News @ M-Media

Blog

  • အိန္ဒိယ အမျိုးသား အလုပ်သမား ကားတိုက်ခံရပြီး သေဆုံးရာမှ အစပြုပြီး စင်္ကာပူ Little India တွင် ရုန်းရင်းဆန်ခတ်မှုဖြစ် တောင်အာရှသား၂၇ ဦးအား ဖမ်းဆီးထား

    ဒီဇင်ဘာ ၉ ၊ ၂၀၁၃
    M-Media

    1488199_10151745347267115_1693144545_n

    ဒီဇင်ဘာ ၈ ရက်နေ့ ယမန်နေ့ညက စကာင်္ပူနိုင်ငံ Little India တွင်ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ Race Course Road နှင့် Tekka Lane လမ်းဆုံတွင် ကိုယ်ပိုင် ကားတစ်စီးက အိန္ဒိယ အမျိုးသားတစ်ဦးကို တိုက်မိရာမှ အုပ်စုလိုက် ဆူပူလုပ်ရှားမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်

    ရဲတပ်ဖွဲ့ အဆိုအရ အဆိုပါ ရုန်းရင်းဆန်ခတ်မှုတွင် လူ ၄၀၀ ခန့်ပါဝင်ခဲ့ပြီး ည ၉ နာရီ ခွဲခန့်တွင် ဖြစ်ပွားခဲ့သည်။ တောင်အာရှသား ၂၇ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ရဲကဆိုသည်။ စုံစမ်းမှုများအရ ထပ်မံခေါ်ယူစစ်ဆေးခံရသူများရှိနိုင်သည်ဟု ဆိုပါသည်။ အန္တရာယ်ရှိသော လက်နက်များပါဝင်သည့် အဓိကရုဏ်း အဖြစ် သတ်မှတ်လိုက်သည်။

    ရဲအရာရှိ ၁၀ ဦး၊ စကာင်္ပူ မြို့ပြ ကာကွယ်ရေး အဖွဲ့ဝင် ၄ ဦး၊ ခရီးသည်တင်ကားသမား နှင့် သူ့လက်ထောက်အပါအ၀င် စုစုပေါင်း လူ ၁၈ ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။ ၆ဦးမှာ Tan Tock Seng ဆေးရုံတွင် တက်ရောက်ကုသနေရဆဲ ဖြစ်ပြီး စိုးရိမ်ဖွယ်ရာ မရှိကြောင်း တာဝန်ရှိသူများကဆိုသည်။

    စကာင်္ပူ ၀န်ကြီ:ချုပ် Lee Hsein Loong ၏ နံနက် ၃ နာရီခန့် ဖေ့စ်ဘွတ်ခ် ရေးသားချက်တွင် “အလွန်ဝမ်းနည်းဖွယ် အဖြစ်အပျက်” ဟုဖော်ပြထားသည်။ ရဲအရာရှိအမြောက်အများ ဒဏ်ရာရသလို ယာဉ်အချို့ ဖျက်ဆီးခံရပြီး အခြေအနေကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်းနှင့် စုံစမ်း စစ်ဆေးမှုများကိုလဲ ပြုလုပ်နေပြီဖြစ်ကြောင်း သူကဆိုသည်။

    အဓိကရုဏ်း မည့်သည့်အကြောင်းကြောင့် စဖြစ်သည်ဖြစ်စေ၊ ယခုကဲ့သို့ ဖျက်လို ဖျက်ဆီး ရာဇ၀တ်မှု ဆန်ဆန်ပြုမူတာမျိုး လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်း နှင့် တရားခံများကို ဖော်ထုတ်ပြီး ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူရန် အားထုတ်ကြိုးပမ်းမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ကဆိုသည်။

    လစ်တဲလ် အိန္ဒိယတွင် ကားအက်ဆီးဒင့် တစ်ခုဖြစ်ရာမှ အဓိကရုဏ်း စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ည ၉နာရီ ၂၅ မိနစ်ခန့် စကာင်္ပူမြို့ပြ ကာကွယ်ရေးအဖွဲ့ဝင်များ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာချိန်တွင် လူတစ်ဦး ဘတ်စ်ကားအောက်တွင် ညှပ်မိနေပြီး အရေးပေါ်ဆေး ကုသအဖွဲ့က ထိုလူသေဆုံးကြောင်း ကြေညာခဲ့သည်။ အဖွဲ့ဝင်များက ဟိုက်ဒြောလစ် ကိရိယာများ သုံးပြီး အလောင်းကို ထုတ်ယူနိုင်ဖို့ ဆောင်ရွက်နေချိန်တွင် သူတို့ကို လူများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    အခင်းဖြစ်ပွားရာနေရာတွင် လူအုပ်ကြီး စုဝေးလာပြီး အော်သံများကြားရကာ ပုလင်းများ၊ အမှိုက်များ ခဲများဖြင့် ရဲယာဉ်တန်းအားပစ်ခတ်ခဲ့ခြင်းဟု မျက်မြင်သက်သေများကပြောကြားသည်။

    ရဲကား အမြောက်အများ ပြောင်းပြန်လှန်လိုက်ပြီး ရဲကား သုံးစီး၊ လူနာတင်ယာဉ် တစ်စီးနဲ့ မော်တာဆိုင်ကယ် တစ်စီး စုစုပေါင်း ယာဉ်ငါးစီးအား မီးရှို့ခံရသည်။

    Ref: Todayonline

  • ပြည်တွင်းသတင်း စုစည်းမှု

    ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၈၊ ၂၀၁၃
    M-Media
    နိုင်ငံရေးကိစ္စတွင် ဘာသာသာသနာအား အလွဲသုံးစားမပြုရငြိမ်းချမ်းရေးပွဲ
    –  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဘာသာပေါင်းစုံမှ ဦးဆောင်ဆရာ တော်များ ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်အား “နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ”ခေါင်းစဉ်ဖြင့် ယနေ့ နိုဝင်ဘာ ၈-ရက်နေ့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ နံနက် ၉း၀၀-နာရီမှ ၁၂း၀၀-နာရီထိ ကျင်းပ ပြုလုပ်ခဲ့ရာ ဘာသာလေးခုမှ ဦးဆောင်ဆရာတော်များ၊ လူပုဂ္ဂိုလ်များ စုစုပေါင်း ၁၀၀-ခန့် တက်ရောက်ခဲ့ကြပြီး မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
    ________________________
    လူ့ဘောင်သစ်ပါတီ မှတ်ပုံတင်ရန် ပထမဆုံးအကြိမ် ဆွေးနွေး
    –  လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ မှတ်ပုံတင်ရန်နှင့် သက်ဆိုင်ရာ လူ့ဘောင်သစ် အစုအဖွဲ့တွေက တရားဝင် တာဝန်ပေးအပ်သူတွေ ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီး ခိုင်မာတဲ့ နိုင်ငံရေးပါတီကြီး ပြန်လည် ပေါ်ထွန်းလာရေးအတွက် ပါတီဝင် အသစ်များ၊ အဟောင်းများနဲ့ ဦးဆောင်သူမျာနှင့် တချိန်က လူ့ဘောင်ပါတီမှ ဥက္ကဋ္ဌများဖြစ်သည့် ဦးမိုးသီးဇွန်၊ ဦးအောင်ဇေယျ အစရှိသူတွေလည်း တက်ရောက်ပါဝင်ခဲ့တဲ့ ပါတီ၏ ပထမဆုံးအကြိမ် ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
    ________________________
    ရခိုင်အမျိုးသားညီလာခံကျင်းပရန် ချင်းမိုင်မှာ ဆွေးနွေး
    –  ရခိုင်အမျိုးသားညီလာခံကျင်းပရန်အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၃-ရက်တာ ဆွေးနွေးမှုအပြီးတွင် ၂၀၁၄-ခု ဧပြီ နောက်ဆုံးရက်သတ္တပတ်မှာ ရခိုင်အမျိုးသား ညီလာခံကျင်းပရန် သဘောတူဆုံးဖြတ်ခဲ့ကြပြီး ညီလာခံကျင်းပရန် ကော်မတီ အသီးသီး ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။
    ________________________
    ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ စိစစ်သုံးသပ်ရန် သမ္မတပြောကြား
    –  လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ခွင့်ပြုရရှိထားသည့် ငွေကျပ် သိန်းတစ်ထောင်အား သက်ဆိုင်ရာ မြို့နယ်မှ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များနှင့် ညှိနှိုင်း ဆောင်ရွက်ရန်ပြောကြားပြီး၊ အဆိုပါ သုံးစွဲမှုမှာ ၂၀၀၈-ခု ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်သုံးသပ်ရန်လည်း သမ္မတအနေဖြင့် ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ထားကြောင်း သိရသည်။
    ________________________
    လှေစီးပြေး ဒုက္ခသည် ရိုဟင်ဂျာများ လူမှောင်ခိုလက်ထဲ ရောင်းစားမှုမှာ ထိုင်းအာဏာပိုင်များ ပတ်သက်မှုရှိကြောင်း အစီရင်ခံစာထွက်ပေါ်
    မြန်မာပြည်က ထွက်ပြေးပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာကြတဲ့ လှေစီးပြေး ဒုက္ခသည် ရိုဟင်ဂျာတွေအား လူမှောင်ခို သမားတွေ လက်ထဲ ရောင်းစားမှုမှာ ထိုင်းအာဏာပိုင်တွေ ပါဝင် ပတ်သက်နေတယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့၏ ၂-လကြာ လေ့လာမှု ပူးတွဲ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပြီး ထိန်းသိမ်းရေးစခန်း ရောက်ရှိလာသည့် ရိုဟင်ဂျာများကို ပြန်လိုက်ရန် မှောင်ခိုသမားများက အယုံသွင်း၍ အာဏာပိုင်များကို လာဘ်ထိုးပြီး ခေါ်ဆောင်သွားကြောင်း၊ အာဏာပိုင်များက ရိုဟင်ဂျာများ လွတ်မြောက်သွားပြီဟု အထက်ကို အစီရင်ခံခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ကိစ္စရပ်များကြောင့် ရိုဟင်ဂျာ ဒုက္ခသည် အသစ်များ ထိုင်းနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများကို နေ့စဉ်လိုလို ရောက်ရှိလာနေကြောင်းလည်း သိရသည်။
  • ဒီဇင်ဘာ ၈ နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media

    britain-national-air

    – ဗြိတိန်နိုင်ငံရှိ လေကြောင်းထိန်းချုပ်ရေး စနစ်တွင် ယမန်နေ့က ဖြစ်ပေါ်သည့် နည်းပညာပိုင်းဆိုင်ရာ ပြဿနာအနည်းငယ်ကြောင့် လေယာဉ်ခရီးစဉ် ရာပေါင်းများးစွာအား ဖျက်သိမ်းခဲ့ရပြီး ခရီသည်များမှာလည်း ဒေါသ ထွက်ခဲ့ကြသည်။ အင်္ဂလန်တောင်ပိုင်း ဆွမ်ဝစ်က်ရှိ ထိန်းချုပ်ရေးစခန်းမှ နေ့ပိုင်းနှင့် ညပိုင်း ထိန်းချုပ်ရေးစနစ်များအကြား ခလုပ်များမှားယွင်းမှုကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး လန်ဒန်ရှိ ဟီသရိုးလေဆိအပါဝင် အဓိကလေဆိပ်များအား ထိခိုက်ခဲ့ရခြင်းဖြစ်သည်ဟု အမျိုးသားလေကြောင်းလမ်းထိန်းသိမ်းရေးအဖွဲ့ NATS က ပြောကြားခဲ့သည်။

    – ၂၀၁၄ ခုနှစ်နောက်ပိုင်း အာဖဂန်တွင် အမေရိကန်တပ်များရှိနေမည့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ထိုးရန် နှောင့်နှေးနေခဲ့ပြီးနောက် အမေရိကန်က အာဖဂန်နစ္စတန်နိုင်ငံတွင် ပြုလုပ်မည့် ပရောဂျက် ၆ ခုအား ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။ ထိုလုံခြုံရေးဆိုင်ရာ သဘောတူညီချက်နှင့် ပက်သက်၍ အာဖဂန် မျိုးနွယ်စုခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် သမ္မတဟာမစ်ကာဇိုင်းက လာမည်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီအထိ လက်မှတ်ထိုးမည်မဟုတ်ဟု ပြောဆိုထားသည်။

    – နှစ်နိုင်ငံ မဟာဗျူဟာကျသော မိတ်ဖက်နိုင်ငံဖြစ်လာစေရန်အတွက် ယူကရိန်းသမ္မတ ဗစ်တာယန်ကိုဗစ်ခ်ျမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို သောကြာနေ့က ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ယန်ကိုဗစ်ခ်ျမှာ ရုရှားနှင့် မိတ်ပျက်မည်ကို စိုးရိမ်သောကြောင့် ဥရောပယူနီယံ၏ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးရန်ငြင်းဆိုခဲ့ပြီး၊ ထိုလုပ်ရပ်ကြောင့် ယူကရိန်းပြည်သူများမှာ မြို့တော်ကိဗ်တွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုများကို အဆက်မပြတ်ပြုလုပ်နေကြသည်။

    – နိုင်ငံတော်မှ တရားဝင်ပြုလုပ်သည့် ညစာစားပွဲများတွင် ငါးမန်းတောင်၊ ငှက်သိုက်နှင့် တေားရိုင်းတိရစ္ဆာန်များအား ချက်ပြုတ်ထားသေား ဟင်းလျာများ မပါဝင်စေရန် တိကျသော ဥပဒေတစ်ခုကို တရုတ်နိုင်ငံ ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့မှ ပူးပေါင်းထုတ်ပြန်လိုက်သည့် အဆိုပါဥပဒေတွင် အစိုးရ သို့မဟုတ် ပါတီမှ တာဝန်ရှိသူများ နိုင်ငံအတွင်းရှိဒေသများသို့ သွားရောက်လည်ပတ်ရာတွင် ဒေသခံအာဏာပိုင်များမှ ပြုလုပ်သော တည့်ခင်းဧည်ခံမှုများအပေါ် ပြည်သူ့ဘဏ္ဍာများ သုံးစွဲရေးနှင့်ပက်သက်ပြီး တိကျသော ဥပဒများကိုလည်း အသေးစိတ်ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ ကြီးကျယ်သော ညစာစားပွဲများတွင် တောရိုင်းတိရစ္ဆာန်များအား ချက်ပြုတ်ထားသော ဟင်းလျာများမှာ အလွန်လူကြိုက်များသည်။

    – အသက်အန္တရာယ်စိုးရိမ်ရသည့် ငှက်တုပ်ကွေး H7N9 ရောဂါအား လူတွင်ဖြစ်ပွားမှုကို တွေ့ရှိခဲ့ရသည်ဟု ဟောင်ကောင် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက သောကြာနေ့တွင် ပြောကြားခဲ့သည်။ နိုင်ငံတောင်ပိုင်းရှိ အသက် ၈၀ အရွယ်အဖိုးအို တစ်ဦးတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဆေးကုသမှုများ ပြုလုပ်နေသည်ဟု ဟောင်ကောင် ကျန်မာရေးကာကွယ်စောင့်ရှောက်သူ  Leung Ting-hung က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ထိုကဲ့သို့တွေ့ရှိရမှုမှာ ငါးရက်အတွင်း ဒုတိယအကြိမ်လည်းဖြစ်သည်။

    – ဆူဒန်နိုင်ငံ ဒုတိယသမ္မတ အမှတ် ၁ အလီတာဟာမှာ ရာထူးက နှုတ်ထွက်သွားကြောင်း ဆူဒန် သမ္မတ အိုမာ အလ်-ဘရှီးရ်က ကြေညာခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့ကြသည်။ တာဟာမှာ ဆူဒန်ပြည်တွင်းစစ်အား အဆုံးသတ်နိုင်ခဲ့သည့် ၂၀၀၅ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် အတွက် အဓိက စေ့စပ်ဆွေးနွေးသူဖြစ်ခဲ့သည်။

    – နျူးကလီးယား အစီအစဉ်အား ထိန်းချုပ်ဟန့်တားရန် အီရန်နိုင်ငံနှင့်ပြုလုပ်ခဲ့သည့် သဘောတူညီချက်အား ဘာရက်အိုဘားမားက ကာကွယ်ခဲ့ပြီး၊ အစ္စရေးနိုင်ငံ၏ သံသယအား ပျောက်စေရန်အတွက် အီရန်နိုင်ငံအနေဖြင့် သဘောတူညီချက်အား မလိုက်နာပါက ပိတ်ဆို့မှုများ ပြုလုန်ရန်နှင့် စစ်ရေးအရ အရေးယူမှုများ အတွက် ပြင်ဆင်မှုများပြုလုပ်ရန် ကတိပေးခဲ့သည်။ အမေရိကန်အပါအ၀င် အင်အားကြီး ၆နိုင်ငံက အီရန်နှင့် သဘောတူညီခဲ့ပြီးနောက် အစ္စရေးနိုင်ငံက ထိုသဘောတူညီချက်အား ကန့်ကွက်ခဲ့ပြီး အမေရိကန်နှင့် အစ္စရေးတို့၏ ဆက်ဆံရေးမှာ အက်ကြောင်းလိုက်လာခဲ့သည်။

    – တောင်ကိုရီးယားနိုင်ငံက နိုင်ငံ၏တောင်ဘက်ရှိ လေကြောင်းကာကွယ်ရေးဇုံအား တိုးချဲ့မည်ဟု ကြေညာခဲ့ပြီး တိုးချဲ့မည့်ထိုဇုံအတွင်း ယခင်ကရှိနေသည့် တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးဆိုင်ရာ လေပိုင်နက်အချို့ ပါဝင်မည်ဖြစ်သည်။ လေကြောင်း ဥပဒေနှင့် နိုင်ငံတကာ၏ ကျင့်သုံးမှုများအောက်တွင် အထူးသဖြင့်လေတပ် ဆိုင်ရာ ဆောင်ရွက်မှုများအား ထည့်သွင်း စဉ်းစားပြီးနောက် လေကြောင်း ကာကွယ်ရေးဇုံကို တိုးချဲ့ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းမှာ ၁၉၅၁ ခုနှစ် ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်လေတပ်က သတ်မှတ်ခဲ့သည့် လေကြောင်းကာကွယ်ရေးဇုံအား နှစ် ၆၀ အတွင်း ပထမဦးဆုံးအကြိမ် ပြောင်းလဲခြင်းလည်းဖြစ်သည်။

  • အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန် ကျောင်းသား(၄) ဦးသေဆုံး

    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media

    4 killed in US-led airstrikes in Afghanistan
    – အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းတွင် အမေရိကန်ကပြုလုပ်ခဲ့သော ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ကျောင်းသား ၄ ဦးသေဆုံးခဲ့သည်ဟု အာဖဂန် စစ်တပ်မှ ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ၂၀၀၁ ခုနှစ်က အမေရိကန်အနေဖြင့် အာဖဂန်နစ္စတန်သို့ ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် အာဖဂန်ပြည်သူထောင်ပေါင်းများစွာ သေကျေခဲ့ရသည်။

    ကုလသမဂ္ဂမှ တားမြစ်ထားသော အဆိုပါဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုမှာ စစ်သွေးကြွများကို ပစ်မှတ်ထားသည်ဟု ပင်တဂွန်မှ ပြောကြားသော်လည်း လက်တွေ့တွင် သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြသည်။
    Ref: Press TV

  • ဒီဇင်ဘာ ၈ အားကစားသတင်းများ

    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media

    344649_heroa

    – အသင်းရှိ ဂိုးသမား ဂျိုးဟတ်အား လာမည့်အင်္ဂါနေ့ ဘိုင်ယန်မြူးနစ်အသင်းနှင့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲတွင် ထည့်သွင်းအသုံးပြုမည်ဟု မန်စီးတီးအသင်းနည်းပြဖြစ်သူ ပယ်လီဂရီနီကပြောကြားခဲ့သည်။ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဖြစ်သူ ဂျိုးဟတ်မှာ တန်ဖိုးကြီးမားသော အမှားအတော်များများ ပြုလုပ်ခဲ့သောကြောင့် ပထမကစားသမားနေရားအားဆုံးရှုံးခဲ့သူဖြစ်သည်။

    …………………………………..

    – လုံခြုံရေးအရ စိုးရိမ်ရသောကြောင့် ဘင်္ဂလားဒေ့ရှ်လူငယ် ခရစ်ကတ်အသင်းနှင့် စစ်တကောင်းတွင် ကစားမည့် ခြေစမ်းပွဲအား West Indies အသက် ၁၉ နှစ်အောက်လူငယ်အသင်းက ဖျက်သိမ်းလိုက်သည်ဟု သိရသည်။ West Indies အသင်းတည်းခိုသည့် ဟိုတယ်အနီးတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုကြောင့် ထိုကဲ့သို့ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းတွင် နိုဝင်ဘာ ၂၆ ရက်နေ့မှစတင်ကာ ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုများအတွင် အနည်းဆုံးလူပေါင်း ၅၀ ခန့်သေဆုံးခဲ့ရသည်။

    …………………………………..
    – ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမှာ အသင်း၏ အဓိက ရည်ရွယ်ချက်အဖြစ်ရှိနေသည်ဟု ဖီအိုရင်တီးနားအသင်း၏ တိုက်စစ်မှူးဖြစ်သူ ဂျီစီပီရော့စီက ပြောကြားခဲ့သည်။ ဖီအိုရင်တီးနားအသင်းမှာ ယခုနှစ်စီးရီးအေတွင် ရလဒ်ကောင်းများရရှိနေသောအသင်းဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၅ တွင်ရှိနေသည်။ ရော့စီမှာလည်း အသင်းနှင့် ပါဝင်ကစားခွင့်ရသည့် ၁၄ ပွဲတွင် စုစုပေါင်း ၁၂ ဂိုး သွင်းယူပေးထားသည်။

    …………………………….
    – အသင်းရှိအလယ်တန်းကစားသမား ရီဘာရီမှာ မက်ဆီထက်ပို၍ အကောင်းဆုံးဘောလုံးသမား ဆု Ballon d’Or အား ထိုက်တန်သည်ဟု ဘိုင်ယန်မြူးနစ်အသင်း၏ နည်းပြဖြစ်သူ ဂွာဒီယိုလာက ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနှစ်အသင်းမှာ ယမန်နေ့က ကစားခဲ့သောပွဲတွင် ၀ါဒါဘရီမင်အသင်းအား ၇ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဘွန်ဒစ်လီဂါတွင် ပွဲ ၄၀ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်ရရှိထားသည်။ အဆိုပါပွဲတွင် ဒဏ်ရာမှပြန်လည်သက်သာလာသည့် ရီဘာရီမှာ ခြေစွမ်းပြခဲ့ပြီး အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့သည်။

    …………………………
    – နာပိုလီအသင်းအနေဖြင့် တိုးတက်မှုရှိရမည်ဟု အသင်းနည်းပြ ဘင်နီတက်ဇ်က အူးဒီးနီးအသင်းအား ၃ ဂိုးစီ သရေကျခဲ့သည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ ထိုပွဲတွင် နာပိုလီအသင်းမှာ ၂ ဂိုးအသာဖြင့် ဦးဆောင်ခဲ့သော်လည်း အနိုင်ကို မထိန်းနိုင်ပဲ ဧည့်သည်အသင်းအား သရေတစ်မှတ်ခွဲပေးခဲ့ရသည်။ ရာသီအစတွင် ရလဒ်ကောင်းများကို ရယူနိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ရလဒ်များ တစ်ဖြည်းဖြည်း ဆိုးရွာလာသောကြောင့် အသင်း၏ စွမ်းဆောင်ရည်နှင့် ပက်သက်၍ နည်းပြ ဘင်နီတက်ဇ်က မပျော်မရွှင် ဖြစ်နေသည်။

    ……………………….
    – လေးရက်အတွင်း ၂ ပွဲဆက်ရှုံးခဲ့သော်လည်း အသင်းအနေဖြင့် စိတ်ပျက်အားလျော့မှုမရှိဘဲ လာမည့်အင်္ဂါနေ့ ချန်ပီယံလိဂ်ပွဲတွင် ပြန်လာမည်ဟု မန်ယူအသင်းနောက်ခံလူ ဂျွန်အီဗန့်က ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့က အဲဗာတန်နှင့် ကစားခဲ့သည့်ပွဲနှင့် ယမန်နေ့က နယူးကာဆယ်နှင့် ကစားခဲ့သော အိမ်ကွင်း ၂ ပွဲဆက် ရှုံးနိမ့်မှုကြောင့် မန်ယူအသင်းမှာ ထိပ်ဆုံးမှ ဦးဆောင်နေသည့် အာဆင်နယ်အသင်းနှင့် ၁၂ မှတ်ကွာဟနေပြီး နည်းပြဒေးဗစ်မိုယက်စ်မှာ ဖိအားများနှင့် ရင်ဆိုင်နေရသည်။

    ………………………….
    – အစ္စတန်ဘူလ်၌ ဂါလာတာစာရေးနှင့် ကစားရမည်ပွဲမှာ နောက်ဆုံးဗိုလ်လုပွဲကဲ့သို့ ဖြစ်သော်လည်း အသင်းအနေဖြင့် ကြောက်ရွံ့နေမည်မဟုတ်ဟု ဂျူဗင်တပ်စ်အသင်း၏ နောက်ခံလူ ချီလီနီက ပြောကြားလိုက်သည်။ ဂျူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် လာမည့်သီတင်းပါတ်အတွင်း ဂါလာတာစာရေးနှင့်ကစားရမည်ဖြစ်သည်။ ချန်ပီယံလိဂ် ၅ ပွဲကစားပြီး ၆ မှတ်သာရရှိထားသေးသည့် ဂျုဗီမှာ အုပ်စုမှတက်ရန်အတွက် အနည်းဆုံး သရေကစားရမည်ဖြစ်ပြီး ရှုံးနိမ့်၍မရပေ။