News @ M-Media

Blog

  • ဘရုစ်လီ၏ နောက်ဆုံးဇာတ်ကားတွင် အသုံးပြုခဲ့သည့် ၀တ်စုံနှင့် နန်ချက်ကူတို့အား လေလံတင်ရောင်းချ

    ဒီဇင်ဘာ ၆ ၊ ၂၀၁၃
    M-Media

    bruce-lee-nunchaku
    ကမ္ဘာကျော် ကွန်ဖူးမင်းသား ဘရုစ်စလီ နောက်ဆုံးရိုက်ကူးခဲ့သည့် ဇာတ်ကားမှ ၀တ်စုံအား ဟောင်ကောင်တွင် ယမန်နေ့က လေလံတင်ရောင်းချခဲ့ရာ မျှော်မှန်းထားသည်ထက် ပိုမို၍ ဈေးရခဲ့သည်ဟုသိရသည်။

    Game of Death ဇာတ်ကားတွင် ၀တ်ဆင်ခဲ့သည့် အဆိုပါဝတ်စုံအား ဘရုစ်လီ၏ ခန္တာကိုယ်နှင့် အံဝင်ခွင်ကျဖြစ်အောင် အထူးဒီဇိုင်းထုတ် ချုပ် လုပ်ထားခြင်းဖြစ်ပြီး ယမန်နေ့က  လေလံပွဲတွင် ဟောင်ကောင်ဒေါ်လာ ၇၈ သိန်း (ကန်ဒေါ်လာ ၁၀၀၅၉၅) ရရှိခဲ့သည်။ ထိုဇာတ်ကားတွင် ထိုဝတ်စုံနှင့်အတူ ကိုင်ဆောင်အသုံးပြုခဲ့သည့် နန်ချက်ကူကိုလည်း ရောင်းချခဲ့ပြီး ဟောင်ကောင်ဒေါ်လာ ၅ သိန်း ၄ သောင်းရရှိခဲ့သည်။
    Ref: CNA

  • ရုရှားရှိ သမိုင်းဝင် Khan ဗလီဝတ်ကျောင်းတော်အား မွတ်စလင်မ်များ ပြန်လည် ထိန်းသိမ်းခွင့်ရရှိ

    ဒီဇင်ဘာ ၆ ၊ ၂၀၁၃
    M-Media

    mosque_kasimovo
    ရုရှားနိုင်ငံ Ryazan Oblast ပြည်နယ်၏ မြို့တော် Ryazan ရှိ Khan ဗလီဝတ်ကျောင်းတော် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်ကို ဒေသခံမွတ်စလင်မ်များအား တရားရုံးက ပေးအပ်ခဲ့သည်ဟု သိရသည်။

    ထိုဆုံးဖြတ်ချက်အား Ryazan ဒေသ တရားရုံးမှ နိုဝင်ဘာ ၂၇ ရက်နေ့က ချမှတ်ခဲ့ခြင်းဖြစ်သည်။ Khan ဗလီဝတ်ကျောင်းတော်မှာ အဆိုပါပြည်နယ်၏ ဗိသုကာဆိုင်ရာ အထိမ်းအမှတ် အဆောက်အအုံတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံ၏ ရှေးဟောင်း ဗလီဝတ်ကျောင်းတော်များမှ တစ်လုံးလည်းဖြစ်သည်။

    ထိုဗလီဝတ်ကျောင်းတော်နှင် မင်နာရာမျှော်စင်တို့အား ၁၅ ရာစုက ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ဘုရင် ပီတာ ၁ အုပ်စိုးချိန်တွင် ထိုဗလီဝတ်ကျောင်းတော်မှာ ဖျက်ဆီးခြင်းခံခဲ့ရသည်။ ထို့နောက် ၁၈ ရာစုတွင် ပြန်လည်ဆောက်လုပ်နိုင်ခဲ့ပြီး မင်နာရာမျှောင်စင်အား မူလပုံစံမပျက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

    ၁၉၃၈ ခုနှစ်မှစ၍ Khan ဗလီဝတ်ကျောင်းတော်အား Kasimovskiy ခရိုင်ရှိ ဒေသသမိုင်းပြတိုက် အုပ်ချုပ်မှုအဖွဲ့က စီမံထိန်းသိမ်းခဲ့ပြီးနောက် ယခုအချိန်တွင် မွတ်စလင်မ်များအား ထိန်းသိမ်းခွင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

    Source : islam.ru

  • ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ လူဖြူလူမည်း တိုက်ဖျက်ရေး စံပြသရုပ် နယ်လ်ဆင် မင်ဒဲလား ကွယ်လွန်

    ဒီဇင်ဘာ ၆၊ ၂၀၁၃
    M-Media

    mandela
    လူဖြူလူမည်းခွဲခြားဆက်ဆံသည့် တောင်အာဖရိကနိုင်ငံအား အမှောင်ထုထဲမှ လွတ်မြောက်ဖို့ ကြိုးစား ရုန်းကန်ပေးခဲ့သူမှာ နယ်လ်ဆင်မင်ဒဲလားဖြစ်ပါသည်။

    မင်ဒဲလားမှ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်သူ၊ တိုင်းပြည်အတွက် အရေးပါသော၊ စိတ်ဓါတ်ရေးရာအတွက် စံနမူပြနိုင်သူနှင့် တောင်အာဖရိက လူဖြူလူမည်းခွဲခြားမှုများအား ဆန့်ကျင်ဘက်ပြုခဲ့ သည့် သင်္ကေတအဖြစ် သမိုင်းတွင် စွဲထင်ကျန်ခဲ့ပါသည်။

    ယမန်နေ့၊ ကြာသပတေးညဘက်တွင် နယ်လ်ဆင်မင်ဒဲလား ကွယ်လွန်ခဲ့ပါသည်။ သူကွယ်လွန်ချိန်၌ အသက် ၉၅ နှစ်ရှိပြီဖြစ်ပါသည်။

    ထောင်ထဲတွင် ၂၇ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့ရသည့် မင်ဒဲလားမှာ ထောင်မှလွတ်လပ်လာချိန်၌ သူ့အား ဖိနှိပ်ချုပ်ချယ်ခဲ့သော လူဖြူအစိုးရအား အကြွင်းမဲ့ ခွင့်လွှတ်ဥပက္ခာပြုခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။

    “(ထောင်ကနေ) လွတ်လပ်ခွင့် ရဖို့ ဂိတ်တံခါးဝကို ဖြတ်နေစဉ်မှာ ကျွန်တော်အသိတစ်ခုရခဲ့တယ်။ “ငါ့ရဲ့ ခါးသီးမှုတွေ၊ အမုန်းအာဃာတတွေကို့ ဥပက္ခာပြု ခ၀ါမချခဲ့ရင် ငါထောင်ထဲမှာပဲ ရှိနေဦးမှာ။” ယင်းမှာ ၁၉၉၀ တွင် ထောင်ထဲမှ လွတ်မြောက်လာသည့် မင်ဒဲလား ပြောကြားခဲ့သော စကားဖြစ်ပါသည်။

    ကျွဲကျောင်းသား နွားကျောင်းသားဘ၀၊ ရှေ့နေဘ၀၊ လူဖြူလူမည်းဆန့်ကျင်တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူဘ၀ စသဖြင့် ဖြတ်သန်းခဲ့သော မင်ဒဲလားမှာ အဆုံးတွင် တသက်တကျွန်း ထောင်နန်းစံခဲ့ရပါသည်။ သို့သော် ယင်းထောင်ဒဏ်မှာ သူ၏ပါးစပ်ပေါက်အား ပိတ်သွားအောင် မပြုလုပ်နိုင်ခဲ့ပါ။ အဆုံး၌ တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတဖြစ်လာခဲ့သည်သာမက ကမ္ဘာအရပ်ရပ်မှ လူသား မီလီယံပေါင်းမြောက်မြားစွာတို့၏ အထင်ကြီးလေးစားဖွယ် စံပြသရုပ်အဖြစ်ပါ ရပ်တည်နိုင်ခဲ့ပါသည်။

  • ဒီဇင်ဘာ ၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၅၊ ၂၀၁၃
    M-Media

    ၂၀၁၃ ခုနှစ်တွင် ဘိန်းခင်း ဟက်တာ ၆၀၀၀ ကျော် ဖျက်ဆီးခဲ့ဟုဆို

    – ၂၀၁၃-၂၀၁၄ ခုနှစ် ဘိန်းစိုက်ပျိုးရေး ရာသီအတွင်း ယခုအချိန်အထိ နိုင်ငံတစ်ဝှမ်း ဘိန်းစိုက်ခင်း ၆၀၂၇ ဟက်တာ ကို မြန်မာအစိုးရက ဖျက်ဆီးခဲ့သည်ဟု မြန်မာနိုင်ငံမူးယစ်ဆန်ကျင့်ရေး တာဝန်ရှိသူများက ယနေ့တွင်ပြောကြားလိုက်သည်။ အောက်တိုဘာလ တစ်လတည်းတွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ ဘိန်းစိုက်ခင်း ၅၀၁၉ ဟက်တာ ကို ဖျက်ဆီးခဲ့သည်။

    မြန်မာအစိုးရမှာ ၂၀၁၂ ခုနှစ်တွင် ဘိန်းစိုက်ခင်း စုစုပေါင်း ၂၃၇၇၀ ဟက်တာ ကိုဖျက်ဆီးပစ်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် အမှုပေါင်း ၄၀၀၆ ခုမှ တရာခံပေါင်း ၅၇၄၀ ယောက်ကိုလည်း အရေးယူခဲ့သည်ဟု သိရသည်။
    ________________________

    လူနည်းစုဘာသာဝင်များ၏ အခွင့်အရေး ကာကွယ်ပေးမည့် ဥပဒေပြဋ္ဌာန်းရန် ချင်းအမျိုးသား ညီလာခံမှ ပြောကြား

    – လူနည်းစု ကိုးကွယ်တဲ့ ဘာသာဝင်များအား ဖိနှိပ်ချုပ်ခြယ် ခွဲခြားဆက်ဆံမှုများအား လူနည်းစုဘာသာဝင်များ၏ အခွင့်အရေးကို အကာအကွယ်ပေးမည့် ဥပဒေတစ်ရပ်ပြဌာန်းပေးရန် တောင်းဆိုထားပြီး၊ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့တွေ့ဆုံဆွေနွေးထားကြောင်း၊ နှုတ်မှ ပြောနေခြင်းမဟုတ်ပဲ တကယ့်ဥပဒေနှင့်အညီ ပြဌာန်းပေးရန် အလွန်အရေးကြီးကြောင်း ကို ရန်ကုန်မြို့ Summit Park View တွင် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသား ညီလာခံတွင် ဆလိုင်းဘွေ့လျန်မန်းမှ ပြောကြားခဲ့ပါသည်။
    ________________________

    ငြိမ်းချမ်းရေးအတွက် လိုင်ဇာထိ လမ်းလျှောက်ခဲ့ကြသူများအား ထောင်ဒဏ်ချမှတ်ခံရ

    – ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာအထိ လမ်းလျှောက်ခဲ့ကြသူများ အနက် ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းတို့အား ၎င်းတို့ ဖြတ်လျှောက်သွားသည့် မြို့နယ် ၇-ခု အတွက် ထောင်ဒဏ် ၇-လ သို့မဟုတ် ငွေဒဏ် ၇-သောင်း ကျခံရန် ရွေးချယ်ခွင့် ပေးခဲ့ပြီး ငွေဒဏ်မဆောင်နိုင်ကြောင်း ငြင်းပယ်သည့်အတွက် ထောင်ဒဏ် ၇-လ ချမှတ်လိုက်ကြောင်း သိရသည်။
    ________________________

    မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အရေးကိစ္စ ဆွေးနွေး

    – မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် လုံခြုံရေးနှင့် မှုခင်းအရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြပြီး ဘူးသီးတောင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် ပြစ်ဒဏ်လွတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၀-ကျော်ကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ လွှဲပြောင်းနိုင်ရေးအတွက်လည်း မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြကြောင်း သိရသည်။
    ________________________

    မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ် သာသနာ နှစ်(၂၀၀)ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်း ဓမ္မသဘင်ပြုလုပ်

    – မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ် သာသနာ နှစ်(၂၀၀)ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်းဓမ္မသဘင်ကို ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ကရင်ခြံရပ်ကွက်တွင် ယနေ့ ညနေပိုင်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ လူမျိုးပေါင်းစုံ ခရစ်ယာန် ၃၀၀၀၀ ၀န်းကျင်တက်ရောက်ခဲ့ကြပါသည်။
    ________________________

    ရခိုင်အမျိုးသား ညီလာခံကို လာမည့် ၂၀၁၄ နှစ်လယ်တွင် ပြုလုပ်မည်

    – ရခိုင်အမျိုးသားညီလာခံတစ်ရပ်ကို လာမည့် ၂၀၁၄-ခု နှစ်လယ်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ရခိုင်ကျောင်းသား လူငယ်များ အစည်းအရုံး၊ ရခိုင့်တပ်မတော် (AA)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) စသည့် ရခိုင် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ပါဝင်တက်ရောက်နေသည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆွေးနွေးမှ သိရသည်။

     

  • Telenor Myanmar မှ အလုပ်အကိုင်အခွင့်လမ်းပြပွဲကျင်းပ

    Telenor Myanmar မှ အလုပ်အကိုင်အခွင့်လမ်းပြပွဲကျင်းပ

    ဒီဇင်ဘာ ၅၊ ၂၀၁၃
    M-Media
    သီရိ

    IMG_1163

    ရန်ကုန် ။        ။        ပြည်တွင်း၌ မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်ခွင့်ရထားသော ကုမ္ပဏီတစ်ခုဖြစ်သည့် Telenor Myanmar ၏ အလုပ်အကိုင် အခွင့် အလမ်းပြသပွဲကို ယနေ့ ဒီဇင်ဘာ ၅-ရက် နံနက် ၉-နာ၇ီမှ ညနေ ၄-နာ၇ီထိ ဆရာစံလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်ရှိ ဆရာစံပလာဇာ၌ ပြုလုပ်ကျင်းပ ခဲ့သည်။

    ထိုအခမ်းအနားတွင် အလုပ်လာရောက်လျောက်ထားသူ ၃၀၀၀-ကျော်ရှိကြောင်းသိရှိရသည်။  Telenor Myanmar တွင် External Relations, Regulatory, Legal, Accounting, Business Assurance, Business Planning and Performance Management, Network Sourcing,  Core Network, Transport, Sale and Distribution စသည့် မိမိ ကျွမ်းကျင်သည့် Position ကိုလျှောက်ထားနိုင်ကြောင်း သိရသည်။

    ONLINE တွင်လဲ [email protected] တွင် Telenor Myanmar ကို လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်ထားသူများကို စီစစ်ရွေးချယ်ပြီး Inerview ခေါ်ယူပြီး အလုပ်အကိုင်များကိုပေးအပ်မည် ဖြစ်ကြောင်းလည်း သိရပါသည်။