News @ M-Media
Blog
  • အာဆင်နယ်ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ချယ်ဆီး၊ အဲဗာတန်တို့ အနိုင်ရရှိခဲ့ကြသည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၆
    ဒီဇင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အဖြစ် ယမန်နေ့ညတွင် ၇ ပွဲကစားခဲ့ရာ ဇယားထိပ်ဆုံးမှ အာဆင်နယ်မှာ မန်စီးတီးအသင်းအား ရှုံးနိမ့်ခဲ့ပြီး၊ ချယ်ဆီးနှင့် အဲဗာတန်တို့မှာ အသီးသီးအနိုင်ရရှိခဲ့ကြသည်။ နောက်ပိုင်းပွဲစဉ်တွင် ခြေစွမ်းပြနေခဲ့သည့် နယူးကာဆယ်အသင်းမှာ အိမ်ကွင်းတွင် သရေသာ ကစားနိုင်ခဲ့သည်။
    BbdAN_3CcAA84Hc
    မန်စီးတီး ၆-၃ အာဆင်နယ်
    အီတီဟတ်တွင် ကစားခဲ့သည့် ယခုပွဲတွင် အိမ်ကွင်းစွမ်းဆောင်ရည် အကောင်းဆုံးဖြစ်နေသည့် မန်စီးတီးအသင်းအား ဦးဆောင်သူအာဆင်နယ်တို့ ဂိုးပြတ်ခြေပြတ်ဖြင့်အရှုံးပေးခဲ့သည်။ မန်စီးတီးအသင်း၏ ကွင်းလယ်တွင် ယာယာတိုးရေးနှင့် ဖာနန်ဒင်ဟိုတို့အစွမ်းပြခဲ့ပြီး မန်ယူအား ၄ ဂိုး ၁ဂိုး၊ စပါးအား ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် အိမ်ရှင်းအသင်း၏ တိုက်စစ်မှာလည်း ယခုပွဲတွင် ဂိုးရရှိရန် မခက်ခဲခဲ့ပေ။ အာဆင်နယ်အသင်းတွင် စက်တင်ဘာလကတည်းက အနားယူနေရသည့် ဝေါ့လ်ကော့ ပြန်လည်ပါဝင်လာခဲ့ပြီး အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့သည်။ မန်စီးတီးအသင်းအတွက်ဂိုးများကို အဂူရို၊ နီဂရီဒို၊ ဆေးလ်ဗား၊ ယာယာတိုးရေးတို့က တစ်ဂိုးစီနှင့် ဖာနန်ဒင်ဟိုက နှစ်ဂိုးသွင်းယူပေးခဲ့ပြီး၊ အာဆင်နယ်အသင်းအတွက် တတိယမြောက် ချေပဂိုးကို ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် မာတာဆက်ကာက သွင်းယူပေးခဲ့သည်။ ယခုရှုံးပွဲမှာ အာဆင်နယ်အသင်းအတွက် တတိယမြောက်ရှုံးပွဲဖြစ်ခဲ့ပြီး မန်စီးတီးအသင်းမှာ တတိယနေရာသို့ တက်လာခဲ့သည်။
    ………………………………..
    ချယ်ဆီး ၂-၁ ခရစ္စတယ်ပဲလေ့စ်
    ဒုတိယနေရာမှ လီဗာပူးလ်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် တတိယနေရာတွင် ရှိနေသည့် မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာ အာဆင်နယ်အသင်း၏ ရှုံးနိမ့်မှုအား အပြည့်အ၀ အခွင့်အရေးရယူနိုင်ခဲ့သည်။ ချယ်ဆီးအသင်းမှာ ပထမပိုင်း၏ အစောပိုင်းမိနစ်များတွင် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့ပြီး ၁၆ မိနစ်မှာပင် အဖွင့်ဂိုးရရှိခဲ့သည်။ ထိုဂိုးအား ပရိတ်သတ်များ၏ ဝေဖန်မှုကို ခံနေရသည့် ဖာနန်ဒိုတောရက်စ်က ကန်သွင်းယူခဲ့သည်။
    သို့သော်လည်း ၂၉ မိနစ်တွင် ခရစ္စတယ်ပဲလေ့စ်တို့ ချေပဂိုးရရှိခဲ့ပြီး မာရောနီ ချာမက်က သွင်းယူပေးခဲ့သည်။ ချယ်ဆီးတို့အတွက် အနိုင်ဂိုးကို ၃၅ မိနစ်တွင် ရရှိခဲ့ပြီး ရာမီးရက်စ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ကြောင့် ချယ်ဆီးမှာ ဒုတိယနေရာသို့ ရောက်ရှိလာခဲ့ပြီး ဦးဆောင် သူအာဆင်နယ်နှင့် ၂ မှတ်သာကွာတော့ကာ လာမည့် တစ်ပါတ်တွင် ကစားရမည့် ပွဲတွင် အာဆင်နယ်အား အနိုင်ကစားနိုင်ပါက ဇယားထိပ်ဆုံးတွင် ဦးဆောင်နိုင်ရန် အခွင့်အရေးရှိနေသည်။
    …………………………………
    အဲဗာတန် ၄-၁ ဖူလ်ဟမ်
    နောက်ဆုံးငါးပွဲတွင် လေးပွဲအထိရှုံးထားသည့် ဖူလ်ဟမ်အသင်းမှာ မာတီနက်ဇ်၏ အဲဗာတန်အသင်းကို မယှဉ်နိုင်ခဲ့ဘဲ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း အိမ်ရှင်တို့မှာ ပထမပိုင်းတွင် လီယွန် အွတ်စမန်၏ ၁၈ မိနစ်သွင်းဂိုး တစ်ဂိုးတည်းသာ ရရှိခဲ့ပြီး ဒုတိယပိုင်း မိနစ် ၇၀ ကျော်မှသာ နောက်ထပ်အနိုင်ဂိုး သုံးဂိုး ရရှိခဲ့ခြင်းဖြစ်သည်။ ထိုဂိုးများကို ၇၃ မိနစ်တွင် ကိုးလ်မန်းကလည်းကောင်း၊ ၈၄ မိနစ်တွင် ဘယ်ရီကလည်းကောင်း၊ ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် မီရာလက်စ်ကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့ပြီး ဖူလ်ဟမ်အသင်း အတွက် ချေပဂိုးကို ၆၇ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဘာဘာတော့ဗ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ကြောင့် အဲဗာတန်အသင်းမှာ အိမ်ကွင်း ၁၇ ပွဲဆက်တိုက် အနိုင်ရရှိသည့် မှတ်တမ်း ရရှိခဲ့သည်။
    ………………………………….
    နယူးကာဆယ် ၁-၁ ဆောက်သက်တမ်
    နောက်ဆုံးငါးပွဲတွင် စပါး၊ မန်ယူတို့အပါအ၀င် လေးပွဲနိုင်အောင် ကစားနိုင်ခဲ့သည့် နယူးကာဆယ်တို့မှာ အိမ်ကွင်းစိန့်ဂျိမ်းစ်ပါ့ခ်တွင် ခြေစွမ်းမဆိုးလှသည့် ဆောက်သက်တမ်အသင်းအား သရေသာကစားနိုင်ခဲ့သည်။ နယူးကာဆယ်အသင်းတွင် ခြေစွမ်းပြနေသည့် ကွင်းလယ်လူ ကာဘာယီမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။ အိမ်ရှင် နယူးကာဆယ်တို့မှာ ပွဲစလျှင်စချင်းပင် ဖိကစားခဲ့ပြီး ၂၆ မိနစ်တွင် ဂေါ့ဖ်ရင်က ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။ ထိုဂိုးမှာ ဂေါ့ဖ်ရင်၏ နောက်ဆုံးကစားခဲ့သည့်လေးပွဲတွင် လေးဂိုးမြောက် သွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ သို့သော်လည်း ဒုတိယပိုင်း ၆၅ မိနစ်တွင် ဆောက်သက်တမ်တို့ အဖွင့်ဂိုးရခဲ့ပြီး ရော်ဒရီဂတ်ဇ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ကာဒစ်ဖ် ၁-၀ ၀က်စ်ဘရွန်း
    ဟားလ်စီးတီး ၀-၀- စတုတ်
    နောက်ဆုံး ၉ ပွဲတွင် တစ်ပွဲသာ အနိုင်ရရှိထားသည့် ကာဒစ်ဖ်မှာ ယခုပွဲတွင် ပီတာဝှစ်တင်ဂမ်၏ ၆၅ မိနစ်သွင်းဂိုးဖြင့် ၃ မှတ်ရယူနိုင်ခဲ့သည်။ ယခုပွဲအရှုံးမှာ ၀က်စ်ဘရွန်းအသင်း၏ နောက်ဆုံး လေးပွဲဆက် ရှုံးနိမ့်ခြင်းလည်းဖြစ်သည်။
    တန်းဆင်းဇုန်နားမှ အသင်းနှစ်သင်းဖြစ်သည့် ၀က်စ်ဟမ်းနှင့် ဆန်းဒါးလန်းတို့ပွဲစဉ်တွင် နှစ်သင်းစလုံး ဂိုးသွင်းခွင့်အနည်းငယ်စီ ရရှိခဲ့ပြီး အသုံးမချနိုင်ခဲ့သောကြောင့် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
    ဟားလ်စီးတီးနှင့် စတုတ်တို့၏ ပွဲစဉ်မှာ နှစ်ဘက်ဂိုးသမားများ အစွမ်းပြခဲ့သည့် ပွဲဖြစ်ပြီး နှစ်သင်းစလုံး၏ အပိုင်ဂိုးသွင်းခွင့်တော်တော်များများကို ဂိုးသမားများက ကာကွယ်သွားနိုင်ခဲ့သောကြောင့် ဂိုးမရှိသရေဖြင့်ပြီးဆုံးခဲ့သည်။
  • ဒီဇင်ဘာ ၁၄ အားကစားသတင်းများ
    ဒီဇင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    arsenal-s-french-manager
    – အသင်း၏ ခြေစွမ်းကောင်းမှုနှင့် ပရီးမီးယားလိဂ် ဇယားထိပ်တွင် ရပ်တည်နေနိုင်ခြင်းမှာ အာဆင်နယ်အသင်းအနေဖြင့် အပြောင်းအရွှေ့ရာသီတွင် မန်စီးတီးအသင်းကဲ့သို့ ငွေကြေးအမြောက်အများ သုံးစွဲရန် မလိုအပ်ကြောင်း သက်သေပြခြင်းဖြစ်သည်ဟု အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။ အာဆင်နယ်မှာ မန်ချက်စတာစီးတီးအသင်းနှင့် ယနေ့ညတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ အာဆင်ဝင်းဂါးက မန်စီးတီးအနေဖြင့် တောင့်တင်းသော လူစာရင်းရှိသော်လည်း မနာလိုမဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ……………………………
    – စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်ပြီး ယခုကဲ့သို့ အသင်း၏ အရေးပါသော ကစားသမားဖြစ်လာအောင် နည်းပြဟောင်း မော်ရင်ဟိုက ကူညီပေးခဲ့သည်ဟု ရီးယဲလ်မက်ဒရစ်အသင်း၏ အာဂျင်တိုင်း ကွင်းလယ်လူ ဒီမာရီယာကဆိုပြီး ရော်နယ်ဒိုနှင့် တွဲကစားရခြင်းကို ရှိန်နေမည်မဟုတ်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ဒီမာရီယာမှာ မော်ရင်ဟို ရီးယဲလ်တွင် ရှိနေစဉ် ၂၀၁၀ ခုနှစ်က ဘင်ဖီကာအသင်းမှာ ယူရို ၂၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်အသင်းတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးထားသည်။
    ……………………………
    – မိမိအား ကစားသမားသက်တမ်းအား မန်ယူအသင်းတွင်ပင် ကုန်ဆုံးစေချင်သည်ဟု ကွင်းလယ်လူ  ဂျာနူဇေးက ပြောကြားခဲ့သည်။ အသက် ၁၈ နှစ်သာရှိသေးသည့် ဂျာနူဇေးမှာ အသင်းနှင့် ပထမဆုံးကစားခဲ့သည့် ဆန်ဒါလန်းအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် အသင်းက ၎င်းအား ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး အင်္ဂါနေ့ကကစားခဲ့သည့် ရှက်တာဒိုးနက်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင်လည်း ပါဝင်ကစားခွင့်ရခဲ့သည်။
    …………………………….
    – စီအက်စ်ကေအေ မော်စကိုအသင်း၏ ဂျပန်ကွင်းလယ်လူ ကေဆူကီ ဟွန်ဒါအား ၃ နှစ်ခွဲ စာချုပ်ဖြင့် ခေါ်ယူလိုက်သည်ဟု အေစီမီလန်အသင်း၏ စီးအီးအိုဖြစ်သူ အက်ဒရီယာနို ဂါလီယာနီက ပြောကြားခဲ့သည်။ ယခုနှစ် ဇန်န၀ါရီလတွင် စီအက်စ်ကေအေနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် ဟွန်ဒါအား အေစီမီလန်က အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဟွန်ဒါထံမှ အကောင်းဆုံး စွမ်းဆောင်ရည်များကို ဂါလီယာနီက မျှော်လင့်နေသည်။
    …………………………………
    – သြဂုတ်လ ၂၇ ရက်နေ့က အေစီမီလန်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ဆဲလ်တစ်ပရိတ်သတ်များက အိုင်ယာလန်လွတ်မြောက်ရေးတပ်မတော် IRA မှ အစာအငတ်ခံဆန္ဒပြ၍ သေဆုံးသွားခဲ့သည့် ဘော့ဘီဆန်း၏ ရုပ်ပုံနှင့် စကော့တန်လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ခဲ့သည့် အဓိက ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သူ ၀ီလီယံဝေါလေ့တို့၏ ရုပ်ပုံများအား ကိုင်ဆောင်ပြသခဲ့သောကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက ဆဲလ်တစ်အသင်းအား ယူရို ၅၀၀၀၀ ဒဏ်ရိုက်ခဲ့သည်ဟု သိရသည်။ ထိုကဲ့သို့ ရုပ်ပုံများအား ဖော်ပြခြင်းမှာ ဥပဒေနှင့် မညီညွတ်သောကြောင့် ယခုကဲ့သို့ ဒဏ်ရိုက်ခဲ့ခြင်းဖြစ်ပြီး၊ ပရိတ်သတ်များအနေဖြင့် နောက်နောင်တွင် ထိုကဲ့သို့ ကိစ္စများမပြုလုပ်ရန် သတိပေးပြောကြားခဲ့သည်။
  • ဒီဇင်ဘာ ၁၄ နိုင်ငံတကာသတင်းများ
    ဒီဇင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    VD-North-Korean-leader-and-uncle-408x264
    မြောက်ကိုရီးယား အာဏာရှင်အသိုင်းအ၀ိုင်း မတည်ငြိမ်မှု နိုင်ငံတကာစိုးရိမ်
    – မြောက်ကိုရီယား၏ ဒုတိယသြဇာအရှိဆုံးခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ ကင်ဂျုံအွန်၏ ဦးလေးလည်းဖြစ်သူ ဂျန်ဆွန်ထက်အား ကွပ်မျက်လိုက်ပြီးနောက် မြောက်ကိုရီးယား၏ နိုင်ငံရေး မတည်ငြိမ်မှုအတွက် တောင်ကိုရီးယာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ စိုးရိမ် မှုများဖြစ်ပေါ်နေသည်ဟု သိရသည်။
    ဂျန်ဆွန်ထက်အား မကွပ်မျက်မီ စစ်ခုံရုံးတွင် အထူးကြားနာမှုတစ်ခုပြုလုပ်ခဲ့ပြီး အစိုးရအား ဖြတ်ချရန်ကြုံစည်မှုနှင့် နိုင်ငံတော်အား ပုန်ကန်မှုတို့ဖြင့် ကွပ်မျက်ခဲ့ခြင်းဖြစ်သည်ဟု KCNA သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။
    ထိုကဲ့သို့ စီရင်လိုက်ခြင်းမှာ ကင်ဂျုံအွန်အနေဖြင့် မိမိအာဏာတည်မြဲရေးအတွက် မည်သည့်ကိစ္စကိုမဆို ပြုလုပ်နိုင်ကြောင်း ပြသလိုက်ခြင်းလည်းဖြစ်သည်။
    ……………………………..
    ကော်လိုရာဒိုတွင် သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား
    – အမေရိကန် ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ်ရှိ အထန်တန်းကျောင်းတစ်ခုတွင် ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ကျောင်းသား နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တရားခံမှာ မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်သွားသည်ဟုသိရသည်။ ကန်တန်နီယဲလ်မြို့ Arapahoe အထက်တန်းကျောင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ကိုင်ထားသော လူတစ်ဦးမှာ ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာတစ်ဦး၏ နာမည်အား ဟစ်ခေါ်ကာ ထိုကျောင်းအတွင်းသို့ ၀င်လာခဲ့ပြီး ကျောင်းသားတစ်ဦးမှ ထိုသူအား ရင်ဆိုင်ခုခံခဲ့သောကြောင့် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကာ စိုးရိမ်ဖွယ်အနေအထားတွင်ရှိနေသည်။ သို့သော်လည်း အခြားကျောင်းသားတစ်ဦးမှာ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီး ဆေးကုသမှုကို ခံယူနေသည်။
    ……………………………..
    စနိုးဒင်မှ လျို့ဝှက်ချက်များ ဖွင့်ချမှု ရပ်တန့်လျင် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေသည့်ဟု NSA မှပြော
    – အေးဂျင့်ဟောင်း စနိုးဒင်အနေဖြင့် လျို့ဝှက် ဖိုင်များဖွင့်ချမှုကို ရပ်တန့်ပါက လျှို့ဝှက်ချက်ဖော်ထုတ်မှုဖြင့် တရားစွဲဆိုထားမှုအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေသည်ဟု အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ၏ အကြီးတန်းအရာရှိများက ပြောကြားလိုက်သည်။ စနိုးဒင်မှာ အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းမှုများအား ဟောင်ကောင်တွင် ဖွင့်ချခဲ့ပြီးနောက် ရုရှားတွင် နိုင်ငံရေုးခိုလှုံခွင့်တောင်းကာ ယခုအချိန်တွင် ၀ဘ်ဆိုဒ်ကုမ္ပဏီတခုတွင် အလုပ်လုပ်နေသည်ဟု သိရသည်။
    …………………………….
    မာလီနိုင်ငံတွင် ကားဗုံးပေါက်
    – မာလီနိုင်ငံမြောက်ဘက်ရှိ ကီဒယ်မြို့တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ဆီနီဂေါမှ တစ်ဖွဲ့ဝင်နှစ်ဦးအပါအ၀င် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ငြိမ်ချမ်းရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေသည့် ဘဏ်တစ်ခုရှေ့တွင် ရပ်ထားသောကားမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ ဘဏ်အဆောက်အုံလည်း ထိခိုက်မှုများရှိခဲ့ကာ၊ အနီးအနားရှိ စာသင်ကျောင်းမှာလည်း မီးခိုးများဖုံးလွှမ်းသွားခဲ့သည်ဟု ပေါက်ကွဲမှုဖြစ်ပွားရာ အနီးအနားတွင်နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
    …………………………………..
    ရုရှတွင် Mig-31 တိုက်လေယာဉ်တစ်စင်း ပျက်ကျ
    – ရုရှားနိုင်ငံ အရှေ့ဘက်ရှိ Primorsky Kray ပြည်နယ်တွင် Mig-31 တိုက်လေယာဉ်တစ်စင်း ပျက်ကျမှု ယနေ့တွင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ Vozdvizhenka မြို့အနီးရှိ လေတပ်စခန်းမှ လေ့ကျင့်ခန်းများပြုလုပ်ရန် ပျံတက်ပြီးနောက် သိပ်မကြာခင်ပျက်ကျခဲ့ပြီး၊ လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ပိုက်လော့နှစ်ဦးစလုံးမှာ အချိန်မှီခုန်ထွက်နိုင်ခဲ့သောကြောင့် အသက်ရှင်ခဲ့ကြောင်း၊ လေယာဉ်ပျက်ကျခြင်းမှာ အင်ဂျင် ချို့ယွင်းမှုကြောင့်ဟု ယူဆရကြောင်း ရုရှား ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောကြားခဲ့သည်။
    ……………………………….
    မွန်ဘိုင်းတွင် မီးလောင် လူ ၇ ဦးသေဆုံး
    – အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ အထက်မြင့်အဆောက်အဦးတစ်ခုတွင် ယမန်နေ့ ညနေပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၇ ဦး သေဆုံးခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ မွန်ဘိုင်းမြို့တောင်ဘက်ရှိ ၂၆ ထပ်အဆောက်အဦး၏ ၁၂ ထပ်တွင် ဒေသစံတော်ချိန် ည ၇နရီခွဲ၌ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးသတ်ကား ၂ ဒါဇင်ခန့် လာရောက်ကာ ၃ နာရီကြာ ညှိမ်းသက်ခဲ့ရသည်။ ထို့ပြင် မီးသတ်အရာရှိ ၂ ဦးနှင့် ရဲဘော် ၄ ဦးတို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု သိရသည်။
    ………………………………………
    ဗြိတိန် MI 6 အတွက် သူလျိုလုပ်ပေးသူ အီရန် ဖမ်းမိ
    – ဗြိတိန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ MI6 အတွက် တာဝန်ထမ်းဆောင်နေသည့် သူလျှိုတစ်ဦးအား အီရန်အရှေ့တောင်ပိုင်း ကာရ်မန်မြို့တွင် ဖမ်းဆီးလိုက်သည်ဟု ဒေသတွင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ သူလျှိုမှာ လပေါင်းများစွာကြာ ထောက်လှမ်းရေး လုပ်ငန်းများကို လုပ်ဆောင်နေခဲ့သူဖြစ်ပြီး အီရန်နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပရှိ ဗြိတိန် ထောက်လှမ်းရေးအေးဂျင့်များအား ၁၁ ကြိမ်တိုင်တိုင် ဆက်သွယ်ကာ အချက်အလက်များကိုပေးပို့ခဲ့သည်ဟု ကာရ်မန် တရားရုံးမှ ဒါခိုဒါ ဆာလာရီက ပြောကြားခဲ့သည်။
  • လှိုင်ထိပ်ထား ကားဂိတ်တွင် နိုင်ငံတော်က တရားဝင် အသိအမှတ်ပြုထားသော သာသနာဝင်များကို စော်ကားထားသည့် ကြေငြာချက် ချိတ်ဆွဲထား
    လှိုင်ထိပ်ထား ကားဂိတ်တွင် နိုင်ငံတော်က တရားဝင် အသိအမှတ်ပြုထားသော သာသနာဝင်များကို စော်ကားထားသည့် ကြေငြာချက် ချိတ်ဆွဲထား
    ဒီဇင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    ကိုလေး
    Haling Hite Htar
    ရန်ကုန်-ဓနုဖြူ-ကျုံဓနိ-လှည်းကူးသို့ ပြေးဆွဲနေသည့် လှိုင်ထိပ်ထား ကားဂိတ်တွင် “လှိုင်ထိပ်ထား၏ ရည်ရွယ်ချက်” ခေါင်းစဉ်တပ်ထားသည့် ဗီနိုင်းတစ်ခုကို တပ်ဆင်ထားပြီး၊ ထိုဗီနိုင်း၏ ၂ (ဂ) တွင် “အစ္စလာမ် ဘာသာဝင်/မူဆလင် လူမျိုးများနှင့် အလူ့မိစ္ဆာများ (လုံးဝ) မတင်ပါ” ဟု လူမျိုးရေး၊ ဘာသာရေးအား ထိခိုက်သည့် အချက်တစ်ချက် ထည့်သွင်းရေးသား ထားသည်ကို တွေ့ရှိခဲ့ရသည်။
    ထိုကိစ္စနှင့် ပက်သက်၍ ရန်ကုန်မြို့လှိုင်သာယာရှိ ဒဂုံဧရာ ကားကွင်းရှိ လှိုင်ထိပ်ထား ကားဂိတ်သို့ ဆက်သွယ်မေးမြန်းခဲ့သည်။ ထိုသို့မေးမြန်းရာတွင် ထိုကြေညာချက်အား ကားဂိတ်ပိုင်ရှင်၏ သဘောထား အရသာ ကပ်ထားခြင်းဖြစ်ပြီး၊ မည်သည့်အဖွဲ့အစည်းကမှ လုပ်ခိုင်းခြင်း မဟုတ်ကြောင်း၊ ယခင်က စာရွက်ငယ်များဖြင့် ရေးသားထားပြီး ဗီနိုင်းဖြင့် ရေးသားထားခြင်းမှာ ၁ လကျော်ကြာပြီဖြစ်ကာ လှိုင်ထိပ်ထား ကားလိုင်း၏ လက်မှတ်ရောင်းသော ဂိတ်တိုင်းတွင် ကပ်ထားခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
    ထို့နောက် ကြေညာချက်တွင် ၂ (ဂ) တွင် ရေးသားထားသောအချက်နှင့် ပက်သက်၍ နိုင်ငံအတွင်း ယခုလက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေအရ မိမိတို့အနေဖြင့် အမျိုးဘာသာသာသနာအတွက် စည်း တစ်ခုခြားထားခြင်းဖြစ်ပြီး၊ အခြား မည်သည့် ရည်ရွယ်ချက်မှ မရှိကြောင်း၊ “မိစ္ဆာ” ဆိုသည့် စကားလုံးမှာလည်း အစ္စလာမ်ဘာသာဝင်များကို ရည်ညွှန်းခြင်းမရှိဘဲ၊ သောက်စား၊ မူးရစ်ရမ်းကားသည့် လူများကိုသာ ရည်ညွှန်းသုံးစွဲထားခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
    ဥပဒေပညာရှင်တစ်ဦးကို M-Media မှ ဆက်သွယ်မေးမြန်းရာ ‘ အဆိုပါကြေညာချက် ၂ (ဂ) တွင်ရေးသားထားသည့် စာကြောင်းတွင် “နှင့်” ဆိုသည့် စကာလုံးသုံးစွဲထားခြင်းကြောင့် အစ္စလာမ်ဘာသာဝင်များအား “မိစ္ဆာ” ဆိုသည့် စကားလုံးနှင့် တစ်တန်း တစ်စားတည်း ဖြစ်အောင် စော်ကားဖော်ပြထားခြင်းသာဖြစ်ပြီး၊ ပြစ်မှုဆိုင်ရာဥပဒေ အခန်း ၁၅ တွင် ဖော်ပြထားသည့် ဘာသာသာသနာရေးဆိုင်ရာ ပြစ်မှု ပုဒ်မ ၂၉၅(က) နှင့် ညိစွန်းနေကြောင်း’ ပြောကြားခဲ့သည်။
    ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇသတ်ကြီး) အခန်း ၁၅ ဘာသာ သာသနာဆိုင်ရာပြစ်မှုများ ပုဒ်မ ၂၉၅ တွင် အောက်ပါ အတိုင်း ပြဌားန်ပါရှိပါသည်။
    “ပြည်ထောင်စုနိုင်ငံတော်တွင် နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင်မသမာသောအကြံဖြင့် မည်သူမဆို၊ စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ ထိုလူတစားကိုးကွယ် သည့်ဘာသာသာသနာကိုသော်၎င်း၊ ဘာသာ သာသနာရေး ယုံကြည်မှုကိုသော်၎င်း၊ စော်ကားလျှင်၊ သို့တည်းမဟုတ် စော်ကားရန်အားထုတ်လျှင်၊ ထိုသူကို နှစ်နှစ်ထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရ မည်။”
    အလားတူ ပုဒ်မ ၂၉၈ တွင် “တဦးတယောက်သောသူ၏ ဘာသာရေးစိတ်ကို နာစေရန်တမင်ကြံ၍၊ မည်သူမဆို၊ ထိုသူကြားလောက်သောနေရာ၌ စကားပြောဆိုလျှင်၊ သို့တည်းမဟုတ် အသံတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ် ထိုသူမြင်လောက်သောနေရာ၌ ကိုယ်အမူအရာတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ် အရာဝတ္ထုတခုခုကိုထားလျှင် ထိုသူကို တနှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။” ဟုပြဌားန်ထားပါသည်။
    ယခုနောက်ပိုင်းနှစ်များတွင် မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များနှင့် အစ္စလာမ်သာသနာအား စော်ကား ပုတ်ခတ်မှုများကို သွယ်ဝိုက်၍ဖြစ်စေ၊ အတိအလင်းဖြစ်စေ ပြုလုပ်လျက်ရှိနေပြီး ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် ညိစွန်းနေသော်လည်း အာဏာပိုင်းများအနေဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းမရှိပေ။
    ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ရခိုင်လူငယ်ကွန်ရက်မှ ပြုလုပ်ခဲ့သည့် အိုအိုင်စီ ဆန့်ကျင်ဆန္ဒပြပွဲတွင် အစ္စလာမ်ဘာသာအား ရိုင်းပြစွာ စော်ကားထားသော ဗီနိုင်းတစ်ခုအား သံဃာတော်များမှ ကိုင်ဆောင်မှုနှင့် ပတ်သက်ပြိး သီတင်းတစ်ပါတ်အကြာခန့်တွင်မှာ အရေးယူမည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ယနေ့ထိ ဖမ်းဆီးတရားစွဲဆိုမှုတစုံတရာ ပြုလုပ်သည်ကို မကြားသိရသေးပေ။
  • Little India ဖြစ်ပွားခဲ့သည့် ဆူပူမှုအတွက် စင်ကာပူအစိုးရ စုံစမ်းရေး ကော်မရှင်ဖွဲ့စည်း
    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    M-Media
    riot-police-today
    Little India တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုနောက်ကွယ်တွင် မည်သည့်အကြောင်းအရင်းများရှိနေသည်ကို စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင်လေးဦးပါသည့် စုံစမ်းစစ်ဆေးရေးကော်မတီ COI ကို စင်ကာပူအစိုးရက ဖွဲ့စည်းလိုက်သည်ဟု သိရသည်။
    ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ မပြီးဆုံးသေးသော်လည်း စင်ကာပူ တရားရုံးချုပ်မှ တရားသူကြီး ဂျီ ပန်နီယာ ဆဲလ်ဗမ် ဦးဆောင်သည့် COI အဖွဲ့မှာ စုံစမ်းမှုများကို အမြန်ဆုံးစတင်မည်ဖြစ်ပြီး ၆ လ အတွင်း ၎င်းတို့ ရရှိသည့် အသေးစိတ်အချက်အလက်များကို စင်ကာပူပြည်ထဲရေး ၀န်ကြီးဌာနသို့ တင်ပြသွားရမည်ဖြစ်သည်။
    ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါဆူပူအကြမ်းဖက်မှုမှာ အိန္ဒိယ နိုင်ငံသားအလုပ်သမားတစ်ဦးအား ကားတစ်စီးက ၀င်တိုက်မိခဲ့ရာမှ အစပြုခဲ့ခြင်းဖြစ်ပြီး လူ ၄၀၀ နီးပါးခန့်ပါဝင်ခဲ့သည်။
    သို့သော်လည်း စင်ကာပူ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အခြေအနေကို ကောင်းမွန်စွာထိန်းသိမ်းနိုင်ခဲ့ပြီး၊ စင်ကာပူနိုင်ငံသားများအနေနှင့်လည်း ထိုကိစ္စအား တရားဥပဒေအတိုင်း ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့ကြသည်။
    စင်ကာပူနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အဓိကရုဏ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂလီများ ပါဝင်သည့်ဟု အစောပိုင်း ထွက်ပေါ်လာသည့် သတင်းများကို အခြေပြုပြီး ဆိုရှယ်မီဒီယာ အသုံးပြုသည့် အချို့သော မြန်မာ လူမျိုးများကြားတွင် အစ္စလာမ်သာသနာနှင့် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များကို  စော်ကား တိုက်ခိုက်သည့် ပိုစ်များ ပျံနှံ့ထွက်ပေါ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။
    Ref: CNA
    (Photo: TODAY/Ooi Boon Keong)