News @ M-Media

Blog

  • ကိုဗစ်တတိယလှိုင်းကြောင့် ထိုင်းတွင် အနီရောင်ဇုန်များ ကြေငြာရပြီ

    ကိုဗစ်တတိယလှိုင်းကြောင့် ထိုင်းတွင် အနီရောင်ဇုန်များ ကြေငြာရပြီ

    ဧပြီ ၁၆၊ ၂၀၂၁
    M-Media

    -ကိုဗစ်ရောဂါ တတိယလှိုင်းကို ကြုံတွေ့နေရတာကြောင့် ဘန်ကောက်အပါအဝင် ပြည်နယ် ၁၇ ခုကို ထိုင်းနိုင်ငံက ဒီနေ့မှာ အနီရောင်ဇုန် ကြေငြာလိုက်ပါတယ်။

    အနီရောင်ဇုန် ကြေငြာထားတဲ့ ဒေသတွေမှာ လှုပ်ရှားသွားလာမှုကန့်သတ်တာ၊ ဆိုင်တွေကို အချိန်အကန့်အသတ်နဲ့ ဖွင့်ခိုင်းတာ၊ ​​ဖျော်ဖြေရေးလုပ်ငန်းတွေ ပိတ်ခိုင်းတာ စတဲ့ ကူးစက်မှုလျှော့ချရေး ဆောင်ရွက်ချက်တွေ လုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

    စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကိုလည်း ပိတ်ထားမှာ ဖြစ်ပါတယ်။ အနီရောင်ဇုန်ကြေငြာခြင်းခံရတဲ့ ဒေသတွေထဲမှာ ချင်းမိုင်နဲ့ ဖူးကတ်တို့လည်း ပါဝင်ပါတယ်။

    ဒီနေ့ ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်သူ အရေအတွက် ၁၅၈၂ ဦး ရှိခဲ့ပြီး၊ ၁၅၇၇ ဦးက ပြည်တွင်းမှာ ကူးစက်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အလွန်ကူးစက်မြန်တဲ့ အသွင်ပြောင်းကိုဗစ်ပိုးကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကူးစက်မှု သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။

    Ref: CNA

  • တိုင်းရင်းသားဒေသများကို ရုရှားလေယာဥ်များဖြင့် စစ်ကောင်စီက တိုက်ခိုက်နေ

    တိုင်းရင်းသားဒေသများကို ရုရှားလေယာဥ်များဖြင့် စစ်ကောင်စီက တိုက်ခိုက်နေ

    ဧပြီ ၁၆၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီက တိုင်းရင်းသားဒေသတွေမှာ လေကြောင်းကနေတိုက်ခိုက်မှု ပြုလုပ်ရာမှာ ရုရှားထံကရထားတဲ့ လေယာဥ်တွေကို အသုံးပြုနေတယ်လို့ မျက်မြင်တွေ့မြင်သူတွေ၊ ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့ ၃ ပတ်လောက်ကစပြီး စစ်ကောင်စီတပ်တွေဟာ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ တိုက်လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေနဲ့ တိုးမြှင့်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ နိုင်ငံတစ်၀ှမ်းက ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်သတ်ဖြတ်နေမှုကို တုန့်ပြန်တဲ့အနေနဲ့ KIA နဲ့ KNU တို့ဟာ သူတို့ထိန်းချုပ်ရာ ဒေသအနီးက စစ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီက အခုလို ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

    KNU ဒေသတွေကို စစ်တပ်က နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်း လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်တာပါ။ မတ်လ ၂၇ ရက်နေ့က တိုက်လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေနဲ့ ပထမဆုံး တိုက်ခိုက်ခဲ့တာလို့ KNU ထိပ်ပိုင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြည်သူတွေနေထိုင်တဲ့ ရွာတွေပေါ်ကို တိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးမှု အများအပြား ရှိခဲ့ပါတယ်။

    ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်က အဲဒီတိုက်ခိုက်မှုအတွင်း ဗုံး ၉ လုံးချခဲ့ကာ ရဟတ်ယာဥ်တွေမှာ တပ်ဆင်ထားတဲ့ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
    ရုရှားဆီကရတဲ့ တိုက်လေယာဥ်တွေကို စစ်တပ်က နောက်ဆုံးအသုံးပြုတာဟာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တိုက်ခိုက်တုန်းက ဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ရုရှားနဲ့ စစ်ရေးဆက်ဆံမှု ပိုမိုနီးကပ်အောင် လုပ်ဆောင်ခဲ့ပြီး စစ်တပ်က တရုတ်အပေါ် မှီခိုနေရမှု လျော့ချဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ စစ်တပ်ဟာ ရုရှားထံက MiG-29 တိုက်လေယာဥ် အစီး ၃၀၊ Mi-24 တိုက်လေယာဥ် ၁၀ စီး၊ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဥ် ၅ စီး ၀ယ်ယူထားခဲ့ပြီး၊ Sukhoi-30 တိုက်လေယာဥ် ၆ စီးကိုလည်း လက်ခံဖို့ စောင့်ဆိုင်းနေတယ်လို့ ဆွီဒင် တတ်သိပညာရှင်များအဖွဲ့ Stockholm International Peace Research Institute က ပြောပါတယ်။

    ရုရှားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ထားတဲ့ နိုင်ငံဖြစ်ပြီး ဆက်ဆံရေးနီးစပ်တာကြောင့် စစ်ကောင်စီဟာ ရုရှားထံကနေ သံတမန်ရေးနဲ့ စစ်ရေးအကူအညီ ပိုရလိမ့်မယ်လို့ နိုင်ငံတကာသံတမန်တွေက သုံးသပ်ပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ကလွဲပြီး တစ်ခြားတိုင်းရင်းသားတွေမှာ လေကြောင်းရန် ကာကွယ်ရေးစနစ် မရှိသေးဘဲ စစ်တပ်က လေကြောင်းကနေ အသာစီး ရယူထားတာကြောင့် တိုင်းရင်းသားတွေစုပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်ဖို့ နှောင့်နှေးနိုင်တယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသူတွေ သံတမန်တွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: Nikkei Asia

  • မြန်မာစစ်တပ်ပိုင်လုပ်ငန်းနှင့် ပူးပေါင်းမှုကို အဆုံးသတ်မည်ဟု တောင်ကိုရီးယားကုမ္ပဏီ POSCO က ထုတ်ပြန်

    မြန်မာစစ်တပ်ပိုင်လုပ်ငန်းနှင့် ပူးပေါင်းမှုကို အဆုံးသတ်မည်ဟု တောင်ကိုရီးယားကုမ္ပဏီ POSCO က ထုတ်ပြန်

    ဧပြီ ၁၆၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ခေါင်းဆောင်တွေ ချုပ်ကိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပူးပေါင်း​ဆောင်ရွက်နေမှုကိုကို ရပ်ဆိုင်းတော့မယ်လို့ တောင်ကိုရီးယား စတီးလ်ထုတ်လုပ်ရေးလုပ်ငန်း POSCO က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    POSCO Coated & Color Steel အမည်နဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို POSCO က ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး စစ်​တပ်ပိုင် စီးပွားရေးဦးပိုင်လိမိတက် MEHL က ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်တာပါ။

    စစ်တပ်ကုမ္ပဏီက ရယူထားတဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ဝယ်ယူဖို့ ကမ်းလှမ်းထားပြီး မြန်မာနိုင်ငံကလုပ်ငန်းကို မိမိတို့ကသာ အပြည့်အ၀လည်ပတ်ဖို့ စီစဉ်နေတယ်လို့ POSCO C&C ကုမ္ပဏီရဲ့ တာဝန်ရှိသူ မင်ဂျီဟွန်က ပြောပါတယ်။

    စစ်တပ်ဖက်ကတော့ ဒီကမ်းလှမ်းမှုအတွက် အကြောင်းမပြန်သေးဘူးလို့ သူက ဆိုပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ လုပ်ဆောင်နေတဲ့ စစ်တပ်ရဲ့ ငွေကြေးရရှိနေတဲ့ လုပ်ငန်းတွေကို နိုင်ငံတကာကုမ္ပဏီတွေက အဆက်အသွယ်ဖြတ်တောက်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းဆော်ဩနေကြတာပါ။

    POSCO ကုမ္ပဏီလည်း ဒီလို တိုက်တွန်းမှုမျိုးကို ရရှိခဲ့ပါတယ်။

    MEHL က သူတို့ရဲ့ကမ်းလှမ်းမှုးကို ငြင်းဆန်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လုပ်နိုင်ရေး တစ်ခြားနည်းလမ်းတွေ ရှာဖွေသွားမယ်လို့ မင်ဂျီဟွန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: AP