News @ M-Media
Blog
  • အမေရိကန်၏ ဒုတိယကိုးကွယ်သူအများဆုံး သာသနာမှာ အစ္စလာမ်ဖြစ်သည်ဟု ၀ါရှင်တန်ပို့စ်ရေးသား
    M-Media
    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    islamခရစ်ယာန်သာသနာမှ ပြီးလျှင် အမေရိကန်ပြည်ထောင်စု၏ ဒုတိယကိုးကွယ်သူအများဆုံး သာသနာမှာ အစ္စလာမ်သာသနာဖြစ်ကြောင်း ၀ါရှင်တန်ပို့စ်သတင်းစာ ဖော်ပြသည်။ အစ္စလာမ် သာသနာ ကိုးကွယ်သူအများစုမှာ ပြည်နယ်ပေါင်း ၂၀ တွင် ပျံ့နှံ့နေပြီး ထိုပြည်နယ်များမှာ အမေရိကန်ပြည်ထောင်စု၏ အလယ်ပိုင်း (အနောက်ဘက်) နှင့် တောင်ပိုင်းတို့တွင် တည်ရှိနေကြောင်း သိရသည်။
    အမေရိကန်ပြည်ထောင်စုအနောက်ဘက်တွင်မူ ဗုဒ္ဓသာသနာက အကြီးမားဆုံးအဖြစ်နေရာယူထားပြီး ပြည်နယ်ပေါင်း ၁၃ ခု၌ ပျံ့နှံ့လျက်ရှိသည်။ ဂျူးသာသနာကမူ ပြည်နယ်ပေါင်း ၁၅ ခုတွင် ပျံ့နှံ့နေသည်။ ဟိန္ဒူသာသနာကမူ ဒီလာဝဲနှင့် အရီဇိုးနားပြည်နယ်နှစ်ခု၌ အများဆုံးနေရာယူထားပြီး ဘဟာအီသာသနာကမူ ကာရိုလိုင်းနားတောင်ဘက်တွင် အများဆုံးအဖြစ် နေရာယူထားသည်။
    နယူးယောက်ဒေးလီးသတင်းစာက ၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်နေ့က သတင်းတစ်ရပ်တင်ပြခဲ့ရာ ယင်းတွင် အစ္စလာမ်သာသနာမှာ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုနောက်ပိုင်း အမေရိကန်ပြည်ထောင်စုတွင် ကိုးကွယ်သူ နှစ်ဆမြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။ နယူးယောက်ဒေးလီးသတင်းစာက 9/11 အရေးအခင်းနောက်ပိုင်း အစ္စလာမ်သာသနာက အမေရိကန် ပြည်ထောင်စုတွင် အလျင်မြန်ဆုံးပျံ့နှံ့ခဲ့သည့် သာသနာဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကိုးကွယ်သူပေါင်း ၆၇ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ကြောင်း၊ 2010 U.S. Religion Census ကိုပင် အခြေခံကာ သတင်းတင်ပြခဲ့ခြင်းဖြစ်သည်။
    LargestNonChristian
    ကိုးကား –
    ၁) http://www.washingtonpost.com/blogs/govbeat/wp/2013/12/12/religion-in-americas-states-and-counties-in-6-maps/?tid=sm_fb
    ၂) http://www.nydailynews.com/news/national/number-muslims-u-s-doubles-9-11-article-1.1071895
  • ရခိုင် ပေါက်တောက မွတ်စလင်ဒုက္ခသည်စခန်း မီးလောင်
    ဒီဇင်ဘာ ၁၂၊ ၂၀၁၃
    Ref: ဘီဘီစီ
    ဓါတ်ပုံ Credit =>Soe Ye Tun FB
    1472087_1392588244321931_2020456485_n
    ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှာ မီးလောင်တဲ့အတွက် စခန်းထဲက အိမ်တွေ အားလုံး မီးထဲပါသွားခဲ့ပြီး ကလေး တစ်ယောက်လည်း သေဆုံးခဲ့ရတယ်လို့ ဘီဘီစီမြန်မာပိုင်းက သတင်းတင်ပြပါတယ်။
    ဒုက္ခသည်ပေါင်း တစ်ထောင့်သုံးရာကျော် နေထိုင်တဲ့ ပေါက်တောမြို့နယ် ငှက်ချောင်း မွတ်ဆလင် ဒုက္ခသည် စခန်းမှာ ဒီကနေ့ နေ့လယ်က မီးလောင်တဲ့အတွက် စခန်းထဲမှာ ဆောက်ထားတဲ့ အဆောင်တွေ အကုန်လုံး မီးထဲကို ပါသွားခဲ့ပါတယ်။
    မီးလောင်ပျက်စီးသွားတဲ့ အခြေအနေကို စခန်းထဲမှာနေထိုင်တဲ့ ဦးအဗ္ဗဒွလ် ကရီမ်က ပြောရာမှာ ရှစ်ခန်းတွဲ အဆောင် ၃၄ လုံး မီးထဲ ပါသွားပြီး ထမင်းချက်ရာက ကူးစက်လောင်ကျွမ်းတာ ဖြစ်တယ်လို့ ပြောပါတယ်။
    မီးဟာ နေ့လည် ၂ နာရီ ၅ မိနစ်ကနေ စတင်ပြီး သုံးနာ ရီကြာ အောင် လောင်သွားခဲ့တယ်လို့ ပြောပါတယ်။ မီးလောင်သွားတဲ့ အတွက် ဒုက္ခသည်တွေအတွက် ဘာမှ မကျန်လိုက်ဘူးလို့ ဆိုပါတယ်။
    အခု မီးလောင်မှုဟာ မတော်တဆ ဖြစ်ရာကနေ လောင်ကျွမ်းတယ်လို့ ဆိုပေမယ့်လည်း အခုအခါ ပေါက်တောမြို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ အဲဒီ ဒုက္ခသည်စခန်းကို ရောက်ရှိနေပြီး မီးလောင်မူ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမူတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
    1470175_1392588294321926_1609632128_n
    ဓါတ်ပုံများ FB တွင်ကြည့်လိုလျှင် Click Here
  • ဒီဇင်ဘာ ၁၂ နိုင်ငံတကာသတင်း
    ဒီဇင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    abhisit
    – ၂၀၁၀ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူအများအပြားသေဆုံးခဲ့သော လူထုအုံကြွမှုအား အကြမ်းဖက်နှိမ်နင်းခဲ့မှုကြောင့် ထိုင်းဝန်ကြီး ချုပ်ဟောင်း အဘီစစ် ၀ီဂျာဂျီဗာအား လူသတ်မှုဖြင့် ယနေ့တွင် တရားစွဲဆိုလိုက်သည်ဟုသိရသည်။ ထိုသို့တရားစွဲဆိုခဲ့ပြီးနောက် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။ ထိုကဲ့သို့ တရားစွဲဆိုမှုတွင် အဘီစစ်လက်ထက် ဒုတိယ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ယခု အတိုင်အခံခေါင်းဆောင် ဆူသပ် သောင်ဆူဘန်လည်းပါဝင်ခဲ့ပြီး သောင်ဆူဘန်ကမူ တရားရုံးသို့ လာရောက်ခဲ့ခြင်းမရှိပေ။
    ………………………………….
    – မသန်စွမ်းသူများအကြား ဖြစ်ပေါ်နေသည့် ဆင်းရဲမွဲတေမှုများကို လျှော့ချရန်နှင့် ၎င်းတို့၏ အခြေခံရပိုင်ခွင့်များအား တိုးမြှင့်ရန်၊ ကာကွယ်ရန်အလို့ငှာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် အာဆီယံမသန်စွမ်းသူများဖိုရမ်အား ယမန်နေ့က ဘရူးနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
    …………………………………..
    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ မြို့ငယ်တစ်ခုဖြစ်သည့် အေသင်မြို့တွင် မူလတန်းကျောင်းသားများ တင်ဆောင်လာသည့် ကျောင်းကားတစ်စီးနှင့် အခြားဘတ်စ်ကားတစ်စီးတို့ ယမန်နေ့က တိုက်မိခဲ့ပြီး ကျောင်းသား ကိုးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ၇၀ တင်ဆောင်လာသည့် မူလတန်းကျောင်းကား၏ အနောက်ဘက်အား အခြားဘတ်စကားတစ်စီးမှ တိုက်မိခဲ့ခြင်းဖြစ်သည်။
    ………………………………..
    – Little India တွင်ဖြစ်ပွားခဲ့သည့် ဆူပူမှုကြောင့် စင်ကာပူနိုင်ငံသားများမှာ တုန်လှုပ်ခဲ့ရသော်လည်း အခြေအနေအား ငြိမ်းချမ်စွာနှင့် တည်ငြိမ်စွာ ဖြေရှင်းခဲ့ကြသည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ယနေ့တွင်ပြောကြားခဲ့သည်။ ထို့ပြင် စင်ကာပူနိုင်ငံတွင် ထိုကဲ့သို့ ဆူပူမှု မဖြစ်ပွားခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်ကြောင်း၊ ထိုဆိုးရွားသော ဖြစ်ရပ်မှာ ယခုဖြစ်လာခဲ့ပြီး ကောင်းမွန်စွာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသို့ အလည်အပတ်သွားရောက်ခဲ့ပြီးနောက် စင်ကာပူသို့ ပြန်လည်ရောက်ရှိလာသည့် လီရှန်လွန်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
    …………………………………..
    – နိုင်ငံတကာ အာကာသစခန်း ISS ရှိ အကြီးဆုံး အအေးပတ်လမ်းနှစ်ခုမှ တစ်ခုမှာ ပြဿနာအနည်းငယ်ရှိခဲ့သောကြောင့် ယမန်နေ့စောစောပိုင်းက ပိတ်ပစ်ခဲ့ရပြီး ထိုကဲ့သို့ချို့ယွင်းမှုမှာ ISS တွင်ရှိနေသည့် ၀န်ထမ်းများအတွက် အန္တရာယ်မရှိဟု နာဆာမှပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
    ………………………………….
    – ဥရောပနိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးအား တိုးမြှင့်ရန်အတွက် ယူကရိန်းသမ္မတ ဗစ်တာ ယန်ကိုဗစ်ခ်ျမှာ ဥရောပယူနီယံ၏ သဘောတူညီချက်အား လက်မှတ်ထိုးရန် စဉ်းစားနေသည်ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာ  အထူးကိုယ်စားလှယ် ကက်သရင်း အက်ရှ်တန်က ယနေ့နေ့လည်တွင် ပြောကြားခဲ့သည်။ ယန်ကိုဗစ်ခ်ျမှာ စောစောပိုင်းက ထိုသဘောတူညီချက်အား လက်မှတ်မထိုးဟု ပြောကြားထားသောကြောင့် မြို့တော်ကိဗ်တွင် ဆန္ဒပြမှုများ အဆက်မပြတ် ဖြစ်ပွားနေခဲ့သည်။
    —————————————-
    – မှတ်ဥာဏ်ဆိုးရွာလာသည့် dementia ရောဂါအား ၂၀၂၅ ခုနှစ်တွင် ထိရောက်သော ကုသမှုများပြုလုပ်ရန် သို့မဟုတ် ကုသသည့် နည်းလမ်းရှာဖွေရန်အတွက် ပန်းတိုင်တစ်ခုကို G8 အဖွဲ့ဝင်နိုင်ငံများက သတ်မှတ်လိုက်သည်ဟု သိရသည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး AIDS ရောဂါအား တိုက်ဖြတ်သကဲ့သို့ ကမ္ဘာကြီးအနေဖြင့် အသိဥာဏ်ဆုံးရှုံးသည့် dementia ရောဂါပျံ့နှံ့မှုကိုလည်း တိုက်ဖျက်ရန် လိုအပ်နေသည်ဟု အဖွဲဝင်နိုင်ငံများ၏ ၀န်ကြီးများက ပြောကြားခဲ့သည်။
    —————————————-
    – ဆော်ဒီရှိ မွဖ်သီကြီးတစ်ဦးဖြစ်သူ ရှိခ် အဗ္ဗဒူလ်အဇစ် အလ်-အရှိခ်အား  လုပ်ကြံရန် ကြံစည်ခဲ့သည့် အကြမ်းဖက်သမားတစ်ဦးကို ရီယာဒ့်မြို့ရှိ အထူးရာဇ၀တ်ခုံရုံးက ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခဲ့သည်ဟု သိရသည်။ တရားခံအား အယ်လ်ကိုင်းဒါးနှင့် ပက်သက်မှု၊ မွဖ်သီများ၊ ပညာရှင်များ၊ ခေါင်းဆောင်များအား လုပ်ကြံရန် အစွန်းရောက်များမွေးမြူမှု စသဖြင့် စွဲချက် ၁၃ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ထောင်ဒဏ်အပြင်၊ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းနှင့် ကြိမ်ဒဏ် အချက် ၄၀ ရိုက်ရန်လည်း ဆုံးဖြတ်ခဲ့သည်။
  • ဒီဇင်ဘာ ၁၂ အားကစားသတင်းများ
    ဒီဇင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    article-2522151-1A09A7F100000578-912_634x416
    – ယမန်နေ့ညက အေစီမီလန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အေဂျက်အသင်း ပရိတ်သတ်သုံးဦးမှာ ဓားထိုးခံခဲ့ရပြီး တစ်ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိနေသည်ဟု အီတလီရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ မီလန်သို့ရောက်ရှိနေသည့် အေဂျက်ပရိတ်သတ်များမှာ မီလန်ပရိတ်သတ်များ၊ အီတလီအစိုးရအား ဆန့်ကျင် ဆန္ဒပြသူများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ထိုကဲ့သို့ ဓားဖြင့် အထိုးခံခဲ့ရခြင်းဖြစ်သည်။
    …………………………..
    – ယခင်က လက်တွဲဖူးသည့် တိုက်စစ်မှူးဟောင်း ဒီဒီယာဒရော့ဘာအား စတမ်းဖို့ဘရစ်ခ်ျသို့ ပြန်လာစေချင်သည့်တွက် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် ဂါလာတာစာရေးနှင့် တွေ့ဆုံချင်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုကပြောဆိုလိုက်သည်။ ဂါလာတာစာရေးမှာ ယမန်နေ့ညက ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဂျူဗင်တပ်စ်အသင်းအား အနိုင်ကစားနိုင်ခဲ့ပြီးနောက် အုပ်စုဒုတိယနေရာဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ချယ်ဆီးအသင်းမှာလည်း အုပ်စု ပထမဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သောကြောင့် ၎င်းတို့နှစ်သင်းမှာ နောက်တစ်ဆင့်တွင် တွေ့ဆုံနိုင်သည့် အခွင့်အရေးရှိနေသည်။
    ……………………………….
    – မက်ဆီ၏နေရာတွင် ကစားခဲ့သည့် တိုက်စစ်မှူး နေးမာမှာ မိမိအား အံအားသင့်စေခဲ့သည့်ဟု ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုကပြောကြားခဲ့သည်။ ယခုနှစ်ဘောလုံးရာသီကမှ ဘာစီလိုနာသို့ ရောက်ရှိလာသည့် နေးမာမှ ရာသီအစတွင် အသင်း၌ပါဝင်ရန် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းတွင်ခြေစွမ်းပြလာနိုင်ခဲ့ကာ ယနေ့နံနက်က ကစားခဲ့သည့် ဆဲလ်တစ်အသင်းအား ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ၁၄ မိနစ်အတွင်း အသင်းအတွက် ပထမဆုံး ဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။ ထို့ကြောင့် နေးမာမှာ တောင်အမေရိက ချန်ပီယံလိဂ် Copa Libertadoes နှင့် ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲနှစ်ခုတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် ပထမဆုံး ကစားသမားဖြစ်လာခဲ့သည်။
    ………………………………
    – ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြသခဲ့သည့် အသင်းသားများ၏ စွမ်းဆောင်ရည်အား အေဂျက်အသင်းနည်းပြဖြစ်သူ ဖရန့်ဒီဘိုအားက ချီးကျူးခဲ့သော်လည်း အေစီမီလန်အသင်းမှာ ဘောလုံးကစားနည်းအား ဆန့်ကျင်၍ ကစားခဲ့သည်ဟု  ပြောကြားခဲ့သည်။ ထိုပွဲတွင် မီလန်အသင်းမှာ အချိန်အလွန်အကျွံဆွဲကာ ကစားခဲ့မှုကို ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၂၂ မိနစ် မွန်တိုလီဗိုအထုတ်ခံခဲ့ရပြီးနောက် မီလန်အသင်းမှာ ဂိုးမပေးရရေးကိုသာ အဓိကထားကစားသွားခဲ့ပြီးနောက် ဂိုးမရှိသရေကျသွားသည့်အတွက် အေစီမီလန်အနေဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်သွားနိုင်ခဲ့သည်။
    ………………………
    – အသင်းအနေဖြင့် ထိပ်ဆုံး ၄ သင်း စာရင်းဝင်နိုင်ရန်နှင့်ပက်သက်၍ ယခုအချိန်တွင် ပြောရန်စောနေသေးပြီး ဒီဇင်ဘာလအတွင်းဖြစ်လာမည့် အသင်း၏ပုံစံကသာ ချန်ပီယံလိဂ်ဝင်ရောက်ခွင့် ရနိုင်မည်လားဆိုသည်ကို ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း နယူကာဆယ်အသင်း၏ အလယ်တန်းကစားသမား ကာဘာယီက ပြောကြားခဲ့သည်။ နယူးကာဆယ်အသင်းမှာ နောက်ဆုံးကစားခဲ့သည် ၆ ပွဲတွင် ချယ်ဆီးနှင့် မန်ယူတို့ အပါအ၀င် ၅ ပွဲအနိုင်ကစားထားပြီး ကာဘာယီမှာလည်း အသင်းအတွက် ဂိုးများသွင်ယူပေးနိုင်ခဲ့သည်။
    ………………………
    အာဆင်နယ်၊ အေစီမီလန်၊ ဒေါ့မွန်နှင့် ဂါလာတာစာရေးတို့ နောက်တစ်ဆင့် တက်ရောက်သွားခဲ့ကြသည့် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်များ
    ယမန်နေ့က ဆီးနှင်းထူထပ်စွာကျမှုကြောင့် ရပ်ဆိုင်းခဲ့ရသည့် ဂါလာတာစာရေးနှင့် ဂျူဗင်တပ်စ်တို့ ပွဲစဉ်အပါအ၀င် ချန်ပီယံလိဂ် လက်ကျန်အုပ်စုများ၏ အုပ်စုနောက်ဆုံးပွဲစဉ်များကို ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့ကြသည်။
    ဂါလာတာစာရေး ၁-၀ ဂျူဗင်တပ်စ်
    ယမန်နေ့က ဆီးနှင်းထူထပ်စွာကျမှုကြောင့် ရပ်ဆိုင်းခဲ့ရပြီး ယနေ့နံနက်တွင် ပြန်လည်ကစားခဲ့သည့် ထိုပွဲတွင် မန်စီးတီးနည်းပြဟောင်း မန်စီနီကိုင်တွယ်သည့် ဂါလာတာစာရေးအသင်းမှာ အိမ်ကွင်းတွင် စနိုက်ဒါ၏ နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး၊ ဂျူဗင်တပ်စ်အသင်းမှာ အုပ်စု တတိယနေရာသာ ရရှိခဲ့ကာ ယူရိုပါလိဂ်တွင် ပါဝင်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
    အုပ်စု E
    ချယ်ဆီး ၁-၀ စတူအာဘူခါရက်
    ရှော်လ်ကာ ၂-၀ ဘေဆယ်
    ပြီးခဲ့သည့် အုပ်စုပွဲစဉ်က ဘေဆယ်အသင်းအား ရှုံးနိမ့်ခဲ့သော်လည်း စတမ်းဖို့ဘရစ်ခ်ျတွင် ကစားခဲ့သည့် ယခုပွဲတွင် ချယ်ဆီးအသင်းမှာ တိုက်စစ်မှူး ဒမ်ဘာဘား၏ ပထမပိုင်း ၁၀ မိနစ်သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ကာ အုပ်စုဗိုလ်ဖြင့်နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။ ရိုမေးနီးယားကလပ် စတူအာဘူခါရက်မှာမူ ချက်ပီယံလိဂ်တွင် ၂၃ ပွဲဆက်တိုက် အနိုင်မရရှိခဲ့ဘဲ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အရှည်ကြာဆုံး နိုင်ပွဲမရသည့်အသင်းအဖြစ် စံချိန်ဝင်သွားခဲ့ပြီဖြစ်သည်။
    ဘေဆယ်အသင်းမှာ အနိမ့်ဆုံး သရေရလျှင်ပင် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်သည့် အခွင့်အရေးရှိနေသော်လည်း ၃၁ မိနစ်တွင် အိုင်ဗန် အိုင်ဗန်နော့ဗ် အထုတ်ခံခဲ့ရခြင်းနှင့်အတူ အိမ်ရှင်ရှော်လ်ကာအား အရှုံးပေးခဲ့ရသည်။ ရှော်လ်ကာအသင်းအတွက် နောက်တစ်ဆင့်တက်ရောက်စေမည့် ဂိုးများကို ၅၁ မိနစ်တွင် ဂျူလီယံ ဒရက်စလာနှင့် ၅၇ မိနစ်တွင် ဂျိုးလ်မာတစ်တို့က အသီးသီး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    …………………………….
    အုပ်စု F
    နာပိုလီ ၂-၀ အာဆင်နယ်
    မာဆေးလ် ၁-၂ ဒေါ့မွန်
    ဘင်နီတက်ဇ်၏ နာပိုလီအသင်းမှာ ယခုပွဲတွင် အနိုင်ရရှိအောင် ကစားနိုင်သော်လည်း ဂိုးကွာခြားချက်ကြောင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယူရိုပါလိဂ်ဝင်ခွင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ၃ ဂိုးပြတ်ဖြင့်အနိုင်ရရှိရန် လိုအပ်နေသည့် နာပိုလီအသင်းမှာ မိနစ် ၇၀ အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ၇၃ မိနစ်တွင်မှ ဟီဂူအင်က ဂိုးသွင်းယူနိုင်ခဲ့ပြီ ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် ကလ်လီဂျွန်းက ဒုတိယဂိုး သွင်းယူပေးခဲ့သည်။ အဆင်နယ်အသင်းမှာ ယခုပွဲရှုံးနိမ့်ခဲ့သော်လည်း အုပ်စုဒုတိယနေရာဖြင့် နောက်တစ်ဆင့်သို့တက်ရောက်သွားခဲ့ပြီး ၁၄ ရာသီဆက်တိုက် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    အဝေးကွင်းတွင်ကစားရသော်လည်း ဒေါ့မွန်မှာ ကီဗင် ကရော့ဇ်ရက်ဇ်၏ ၈၇ မိနစ်သွင်းဂိုးဖြင့် နောက်တစ်သို့ တက်ရောက်နိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို ဒေါ့မွန်တို့က ပွဲအစ ၄ မိနစ်မှာပင် လီဝန်ဒေါ့စကီး၏သွင်ဂိုးဖြင့်ရရှိခဲ့သော်လည်း ၁၄ မိနစ်တွင် ဒီယာဝါရာက အိမ်ရှင်အတွက် ပြန်လည်ချေပခဲ့သည်။ ဒုတိယပိုင်းတွင် ဒေါ့မွန်အသင်းမှာ အခွင့်အရေးကောင်းများကို ရရှိခဲ့ပြီး အသုံးချနိုင်ခြင်းမရှိခဲ့ဘဲ ၈၇ မိနစ်တွင်မှ အနိုင်ဂိုးရရှိခဲ့ခြင်းဖြစ်သည်။ မာဆေးလ်အသင်းမှာ အုပ်စု ၆ ပွဲစလုံးတွင် တစ်ပွဲမှအနိုင်မရရှိခဲ့ပေ။
    …………………………………
    အုပ်စု G
    အက်သလက်တီကို ၂-၀ ပေါ်တို
    သြစတြီးယားဝီအန် ၄-၁ ဇင်းနစ်
    နောက်ဆင့်သို့တက်ရောက်သွားခဲ့ပြီဖြစ်သော်လည်း အက်သလက်တီကိုမှာ အိမ်ကွင်းတွင် အနိုင်ကစားခဲ့ပြီး ချန်ပီယံလိဂ် ရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ ပေါ်တိုအသင်းမှာ ဂျိုဆူး၏ ၂၈ မိနစ်ပင်နယ်တီလွဲချော်မှုနှင့်အတူ ချန်ပီယံလိဂ် နောက်တစ်ဆင့်တက်ရေး အိပ်မက်မှာလည်း ပျက်ပြယ်သွားပြီဖြစ်သည်။ အိမ်ရှင်အတွက် ဂိုးများကို ၁၄ မိနစ်တွင် ရာအူးလ်ဂါစီယာကလည်းကောင်း၊ ၃၇ မိနစ်တွင် ဒီယေဂိုကော်စတာက လည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။
    ပြီးခဲ့သည့် အုပ်စုပွဲစဉ် ၅ ပွဲစလုံးတွင် တစ်ပွဲမှ အနိုင်မရရှိခဲ့သည့် ၀ီအန်အသင်းမှာ ယခုပွဲတွင် ဇင်းနစ်အား ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သည်။ ဇင်းနစ်အသင်းမှာ ယခုပွဲရှုံးနိမ့်ခဲ့သော်လည်း ပေါ်တိုအသင်းမှာ အက်သလက်တီကိုကို ရှုံးနိမ့်သွားခဲ့သောကြောင့် အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို ဇင်းနစ်က ၃၅ မိနစ်တွင် ကာဇာကော့ဗ်၏သွင်းဂိုးဖြင့်ရရှိခဲ့သော်လည်း ၀ီအန်က ပထမပိုင်းတွင် ၂ ဂိုး၊ ဒုတိယပိုင်းတွင် ၂ ဂိုး စုစုပေါင်း လေးဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သည်။
    ………………………………….
    အုပ်စု H
    ဘာစီလိုနာ ၆-၁ ဆဲလ်တစ်
    အေစီမီလန် ၀-၀ အေဂျက်
    ပွဲစဉ် ၅ တွင် အေဂျက်အသင်းအား ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် ပထမဆုံး ရှုံးပွဲတွေ့ခဲ့သည့် ဘာစီလိုနာအသင်းမှာ ယခုပွဲတွင် အိမ်ကွင်း နျူးကမ့်၌ မက်ဆီမပါဝင်နိုင်သော်လည်း ဘရာဇီးတိုက်စစ်မှူး နေးမာ၏ ဟက်ထရစ်သွင်းဂိုးအပါအ၀င် ဆဲလ်တစ်အသင်းအား ဂိုးပြတ်ခြေပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ဂျရက်ပီကေးက ၇ မိနစ်တွင်အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး၊ ၃၉ မိနစ်တွင် ပက်ဒရိုက ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ ထို့နောက် ၄၄၊ ၄၈ နှင့် ၅၈ မိနစ်တို့တွင် နေးမာက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ၇၂ မိနစ်တွင် တဲလ်လိုက ဆဌမမြောက်ဂိုးကို သွင်းယူခဲ့သည်။ ဆဲလ်တစ်အသင်းအတွက် နှစ်သိမ့်ဂိုးကို ၈၈ မိနစ်တွင်ရရှိခဲ့ပြီး ဆာမာရက်စ်က သွင်းယူပေးခဲ့သည်။
    ပြီးခဲ့သည့်ပွဲစဉ်က ဘာစီလိုနာအသင်းအား အနိုင်ရရှိခဲ့သော အေဂျက်အသင်းမှာ ယခုပွဲအနိုင်ရလျှင် နောက်တစ်ဆင့်သို့တက်ရောက်နိုင်မည်ဖြစ်ပြီး၊ ပွဲချိန်အတော်တော်များများအား တစ်ယောက်အသာဖြင့် ကစားခဲ့ရသော်လည်း အနိုင်ကစားနိုင်ခြင်းမရှိဘဲ သရေတစ်မှတ်သာ ရရှိခဲ့သောကြောင့် ယူရိုပါလိဂ်ဝင်ခွင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ၂၂ မိနစ်တွင် မီလန်ကစားသမား မွန်တိုလီဗိုအထုတ်ခံခဲ့ရပြီးနောက် တစ်ပွဲလုံးကို အေဂျက်အသင်းကသာ စိုးမိုးထားနိုင်သော်လည်း အိမ်ရှင်အေစီမီလန်အသင်းမှာ ဂိုးမပေးရအောင် ထိန်းထားနိုင်ခဲ့သောကြောင့် အုပ်စုဒုတိယနေရာဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။
  • “ဦးသန့်အရေး” ၃၉ နှစ်မြောက် ပြုလုပ်
    ဒီဇင်ဘာ ၁၂၊၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ ရုပ်ကလာပ် ဂူသွင်းမြှပ်နှံသည့် ၃၉နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား
    1463615_632413023467838_1110147398_n
    ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ ရုပ်ကလာပ် ဂူသွင်းမြှပ်နှံသည့် ၃၉နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို  ဦးသန့်ဈာပန ဖြစ်မြောက်ရေး လှုပ်ရှားသူများမှ ဒီဇင်ဘာ ၁၁ရက်နေ့က ရန်ကန်မြို့၊ ရွှေတဂုံစေတီတော် တောင်ဘက်မုဒ်၊ ဦးသန့်ဂူဗိမာန်တွင် နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
    ” ဆရာကြီးဦးသန့်ရဲ့ ဂူဗိမာန် ခန့်ငြားထည်ဝါစွာ ပေါ်ထွန်းလာရေးတို့ အတွက် ရဟန်းရှင်လူ ပြည်သူ မိဘအပေါင်းနှင့် ပူးပေါင်းပြီး သက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာပါ။ အဲဒီ အရေးအခင်းကြောင့် ရဟန်း ၉ပါး နှစ်ရှည်ထောင်ကျခံရသလို၊ လူပေါင်း ၅၀၀၀နီးပါး ဖမ်းခံခဲ့ရပြီး ၅၂ဦးခန့် ထောင်ကျခံခဲ့ရပါတယ်။ ဦးဇင်းက အဲဒီတုန်းက ရန်ကုန်ဝိဇ္ဇာ သိပ္ပံ ကျောင်းသားပါ ” ဟုဆရာတော် ဦးရေ၀တ (ခ) ဦးလှဌေး (၇၄- ၇၅ -၇၆ နိုင်ငံရေး အင်အားစု) က M-Media သို့ မိန့်ကြားသည်။
    ယင်းအပြင် ဦးသန့်အရေးအခင်းတွင် ပါဝင်လှုပ်ရှားသည့်အပြင် ထိုအချိန်က မဆလ ဦးနေဝင်းအစိုးရ နှင့် စင်ပြိုင်အစိုးရထောင်ထားသည့်  ဦးနု နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် MSC ကျောင်းသား ဆလိုင်း တင်မောင်ဦးသည် ကြိုးပေးခံခဲ့ရကြောင်း၊ မြန်မာသမိုင်းတွင် ကျောင်းသားအနေဖြင့် ကြိုးပေးခံရတာ ပထမဦးဆုံး ဖြစ်ကြောင်း ၎င်းက မိန့်ကြားသည်။
    ” ဦးနေ၀င်းက ဦးသန့်ကို အဲဒီချိန်တုန်းက ကြံတော သချိုင်းက ရှိသေးတာဆိုတော့ အဲဒီမှာ သာမာန်ပြည်သူ တစ်ယောက်လို ချချင်ခဲ့တာ။ ဦးနေ၀င်းရဲ့ ဖိအားကြောင့် ဦးသန့်ရဲ့ မိသားစုကလည်း ကြံတောပဲ ပို့ပါတော့လို့ လုပ်တော့မယ်။။ ဒါကို ရဟန်းရှင်လူ ပြည်သူတွေက လုံးဝ လက်သင့်မခံခဲ့ဘူး။ အဲဒီချိန်မှာ ဦးသန့်ဈပန ဖြစ်မြောက်ရေး၊ ဦးသန့်ဂူဗိမာန် တည်ဆောက်ရေး အဲဒီ ကြွေးကြော်သံ ၂ချက်ကို ကိုင်ဆွဲပြီးတောင်းဆိုတာကို လမ်းစဉ်ပါတီ အစိုးရက ခွင့်မပြုဘူး။ ခွင့်မပြုတဲ့အတွက် ကျောင်းထဲမှာ သပိတ်စခန်း ၇ရ က်ဆွဲပြီး ဖိနှိပ်မှုကို ဆန့်ကျင်ပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာ ဦးနေ၀င်းက တ.က.သ အဆောက်အဦးကို ဗုံးခွဲခဲ့တဲ့ နေရာမှာ မြှပ်နှံခဲ့တာပါ။ ဒါပေမယ့် အစိုးရက ၁၉၄၇ ခုနှစ်၊ ဒီနေ့လို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဦးသန့်ရုပ်အလောင်းကို ကော်ထိုးပြီး  သယ်ကာ ဒီနေရာမှာ မြှပ်နှံခဲ့တာပါ။ ရဟန်းရှင်လူ ပြည်သူတွေကို မျက်ရည်ယို ဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ဖောက်ခဲ့လို အသေအကြေလည်း များခဲ့ပါတယ်” ဟု ၎င်းက ထပ်လောင်း မိန့်ကြားခဲ့သည်။
    ကမ္ဘာ့ငြိမ်းချမ်းရေး အကျိုးတော်ဆောင်၊ အမျိုးသား ကျောင်းဆရာကြီး ဦးသန့် ၏ ကြည်ညှိဖွယ် ဂုဏ်ထူးကို ဦးခိုက်လျက် ယနေ့ကျရောက်တဲ့ ၃၉နှစ်မြောက်သောနေ့မှာ ပထမဆုံးအကြိမ် လူထုအရှေ့မှာ ကျင်းပခွင့်ရခဲ့ခြင်း ဖြစ်ပြီး ဆရာကြီး၏ သမာဓိဂုဏ်၊ ပညာဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို ရည်မှန်းလျှက် ရှိခိုး ဦးညွှတ်ခြင်း ဖြစ်ကြောင်း ဦးသန့်အရေး လှုပ်ရှားသူများ၏ ကျောင်းသားဟောင်း တစ်ဦးဖြစ်ကာ ယင်းလှုပ်ရှားမှုကြောင့် ထောင် (၈)နှစ်ကျခံခဲ့ရသူ ဦးဇော်ငြိမ်းလတ်က ဆိုသည်။
    ” ဆရာကြီးဟာ ပန်းတနော် အမျိုးသား ကျောင်းဆရာ ဘ၀ကနေ နိုင်ငံပေါင်းစုံ ဖွဲ့စည်းထားတဲ့ ကမ္ဘာ့ကုသမဂ္ဂ  အဖွဲ့အစည်းမှာ အထွေထွေ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ရင်း ကမ္ဘာ့ငြိမ်းချမ်းရေး အကျိုးတော် ဆောင်ဖြစ်တယ်။ အဲဒီချိန်တုန်းက တတိယ ကမ္ဘာ့စစ်ကို စိုးရိမ်နေရတဲ့ ကာလမှာ အမေရိကန်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ ကျူးဘားအရေးအခင်းနဲ့ ပတ်သက်ပြီး စစ်သဘောင်္တွေ၊ အနုမြူဗုံးတွေနဲ့ ထိပ်တိုက်တွေ့တော့မယ် အချိန်မှာ ဖြေရှင်းခဲ့သူပါ။ တတိယ ကမ္ဘာစစ်ကို ကာကွယ်လိုက်နိုင်တဲ့ သူပါ။ ဆရာကြီးဦးသန့်ကို ခုရော နောက်မျိုးဆက်တွေကရော အင်မတန် အတုယူ သင့်တယ်” ဟု M-Media သို့ပြောသည်။
    ယင်းအခမ်းအနားကျင်းပသည့် နေ့သည့် တိုက်တိုက် ဆိုင်ဆိုင် ဦးသန့်ဂူဗိမာန် ပိတ်ရက် ဖြစ်နေကြောင်း သိရသည်။ တစ်ပတ်တွင် တစ်ရက်ခြား ဖွင့်ကြောင်း သိရသည်။
    ဦးသန့်ကို ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၂ရက်နေ့၌ ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ ပန်းတနော်မြို့တွင် အဖ ဦးဘိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့မှ ဖွားမြင်ခဲ့သည်။ သံတမန်ဘ၀ မတိုင်မီ ဦးသန့်၏ အတွေ့အကြုံမှာ ပညာရေးနှင့် ပြန်ကြားရေး ကဏ္ဍများတွင် ဖြစ်ပါသည်။ ကောလိပ်မှ ထွက်ကာ သူတက်ရောက်သင်ကြားခဲ့ရာ ပန်းတနော် အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း ၁၉၃၁ ခုနှစ်၊ အင်္ဂလိပ် အစိုးရ စစ်ဆေးသည့် အထက်တန်းဆရာဖြစ် စာမေးပွဲကို ပထမစွဲ၍ အောင်မြင်ခဲ့ပြီးနောက်တွင် ကျောင်းအုပ်ဆရာကြီး ဖြစ်လာခဲ့ပါသည်။
    ၁၉၅၂ခုနှစ်တွင် ကမ္ဘာ့ကုသမဂ္ဂ အထွေထွေ ညီလာခံသို့ မြန်မာကိုယ်စားလှယ် အဖွဲ့၏ အဖွဲ့ဝင် တစ်ဦးအနေဖြင့် ဦးသန့်က တက်ရောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင်မှစ၍ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး အဆင့် (၁၉၅၇- ၁၉၆၁) အပ်နှင်းခြင်း ခံခဲ့ရသည်။ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအနေဖြင့် ဦးသန့်သည် နိုင်ငံငယ်များ လက်အောက်ခံ ကိုလိုနီ အဖြစ်မှ လွတ်မြောက်ရေး ကိစ္စများတွင် တက်ကြွစွာ ဆောင်ရွက်ခဲ့ပြီး အယ်ဂျီးရီးယား နိုင်ငံ လွတ်လပ်ရေး အတွက် အာဖရိက အာရှ လုပ်ငန်းအဖွဲ့၏ ဥက္ကဌ ဖြစ်လာခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် သူသည် ၁၄ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဒု-ဥက္ကဌများ အနက် တစ်ဦး အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ကွန်ဂို နိုင်ငံ စေ့စပ်သင့်မြတ်ရေး ကော်မရှင်နှင့် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေ အဖွဲ့တို့တွင် ဥက္ကဌ အဖြစ် ထမ်းဆောင်ခဲ့ပါသည်။
    ကျူးဘားဒုံးကျည် အရေးအခင်းတွင် သူသည် အဓိကကျသည့် အခန်း ကဏ္ဍ၌ ပါဝင်ခဲ့သည်။ သမ္မတ ကနေဒီနှင့် အတွင်းရေးမှူး ကရုးရှက်ဗ်တို့ကြား သံတမန် နည်းလမ်း မျိုးစုံဖြင့် ကြိုးစားခဲ့သဖြင့် နျုကလီးယား စစ်ပွဲမဖြစ်အောင် ရှောင်ရှားနိုင် ခဲ့သည်။ သမ္မတ ကနေဒီက နောင်တွင် ဦးသန့်အား ချီးကျူးသည့်အခါ ‘ ကမ္ဘာကြီးမှာ သူ့ကျေးဇူးတွေ ရှိတယ်’ ဟူ၍ ပြောဆိုခဲ့သည်။
    ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ပြီး သံတမန်၊ ပညာရေး ၀န်ထမ်း၊ စာရေးဆရာနှင့် အစိုးရအမှုထမ်းအဖြစ်တာဝန် ထမ်းဆောင်ရင်း ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ အသက်(၆၅)နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။