ဒီဇင်ဘာ ၂၇၊ ၂၀၁၃
M-Media
သီရိ
ရန်ကုန် ။ ။ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျဲ၊ နုံးကြီး၊ ကန့်သတ် ကျေးရွာများရှိ ယာမြေများကို ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၃) မှသိမ်းယူထားခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ချင်ပြစ်ကျင်းကျေးရွအုပ်စု နွယ်အင်းကျေးရွာတွင် တည်ရှိသော လှိုင်းချောင်း ရေလှောင်တမံ စီမံကိန်းမှ မြေယာသိမ်းခံတောင်သူများ၏ သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၂၇-ရက်နေ့တွင် MJN ရုံးခန်း၌ ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ကျောရွာ၏မြောက်ဖက် ၁၄ မိုင်ခန့်အကွာဝင် တပ်မတော် ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ် (၂၃) စက်ရုံကြီးများ တည်ဆောက်နိုင်ရန် အတွက် ၂၀၀၇/၂၀၀၈ ခုနှစ်တွင် လယ်ယာမြေများ ပေါ်သို့ဖြတ်ကာ စတင်ဖောက်လုပ်ခဲ့ ပါသည်။ “ကပစ-၂၃ တည်ဆောက်ဖို့အတွက် ရွာသုံးရွာကိုသိ မ်းဆည်းထားတယ်၊ ဧက ၁၄၀၃.၈၁ ကိုသိမ်းထားတယ် သူတို့ပြောတာ တပ်မတော် အနာဂတ်စီမံကိန်းတဲ့ ဒါကို
ကျွန်တော်တို့ နှောင့်ယှက်လိုခြင်း မရှိပါဘူး ဒါပေမဲ့ကျွန်တော်တို့ကို နစ်နာကြေးဆိုပြီး ပေးတာတွေက တစ်ဧကကို (၁၁၈) ကျပ်ပဲပေးတယ် ပြောတော့ တောင်သူတွေကို မနစ်နာစေရပါဘူးတဲ့ ၂၀၀၉ မှာ ခေတ်ကာလပေါက်ဈေးမှာ ၁ ဧကကို ၃၅သိန်းရှိတယ်။
အိမ်တွေနဲ့ပတ်သက်ပြီးလျော်ကြေးပေးတော့လည်း မျှတမှု မရှိဘူး ကျွန်တော်တို့ကတော့ ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေကို ၂၀၀၈/၂၀၀၉ ပေါက်ဈေးအတိုင်း လိုချင်တာပေါ့ဗျာ စက်ရုံဆောက်ပြီး သုံးလို့ရနေသေးတဲ့ လယ်ယာမြေတွေကိုလည်း ပြန်လိုချင်တယ် ” ဟု လယ်ယာမြေ သိမ်းခံထားရသော ကန့်သတ်ရွာသား ဦးအောင်နိုင်ဦး မှ ပြောကြားသွားခဲ့ပါသည်။
လှိုင်းချောင်းရေလှောင်တမံ တည်ဆောက်စဉ်က ဒေသခံတောင်သူများသည် လယ်ဧကပေါင်း ၃၅၀-ကျော်ကို နစ်နာကြေး လုံးဝမရရှိဘဲ အသိမ်းခံခဲ့ ကြရသည်။ ရေသောက်ဧရိယာ ဧက ၁၀၀၀ ကျော်ရေဝေပေးနိုင်မည်ဟု တမံ တည်ဆောက်စဉ်ကသတ်မှတ်ခဲ့သော်လည်း တမံပြီးစီးသည့်နေ့ မှစ၍ ယနေ့ထက်တိုင် ၁ ဧကကိုပင် ရေပေးနိုင်ခြင်း မရှိခဲ့ပါ။ ထိုတမံတည်ဆောက်ခြင်း ကြောင့် ဒေသခံတောင်သူများ လယ်ယာမြေဧက ၃၅၀ ကျော် သိမ်းဆည်း ဆုံးရှုံး နစ်နာခဲ့ရသည်။ “တောင်သူတွေမှာဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်၊ အိမ်ရှိ လူကုန်ထွက်ပြီး အလုပ်လုပ်နေရတယ်၊ ကျောင်းတက်မယ့် ကလေးငယ်တွေတောင် ကျောင်းမှာ မရှိသလောက်ဖြစ်နေတယ်၊ ဆုံးရှုံးသွားတဲ့လယ်ယာတွေကိုလျော်ကြေး မပေးတဲ့အပြင် မြေတွေကိုကော်ဖို့ ဘူဒိုဆာ နဲ့ထိုးတာကို တစ်အိမ်ကို ကျပ် ၅၀၀ ပြန်ကောက်တယ်၊ ကျွန်တော်တို့ကတော့ လယ်ယာမြေကိုပြန် လိုချင်တယ် အဲလိုမှမဟုတ်ရင်လဲ ကာလပေါက်ဈေးနဲ့ညီတဲ့ လျော်ကြေးငွေကို လိုချင်တယ်၊ မရ ရအောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှ ဖြစ်ပါတယ်။ ”
ဟု ဦးညီညီအောင်မှ ပြောကြားခဲ့ပါသည်။
Leave a Reply
You must be logged in to post a comment.