News @ M-Media

Blog

  • ဒီဇင်ဘာ ၂၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၅၊ ၂၀၁၃
    M-Media

    ကားပါမစ်များ တိုင်းရင်းသားခေါင်းဆောင်များကို လက်ဆောင်ပေးခဲ့သည့် နေပြည်တော်က ပြည်ထောင်စုနေ့အခမ်းအနား

    – နေပြည်တော်တွင်ကျင်းပသည့် ၆၆-နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသား အဖွဲ့အသီးသီးသို့ ပေးအပ်သည့် ငြိမ်းချမ်းရေးလက်ဆောင် ကားပါမစ်များသည် ၀န်ကြီးဦးအောင်မင်း ကိုယ်တိုင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားခဲ့ကြောင်း ဧရာဝတီ သတင်းဌာနတွင် ဖော်ပြထားသည်။
    ________________________

    မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး စာရွက်ပေါ်တွင်သာရှိကြောင်း SSA/RCSS မှ ပြော

    – အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့်အညီ မူးယစ်ဆေးဝါး တိုက်ဖျက်ရန်လုပ်ငန်းများသည် လက်တွေ့တွင် လုပ်ဆောင်မှု မရှိပဲ စာရွက်ပေါ်တွင်သာ ရှိနေပြီး နိုင်ငံတော်အစိုးရမှ လိုက်နာဆောင်ရွက်မှု မရှိခြင်းသည် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရန် အဟန့်အတား အခက်အခဲများသာ ဖြစ်သည်ဟု SSA, RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းမှ ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    နိုင်ငံတကာလှည့် ကမ္ဘာ့ဖလားဆုကြီး ရန်ကုန်မြို့ကို ရောက်ရှိ

    – ကမ္ဘာ့ဘောလုံးလောက၏ အမြင့်မားဆုံးဆုဖြစ်သည့် ကမ္ဘာ့ဖလားဆုကြီးဟာ ယနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး အများပြည်သူတို့ ကြည့်ရှုနိုင်ရန် မနက်ဖြန်မှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ပြသထားမည်ဖြစ်ပြီး ၎င်း FIFA ကမ္ဘာ့ဖလားဆုကြီးဟာ နိုင်ငံပေါင်း ၅၀ ကျော်သို့ လှည့်လည်ပြသနေခြင်း ဖြစ်ကြောင်း သိရသည်။
    ________________________

    တိုင်းရင်းသားနိုင်ငံရေးပါတီများပေါင်းစု ဖက်ဒရယ်ပြည်ထောင်စုပါတီ မှတ်ပုံတင်ရရှိ

    – တိုင်းရင်းသားနိုင်ငံရေးပါတီများ ပေါင်းစုပြီးဖွဲ့စည်းထားသည့် ဖက်ဒရယ် ပြည်ထောင်စုပါတီ (FUP) အား ပါတီမှတ်ပုံတင် ချမှတ်ပေးလိုက်ပြီ ဖြစ်သည့်အတွက် ၂၀၁၅- ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးများတွင် တိုင်းရင်းသား လွှတ်တော်အမတ်များ ၀င်ရောက်ယှဉ်ပြိုင်ပြီး အောင်နိုင်ရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။
    ________________________

  • စစ်ပွဲ ရုတ်တရက် ဖြစ်ပွားလာနိုင်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ပြော

    ဒီဇင်ဘာ ၂၅၊ ၂၀၁၃
    M-Media

    201312254168119734_20
    – မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က မည်သည့်ကြိုတင် သတိပေးမှုမှမပြုလုပ်ဘဲ စစ်ပွဲဖြစ်ပွားနိုင်သည်ဟု ပြောဆိုလိုက်ပြီး၊ မြောက်ကိုရီးယား စစ်တပ်ကိုလည်း တိုက်ပွဲ အတွက် အဆင်သင့်ဖြစ်နေရန် တိုက်တွန်းထားသည်ဟု မြောက်ကိုရီးယား မီဒီယာများက ယနေ့တွင်ဖော်ပြခဲ့သည်။

    မြောက်ကိုရီးယားတွင် မကြာသေးမီက ပြန်လည် လည်ပတ်နေသည့် နျူးကလီးယားဓာတ်ပေါင်းဖို့အတွက် လောင်စာချောင်းများကို စတင် ထုတ်လုပ်နေသည်ဟု ဂြိုဟ်တုမှ ရိုက်ထားသည့် ဓာတ်ပုံများက ဖော်ပြနေသည်ဟု Johns Hopkins တက္ကသိုလ်မှ အစီရင်ခံစာ ထုတ်ပြန်ပြီး တစ်ရက်အကြာတွင် မြောက်ကိုရီးယားဘက်က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

    နိုင်ငံအတွင်း ဒုတိယအာဏာအရှိဆုံးဟု ယူဆရပြီး ကင်ဂျုံအန်၏ ဦးလေးဖြစ်သူ ဂျန်ဆွန်ထက်အား ကွပ်မျက်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများဖြစ်ပေါ် လာပြီး၊ မြောက်ကိုရီးယားအနေဖြင့် နျူးကလီးယား လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
    Ref: Al Jazeera

  • တောင်ကြီးမြို့တွင် လက်လုပ် ယမ်းမိုင်းတစ်လုံး တွေ့၍ သက်ဆိုင်ရာမှ ဖောက်ခွဲဖျက်ဆီး

    တောင်ကြီးမြို့တွင် လက်လုပ် ယမ်းမိုင်းတစ်လုံး တွေ့၍ သက်ဆိုင်ရာမှ ဖောက်ခွဲဖျက်ဆီး

    ဒီဇင်ဘာ ၂၅၊ ၂၀၁၃
    M-Media
    ဇာဏီ

    တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်၊ ပြည်တော်အေးလမ်းရှိ ငြိမ်းချမ်း လူငယ် ဖွံ့ဖြိုးရေးနှင့် ပရဟိတဂေဟာဘေးတွင် ယနေ့ နေ့လည် ၁-နာရီဝန်းကျင်ခန့်က လက်လုပ် ယမ်းမိုင်းတစ်လုံးတွေ့ရှိ၍ သက်ဆိုင်ရာမှ ၎င်းနေရာတွင်ပင် ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း သိရပါတယ်။

    “မိဘမဲ့ကျောင်းရဲ့ ဘေးနားမှာပါ။ ကျောင်းထဲမှာ ဖြစ်တာမဟုတ်ပါဘူး။ ဗုံးကွဲတာတော့မဟုတ်ဘူး။ ဘယ်သူလာပစ်သွားလဲတော့မသိဘူး။ လက်လုပ်မိုင်း တစ်ခုလို့ပြောတယ်။ BE တပ်က ကျွမ်းကျင်တဲ့သူတွေက အဲ့ဒီနေရာမှာပဲ ဖျက်ဆီးလိုက်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ဒဏ်ရာ ရမှုမရှိခဲ့ပါဘူး။ တရားခံက မည်သူမည်ဝါဆိုတာ မသိနိုင်သေးပါဘူး။ တောင်ကြီးမြို့က တာဝန်ရှိသူတွေလည်း စုံစမ်းဖော် ထုတ်နေကြပါတယ်”ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောကြားလာပါတယ်။

    သက်ဆိုင်ရာက အန္တရာယ်ကင်းသည့်နေရာ အဖြစ် မိဘမဲ့ကျောင်းဝင်းအတွင်းက ကလေးများ ကစားသည့် ဘောလုံးကွင်း အတွင်းတွင် ကျင်းတူး၍ သဲအိတ်များဖြင့် စနစ်ကျစွာ ဖျက်ဆီးပစ် လိုက်ခြင်းဖြစ်ကြောင်း တောင်ကြီးမြို့ခံမှ ထပ်မံ သတင်းပေးပို့ပါတယ်။

    ၎င်း ငြိမ်းချမ်းလူငယ် ဖွံ့ဖြိုးရေးနှင့် ပရဟိတဂေဟာ အနယ်နယ် အရပ်ရပ်မှ မွတ်စလင် မိဘမဲ့ ဆင်းရဲသားကလေး ၁၀၀-ခန့် လာရောက်နေထိုင်ပြီး ၆၀-ခန့်မှာ အခြေခံပညာအလယ်တန်းကျောင်းတွင် တက်ရောက်ပညာ သင်ကြားနေသူများဖြစ်ကြကြောင်း၊ ယခင် မှတ်ပုံတင် မပြုလုပ်မီက မွတ်စလင် မိဘမဲ့ ကလေးများဂေဟာ အမည်ဖြင့် ဘာသာရေးစာပေ သင်ကြားမှုရှိခဲ့ပြီး မှတ်ပုံတင်ပြီးနောက်ပိုင်းတွင် အခြေခံပညာကိုပါ သင်ကြားပေးနေခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။

  • ဒီဇင်ဘာ ၂၅ နိုင်ငံတကာသတင်း

    ဒီဇင်ဘာ ၂၅၊ ၂၀၁၃
    M-Media

    thai-protest-5
    ထိုင်းမှာ အထူးလုံခြုံရေးဥပဒေ ၂ လထပ်တိုး

    – ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာကို ဖြုတ်ချရန်ရည်ရွယ်သည့် ဆန္ဒပြမှုများအား ကိုင်တွယ်နိုင်ရန်အတွက် အထူးလုံခြုံရေး ဥပဒေအား ယနေ့တွင် ၂ လ ထပ်တိုးလိုက်သည်ဟု သိရသည်။ ဆန္ဒပြပွဲများ စတင်ဖြစ်ပွားခဲ့သည့် လွန်ခဲ့သည့် တစ်လက စတင်ပြန်ဌာန်းခဲ့သည့် ထိုဥပဒေအရ ရဲတပ်ဖွဲ့ဝင်များမှာ လမ်းများပိတ်ဆို့ခြင်း၊ လူစုလူဝေးပြုလုပ်မှုများကို ပိတ်ပင်ခြင်း၊ ရှာဖွေဖမ်းဆီးမှုများပြုလုပ်ခြင်းနှင့် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း စသည့် လုပ်ပိုင်ခွင့်များ ရရှိမည်ဖြစ်သည်။ ဆန္ဒပြမှုများကြောင့် ၀န်ကြီးချုပ်ယင်းလပ်မှာ ပါလီမန်အား ဖျက်သိမ်းပေးခဲ့ပြီး ရွေးကောက်ပွဲ ကို ဖေဖော်ဝါရီလတွင် ပြုလုပ်ပေးမည် ဟု ပြောကြား ထားသော်လည်း အတိုက်အခံများက မကျေနပ်ကြပဲ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေသည်။
    …………………………………
    ကမ္ဘောဒီးယားတွင် ယာဉ်မတော်တဆမှုကြောင့်သေဆုံးမှု အနည်းငယ်ကျဆင်းလာ

    – ပြီးခဲ့သည့် ၁၁ လအတွင်း ကမ္ဘောဒီယားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် လူ ၁၇၂၇ ဦးသေဆုံးခဲ့ပြီး ယမန်နှစ်ကထက် ၀.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ကမ္ဘောဒီးယားသယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလ အတွင်း ယာဉ်မတော်တဆမှု ၃၉၃၄ မှုဖြစ်ပွားခဲ့ပြီး ယမန်နှစ်ကထက် ၀.၇ ရာခိုင်နှုန်းနှင့် ဒဏ်ရာရသူမှာလည်း ယမန်နှစ်ကထက် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ယာဉ်မတော်တဆမှု အများစုမှာ မူးယစ်သောက်စား၍ ကားမောင်းမှု၊ ဥပဒေချိုးဖောက်မှုနှင့် မဆင်မခြင်မောင်းနှင် မှုတို့ကြောင့်ဖြစ်ကြောင်း သိရသည်။
    ………………………………..
    Rokot ဂြိုလ်တို ရုရှားလွှတ်တင်မှု အောင်မြင်

    – Rokot ဟု အမည်ရသည့် ဂြိုဟ်တုတစ်ခုအား ရုရှားနိုင်ငံမြောက်ပိုင်းရှိ  Plesetsk အာကာသစခန်းမှ ယနေ့နံနက်စောစောပိုင်းတွင် အောင်မြင်စွာ လွှတ်တင်ခဲ့သည်ဟု ရုရှားကာကွယ်ရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်မှုကို ကိုးကား၍ ရုရှားသတင်းအေဂျင်စီ RIA Novosti က ရေးသားဖော်ပြ ခဲ့သည်။ ထိုဂြိုဟ်တုမှာ သတ်မှတ်ထားသည့် အာကာသပတ်လမ်းအတွင်းသို့ ၂ နာရီအတွင်း ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး၊ ထိုကဲ့သို့ လွှတ်တင်ခြင်း၏ ရည်ရွယ်ချက်မှာ စစ်ဘက်သုံး ဂြိုဟ်တု သုံးခုအား အာကာသအတွင်း လွှတ်တင်ရန်ဖြစ်သည်ဟု ရုရှားအာကာသကာကွယ်ရေးဌာနမှ ဗိုလ်မှူးကြီး ဒီမီထရီ ဇန်အင်က ပြောကြားခဲ့သည်။

    ………………………………..

    တောင်ဆူဒန်တွင် ငြိမ်းချမ်းရေးတပ်များ တိုးမြှင့်ချထားမည်

    – ပဋိပက္ခများဖြစ်ပွားနေသည့် တောင်ဆူဒန်နိုင်ငံသို့ ကုသမဂ္ဂ ငြိမ်းချမ်းရေးတပ်များ အင်အား ၂ ဆ နီးပါး တိုးမြှင့်ချထားရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယမန်နေ့တွင် အတည်ပြုခဲ့သည်။

    ယခုလက်ရှိတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့ ၇၀၀၀ နှင့် ရဲတပ်ဖွဲ့ဝင် ၉၀၀ ရှိနေပြီး၊ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၁၂၅၀၀နှင့် ရဲတပ်ဖွဲ့ဝင် ၁၃၂၃ ဦးအထိ တိုးမြှင့်ချထားပေးရန် အထွေအထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ တောင်းဆိုမှုအား လုံခြုံကောင်စီဝင် ၁၅ နိုင်ငံစလုံးက တညီတညွတ်တည်း သဘောတူခဲ့ခြင်းဖြစ်သည်။

    သီတင်းပတ်တစ်ပတ်တာ ကြာမြင့်နေပြီဖြစ်သည့် ထိုပဋိပက္ခမှာ ပြည်တွင်းစစ် အသွင်ကိုဆောင်လာပြီဖြစ်ပြီး လူပေါင်းများစွားလည်း သေဆုံးခဲ့ ရသည်ဟု တောင်ဆူဒန်နိုင်ငံအတွင်းရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    …………………………
    Little India တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခက စင်ကာပူနိုင်ငံသားများအား သတိပေးခြင်းဖြစ်သည်ဟု လီရှန်လွန်းပြောကြား

    – ဒီဇင်ဘာ ၈ ရက်နေ့က Little India တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခက တည်ငြိမ်သော လူအဖွဲ့အစည်းတွင်၌ပင် ထိုကဲ့သို့သော ပဋိပက္ခများဖြစ်နိုင်ကြောင်း စင်ကာပူနိုင်ငံသားများအား သတိပေးလိုက်ခြင်းဖြစ်သည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ယမန်နေ့က ရဲအရာရှိများနှင့် တွေ့ဆုံစဉ်အတွင်းပြောကြားလိုက်သည်။ လီရှန်လွန်းမှာ Rochor Neighbourhood ရဲစခန်းတွင် ထိုပဋိပက္ခအား ကိုင်တွယ်ခဲ့သည့် ရဲအရာရှိ ၄၀ နှင့်အတူ နံနက်စာစားခဲ့ပြီး အဖြစ်အပျက်၏ အသေးစိတ်အကြောင်းအရာများကို မေးမြန်းခဲ့ကာ၊ ရဲအရာရှိများ၏ မေးမြန်းမှုများကိုလည်း ဖြေကြားခဲ့သည်။
    …………………………

    – ဥရောပ တစ်ဝှမ်းတွင် ယမန်နေ့က တိုက်ခတ်ခဲ့သော မုန်တိုင်းများကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ပြီး၊ အင်္ဂလန်၊ ပြင်သစ်နှင့် ဆွီဒင်နိုင်ငံများရှိ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရကာ၊ ပြည်သူ များစွာမှာလည်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသည်။

  • မြန်မာနိုင်ငံရှိ HIV/AIDS ကုသမှုလုပ်ငန်းတွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကူညီမည်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၃
    M-Media

    AIDS treatment in Myanmar

    – မြန်မာနိုင်ငံအတွင်း HIV/AIDS ရောဂါကုသရေးနှင့် တားဆီး ကာကွယ်ရေး လုပ်ငန်းများအား တိုးချဲ့လုပ်ဆောင်ရန် အတွက် ဆင်းရဲမွဲတေမှုလျော့ချရေး ရန်ပုံငွေအဖွဲ့(ဂျပန်)မှ ထောက်ပံ့ငွေများအား မြန်မာအစိုးရနှင့် မြန်မာနိုင်ငံ အတွင်းရှိ အန်ဂျီအိုအသင်း အဖွဲ့များအကြား အသုံးပြုနိုင်ရန် မဟာဗျူဟာမြောက်သည့် ဆက်သွယ်မှု တစ်ခုကို အာရှဖွံ့ဖြိုးမှုဘဏ် ADB မှ ချိတ်ဆက်ပေးမည်ဟု နိုင်ငံပိုင်မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

    ADB မှ ထိုကဲ့သို့ လုပ်ဆောင်ပေးမှုမှာ ဝေးလံခေါင်ဖျားသော ဒေသများရှိ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသေးသော ပြည်သူလူထုအတွက် ထောက်ပံ့မှုများ ပိုမိုပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု New Light of Myanmar သတင်းစာ တွင် ဖော်ပြထားသည်။

    ဆင်းရဲမွဲတွေမှုလျော့ချရေး ရန်ပုံငွေအဖွဲ့(ဂျပန်)မှ ကူညီပေးအပ်သည့် ကန်ဒေါ်လာ ၁၀ သန်းဖြင့် ADB၊ မြန်မာအစိုးရနှင့် အန်ဂျီအို အဖွဲ့များပူးပေါင်းကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ရွာပေါင်း ၇၃၉ ရွာအား ကျန်မာရေးဆိုင်ရာ အကူအညီများ ပေးပို့သွားမည်ဖြစ်သည်။

    မြန်မာနိုင်ငံရှိ လူဦးရေ ၂ သိန်းကျော်မှာ HIV ပိုး ကူးစက်မှုခံနေရပြီး၊ ၂၀၁၂ ခုနှစ် နိုင်ငံတကာ AIDS အစီအစဉ်၏ စစ်တမ်းကောက်ယူမှု အရ မြန်မာနိုင်ငံတွင် HIV ပိုးကူးစက်သူအများစုမှာ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ အမျိုးသမီးလိင်အလုပ်သမများနှင့် လိင်တူဆက်ဆံသူ အမျိုးသားများဖြစ်ကြသည်။ သို့သော်လည်း ရောဂါဖြစ်ပွားသူများ၏ ၄ သောင်းကျော်သာ ART ကုသမှုကိုရရှိကြသည်ဟု သိရသည်။
    Ref: ဆင်ဟွာ