News @ M-Media

Blog

  • နိုဝင်ဘာ ၂၉၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၂၉၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၂၉၊ ၂၀၁၃
    M-Media

    344929_heroa

    – စပိန်အသင်းနည်းပြဖြစ်သူ ဒဲလ်ဘော့စကေးက အသင်း၏ လက်ရှိစွမ်းရည်ကို ယုံကြည်မှုရှိနေသော်လည်း အသင်းရှိ ကစားသမားများမှာ စိတ်ကြီးဝင်မှုမရှိဘဲ မိမိကိုယ်ကို နှိမ့်ချရမည်ဟု သတိပေးပြောဆိုလိုက်သည်။ စပိန်အသင်းမှာ နောက်ဆုံးကစားခဲ့သည့် တောင်အာဖရိကနှင် ခြေစမ်းပွဲတွင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒဲလ်ဘော့စကေးက ထိုခြေစွမ်းကို ရောင့်ရဲ့ကျေနပ်နေ၍မဖြစ်ဘဲ လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ချန်ပီယံဘွဲ့ကို ကာကွယ်ရန် ပြင်ဆင်ရမည်ဟု အသင်းသားများအား ဆက်လက်တိုက်တွန်းခဲ့သည်။

    – တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် ဘာစီလိုနာအသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး မက်ဆီမှာ ၎င်း၏ဒဏ်ရာအားကုသရန် အာဂျင်တီးနားသို့ သွားရောက်မည်ဟု သိရသည်။ မက်ဆီမှာ နိုဝင်ဘာ ၁၀ ရက်နေ့က ကစားခဲ့သည့် ဘက်တစ်နှင့်ပွဲတွင် ထိုဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ၆ ပတ်မှ ၈ ပတ်အထိ အနားယူရမည်ဖြစ်သည်။

    – အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက အသင်းရှိ ဂိုးသမား ရှက်ဇက်နီမှာ အသင်း၏ အနာဂတ်အတွင် အရေးပါသော ကစားသမားဖြစ်လာကာ အသင်းဂန္တ၀င်ကစားသမား ဖြစ်လာနိုင်သည်ဟု ပြောကြားလိုက်သည်။ ပိုလန်လက်ရွေးစင် ကစားသမားဖြစ်သူ ရှက်ဇက်နီမှာ ယမန်နှစ်က ကြမ်းတမ်းသောအချိန်များကို ဖြတ်သန်းခဲ့ရပြီး ပထမဦးစားပေးကစားသမားအဖြစ်မှပင် အနားပေးခြင်းခံခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် အသင်းအတွက် ပုံမှန်လက်စွမ်းပြနိုင်ခဲ့ပြီး အာဆင်နယ်အသင်းအတွက် ပွဲ ၅၀ မြောက် ဂိုးမပေးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် အသက် ၂၃ နှစ်သာ ရှိသေးသည့် ရှက်ဇက်နီထံမှ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်များကို ရရှိရန် ၀င်းဂါးက မျှော်လင့်နေသည်။

    – ၂၀၁၁ ခုနှစ်က ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ရန် အသင်းမှထွက်ခွာသွားသည့် ဖာဘရီဂတ်ကို မြင်ရချိန်၌ ၀မ်းနည်းမိသည်ဟု အာဆင်နယ်အသင်း၏ အင်္ဂလန်ကွင်းလယ်ကစာသမား ဂျက်ဝီလ်ရှိုင်းယားက Google Hangout မှတစ်ဆင့် ပရိတ်သတ်များအား ပြောကြားခဲ့သည်။

    – ရိုမားအသင်းတွင် ပုံမှန်ပါဝင်ခွင့်မရသောကြောင့် အာဂျင်တီးနားအသင်းနှင့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားခွင့်ရရန် အသင်းမှ ထွက်ခွာနိုင်သည်ဟု ရိုမားအသင်း၏ နောက်ခံလူ နီကိုလက်စ် ဘာဒစ်ဆိုက ပြောကြားခဲ့သည်။ ယခင်အင်တာကစားသမားဟောင်းဖြစ်သူ ဘာဒစ်ဆိုမှာ ယခုနှစ်တွင် ရိုးမားအသင်းနှင့် ၃ ပွဲသာ ပွဲထွက် ကစားခွင့် ရထားပြီး၊ နိုင်ငံအသင်းတွင် ပါဝင်မကစားရသည်မှာ ၂ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။

    – ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင် အသင်းကြီးများဖြစ်ကြသည့် ဘာစီလိုနာနှင့် ရီယဲလ်မက်ဒရစ်အသင်းများက မိမိအသင်းအား ရှောင်ရှားချင်လိမ့်မည်ဟု မန်စီတီးအသင်း နည်းပြဖြစ်သူ ပယ်လီဂရီနီက ပြောကြားခဲ့သည်။ မန်စီးအသင်းမှာ အုပ်စုတွင် ဘိုင်ယမန်မြူးနစ်နောက် အုပ်စုဒုတိယနေရာသာ ရရှိရန် အခြေအနေရှိနေသောကြောင့် နောက်တစ်ဆင့်တွင် အသင်းကြီးများနှင့် တွေ့ဆုံရဖွယ်ရှိနေသည်။ သို့သော်လည်း မိမိတို့အနေဖြင့် တောင့်တင်းသော လူစာရင်းရှိသည့်အတွက် မည်သည့်အသင်းကိုမျှ ကြောက်ရွံ့နေမည်မဟုတ်ဟု ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။

    – ဘိုင်ယန်မြူးနစ်အသင်းက မိမိအားခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း မိမိအနေဖြင့် အသင်းတွင်ဆက်ရှိနေကာ အသင်းအတွက် ဆုဖလားများရရှိရန် တိုင်ပွဲဝင် ပေးချင်သည်ဟု ဖီအိုရင်တီးနားအသင်း၏ အလယ်တန်းလူ ဂျူအန် ကော်ဒရာဒိုက ထုတ်ဖော်ပြောဆိုလိုက်သည်။ အသက် ၂၅ နှစ်အရွယ်ရှိသည့် ကိုလံဘီယာ ကစားသမား ကော်ဒရာဒိုက ဖီအိုရင်တီးနားအသင်းတွင်ဆက်နေကာ စွမ်းဆောင်ရည်များ မိုမိုတိုးတက်အောင် ဆက်လက်ကြိုးစားသွားမည်ဟု ထပ်လောင်းပြောကြား ခဲ့သည်။

    – ကမ္ဘာပေါ်ရှိမည်သည့်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းနှင့် အဆင့်တူခြင်းမရှိဘဲ၊ ယခုနှစ်တွင် အသင်းနှင့် ဆုတံဆိပ်မျာကို ရယူရန် ဆုံးဖြတ်ထားသည်ဟု ရီးယဲလ် အသင်း၏ ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်ကပြောဆိုလိုက်သည်။ ဂါရက်ဘေးလ်မှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်အသင်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ရာသီအစတွင် ခြေစွမ်းမပြနိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အသင်းအတွက် ဂိုးများသွင်းယူလာနိုင်သူဖြစ်သည်။

  • စာဆိုတော်နေ့ အခမ်းအနားကျင်းပမည်

    စာဆိုတော်နေ့ အခမ်းအနားကျင်းပမည်

    နိုဝင်ဘာ ၂၉၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    img512

    ရန်ကုန်  ။       ။         စာဆိုတော်များအား ဂုဏ်ပြုသည့်အနေဖြင့် စာဆိုတော်နေ့ အခမ်းအနားတစ်ရပ်ကို ဒီဇင်ဘာလ ၄-ရက်နေ့တွင် ရန်ကုန်မြို့ရှိ ယုဇနဂါးဒင်းဟိုတယ်၌နေ့လည် ၂း၀၀-နာရီမှ ၅း၀၀-နာရီအထိ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ စာဆိုတော်နေ့ အခမ်းအနားအား စာဆိုတော်နေ့ကျင်းပရေးကော်မတီ(ပသီ)မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဆရာကြီးသိပ္ပံမှူးတင်၊ ဒေါက်တာသန်းဝင်း(မောင်သန်းဝင်း – မြန်မာစာ)တို့မှ ဟောပြောမည်ဖြစ်ကြောင်းလည်း သိရသည်။

  • နိုဝင်ဘာ-၂၈ အားကစားသတင်းများ

    နိုဝင်ဘာ-၂၈ အားကစားသတင်းများ

    နိုဝင်ဘာ၊ ၂၇ ၂၀၁၃
    M-Media

    မန်ယူ၊ ရီးယဲလ်နှင့် ပီအက်စ်ဂျီတို့ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့သည့် ဗုဒ္ဓဟူးနေ့ည ချန်ပီယံလိဂ်ပွဲစဉ်များ

    _71391978_71390809

    ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၅ ကို ယနေ့နံနက်ပိုင်းကစားခဲ့ရာ မန်ယူအသင်းမှာ ယခုနှစ်ရာသီတွင် အကောင်းဆုံးပုံစံဖြင့် အဝေးကွင်းတွင် ပြိုင်ဘက်အား ဂိုးပြတ်ဖြင့်အနိုင်ရယူခဲ့ကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားနိုင်ခဲ့သည်။
    ရီးယဲလ်အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့မှာလည်း အိမ်ကွင်းတွင် အနိုင်ကစားနိုင်ခဲ့ကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီး၊ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းမှာလည်း တူရင်တွင် အနိုင်ရခဲ့ကာ နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

    အုပ်စု A

    လေဗာကူဆင် ၀-၅ မန်ယူ
    ရှက်တာဒိုးနက် ၄-၀ ရီးယဲဆိုစီဒက်

    ပထမအကျော့ အိုးထရက်ဖို့ဒ်တွင် မန်ယူက ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ခြေစွမ်းကွာဟမှု မရှိခဲ့သည့်အတွက် ယခုပွဲတွင် မန်ယူတို့အခက်တွေ့နိုင်သည်ဟု ထင်ရသော်လည်း မန်ယူအသင်းက အိမ်ရှင်လေဗာကူဆင်အား ဂိုးပြတ်ခြေပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ပထပိုင်းတွင်ပင် ၂ ဂိုးပြတ်ဖြင့် ဦးဆောင်နေသည့် မန်ယူအသင်းတွင် ရူနီ အထူးခြေစွမ်းပြခဲ့ပြီး အသင်းဖော်များအား အကောင်းဆုံး ကူညီပေးနိုင်ခဲ့သည်။ ယခုပွဲတွင် ပြသခဲ့သည့် ခြေစွမ်းမှာ ယခုနှစ်ရာသီ မန်ယူအသင်း၏ အကောင်းဆုံး ခြေစွမ်းအဖြစ် သတ်မှတ်နိုင်ပြီး၊ လေဗာကူဆင်အသင်းမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် အိမ်ကွင်း ၈ ပွဲဆက် မရှုံးခဲ့သည့် စံချိန်ကျိုးပြတ်သွားခဲ့ပြီဖြစ်သည်။ မန်ယူအသင်းအတွက်ဂိုးများကို ဗလင်စီယာ၊ အီဗန့်၊ စမောလင်း၊ နာနီတို့က တစ်ဂိုးစီနှင့် လေဗာကူဆင်ကစားသမား စပါဟစ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ကာ ရရှိခဲ့သည်။ ယခုပွဲအနိုင်ကြောင့် မန်ယူအသင်းမှာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

    အဝေးကွင်း ၂ ပွဲစလုံးကို ရှုံးနိမ့်ထားသည့် ဆိုစီဒက်အား အိမ်ကွင်းတွင်အမှားအယွင်းမရှိအောင် အနိုင်ကစားနိုင်ခဲ့သောကြောင့် ရှက်တာဒိုးနက်တို့ ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်မှာ ရှင်သန်လာခဲ့သည်။ သို့သော်လည်း အုပ်စုနောက်ဆုံးပွဲတွင် မန်ယူအသင်းနှင့် တွေ့ဆုံရမည်ဖြစ်ပြီး အနိုင်ကစားရန်လိုအပ်နေသည်။ ရှက်တာဒိုးနက်အတွက်ဂိုးများကို ၃၇ မိနစ်တွင် လူးဝစ် အက်ဒရီယာနိုကလည်းကောင်း၊ ၄၈ မိနစ်တွင် အဲလက်စ် တီဇီရာက လည်းကောင်း၊ ၆၈ မိနစ်နှင့် ၈၇ မိနစ်တို့တွင် ဒေါက်ဂလတ်စ်ကော်စတာက လည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။ ယခုပွဲအရှုံးကြောင့် ဆိုဆီဒက်အသင်းမှာ ယခုနှစ် ချန်ပီယံလိဂ်အား လက်ပြနှုတ်ဆက်ခဲ့ရသည်။
    …………………………………………….
    အုပ်စု B

    ရီးယဲလ်မက်ဒရစ် ၄-၁ ဂါလာတာစာရေး
    ဂျူဗင်တပ်စ် ၃-၁ ကိုပင်ဟေဂင်

    ပထမအကျော့အဝေးကွင်းတွင်ဂိုးပြတ်ဖြင့် အနိုင်ရထားခဲ့သည့် ရီးယဲလ်တို့ ယခုပွဲတွင်လည်း အခက်အခဲမရှိ ဂိုးပြတ်အဖြင့်အနိုင်ရရှိခဲ့သည်။ ၂၆ မိနစ်နောက်ခံလူ ရာမို့စ် အထုတ်ခံခဲ့ရပြီး ပထမပိုင်းအပြီးတွင် ၁ ဂိုးစီသရေဖြစ်နေခဲ့သော်လည်း ဒုတိယပိုင်းတွင် တစ်ယောက်လျော့ ရီးယဲလ်ကသာ ပွဲကို ထိန်းချိုပ်ထားနိုင်ခဲ့ပြီး အနိုင်ဂိုးများကိုသွင်းယူသွားခဲ့သည်။ ရီးယဲလ်အတွက် အဖွင့်ဂိုးကို ၃၇ မိနစ်တွင် ဂါရက်ဘေးလ်က ဖရီးကစ်မှတစ်ဆင့် တိုက်ရိုက်ကန်သွင်းယူခဲ့သည်။ ချက်ချင်းဆိုသလိုပင် အူမွတ်ဘူလွတ်က ၃၈ မိနစ်တွင် ဂါလာတာစာရေးအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့သည်။ သို့သော်လည်း ဒုတိယပိုင်းတွင် အာဘီလိုအာ၊ ဒီမာရီယာနှင့် အစ္စကိုတို့ဂိုးများကို ခွင့်ပြုခဲ့ရသောကြောင့် ဂါလာတာစာရေးအနေဖြင့် နောက်တစ်ဆင့်တက်ရေးမှာ မသေမချာဖြစ်လာခဲ့ပြီး ဂျူဗင်တပ်စ်အသင်းနှင့် ကစားရမည့် အုပ်စုနောက်ဆုံးပွဲတွင် မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ်ကာ ကိုပင်ဟေဂင်က ရီးယဲလ်အား သရေသို့မဟုတ် ရှုံးနိမ့်ခဲ့ပါမှ ဂါလာတာစာရေးမှာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

    ချန်ပီယံလိဂ် ၄ ပွဲကစားပြီး ၃ မှတ်သာရထားသေးသည့် ဂျူဗင်တပ်စ်အသင်းမှာ အိမ်ကွင်းတူရင်တွင် ကိုပင်ဟေဂင်အား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့သောကြောင့် ရှုံးထွက်အဆင့်သို့ တက်ရောက်ရေးမှာ မျှော်လင့်ချက်ရှိလာပြီဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းအတွက် အနိုင်ဂိုးများကို ဗီဒလ်တစ်ဦးတည်းကပင် ၂၉၊ ၆၁ မိနစ်တို့တွင် ပင်နယ်တီမှလည်းကောင်း ၆၃ မိနစ်တွင် ခေါင်းတိုက်၍လည်းကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အုပ်စုနောက်ဆုံးပွဲစဉ်အား အနိုင်ကစားရမည်ဖြစ်ပြီး ရီးယဲလ်နှင့် ကိုပင်ဟေဂင်တို့၏ ပွဲအဖြေကို စောင့်ကြည့်ရမည် ဖြစ်သည်။
    ……………………………….
    အုပ်စု C

    ပီအက်စ်ဂျီ ၂-၁ အိုလံပီယာကော့စ်
    အန်ဒါလက်ခ်ျ ၂-၃ ဘင်ဖီကာ

    ပီအက်စ်ဂျီအသင်းမှာ အိမ်ကွင်းတွင် အနိုင်ရရှိအောင် ကစားနိုင်ခဲ့ခြင်းကြောင့် နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။ သို့သော်လည်း အနိုင်ဂိုးကို ပွဲပြီးကာနီးမှ ရရှိခဲ့သည်။ ဦးဆောင်ဂိုးကို ပထမပိုင်း ၇ မိနစ်မှာပင် ပီအက်စ်ဂျီတို့ ရရှိခဲ့ပြီး အီဗရာဟီမိုဗစ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မိနစ် ၈၀ တွင် မာနိုလာစ်က ဧည့်သည်အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ခြင်းကြောင် အိမ်ရှင်တို့၏ နောက်တစ်ဆင့်သို့ စောစီးစွာ တက်ရေးမျှော်လင့်ချက်မှာေ၀၀ါးခဲ့သော်လည်း မိနစ် ၉၀ တွင် ကာဗာနီက အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီအသင်းအတွက် ရှုံးထွက်အဆင့် တစ်နေရာကို သေချာစေခဲ့သည်။

    နောက်တစ်ဆင့်တက်ရေးအတွက် ယခုပွဲတွင် မဖြစ်မနေအနိုင်ကစားရမည့် ဘင်ဖီကာတို့ အနိုင်ရရှိခဲ့သော်လည်း ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမိနစ်တွင်မှ အနိုင်ရရှိခဲ့သည်။ ၁၈ မိနစ်တွင် အန်ဒါလက်ခ်ျတို့ အမ္ဘမ္ဘာ၏ ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး မာတစ်က ၃၄ မိနစ်တွင်ချေပခဲ့သည်။ ၅၂ မိနစ်တွင် အဖွင့်ဂိုးသွင်ယူပေးခဲ့သည့် အမ္ဘမ္ဘာ၏ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ဘင်ဖီကာတို့ ပြန်လည်ဦးဆောင်ခဲ့ပြီး ၇၇ မိနစ် ဘရူနိုက အန်ဒါလက်ခ်ျအတွက် ချေပိုးသွင်းယူပေးခဲ့သည်။ ဘင်ဖီကာအတွက် အရေးပါသော အနိုင်ဂိုးကို လူစားဝင်ကစားသမား ရိုဒရီဂိုက မိနစ် ၉၀ တွင် သွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်ရရှိခဲ့သော်လည်း ဘင်ဖီကာ အသင်းမှာ အုပ်စုနောက်ဆုံး အိုလံပီယာကော့စ်နှင့်ပွဲတွင် အနိုင်ရရှိပါမှ နောက် တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
    …………………………………
    အုပ်စု D

    မန်စီးတီး ၄-၂ ပါဇန်
    စီအက်စ်ကေအေမော်စကို ၁-၃ ဘိုင်ယန်မြူးနစ်

    ပြီးခဲ့သည့် ပွဲစဉ် ၄ တွင် ဘိုင်ယန်မြူးနစ်အသင်းအား အိမ်ကွင်း၌ အရှုံးပေးခဲ့ရသည့် မန်စီးတီးမှာ ယခုပွဲတွင် ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ခြင်းကြောင့် နောက်တစ်ဆင့်တက်ရေးမှာ လုံးဝ သေချာသွားခဲ့ပြီး အုပ်စုနောက်ဆုံးပွဲတွင် ဘိုင်ယန်နှင့် အုပ်စုဗိုလ်သာ လုရမည်ဖြစ်သည်။ မန်စီးတီးအတွက်ဂိုးများကို ၃၃ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် အဂူရိုကလည်းကောင်း၊ ၆၅၊ ၇၈ နှစ် ၈၉ မိနစ်တို့တွင် နာဆရီ၊ နီဂရီဒိုနှင် ဇက်ကိုတို့ကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့ပြီး၊ ပါဇန်အသင်းအတွက် ချေပဂိုးများကို ၄၃ မိနစ်နှင့် ၆၉ မိနစ်တို့တွင် ဟိုရာဗာနှင့် တီဆဲလ်တို့က သွင်းယူပေးခဲ့သည်။

    လက်ရှိကမ္ဘာ့ တိုက်စစ်အကောင်းဆုံး အသင်းများတွင်ပါဝင်သည့် ဘိုင်ယန်မြူးနစ် အသင်းမှာ အဝေးကွင်းတွင်ကစားခဲ့ရသော်လည်း အခက်အခဲမရှိပွဲ ချန်ပီယံလိဂ် ရာနှုန်းပြည့် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်။ အဖွင့်ဂိုးကို ၁၇ မိနစ်တွင် ရော်ဘင်၏ ဂိုးဖြင့်ရရှိခဲ့ပြီး ၅၆ မိနစ်တွင် ဂိုတက်ဇ်က ဒုတိယဂိုးသွင်းယူပေးခဲ့သည်။ ၆၂ မိနစ်တွင် ဟွန်ဒါက ပင်နယ်တီမှတစ်ဆင့် အိမ်ရှင်အတွက် ချေပဂိုးသွင်းယူပေးခဲ့သော်လည်း၊ ၆၅ မိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီအား မူလာက အမှားအယွင်းမရှိ ကန်သွင်းခဲ့ကာ ဘိုင်ယန်အသင်းအား အနိုင်သေချာစေခဲ့သည်။ ယခုပွဲအနိုင်ရရှိမှုကြောင့် ဘိုင်ယန်မြူးနစ်အသင်းမှာ ချန်ပီယံလိဂ် ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်သစ်ကို တင်နိုင်ခဲ့သည်။

    Photo-AP

    ………………………………….

    • ရီးယဲလ်ဆိုစီဒက်အသင်း၏ နည်းပြဖြစ်သူ ဂျာဂိုဘာ အာရာဆိတ်က အသင်းအနေဖြင့် ချန်ပီယံလိဂ်မှထွက်ခွာသွားရခြင်းကို ၀မ်းနည်းမိပြီး၊ အမှားများစွာ ပြုလုပ်မိခဲ့သည့်အတွက် ထိုကဲ့သို့ ပေးဆပ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ရီးယဲလ်ဆိုဆီဒက်မှာ ယနေ့နံနက်က ကစားခဲ့သည့်ပွဲတွင် ရှက်တာဒိုးနက် အား ၄ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီဖြစ်သည်။ သို့သော် အသင်း၏ ဂုဏ်သိက္ခာနှင့် အသင်းပရိတ်သတ်များအတွက် လေဗာကူဆင်နှင့် ပွဲတွင် အကောင်းဆုံးကစားသွားမည်ဟု အာရာဆိတ်က ထည့်သွင်းပြောကြားခဲ့သည်။

     

    • လေဗာကူဆင်အား အဝေးကွင်းတွင် ၅ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သည့် မန်ယူအသင်းထံမှ ယခုထက်ပို၍ စွမ်းဆောင်ရည်ကောင်းများကို မြင်တွေ့ရမည်ဟု မန်ယူ အသင်းနည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။ ထို့ပြင် ပြီးခဲ့သည့်နွေရာသီက ဖာဂူဆန်၏ နေရာကို ဆက်ခံခဲ့ပြီးနောက် မန်ယူအသင်း၏ အကောင်းဆုံးပုံစံကို တွေ့မြင်ခဲ့ရခြင်းဖြစ်ပြီး၊ နောက်ဆုံးလေးပွဲတွင် ၃ ပွဲ ဂိုးမပေးရသည့် အသင်း၏နောက်တန်းကိုလည်း မိုယက်စ်က ပွဲအပြီးတွင် ချီးကျူး ပြောဆိုခဲ့သည်။

     

    • အသင်း၏ ပထမပိုင်းကစားပုံမှာ ကောင်းမွန်ခဲ့သော်လည်း နောက်တန်းအမှားများကြောင့် ရီးယဲလ်အသင်းအား အရှုံးပေးခဲ့ရခြင်းဖြစ်သည်ဟု ဂါလာတာ စာရေး အသင်း၏ နည်းပြဖြစ်သူ မန်စီနီက ပွဲအပြီးတွင်ပြောကြားခဲ့သည်။ ယနေ့နံနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ပထမပိုင်း ၂၆ မိနစ်၌ ရီးယဲလ်နောက်ခံလူ ရာမို့စ် အထုတ်ခံခဲ့ရပြီး တစ်နာရီကျော်ကြာ တစ်ယောက်အသာဖြင့် ကစားခဲ့ရသော်လည်း ဂါလာတာစာရေးအသင်းမှာ အနိုင်မကစားနိုင်ခဲ့ဘဲ ရီးယဲလ်အား ၄ ဂိုး ၁ ဂိုး ဖြင့် အရှုံးပေးခဲ့ရသည်။

     

    • အသင်းရှိကစားသမားများမှာ အသင်းအတွက် အကောင်းဆုံးကစားနိုင်ခဲ့ပြီး အနည်းငယ်သော အမှားများကြောင့်သာ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု အန်ဒါလက်ခ်ျ အသင်း၏ နည်းပြဖြစ်သူ ဂျွန် ဗန်ဒန် ဘရွမ်က ပြောကြားလိုက်သည်။ ယမန်နေ့ညက ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အန်ဒါလက်ခ်ျအသင်းမှာ ဘင်ဖီကာ အား ယှဉ်ကစားနိုင်ခဲ့သော်လည်း မိနစ် ၉၀ တွင် ပေးလိုက်ရသောဂိုးကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ပြီး၊ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။

     

    • ပါဇန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် အဂူရိုအား စောစီးစွာ လူစားလဲခဲ့ခြင်းမှာ ဒဏ်ရာအနာတရဖြစ်သွားမည်ကို စိုးရိမ်၍ဖြစ်ပြီး လာမည့်တနင်္ဂနွေနေ့တွင် ကစားမည့် ဆွမ်ဆီးအသင်းနှင့်ပွဲအတွက် အနားပေးခြင်းလည်းဖြစ်သည်ဟု မန်စီတီးနည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။ ထိုပွဲတွင်ပင်နယ်တီမှတစ်ဆင့် တစ်ဂိုးသွင်းခဲ့ပြီး နောက်ဆုံး ၁၂ ပွဲတွင် ၁၅ ဂိုးအဖြစ် သွင်ယူထားခဲ့သည့် အဂူရိုအား မန်စီနီက ပထမပိုင်းအပြီးတွင် လူစားလဲခဲ့ခြင်းဖြစ်သည်။

     

    • ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် တစ်ဂိုးသွင်းယူပေးခဲ့ပြီး အသင်းအား နောက်တစ်ဆင့်သို့တက်ရောက်ရန် ကူညီပေးနိုင်ခဲ့သည့် အီဗရာဟီ မိုဗစ်က ၎င်းအနေဖြင့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ဆုအား ရရှိရန်မလိုအပ်ဘဲ၊ မိမိမှာ အကောင်းဆုံးဘောလုံးသမားဖြစ်ကြောင်း မိမိကိုယ်ကို သိနေသည်ဟု ပြောကြားလိုက်သည်။

     

    • ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့တက်ရောက်ရန်အတွက် မိမိတို့အသင်းမှာ အုပ်စုနောက်ဆုံးပွဲတွင် မန်ချက်စတာယူနိုက်တက်အသင်းအား အနိုင်ကစားနိုင်ရန် ကြိုးစားရမည်ဟု ရှက်တာဒိုးနက်အသင်း၏ နည်းပြဖြစ်သူ မာစီယာ လူစက်ကူက ပြောကြားလိုက်သည်။  ရှက်တာဒိုးနက်မှာ ဆိုဆီဒက်အသင်းအား ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း တတိယနေရာမှ လေဗာကူဆင်အသင်းထက် ၁ မှတ်သာ ကွာဟနေသည်။ လေဗာကူဆင်အသင်းမှာ အုပ်စုနောက်ဆုံးပွဲတွင် ရီးယဲလ် ဆိုဆီဒက်နှင့် တွေ့ဆုံရမည်ဖြစ်ပြီး အနိုင်ရရှိရန် အခွင့်အလမ်းများနေသောကြောင့် ရှက်တာဒိုနက်မှာ မန်ယူအသင်းကို အနိုင်ကစားရန်လိုအပ်နေသည်။

     

    • အင်္ဂလိပ်ဘောလုံးလောက၏ အောက်တန်းလိဂ်များ၏ ပွဲစဉ်များတွင် လုပ်ပွဲများကစားခဲ့သည်ဟု ယူဆရသည့်အတွက် ဘောလုံးကစာသမားသုံးဦးအပါအ၀င် လူ ၆ ဦးအား ဖမ်ဆီးထားသည်ဟုသိရသည်။ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်ကလည်း ထိုသတင်းအား ယမန်နေ့က အတည်ပြုပြောဆိုခဲ့သည်။ ထိုကဲ့သို့ဖမ်းဆီးမှုကို မကြာသေးမီက ဖွဲ့စည်းခဲ့ပြီး အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်နှင့် နီးကပ်စွာဆောင်ရွက်ချက်ရှိသည့် အမျိုးသားရာဇ၀တ်မှုအေဂျင်ဆီမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီး ခံရသူများတွင် ယခင်ဘော်လ်တန်ကစားသမားဟောင်းဖြစ်ကာ ယခုတွင် အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် ဒီလော်ရီ ဖေစီလည်း ပါဝင်သည်ဟု သိရသည်။

     

    • ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲများ ကျင်းပရန်စီစဉ်ထားသည့် ဘရာဇီးနိုင်ငံ ဆာပေါ်လိုမြို့မှ ဘောလုံးကွင်းတစ်ခုမှာ ယမန်နေ့ ပြိုကျခဲ့သောကြောင့် လူနှစ်ဦး သေဆုံး ခဲ့ပြီး အခြားတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ ကိုရင်သီယန်ဟု အမည်ရသည့် အဆိုပါ ဘောလုံးကွင်းအား ပြုပြင်နေစဉ် ကရိန်းပြုတ်ကျ ခဲ့ခြင်း ကြောင့် ကွင်းမြောက်ဘက်ရှိ အမိုးမှာ ပြိုကျခဲ့ခြင်းဖြစ်သည်။
  • နိုဝင်ဘာ၂၈၊ နိုင်ငံတကာနှင့် ပြည်တွင်းသတင်း

    နိုဝင်ဘာ၂၈၊ နိုင်ငံတကာနှင့် ပြည်တွင်းသတင်း

    နိုဝင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    ပြည်တွင်းသတင်းတို
    =================
    နိုဝင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    အစိုးရပိုင်းရှိ အစိုးရနှင့် တပ်မတော်မှာ အမြင်မတူမှု၊ လွှတ်တော်အတွင်းရှိ အချို့သူများမှ တန်းတူဆွေးနွေးလိုသည့် သဘောထားမရှိပဲ အပေါ်စီးယူမှုများရှိနေသည့်အတွက် ၎င်းစိတ်ဓါတ်အခြေခံအား မပြောင်းလဲပါက အပစ်အခတ်ရပ်စဲရန် လက်မှတ်ရေးထိုးရေးအတွက် တွေ့ဆုံဆွေးနွေးမှုက ကြန့်ကြာနေဦးမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောဆိုလိုက်ကြောင်း ဧရာဝတီသတင်းတွင် ဖော်ပြထားပါတယ်။
    _______________________

    လူငယ်တွေ ဦးစီးလုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် နိုင်ငံရေးလုပ်ဆောင်တော့မှာ မဟုတ်ကြောင်းကို ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ဦးခင်ညွန့်အကြောင်း တွေ့ဆုံမေးမြန်းထားချက်များကို စုစည်းပြီး စာအုပ်အဖြစ် ထွက်ရှိလာတဲ့ စာအုပ် သတင်းစာရှင်းလင်းပွဲမှာ ကတိပေးပြောကြားခဲ့ကြောင်း RFA သတင်းဌာနမှတဆင့် သိရှိရပါတယ်။

    ______________________

    မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင်များထဲမှ နောက်ဆုံးကျန်ရှိသူ ဗိုလ်ရဲထွဋ်သည် နိုဝင်ဘာ ၂၇-ရက် ည ၉-နာရီ မိနစ် ၂၀ အချိန်မှာ ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါတယ်။

    ______________________

    ဖက်ဒရယ်ပြည်ထောင်စုပါတီ တည်ထောင်ခွင့်ကျထားပြီ ဖြစ်သည့်အတွက် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား ဒီဇင်ဘာ ပထမအပတ်အတွင်း ရွေးချယ်ရန် စီစဉ်ထားသည်ဟု ပါတီ၏ယာယီ ဥက္ကဋ္ဌ ဒေါက်တာဂမ်ဂျန်ဒါးက မဇ္ဈိမကို ပြောကြားခဲ့ပြီး ပါတီ၏ အဓိက ရည်ရွယ်ချက်သည် ပြည်ထောင်စု ဆန်သည့် စနစ်ဖြစ်ပေါ်လာရန်၊ ပြည်ထောင်စု တိုင်းရင်းသားများအားလုံး တစ်သားတည်း စုပေါင်း နေထိုင်နိုင်ရန် ဖြစ်ကြောင်းလည်း သိရပါတယ်။

    ______________________

    arnon_mitchel

    • ဟောလီးဝုဒ်မှ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး အစ္စရေး သူလျှိုလုပ်ပေးခဲ့ဟောလီးဝုဒ် နာမည်ကျော် ရုပ်ရှင်ဇာတ်ကားများဖြစ်ကြသည့် Pretty Woman နှင့် Fight Club ရုပ်ရှင်များကို ထုတ်လုပ်ခဲ့သူ အာနန် မီလ်ချန်က ၎င်းအနေဖြင့် အစ္စရေး၏ နျူးကလီးယားအစီအစဉ်ကို ကူညီရန်အတွက် အစ္စရေး၏ သူလျှိုလုပ်ပေးခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

      အစ္စရေးရုပ်သံတစ်ခုဖြစ်သည့် Channel 2 မှ Documentary အစီအစဉ် တစ်ခုဖြစ်သည့် တနင်္လာနေ့ကထုတ်လွှင်ခဲ့သော Uvda အစီအစဉ်၏ အင်တာဗျူးတွင် မီလ်ချန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းနှင့်ပက်သက်၍ ယခင်က တရားမ၀င်ပြောကြာမှုကို အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။

      မီလ်ချန်မှာ အစ္စရေးနိုင်ငံ၏ လက်နက်ဆိုင်ရာ သဘောတူညီချက်များအား ညှိနှိုင်းဆွေးနွေးခြင်းနှင့် အစ္စရေး၏ လျို့ဝှက်နျူးကလီးယား လက်နက် ထုတ်လုပ်ရေး ပရောဂျက်အား ထောက်ပံ့ပေးနေသည့် အစ္စရေးအေဂျင်ဆီ တစ်ခုတွင် အလုပ်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

      အစ္စရေးတွင် မွေးဖွားခဲ့သည့် မီလ်ချန်အား ဟီဗရူးဘာသာအရ Lakam ဟု အတိုကောက်ခေါ်ဆိုသည့် သိပ္ပံဆိုင်ရာဆက်သွယ်မှုဗျူရိုသို့ ၁၉၆၀ ပြည့်နှစ်များတွင် ယခုလက်ရှိ အစ္စရေးသမ္မတဖြစ်သူ ရှီမွန်ပဲရီးစ်က လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် သွင်းပေးခဲ့ခြင်းဖြစ်သည်။

      ထိုဗျူရိုမှာ အစ္စရေး၏ လျှို့ဝှက်ကာကွယ်ရေးအစီအစဉ်အတွက် သိပ္ပံဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ သတင်းအချက်အလက်များကို ရှာဖွေစုဆောင်းပေးရသည့် အဖွဲ့တစ်ခုဖြစ်ပြီး ၁၉၈၇က ပိတ်သိမ်းခဲ့သည်။

     

    • ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းမှာ သမ္မဘာရှာအလ်အာဆတ် ရာထူးမှနှုတ်ထွက်ရန်မဟုတ်ဟု ဆီးရီးယားအစိုးရက ပြောကြားလိုက်ပြီး အတိုက်အခံများဘက်မှ အာဆတ်အစိုးရ နှုတ်ထွက်ရေးတောင်းဆိုချက်မှာ စိတ်ကူးယဉ်ခြင်းနှင့် လှည့်စားခြင်းသာဖြစ်သည်ဟု ဆီးရီးယား အစိုးရကပြောကြားခဲ့သည်။ ထို့ပြင် အစိုးရအနေဖြင့် လာမည့် ဇန်န၀ါရီလတွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်သော်လည်း အာဏာကို စွန်လွှတ်ရန် မရှိဟု ယမန်နေ့က ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

     

    • ရွေးကောက်ပွဲပြုလုပ်ရန်သတ်မှတ်ရက်အား မကျေနပ်သည့် အတွက် အတိုက်အခံများက ဆန္ဒပြမှုများပြုလုပ်ခဲ့သောကြောင့် လာမည့်ဇန်န၀ါရီလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းလိုက်သည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာ ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲအား ဇန်န၀ါရီ ၅ ရက်နေ့တွင်ပြုလုပ်မည်ဟု သတ်မှတ်ပြီး ၂ ရက်အကြာ ဗုဒ္ဓဟူးနေ့မှစ၍ အစိုးရအတိုက်အခံများ ဦးဆောင်ကာ နိုင်ငံတစ်ဝှမ်းရှိ ကားလမ်းများ၊ ရထားလမ်းများနှင့် ရေကြောင်းလမ်းများအားပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြပြီး ထိုဆန္ဒပြမှုများအတွင် အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ရသည်။

     

    • နိုင်ငံတွင် သုံးကြိမ်တိုင်တိုင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဘာလူစကိုနီအား အခွန်ဆိုင်ရာ လိမ်လည်မှုများကြောင့် ပါလီမန်တွင် ပါဝင်ခွင့်မပြုရန် အီတလီဆီးနိတ်က ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ယမန်နေ့က မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဘာလူစကိုနီကမူ ထိုကဲ့သို့ဆုံးဖြတ်ခဲ့သည့်နေမှာ အီတလီဒီမိုကရေစီ၏ ၀မ်းနည်းစရာကောင်းသောနေ့ဖြစ်သည်ဟု ပြောကြားခဲ့သည်။

     

    • ဥရောပယူနီယံရှိ နိုင်ငံများမှ ဗြိတိန် ပိုင်နက်အတွင်းသို့ ပြောင်းရွှေ့နေ ထိုင်မှုကို ကန့်သတ်ရန်အတွက် အစီအစဉ်တစ်ခုကို ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယမန်နေ့က ထုတ်ပြန်ခဲ့ပြီး၊ ဥရောပရှိ ဆင်းရဲသောနိုင်ငံများမှာ လူများမှာ ချမ်းသာသော ဥရောပနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်ခြင်းအား တစ်ဖြည်းဖြည်း ကန့်သတ်ချင်သည်ဟု ပြောကြားခဲ့သည်။

     

    • အရှေ့တရုတ်ပင်လယ်အတွင်းရှိ နှစ်နိုင်ငံ အငြင်းပွားနေသာ ကျွန်း၏ လေပိုင်နက်အား တရုတ်နိုင်ငံက ၎င်း၏လေကြောင်း ကာကွယ်ရေးဇုန်အတွင်း ထည့်သွင်းသတ်မှတ်ခဲ့ပြီးနောက် ကြီးထွားလာသည့် အငြင်းပွားနေမှုများအတွက် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ထံမှ ထောက်ခံမှုကို ရရှိခဲ့သည်ဟု သိရသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျက်ဟေဂယ်က ဂျပန် ကာကွယ်ရေးဝန်ကြီးနှင့် ယမန်နေ့က ပြုလုပ်ခဲ့သည့် တယ်လီဖုန်းပြောဆိုမှုတွင် အမေရိကန်-ဂျပန် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာစာချုပ်က ထိုအငြင်းပွားနေသည့် ကျွန်းအတွက် အကျုံးဝင်သည်ဟု ပြောဆိုခဲ့သည်။

     

    • မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းများအရ ဗြိတိန်ရှိ ပြည်သူအချို့မှာ အကြွေးများ ဆိုးရွားစွာဖိစီးခံနေရသည်ဟု သိရသည်။ ဗြိတိန်အစိုးရ၏ ကျောထောက်နောက်ခံပြုမှုဖြင့် ငွေကြေးအကြံပေးအဖွဲ့ MAS က စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်ပြီး ဗြိတိန်လူဦးရေ၏ ၁၈ ရာခိုင်နှုန်းဖြစ်သည့် လူ ၈.၈ သန်းမှာ ငွေးရေးကြေးရေး အခက်အခဲများဖြင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

     

    • အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ဆွေးနွေးရာတွင် ထွက်ပေါ်ခဲ့သည့် သဘောတူညီချက်မှာ အရှေ့အလယ်ပိုင်းအခြေအနေအား တိုးတက်စေသည်ဟု ရှန်းဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO က ပြောကြားခဲ့သည်။ ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ထိုခြေလှမ်းက နိုင်ငံများအကြားတွင် ယုံကြည်မှုနှင့် နားလည်မှုများကို ပိုမိုခိုင်မာစေရန် အထောက်အကူပြုသည်ဟု ထည့်သွင်းဖော်ပြထားသည်။

     

    • ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် ထရပ်ကားအတွင်းသိမ်းဆည်းထား သော ဆေးခြောက်နှစ်တန်အား ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုဆေးခြောက်များမှာ ကိုလံဘီရာတော်လှမ်းရေးတပ် FARC မှ ပိုင်ဆိုင်သော ဆေးခြောက်များဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောဆိုထားပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။

     

    • Misty ဟု အမည်ပြောင်ပေးထားပြီး Diplodocus longus အမည်ရ အလျား ၅၅ ပေ အမြင့် ၁၉ ပေရှိသည့် ဒိုင်နိုင်ဆောအမ၏ အရိုးရုပ်ကြွင်းကို အင်္ဂလန်နိုင်ငံ တောင်ဘက်  West Sussex တွင် ယမန်နေ့က ပေါင် ၄ သိန်းဖြင့် လေလံတင်ရောင်းချခဲ့သည်ဟု သိရသည်။ အမည် မဖော်လိုသည့် အဖွဲ့အစည်းတစ်ခုမှ ၀ယ်ယူ သွားခဲ့ခြင်းဖြစ်ပြီး များပြည်သူအား ပြသသွားမည်ဟု လေလံတင်ရောင်းချသည့်အဖွဲ့က ပြောကြားခဲ့သည်။ ထိုဒိုင်နိုဆော ရုပ်ကြွင်းမှာ အချိုးအစားအားလုံးအား အကောင်းပကတိအတိုင်း တွေ့ရရန်ခက်ခဲ့ပြီး ယခုရုပ်ကြွင်း၏ အစိတ်အပိုင်းအားလုံးကို အမေရိကန်အနောက်ပိုင်း Wyoming ပြည်နယ်တွင်၂၀၀၉ ခုနှစ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

     

    • လူ ၅၄ ဦးသေဆုံးခဲ့ပြီး ၄၀ နီးပါး ဒဏ်ရာရရှိခဲ့သည့် Riga စူပါမားကတ်ပြိုကျပြီးနောက်ပိုင်း ထိုကိစ္စကို တာဝန်ယူသောအနေဖြင့် လတ်ဗီယား ၀န်ကြီးးချုပ် ဗာလ်ဒစ် ဒွမ်ဘရော့ဗ်စကီးက ရာထူးမှနှုတ်ထွက်သွားခဲ့သည်ဟုသိရသည်။ လတ်ဗီးယားသမိုင်းတွင် ၀န်ကြီးချုပ်အဖြစ် အရှည်ကြာဆုံးတာဝန်ထမ်းဆောင်ခဲ့သူ ဗာလ်ဒစ်၏ နှုတ်ထွက်မှုကို သမ္မတ အန်ဒရစ် ဘာဇင်ကလည်း လက်ခံခဲ့သည့်အတွက် လတ်ဗီယားအစိုးရမှာ ပြုတ်ကျသွားခဲ့ပြီဖြစ်သည်။

     

    • ဂျပန်နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်း၏ လေပိုင်နက်အား တရုတ်နိုင်ငံမှ လေကြောင်းဆိုင်ရာထိန်းချုပ်မှုကို ဆန်ကျင့်သောအားဖြင့် မိမိတို့၏ လေယာဉ်များအား ထိုကျွန်အနီးလေပိုင်နက်သို့ တရုတ်နိုင်ငံအား အကြောင်းကြားခြင်းမရှိဘဲ စေလွှတ်ထားသည်ဟု တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က ကြေညာလိုက်သည်။ တရုတ်နိုင်ငံက သတ်မှတ်ခဲ့သောလေကြောင်းကာကွယ်ရေးဇုန်အား ပြောင်းလဲပစ်ရန် တောင်ကိုရီးယားက ယနေ့တွင် တိုက်တွန်းခဲ့ သော်လည်း တရုတ်နိုင်ငံက လက်ခံခဲ့ခြင်းမရှိသောကြောင့် တောင်ကိုရီးယာနိုင်ငံကလည်း ထိုလေပိုင်နက်အတွင်းသို့ ၎င်းကိုပိုင် ဇုန်အား ချဲ့ထွင်သွားမည်ဟု ပြောကြားခဲ့သည်။
  • Muslim Youth Forum ဖြစ်မြောက်ရန် အုတ်မြစ်ချနိုင်ခဲ့သည့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ

    Muslim Youth Forum ဖြစ်မြောက်ရန် အုတ်မြစ်ချနိုင်ခဲ့သည့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ

    နိုဝင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    A.N.Lay

    DSCN5063

    ရန်ကုန်  ။       ။      မြန်မာနိုင်ငံရှိ မွတ်စလင်မ်လူငယ်များ အနေဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော အခန်းကဏ္ဍများတွင် ပိုမိုတက်ကြစွာ ပါဝင်နိုင်ကြစေရန် ရည်ရွယ်၍ Muslim Youth Form နှင့် မွတ်စလင်မ်လူငယ်များ ကိုယ်စားပြု အဖွဲ့အစည်းတစ်ရပ် ခိုင်မာစွာ ဖြစ်ပေါ်လာစေရေးအတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို မနေ့က နိုဝင်ဘာ ၂၇-ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

    အဆိုပါ အကြို ညှိနှိုင်းဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းရှိမြို့နယ်များ၊ ပဲခူး၊ တောင်ကြီး၊ မန္တလေးနှင့် အခြားမြို့နယ်များမှ စိတ်ပါဝင်စားသူ လူငယ် ၁၀၀-၀န်းကျင် တက်ရောက်ပါဝင်ခဲ့ကြပါတယ်။

    တက်ရောက်လာကြသူ လူငယ်များမှ မြို့နယ်အလိုက် မိမိတို့ကြုံတွေ့ရသည့် အခြေအနေများကို မျှဝေပြောကြားရင်း ရှေ့ဆက်လုပ်ဆောင်သင့်သည်များကို ဆွေးနွေးခဲ့ကြပြီး Muslim Youth Forum ဖြစ်မြောက်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူးတို့မှ ပါဝင်သော ကော်မတီ(ယာယီ)ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်းသိရပါတယ်။