News @ M-Media

Blog

  • ကနေဒါမှ မွတ်စလင် ရဲမေများ ဟိဂျာ့ဗ် (ခေါင်းခြုံပုဝါ) ဆောင်းခွင့် ရရှိတော့မည်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၃
    M-Media

    edmonton police veil

    ယခုအခါ ကနေဒါနိုင်ငံ၊ အယ်ဘာတာ Alberta မှ အက်ဒ်မွန်တန် Edmoton ရှိ မွတ်စလင် ရဲမေများအား ယူနီဖောင်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ဟိဂျာ့ဗ်(အစ္စလာမ့် အမျိုးသမီး ခေါင်းခြုံပုဝါ)အား ဆင်ယင် ခွင့်ပြုတော့မည် ဖြစ်သည်။

    ဦးခေါင်းနှင့်လည်တိုင်ကို ဖုံလွှမ်းထားရသည့် ဟိဂျာ့ဗ်ဝတ်စုံအတွက် တောင်းဆိုမှုတစ်စုံတစ်ရာရှိခြင်းကြောင့်မဟုတ်၊ လူ့အဖွဲ့အစည်း အတွင်း မတူခြားနားသော အပြောင်းအလဲကို အကောင်းဆုံး ထင်ဟပ်မိစေရန် (နှင့်) ရဲဝန်ထမ်း လုပ်ငန်းများအပေါ် အက်ဒ်မွန်တန်၏ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းမှ စိတ်ပါဝင်စားမှု မြှင့်တက်လာစေရန် ရည်ရွယ်ခြင်းဟု အက်ဒ်မွန်တန် ရဲဌာနမှ ထုတ်ဖော်ပြောဆိုကြောင်း သိရသည်။

    မိမိယုံကြည်ချက်ကိုဖွင့်ဟသော ၄င်းပုံဟန်သစ်မှာ (မွတ်စ်လင်မ်) အမျိုးသမီးများအတွက် ပါဝင်ရေး အရိပ် လက္ခဏာ တစ်ရပ်ကို ကိုယ်စားပြုသည်ဟု မြို့တော်ဝန် စကော့ မက်ကင်း Scott McKeen မှ The National Post သို့ပြောဆိုခဲ့သလို၊ အကဒ်မွန်တန်ရှိ (မွတ်စ်လင်မ်) အမျိုးသား အရာရှိတို့သည်လည်း ဦးဆောင်း ဗောင်းထုပ်ဆင်ယင်နိုင်ကြောင်း Edmonton Journal မှလည်း ဖော်ပြသည်။

    “ ဒါဟာ လူ့အဖွဲ့အစည်းထဲ မွတ်စ်လင်မ် အမျိုးသမီးများရဲ့အခန်း ကဏ္ဍကို ထင်ရှားစေပါတယ်။ ကျွန်မတို့ အစပြုလိုက်သူတွေလို ကျွန်မ ထင်ပါတယ် ” ဟု ကနေဒါမွတ်စ်လင်မ် အမျိုးသမီးကောင်စီ၏ အက်ဒ်မွန်တန်ဥက္ကဌ Soraya Zaki Hafez မှ ရင်ဖွင့်ပြောဆိုပါသည်။

    ရဲမေများအတွက် ဟိဂျာ့ဗ်ပုံဟန်မှာ သမရိုးကျမျိုးမဟုတ်၊ ရဲတပ်ဖွဲ့ ဦးထုပ်အောက်မှ တပ်ဆင်ထားသည့် ပုံစံဖြစ်ကာ ၀တ်ရချွတ်ရ လွယ်ကူအောင် ပြုလုပ်ထားကြောင်း၊ ထောင့်စုံ စမ်းသပ်ပြီးနောက် မည်သည့် အခက်အခဲမရှိသည့်အပြင် ရဲလုပ်ငန်း တာဝန်နှင့်သော် လည်းကောင်း လူထုဆက်ဆံရေး၌သော် လည်းကောင်း အနှောင့်အယှက် မဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Ontario မှ France 24 သတင်းဌာနအဆိုအရ အမျိုးသမီးအရာရှိများသည် မိမိတို့၏ယူနီဖောင်းနှင့်အတူ ဟိဂျာ့ဗ် ဆင်ယင်နိုင်ခွင့်ကို ၂၀၁၁ ခုနှစ်ကတည်းက ရရှိပြီးဖြစ်သည်။ သို့သော် ကနေဒါပြည်နယ်များအတွင်း ယင်းယူနီဖောင်းပုံဟန်သစ်ကို အားပေးထောက်ခံရေး၌မူ အငြင်းပွားနေဆဲဖြစ်သည်။

    လွှတ်တော်၌ နေရာအများစုရထားသော အမျိုးသားရေးဝါဒီအုပ်စုဖြစ်သည့် Parti Quebéquois မှ ယခုနှစ်အစောပိုင်းတွင် ဥပဒေမူကြမ်း တစ်ရပ် အဆိုတင်သွင်းထားကြောင်း၊ ၄င်းအတွင်း ပြည်သူ့ ၀န်ထမ်းများကို အစ္စလာမ်နှင့်ဂျူးတို့၏ ဘာသာရေး သင်္ကေတဆောင်သည့် ၀တ်စား ဆင်ယင်မှုများအား တားမြစ်ပိတ်ပင်ချက် ပါဝင်ကြောင်း France 24 မှ တင်ပြထား၏။

    Ref: Huffington Post

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • အခြေခံဥပဒေပြင်ဆင်ဖို့ မြန်မာအစိုးရကို အီးယူနိုင်ငံတွေ အရေးဆိုမယ်

    M-Media
    ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃

    အီးယူနိုင်ငံတွေက မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် တားဆီးထားသော ပုဒ်မများပါဝင်သည့်  အခြေခံဥပဒေကို ပြင်ဆင်ဖို့ မြန်မာ အသွင်ပြောင်းအစိုးရ ကို တောင်းဆိုသွားမယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြကြပါတယ်။

    European Council President Van Rompuy meets Myanmar pro-democracy leader Suu Kyi at the European Council headquarters in Brussels

    အီးယူဥက္ကဌနဲ့အတူတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

    တနင်္လာနေ့ (ယနေ့) ၊ ဘလ်ဂျီယံနိုင်ငံ၊ ဘရက်ဆဲလ်မှာ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံတဲ့အခါ အဲဒီကိစ္စကို သတိပေးပြောဆိုသွားမှာ ဖြစ်တဲ့အကြောင်း၊ တကယ်လို့သာ လာမယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုရင်တော့ နိုင်ငံတွင်း မတည်ငြိမ်မှုတွေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကိုပါ ပယ်ဖျက်လိုက် သလို ဖြစ်လာနိုင် တဲ့အကြောင်း အီးယူသံတမန်တွေက ဆိုပါတယ်။

    မြန်မာ့အခြေခံဥပဒေကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ခွင့် မရှိပါဘူး။  မြန်မာအစိုးရရဲ့ အခြေခံဥပဒေ ပြင်ဆင်လိုစိတ် ရှိမရှိကိစ္စကတော့ အနောက်နိုင်ငံတွေ အတွက် စောင့် ကြည့်စရာဖြစ်နေသလို မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လိုလားမှု စိတ်ဓာတ်အမှန်ကိုလည်း ဆန်းစစ်နိုင်မှာဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။

    ဘရက်ဆဲလ်မှာ ကျင်းပမယ့် တွေ့ဆုံဆွေးနွေးပွဲအတွက် လျာထားတဲ့ အကြောင်းအရာတွေကို Financial Times က တင်ပြရာမှာတော့ “ဒီဆွေးနွေးပွဲက မြန်မာ့အခြေခံ ဥပဒေကို ခေတ်ပေါ် ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိလာအောင် ပြုလုပ်မယ့် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးလုပ်ငန်းကို တွန်းအားပေးသွားမှာဖြစ်သလို၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးတွေ အောင်မြင်ပြီး တာရှည်ခံဖို့ အကူအညီပေးသွားမှာဖြစ်တယ်။” ဆိုတဲ့အချက်တွေ ပါဝင်ကြောင်း သိရပါတယ်။

    ယူကေ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကတော့ လက်ရှိအခြေခံဥပဒေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲက ရယ်စရာပြဇတ်ပဲဖြစ်မှာလို့ အောက်တိုဘာလ အတွင်းက ဆိုခဲ့ဖူးပါတယ်။

  • မန်ယူ ဂိုးပြတ်နိုပြီး၊ နော်ဝစ်ခ်ျ သရေကျသွားခဲ့သည့် ပရီးမီယားလိဂ် ပွဲစဉ် ၁၆ ဆူပါဆန်းဒေး ပွဲစဉ်များ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၃
    M-Media

    350978hp2
    အက်စတွန်ဗီလာ ၀-၃ မန်ယူ

    အဲဗာန်တန်နှင့် နယူးကာဆယ်တို့အား အိမ်ကွင်းတွင် ၂ ပွဲဆက်ရှုံးနိမ့်ခဲ့သည့် မန်ယူအသင်းမှာ ယခုပွဲတွင် အကောင်းဆုံးကစားသွားခဲ့ပြီ အက်စတွန်ဗီလာအသင်းအား ဂိုးပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။

    တိုက်စစ်မှူး ဗန်ပါစီမှာ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ မန်ယူ တိုက်စစ်တွင် ရူနီနှင့် ၀ဲလ်ဘက်တို့ တွဲကာ ပွဲထွက်လာခဲ့သည်။ ပွဲအစ မိနစ် ၂၀ အတွင်းမှာပင် မန်ယူတို့ ဦးဆောင်ဂိုး ၂ ဂိုးရရှိခဲ့ပြီး ၁၅ မိနစ်နှင့် ၁၈ မိနစ်တွင် ၀ဲလ်ဘတ်က သွင်းယူပေးခဲ့သည်။ ထို့နောက် မန်ယူအသင်းကသာ တောက်လျှောက်ဖိကစားခဲ့ပြီး ၅၂ မိနစ် တတိယမြောက်အနိုင်ဂိုး ရရှိခဲ့ကာ ကလဲဗာလေက သွင်းယူပေးခဲ့သည်။ အက်စတွန်ဗီလာအသင်းမှာ ယခုပွဲတွင် ဂိုးသွင်းခွင့် ၄ ကြိမ်ထက် မနည်းရခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ချေပဂိုးပင် မရရှိခဲ့ချေ။ တတိယဂိုးရရှိပြီးနောက် မန်ယူအသင်းက အနိုင်ဂိုးကို ထိန်းကစားသွားခဲ့ပြိး ၈၄ မိနစ်တွင် နည်းပြဖြစ်သူနှင့် ပုဂ္ဂိုလ်ရေးပြဿနာကြောင့် ပါဝင်ခွင့်မရဟု နာမည်ထွက်ခဲ့သည့် ၀ိုင်းလ်ဖရိုင်းဇာဟာမှာ ရူနီအစား လူစားဝင် ကစားခဲ့သည်။
    ………………………
    နော်ဝစ်ခ်ျ ၁-၁ ဆွမ်ဆီး

    အိမ်ကွင်းနောက်ဆုံး ၂ ပွဲ ဆက်တိုက်အနိုင်ရထားသည့် နော်ဝစ်ခ်ျအသင်းမှာ ယခုပွဲတွင် သရေသာရခဲ့သည်။ သို့သော်လည်း ဦးဆောင်ဂိုးအား ဆွမ်ဆီး အသင်းက ၁၂ မိနစ်တွင် နသန်ဒိုင်ရာ၏ ဂိုးဖြင့် ရရှိခဲ့ပြီး ပထမပိုင်း ပွဲပြီးကာနီးတွင်မှ အိမ်ရှင်တို့ ချေပဂိုးရခဲ့ကာ ဟူးပါးက သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံးမှာ ထပ်မံဂိုးသွင်းယူနိုင်းခြင်းမရှိဘဲ ၁ ဂိုးစီ သရေဖြင့် အဆုံးသတ်ခဲ့သည်။ ဆွမ်းဆီးအသင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သော်လည်း နော်ဝစ်ခ်ျ ဂိုးပေါက်အား ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခဲ့ခြင်းမရှိပေ။

  • ဒီဇင်ဘာ ၁၅ အားကစားသတင်းများ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၃
    M-Media
    350325_heroa

    – အာဆင်နယ်အသင်းအား အီမရိတ်ကွင်းတွင် အနိုင်ယူနိုင်ခြင်းမှာ ချယ်ဆီးအသင်း၏ ပရီမီးယားလိဂ်ဖလား ရရှိရေးမျှော်လင့်ချက်အတွက် အလွန်အရေးပါမည် မဟုတ်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ခရစ္စတယ်ပဲလေ့စ်အား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲအပြီးတွင်ပြောကြားခဲ့သည်။ ချယ်ဆီးမှာ လာမည့်သီတင်းပတ်တွင် အာဆင်နယ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အနိုင်ရရှိပါက ပရီးမီးယားလိဂ် ဇယားထိပ်တွင် ဦးဆောင်နိုင်ရန် အခွင့်အရေး ရမည်ဖြစ်သော်လည်း မော်ရင်ဟိုက ဒီဇင်ဘာ သို့မဟုတ် ဇန်န၀ါရီလတွင် ပရီးမီးယားလိဂ်တွင် ဦးဆောင်နိုင်ခြင်းမှာ ချန်ပီယံဖြစ်ရေးအတွက် အရေးမကြီးဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ——————————————–

    – ၀က်စ်ဘရွန်းအသင်းက ၎င်းတို့၏ နည်းပြဖြစ်သူ စတိဗ်ကလာက်အား ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု သိရသည်။ နောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်ခဲ့ပြီး တန်းဆင်းဇုန်နှင့် ၂ မှတ်သာ ကွာတော့သောကြောင့် ယမန်နေ့က ကစားခဲ့သည့် ကာဒစ်ဖ်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ပွဲအပြီးတွင် အသင်းမှထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုဆုံးဖြတ်ချက်အား သေချာစွာ စဉ်းစားဆုံးဖြတ်ပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ၀က်စ်ဘရွန်းအသင်း၏ နည်းစနစ်ဒါရိုက်တာ ရစ်ချတ် ဂါးလစ်က ပြောကြားခဲ့သည်။
    ……………………………
    – ယမန်နေ့က ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် နောက်ခံလူ ရာမို့စ်ကို ထုတ်ပယ်ခဲ့သည့် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်နှင့်ပက်သက်၍ နားလည်ရန် ခက်ခဲသည်ဟု ရီးယဲလ်အသင်းနည်းပြ ကားလို့စ်အန်ဆယ်လော့တီက ပြောကြားခဲ့သည်။ ရာမို့စ်မှာ အိုဆာဆူနာအသင်းနှင့် ၂ ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် မိနစ်လေးဆယ်အကျော်၌ အထုတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုပွဲတွင် ရီးယဲလ်အသင်းမှာ ၂ အရှုံး တစ်ယောက်လျော့ဖြင့် ၂ ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့ပြီး ကစားသမားများ၏ စွမ်းဆောင်ရည်များနှင့် ပက်သက်၍ အန်ဆယ်လော့တီက ချီးကျူးခဲ့သည်။
    ……………………………..
    – ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် ဆောက်လုပ်နေသည့် ဘရာဇီးနိုင်ငံတောင်ဘက်ရှိ Arena Amazonia ဘောလုံးကွင်းတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများ၏ အန္တရာယ်ကင်းရှင်းမှုအခြေအနေနှင့် ပက်သက်၍ အလုပ်သမား ယူနီယံက ရှုတ်ချပြောဆိုလိုက်ပြီး တနင်္လာနေ့ (မနက်ဖြန်)တွင် ဆန္ဒပြရန် စီစဉ်ထားသည်ဟု သိရသည်။ ပြီးခဲ့သည့်နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ဆော်ပေါ်လိုမြို့ရှိ ဆောက်လုပ်ဆဲ ဘောလုံးကွင်းတွင် ကရိန်းတစ်ခု ပြုတ်ကျမှုကြောင့် အလုပ်သမားနှစ်ဦးသေဆုံးခဲ့သေးသည်။ ကမ္ဘာ့ဖလားကျင်းပမည့် ဘောလုံးကွင်းများ ပြီးစီးရမည့်နောက်ဆုံးရက်မှာ ယခုလကုန်တွင်ဖြစ်သောကြောင့် သတ်မှတ်ချိန်အတွင်းပြီးစီးရန်အတွက် အလျင်အမြန်လုပ်ဆောင်နေရပြီး၊ ထိုကဲ့သို့ဆန္ဒပြမှုများက ဘရာဇီးကမ္ဘာ့ဖလား ကျင်းပရေး ကော်မတီအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာမည်ဖြစ်သည်။ ……………………………..
    – လာမည့် နွေရာသီအပြောင်းအရွှေ့တွင် ရီးယဲကွင်းလယ်လူ ဆာမိ ခီဒီရာအား ခေါ်ယူရန် မန်ချက်စတာယူနိုက်တက်အသင်းက အာဆင်နယ်အသင်းနှင့်အပြိုင် ဆောင်ရွက်သွားရန် အသင့်ရှိနေသည်ဟု သိရသည်။ ဂျာမနီကစားသမား ခီဒီရာမှာ ရီးယဲလ်အသင်းနှင့် လာမည့် ဇွန်လတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အာဆင်ဝင်းဂါးက ခေါ်ယူရန် အချိန်တော်ကြာ သတ်ပစ်မှတ်ထား ထားသော ကစားသမားတစ်ဦးလည်းဖြစ်သည်။

  • ဒီဇင်ဘာ ၁၅ နိုင်ငံတကာသတင်း

    ဒီဇင်ဘာ ၁၅၊ ၂၀၁၃
    M-Media

    မင်ဒဲလား ရုပ်ကလပ် ဇာတိမြေသို့ရောက်

    – အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်ခဲ့ပြီး တောင်အာဖရိကနိုင်ငံအား ဒီမိုကရေစီ စနစ်သို့ ဆောင်ကျဉ်းပေးခဲ့သည့် သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား၏ ရုပ်ကလပ်မှာ မင်ဒဲလား မွေးဖွားရာ တောင်အာဖရိအရှေ့ဘက်ရှိ ကူနူရွာသို့ ယမန်နေ့က ရောက်ရှိလာခဲ့သည်။

    တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတဖြစ်သူ မင်ဒဲလား၏ ရုပ်ကလပ် ထည့်သွင်းထားသည့် အခေါင်းအား တောင်အာဖရိက အလံလွှမ်းခြုံလျက် ဂျိုဟန်နစ္စဘတ်မြို့ Mthatha လေဆိပ်မှ စစ်လေယာဉ်ဖြင့်သယ်ဆောင်ကာ၊ အစောင့်အရှောက် အပြည့်အစုံနှင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး တောင်အာဖရိက ပြည်သူများကလည်း လမ်းဘေးဝဲယာတစ်လျှောက်တွင် ၎င်းတို့နိုင်ငံ၏ သူရဲကောင်းအား ဂုဏ်ပြုခဲ့ကြသည်။

    ဒီဇင်ဘာ ၁၅ ရက်နေ့ ကြာသာပတေးနေ့က ကွယ်လွန်သွားခဲ့သည့် မင်ဒဲလားအား ဒီကနေ့တွင် သူ၏ မွေးရက်မြေ၌ နိုင်ငံတော်အခမ်းအနားဖြင့် သဂြိုလ်မည်ဖြစ်သည်။
    Ref:aljazeera

    Mandela's body arrives in home village
    ………………………………..
    ဘရာဇီးတွင် ဘောလုံးကွင်းဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံးပြန်

    – ဘရာဇီးနိုင်ငံ အနောက်မြောက်ဘက် Amazonas ပြည်နယ်ရှိ Manaus မြို့တွင် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် ဆောက်လုပ်နေသည့်  Arena Amazonia ဘောလုံးကွင်းတစ်ခု၏ အမိုးပေါ်မှ အလုပ်သမားတစ်ဦး ပြုတ်ကျကာ ယမန်နေ့က သေဆုံးခဲ့သည်ဟု သိရသည်။ အသက် ၂၂ အရွယ်ရှိ အဆိုပါအလုပ်သမားမှာ ၃၅ မီတာ(၁၁၅ ပေ) အမြင့်မှ ကေဘယ်ကြိုးပြတ်ကာ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ သေဆုံးမှုမှာ ဘရာဇီးရှိ ဘောလုံးကွင်းဆောက်လုပ်ရေးလုပ်ငန်းများတွင် ပြီးခဲ့သည့်လမှ စတင်ကာ ၃ ဦးမြောက် သေဆုံးခဲ့ခြင်းလည်းဖြစ်သည်။

    ……………………………….

    – ဥရောပနိုင်ငံများသို့ ဓာတ်ငွေ့များတင်ဖို့ရန်အတွက် အီရန်နိုင်ငံအနေဖြင့် ပိုက်လိုင်း တစ်ခုကို ဆောက်လုပ်ရန်စီစဉ်နေသည်ဟု တူရကီ စွမ်းအင်ဝန်ကြီး တာနာ ယီလ်ဒစ်ဇ်က ယမန်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေး တွင်ပြောကြားခဲ့သည်။ သို့သော်လည်း ပိုက်လိုင်းဆောက်လုပ်မည့် အစီအစဉ်အသေးစိတ်ကိုမူ ထည့်သွင်းပြောဆိုသွားခဲ့ခြင်းမရှိပေ။ အီရန်နိုင်ငံမှာ တူရကီနိုင်ငံ စွမ်းအင် ထုတ်လုပ်မှု၊ သုံးစွဲမှု၏ ၆၅ ရာခိုင်နှုန်းအား တာဝန်ယူထားသည့်နိုင်ငံဖြစ်သည်။ ထို့ပြင် စွမ်းအင်ကဏ္ဍနှင့် ပက်သက်၍ တူရကီနိုင်ငံအနေဖြင့် အီရတ်နိုင်ငံနှင့်လည်း ဆွေးနွေးခဲ့သည်ဟု ယီလ်ဒစ်ဇ်က ထည့်သွင်းပြောကြားခဲ့သည်။
    …………………………………..
    – မူးယစ်ဆေးဝါးများနှင့် တရားမ၀င်ဆေးဝါးများ ထုတ်လုပ်ရောင်းချမှုနှင့် ဆက်စပ်သည့် ရာဇ၀တ်မှုများအား နှိမ်နှင်းသည့် စစ်ဆင်ရေးများကို ပြီးခဲ့သည့် ၆ အတွင်း တရုတ်စိုးရကပြုလုပ်ခဲ့ပြီး ထိုစစ်ဆင်ရေးများတွင် မူးယစ်ဆေးဝါးနှင့် ပက်သက်သူ လူပေါင်း ၁၃၀၀ ကျော်ကို ဖမ်းဆီးထိမ်းသိမ်းခဲ့သည်ဟု သိရသည်။ ဖမ်းဆီးထားသူများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်သူ၊ အွန်လိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊  အန္တရာယ်ရှိသည့် ဆေးဝါးများအားရောင်းဝယ်မှု စသည့်တို့ကို လုပ်ကိုင်ဆောင်ရွက်သူများ ပါဝင်သည်ဟု ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် မူးယစ်ဆေးဝါး ထုပ်လုပ်သည့် ကန်ဒေါ်လာ သန်း ၃၆၀ တန်ဖိုးရှိ ကုန်ကြမ်းပစ္စည်း ၉ တန်ကျော်ကိုလည်း ဖျက်ဆီးခဲ့သည်ဟု သိရသည်။
    ……………………………….

    – ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြီးအကဲဖြစ်သူ ဗလဲရီ အေမို့စ်မှာ ပြည်တွင်း စစ်များဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံသို့ ယမန်နေ့က သွားရောက် လည်ပတ်ခဲ့သည်ဟု သိရသည်။ လက်ဘနွန်နိုင်ငံမှ တစ်ဆင့်  ဆီးရီးယားသို့ သွားရောက် ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် ပြောင်းရွှေနေထိုင်ရသည့် ဒုက္ခသည်များအနေဖြင့် ဆိုးရွားသောဆောင်း ရာသီအခြေနေတွင် ပိုမိုကောင်းမွန်စွာ နေထိုင်ရေးနှင့် ပက်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
    …………………………….
    – ဆိုနီ ကုမ္ပဏီမှ နောက်ဆုံးထွက် PS4 ဂိမ်းစက်အား ကြာသာပတေးနေ့ည သန်းခေါင်းယံက ယူအေအီးနိုင်ငံတွင် စတင်ရောင်းချခဲ့ရာ တစ်ရက်မပြည့်သေးခင်တွင် နိုင်ငံတစ်ဝှမ်းရှိ အရောင်း စင်တာများမှ စက်အားလုံး ရောင်းချခဲ့ရသည်ဟု သိရသည်။ Nintendo ၏ Wii U နှင့် မိုက်ခရိုဆော့ဖ်၏ Xbox One တို့နှင့် အပြိုင်ထုတ်လုပ်ထားသည့် PS4 ဂိမ်းစက်မှာ ယူအေအီးတွင် သတ်မှတ်ခွဲတမ်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အလျင်အမြန် ပစ္စည်းပြတ်လပ်သွားမှုအပေါ် ၀ယ်သူတစ်ချို့က စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။
    ……………………………..

    – လာအိုနိုင်ငံတွင် အခြေခံအဆောက်အဦးများ ဆောက်လုပ်ရန်အတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ သန်း ၁၀၁ သန်းကျော်တန်ဖိုးရှိ အကူအညီများကို ပေးအပ်သွားမည်ဟု သိရသည်။ ဂျပန်နိုင်ငံတွင် ပြုလုပ်နေသည့် ဂျပန်-အာဆီယံ အစည်းအဝေးတွင် တက်ရောက်လာသည့် လာအိုဝန်ကြီးချုပ် Thongsing Thammavong နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ တွ့ဆုံခဲ့ပြီးနောက်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အာဘေးက ဂျပန်နိုင်ငံမှ ထိုကဲ့သို့ ကူညီမှုမှာ လာအိုနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြေကြားခဲ့သည်။