News @ M-Media
Blog
  • ဒီဇင်ဘာ ၅ ၊နိုင်ငံတကာသတင်း စုစည်းမှု
    ဒီဇင်ဘာ ၅၊ ၂၀၁၃
    M-Media
    တောင်ကိုရီးယား၊ အမေရိကန်နှင့် ဗြိတိန် ရေတပ်များ ပူးတွဲ စစ်ရေး လေ့ကျင့်မည်။
    – တောင်ကိုရီးယား၊ အမေရိကန်နှင့် ဗြိတိန်တို့မှာ ကိုရီးယားကျွန်းဆွယ်တောင်ပိုင်း ရေပြင်တွင် ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဟု ကိုရီယားရှိ အမေရိကန်တပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။ ၂ ရက်တာကြာမြင့်မည့် အဆိုပါလေ့ကျင့်မှုကို ဒီဇင်ဘာ ၈ရက်နှင့် ၉ ရက်နေ့များတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမေရိကန်နှင့် တောင်ကိုရိးယားနိုင်ငံတို့မှ ရေတပ် ဖျက်သင်္ဘောများ ပါဝင်မည်ဖြစ်သည်။  ထိုလေ့ကျင့်မှုကို သုံးနိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးတွဲလုပ်ဆောင်မှု၊ လုံခြုံရေးဆိုင်ရာနှင့် လူသားချင်း စာနာသည့် ကူညီကယ်ဆယ်မှုများ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးတက်စေရန် အတွက် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။
    _50184684_50184683
    …………………………..
    မူရှာရဖ်ကို အာဏာအလွဲသံးစားမှုအတွက် စစ်ဆေးရန် တရားရုံး အမိန့်ချမှတ်
    – ယခင်သမ္မတဟောင်း ရာဂျာ ပါဗက်ဇ် မူရှာရဖ် အား အာဏာအလွဲသုံးစားလုပ်မှုနှင့် ပက်သက်ပြီး အရပ်ဖက်ဆိုင်ရာနှင့် မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ပါကစ္စတန်တရားရုံးချုပ်က ယနေ့တွင် အမိန့်ပေးခဲ့သည်ဟု သိရသည်။ သမ္မတဟောင်းအနေဖြင့် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ရာတွင် မဲထည့်သူအများအပြား ရရှိရေးအတွက် အာဏာအလွဲသုံးစားလုပ်ကာ ငွေများအား ခွဲဝေပေးခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့သည့်အတွက် ထိုကဲ့သို့ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
    …………………………..
    ဆွီဒင်ထောက်လှမ်းရေးက NSA အတွက် ရုရှားခေါင်းဆောင်များကို ထောက်လှမ်းပေးခဲ့
    – ဆွီဒင်ထောက်လှမ်းရေးအေဂျင်စီ တစ်ခုဖြစ်သည့် FRA က အမေရိကန် ထောက်လှမ်းရေးအတွက် ရုရှားခေါင်းဆောင်များအား လျို့ဝှက်ထောက်လှမ်းခဲ့ပြီး ရရှိသော အချက်အလက်များအား အမေရိကန်နှင့် ဝေမျှပေးခဲ့သည်ဟု စနိုးဒင်၏ ဖွင့်ချမှုကို ကိုးကား၍ ဆွီဒင် မီဒီယာများက ရေးသားဖော်ပြခဲ့လိုက်သည်။ ကမ္ဘာ့တစ်ဝှမ်းလုံးရှိ အချက်အလက်များအား လျှို့ဝှက်စုဆောင်းရာတွင် အမေရိကန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီ NSA မှာ FRA အား အရေးပါသော လုပ်ဖော်ကိုင်ဘက်အဖြစ် သဘောထားခဲ့သည်ဟု ဆွီဒင် ရုပ်သံလိုင်းတစ်ခုဖြစ်သည့် SVT ဖော်ပြခဲ့သည်။
    ……………………………..
    – တောင်ကိုရီးယား၊ အမေရိကန်နှင့် ဗြိတိန်တို့မှာ ကိုရီးယားကျွန်းဆွယ်တောင်ပိုင်း ရေပြင်တွင် ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဟု ကိုရီယားရှိ အမေရိကန်တပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။ ၂ ရက်တာကြာမြင့်မည့် အဆိုပါလေ့ကျင့်မှုကို ဒီဇင်ဘာ ၈ရက်နှင့် ၉ ရက်နေ့များတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမေရိကန်နှင့် တောင်ကိုရိးယားနိုင်ငံတို့မှ ရေတပ်ဖျက်သင်္ဘောများ ပါဝင်မည်ဖြစ်သည်။  ထိုလေ့ကျင့်မှုကို သုံးနိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးတွဲလုပ်ဆောင်မှု၊ လုံခြုံရေးဆိုင်ရာနှင့် လူသားချင်းစာနာသည့် ကူညီကယ်ဆယ်မှုများ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးတက်စေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။
    ………………….
    – တိုင်းပြည်တည်ငြိမ်အေးချမ်းရေးတွက် ပြည်သူများအားလုံး ၀ိုင်းဝန်းဆောင်ရွက်ရန် ထိုင်းဘုရင်ကြီး ဘူမိဘော အဒူလ်ယာဒစ်ဂ်ျက တိုက်တွန်းပြောကြားခဲ့သည်။ ဘုရင်ကြီး ဘူမိဘောအား ထိုင်းနိုင်ငံသားအားလုံးက ကြည်ညိုလေးစားကြပြီး၊ အစိုးရ ဆန့်ကျင့်ဆန္ဒပြသူများပင် ယနေ့ကြရောက်မည့် ထိုင်းဘုရင့်မွေးနေ့အား ကျင်းပရန်အတွက် ဆန္ဒပြမှုကို ရပ်ဆိုင်းထားကာ ဆန္ဒပြသူများ စခန်းချရာ နေရာများကို ရှင်းလင်းခဲ့ကြသည်။
    ………………….
    – ရုရှားနှင့် ဆက်ဆံရေး သွေးအေးသွားမည်ကို စိုးရိမ်ပြီး ဥရောပ ယူနီယံ၏ ကုန်သွယ်ရေး သဘောတူညီချက်အား လက်မှတ်မထိုးသော ယူကရိန်း အစိုးရကို ဆန့်ကျင်သော ဆန္ဒပြမှုများအား ယူကရိန်း သမ္မတဟောင်း သုံးဦးက ထောက်ခံခဲ့ပြီး၊ ထိုကဲ့သည့်တင်းမာမှုက ထိန်းချုပ်၍ မရနိုင်လောက်အောင် ဖြစ်သွားနိုင်သည်ဟု ပြောကြားခဲ့သည်။
    …………………………..
    – အရှေ့တရုတ်ပင်လယ်တွင် လေကြောင်း ကာကွယ်ရေးဇုန်အသစ် သတ်မှတ်မှုမှာ နိုင်ငံတကာဥပဒေနှင့် ညီညွတ်ကြောင်း နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်နှင့် တွေ့ဆုံစဉ်အတွင်း တရုတ်နိုင်ငံကပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယနေ့တွင် ပြောကြားလိုက်သည်။
    …………………………..
    တရုတ် သမ္မတ ဇီဂျင်ပင်းနှင့် ယမန်နေ့က ၅ နာရီကြာ ဆွေးနွေးခဲ့ပြီးနောက် ဂျိုးဘိုင်ဒန်က တရုတ်နိုင်ငံ၏ လေကြောင်းကာကွယ်ရေးဇုံ သတ်မှတ်မှုက ဒေသအတွင်း စိုးရိမ်ကြောင့်ကြမှုများကို ဖြစ်စေနိုင်သည်ဟု ပြောကြားခဲ့သည်။
    …………………………..
    – ဗီယက်နမ်သံရုံးမှ ငွေရရှိရန်အတွက် ဟန်ဆောင် ပြန်ပေးဆွဲမှုအတွက် ဗီယက်နမ်နိုင်ငံသား ၅ ဦးသား မိုဇမ်ဘစ် နိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်းကာ တရားစွဲဆိုတော့မည်ဟု သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာနှောင်းပိုင်းက ထိုအဖွဲ့မှာ ကျောင်းဆရာတစ်ဦးအား ပြန်ပေးဆွဲခဲ့ပြီး ဗီယက်နမ်သံရုံးမှ ပြန်ပေးငွေတောင်းခံခဲ့ကာ သံရုံးကလည်း ပေးခဲ့သည်။ သို့သော်လည်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ ထိုဖြစ်စဉ်မှာ လိမ်လည်မှု တစ်ခုသာဖြစ်ပြီး ပြန်ပေးဆွဲခံရသည့် ကျောင်းဆရာသည်ပင်လျှင် ပြန်ပေးဆွဲသည့် အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
  • ဒီဇင်ဘာ ၅ အားကစားသတင်းများ
    ဒီဇင်ဘာ ၅ ၊ ၂၀၁၃
    M-Media
    ဘာစီတွင် ယခင်ကစားခဲ့သည့် ဘရာဇီးသားများ ခြေရာမှီရန် နေးမာ ဆန္ဒရှိ
    – ဘာစီလိုနာတွင် ယခင်က ကစားခဲ့သည့် ဘရာဇီးနိုင်ငံသားများဖြစ်ကြသည့် ရော်နယ်ဒင်ဟို၊ ရီဗယ်ဒို၊ ရော်နယ်ဒိုနှင့် ရိုမာရီယိုတို့ထက် ပိုသာအောင်ဆောင်ရွက်ရန် ဆန္ဒရှိသည်ဟု ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး နေးမာကပြောကြားခဲ့သည်။
    အသက် ၂၁ နှစ်ရွယ်ရှိ နေးမာမှာ ဘာစီလိုနာသို့ ရောက်ရှိလာပြီးနောက်ပိုင်း ခြေစွမ်းကောင်းများ ပြသနေကာ၊ ဘရာဇီးသားများ၏ ခြေရာကိုလိုက်မီရန် ဆန္ဒရှိနေသည်။
    Neymar—————————————————-
    ဆီးဂိမ်းမှာ ဗိုလ်စွဲရန် မြန်မာအသင်း ဖိအားရှိဟု မလေးအသင်းခေါင်းဆောင်ပြော
    – ဆီးဂိမ်အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲရန် မိမိတို့အသင်းထက် မြန်မာအသင်းမှာ ပို၍ ဖိအားရှိနေသည်ဟု မလေးရှား ယူ-၂၃ အသင်း၏ အသင်းခေါင်းဆောင် အစ်ရဖန်း ဖာဇီလ်က ပြောကြားခဲ့သည်။ မလေးရှားအသင်းမှာ လက်ရှိ ဆီးဂိမ်းချန်ပီယံဖြစ်ပြီး၊ မြန်မာသင်းမှာလည်း ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲရန်အတွက် ပြီးခဲ့သည့် ၂ နှစ်လုံးလုံး ပြင်ဆင်နေသည့် အသင်းဖြစ်သည်။ မြန်မာအသင်းနှင့် မလေးရှားအသင်းမှာ စက်တင်ဘာလက ကျင်းပပြုလုပ်ခဲ့သည့် မာဒေးကားဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့ပြီး မလေးရှားအသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော်လည်း ထိုစဉ်က မြန်မာအသင်းမှာ အကောင်းဆုံးပုံစံမရှိဟု ဖာဇီလ်က ထပ်လောင်းပြောကြားခဲ့သည်။
    —————————————————-
    အဲဗာတန်ကို အိမ်ကွင်းမှာရှုံးခဲ့တာ ဆင်ခြေပေး မရဟု မန်ယူနည်းပြပြော
    – အဲဗာတန်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့မှုအတွက် မည်သည့်ဆင်ခြေမှ ပေး၍မရဟု မန်ယူနည်းပြ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။ ယမန်နေ့က ကစားခဲ့သည့် ထိုပွဲတွင် မန်ယူအသင်းမှာ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်း အိုးထရက်ဖို့ဒ်တွင် အဲဗာတန်အသင်းအား ပထမဆုံး ရှုံနိမ်းခဲ့ခြင်းလည်းဖြစ်ကာ၊ အသင်း၏ ၇ ပွဲဆက်တိုက် မရှုံးနိမ့်သည့် စံချိန်မှာလည်း အဆုံးသတ်ခဲ့ရသည်။
    ……………………………
    ဆွာရက်ဇ်မှာ ကမ္ဘာအကောင်းဆုံး တိုက်စစ်မှူးများတွင်ပါဝင်ဟု လီဗာပူးလ်နည်းပြပြော
    – တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးများထဲမှ တစ်ဦးဖြစ်သည်ဟု လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။ ဆွာရက်ဇ်မှာ ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် တစ်ဦးတည်း ၄ ဂိုးသွင်းနိုင်ခဲ့ပြီး နောက်ဆုံး ၄ ပွဲတွင် အသင်းအတွက် ၁၁ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သည်။
    ……………………………
    အသင်းမှာ တော့တီ ပြန်ကစားဖို့ မစောင့်နိုင်ဟု ရိုးမားနည်းပြပြော
    – အသင်း၏ ကွင်းလယ်လူ တော့တီမှာ ပြောသည့်အတိုင်းလုပ်နိုင်သည့် အသင်းခေါင်းဆောင်းများထဲမှ တစ်ဦဖြစ်ပြီး အသင်းတွင် တော့တီပြန်လည်ပါဝင်လာရန် မစောင့်နိုင်ဟု ရိုးမားအသင်း၏နည်းပြဖြစ်သူ ရူဒီဂါစီယာက ပြောကြားလိုက်သည်။ တော့တီမှာ အောက်တိုဘာလက ကစားခဲ့သည့် နာပိုလီအသင်းနှင့်ပွဲတွင် တံကောက်ကျော ဒဏ်ရာ ရရှိခဲ့သောကြောင့် အနားယူနေရသည်။
    ………………………..
    ကမ္ဘာဖလား ပွဲစဉ်မဲခွဲပွဲအတွက် လုံခြုံရေး ၃၆၀၀ ချထားဟု ဘရားဇီးပြော
    – မနက်ဖြန်တွင်ပြုလုပ်မည့် ကမ္ဘာ့ဖလား ပြိုင်ပွဲ မဲခွဲပွဲအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်ပေါင်း ၃၆၀၀ ကို တပ်ဖြန့်ချထားသည်ဟု ဘရာဇီးမီဒီယာများက ယနေ့တွင် ရေးသားဖော်ပြခဲ့သည်။ ထိုတပ်ဖွဲ့ဝင်များတွင် စစ်တပ်၊ ရဲနှင့် မြူနီစီပယ်မှ ၀န်ထမ်းများနှင့် ဘရာဇီးထောက်လှမ်းရေးမှ ၀န်ထမ်းများလည်း ပါဝင်မည်ဟု သိရသည်။ လမည့်နှစ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများနှင့်ပက်သက်ပြီး ဘရာဇီးနိုင်ငံမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကာ ပြိုင်ပွဲကျင်းပမည့် ကွင်း ၁၂ ကွင်းမှ သုံးကွင်း၏ ပြီးစီးရမည့် ရက်ကိုလည်း ဖီဖာက နောက်ဆုတ်ပေးခဲ့ရသည်။
    …………………………
    Buenos Aires ATP တွင် နယ်ဒယ်လ် ဝင်ပြိုင်မည်။
    – အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးစ်မြို့တွင် ဖေဖော်ဝါရီလ၌ ကျင်းပပြုလုပ်မည့် Buenos Aires ATP တင်းနစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကမ္ဘာ့အဆင့် ၁ စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်လ်က ပြောကြားလိုက်သည်။ နာဒယ်လ်မှာ ထိုပြိုင်ပွဲအား ၂၀၀၅ ခုနှစ်တွင် နောက်ဆုံးယှဉ်ပြိုင်ခဲ့ပြီး နောက်ပိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုခဲ့ပေ။
    ………………………….
    စပါးအသင်း အမှတ်ပေးဇယား နံပါတ်(၆) သို့ရောက်ရှိလာ
    နောက်ဆုံးလေးပွဲတွင် နိုင်ပွဲမရရှိခဲ့သည့် စပါးအသင်းမှ ယခုပွဲတွင် ချီရစ်ချီနှင့် ဟော့လ်ဘီတို့၏သွင်းဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အဆင့် ၆ သို့ တက်ရောက်နိုင်ခဲ့သည်။ ပြီးခဲ့သည့် တစ်ပါတ်ကျော်က အဆင့်လေးနေရာသို့ တက်လှမ်းလာနိုင်ခဲ့သည့် ဆောက်သက်တမ်မှာ ယခင်အပါတ်က အာဆင်နယ်အသင်းအား ရှုံးနိမ့်ခဲ့ပြီး ယခုပွဲတွင်လည်း အက်စတွန်ဗီလာ အသင်းအား ထပ်မံရှုံးနိမ့်ခဲ့သည်။ အင်္ဂါနေ့ညက ကစားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်နှင့် ၀က်စ်ဟမ်းတို့ပွဲတွင် တန်းဆင်းဇုံမှ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ အာဆင်နယ်တိုက်စစ်မှူးဟောင်း ချာမက်၏ သွင်းဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
  • ဒေသတွင်း တည်ငြိမ်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆော်ဒီအား အီရန်နိုင်ငံခြားရေး ၀န်ကြီး တိုက်တွန်း
    ဒီဇင်ဘာ- ၅ ၂၀၁၃
    M-Media
    Irans-Foreign-Minister-Mohammad-Javad-Zarif
    ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် ဆောဒီအာရဗျနှင့် အီရန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အီရန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က တိုက်တွန်းပြောကြားခဲ့သည်။
    ထို့ပြင် အီရန်နှင့် ဆောဒီအာရေဗျတို့မှာ ဒေသအတွင်း အင်အားကြီးနိုင်ငံများဖြစ်ကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းအေးချမ်းရေး အတွက် တာဝန်ယူနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ဇာရစ်ဖ်မှာ ကူဝိတ်နှင့် အိုမန်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးနောက် ကာတာနိုင်ငံ ဒိုဟာမြို့သို့ တနင်္လာနေ့ကရောက်ရှိလာခဲ့သည်။ ၃ ရက်တာကြာမြင့်သည့် ပင်လယ်ကွေ့နိုင်ငံများသို့ လည်ပတ်မှုအတွင်း နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကာ ဒေသတွင်းအခြေအနေများအား ဆွေးနွေးခဲ့သည်။
    Source : Presstv
  • မြန်မာ-ဖိလစ်ပိုင် ဗီဇာကင်းလွတ်ခွင့် အပါအဝင် သဘောတူချက်(၆) ခု သမ္မတဦးသိန်းစိန်၏ ဖိလစ်ပိုင်ခရီးစဉ်၌ သဘောတူလက်မှတ်ထိုး
    ဒီဇင်ဘာ- ၅ ၂၀၁၃
    M-Media
    460x
    – နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေးအား ခိုင်မာစေရန် ရည်ရွယ်သော သဘောတူညီချက် ၆ ခုကို မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်တို့ ယနေ့တွင် လက်မှတ်ထိုးခဲ့ကြသည်ဟု သိရသည်။
    ထိုသဘောတူညီချက်အား ဖိလစ်ပိုင်နိုင်ငံသို့ ၃ ရက်ကြာအလည်အပတ်ရောက်ရှိနေသော မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ဖိလစ်ပိုင်သမ္မတ အကွီနိုတို့တွေ့ဆုံစဉ် လက်မှတ်ရေးထိုခဲ့ခြင်းဖြစ်ပြီး၊ အစားအသောက်ဆိုင်ရာ လုံခြုံမှု၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတို့တွင်ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ရေဒီယိုနှင့် ရုပ်သံလိုင်းများသို့ ဂျာနယ်လစ်များ အပြန်အလှန်လည်ပတ်ကာ လေ့လာမှုများ ဆောင်ရွက်ရေးတို့ ပါဝင်သည်။
    ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသားများကို မြန်မာနိုင်ငံအတွင်း ဗီဇာမလိုဘဲ ၁၄ ရက်နေခွင့်ပေးရန်နှင့် မြန်မာနိုင်ငံသားများအား ဖိလစ်ပိုင်နိုင်ငံတွင် ဗီဇာမလိုဘဲ ရက် ၃၀ နေထိုင်ခွင့်ပေးရေးတို့အတွက်လည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
    Ref: ဆင်ဟွာ
    (AP Photo/Aaron Favila)
  • မန်ယူနှင့် နယူးကာဆယ်တို့ ရှုံးနိမ့်ခဲ့သည့် ပရီးမီးယား လိဂ်ပွဲစဉ် ၁၄
    ဒီဇင်ဘာ ၅ ၊ ၂၀၁၃
    M-Media
    ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် ပွဲစဉ် ၉ ပွဲကို ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီးနှင့် ချယ်ဆီး အသင်းတို့ အသီးအသီးအနိုင်ရရှိခဲ့ကြပြီး မန်ယူအသင်းမှာ အိမ်ကွင်း အိုးထရက်ဖို့ဒ်တွင် အဲဗာတန်အသင်းအား အရှုံးပေးခဲ့ရပြီး၊ ပရီးမီးယားလိဂ်နောက်ဆုံး လေးပွဲဆက်တိုက် အနိုင်ရခဲ့သည့် နယူးကာဆယ်အသင်းမှာလည်း ယခုပွဲတွင် အဝေးကွင်း၌ ရှုံးနိမ့်ခဲ့သည်။
    347212hp2
    အာဆင်နယ် ၂-၀ ဟားလ်စီးတီး
    ထိပ်ဆုံး၌ ဦးဆောင်နေသေ အာဆင်နယ်အသင်းမှာ ယခုပွဲတွင် အိမ်ကွင်းအီမရိတ်၌ အခက်အခဲမရှိခဲ့ဘဲ လွယ်လွယ်ကူကူဖြင့် အနိုင်ရရှိခဲ့သည်။ အာဆင်နယ်အသင်းတွင် တိုက်စစ်မှူးဘန်တနာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့ပြီး ခြေစွမ်းပြခဲ့ကာ တိုက်စစ်မှူး နေရာအတွက် ထိုက်တန်ကြောင်း ပြသခဲ့သည်။
    ဦးဆောင်ဂိုးကို ပွဲအစ ၂ မိနစ်မှာပင် ရိုစစ္စကီးနှင့် ရမ်ဆေးတို့၏ ဖန်တီးမှုမှတစ်ဆင့် ဘန်တနာက သွင်းယူပေးခဲ့သည်။ ထို့နောက် အာဆင်နယ်အသင်းကသာ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များရရှိခဲ့သည်။
    ဒုတိယပိုင်းတွင်လည်း အာဆင်နယ်ကသာ ဖိကစားနိုင်ခဲ့ပြီး ၄၇ မိနစ်တွင် အိုဇေးလ်က ရမ်ဆေး၏ ၀မ်းတူးမှတစ်ဆင့် သွင်းယူပေးခဲ့သည်။
    ပွဲအပြီးတွင် အာဆင်ဝင်းဂါးက ဘန်တနာ၏ ကစားပုံအား ချီးကျူးပြောဆိုခဲ့ပြီး၊ ခရစ္စမတ်ကာလ ပွဲကျပ်များကြောင့် မိမိအနေဖြင့် ကစားသမားများကို လှည့်လည်အသုံးပြုခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ဟားလ်စီးတီးအသင်း နည်းးပြ စတီဗ်ဘရုစ်က အာဆင်နယ်မှာ အသင်းကောင်း တစ်သင်းဖြစ်ကြောင်း၊ မိမိအသင်းမှာ နှစ်ပွဲဆက် ပွဲကြပ်ကစားခဲ့ရပြီး ၁ ပွဲနိုင်ခဲ့ကာ သုံးမှတ်ရရယူနိုင်ခဲ့သောကြောင့် ရလဒ်ကောင်းဟု ဆိုနိုင်ကြောင်းပြောကြားခဲ့သည်။
    ……………………………
    အိမ်ကွင်းတွင် ရာနှုန်းပြည့်အနိုင်ရထားသော်လည်း အဝေးကွင်းတွင် ရလဒ်မကောင်းဖြစ်နေသည့် မန်စီးတီးအသင်းမှာ ယခုပွဲတွင် အနိုင်ရရှိအောင် ကစားနိုင်ခဲ့သည်။
    လမ်းများပိတ်ဆို့မှုကြောင့် ထိုပွဲအား ၁၅ မိနစ်ခန့် နောက်ကျကာ ကစားခဲ့ရသည်။ မန်စီးတီးအသင်းတွင် ဒဏ်ရာကြောင့် ၂ လခန့် အနားယူနေရသည့် အသင်းခေါင်းဆောင် ကွန်ပနီပြန်လည်ပါဝင်လာခဲ့ပြီး ပွဲအစတွင် မန်စီးတီးက လျင်လျင်မြန်မြန်ဖြင့် ထိုးဖောက်ကစားနိုင်ခဲ့သည်။
    အဖွင့်ဂိုးကို ၉ မိနစ်တွင်ရရှိခဲ့ပြီး ဇာဘလက်တာ၏ ဖန်တီးမှုမှတစ်ဆင့် အဂူရိုက သွင်းယူပေးခဲ့သည်။ ထိုနောက် ၂၄ မိနစ်တွင် မန်စီးတီးအသင်း အတွက် ပွဲပေါင်း ၁၅၀ ပြည့်ကစားပေးခဲ့သည့် ယာယာတိုးရေးက ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင်လည်း မန်စီးတီးအင်းက ဖိကစားနိုင်ခဲ့ပြီး ၇၄ မိနစ်တွင် ရရှိသည့်ပင်နယ်တီကို ယာယာတိုးယေးကပင် ကန်သွင်းယူနိုင်ခဲ့သည်။ ၀က်စ်ဘရွန်းအတွက်ခြေပဂိုးများကို ၈၅ မိနစ်တွင် မန်စီးတီးကစားသမား ပန်တီလီမွန်၏ ကိုယ့်ဂိုးကိုယ်သွင်းမှုနှင့် ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် အနီချီဘီ၏ ကန်သွင်းမှုတို့မှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်။
    …………………………
    လီဗာပူးလ် ၅-၁ နော်ဝစ်ခ်ျ
    အိမ်ကွင်းအန်ဖီးလ်တွင် အိမ်ရှင် လီဗာပူးလ်တို့မှာ ဆွာရက်ဇ်၏ ခြေစွမ်းပြမှုနှင့်အတူ ဂိုးပြတ်ဖြင့် အောင်ပွဲခံနိုင်ခဲ့သည်။ ယခုပွဲအနိုင်ကြောင့် လီဗာပူးလ်းအသင်းမှာ အမှတ်ပေးဇယား အဆင့်လေးနေရာတွင်ရှိနေပြီး နော်ဝစ်ခ်ျမှာ တန်းဆင်းဇုံ အထက်နားသို့ ရောက်ရှိသွားခဲ့သည်။
    လီဗာပူးလ်အသင်းအတွက် ဂိုးများကို ၁၅၊ ၂၉၊ ၃၅ နှင့် ၇၄ မိနစ်တို့တွင် ဆွာရက်ဇ်တစ်ဦးတည်းနှင့် ၈၈ မိနစ်တွင် ရဟီမ်းစတာလင်တို့က သွင်းယူပေးခဲ့သည်။ နော်ဝစ်ခ်ျအသင်းအတွက် နှစ်သိမ့်ဂိုးကို ၈၃ မိနစ်တွင် ဘရဒ်လီ ဂျွန်ဆင်က သွင်းယူပေးခဲ့သည်။
    …………………………
    ဆန်းဒါလန်း ၃-၄ ချယ်ဆီး
    ယခုနောက်ပိုင်းတွင် ခြေစွမ်းတည်ငြိမ်လာသည့် ချယ်ဆီးအသင်းမှာ ဆန်းဒါးလန်း၏ အလင်းရောင်ကွင်းတွင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ သို့သော် အိမ်ရှင်ဆန်းဒါးလန်းအသင်းက ၁၄ မိနစ်တွင် ဂျိုဇီအလ်တီဒိုရီ၏ ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ၃ မိနစ်အကြာတွင် လမ်းပတ်က ချေပဂိုးသွင်းယူပေးခဲ့ကာ၊ ၃၆ မိနစ်တွင် ဟဇာဒ်က ဧရိယာအပြင်မှနေ၍ ကန်သွင်းယူခဲ့ပြီး ချယ်ဆီးအတွက် ဒုတိယဂိုးသွင်းယူခဲ့သည်။
    ဒုတိယပိုင်း မိနစ် ၅၀ တွင် မန်ယူ ကစားသမားဟောင်း ဂျွန်အိုးရှေးက အိမ်ရှင်အတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး၊ ချယ်ဆီးအတွက် တတိယနှင့် စတုတ္ထဂိုးများကို ၆၂ မိနစ်တွင် ဟာဇာဒ်က လည်းကောင်း၊ ၈၄ မိနစ်တွင် ဖိလစ်ဘာ့ဒ်စလေက ကိုယ့်ဂိုးကိုယ်သွင်းမိ၍လည်းကောင်း ရရှိခဲ့သည်။ ၈၆ မိနစ်တွင် ဘာ့ဒ်စလေကပင် အိမ်ရှင်အတွက် တတိယချေပဂိုး သွင်းယူပေးခဲ့သော်လည်း နာက်ထပ် ဂိုးများသွင်းယူနိုင်ခြင်း မရှိခဲ့သောကြောင့် ဆန်းဒါးလန်း အသင်းမှာ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ပြီး ဇယားအောက်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
    ……………………………………..
    မန်ယူ ၀-၁ အဲဗာတန်
    ပြီးခဲ့သည့် ၂ ပွဲဆက်တိုက် သရေကျခဲ့သည့် မန်ယူအသင်းမှာ ယခုပွဲတွင်လည်း အဲဗာတန်အသင်းကို အိမ်ကွင်းတွင် နောက်ကျဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ထိုပွဲ ရှုံးနိမ့်မှုမှာ မန်ယူအသင်း၏ ၁၂ ဆက်တိုက် ရှုံးပွဲမရှိ စံချိန် အဆုံးသတ်သွားခြင်းလည်းဖြစ်ပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် အဲဗာတန်အသင်းအား အိမ်ကွင်းတွင် အရှုံးပေးခဲ့ရခြင်းလည်းဖြစ်သည်။
    ယခုပွဲတွင်အဲဗာတန်အသင်းမှာ ကစားပုံကောင်းခဲ့ပြီး မန်ယူအား ဒုက္ခပေးနိုင်ခဲ့သည်။ အဲဗာတန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ခြေစွမ်းပြနေသည့် တိုက်စစ်မှူး လူကာကူ၏ ဖန်တီးပေးပို့မှုမှတစ်ဆင့် ဘရိုယန်အိုဗီဒိုက ကန်သွင်းပေးခဲ့ခြင်းဖြစ်ပြီး အဲဗာတန်မှာ နောက်ဆုံး ၇ ပွဲဆက်တိုက် ရှုံးနိမ့်ခြင်း မရှိအောင် ကစားနိုင်ခဲ့သည်။
    မန်ယူနည်းပြ မိုယက်စ်က ထိုပွဲအရှုံးအတွက်အလွန်စိတ်ပျက်မိကြောင်း၊ အခွင့်အရေးတစ်ချို့ရခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင် ခဲ့ကြောင်း ပြောကြားခဲ့ပြီး အဲဗာတန်အသင်း၏ ကစားပုံအား ချီးကျူးခဲ့သည်။
    ………………………………..
    ဆွမ်းဆီး ၃-၀ နယူးကာဆယ်
    ချယ်ဆီးနှင့် စပါးအသင်းများအပါဝင် နောက်ဆုံးလေးပွဲဆက် အနိုင်ရရှိခဲ့သည့် နယူးကာဆယ်အသင်းမှာ ယခုပွဲတွင် ဆွမ်ဆီးအသင်းအား ဂိုးပြတ်ဖြင့် အရှုံးပေးခဲ့ရသည်။
    အိမ်ရှင်အတွက်ဂိုးများကို ပထမပိုင်းနာကျင်အချိန်ပိုတွင် ဒိုင်ယာက လည်းကောင်း၊ ၈၁ မိနစ်တွင် ဂျွန်ဂျို ရှယ်လ်ဗီက လည်းကောင်း၊ ၆၆ မိနစ်တွင် ဒီဘောက်ချီ၏ ကိုယ့်ဂိုးကိုယ် သွင်းမှုမှလည်ကောင်း ရရှိခဲ့ခြင်းဖြစ်သည်။
    ပွဲအပြီး၌ နယူးကာဆယ်နည်းပြ အလန်ပါဂျူးက မိမိတို့အသင်းမှ ယခုပွဲအရှုံးနှင့် ထိုက်တန်သည်ဟု မထင်ကြောင်း ပထမပိုင်းတွင် ဘောလုံး ပိုင်ဆိုင်မှု မရှိခဲ့ဘဲ၊ ဂိုးပေးခဲ့ရပြီး၊ ဒုတယိပိုင်းတွင် ဂိုး သွင်းခွင်များ ဖန်တီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
    ……………………………..
    ဖူလ်ဟမ် ၁-၂ စပါး
    ဆောက်သက်တမ် ၂-၃ အက်စတွန်ဗီလာ
    ခရစ္စတယ်ပဲလေ့စ် ၁-၀ ၀က်စ်ဟမ်း
    နောက်ဆုံးလေးပွဲတွင် နိုင်ပွဲမရရှိခဲ့သည့် စပါးအသင်းမှ ယခုပွဲတွင် ချီရစ်ချီနှင့် ဟော့လ်ဘီတို့၏သွင်းဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အဆင့် ၆ သို့ တက်ရောက်နိုင်ခဲ့သည်။ ပြီးခဲ့သည့် တစ်ပါတ်ကျော်က အဆင့်လေးနေရာသို့ တက်လှမ်းလာနိုင်ခဲ့သည့် ဆောက်သက်တမ်မှာ ယခင်အပါတ်က အာဆင်နယ်အသင်းအား ရှုံးနိမ့်ခဲ့ပြီး ယခုပွဲတွင်လည်း အက်စတွန်ဗီလာ အသင်းအား ထပ်မံရှုံးနိမ့်ခဲ့သည်။ အင်္ဂါနေ့ညက ကစားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်နှင့် ၀က်စ်ဟမ်းတို့ပွဲတွင် တန်းဆင်းဇုံမှ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ အာဆင်နယ်တိုက်စစ်မှူးဟောင်း ချာမက်၏ သွင်းဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။