News @ M-Media

Blog

  • ဒီဇင်ဘာ ၃၁၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၁၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၁၊ ၂၀၁၃
    M-Media

    အင်္ဂလန်ဘုရင်မကြီး၏ ဂုဏ်ထူးဆောင်စာရင်းတွင် မင်းသားဝီလီယံ၏ သားကိုမွေးဖွားပေးသူ ဆရာဝန်ပါဝင်လာ

    –  အဲလစ်ဇဘက် ဘုရင်မကြီး ၂ မှ နှစ်သစ်ကူးတွင် ချီးမြှင့်မည့် Knight Commander of the Royal Victorian Order ဂုဏ်ထူးဆောင်ဘွဲ့ စာရင်းအား ယနေ့တွင်ထုတ်ပြန်ခဲ့ရာ မင်းသား ၀ီလီယံ၏ သားဦးအား မွေးဖွားပေးခဲ့သူ သားဖွားနှင့် မီးယပ်ဆရာဝန်လည်းပါဝင်ခဲ့သည်ဟုသိရသည်။

    အသက် ၇၀ အရွယ်ရှိ ဒေါက်တာ မာဆက်စ် ဆက်ချဲလ် ၎င်း၏ တာဝန်မှ အနားယူရန်ရန် အစီအစဉ်ရှိခဲ့သော်လည်း နောက်ဆုတ်ခဲ့ကာ ဂျူလိုင်လက မင်းသားဝီလီယံနှင့် ကိတ်တို့၏ သားဦးလေးအား မွေးဖွားပေးခဲ့သူဖြစ်သည်။

    ဘုရင်မကြီး၏ မွေးနေ့နှင့် နှစ်သစ်ကူးအခါသမယ တစ်နှစ်လျှင် နှစ်ကြိမ်ပေးအပ်ချီးမြှင့်သည့် အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့မှာ နယ်ပယ်တစ်ခုတွင် ထူးချွန်သူများနှင့် လူ့အဖွဲ့အစည်းအား ကူညီသူများကို ရွေးချယ်ပေးအပ်ခြင်းဖြစ်ပြီး၊ ယခုနှစ်စာရင်းတွင် OBE ဘွဲ့ရရှိထားသည့် အင်္ဂလန်အလယ်တန်း ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းနှင့် ၀င်ဘယ်လ်ဒန် ဆုဖလားအား ၇၇ နှစ်ကြာမှ နိုင်ငံအတွက် ပြန်လည်ရယူပေးနိုင်ခဲ့သည့် အန်ဒီမာရေးတို့လည်း အံ့သြဖွယ် ပါဝင်လာခဲ့သည်။

    …………………………………….

    အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ရုရှတစ်နိုင်ငံလုံး လုပ်ဆောင်ရန်လိုဟု မွတ်စလင်အုပ်ချူပ်ရေးမှူးပြော

    – ရုရှားနိုင်ငံတောင်ပိုင်း ဘူတာရုံတစ်ခုတွင် ဒီဇင်ဘာ ၂၉ ရက်နေ့က အသေခံ ဗုံးခွဲမှုဖြစ်ခဲ့ပြီးနောက် Ingushetia ပြည်နယ်၏ မွတ်စလင်အုပ်ချုပ်ရေးမှူး ယူနွတ်စ်ဘက် ယက်ဗ်ကူရော့ဗ်က အကြမ်းဖက်ဝါဒအား မြောက်ဘက်ကော့ကေးရှပ် ဒေသတွင်သာ မကဘဲ ရုရှားတစ်နိုင်ငံလုံးတွင် တိုက်ဖျက်ရန် လိုအပ်နေသည်ဟု ပြောကြားခဲ့သည်။

    Ingushetia ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများအား ဟန့်တားနိုင်ရန်အတွက် အစီအစဉ်များကို ဆွေးနွေးရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့က ပြုလုပ်ခဲ့သည့် ပြည်နယ် လုံခြုံရေးတပ်ဖွဲ့၏ အရေးပေါ် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ရုရှားလူ့အဖွဲ့အစည်းအတွင်း ထိုကဲ့သို့သော ဖြစ်ရပ် များကို တိုက်ဖျက်ရန် အတူတကွ လက်တွဲလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံတောင်ပိုင်း Volgograd မြို့ရှိ ဘူတာရုံတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ပြီး၊ ယမန်နေ့ နံနက်ပိုင်း ကလည်း ကောင်းကင် ဓာတ်အားကြိုးဖြင့် သွားသည့်ဘတ်စ်ကားပေါ်တွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သေးသည်။

    …………………………………….

    ဟောင်ကောင်တွင် (၄)နှစ်အတွင်း ဌက်တုပ်ကွေးတွေ့

    – ဟောင်ကောင်နိုင်ငံရှိ အဘိုးအိုတစ်ဦးတွင် ငှက်တုပ်ကွေး H9N2 ဖြစ်နေသည့် ရောဂါလက္ခဏာကို တွေ့ရှိခဲ့ရပြီး ထိုကဲ့သို့တွေ့ရှိရခြင်းမှာ လေးနှစ် အတွင်း ပထမဆုံး အကြိမ်ဖြစ်သည်ဟု ဟောင်ကောင်အာဏာပိုင်များက ယမန်နေ့တွင် ပြောကြားလိုက်သည်။ H9N2 ရောဂါမှာ ငှက်တုပ်ကွေး အမျိုးအစားဖြစ်ပြီး ကြက်၊ ဘဲ များတွင် တွေ့ရလေ့ရှိကာ လူဆီကိုလည်း ကူးစက်နိုင်သည့် ရောဂါအမျိုးအစားဖြစ်သည်။ ဟောင်ကောင်နိုင်ငံတွင် ၂၀၀၉ ခုနှစ်က ထိုရောဂါကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး ယခု ပထမဆုံးအကြိမ် ပြန်လည်တွေ့ရှိရခြင်းဖြစ်သည်။

    …………………………………….

    တရုတ်တွင် မွေးကင်းစ ကလေးများကို ရောင်းစားခဲ့ကြောင်း ဆေးရုံမှ ဆရာဝန်တစ်ဦး ဝန်ခံ

    – မိမိအနေဖြင့် ဆေးရုံရှိ မွေးကင်းစ ကလေးငယ်များအား ခိုးယူကာ လူကုန်ကူးသူများထံသို့ရောင်းစားခဲ့ကြောင်း တရုတ်နိုင်ငံရှိ ဆရာဝန်တစ်ဦးအား တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု AP သတင်းဌာနက ဖော်ပြခဲ့သည်။ Zhang Shuxia ဟု အမည်ရသည့် အဆိုပါဆရာဝန်မှာ ရှန်ဇီပြည်နယ် ဖုပင်း ကောင်တီ တရားရုံး၌ ယမန်နေ့က တရား ရင်ဆိုင်ရာတွင် ထွက်ဆိုခဲ့ခြင်းဖြစ်ပြီး၊ ကလေးငယ်များမှာ မွေးရာပါ ရောဂါများဖြစ်နေသည်ဟု မိဘများအား လိမ်လည်ကာ ကလေးအား ရောင်းချရန်အတွက် လက်မှတ်ထိုးရန် သွေးဆောင်ခဲ့သည်ဟုလည်း ၀န်ခံခဲ့သည်။ ကလေးငယ်များ ခိုးယူရောင်းစားမှုမှာ တရုတ်နိုင်ငံရှိ ပြဿနာကြီး တစ်ခုဖြစ်နေပြီး ပြစ်မှု ထင်ရှားသူများအား အမြင့်ဆုံး သေဒဏ်ထိ သတ်မှတ်ထားသော်လည်း ထိုအမှုများမှာ လျော့ကျသွားခြင်း မရှိပေ။

    …………………………………….

    အရပ်ဘက်ကိစ္စရပ်များ တွင်းမောင်းသူမဲ့လေယာဉ်သုံးရန် အမေရိကန်တွင် ပြည်နယ် (၆) ခုရွေးချယ်

    – လူမဲ့ ဒရုန်းလေယာဉ်များ စမ်းသပ်အသုံးပြုရန်အတွက် အမေရိကန်ရှိ ပြည်နယ် ၆ခုအား ရွေးချယ်ခဲ့သည်ဟု ဖဒရယ်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့မှ ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုပြည်နယ် ၆ ခုမှာ အလာစကာ၊ နီဗာဒါ၊ နယူးယောက်၊ မြောက်ဒါကိုတာ၊ တက္ကဆက်နှင့် ဗာဂျီးနီးယား ပြည်နယ်တို့ဖြစ်ကြသည်။

    ဒရုန်းလေယာဉ်များအား အမေရိကန်တွင် စီးပွားရေး၊ လယ်ယာလုပ်ငန်းနှင့် အစိုးရအေဂျင်စီများအတွက် အသုံးပြရန်ရည်ရွယ်ထားပြီး ၂၀၁၅ ခုနှစ်တွင် စတင်သွားမည်သည်။ သို့သော်လည်း ဒရုန်းလေယာဉ်အသုံးပြုရန်တွက် ဥပေဒများပြဌာန်းရန် အချိန်အနည်းငယ် ကြာမြင့်မည်ဖြစ်သည်။

    …………………………………….

    ၂၀၁၄ တွင် အမျိုးသားလုံခြုံရေးကို အထူးဂရုစိုက်သွားမည်ဟု ကိုရီးယားသမ္မတပြော

    – လာမည့် ၂၀၁၄ ခုနှစ်တွင် မိမိတို့ အစိုးအရအနေဖြင့် နိုင်ငံ၏ စီးပွားရေးပြည်လည် ထူထောင်ရန်နှင့် အမျိုးသား လုံခြုံရေး လုပ်ငန်းများအား အာရုံစိုက် လုပ်ဆောင်သွားမည်ဟု တောင်ကိုရီးသား သမ္မတ ပတ်ဂျုံဟေးက ယနေ့တွင်ပြောကြားလိုက်သည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံမှ ပြုလုပ်နိုင်သော ကျူးကျော်တိုက်ခိုက်မှုများနှင့် ပက်သက်၍လည်း ပြင်ဆင်ထားကြောင်း၊ ကိုရီးယားကျွန်းဆွယ်အတွင်း ငြိမ်းချမ်းရေး တိုးမြှင့်ရန်အတွက် ကြိုးပမ်းမှု များကို နှစ်ဆတိုး၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

     

  • လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသားအားလုံး မရှိတော့ဟု အစိုးရ ကြေညာ

    လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသားအားလုံး မရှိတော့ဟု အစိုးရ ကြေညာ

    ဒီဇင်ဘာ ၃၁၊ ၂၀၁၃
    M-Media

    Untitled

    ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးမည်ဟု မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၏ ကတိစကားအား ဆောက်ရွက်သည့် အနေဖြင့် ယမန်နေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား လုံးဝမရှိတော့ဟု အစိုးရက ယနေ့တွင် ကြေညာခဲ့သည်။

    ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ရန်အတွက် စစ်အုပ်ချုပ်ရေးအဆုံးသတ်ခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား များကို တဖြည်းဖြည်း လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ယမန်နေ့က ထုတ်ပြန်ခဲ့သည့် လတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် အတိုက်အခံများအား ထောင်ချရာတွင် အသုံးပြုသည့် လုံခြုံရေးအက်ဥပဒေအပါအ၀င် အငြင်းပွားဖွယ် ဥပဒေပုဒ်မများဖြင့် အကျဉ်းချထားသည့် အကျဉ်းသားများလည်း ပါဝင်ခဲ့သည်။

    သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ယခုထုတ်ပြန်ခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်မှာ သမ္မတအနေဖြင့် ပြည်သူကို ပေးထားသော ကတိ အား ဖြည့်ဆည်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများ လုံးဝ ရှိတော့မည်မဟုတ်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    ထိုလွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ကြောင့် အကျဉ်းသား မည်မျှ လွတ်မြောက်လာသည်ကို သိရှိရခြင်းမရှိသေးပေ။ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး တက်ကြွလှုပ်ရှားသူများကမူ ထောင်းအတွင်းတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများမှာ ၄၀-ခန့်ရှိပြီး အခြားအကျဉ်းသား ၂၀၀-ခန့်မှာ ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြသည့် ပုဒ်မဖြင့် အမှုရင်ဆိုင်နေရသည်ဟု ပြောဆိုထားသည်။

    Ref : ChannelNewsAsia

  • မလေးရှားနိုင်ငံ BM တွင် မြန်မာ အမျိုးသမီးနှစ်ဦး အသတ်ခံရ၊ သံသယရှိသူ မြန်မာနိုင်ငံသား အမျိုးသား နှစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထား

    ဒီဇင်ဘာ ၃၁၊ ၂၀၁၃
    M-Media
    Two Myanmar women brutally murdered
    – မလေးရှားနိုင်ငံ ဘူကစ်မာသာချန်မြို့(BM)  Kampung Setol တွင် ဒီဇင်ဘာ ၃၀ ရက်နေ့က မြန်မာနိုင်ငံသားအမျိုးသမီးနှစ်ဦး ရထားလမ်းဘေးတွင် အသတ်ခံရမှုတစ်ခု  ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    အသက် ၂၁ နှစ်အရွယ်ရှိ ဌေးဌေးသန်းဆိုသူအမျိုးသမီးမှာ လည်ပင်းလှီးဖြတ် ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ပြီး၊ အသက် ၄၁ နှစ်အရွယ်ရှိ သန်း ဟုသာ သိရသည့် အမျိုးသမီးမှာ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့အပြားတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ခဲ့ရခြင်းဖြစ်သည်။

    နေ့လည် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လမ်းသွား လမ်းလာတစ်ဦးက အမျိုးသမီးများ၏ အော်သံကိုကြားခဲ့ရပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားခဲ့ပြီး ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့သည်ဟု ပြည်နယ် CID အကြီးတန်းအရာရှိ မာဇ်လန် ကေဆာက ပြောကြားခဲ့သည်။

    ထို့ပြင် ယခင်က စက်ရုံအလုပ်သမများဖြစ်ကြပြီး ယခုအခါ အလုပ်လက်မဲ့ဖြစ်နေသည့် ထိုအမျိုးသမီးနှစ်ဦးစလုံးမှာ လမ်းသွားနေရင်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကာ၊ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ တန်ဖိုးရှိပစ္စည်းများကို သတ်ဖြတ်သူများက ယူသွားခြင်း မရှိကြောင်း ကေဆာက ပြောကြားခဲ့သည်။

    စုံစမ်း စစ်ဆေးနေမှုများနှင့်ပတ်သက်၍ “အခင်းဖြစ်ပွားပြီး မိနစ် ၃၀ အတွင်းမှာ မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးကို အခင်းဖြစ်ပွားရာနေရာနားမှာရှိတဲ့ ကားမှတ်တိုင်မှာ ဖမ်းဆီးမိခဲ့ပါတယ်” ဟု ပြောကြားခဲ့ပြီး၊ မျက်မြင်သက်သေတစ်ဦး၏ ပုံပန်းသဏ္ဍာန်ဖော်ပြမှုမှတစ်ဆင့် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ နှစ်ဦးစလုံးမှာ အသက် ၃၀ ကျော်အရွယ်များဖြစ်ကြသည်ဟု ကေဆာက ထပ်လောင်းပြောကြားခဲ့သည်။

    သံသယရှိသူနှစ်ဦးစလုံးအား လူသတ်မှုပုဒ်မ ၃၀၂ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အခင်းဖြစ်ပွားရာတွင်အသုံးပြုသည့် လက်နက်ကိုမူ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ အသတ်ခံရသည့် အမျိုးသမီးနှစ်ဦးမှာ ထိုဒေသတွင် နေထိုင်သည်မှာ ၂ နှစ်ကျော်ရှိနေပြီဖြစ်ပြီး၊ လူသတ်မှုနှင့် ပက်သက်သည့် သတင်းအချက်အလက်များ ရခဲ့ပါက သတင်းပေးရန် ရဲတပ်ဖွဲ့က ဆော်သြထားသည်။

    Ref: The Star

  • ဒီဇင်ဘာ ၃၀၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၀၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    ကရင်နီ ဒုက္ခသည်များ ပြန်လည်ခေါ်ယူမည်

    – ထိုင်းနယ်စပ်နှင့် ပြည်တွင်း ဒုက္ခသည်စခန်းများတွင် ရှိနေသော စစ်ဘေးရှောင် ကရင်နီ (ကယား)တိုင်းရင်းသားများကို ပြန်လည်နေရာချထားပေးရန် အိမ်ခြေ ၅၀-ခန့် ဆောက်လုပ်ပေးပြီး ၃-နှစ်အတွက် ထောက်ပံ့ကြေးပေးရန်၊ မိုင်းရှင်းလင်းရန်တွေ လုပ်ဆောင်ပြီးရင် ပြန်လည်ခေါ်ယူရန် ပြင်ဆင် နေကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၏ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောကြောင်း သိရသည်။
    ________________________

    လေးပွင့်ဆိုင်ဆွေးနွေးရေး နိုင်ငံရေးအကျဉ်းသားဟောင်းများ ထောက်ခံ

    – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန်အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်နဲ့ တပ်မတော်အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ကမ်းလှမ်းချက်ကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)က ထောက်ခံကြောင်း ဒီနေ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ကြောင်း RFA သတင်းမှာ ဖော်ပြထားသည်။
    ________________________

    ကရင်နှစ်သစ်ကူးပွဲတော် ရန်ကုန်တွင် စည်ကားစွာ ကျင်းပရန် စီစဉ်ထား

    – ၂၀၁၄-ခု ဇန်န၀ါရီလ ၁-ရက်နေ့မှာ ကျရောက်မှာဖြစ်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို မျိုးဆက်သစ် ကရင်လူငယ်များမှ ရိုးရာယဉ်ကျေးမှု များကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်နဲ့ ရန်ကုန်မြို့မှာ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပပြုလုပ်သွားမည်ဟု ကရင် နှစ်သစ်ကူးနေ့ ကျင်းပရေးကော်မတီအတွင်းရေးမှူးက ပြောကြောင်း သိရသည်။
    ________________________

    ဖွဲ့စည်းပုံပြင်ရန် အကြံပြုစာ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်တင်သွင်းမည်

    – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် အကြံပြုစာအား ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီထံသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒီဇင်ဘာလ ၃၁-ရက်နေ့တွင် တင်သွင်းမည်ဟု မဇ္ဈိမသတင်းတွင် ဖော်ပြထားသည်။
    ________________________

  • ဘာသာပေါင်းစုံ ချစ်ကြည်ရေး အောက်ခြေထိ ရောက်ရန် လိုအပ်ဟု ဦးအေးလွင်ပြော

    ဘာသာပေါင်းစုံ ချစ်ကြည်ရေး အောက်ခြေထိ ရောက်ရန် လိုအပ်ဟု ဦးအေးလွင်ပြော

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    ဆူးထက်၊ သီရိ

    DSCN5664-1

    ဘာသာပေါင်းစုံ လက်တွဲပြီး ငြိမ်းချမ်းရေး အတွက် အကောင်အထည်ဖော်ဆောင်နေသူများ အနက်  အစ္စလာမ်သာသနာမှ ဆရာဦးအေးလွင်နှင့် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

    M-Media – မြန်မာပြည်တွင် မည်သည့် ဘာသာတရားမှ ထွန်းကားခဲ့သည် မဟုတ်ဟု ခေါင်းစဉ်တပ်ပြီး ဆရာပြောဆိုခဲ့သည်ဟု ဂျာနယ်တစ်ခုက ရေးသားဖော်ပြခဲ့မှု အပေါ်ထွက်ပေါ်လာတဲ့ တုံ့ပြန်မှုတွေကို ဆရာ့နေနဲ့ ဘာများပြောကြားလိုပါသလဲ။

    ဖြေ – မြန်မာနိုင်ငံမှာ မည်သည့်ဘာသာမှ စတင်ပေါ်ပေါက်ခဲ့ခြင်း မရှိဟု ပြောခဲ့တာပါ။ သို့သော်လည်းပဲ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ ဘာသာတွေက မြန်မာပြည်မှာ လာထွန်းကားတယ်။ အထူးသဖြင့် လူအများစု ကိုးကွယ်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ပိုထွန်းကားပါတယ်လို့ ဆိုလိုပါတယ်။

    M-Media – နိုင်ငံရေး ကိစ္စ အလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ ဆွေးနွေးပွဲမှာ ကုရ်ဘာနီနဲ့ ပတ်သက်ပြီး မေးရာမှာ ဆရာအနေနဲ့ အခြား စီစဉ်ဆောင်ရွက်မှုတွေပြုလုပ်ဖို့ တိုင်ပင်နေတယ်ဟု ပြောကြားခဲ့ပါတယ် အဲဒါနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဖြေကြားပေးစေလိုပါတယ်။

    ဖြေ – ရှရီအသ် တရားတော်မှာ ကုရ်ဘာနီအတွက် ဘယ်သားကောင်တွေရဲ့အသားတွေကို လှူဒါန်းရမယ်ဆိုတာ တရားတော်က သတ်မှတ်ပြီးသား ဖြစ်တယ်။ တရားတော်က သတ်မှတ်ပြီးတာကို လူကပြောင်းလဲလို့ မရဘူး။ သို့သော် ဘာကိုပြောင်းလဲပေးလို့ ရလဲဆိုရင် အခြားလူတွေက ကုရ်ဘာနီ သားကောင်ပြုလုပ်တာနှင့် ပတ်သက်ပြီး စိတ်မကောင်း မဖြစ်ရအောင် လှူဒါန်းမှု ဇဘာပြုလုပ်နေတဲ့ အချိန်မှာ လုံလုံခြုံခြုံ သိုသိုသိပ်သိပ်နဲ့ လုပ်နိုင်ဖို့ အတွက် တိုင်ပင်ဆွေးနွေးနေပါတယ်။ ကုရ်ဘာနီဟာ ယဇ်ပူဇော်ခြင်း မဟုတ်ပါဘူး။

    M-Media – လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြားဘာများလုပ်ဆောင်နေပါသလဲ။

    ဖြေ – သံတွဲမြို့ပေါ်မှာ ဟိုအရင်ကတည်းက ဆောက်ထားတဲ့ မျက်စိဆေးရုံရှိတယ်။ အဲဒီဆေးရုံအတွက် သံတွဲမြို့ခံ မွတ်စလင်တွေက သိန်းရာနဲ့ချီပြီး လှူဒါန်းထားပါတယ်။ သံတွဲမြို့ဟာ နဂိုတည်းက သဟဇာတရှိတဲ့မြို့ပါ။ မသမာလူတွေက သက်သက် မြို့ခံအစွန်းရောက် တချို့ကိုအသုံးချ ဖန်တီးသွား တာပါ၊ နောက် ဗလီတွေကို ပြန်လည်ပြုပြင်ခွင့်ရအောင် ကြိုးပမ်းနေပါတယ်၊ ရခိုင်ပြည်နယ် တစ်ခုလုံးမှာရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ပညာရေးအတွက် ဘာသာရေးအဖွဲ့ကြီးတွေက မေတ္တာရပ်ခံစာတင်ထားသလို သီတဂူဆရာတော်ကြီးကလည်း ထပ်လောင်းမေတ္တာရပ်ခံစာကို
    သမ္မတကြီး အထိတင်ပြထားပါတယ်။

    M-Media – အခုချိန်မှာ ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားမှုတွေကို အရင်ကထက် အစပေါင်းများစွာ လုပ်လာတယ်၊ ဒါပေမယ့် လူထုကြားမှာ မုန်းတီးမှုတွေပိုများလာတာ ဘာကြောင့်ဖြစ်မယ်လို့ ဆရာ့အနေနဲ့ ထင်မြင်ပါသလဲ။

    ဖြေ – ဒါဟာဘာကြောင့်လဲဆိုရင် ဌာနဆိုင်ရာ အာဏာပိုင် အဖွဲ့တွေက ဗဟိုဦးစီး ပုံစံမျိုးနဲ့ ဘာသာပေါင်းစုံ အဖွဲ့တွေကို ပြုလုပ်လာကြတာဆိုတော့ အဲလိုဆွေးနွေးပွဲတွေမှာ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတဲ့ အထင်လွဲမှားသူတွေ မပါဝင်ကြဘူး။ တကယ် လိုအပ်နေတာက အောက်ခြေက ဆင်းရဲသား လူတန်းစားတွေ၊ ဘေးကလူကသွေးထိုးတာနဲ့ နားယောင်လွယ်တဲ့ လူတွေ ထိမရောက်သေးဘူး။ ရောက်အောင်လုပ်ရမယ်။
    နောက် အခုထက်ထိ အမုန်းတရား အခွေတွေဟာလဲ ဆက်ပြီးတော့ ပြန့်နှံ့နေသေးတယ်၊ အချို့တရားပွဲတွေမှာ သိသိသာသာဖြစ်စေ မသိမသာဖြစ်စေ အစ္စလာမ်ဆန့်ကျင်ရေး၊ မုန်းတီးရေး စကားတွေကိုထ ည့်ဟောနေတုန်းပဲ။ အဲဒီထဲမှာ အခု အဆိုးဝါးဆုံးက အမျိုးသားရေး ၀ါဒီတွေက ထုတ်တဲ့ စာစောင် တစ်ခုထွက်ပေါ်လာတယ်။ အဲဒီစာစောင်က အစ္စလာမ် ဆန့်ကျင်ရေးကို သီးသန့်ရေးနေသလိုကို ဖြစ်နေတယ်၊ ကဗျာ၊ ဆောင်းပါး၊ ၀တ္တု၊ သတင်းတွေမှာ ရေးသားဖော်ပြနေတာဖြစ်တယ်၊ ဒီစာစောင်မှာရေးတဲ့ ပင်တိုင်ဆောင်းပါးရှင်ရဲ့ အာဘော်များကြောင့် ဗုဒ္ဓဘာသာအများစု လက်သင့် မခံသော စာစောင်ဖြစ်နေတာကို တွေ့ရသော်လည်း တစ်ပတ်တစ်ခါ ပုံမှန် ကြာရှည် ထွက်လာရင် ရိုးသားတဲ့ ပြည်သူတွေက မုန်းတီးရေး တရားခွေတွေကို နားယောင်သလို ဒါအတွက်လဲစိုးရိမ်စရာ ရှိလာပါတယ်။ ဥပမာ- ဘာသာသာသနာထဲက မကောင်းသောသူတွေရဲ့လုပ်ရပ်ကို ထုတ်ဖော်ပြစ်တင်ခြင်း၊ ဝေဖန်ခြင်း ဆိုရင် ဆရာတို့လက်ခံလို့ရတယ်။ သို့သော် ဘာသာတစ်ခုရဲ့ အနှစ်သာရကို ဆန့်ကျင်တဲ့ပုံစံက
    မဖြစ်သင့်ပါဘူး။ အခုကအဲဒီပုံစံမျိုး ဖြစ်နေပါတယ်။

    M-Media – အာဇာန်သံ(၀တ်ပြုရန် ဗလီမှ ဖိတ်ခေါ်သံ)နဲ့ ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်ပြောဆိုနေမှုအပေါ် ဆရာအနေနဲ့ ရှင်းပြပေးစေလိုပါတယ်။

    ဖြေ – တရားတိုင်းမှာ ဘာသာရေးစာပေရှိတယ်၊ မြန်မာလူမျိုးစု အများစုကိုးကွယ်တဲ့ ဗုဒ္ဓရဲ့စာပေမှာ ပါဠိစကားရှိတယ်၊ ပါဠိကို လူတိုင်း နားမလည်သလို အစ္စလာမ်မှာရှိတဲ့ အာရဗီ ဆိုတဲ့ ဘာသာစကားကိုလဲ လူတိုင်း နားမလည်နိုင်ဘူး။ အဲဒါကို ဘယ်လိုမှပြောင်းလဲလို့ မရဘူး။ အဓိပ္ပာယ်ကို ရေးသားထားတဲ့ စာရွက်တွေကို ဖြန့်ဝေထားတာ ရှိပါတယ်၊ အဲဒီမှာ အသိဥာဏ်ရှိတဲ့ လူတွေစဉ်းစားဖို့ အချက်နှစ်ချက် ရေးထားတယ်။

    (၁) အချက်က အစ္စလာမ်ဟာ မနေ့တစ်နေ့ကမှ ပေါ်လာတာမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း-၁၄၀၀ က ပေါ်ပေါက်ခဲ့တာဖြစ်တယ်။ အစ္စလာမ်ဟာ တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုးမှာပဲ ရှိတာမဟုတ်ဘူး။ ဒီအာဇာန်သံဟာ ထိတ်လန့် စရာဖြစ်နေလျှင် ခေတ်တစ်ခတ်မှာ ပုဂ္ဂိုလ် တစ်ယောက်ယောက် က ကန့်ကွက်မှာပဲ။ ဒီအာဇာန်သံမှာရှိတဲ့ စာသားများဟာ ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊ အန္တရာယ်မပြုဘူး၊ ကောင်းချီး မင်္ဂလာတွေဖြစ်စေတဲ့အတွက် နှစ်ပေါင်း -၁၄၀၀ ကတည်းကအားလုံးက လက်ခံခဲ့တယ်။

    (၂) အချက်က ဘာသာတရား အသီးသီးမှာ ဘုရားဝတ်တက်ရင် နိဗ္ဗာန်ဆော်ဆိုတာရှိတယ်၊ အစ္စလာမ်မှာတော့ ဘုရားသခင်ရဲ့ဂုဏ်တော်ကို ချီးမွမ်းတဲ့ အသံကြားရသူတွေဟာ ဘေးအန္တရာယ်ကင်းတယ်။ ဒါကြောင့် အစ္စလာမ် ဘာသာဝင်တွေဟာ မီးလောင်ရင်၊ ငလျင်လှုပ်ရင်၊ ဘေးဥပဒ် အန္တရာယ်တွေကို ကြုံတွေ့ရတဲ့အခါ အာဇာန်သံကိုဆိုလေ့ရှိကြတယ်၊ သန့်ရှင်းစင်ကြယ်တဲ့ တရားစကားတွေဖြစ်တယ်။

    M-Media – အစ္စလာမ်မှာ ဘာသာရေးစစ်ပွဲတွေဆင်နွဲနေတယ်လို့ ဝေဖန်ပြောဆိုနေမှုအပေါ် ဆရာ့အနေနဲ့ ဘာများပြောကြားလိုပါသလဲ။

    ဖြေ – အစ္စလာမ်မှာ ဘာစစ်ပွဲမှမရှိပါဘူး၊ အစ္စလာမ်မှာ ဘာရှိလဲဆိုရင် ကိုယ့်ကိုကျူးလွန်လာရင် ပြန်ခုခံပိုင်ခွင့်ရှိတယ်၊ ကိုယ့်ကို တိုက်ခိုက်နေသူပင်လျှင် လွတ်ငြိမ်းရာနေရာကို အစောင့်အကြပ်နဲ့ လိုက်ပို့ရမယ်လို့လဲ သတ်မှတ်ထားတယ်၊ မလွဲမရှောင်သာလို့ ခုခံစစ်ပွဲနွဲရမယ်ဆိုရင်လဲ အိမ်၊ ယာ၊
    စိုက်ပျိုး၊ ရှုခင်း တို့မှာ မတိုက်ခိုက်ရဘဲ စစ်တလင်းမှာပဲ တိုက်ခိုက်ရတယ်။ အိန္ဒိယနိုင်ငံမှာ ဖြစ်ပေါ်ခဲ့သော စစ်ပွဲများဟာ ဘာသာရေးကြောင့် မဟုတ်ဘူး၊ သူနဲ့ခေတ်ပြိုင် ဘုရင်တွေကြောင့် ဖြစ်တယ်။

    M-Media – ဘာသာပေါင်းစုံအတူငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ဆရာအနေနဲ့ အခြားဖြည့်စွက်ပြောကြားလိုပါသေးသလဲ။

    ဖြေ – ဘာသာပေါင်းစုံအတူ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးဆိုတာ ကိုယ့်ဘာသာတရားကို လူတိုင်းပီပီပြင်ပြင် ကျင့်သုံးရမှာဖြစ်တယ်။ ဘာသာ တရားတိုင်းမှာ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်တွေ သွန်သင်ချက်တွေရှိတယ်။ ကိုယ့်တရားကို ကိုယ်ကျင့်ခြင်းအားဖြင့် မတူညီတဲ့ လူတွေဟာ ငြိမ်းငြိမ်း ချမ်းချမ်း အတူယှဉ်တွဲနေထိုင်နိုင်မှာ ဖြစ်ပါတယ်။

    M-Media – အခုလို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ ဆရာဦးအေးလွင်ကို M-Media မှ ကျေးဇူးအထူးတင်ရှိပါတယ်။