News @ M-Media

Blog

  • တိုက်ပွဲကာလ ပျက်ဆီးခဲ့သော ခရစ်ယျာန် ဘုရားကျောင်း ဖိလစ်ပိုင် မွတ်စလင်များ ပြန်လည်ပြုပြင်ပေး

    ဒီဇင်ဘာ ၁၇၊ ၂၀၁၃
    M-Media

    The Christ the King chapel was destoyed during clashes between government forces and rebels last September.
    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း သူပုန်များကြီးစိုးရာဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလက အစိုးရနှင့် သူပုန်များအကြားဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့ရသည့် ကက်သလစ် ဘုရားကျောင်းတစ်ခုအား ဖိလစ်ပိုင် မွတ်စလင်များက ပြန်လည်ပြုပြင်ပေးနေသည်ဟု သိရသည်။

    “ပျက်စီးနေတဲ့ ဗလီကိုသာ သူတို့ပြင်မယ်လို့ ကျွန်တော်တို့ အရင်ကထင်ခဲ့ပါတယ်။ မွတ်စလင်တွေဟာ ခရစ်ယာမန်ဘုရားကျောင်းကို ကူညီဆောက်လုပ်ပေးတယ်လို့ ကျွန်တော် မကြားဖူးပါဘူး” ဟု ဘုရားကျောင်းတည်ရှိရာ ဆန်တာကာတာလီနာရွာ၏ အကြီးအကဲဖြစ်သူ ဂျင်မီ ဗီလာဖလိုးက Inquirer Mindanao သတင်းစာသို့ ပြောကြားခဲ့သည်။

    The Christ the King အမည်ရ ထိုဘုရားကျောင်းအား ၁၉၈၀ ပြည်နှစ်များက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုများအတွင်း မီးလောင်ခဲ့သောကြောင့် လုံးဝပျက်စီးလုနည်းပါးဖြစ်ခဲ့ကာ ယခုအခါ ပြန်လည်ပြင်ဆင်ပြီးဖြစ်သည်။

    ထိုဘုရားကျောင်းဆောက်လုပ်ရေးလုငန်းအား ယခင် ရဲတပ်ဖွဲ့အကြီးအကဲဟောင်း ဆူကာနို အစ်က်ဘာလာဦးဆောင်ပြီး အစ္စလာမ်ဘာသာဝင်များပါဝင်သည့် ‘မျှော်လင့်ချက်’ဟု အမည်ရသည့် Esperanza အဖွဲ့က ဦးဆောင်ကာ ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

    “လူဆိုးတစ်ချို့ကြောင့် ခရစ်ယာန်အသိုင်းအ၀ိုင်းက ကျွန်တော်တို့ကို အမြင်စောင်းတာကို ကျွန်တော်တို့မလိုချပ်ပါဘူး။ ကျွန်တော်အားလုံးဟာ ခံရသူတွေချည်းပါ။ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုအနည်းငယ်ကနေ လှပတဲ့အရာ အချို့ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု အစ်က်ဘာလာက ပြောကြားခဲ့သည်။
    Ref:World Bulletin

  • ဒီဇင်ဘာ ၁၇ နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၃
    M-Media

    ၂၀၁၄ တွင် ဗြိတိန်တပ်များ အာဖဂန်မှ ထွက်ခွာတော့မည်

    – အာဖဂန်တွင် ဘိန်းစိုက်ပျိုးမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တာလီဘန်တို့၏ တိုက်ခိုင်းမှုများ၊ ဆက်လက်ဖြစ်ပွားနေသောကြောင့် စိုးရိမ်မှုများ ဖြစ်ပေါ်နေသော်လည်း ဗြိတိသျှတပ်များ၏ တာဝန်များမှာ ပြီးမြောက်ခဲ့ပြီဖြစ်ပြီး လာမည့်နှစ်တွင် အာဖဂန်မှာ ထွက်ခွာတော့မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အာဖဂန်တောင်ပိုင်းရှိ ဗြိတိသျှ တပ်ဖွဲ့များထံသို့ ခရစ္စမတ်အကြိုအဖြစ် သွားရောက်လည်ပတ်စဉ်အတွင်း ၁၂ နှစ်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် တာဝန်များ ပြီးဆုံးခဲ့ပြီဖြစ်၍ စစ်သားများ အိမ်ပြန်နိုင်မည်လားဟု ကင်မရွန်းအား မေးမြန်းခဲ့ရာ ကင်မရွန်းက ပြန်နိုင်မည်ဟု ထင်မြင်မိကြောင်း ဖြေကြားသွားခဲ့သည်။

    Ref:aljazeera

    2013121715833977734_20

    ——————————————————————

    ဆီးရီးယား ဒုက္ခသည်များသို့ ကုလမှ ဒေါ်လာ ၆.၅ ဘီလီယံတန်ဖိုးရှိ ကူညီမှုများ ပေးအပ်သွားမည်

    – ဆီးရီးယားနိုင်ငံတွင် ၃၃ လကြာဖြစ်ပွားနေသည့် ပြည်တွင်း စစ်ပွဲများအတွင်း အိုးအိမ်မဲ့ဖြစ်ခဲ့ပြီး နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေရသည့် ဆီးရီးယားနိုင်ငံသား ၁၆ သန်းအတွက် ကန်ဒေါ်လာ ၆.၅ ဘီလီယံ တန်ဖိုးရှိ အကူအညီများကို ပေးအပ် သွားရန် ကုလသမဂ္ဂမှ အခြားနိုင်ငံများအား မေတ္တာ ရပ်ခံခဲ့သည်ဟု သိရသည်။

    ထိုပမာဏမှာ ၂၀၁၄ ခုနှစ်အတွက် နိုင်ငံပေါင်း ၁၇ နိုင်ငံရှိ ပြည်သူ ၅၂ သန်းအား ကူညီရန် စီစဉ်ထားသည့် ငွေပမာဏ ၁၂.၉ ဘီလီယံ၏ ထက်ဝက်လည်းဖြစ်ပြီး ကုလ၏ စံချိန်တင် ကူညီမှုလည်း ဖြစ်လာမည်ဟု ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့၏ အကြီးအကဲဖြစ်သူ ဗလာရီ အေမို့စ်က ဂျနီဗာတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် အလှူရှင်နိုင်ငံများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    Ref:aljazeera

    ——————————————————————

    ရေကြောင်း လုံခြုံရေးအတွက် အာဆီယံနိုင်ငံများသို့ ဒေါ်လာ ၃၂.၅ သန်း အမေရိကန် ထောက်ပံ့

    – ရေကြောင်းဆိုင်ရာ လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ရန်အတွက် အရှေ့တောင်အာရှနိုင်ငံများသို့ အမေရိကန်နိုင်ငံက ကန်ဒေါ်လာ ၃၂.၅ သန်းတန်ဖိုးရှိမည့် အကူအညီများကို ယမန်နေ့က ပေးအပ်ခဲ့သည်ဟု သိရသည်။

    ထို့အကူအညီ၏ ထက်ဝက်ကျော်မှာ ဗီယက်နမ်နိုင်ငံအား ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တောင်တရုတ် ပင်လယ်အတွင်း တရုတ်နှင့် အခြားနိုင်ငံများ ပိုင်ဆိုင်မှုဆိုင်ရာ တင်းမာမှုများ တိုးပွားလာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

    သို့သော်လည်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဗီယက်နမ်နိုင်ငံသို့ ပထမဆုံးရောက်ရှိခဲ့သည့် ဂျွန်ကယ်ရီက ထိုအကူအညီများမှာ တရုတ်နိုင်ငံနှင့် ပက်သက်ခြင်းမရှိဟု ပြောဆိုခဲ့သည်။

    Ref:aljazeera

    ——————————————————————

    – မိမိတို့၏ ဆက်သွယ်ရေးလိုင်းအား သုံးစွဲသူများအချို့အနေဖြင့် SMS ပေးပို့မှု၊ လက်ခံမှုများတွင် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်သည်ဟု စင်ကာပူဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် SingTel က ၎င်း၏ Facebook စာမျက်နှာတွင် သုံးစွဲသူများအား အသိပေး အကြောင်းကြားခဲ့သည်။ ကုမ္ပဏီ၏ SMS ဆားဗစ်မှာ ပြဿနာအနည်းငယ်နှင့် ရင်ဆိုင်နေရပြီး အင်ဂျင်နီယာများက စစ်ဆေးလျက်ရှိကာ ပုံမှန်အတိုင်းဖြစ်အောင် အမြန်ဆုံး ဆောင်ရွက်သွားမည်ဟု ထည့်သွင်းရေးသားထားသည်။

  • ဒီဇင်ဘာ ၁၇ အားကစား သတင်းများ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၃
    M-Media

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့်  မဲခွဲဆုံးဖြတ်မှု

    champions-league-draw

    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များကို ယမန်နေ့က မဲခွဲခဲ့ရာ စိတ်ဝင်စားဖွယ် တွေ့ဆုံမှုများရှိခဲ့သည်။ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်မှာ ယမန်နှစ်က ၁၆ သင်းအဆင့်တွင် ဖြုတ်ချနိုင်ခဲ့သည့် အာဆင်နယ်အသင်းနှင့် ပြန်လည်တွေ့ဆုံခဲ့ပြီး၊ ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာပါဝင်သည့် ဂါလာတာစာရေးအသင်းမှာ ချယ်ဆီးနှင့် တွေ့ဆုံနေသည်။ ပယ်လီဂရီ၏ မန်စီးတီးအသင်းမှာ ဘာစီလိုနာနှင့် ကစားရမည်ဖြစ်ပြီး၊ အုပ်စုအတွင်း ရုန်းကန်ခဲ့ရသည့် အေစီမီန်လန်မှာ ရှုံးပွဲမရှိခဲ့သည့် အက်သလက်တီကိုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ မန်ယူအသင်းမှာ အိုလံပီယာကော့စ်နှင့်လည်းကောင်း၊ ရီးယဲလ်မက်ဒရစ်အသင်းမှာ ရှော်လ်ကာနှင့်လည်းကောင်း တွေ့ဆုံနေပြီး နောက်တစ်ဆင့်သို့ တက်ရောက်ရန် အလားအလာရှိနေသည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

    မန်ချက်စတာစီးတီး (အင်္ဂလန်) VS ဘာစီလိုနာ (စပိန်)
    အိုလံပီယာကော့စ် (ဂရိ) VS မန်ချက်စတာယူနိုက်တက် (အင်္ဂလန်)
    အေစီမီလန် (အီတလီ) VS အက်သလက်တီကို မက်ဒရစ် (စပိန်)
    လေဗာကူဆင် (ဂျာမနီ) VS ပီအက်စ်ဂျီ (ပြင်သစ်)
    ဂါလာတာစာရေး (တူရကီ) VS ချယ်ဆီး
    ရှော်လ်ကာ (ဂျာမနီ) VS ရီးယဲလ်မက်ဒရစ်
    ဇင်းနစ် (ရုရှား) VS ဒေါ့မွန် (ဂျာမနီ)
    အာဆင်နယ် (အင်္ဂလန်) VS ဘိုင်ယန်မြူးနစ် (ဂျာမနီ)

    မဲခွဲမှုနှင့်ပက်သက်၍ ဘာကာနည်းပြ မာတီနိုက “မန်စီးတီးဟာလည်း ဘာစီလိုနာနဲ့ ကစားချင်မှာ မဟုတ်ပါဘူး။ လာမယ့် ဖေဖော်ဝါရီမှာ အကောင်းဆုံးပုံစံဖြစ်ဖို့အတွက် ကျွန်တော်တို့ အာရုံစိုက်ဖို့ လိုပါတယ်။” ဟု ပြောကြားခဲ့သည်။

    မန်ယူအသင်းနှင့် တွေ့ဆုံရခြင်းအတွက် အိုလံပီယာကော့စ်နည်းပြက “အိုးထရက်ဖို့ဒ်မှာ ကစားရမယ်ဆိုတဲ့ အတွေးကို ကျွန်တော်ကြိုက်ပါတယ်။ ကျွန်တော်တို့ ပရိတ်သတ်တွေအတွက် ကောင်းမွန်တဲ့ ခရီးဖြစ်မှာပါ” ဟု ဆိုသည်။

    မီလန်အသင်း၏ ဒါရိုက်တာ ဂန်ဒီနီကမူ အက်သလက်တီကိုနှင့် တွေ့ဆုံရခြင်းအတွက် အကောင်းမြင်နေပြီး “ရီးယဲလ်နဲ့ ဘာကာတို့လို အထာကောင်းကောင်းသိတဲ့ အသင်းနဲ့ မတူဘဲ ကျွန်တော်တို့ မကစားဘူးတဲ့အသင်းနဲ့ တွေ့ဖို့ စပိန်ကိုပြန်သွားရတော့မှာပါ။ အက်သလက်တီကိုဟာ တိုးတက်လာပြီး အင်မတန် အန္တရာယ်ရှိတဲ့အသင်းပါ။ ဒါပေမယ့် ကျွန်တော့်အတွက် ဆိုးဝါးတဲ့ မဲခွဲမှုမျိုးမဟုတ်တာတော့ သေချာပါတယ်” ဟု ပြောကြားခဲ့သည်။

    Ref: UEFA

    ——————————————

    – ပြီးခဲ့သည့် တနင်္ဂနွေနေ့က အိမ်ကွင်း ၀ှိုက်ဟတ်လိန်းတွင် လီဗာပူးလ်အသင်းအား အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ အန်ဒရီ ဗီလာဘိုအာ့စ်အား ထုတ်ပယ်လိုက်သည်ဟု စပါးအသင်းမှ အတည်ပြုပြောကြားခဲ့သည်။ ပြီးခဲ့သည့်လကလည်း စပါးအသင်းမှာ မန်စီးတီးအား ၆ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ်ခဲ့ပြီး ယခုပွဲရှုံးနိမ့်မှုကြောင့် စပါးအသင်းမှာ အဆင့် ၇ သို့ ရောက်ရှိသွားခဲ့သည်။ ဘိုအာ့စ်အား ထုတ်ပယ်ခဲ့ပြီးနောက် တင်မ်ရှားဝုဒ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားပြီး အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ရန် ဆွေးနွေးနေသည်ဟု သိရသည်။

    ………………………….
    – ယမန်နေ့ညက ချီးမြှင့်ခဲ့သော ဘောလုံးအားပေးသူများအဖွဲ့၏ ဆုချီးမြှင့်ပွဲတွင် လီဗာပူးလ်တိုက်စစ်မှူးဆွာရက်ဇ်မှာ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်ဟု သိရသည်။ လူ ၅ သိန်းကျော် မဲပေးခဲ့ခြင်းဖြစ်ပြီး ဆွာရက်ဇ်မှာ လေတန်ဘိန်း၊ ဂျူအန်မာတာ၊ ရော်ဘင်ဗန်ပါစီနှင့် ပါဘလို ဇာဘလလက်တာတို့အား ကျော်ဖြတ်ကာ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

    ထိုဆုရရှိခဲ့ခြင်းနှင့်ပက်သက်၍ ဆွာရက်ဇ်က “ဒီဆုဟာ ကျွန်တော့်အတွက်ပဲမဟုတ်ပါဘူး။ ကျွန်တော့်အသင်းသားတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ စီမံခန့်ခွဲ့သူတွေနဲ့ လီဗာပူးလ်နဲ့ ဆက်စပ်နေတဲ့ လူတိုင်းအတွက်ပါ” ဟု ပြောကြားခဲ့သည်။ ထိုကဲ့သို့ ရွေချယ်ခံရခြင်းမှာ ချယ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်အား ကိုက်ခဲ့မှုကြောင့် ၁၀ ပွဲပယ်ခံရသည့် အသက် ၂၆နှစ်အရွယ် ဆွာရက်ဇ်၏ ထူးခြားသော အလှည့်အပြောင်းလည်းဖြစ်သည်။
    ……………………………………….
    – အသင်းရှိ အားထားရသော ခံစစ်မှူး ပူးယိုးလ်၏ အနားယူရန်စဉ်းစားနေသည်ဆို စကားအား အလွန်အံ့အားသင့်မိသည်ဟု ဘာစီလိုနာအသင်း၏ နည်းပြ မာတီနိုက ၀န်ခံပြောကြားခဲ့သည်။ ပူးယိုးလ်မှာ ကာလကြာရှည်စွာခံစားနေရသည့် ဒူးဒဏ်ရာကြောင့် ယခုနှစ်ရာသီကုန်လျှင် ဘာကာမှ ထွက်ခွာရန်နှင့် အဆင့်နိမ့်သော ပြိုင်ပွဲများတွင် သွားရောက် ကစားရန် စဉ်းစားနေသည်ဟု စပိန်မီဒီယများက ဖော်ပြခဲ့ကြသည်။ သတင်းစာရှင်းလင်းပွဲတွင် ထိုကိစ္စနှင့်ပက်သက်၍ သတင်းထောက် တစ်ဦးက မေးမြန်းခဲ့ရာ မာတီနိုက ပူးယိုးလ်၏ အနာဂတ်နှင့် ပက်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းမရှိဟု ပြန်လည်ဖြေကြားခဲ့သသည်။
    ……………………………
    – အသင်းသို့ ပြင်သစ်နောက်ခံလူ အဒီလ် ရာမီနှင့် ဂျပန်တိုက်စစ်မှူး ဟွန်ဒါတို့ ရောက်ရှိလာခြင်းကြောင့် အသင်းမှာ ပိုမိုကောင်းမွန်လာ လိမ့်မည်ဟု အေစီမီလန် အသင်း၏ နည်းပြဖြစ်သူ မက်စီမီလာနို အယ်လီဂရီက ပြောကြားခဲ့သည်။ အေစီမီလန်အသင်းမှာ ယမန်နေ့ညက ရိုးမားအသင်းအား ၂ ဂိုး စီသရေကျခဲ့ပြီး နောက်ဆုံး ၇ ပွဲတွင် ရှုံးပွဲ မရှိသေးချေ။ နောက်လ အနည်းငယ် အကြာတွင် အသင်း၏ပုံစံမှာ တိုးတက်လာနိုင်ကြောင်း၊ လာမည့်ဖေဖော်ဝါရီလတွင် ကစားမည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် အက်သလက်တီကိုအား ဖြုတ်ချနိုင်ကြောင်း အယ်လီ ဂရီက Sky Italia သို့ ပြောကြားခဲ့သည်။

  • ကမ္ဘောရီးယားတွင် ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များအား ခိုးခံရမှု သံဃာများဆန္ဒပြ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၃
    M-Media

    Cambodian-monks4766
    – နိုင်ငံအတွင်းရှိ ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များအား ခိုးယူခံခဲ့ရခြင်းနှင့် ပက်သက်၍ အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးလုပ်ဆောင်ပေးရန် အစိုးရအား တောင်းဆိုသည့်အနေဖြင့် သံဃာတော် ၁၅၀ ခန့်က ယနေ့နံနက်တွင် မြို့တော် ဖနွမ်းပင်၌ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ထိုဆန္ဒပြမှုအတွင်း ဘုန်းတော်ကြီးများမှာ နိုင်ငံတော်အလံ၊ သာသနာ့အလံများနှင့် ထိုခိုးမှုအား အစိုးရက အမြန်ဆုံးအရေးယူပေးရန်ဟု အဓိပ္ပါယ်ရသည့် ဆိုင်းပုဒ်များကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

    ဗုဒ္ဓ၏ သွားတော်များ၊ ဆံတော်များ၊ အရိုးတော်များ စသဖြင့် ဓာတ်တော်မွေတော်များ ထည့်သွင်းထားသည့် အိုးတစ်ခုမှာ ကန်ဒယ်လ်ပြည်နယ်ရှိ ယခင်က မင်းနေပြည်တော်ဖြစ်ခဲ့သည့် အူဒုန်မြို့ တောင်ထိပ်တွင် တည်ထားသော ဘုရားမှပြီးခဲ့သည့် အင်္ဂါနေ့က ခိုးယူခံခဲ့ရခြင်းဖြစ်သည်။

    ကမ္ဘောရီးယားနိုင်ငံတွင် လူဦးရေ ၁၉ သန်းခန့်ရှိပြီး နိုင်ငံ၏ ၉၅% မှာ ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြသည်။
    Ref: ဆင်ဟွာ

  • နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်(၅)ဆုရှင် ဘောက်ဆာ-ဝင်းမောင် (အရှေ့တောင်အာရှချန်ပီယံ ၁၉၆၉-၁၉၇၁)

    ဒီဇင်ဘာ ၁၇-၂၀၁၃
    M-Media
    သီရိ

    ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မီးရူးတိုင် ကိုင်ဆောင်ခွင့်ရခဲ့သော မြန်မာ့လက်ဝှေ့ချန်ပီယံ “ဦးဝင်းမောင်”

    Win Maung Boxer

    ရန်ကုန်။           ။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအထိမ်းအမှတ် မီးရှူးတိုင်သယ်ဆောင်သည့် အခမ်အနားတွင်  နိုင်ငံအတွက် အာရှနှင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သော မြန်မာမွတ်စလင်မ် အားကစားသမားများ ဖြစ်ကြသည့် ဒေါ်ဘေဘီ(ဘော်လီဘော)၊ ဦးအေးလွင်(ဘောလီဘော)၊ ဦးဝင်းမောင်(လက်ဝှေ့)၊ ဦးမောင်လှ(ပြေးခုန်ပစ်) တို့ ပါဝင်သယ်ဆောင်ခွင့်ရခဲ့ရရှိခဲ့ပါသည်။ အဆိုပါ (၄) ဦး အနက်မှာ နိုင်ငံတကာ ပြိုင်ပွဲများ တွင် လက်ဝှေ့(Boxing) အားကစားနည်းဖြင့် တိုင်းပြည်အတွက် ရွှေတံဆိပ်(၅)ဆု ၊ငွေတံဆိပ် ၃ ခု၊ကြေးတံဆိပ် ၂ ခု  ရယူပေးခဲ့သော (ဦး)ဝင်းမောင် (ဘောက်ဆာ) အား M-Media မှ တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါသည်။

    မြန်မာ့လက်ဝှေ့ချန်ပီယံ ဦးဝင်းမောင် အား ၁၉၄၆ ခု ဇန်န၀ါရီလ ၁ ရက်နေ့တွင် အဖ ဦးမူဆာ၊ အမိ ဒေါ်ဆဖူရာဘီ(ခ) ဒေါ်စောရန် တို့မှ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၈ ယောက်အနက် ၆ ယောက်မြောက်ဖြစ်ပါသည်။ ငယ်စဉ်အချိန်ကတည်းက ဖခင်ဆုံးပါးသွား၍ မိခင်နှင့်ပင် ကြီးပြင်းခဲ့ရသည်။ ဒေါ်နွဲ့လေးနှင့်အိမ်ထောင်ကျခဲ့ပြီး သားသမီး ၂ ယောက်ထွန်းကားခဲ့ကြောင်းသိရပါတယ်။

    M-Media ။   ။ ပထမဦးဆုံးနေနဲ့ အန်ကယ့်ရဲ့ ပညာအရည်းအချင်းကို သိချင်ပါတယ်
    ဖြေ။     ။ ကျူလီယာမွတ်စလင် High School ကျောင်းမှာ သူငယ်တန်းကနေ ၆ တန်းထိ အတန်းပညာနှင့် ဘာသာရေးပညာကိုပါသင်ယူခဲ့တယ်၊ ပြီးတော့ ၇ တန်းကစပြီး  ၁၀ တန်းအောင်မြင်သည်အထိ MM Randeria (ယခု အ.ထ.က ၂ ပန်းပဲတန်း) ကျောင်းတွင် ဆက်လက်ဆည်းပူးခဲ့တယ်။

    M-Media။   ။ အန်ကယ် အားကစားလောကထဲကို ဘယ်လိုဝင်ရောက်ခဲ့ပါသလဲ။
္တဖြေ။    ။  ကျောင်းမှာ ဟော်ကီကိုအပျော်ကစားရင်းနဲ့ ကျောင်းလက်ရွေးစင် ဖြစ်လာတယ် ပြိုင်ပွဲတွေကို ဆက်ကစားရင်းနဲ့ ဗမာ့ဟော်ကီလက်ရွေးစင် တစ်ယောက်ဖြစ်လာခဲ့တယ်။

    M-Media။   ။ လက်ဝှေ့အားကစားကိုရော ဘယ်လိုကြောင့် ကစားဖြစ်ခဲ့တာပါလဲ။
    ဖြေ။    ။ ကလေးဘ၀တုန်းကပေါ့ ကျောင်းပြန်ရင်အကိုနဲ့အတူ ဘောလုံးပွဲသွားကြည့်တယ် အဲဒီဘောလုံးကွင်းမှာ လက်ဝှေ့ ကလပ် တစ်ခုရှိတယ်။ သူများထိုးနေတာကိုခိုးကြည့်ပြီး နည်းပြဆရာက မင်းထိုးချင်လို့လား သတ္တိရှိလား လို့မေးတော့ မခံချင်စိတ်ပေါက်ပြီး ထိုးမယ်ဗျာ လို့ ပြောပြီး အဲဒီအချိန်ကတည်းကလက်ဝှေ့ကို စတင်ထိုးခဲ့တယ်။

    M-Mediaး။   ။ အန်ကယ်ရဲ့ လက်ဦးဆရာတွေကရော ဘယ်သူတွေများလဲ။
    ဖြေ။     ။ လက်ဦးဆရာတွေကတော့ ဆရာဦးအောင်ငြိမ်း၊ ဆရာ အလက်ဇန်းဒါး၊ ဆရာကျားဘငြိမ်း၊ ဆရာ ဦးကျော်မြင့် တို့ဖြစ်တယ်။

    M-Media။   ။ အန်ကယ်  ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကရော ဘယ်လိုအောင်မြင်မှုတွေရခဲ့လဲ။
    ဖြေ။    ။ အသက် ၁၅ မှာ ပထမဆုံးပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံလူသစ်တန်းလက်ဝှေ့ပြိုင်ပွဲ  pin weight (91 to 98 lb ) မှာ ၅ ပွဲထိုးပြီး ချန်ပီယံဆုကို ရခဲ့တယ်။ ၁၉၆၄ မှာ Light Fly Weight (98 to 105 lb) B class မှာပြိုင်ခဲ့တဲ့အခါမှာ ချန်ပီယံဆုကို ရခဲ့တယ်။ အဲဒီနောက် မီးရထားကလပ်ကိုရောက်သွားတယ်၊ နောက်ပြီး Fly weight (105 to 112 lb) မှာ ရန်ကုန်တိုင်းလက်ရွေးစင်လူရွေးပွဲမှာ ချန်ပီယံဆုကိုရခဲ့တယ်။ ပြီးတော့ အောင်ဆန်းကွင်းမှာ စခန်းသွင်းလေ့ကျင့်ခဲ့ရတယ်။ ၁၉၆၅ ခုနှစ်မှာ တိုင်းနယ်ပြည်နယ် ၁၄ ခု မှာပြိုင်ခဲ့ရာမှာ အကောင်းဆုံးလက်ဝှေ့သမားဆုကိုရခဲ့တယ်။ ၁၉၆၆ မှာတော့ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အရှေ့တောင်အာရှနိုင်ငံပေါင်း ၂၄ နိုင်ငံပါဝင်တဲ့ ၅ ကြိမ်မြောက် Asian Game မှာတော့ ကြေးတံဆိပ်ကိုရခဲ့တယ်။

    ၁၉၆၇ မှာ ထိုင်းနိုင်ငံကပဲအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများ ပါဝင်ယှဉ်ပြိုင်ကြတဲ့ လေးကြိမ်မြောက် Seap Game မှာ ငွေတံဆိပ်ဆုကိုရယူခဲ့တယ်။ နောက် ၁၉၆၇ မှာပဲ Asian Boxing Championship ကို သီဟိုဠ်မှာ သွားပြိုင်ခဲ့တာ ငွေတံဆိပ်ဆုကိုရခဲ့တယ်။

    ၁၉၆၈မှာ ဆိုဗီယက်ရုရှား-မြန်မာ ချစ်ကြည်ရေးပွဲမှာ ဥရောပနိုင်ငံမှချန်ပီယံတစ်ယောက်ဖြစ်တဲ့ Boris Dicov ကိုနိုင်ခဲ့တယ်။ ၁၉၆၉ မှာမြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှကျွန်းဆွယ် Seap Game ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ရယူခဲ့တယ်။ ၁၉၇၀ ဧပြီမှာ ဖိလစ်ပိုင် မနီလာမြို့မှာကျင်းပတဲ့ လေးကြိမ်မြောက်  Asian Boxing ပြိုင်ပွဲမှာ ကြေးတံဆိပ်ရခဲ့တယ်။ ၁၉၇၀ အောက်တိုဘာမှာ အနောက်ဂျာမနီမှာသင်တန်းတက်ခဲ့ပြီး အနှစ် ၅၀ မြောက် ဂျာမနီလက်ဝှေ့နိုင်ငံတကာအဖွဲ့ချုပ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေတံဆိပ်ရတယ်။ ၁၉၇၀ ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံကနေ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပတဲ့ ၆ ကြိမ်မြောက် Asian Game မှာ ငွေရခဲ့တယ်။ ၁၉၇၂ မှာ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃ ပွဲ နှစ်ပွဲနဲ့ ရှုံးတယ်။ ၁၉၇၃ မှာ စင်ကာပူက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ Seap Game မှာ လဲ ငွေတံဆိပ်ဆုကိုရခဲ့တယ်။

    M-Media။  ။ စုစုပေါင်း အန်ကယ် ရွှေဘယ်နှစ်ဆုရယူခဲ့လဲ။
    ဖြေ။   ။ ပြည်တွင်းရွှေဆုက ၁၀ ဆု ပြည်ပကနေ ၅ ဆု စုစုပေါင်း ၁၅ ဆုရခဲ့တယ်။

    M-Media။   ။ အန်ကယ် လက်ဝှေ့သက်တမ်းကဘယ်လောက်ကြာပြီး ဘယ်နှစ်ပွဲလောက်ထိုးခဲ့သလဲ။
    ဖြေ။    ။ အသက် ၁၅ နှစ်ကနေ ၃၃ နှစ်ထိ ထိုးခဲ့ပြီး ပွဲကတော့ ၇၉ ပွဲလောက်ထိုးခဲ့တယ်။

    M-Media။    ။ လက်ဝှေ့ထိုးတာနားလိုက်တဲ့ချိန်ကစပြီး အခုချိန်ထိဘာတွေကိုလုပ်နေပါသလဲ။
    ဖြေ။     ။ ကစားတာကိုနားပြီးကတည်းက အ.ထ.က ၂ ပန်းဘဲတန်းက ဘောက်စင်ကလပ်မှာ နည်းပြလုပ်ခဲ့တယ်၊ နောက် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်၊ တက္ကသိုလ်ပေါင်းစုံ လက်ဝှေ့အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ကြိုးဝိုင်းဒိုင်၊ အမှတ်ပေးဒိုင် အဖြစ်လုပ်ဆောင်တယ်။ အခုတော့ ကိုယ်ပိုင် ကလပ်ကလေးတစ်ခု ထောင်ထားပြီး အားကစားသမားလေးတွေကို လေ့ကျင့်သင်ကြားပေးနေတယ်။

    M-Media။     ။ ယခု Sea Game ပွဲမှာရော မီးရှုးတိုင်ကို ဘယ်လိုကိုင်ဆောင်ခွင့်ရခဲ့ပါသလဲ။
    ဖြေ။      ။ အဲဒါက ဥပဒေရှိတယ် မီးရှုးတိုင်းကိုင်ဆောင်ရတဲ့သူက ရွှေရတဲ့သူပဲဖြစ်ရမယ်၊ အားကစားမျိုးစုံပေါ့ စာရင်းလာကောက်တော့ ပေးလိုက်တယ် သူတို့ရွေးတဲ့ထဲမှာ ပါသွားတယ်၊ ရန်ကုန်ကနေ နေပြည်တော်ထိ လူ ၉၀ ကပေါ့ သယ်ဆောင်ရတယ်။ အခုလိုကိုင်ဆောင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။

    ဓါတ်ပုံများ ကြည့်ရန် => Link