News @ M-Media

Blog

  • ဇန်န၀ါရီလ ၄ ရက်နေ့ မှစပြီး ဖိလစ်ပိုင် နိုင်ငံသားများ မြန်မာသို့ ဗီဇာမယူဘဲ ဝင်နိုင်ပြီ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    YangonAirport_029
    – ဖိလစ်ပိုင်နိုင်ငံသားများမှာ လာမည့်နှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ ဗီလာမလိုဘဲဝင်ရောက်သွားလာခွင့်ရရှိနိုင်မည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။ ထို့ကြောင့် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ဖိလစ်ပိုင်နိုင်ငံသားများမှာ မြန်မာနိုင်ငံတွင် ဗီဇာမလိုဘဲ ၁၄ ရက်နေထိုင်နိုင်မည်ဖြစ်သည်။

    နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်အား မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ဒီဇင်ဘာ ၅ ရက်နေ့က ဖိလစ်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ်အတွင်း သဘောတူညီခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ သဘောတူညီခြင်းက နှစ်နိုင်ငံ ခရီးသွားလာရေးလုပ်ငန်းနှင့် ရင်နှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရန်အတွက် မျှော်လင့်နိုင်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    Ref: Rappler

    ဓါတ်ပုံအညွှန်း- ရန်ကုန်လေဆိပ်ရှိ ဆိုက်ရောက် ခရီးသည်များအား လူဝင်မှုကြီးကြပ်ရေး(လဝက) မှ စစ်ဆေးရာနေရာ
    photo courtesy: maftravelgraphy

  • ပြည်သူတွေရဲ့ အသံကို စုမယ့် ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ မြန်မာပြည်သူ့ ဖိုရမ်

    ပြည်သူတွေရဲ့ အသံကို စုမယ့် ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ မြန်မာပြည်သူ့ ဖိုရမ်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    သီရိ

    DSCN6561

    ရန်ကုန် ။        ။ မြန်မာပြည်သူ့ဖိုရမ်(Myanmar People Forum) အခမ်းအနားကို ဒီဇင်ဘာလ ၂၈-ရက်နေ့မှ ဒီဇင်ဘာလ ၃၀-ရက်နေ့ထိ နံနက် ၈-နာရီမှ ညနေ ၅-နာရီခွဲအထိ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း MCC ခန်းမတွင် ပြုလုပ်ကျင်းပလျက်ရှိပြီး အခမ်းနားကိုအရပ်ဖက်အဖွဲ့စည်း ၁၅၀-ကျော်မှ လူ ၅၀၀-ခန့် တက်ရောက်ခဲ့ကြသည်။

    မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူမည့် ၂၀၁၄-ခုနှစ်တွင် ပြည်တွင်း လူမှု အခြေပြု အဖွဲ့စည်းများအနေဖြင့် အာဆီယံ လူထု ဖိုရမ်ကိုအောင်မြင်စွာ ကျင်းပနိုင်ရန် လိုအပ်သည်များကို ကြိုတင် ပြင်ဆင်ရန် အတွက် Myanmar Ppeople Forum ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါ သည်။

    ဒီဇင်ဘာ ၂၈-ရက်နေ့တွင် အခမ်းနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့ဝင် ဒေါက်တာ သာဥာဏ်မှ” ဒီနေ့ မြန်မာ့ သမိုင်းမှာ မြန်မာပြည်သူ့ ဖိုရမ်ဆိုတဲ့ အုတ်မြစ်ကို ယနေ့ချနိုင်ခဲ့ပါပြီ၊ ဒီနေ့ဟာ သမိုင်းဝင်နေ့လည်းဖြစ်ပါတယ်၊ ယခုကြွရောက်လာသော ဧည့်သည်တော်များက ပြည်သူ့အသံများကို စုစည်းပြီးတော့ ပြည်သူ့ ဘက်တော်သားများအနေနဲ့ ရပ်တည်ပြီးတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ တစ်ဖက် တစ်လမ်းကနေပါဝင် ကူညီတဲ့အတွက် ကြွရောက်လာသော ဧည့်သည်တော် များကို ဂုဏ်ပြု ချီးကျူးအပ်ပါတယ်၊ နှစ်စဉ်နှစ်တိုင်းလည်း ဒီနေရာမှာပဲ အမြဲပြုလုပ်ကျင်းပသွားမှာပါ အားလုံးကိုလည်း နှစ်တိုင်းတွေ့ဆုံကြဖို့ ဖိတ်ခေါ်အပ်ပါတယ်” ဟု နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။

    “ဒီနေ့ ပြုလုပ်တဲ့ပွဲမှာ ပြည်သူတွေရဲ့အသံကိုစုလိုက်မယ် သူတို့အတွက် ဘာအရေးကြီးတာလဲ၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အကုန်ပါမယ်။ လူကုန် ကူးမှုတွေကိုဘယ်လိုကာကွယ်မလဲ၊ ဆင်းရဲနွမ်းပါးမှဲုကို ဘယ်လို ပပျောက်အောင် လုပ်မလဲ စတဲ့ ပြည်သူတွေ ရင်ထဲမှာဖြစ်နေတဲ့ ခံစားချက်တွေ ပြည်သူ့ အသံတွေကို စုစည်းပြီး အစိုးရကို အကြံပြု တင်ပြသွားမယ်။ ပြည်သူတွေယုံကြည်မှုကင်းမဲ့နေတဲ့အစိုးရအနေနှင့် အများကြီးကြိုးစား လုပ်ဆောင် သွားမှာပါ” ဟု ဒေါက်တာသာဥာဏ်မှပြောခဲ့ပါသည်။

    ဆက်လက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှကြွရောက်လာသော ဧည့်သည်တော်များအား မိတ်ဆက် ပေးခဲ့ပါသည်။ ထို့နောက် မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် “ယနေ့ကျင်းပပြုလုပ်တဲ့ မြန်မာပြည်သူ့ ဖိုရမ်ဟာ ၂၀၁၄ တွင် မြန်မာနိုင်ငံမှ အလှည့်ကျ အာဆီယံ ဥက္ကဌ အဖြစ်ဆောင်ရွက်ရာတွင် ပြုလုပ်ရမည့် အာဆီယံပြည်သူ့ ဖိုရမ်အတွက် များစွာ အထောက်ကူပြုမှာ ဖြစ်ပါတယ်။ အခုပြုလုပ်နေတဲ့ ဖိုရမ်ကြီးမှလည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း လိုအပ်တဲ့ အကြံကောင်းတွေကို ဖော်ထုတ်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

    ထို့နောက် မြန်မာပြည်သူ့ဖိုရမ်၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များကို ဦးကျော်လင်းဦးမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံရေး အပြောင်းအလဲကို ဒေါက်တာ အောင်ထွန်းသက်၊ ဦးကိုကိုကြီး၊ ဒေါက်တာ ညိုညိုသင်း၊ ဒေါ်ဂျာနန်း နှင့် ဆရာ ဂျော့ခ်ျရှေ တို့မှ ရှုမြင်သုံးသပ် ဦးဆောင် ဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံရှိ အရပ်ဘက် လူမှုအဖွဲ့စည်းများ၏ အခန်းကဏ္ဍကို ဒေါက်တာ ကျော်သူ၊ ဒေါ်နီလာမြိုင်၊ ကိုတာ၊ မသီတာ နှင့် ဦးအောင်မျိုးမင်းတို့မှ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။

    ဒုတိယနေ့ ဒီဇင်ဘာ ၂၉-ရက်နေ့တွင် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

    တတိယနေ့ ဒီဇင်ဘာ ၃၀-ရက်နေ့တွင် အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို ဖိုရမ်ကြေငြာချက် မူကြမ်း အဖြစ် ဆွေးနွေးခြင်း၊ ကြေငြာချက်ကို မူကြမ်းကို အတည်ပြုခြင်း၊ မြန်မာပြည်သူ့ ဖိုရမ်ရှေ့ လုပ်ငန်းစဉ်များကိုဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းမှာဖြစ်ပါတယ်။

     

  • ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်အမှတ်တရ ဘာသာပေါင်းစုံ ဆုတောင်း

    ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်အမှတ်တရ ဘာသာပေါင်းစုံ ဆုတောင်း

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    K K

    1488328_10202174647263674_689782016_n

    ရန်ကုန်    ။       ။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် အမှတ်တရအဖြစ် ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ရပ်ကို မနေ့ ဒီဇင်ဘာ ၂၇-ရက်နေ့ နေ့လည် ၃-နာရီက တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နေအိမ်ဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    “ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်လာပြီးကတည်းက ဒီအစီအစဉ်လေးကို နှစ်တိုင်းဖိတ်ကြားလို့ ကျွန်တော် တက်ရောက်ခဲ့ပါတယ်။ ဘာသာတစ်ခုစီကနေ ၅-ယောက်စီ တက်ရောက်ကြပါတယ်။ ဘာသာအသီးသီးအလိုက် ဒေါ်ခင်ကြည်အကြောင်း အမှတ်တရ ပြောကြပါတယ်။ ဒေါ်ခင်ကြည်အကြောင်း ပြောတော့ ဒေါ်အောင်ဆန်းစုကြည်က မရှိနေပါဘူး။ ခြေထောက် ခွဲထားတာကြောင့် နားနေတယ်လို့ သိရတယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည် ကျွန်တော်တို့တွေနဲ့အတူ ထိုင်နေခဲ့ပါတယ်။ ပြီးတော့ ဘာသာအလိုက် ဆုတောင်း ကြတယ်။ မနက်ပိုင်းကတော့ ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်တယ်လို့ သိရပါတယ်။ နေ့လည်ပိုင်းမှာတော့ ဘာသာပေါင်းစုံ ဆုတောင်းပွဲ လုပ်တာ ပါ”လို့ အစီအစဉ်မှာ ပါဝင် တက်ရောက်ခဲ့သူ ဆရာဦးအေးလွင်မှ ပြောပါတယ်။

    အဆိုပါ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် ခရစ်ယာန်ဘာသာမှ ရိုမန်ကတ်သလစ်နှင့် နှစ်ခြင်းအသင်းတော်၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ဘဟာအီဘာသာတို့မှ ကိုယ်စားလှယ် ၅-ယောက်စီ ၂၅-ယောက်အပါအ၀င် ဗုဒ္ဓဘာသာမှ ဦးတင်ဦးနှင့် NLD ပါတီဝင်များ ပါဝင်ခဲ့ကြကြောင်း သိရသည်။

    ဓါတ်ပုံများကို နေလင်းအောင်၏ ဖေ့ဘွတ်စ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ပညာရှင်များစွာပါဝင်သော ညီလာခံကြီး ပြုလုပ်မည်

    ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ပညာရှင်များစွာပါဝင်သော ညီလာခံကြီး ပြုလုပ်မည်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်တွေးခေါ်ပညာရှင်များနှင့် အခြားသော နယ်ပယ်များမှ ပညာရှင်များပါဝင်သော ညီလာခံကြီးတစ်ခုကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ကျင်းပပြုလုပ်တော့မည်ဟု သိရသည်။

    ထိုညီလာခံအား The Reviving the Islamis Spirit (RIS) အမည်ပေးထားပြီး၊ အင်္ဂလိပ် ဘာသာစကားဖြင့် ဆွေးနွေးကြမည်ဖြစ်ကာ မြောက်အမေရိကနှင့် ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင် ၂၀၀၀၀ ခန့်တက်ရောက်မည်ဟု ခန့်မှန်းထားသည်။

    ယခင်ကလည်း ထိုကဲ့သို့သောအခမ်းအနားများကို ပြုလုပ်ခဲ့ပြီး နိုင်ငံရေးနှင့် လူမှုရေးနယ်ပယ်မှ မွတ်စလင် မဟုတ်သည့် ပညာရှင်များ ပါဝင်ခဲ့ကာ၊ ယခုပြုလုပ်မည့် အခမ်းအနားတွင် အနောက်တိုင်းမှ ကျော်ကြားသော မွတ်စလင်ပညာရှင်များဖြစ်သည့် ဒေါက်တာ ဆရဒ် ဟူစိန် နာဆာရ်၊ ဟဘိဘ်အလ်ဂျစ်ဖရီ၊ တာရစ်ရမဒန် စသည်တို့အပါအ၀င် ပညာရှင်များစွာပါဝင်မည်ဖြစ်ပြီး အစ္စလာမ့် ဓမ္မတရားများကို ဟောကြားမည်ဖြစ်သည်။

    ထို့ပြင် အစ္စလာမ့်ဓမ္မတေးများကို သီးကျူးသည့် မလေးရှားနိုင်ငံမှ Raihan ဟူသောအဖွဲ့လည်းပါဝင်မည်ဖြစ်ပြီး၊ လူရွှင်တော် မွတ်စလင်တစ်ဦးဖြစ်သည့် မဇ်ဂျော့ ဘရာနီလည်း လာရောက်ဖျော်ဖြေမည်ဟု သိရသည်။

    Ref : Islam RU

  • ထိုင်းစစ်တပ် အာဏာသိမ်းရန် အလားအလာရှိနေ

    ထိုင်းစစ်တပ် အာဏာသိမ်းရန် အလားအလာရှိနေ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    တိုင်းပြည်အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေးအငြင်းပွားမှုများအား ထိန်းသိမ်းကြရန် အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးအား ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က ယမန်နေ့တွင် တိုက်တွန်းခဲ့သည်ဟု သိရသည်။

    ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးတင်းမာမှုများမှာ ၂-လ ခန့်ရှိနေပြီဖြစ်ပြီး၊ ဆန္ဒပြမှုများအတွင်း အနည်းဆုံး လူ ၃-ဦးသေဆုံးခဲ့ကာ ၂၀၀-ကျော်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ယမန်နေ့ကလည်း ဘန်ကောက်မြို့ Chamai တံတားအနီးတွင် ဆန္ဒပြနေသော လူအုပ်အတွင်းသို့ လူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ၁-ဦးသေဆုံးခဲ့ပြီး ၃-ဦးဒဏ်ရာရရှိခဲ့သည်။

    တိုင်းပြည်အတွင်း မငြိမ်မသက်မှု ကြာရှည်နေခြင်းကြောင့် စစ်တပ်မှ အာဏာသိမ်းမည်ဟု လည်း သတင်းများထွက်ပေါ်နေပြီး၊ ထိုကိစ္စနှင့်ပက်သက်၍ သတင်းထောက်များက မေးမြန်းရာ ဗိုလ်ချုပ်ကြီးက အခြေအနေပေါ်တွင် မူတည်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထိုင်းနိုင်ငံ သမိုင်းတွင် စစ်တပ်မှအာဏာသိမ်းမှုမှာ ၁၁-အကြိမ် အထိ ရှိခဲ့သည်။

    Ref : Aljazeera