News @ M-Media
Blog
  • ဗြိတိန် ဗလီကျောင်းတော်များ၏ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အစီအစဉ်
    ဒီဇင်ဘာ ၇ ၊၂၀၁၃
    M-Media
    British Mosques Go Green
    လန်ဒန်။    ။ ဗြိတိန် မွတ်စ်လင်မ်အဖွဲ့အစည်းတစ်ရပ်သည် သဘာ၀၀န်းကျင်ဆိုင်ရာ အကျိုးပြုလုပ်ရှားမှုများ၌ ဗလီကျောင်းတော်များအား ပါဝင်လာစေရန်၊ ပညာပေးနိုင်ရန် လှုံ့ဆော်တွန်းအားပေးသည့် ဆုပေးပွဲအစီအစဉ်တစ်ခုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။
    “ အပေးအယူဆိုတဲ့ ကျွန်တော်တို့ရဲ့မိရိုးဖလာ အယူအဆသဘောတရားနဲ့နှိုင်းယှဉ်ရင် သဘာဝတရားဟာ ဘယ်လောက် ထိပိုပြီးလေးနက်တယ် ဆိုတာကို ကုရ်အာန်ထဲမှာ ကျွန်တော်တို့တွေ့မြင်ရတယ် ။ သဘာဝတရားဆိုတာ ဘုရားသခင်ရဲ့အံဘွယ်ဖန်ဆင်းမှုတစ်ခုလို့ အသိရှိသွားပြီးရင် ကျွန်တော်တို့အဖို့ ထိုအရာကိုစောင့်ရှောက်ဖို့လိုလိမ့်မယ်။ ကျွန်တော်တို့ဟာ အသေးအဖွဲ ကိစ္စလေးတွေအပေါ်မှာသာ အာရုံစိုက်နေမိကြတယ်၊ သဘာ၀၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးက အရေးတကြီး ဦးစားပေးရမယ်ဆိုတာကိုတော့ ဂရုမစိုက်မိကြသေးဘူး ” ဟု  UK Carbon Reduction network (ဗြိတိန်မှ ကာဗွန်လျော့နည်းမှု စွမ်းဆောင်ရေး)ဖြစ်သော  E2B Pulse သို့ နိုင်ငံရေးသတင်းထောက် နှင့် ပညာရှင် မိုင်ရီယမ် ဖရန်ကို့စ် ဆီရာဟ်(Myriam Francois-Cerrah) က ဒီဇင်ဘာလ ၂ ရက်၊ တနင်္လာနေ့ တွင် ပြောကြားခဲ့ပါသည်။
    မွတ်စ်လင်မ် ဖွံဖြိုးမှုပညာပေးအေဂျင်ဆီ(Muslim Agency For Development Education (MADE)) မှ တာဝန်ခံဆောင်ရွက်သည့် သဘာဝထိန်းသိမ်းမှုဆုအား လွန်ခဲ့သော စနေနေ့ကစတင်ခဲ့ပြီး ဗြိတိန်နိုင်ငံရှိ ဗလီကျောင်းတော်များ၏ ပတ်ဝန်းကျင်အား သဘာဝနှင့် လိုက်လျောညီထွေရှိနေစေမည့် အစီအမံဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    ယင်းလှုပ်ရှားချက်သည် မွတ်စ်လင်မ်များအား စိမ်းလန်းစိုပြေခြင်း၏အမြင်ကိုရရှိစေရန် နှင့် သူတို့၏ အစာရေစာ၊ သယ်ယူပို့ဆောင်ရေး နှင့် အ၀တ်အစားများ အပေါ် ဂေဟစံနစ်၏အကျိုး သက်ရောက်စေမှုကို သိရှိစေရန်အတွက်လည်းဖြစ်သည်။
    ပထမဆုံးဆုအား City Bridge Trust မှ ထောက်ခံအားဖြည့်ပေးထားပြီး၊ “ စွန္နဟ်အားမေ့လျော့နေသူများအတွက် သတိပေးသင်္ကေတများ” ဆိုသောခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော ပွဲအတွင်း ကြေငြာပေးခဲ့သည်။ ၄င်းပွဲအား လန်ဒန် မိုင်းလ်အဲန်း(Mile End) ရှိ အီကိုလော်ဂျီ ပါဗေးလီယန်း(Ecology Pavilion) တွင် ပြုလုပ်ခဲ့ပြီး လူသိများသောမွတ်စ်လင်မ်ဦးရေ ၁၅၀ နီးပါး တက်ရောက်ခဲ့သည်။
    လာရောက်သူများအား Green Up My Community! လုပ်ဆောင်ချက်လက်စွဲလမ်းညွှန်စာအုပ်များအား အခမဲ့ဖြန့်ဝေပေးအပ်ခဲ့ပြီး ထိုအထဲတွင် ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ နည်းလမ်းများပါဝင်သည်။
    ပွဲအတွင်း၌ အစ္စလာမ် ဥပဒေပညာရှင် နှင့် အီဘရာဟင်တက္ကသိုလ် (Ebrahim College)တည်ထောင်သူ ရှိုင်းခ် ရှမ်းစ်(Shaykh Shams) မှ သဘာ၀၀န်းကျင်ရေရှည် တည်တံ့ရေးဆိုင်ရာ အစ္စလာမ့်အမြင်ကို တင်ပြခဲ့သည်။
    “ အစ္စလာမ့် စည်းမျဉ်းများက ရုပ်ဝါဒနဲ့ဖွင့်ဆိုထားတဲ့ ရှင်သန်ရေး အတွေးအခေါ်ကို ရှောင်ဖယ်ဖို့၊ ဘ၀ကဏ္ဍတိုင်းမှာ ခေတ်စံနစ်နဲ့အညီ လျှောက်လှမ်းကြဖို့ ကျွန်တော်တို့ကို သင်ကြားပေးပါတယ်” ဟု သူကဆိုသည်။
    စဦးလုပ်ဆောင်ချက်များ
    ဆုအားကြေငြာပြီးနောက်တွင် လန်ဒန်အရှေ့ပိုင်း ဗလီ(East London Mosque)၊ ပါးလ်မား ဂရင်းဗလီ(Palmers Green Mosque) နှင့် အလ်မနားရ် ဗလီ(Al-Manar Mosque) အပါအ၀င်လက်တစ်ဆုပ်စာမျှသော ဗြိတိန်နိုင်ငံရှိ ဗလီကျောင်းတော်များမှ စတင်၍ အကောင်အထည်ဖော် လုပ်ဆောင်လာကြသည်။
    မန်ချက်စတာအလယ်ပိုင်းတွင်တည်ရှိသော အလ်မရ်ကဇ် အလ်နဂ်ျမီ ဗလီကျောင်းတော်(Al-Markaz Al-Najmi Mosque) အား စံပြဗလီကျောင်းတော်အဖြစ် အသုံးပြု၍ ဆုပေး အကဲဖြတ်မည်ဖြစ်ကြောင်း သိရသည်။
    ၂၀၁၀ ခုနှစ်တွင် အလ်နဂ်ျမီ ဗလီကျောင်းတော်အား မန်ချက်စတာ၏ ပထမဆုံး သဘာ၀၀န်းကျင်နှင့်လိုက်လျောညီထွေရှိသောဗလီကျောင်းတော်အဖြစ် ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ၄င်းကို ပြန်လည်အသုံးချ ရင်းမြစ်ဖြစ်သည့်သစ်သား နှင့် ကြေးရိုင်းမှပြုပြင်ထားသည့်ကျောက်တုံးများဖြင့် တည်ဆောက်ထားကာ ပေါင် ၃.၅ သန်း ကုန်ကျခဲ့သည်။
    စဲလ်ဖို့ဒ်တက္ကသိုလ် ဗလီကျောင်းတော် (University of Salford’s mosque) ကိုလည်း တင်းပြည့်ကျပ်ပြည့်စိမ်းလန်းစိုပြေနေသော ဗလီကျောင်းတော် အဖြစ် ဆောက်လုပ်ရန် စီစဉ်ခဲ့ပြီး၊ ဗလီကျောင်းတော်အား နေရောင်ခြည်စွမ်းအင်သုံး Panel များ၊ စွန့်ပစ်ပစ္စည်းပြန်လည် အသုံးချစံနစ် နှင့် မြေသားအပူရှိန်စွမ်းအင်များကို အသုံးပြုထားသော ဇီဝဥယျာဉ် တစ်ခုတို့ဖြင့် တည်ဆောက်ထားကာ ငွေကြေး ပေါင်စတာလင် ၁၀ သန်း ကုန်ကျစားရိတ်ရှိခဲ့သည်။
    “ ယခုအစီအစဉ်ဟာ နောင်လာနောက်သားများအနေနဲ့ သဘာ၀၀န်းကျင်နိယာမရဲ့ အရေးပါပုံကို နားလည်စေဖို့ ပြုလုပ် ခဲ့တာဖြစ်တယ်။ ရေဆိုးရေညစ်ကိုရေကောင်းရေသန့် အဖြစ် ပြန်လည်ပြုပြင်တဲ့ နည်းစံနစ်များ အပါအ၀င်၊ အဆောက်အဦပြင်ပ ပိုက်လိုင်းစနစ်နဲ့ နေအပူချိန်သုံးရေနွေး ရရှိအောင် ပြုလုပ်ထားတယ်၊ ဗလီကျောင်းတော်မှာ သဘာဝ စွန့်ပစ်ပစ္စည်းသုံးစံနစ်နဲ့ အပူဓာတ်ကို ဖန်တီးထားပါတယ်။ ” ဟု စဲလ်ဖို့ဒ် ဗလီကျောင်းတော်ဥက္ကဌ အွတ်စ်မန်း အလီ (Usman Ali) က ဆိုသည်။
    “ တည်ဆောက်မှုစီမံချက်ထဲမှာ ကျောင်းသား ၄၃ ယောက်ပါဝင်တယ်။ သူတို့အားလုံးဟာ လက်ဖျားခါလောက်တဲ့ ဒီဇိုင်းများကို ရေးဆွဲတင်ပြနိုင်ခဲ့တယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ကျောင်းသားအများအပြားဟာ အဆောက်အဦထဲ ရေကိုဘယ်လို သွယ်ယူရမလဲ၊ အဆောက်အဦနဲ့အညီ ရေအလုံအလောက်ရရှိအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို အတော်လေး အားထုတ်ခဲ့ကြရပါတယ်”ဟု စဲလ်ဖို့ဒ်ဗလီကျောင်းတည်ဆောက်ရေး ဦးစီးမှူး မာ့ခ် အဲလ်စတွန် (Mark Alston) က ဆိုသည်။
  • မကြာခဏစာမေးပွဲ စစ်ဆေးခြင်းသည် စာပေလေ့လာခြင်းကို မြှင့်တက်စေကြောင်း လေ့လာစမ်းသပ်မှု
    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media
    images
    အမေရိကန်နိုင်ငံ၊ တက္ကဆက်တက္ကသိုလ်မှ ပြုလုပ်ခဲ့သည့်စမ်းသပ်လေ့လာမှုသည် စီးပွားရေး၊ လူမှုရေးနောက်ခံကွဲပြားကြသည့်ကျောင်းသားများအကြား အမှတ်အဆင့်ရရှိမှုကွဲပြားခြားနားခြင်းကို လျော့နည်းစေပါသည်။ အော်စတင်မြို့ရှိ ထိုတက္ကသိုလ်၏ စိတ်ပညာဌာနမှ ကျောင်းသူကျောင်းသား (၉၀၁)ဦးကို Quizမေးခွန်းများဖြေကြားရန် ဆရာများက မိမိတို့လက်တော့ပ်များကို ယူဆောာင်လာ စေခဲ့ပါသည်။ အွန်လိုင်းဖြင့် Quizများကို ဖြေကြားစေခြင်းဖြင့် ကွန်ပျူတာများကို စနစ်တကျ အသုံးပြုစေရန် ဖြစ်စေပြီး အခြားလမ်းလွဲလုပ်ဆောင်မှုမှ ကင်းဝေးစေပါသည်။
    စိတ်ပညာရှင်များက နှစ်ပေါင်းများစွာက သိရှိခဲ့သောစာမေးပွဲစစ်ဆေးခြင်းနည်းမှာ ကျက်မှတ်ပြီး သောအကြောင်းအရာတစ်ခုမှ မိမိ မှတ်မိသမျှပြန်လည်ရေးသားစေခြင်းသည် ထိုအကြောင်းအရာကို ပိုမို မှတ်သား မိစေသော်လည်း အခြားအကြောင်းအရာများကို လေ့လာရန် မဖြစ်နိုင်သည်များကို ရှိခဲ့ပါသည်။ ယခုအသုံးပြုသောအိုင်တီနည်းပညာအခြေခံသောစာမေးပွဲစစ်နည်းမှာ Quizမေးခွန်း(၇)ခုခန့်သည် တိုတောင်းပြီး မိမိနှင့်သက်ဆိုင်သောအကြောင်းအရာကို အခြေခံထားပြီး ကျောင်းသားကျောင်းသူတစ်ဦးစီ အတွက် စီစဉ်ထားပါသည်။
    ကျောင်းသားကျောင်းသူများက ဖြေဆိုရန် စီစဉ်ထားပါသည်။ (မိမိလက်တော့ပ် ပေါ်တွင် ဖြေဆိုရန်ဖြစ်၍ တစ်ဦးကို တစ်ဦးက မမေးမြန်းရန်လိုအပ်ပါမည်-စာရေးသူ) ဤနည်းဖြင့် ဆရာ များက မေးခွန်းပုံစံများစီစဉ်ပြီး စာမေးပွဲကို မကြာခဏဖြေဆိုပြီး ရရှိသောGradeအမှတ်များကို နောက်ဆုံး အတန်းတင်စာမေးပွဲတွင် အသုံးချပြီး ဆုံးဖြတ်ပေးပါသည်။
    ဤနည်းကို စတင်ပြုလုပ်ခဲ့သောပါမောက္ခပန်နီဘေကာနှင့် ဂေါ့စလင်းတို့က ရှင်းပြရာတွင် ဤနည်း ကို ကျောင်းသားကျောင်းသူများက အစတွင် မလိုလားကြပါ။ နောက်ပိုင်းသူတို့ စိတ်ဝင်စားမှုရှိလာကြရာ မိမိ အပေါင်းအသင်းများက စားသောက်ရန် ခေါ်ဆိုမှုကိုပင် မလိုက်နိုင်အောင်ဖြစ်လာကြပါသည်။ အဘယ် ကြောင့်ဆိုသော်နောက်စာမေးပွဲအတွက် စီစဉ်နေကြရ၍ဖြစ်သည်။
    ဤနည်းဖြင့် သင်ကြားခဲ့သောသင်တန်းပြီးဆုံးပြီးနောက် ယခင်က အလားတူဘာသာရပ်ဖြင့် စိတ်ပညာ၃၀၁တွင် တက်ရောက်ခဲ့သောကျောင်းသားကျောင်းသူ(၉၃၅)ဦးတို့နှင့် နှိုင်းယှဉ်ကြည့်ပါသည်။ (၉၃၅)ဦးကို ပုံမှန်နည်းဖြင့် စာမေးပွဲ(Mid-term Exams)များစစ်ဆေးခဲ့ပါသည်။ နည်းအသစ်ဖြင့် စာမေးပွဲ ဖြေဆိုသောကျောင်းသားကျောင်းသူများက ပိုမိုအဆင့်များရရှိပြီး အထူးသဖြင့်စီးပွားရေး၊ လူမှုရေးနောက်ခံ အားနည်းသူအများစုက ပိုမိုအမှတ်များကောင်းမွန်သည်ကို လေ့လာတွေ့ရှိရပါသည်။ သူတို့သည် အဆင့် နိမ့်သောကျောင်းများမှ လာရောက်ကြသော်လည်း
    ယခုအခါအတော်ဆုံးကျောင်းသားကျောင်းသူများ ဖြစ်လာကြပါသည်ဟု ပါမောက္ခဂေါ့စလင်းက ပြောကြားပြီး သာမန်စာမေးပွဲစနစ်တွင် ပထမကျဆုံးပါက ကံကို ပုံချတတ်ပြီး ဒုတိယကျရှုံးပါက ဘာမျှမပြောတော့ပါ။ ထိုအချိန်တွင် အချိန်များစွာကုန်သွားပါသည်။ ယခုQuizကို အသုံးပြုခြင်းမှာ ထိုကဲ့သို့အဖြစ်ဆိုးများကို ရှောင်လွဲနိုင်ပါသည်။
    ကျောင်းသားကျောင်းသူများကို စာသင်ခန်းများအတွင်း ဂရုစိုက်ရန် စာဖတ်ရန်တိုက်တွန်းပေးသည့် အသွင်ကို ဖော်ဆောင်ပေးသည့်ဤQuizဖြေကြားနည်းသည် မည်သို့စာလေ့လာရန် အခြေခံကျသည့် နည်းလမ်းကို ပေးပါသည်။ ဤနည်း၏ ကောင်းမွန်သည့်အချက်တစ်ခုမှာ သာမန်စာမေးပွဲနည်းတွင် စာမေးပွဲ နောက်ဆုံးဖြေရမည့်အချိန်နီးကပ်လာလေ လူနည်းလေးဖြစ်တတ်ရာ (၆၀)ရာခိုင်နှုန်းခန့်သာကျောင်းတက် သည်ကို တွေ့ရပါသည်။ ယခုနည်းသစ်တွင်မူ (၉၀)ရာခိုင်နှုန်းအထိ ကျောင်းတက်ကြပါသည်။ သင်သည် Quizတစ်ခုကို ဖြေဆိုရမည်ဟု သိသည်နှင့် သင့်အနေဖြင့် ကျောင်းသို့ လာရမည်ကို သိနေသည်ဟုပင် ပြောဆိုနိုင်ပါသည်။ ယခုနည်း၏ ကောင်းကျိုးမှာ ကျောင်းသားအများစုကို အိုင်တီနည်းပညာအသုံးပြုခြင်း ဖြင့် ကောင်းမွန်စွာရလဒ်ကို ရစေခြင်းဖြစ်သော်လည်း မည်မျှကျယ်ပြန့်စွာအသုံးချနိုင်ဆိုသည့်အချက်ကိုမူ ရှင်းလင်းစွာမသိနိုင်သေးပါ။
    ဤလေ့လာစမ်းသပ်ချက်သည် လူအများစုကို မကြာခဏQuizမေးခွန်းများပေးခြင်းဖြင့် တုံ့ပြန်မှု (Feedback)လွယ်ကူစွာရရှိခြင်းသည် အရေးပါသောအချက်ဖြစ်ပါသည်။ သာမန်သင်ကြားနည်းတွင် ဤသို့ မရနိုင်ပါ။ ဤဆောင်းပါးကို ရေးသားသူတွဲဖက်ပါမောက္ခဂျက်ဖရီကာပစ်ကီကမူ သူသည် စမ်းသပ်မှုကို ပါဝင် လုပ်ဆောင်သူမဟုတ်သော်လည်း လူအများစုသည် စာသင်ခန်းအတွင်း Quizများဖြေကြားခြင်းသည် လူမှု စီးပွားရေးနောက်ခံကြောင့် ရမှတ်အတက်အကျများပြားခြင်းကို လျှော့ချနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့အပြင်ယခုစမ်းသပ်နည်းဖြင့် စာမေးပွဲစစ်ဆေးခြင်းသည် စာတတ်မြောက်ခြင်းကို ပိုမိုမြှင့်တင်ပေး နိုင်ကြောင်း နောက်ဆုံးနည်းဖြစ်ပါသည်။ ဤနည်းသည် ၀င်ငွေနည်းမိသားစုမှ ကျောင်းသားကျောင်းသူများ အတွက် ပိုမိုသက်ရောက်သည်ကို တွေ့ရကြောင်း ဤဆောင်းပါးကို ဖော်ပြသည် Plos Oneဂျာနယ်တွင် ဖော်ပြထားပါသည်။
    ဤဆောင်းပါးသည် (၂၆-၁၁-၂၀၁၃)နေ့ထုတ် တူဒေးသတင်းစာ(စာမျက်နှာ-၂၀)တွင် ပါရှိသော New York Times သတင်းစာ၏ မူရင်းကို ဆီလျော်အောင်ပြန်ဆိုထားခြင်းဖြစ်ပါသည်။
    မောင်ထွေးဝင်း(ဓနုဖြူ)
  • ကန်တို့၏ အကြမ်းဖက်စောင့်ကြည့်ရေး စာရင်းတွင် မင်ဒဲလားပါဝင်ခဲ့
    M-Media
    ဒီဇင်ဘာ ၇ ၊ ၂၀၁၃
    mendalaနိုင်ငံတကာမှ နိုင်ငံရေးသမားများ၏ လူ့အခွင့်အရေးစံပြ သရုပ်အဖြစ်သတ်မှတ်ခြင်းခံထားရသူ နယ်လ်ဆင်မင်ဒဲလားမှာ အမေရိကန်တို့၏ အကြမ်းဖက် စောင့်ကြည့်ရေးစာရင်းတွင် ၂၀၀၈ ခုနှစ်အထိ ပါဝင်နေခဲ့ကြောင်း သတင်းများကဆိုသည်။
    ကန်တို့ကမူ လူမည်းခေါင်းဆောင် မင်ဒဲလားအား အကောင်းမွန် ဆုံးဟန်ပြဆက်ဆံရေးဖြင့် ဆက်ဆံခဲ့သော်လည်း မင်ဒဲလားမှာ ၄င်းတို့၏အကြမ်းဖက် သမားစောင့်ကြည့်ရေးစာရင်းဝင်အဖြစ် လျို့ဝှက်စွာ အကျုံးဝင်နေခဲ့ရခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင်မူ သမ္မတဂျော့ဘုရှ်၏ လက်မှတ်ဖြင့် မင်ဒဲလားအား ထိုစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။
    တောင်အာဖရိကနိုင်ငံ၏ လူတန်းစားခွဲခြားရေး လူဖြူအစိုးရက မင်ဒဲလားခေါင်းဆောင်သည့် African National Congress (ANC) ကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် စာရင်းသွင်းထားခဲ့ပြီး ANC ၏ အစိုးရကိုဆန့်ကျင်ဆောင်ရွက်ရသည့် လူဖြူလူမည်းခွဲခြားဆက်ဆံရေးတိုက်ဖျက်မှုများမှာ ၁၉၄၈ မှ ၁၉၉၄ ထိ ကြာမြင့်ခဲ့သည်။
    အင်္ဂလန်နိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်း မာဂရက်သက်ချာကလည်း မင်ဒဲလား၏ ANC အား အကြမ်းဖက်အဖွဲ့ဟု ၁၉၈၇ တွင် ခေါ်ဝေါ်သမုတ်ခဲ့ဖူးသည်။ မာဂရက်သက်ချာက ကန်သမ္မတ ရော်နယ်ရေဂင် လုပ်ခဲ့သည့်အတိုင်း တောင်အာဖရိက လူဖြူအစိုးရအား ပိတ်ဆို့အရေးယူဖို့ အဆိုအား ပယ်ချခဲ့သည်။
    ANC အား အသိအမှတ်ပြုဖို့ရာအတွက် ၁၉၈၆တွင်  အမေရိကန်တို့၏ လွှတ်တော်၌ မဲခွဲခဲ့ရာ ယခင် သမ္မတ ဘုရှ်လက်ထက်၊ ဒုတိယသမ္မတ အဖြစ် ဆောင်ရွက်ခဲ့သည့် ဒစ်ချေနီက အခြားသော ကွန်ဂရက်အမတ် ၁၇၉ ဦးနှင့်အတူ ဆန့်ကျင်သည့်ဘက်မှ ရပ်တည်ခဲ့ဖူးသည်။ ထိုမဲခွဲမှုမှာ နယ်လ်ဆင်မင်ဒဲ လားအား ထောင်မှ လွှတ်ပေးဖို့ တောင်းဆိုရန်ကိစ္စလည်း ပါဝင်ခဲ့သည်။
    ကန်တို့၏ ဆောင်ရွက်ချက်များမှာ အငြင်းပွားဖွယ်များအဖြစ် တည်ရှိနေပြီး ပါလစ္စတိုင်းရှိ လွတ်လပ်ရေးကြိုးပမ်းသူ ဟားမားစ်အဖွဲ့ကိုလည်း အကြမ်းဖက် အဖြစ် အစဉ်အဆက် သမုတ်လာခဲ့သည်မှာ နှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
  • ဒီဇင်ဘာ ၆၊ ပြည်တွင်းသတင်း စုစည်းမှု
    ဒီဇင်ဘာ ၆၊ ပြည်တွင်းသတင်း စုစည်းမှု
    ဒီဇင်ဘာ ၆၊ ၂၀၁၃
    M-Media
    မတည်ငြိမ်မှုနှင့် လက်နက်စွဲကိုင် ပဋိပက္ခဖြစ်ပွားမှုများကို သင်ခန်းစာယူရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
    – ဒီမိုကရေစီဖော်ဆောင်ရာမှာ ကမ္ဘာ့နိုင်ငံတချို့မှာ ကြုံတွေ့နေရတဲ့ အသွင်ကူးပြောင်းရေးကာလ မတည်ငြိမ်မှုနှင့် လက်နက်စွဲကိုင် ပဋိပက္ခဖြစ်ပွားမှုများကို
    သင်ခန်းစာ ရယူပြီး အေးချမ်းတည်ငြိမ် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်စေရန် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းကို ကာကွယ်ရေးဦးစီးချုပ်
    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြင်ဦးလွင်တွင် ယနေ့ကျင်းပသည့် တပ်မတော်နည်းပညာတက္ကသိုလ် အပတ်စဉ်-၁၆ ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင်  ပြောကြား လိုက်ကြောင်း သိရသည်။
    ________________________
    ပြန်လည် အသက်ဝင်လာတဲ့ ရန်ကုန်တက္ကသိုလ် ဘွဲ့ကြိုသင်တန်းများ
    – ၁၉၉၆-ခုနှစ်နောက်ပိုင်း ရိုးရိုးဝိဇ္ဇာသိပ္ပံဘွဲ့ကြိုသင်တန်းတွေကို ရန်ကုန်တက္ကသိုလ်မှာ ပိတ်ထားခဲ့ရပြီး၊ ဘွဲ့လွန်ဒီပလိုမာ၊ မဟာဘွဲ့သင်တန်းနဲ့ ပါရဂူဘွဲ့ သင်တန်းတွေ သာ ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၇-နှစ်ကြာ ပိတ်ထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကို ယခု ၂၀၁၃-ခု ဒီဇင်ဘာ ၅-ရက်နေ့မှာ ပြန်လည်၍ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
    ________________________
    ပြောင်းလဲမှု မြန်ဆန်တဲ့ လူမှုအဖွဲ့အစည်းအတွင်းက အမျိုးသမီးများ ညီလာခံ
    –  ပြောင်းလဲမှု မြန်ဆန်တဲ့ လူမှုအဖွဲ့အစည်းအတွင်းက အမျိုးသမီးများ ဟူသော ခေါင်းစဉ်ဖြင့် အမျိုးသမီးများ ညီလာခံတစ်ရပ်ကို ရန်ကုန်မြို့ ဟိုတယ်တွင် ယနေ့ ပြုလုပ်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ ရင်းနှီးမြှုပ်နှံမှုများကို တာဝန်ယူမှုရှိရှိ ရင်းနှီးမြှုပ်နှံစေလိုကြောင်းနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုပါ ထည့်သွင်းစဉ်းစားရန်နှင့် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စက အမျိုးသမီးများ အရည်အချင်းကိစ္စမဟုတ်ပဲ အမျိုးသမီးများ တန်းတူအခွင့်အရေးမရကြခြင်းသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ________________________
    လာအို သမ္မတ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်
    – မြန်မာနှင့် လာအိုနိုင်ငံတို့မှာ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေးအား တိုးမြှင့်ရန်နှင့် မဲခေါင်မြစ်ဝှမ်းနှင့် နယ်စပ်ငြိမ်းချမ်းရေး၊ တည်ငြိမ် အေးချမ်းရေးတို့ အပါအ၀င် နှစ်နိုင်ငံဆက်ဆံရေးကို အရေးစိုက်ဆောင်ရွက်နေကြပြီး၊ ယဉ်ကျေးမှု၊ ခရီးသွားကဏ္ဍ၊ ကုန်သွယ်ရေး၊ ဘာသာရေးနှင့် ပညာရေးဆိုင်ရာ
    ပူပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အတွက်လည်း နည်းလမ်းများကို ရှာဖွေနေကြ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်မှာ ပြီးခဲ့သည့်နှစ် မတ်လက ဗီယင်တိုင်းသို့
    သွားရောက်လည်ပတ်ခဲ့ပြီးနောက် အပြန်အလှန်အားဖြင့် Choummaly က နေပြည်တော်သို့ လာရောက်လည်ပတ်မည်ဖြစ်သည်။
    ________________________
    တရုတ်-မြန်မာနည်းပညာ ပူးပေါင်းဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲပြုလုပ်
    – မြန်မာနိုင်ငံတွင်လက်ခံကျင်းပသည့် ၂၇-ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ
    ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် တရုတ်နိုင်ငံမှ တရုတ်ယွမ်ငွေသန်းပေါင်း ၂၁၂-သန်းတန်ဖိုးရှိ နည်းပညာအကူအညီများကို ပံ့ပိုးကူညီပေးထားကြောင်းနှင့်
ှအားကစားပြိုင်ပွဲကြီး မြန်မာ နိုင်ငံတွင်အောင်မြင်စွာ ကျင်းပနိုင်င်ရေးအတွက် မြန်မာနိုင်ငံအစိုးရတို့ကြား အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွာကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နည်းပညာနှင့် အခြားအကူအညီများကို တရုတ်နိုင်ငံမှ အားကစားဆိုင်ရာပညာရှင်များ၊ အင်ဂျင်နီယာများက
    မြန်မာအားကစားနည်းပြများ၊ အားကစားသမားများနှင့် မြန်မာအင်ဂျင်နီယာများပူးပေါင်းကာ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး China Sport Internaational Cooperationn-CSIC မှ အားကစားဆိုင်ရာ နည်းပညာနှင့် နည်းပြများကို CAEG နှင့် အခြားအဖွဲ့အစည်းများမှလည်း ပညာရှင် ၇၀၀ ကျော်ဖြင့် ကူညီ၍ အားကစား ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပံ့ပိုးပေးထားကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားကူညီပေးမှု သမိုင်းတွင် ထူးခြားသော မှတ်တိုင်သစ် အဖြစ် မှတ်ယူနိုင်ကြောင်း ဖော်ပြထားသည်ကို သိရှိရသည်။
    ________________________
  • ဒီဇင်ဘာ ၆၊ အားကစားသတင်းများ
    ဒီဇင်ဘာ ၆ ၊ ၂၀၁၃
    M-Media
    ဒဏ်ရာရနေသော ရော်နယ်ဒို ခြေစွမ်းပြနေသော ဘေးလ်အား ချီးကျူး
    – မိမိမကစားနိုင်သော်လည်း အသင်းမှာ ကောင်းမွန်သောစွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့သည်ဟု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားခဲ့သည်။ ရော်နယ်ဒိုမှာ ကြွက်သားဒဏ်ရာကြောင့် အနားယူနေရပြီး ၎င်းမကစားနိုင်သည့် နှစ်ပွဲတွင် ရီးယဲလ်အသင်းမှာ ဂါရက်ဘေးလ်၏ ခြေစွမ်းပြမှုနှင့်အတူ ရလဒ်ကောင်းများရရှိခဲ့သည်။ ထို့ပြင်ရော်နယ်ဒိုမှာ ဂါရက်ဘေးလ်ကိုလည်း ချီးကျူးပြောဆိုခဲ့သည်။
    341777_heroa
    ………………………………
    ငွေအလွဲသုံးစားလုပ်မှု ဆီဗီးလား နည်းပြဟောင်း ထောင် ၇ နှစ်ချခံရ
    – ငွေအလွဲသုံးစားပြုမှုတွင် အပြစ်ရှိကြောင်းတွေ့ရှိရ၍ ဆီးဗီလားအသင်း၏ ဥက္ကဌဖြစ်သူ ဂျိုဆေး မာရီယာ ဒဲလ် နီဒိုအား စပိန်တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။ အသက် ၅၆ နှစ်အရွယ်ရှိသည့် နီဒိုမှာ ၁၉၉၉ ခုနှစ် ၂၀၀၃ ခုနှစ်အကြားတွင် မာလာဂါရှိ မာဘယ်လာ မြို့တော်ဝန်ဟောင်း ဂျူလီယန် မူနော့ဇ်နှင့် အတူ နိုင်ငံ့ဘဏ္ဍာအား အလွဲသုံးစားလုပ်မှုတွင် ပါဝင်ခဲ့သည်။
    ………………………………
    အလွန်ဆိုအား စာချူပ်သစ်ချူပ်နိုင်ရင် ခရစ္စမတ်လက်ဆောင်ဖြစ်လာမည်ဟု အန်ဆယ်လော့တီပြော
    – ကွင်းလယ်လူ အလွန်ဆိုအား စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပါက အလွန်ကောင်းမွန်သော ခရစ္စမတ်လက်ဆောင်ဖြစ်လာမည်ဟု ရီးယဲလ်အသင်း၏ နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။ အသက် ၃၂ နှစ်အရွယ်ရှိ အလွန်ဆို၏ စာချုပ်မှာ ယခုနှစ်ဘောလုံးရာသီအကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး အန်ဆယ်လော့တီက ၎င်းအားအသင်းတွင် ဆက်လက်ရှိနေရန် လိုလားနေကာ ယခုနှစ် မကုန်ခင် သက်တမ်းတိုးစာချုပ်ချုပ်နိုင်ရန် မျှော်လင့်နေသည်။
    ……………………………
    ဆွာရက်ဇ် ယခုထက်တိုးတက်လာလျှင် ကမ္ဘာအကောင်းဆုံး ထဲမှ တစ်ဦးဖြစ်လာမည်ဟု ဂျရတ်ပြော
    – ယခုထက်ပိုမို၍  စွမ်းဆောင်ရည် တိုးတက်လာပါက တိုက်စစ်မှူး ဆွာရက်ဇ်မှာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားများထဲမှ တစ်ဦးဖြစ်လာမည်ဖြစ်ပြီး၊ မက်ဆီ၊ ရော်နယ်ဒိုတို့နှင် ပြိုင်ဘက်ဖြစ်လာလိမ့်မည်ဟု လီဗာပူးလ်ကွင်းလယ်လူ စတီဗင်ဂျာရတ်က ပြောကြားလိုက်သည်။ ဆွာရက်ဇ်မှာ ဗုဒ္ဓဟူးနေ့က နော်ဝစ်ခ်ျအသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသောပွဲတွင် လီဗာပူးလ်အသင်းအတွက် တစ်ဦးတည်း ၄ ဂိုး သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲတွင် ၁၃ ဂိုး သွင်းယူပေးထားနိုင်သည့်အထိ ခြေစွမ်းထက်လာခဲ့သည်။
    ……………………….
    ဒဏ်ရာရနေသော မက်ဆီ ဇန်နဝါရီ လဆန်းထိ ကစားနိုင်မည်မဟုတ်ဟု ဘာကာနည်းပြပြော
    – အသင်း၏ တိုက်စစ်မှူး မက်ဆီမှာ ဇန်န၀ါရီလဆန်းပိုင်းတွင် ကစားရန်ရှိသည့် ပွဲစဉ်များကိုပါ လွဲချော်ဖွယ်ရှိနေပြီး၊ မက်ဆီအား အလျင်စလို မကစားခိုင်းဟု ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက ပြောကြားလိုက်သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အား ၄ ကြိမ်တိုင်တိုင် ရရှိထားသည့် အသက် ၂၆ နှစ်အရွယ် မက်ဆီမှာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး၊ မက်ဆီမပါဝင်နိုင်သည့် ဘာစီလိုနာအသင်းမှာ ချန်ပီယံလိဂ်နှင့် လာလီဂါတို့တွင် ပထမဆုံး ရှုံးပွဲများနှင့် ကြုံတွေ့ခဲ့ရသည်။
    …………………………
    ၂၀၁၄ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ ပွဲစဉ် ၁၉ ခုသာပါရှိမည်။
    – ၂၀၁၄ ခုနှစ် ဖော်မြူလာဝမ်း ကားမောင်းပြိုပ်ပွဲအတွက် တစ်နှစ်စာ ပွဲစဉ်ဇယားကို ကမ္ဘာ့ကားမောင်းအဖွဲ့ချုပ် FIA က ထုတ်ပြန်ခဲ့ရာ ပြိုင်ပွဲ ၁၉ ခုသာပါရှိတော့သည်ဟု သိရသည်။ ယမန်နှစ်က ပွဲစဉ်ဇယားတွင် ပြိုင်ပွဲ ၂၂ ခုပါဝင်ခဲ့သော်လည်း ယခုနှစ်တွင် တောင်ကိုရီယား၊ နယူးဂျာဆီနှင့် မက္ကဆီကိုတို့တွင် ပြုလုပ်မည့် ပြိုင်ပွဲများမှာ ဖယ်ထုတ်ခြင်းခံခဲ့ရသည်သည်။
    …………………………….
    Sunday Timesနှင့် Sky Sports ရဲ့ တနှစ်တာ အကောင်းဆုံး အမျိုးသမီးအားကစားသမားစု ဗြိတိန်အပြေးမယ် Christine Ohuruogu ရရှိ
    -Sunday Timesနှင့် Sky Sports တို့က ပေးအပ်ချီးမြှင့်သော တနှစ်တာအတွက် အကောင်းဆုံး အမျိုးသမီး အားကစားသမားဆုကို ဗြိတိန်အပြေးမယ် Christine Ohuruogu က ဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။ အဆိုပါဆုပေးပွဲအခမ်းအနားအား လန်ဒန်မြို့ရှိ Sky စတူဒီယိုတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်များက ထိုဆုအား ရရှိခဲ့ကြသည့် အားကစားမယ်များတက်ရောက်ခဲ့ကြသည်။
    Christine Ohuruogu မှာ ၂၀၀၇ ခုနှစ် အိုစာကာနှင့် ၂၀၁၃ ခုနှစ် မော်စကိုကမ္ဘာ့ချန်ပီယံရှစ် မီတာ ၄၀၀ အပြေးပြိုင်ပွဲများတွင် ဗိုလ်စွဲခဲ့သူဖြစ်ပြီး၊ ကမ္ဘာ့ချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့သည့် ဗြိတိန်၏ ပထမဦးဆုံး အပြေးမယ်ဖြစ်လာခဲ့သည်။ ထို့ပြင် ၂၀၀၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး ဗြိတိန်ဘုရင်မကြီး ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့ OBE ဘွဲ့အားရရှိခဲ့သူလည်းဖြစ်သည်။