီသူကို အစွဲပြု အကြောက်လွန်တော့တာပဲ။

    တစ္ဆေသရဲအကြောင်း ဒီလောက်တောင် ခေါင်းစဉ်စုံ ကဏ္ဍစုံမှာ တွေ့နေရတာ … ကိုယ်တွေ့ ကြုံဖူးပါတယ်ဆိုတဲ့သူ ဘယ်မှာ လက်ဆုပ်လက်ကိုင် ပြနိုင်ကြလို့တုန်း။

    သရဲအခြောက်ခံရပါတယ်ဆိုသူ အများစုကို လေ့လာကြည့် … ကြောက်တတ်တဲ့စိတ်အခံကြောင့် အထင်မှား အမြင်မှား ကိုယ့်လိပ်ပြာကိုယ်မလုံရာကနေ ဖြစ်ကြတာ။

    ရွာတွေကလာတတ်တဲ့ ဇာတ်လမ်းတွေဆိုလည်း ကြည့်ကြည့် … သစ်ရွက်ထူထူ သစ်ပင်အောက်မှာ အရက်မူးမူးနဲ့ ညအိပ်မိရင် အောက်ဆီဂျင် အပြည့်အဝ မရလို့ သေလည်း အဲဒါ ညောင်ပင်တစ္ဆေ သရဲသဘက်က နတ်က သတ်တာပဲ။ ရေတွင်းရေကန်ပျက်ထဲ ဆင်းမိတဲ့သူ သေလည်း သရဲအပြစ်ပဲ။ အာဟာရချို့တဲ့လို့ … စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြီးကြီးဖြစ်လို့ … ငှက်ဖျားလိုရောဂါမျိုး ကူးစက်လို့ … ဘာကြောင့်ဖြစ်ဖြစ် hallucination ကယောင်ခြောက်ခြားဖြစ်လည်း ကျားကျား မီးယပ်ဆိုသလို သရဲတစ္ဆေ စုန်းကဝေပဲ ခေါင်းစဉ်တပ်ခံရတာပဲ။ ယုတ်စွအဆုံး လေတိုက်ရင်တောင် … သစ်ပင်က အသံမြည်ရင်တောင် … အရိပ်တစ်ခုခု မြင်ရင်တောင် … ဘာပဲဖြစ်ဖြစ် အကြောင်းရင်းမှန်ကိုမလေ့လာဘဲ ကြောက်ပစ်လိုက်ကြတာပဲ။ အမယ် … ထမင်းလုံးတစ္ဆေဆိုတာတောင် ရှိသေး။ ကယောက်ကယက် အိပ်မက်မက်တာတောင် သရဲကြောင့်တဲ့။

    ဒီလိုပြောလို့ နာနာဘာဝဆိုတာ မရှိဘူးလား မေးလာရင် ရုပ်တရားရဲ့အလွန် နာမ်လောက ပရလောက ဝိဥာဉ်လောက ဆိုတာကတော့ ဘာသာတရားတိုင်းက လက်ခံတာပဲလေ။ Parapsychology လိုမျိုး စိတ်တရားကိုလေ့လာတဲ့ ဘာသာရပ်တွေလည်း ရှိတာပဲ။ အာရုံငါးပါးနဲ့ ကျက်စားလို့မရတဲ့ Paranormal Phenomena ဖြစ်ရပ်တွေဆိုတာလည်း ရှိတာပဲ။ ဒါပေမယ့် သရဲတစ္ဆေပါလို့ အများပြောနေ၊ ကြားနေ ၊ ယုံနေတာတွေရဲ့ ၉၉%ကတော့ စိတ်ထင်ယောင်ထင်မှားဖြစ်တာ၊ ကောလဟလကို အခြေခံတာ၊ တစ်စုံတစ်ယောက်က အဖွဲ့တစ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်စားဖို့ ခြောက်တာ (ဆိုပါစို့ … သရဲအကြောင်း ရုပ်ရှင်တွေ၊ စာအုပ်တွေ စာတွေရော … ဒါမှမဟုတ် စုန်းပရောဂ ဆရာဆိုတာမျိုးတွေရော … နောက်ထပ် နည်းအမျိုးမျိုး ခေါင်းစဉ် သွယ်သွယ်နဲ့ လုပ်စားကြသူတွေပေါ့) ၊ စသည်စသည်တွေပဲ ဖြစ်နေတာကို တွေ့ရပါမယ်။

    islamophobia___political_cartoon_by_jasonsworld-d62h2kg

    အလားတူအကြောက်ရောဂါ phobia တစ်ခုလည်း ကျွန်တော်တို့လူ့ဘောင်မှာ တွေ့ရလေရဲ့ … ကျွန်တော်ဘာကိုပြောချင်သလဲ ခုလောက်ဆို သိလောက်ကြပါပြီ … Islamophobia ခေါ် အစ္စလာမ်သာသနာကို မွတ်စလင်မ်တွေကို စိုးကြောက်တဲ့ရောဂါပေါ့။ သရဲသဘက်ထက်တောင် ရွံမုန်း ကြောက်နေသူတွေ ရှိကြပါရဲ့။ မြန်မာပြည်မှာသာမက ကမ္ဘာမှာပါ ဒီအကြောက်တရားကြီး ရှိနေတာပါ။ ဒီနှစ်ပိုင်းတွေအတွင်းမှာကတော့ ဒီမြေဒီရေမှာ ပိုဆိုးမယ်ထင်ပါရဲ။

    ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံလောက်ရှိတဲ့ သန်းပေါင်း၁၅၀၀ကျော် မွတ်စလင်မ်တွေထဲမှာ ဘာသာတရားရဲ့ သွန်သင်ချက်နဲ့ဆန့်ကျင်ပြီး မဟုတ်မဟတ်လုပ်သူ ကြောက်စရာကောင်းသူလည်း ရှိတာပေါ့ … သူတို့လည်း လူတွေပဲလေ။ လူပီပီ … ပုထုဇဉ်ပီပီ ကိုယ့်အတ္တကို ကိုယ် ရှေ့တန်းတင်ကြသူတွေ .. အာသာ ဆန္ဒနောက်လိုက်သူတွေ … လောဘဒေါသမောဟမာန်မာနကို အတောမသတ်နိုင်သူတွေ … သူများကြိုးစွဲရာ မှိုင်းတိုက်ရာ ကကြသူတွေ ရှိမှာပေါ့။ ဒါသဘာဝပါပဲ။ ကြိုက်တဲ့ဘာသာ၊ ကြိုက်တဲ့လူမျိုး၊ ကြိုက်တဲ့ဝါဒီ (ဝါဒတစ်ခုခုကိုကျင့်သုံးသူလူ့အစုအဝေး … ဆိုပါစို့ … ခုခေတ်စကားနဲ့ပြောရရင် ဒီမိုအုပ်စု၊ ကွန်မြုနစ်ဝါဒီ၊ လစ်ဘရယ်ဝါဒီ၊ ဘာသာမဲ့အုပ်စု) … ဘယ်လူ့အစုအဝေးကိုကြည့်ကြည့် သိုးမည်းတွေကတော့ ရှိစမြဲပဲ။

    ဒါပေမယ့် မွတ်စလင်မ်နဲ့ပတ်သက်လာရင်တော့ ခုချိန်မှာ သတင်းမှားနဲ့မှ ထမင်းစားရသူတို့ … အမုန်းစကားပြောမှ … အမုန်းတရားဟောမှ ရည်ရွယ်ချက်ရှိရှိ ပြဿနာဖန်မှ နေရာရ လူကြည်ညိုခံရပြီး စားဝင်အိပ်ပျော်ရမယ့်သူတို့က ခြောက်လုံးမြှောက်လုံးတွေနဲ့ ကြိမ်ဖန်များစွာ မှိုင်းတိုက် ကုလားတစ္ဆေ ခြောက်ခဲ့လေတော့ နှစ်ပေါင်းထောင်ချီ ပုဂံခေတ် အနော်ရထာမတိုင်မီကတည်းက တိုင်းပြည်မှာရှိနေတဲ့ လူ့အစုအဝေးကပဲ ဒီလေးငါးနှစ်အတွင်းမှာမှ တိုင်းပြည်ပျောက်အောင် သိမ်းတော့မလိုလို။ အမျိုး ဘာသာ သာသနာဆိုတဲ့ လူပြိန်းကြိုက်ခေါင်းစဉ်နဲ့ ဖြဲခြောက်တော့ နဂိုကတည်းက မဟုတ်တာတွေးကြောက်တတ်တဲ့ ကျွန်တော်တို့လူတွေ မွတ်စလင်မ်အပေါ် သရဲသဘက် ဘီလူးတစ္ဆေ စုန်းကဝေတို့ထက် အကြောက်လွန် ရွံမုန်းကြလေသတည်းပေါ့လေ။

    ဘယ်ကဘယ်လို လံကြုပ်တွေမှန်းမသိတဲ့ မွတ်စလင်မ်တွေ ကြားတောင်မကြားကြဖူးတဲ့ ပြည်သိမ်းစီမံကိန်းတို့ ဘာတို့တွေကလည်း ဖွဘုတ်ပေါ်ရောက်လာတော့ … ဟဲဟဲ … အဲဒါကို ယုံတဲ့သူတွေထဲမှာ ခေတ်ပညာတတ်ကြီးတွေတောင် ပါသဗျ။ ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကွယ်လွန်သူ ဦးသန့်ပြောခဲ့တဲ့ “မစဉ်းစားပဲ ယုံလွယ်သူပေါများသော တိုင်းပြည်” ဆိုတာ တယ်မှန်သကိုး။

    tumblr_kympvacny11qzulrs

    မိတ်ဆွေတို့ရေ …

    မိတ်ဆွေတို့ဝန်းကျင်မှာ သိကြွမ်းတဲ့ မွတ်စလင်မ်ဆိုသူတွေထဲမှာ

    မိတ်ဆွေတို့ ဖတ်ဖူးကြားဖူး အခြောက်ခံရဖူးတဲ့ မိစ္ဆာစိတ်ဝင် မွတ်စလင်မ်ဆိုသူ ဘယ်လောက်များများ တွေ့ဖူးပါသလဲခင်ဗျား။

    စာတွေ့တွေ ဘုန်းဘုန်းတစ်ချို့ဟောတာတွေ၊ ဟို website ဒီ website ကဟာတွေ …   သူများနိုင်ငံတစ်ချို့မှာ ဖြစ်နေတာတွေ မပါဘူးနော် … မိတ်ဆွေတို့ အမှန်တကယ် သိကြွမ်းသူတွေထဲကပဲ ဆိုလိုတာပါ။

    ဖြစ်နိုင်ရင် စာရင်းလေး ချရေးကြည့်ပေါ့ … ရာခိုင်နှုန်းလေးလည်း တွက်ကြည့်ပါဦး။

    သေချာပါတယ် … တစ္ဆေသရဲတုန်းကလိုပါပဲ … အနည်းငယ် မကောင်းဆိုးဝါးရှိနိုင်ပေမယ့် အများသူငှါကတော့ ထင်ထားသလို ခြောက်ခြားနေသလို မဟုတ်ဘဲ သူလိုငါလို ချစ်စရာ ခင်စရာ လူသားတွေပဲဆိုတာ မိတ်ဆွေ သေချာပေါက်တွေ့မှာပါ။

    နိဂုံးချုပ် ဥပမာအနေနဲ့ပြောရရင် … သစ်ပင်တွေကို လိုက်ကြည့်ရင်း သစ်တောကြီး မမြင်တာမျိုး မဖြစ်စေချင်ဘူးဗျာ …..။

    သစ်တောထဲမှာ ပေါက်နေတဲ့ သစ်ပင်တစ်ချို့ စိမ်းလန်းချင်မှ စိမ်းလန်းမယ်။ အဆိပ်ရှိရင် ရှိမယ်။ သစ်ဥသစ်ဖု ဝေဆာချင်မှ ဝေဆာမယ်။

    အကိုင်းအခက် သွေ့ခြောက်နေတဲ့ အပင်ကိုမှ ရွေးပြီး လက်ညှိုး မထိုးသင့်ပါ။ အင်းဆက်တွေ အကောင်ငယ်တွေကို ဖမ်းဆီးသေကြေစေတတ်တဲ့ အသားစားပင် တစ်ချို့ကို ညွှန်းဆိုရင်း မကောင်းဆိုးရွား သစ်ပင်များလို့ မသမုတ်သင့်ပါ။ ဆူးကြမ်း လွှမ်းတဲ့အပင်ကိုသာ ကွက်ကြည့်ပြီး ကြောက်စရာ့ သစ်ပင် မဆိုသင့်ပါ။ ရစ်နွယ်တတ်တဲ့ သစ်ပင်အချို့ကြောင့် ကျန်အပင်များကိုပါ တစ်တန်းတစ်စားတည်း မသတ်မှတ်သင့်ပါ။ အဆိပ်ပင်တစ်ချို့ကြောင့် အပင်အားလုံး အဆိပ်ရှိတယ် ကောက်ချက်မချစေလိုပါ။

    သစ်တောတစ်ခုလုံးကို လွှမ်းခြုံ မြင်တတ်ရင်တော့ စိမ်းလန်းစိုပြေ လှပတင့်တယ်မှုကို မုချ တွေ့ရမှာပါ ချစ်မိတ်ဆွေ။

    နှစ်သစ်ကာလမှာ စိတ်သစ်ကိုယ်သစ်နဲ့ အချင်းချင်း အမျက်အဤမရှိ … ချစ်သောမျက်စိဖြင့် ကြည့်နိုင်စွမ်း ရကြပါစေသား။ အဘိဇ္ဇာကင်းစွာ ကြည်ကြည်လင်လင် မြင်နိုင်ကြပါစေသား။