News @ M-Media

Blog

  • မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ် အာဆီယံခေါင်းဆောင်များနှင့် ဆွေးနွေးရန် ဂျကာတာသို့ သွားမည်

    မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ် အာဆီယံခေါင်းဆောင်များနှင့် ဆွေးနွေးရန် ဂျကာတာသို့ သွားမည်

    ဧပြီ ၂၁၊ ၂၀၂၁
    M-Media

    -မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေနဲ့ သီးခြား တွေ့ဆုံဆွေးနွေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာဟာ မနက်ဖြန်မှာ ဂျကာတာကို သွားရောက်မယ်လို့ သိရပါတယ်။

    ​အာဆီယံ အတွေးရေးမှူးရုံးရှိတဲ့ ဂျကာတာမှာ စနေနေ့ကျရင် အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံပြီး မြန်မာနိုင်ငံက ပြဿနာအတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီအစည်းအ​ဝေးကို စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း လူကိုယ်တိုင် တက်ရောက်မယ်လို့ သတင်းထွက်နေပါတယ်။

    ဘာဂီနာက ဒီ ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘဲ အာဆီယံအဖွဲ့ တာဝန်ရှိသူတွေနဲ့ သီးခြားစီ တွေ့ဆုံမှာဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဘရူးနိုင်းတို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ကုလသမဂ္ဂက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    ဂျကတာကို လာဖို့ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဖို့ ဘာဂီနာက တောင်းဆိုထားတယ်လို့လည်း Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။

    ဘာဂီနာဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ဒီမိုကရေစီ ပြန်လည်​ဖော်ဆောင်ရေး သက်ဆိုင်သူတွေနဲ့ ဆွေးနွေးဖို့အတွက် ပြီးခဲ့တဲ့ ၂ ပတ်ကတည်းက ထိုင်းနိုင်ငံကို ရောက်ရှိနေတာပါ။ စစ်ကောင်စီခေါင်းဆောင်တွေနဲ့ စကားပြောခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

    Ref : Reuters

  • အင်ဒိုနီးရှားရေငုပ်သင်္ဘောတစ်စီး တော်ပီဒိုပစ် လေ့ကျင့်ခန်းအပြီး ပျောက်ဆုံးနေ

    အင်ဒိုနီးရှားရေငုပ်သင်္ဘောတစ်စီး တော်ပီဒိုပစ် လေ့ကျင့်ခန်းအပြီး ပျောက်ဆုံးနေ

    မတ် ၂၁၊ ၂၀၂၁
    M-Media

    -တပ်ဖွဲ့ဝင် ၅၃ ဦး လိုက်ပါသွားတဲ့ ရေငုပ်သင်္ဘောတစ်စီး ပျောက်ဆုံးနေပြီး ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ အင်ဒိုနီးရှား စစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။

    KRI Nanggala 402 ရေငုပ်သင်္ဘောဖြစ်ပြီး မြောက်ပိုင်း ဘာလီကျွန်းနားက ပင်လယ်ပြင်မှာ တော်ပီဒိုပစ် လေ့ကျင့်ခန်းလုပ်ပြီးနောက် လေ့ကျင့်မှုရလဒ်ကို တင်ပြလာခြင်းမရှိတော့ဘဲ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ နောက်ဆုံး အဆက်အသွယ်ရတာက ဒီနေ့မနက် ၄ နာရီမှာ ဖြစ်ပါတယ်။

    အင်ဒိုစစ်တပ်အကြီးအကဲ ဟာဒီ တီဂျာဂျန်တို့က လက်ရှိ ဘာလီရေပြင်မှာ ရေငုပ်သင်္ဘောကို ရှာဖွေနေပြီး ဩစတေးလျနဲ့ စင်ကာပူတို့ထံကနေ အကူအညီ တောင်းခံထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပျောက်ဆုံးသွားတဲ့ KRI Nanggala 402 ရေငုပ်သင်္ဘောဟာ ၁၉၈၁ ခုနှစ်က ဂျာမနီမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားမှာ ၂ နှစ် ပြုပြင်ပြီးနောက် ၂၀၁၂ ခုနှစ်မှာ အင်ဒိုရေတပ်က အသုံးပြုခဲ့တာပါ။

    အရင်က အင်ဒိုနီးရှားရေတပ်မှာ ရေငုပ်သင်္ဘော ၁၂ စင်း ရှိခဲ့ပြီး ကျွန်းတွေများတဲ့ နိုင်ငံရေပိုင်နက်ကို စောင့်ကြပ်ဖို့ ဆိုဗီယက်ပြည်ထောင်စုကနေ ဝယ်ယူထားတာ ဖြစ်ပါတယ်။

    ဒါပေမယ့် အခုအချိန်မှာတော့ ဂျာမနီထုတ် Type 209 ရေငုပ်သင်္ဘော နှစ်စီး၊ တောင်ကိုရီးယားထုတ် မော်ဒယ်ပိုမြင့်တဲ့ ရေငုပ်သင်္ဘော ၃ စီး စုစုပေါင်း ၅ စီးသာ ရှိပါတော့တယ်။

    Ref: Reuters

  • ဖေဖော်ဝါရီလအတွင်း ရုရှားထံမှ ဒေါ်လာ ၁၄ သန်းတန် ရေဒါကို စစ်ကောင်စီ ရယူခဲ့

    ဖေဖော်ဝါရီလအတွင်း ရုရှားထံမှ ဒေါ်လာ ၁၄ သန်းတန် ရေဒါကို စစ်ကောင်စီ ရယူခဲ့

    ဧပြီ ၂၁၊ ၂၀၂၁
    M-Media

    မြေပြင်ကဝေဟင်ပစ် ဒုံးကျည်စနစ် Pantsir-S1)

    -အာဏာသိမ်းစစ်ကောင်စီဟာ ဖေဖော်ဝါရီလအတွင်းက ရုရှားထံကနေ ရေဒါပစ္စည်းတွေ ရယူခဲ့တယ်လို့ သိရပါတယ်။

    အာဏာမသိမ်းခင် ပြီးခဲ့တဲ့ဇန်နဝါရီလ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်အတွင်း မြေပြင်ကဝေဟင်ပစ် ဒုံးကျည်စနစ် Pantsir-S1၊ ထောက်လှမ်းရေးဒရုန်း Orlan-10E နဲ့ ရေဒါပစ္စည်းတွေ ရောင်းချဖို့ သဘောတူခဲ့တာပါ။

    ဖေဖော်ဝါရီလက မြန်မာနိုင်ငံကိုရောက်လာတဲ့ ဒေါ်လာ ၁၄.၇ သန်းတန် ရေဒါပစ္စည်းတွေဟာ ဒီရောင်းချမှုက တစ်စိတ်တစ်ပိုင်းလားဆိုတာ တိတိကျကျ မသိရပါဘူး။

    ဒီကိစ္စအတွက် မေးမြန်းမှုကို ရုရှားအကောက်အခွန်ဌာန FCS က မဖြေခဲ့ဘူးလို့ The Moscow Times က ဖော်ပြပါတယ်။

    အာဏာသိမ်းမှုကြောင့် နိုင်ငံတကာက ဖယ်ကျဉ်ခံလာရတဲ့ မြန်မာစစ်တပ်ကို ထောက်ပံ့မှုတိုးမြှင့်ဖို့ ရုရှားက ဆောင်ရွက်နေတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့မတ်လ ၂၇ ရက်နေ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့အခမ်းအနားကို ရုရှာ ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါး ဖိုမင် တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း မြန်မာစစ်တပ်ဟာ ရုရှားကနေ ကန်ဒေါ်လာ ၈၀၇ သန်းဖိုး လက်နက်တွေ ဝယ်ယူခဲ့ပြီး တရုတ်ထံကပြီးရင် ဒုတိယအများဆုံး ဝယ်ယူမှုဖြစ်တယ်လို့ ၂၀၁၉ ခုနှစ် Stockholm International Peace Research Institute က ထုတ်ပြန်ခဲ့ပါတယ်။

    ဒီဇင်ဘာလတုန်းကလည်း ရုရှားဟာ ‘လျှို့ဝှက်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ကန်ဒေါ်လာ ၉၆ သန်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို မြန်မာစစ်တပ်ဆီ တင်ပို့ခဲ့ပါတယ်။ စစ်လက်နက်ပစ္စည်းတွေကို ရုရှားက ‘လျှို့ဝှက်’ ဆိုပြီး တံဆိပ်တပ်ထားလေ့ ရှိပါတယ်။

    Ref: The Moscow Times

  • ကြားမ၀င်ရေးမူ၀ါကိုကိုင်၍ မြန်မာ့အရေးကို လစ်လျူမရှုသင့်ဟု အာဆီယံကို ဘန်ကီမွန်ပြော

    ကြားမ၀င်ရေးမူ၀ါကိုကိုင်၍ မြန်မာ့အရေးကို လစ်လျူမရှုသင့်ဟု အာဆီယံကို ဘန်ကီမွန်ပြော

    ဧပြီ ၂၀၊ ၂၀၂၁
    M-Media

    -လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာကို မဖြေရှင်းတဲ့အပေါ် အဖွဲ့ရဲ့ ကြား၀င်မစွက်ရေး မူ၀ါဒနဲ့ ကာကွယ်ဆင်ခြေပေးတာမျိုး မလုပ်သင့်ဘူးလို့ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်က တိုက်တွန်းလိုက်ပါတယ်။
    မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဧပြီလ ၂၄ ရက်နေ့ကျရင် အာဆီယံက ထိပ်သီးအစည်းအ၀ေး ကျင်းပပြုလုပ်မှာပါ။ ဒီပွဲကို အာဏာသိမ်းစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အွန်လိုင်းကနေ တက်ရောက်ဖို့ ရှိနေပါတယ်။
    ဘန်ကီမွန်က ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် တားဆီးဆောင်ရွက်မှု မရှိတာကို ကြား၀င်မစွက်ရေး မူ၀ါဒဗန်းပြပြီး အာဆီယံက ဆင်ခြေမပေးသင့်ဘူးလို့ လုံခြုံရေးကောင်စီ အစည်းအ၀ေးမှာ ပြောကြားခဲ့ပါတယ်။
    “မြန်မာနိုင်ငံကအခြေအနေကို ဒေသတွင်းကဦးဆောင်ပြီး ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ရာမှာ စည်းလုံးညီညွတ်ဖို့နဲ့ အရေးယူတာမျိုးရှိဖို့ လိုအပ်ပါတယ်။ အလွန်ဆိုးရွားနေတဲ့ လက်ရှိအခြေအနေကို ပြည်တွင်းရေးအဖြစ် မှတ်ယူလို့ မရဘူးဆိုတာ မြန်မာစစ်တပ်ကို အာဆီယံက ရှင်းရှင်းလင်းလင်း ပြောကိုပြောရပါမယ်”
    မြန်မာနိုင်ငံကို လာရောက်ဖို့ မကြာသေးခင်က တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ခွင့်မပြုခဲ့ဘူးလို့လည်း ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ သွေးချောင်းစီးမှုတွေ ချက်ခြင်းရပ်တန့်ရေး၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီကို ဘန်ကီမွန်က တိုက်တွန်းခဲ့သလို ကုလအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်ကို စစ်ကောင်စီနဲ့ ဆွေးနွေးဖို့လည်း ဆော်သြခဲ့ပါတယ်။
    Ref: Nikkei Asia

  • အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်က မြန်မာနိုင်ငံမှ ဓာတ်သတ္ထုထုတ်ယူမှု ၂ ဆ နီးပါး မြင့်တက်လာ

    အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်က မြန်မာနိုင်ငံမှ ဓာတ်သတ္ထုထုတ်ယူမှု ၂ ဆ နီးပါး မြင့်တက်လာ

    ဧပြီ ၂၁၊ ၂၀၂၁
    M-Media

    မြန်မာနိုင်ငံမှ မြေရှားသတ္ထု တူးဖော်မှုမြင်ကွင်း

    -ဖေဖော်၀ါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက ကြေးနီအပါအ၀င် ဓာတ်သတ္ထုတွေ တရုတ်ဖက်ကို တူးဖော်တင်ပို့မှုဟာ လအလိုက် ၂ ဆအထိ မြင့်တက်လာတယ်လို့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

    မတ်လအတွင်း သန့်စင်ပြီးကြေးနီ ၁၁၀၀၁ တန် တရုတ်ဖက်ကို တင်ပို့ခဲ့ပြီး ဖေဖော်၀ါရီလကထက်စာရင် ၁၂၀ ရာခိုင်နှုန်း မြင့်တက်လာကာ ပြီးခဲ့တဲ့နှစ် မတ်လက တင်ပို့မှုနဲ့ ယှဥ်ကြည့်ရင် ၃၇.၆ ရာခိုင်နှုန်း တက်လာတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံက ကြေးနီစီမံကိန်းနှစ်ခုကို တရုတ်အစိုးရပိုင် Wanbao Mining ကုမ္ပဏီက မြန်မာစစ်တပ်ပိုင် ဧရာမစီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက် (MEHL) နဲ့ ပူးပေါင်းလုပ်ကိုင်တာဖြစ်ပါတယ်။ အဲဒီအထဲက လက်ပံတောင်း ကြေးနီစီမံကိန်းကို လတ်တလော မငြိမ်မသက်မှုတွကြောင့် ရပ်ဆိုင်းထားတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းစာ China Daily က ဖော်ပြပါတယ်။

    မတ်လအတွင်း သံဖြူထုတ်လုပ်တဲ့ ဓာတ်သတ္ထုကုန်ကြမ်း မြန်မာနိုင်ငံကနေ တရုတ်ကိုတင်ပို့မှုဟာ ၁၈၁၆၃ တန် ရှိခဲ့ပြီး ဖေဖော်၀ါရီလကထက် ၁၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာ့စျေးကွက်မှာ တန်ဖိုးမြင့်တဲ့ မြေရှားသတ္ထု တင်ပို့မှုက မတ်လမှာ ၂၄၁၄ တန် ရှိခဲ့ပြီး ဖေဖော်၀ါရီလကထက် ၅၅.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

    တရုတ်နိုင်ငံက လိုအပ်တဲ့ မြေရှားသတ္ထုပမာဏရဲ့ ထက်၀က်လောက်ကို မြန်မာနိုင်ငံကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။ မတ်လမှာ ပို့ဆောင်မှုအခက်အခဲ ရှိခဲ့တယ်လို့ တရုတ်ကွန်မြူနစ်ပါတီ အာဘော်သတင်းစာ Global Times က ဖော်ပြခဲ့ပေမယ့် တကယ့်လက်တွေ့မှာ ဒီလို မဟုတ်ဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

    စတီးထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ် အသုံးပြုတဲ့ Nickel Pig Iron (NPI) တရုတ်နိုင်ငံကို တင်ပို့မှုဟာ မတ်လက ၂၉၈ တန် ရှိခဲ့ပြီး ဖေဖော်၀ါရီလနဲ့ယှဥ်ရင် ၉၀ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

    တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Nonferrous Metal Mining Group နဲ့ Taiyuan Iron & Steel (Tisco) တို့ဟာ မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ တကောင်းတောင် နီကယ်စီမံကိန်းကို လုပ်ကိုင်နေပြီး တစ်နှစ်ကို NPI ၈၅၀၀၀ လောက် ထုတ်ယူနေတာ ဖြစ်ပါတယ်။

    Ref: Reuters