News @ M-Media
Blog
  • ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းတွငိ ၁၅ ထပ်အထပ်မြင့်ကား ပါကင်ဆောက်လုပ်
    နိုဝင်ဘာ-၂၄ ၂၀၁၃
    M-Media
    သီရိ
    Yangon-Traffic-580x386
    ရန်ကုန်။           ။ရန်ကုန်မြို့တော်တွင် ယာဉ်အစီးရေ တိုးပွားလာမှုနှင့် အတူ ယာဉ်ရပ်နားနိုင်သည့်နေရာ မရှိသည့်အတွက် ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပေါ်လျက် ရှိပါသည်။
    ထိုသို့ ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ကားပါကင်များ ဆောက်လုပ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးမှ ရည်ရွယ်ခဲ့ရာ ယခုပထမဆုံး အနေဖြင့် ၁၅ ထပ်အမြင့်ရှိ ကားပါကင်အား ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းတွင် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု သိရပါသည်။
    ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်မြေ အကျယ်အ၀န်း ပေ ၃၀× ပေ ၅၀ ရှိ မြေကွက်တွင်ဆောက်လုပ်သွားရန် စီစဉ်နေပြီး တစ်ထပ်လျှင် ကားရှစ်စီးမှ ၁၀ စီးခန့်အထိ ရပ်နားနိုင်မည်ဖြစ်ကာ စုစုပေါင်း ၁၅ ထပ်အတွက် ကားအစီးရေ ၁၀၀ ကျော်ရပ်နားနိုင်မည်ဖြစ်သည်၊ ယင်းသို့ရပ်နားခြင်းအတွက် ယာဉ်ရပ်နားခ ကောက်ခံမည်ဖြစ်ကြောင်း သိရပါသည်။
    ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်၍ အထပ်မြင့်ကားပါကင်များကို ဆောက်လုပ်ရန် ပြည်ပ လုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက စက်တင်ဘာလက ပြောကြားခဲ့ပါသည်။
  • အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့ ကျင်းပ
    နိုဝင်ဘာ ၂၄-၂၀၁၃
    M-Media
    သီရိ
    DSC01322a
    ရန်ကုန်။ ။ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (Elimination of Violence Against Women Day) ကို ဂုဏ်ပြုသောအားဖြင့် ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် နေ့လည် ၃ နာရီမှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
    အခမ်းနားကို “လွတ်လပ်ခြင်း နဲ့ ဖဲကြိုးဖြူ” သီချင်းဖြင့် ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဦးစီးမှုး၊ လူမှုဝန်ထန်းဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် ၁၆ ရက်တာကာလ လှုပ်ရှားမှုကိုတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြောကြားခဲ့ပါသည်။အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုသည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သော နိုဝင်ဘာလ ၂၅ ရက်နေ့မှစတင်ပြီး လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာ ၁၀ ရက်နေ့ထိဖြစ်ကြောင်း ၄င်းကရှင်းလင်းပြောကြားခဲ့သည်။
    ယင်းအခမ်းအနားသည် မြန်မာပြည်တွင် ဒုတိယအကြိမ်မြောက် ကျင်းပသော အခမ်းအနားဖြစ်ပြီး ပထမအကြိမ်ကို ၂၀၁၂ ခုနှစ်က ကန်တော်ကြီး အမျိုးသားဥယျာဉ်တွင် ကျင်းပခဲ့ကြောင်းလည်း သိရပါသည်။
    ထိုပွဲတွင် ပဟေဠိ အမေးအဖြေ၊ သံချပ်၊ ပြဇာတ်၊ တေးသရုပ်ဖော် စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
  • နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်အား နှစ်ကုန်ပိုင်းတွင် မြန်မာ အစိုးရ ပြန်လွှတ်ပေးမည်
    နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်အား နှစ်ကုန်ပိုင်းတွင် မြန်မာ အစိုးရ ပြန်လွှတ်ပေးမည်
    နိုဝင်ဘာ-၂၄ ၂၀၁၃
    M-Media
    မြန်မာအစိုးရအနေဖြင့် အကျဉ်းထောင်းအတွင်း ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများအား အသေးစိတ် စစ်ဆေးမှုများပြုလုပ်နေပြီး ယခုနှစ်ကုန်ပိုင်းနှင့် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်လွှတ်ပေးမည်ဟု နိုင်ငံပိုင်မီဒီယာများက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
    ထိုကဲ့သို့ အကျဉ်းသားများအား လွှတ်ပေးမည့်အစီအစဉ်ကို အစိုးရ၏ နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေးကော်မတီမှ ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
    နိုဝင်ဘာ ၁၅ ရက်နေ့က သမ္မဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား ၆၉ ဦးအား လွှတ်ပေးခဲ့သည်။ ထိုကဲ့သို့လွှတ်ပေးမှုမှာ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား အားလုံးအား လွှတ်ပေးမည်ဟူသည့် သမ္မတဦးသိန်းစိန်၏ ကတိက၀တ်အား အကောင်အထည်ဖော်သည့် အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။
    မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့က အရပ်သား အစိုးရ တာဝန်ယူပြီးနောက်ပိုင်း လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ ယခုအချိန်အထိ ၂၉၈၂၀ ဦးရှိပြီဖြစ်သည်။
    Ref: ဆင်ဟွာ
  • နိုဝင်ဘာ၂၄-နိုင်ငံတကာသတင်း စုစည်းမှု
    နိုဝင်ဘာ၂၄-နိုင်ငံတကာသတင်း စုစည်းမှု
    နိုဝင်ဘာ-၂၄ ၂၀၁၃
    M-Media
    UN_Climate_Talks_Reuters_360
    – ကမ္ဘာကြီးပူနွေးလာမှုအား လျှော့ချရန် အစီအစဉ်များအား ၂၀၁၅ ခုနှစ်ပြုလုပ်ရန် အတွက် သဘောတူညီချက်ကို ၀ါဆောတွင်ပြုလုပ်နေသည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲတွင် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် စီးပွားရေး လျင်မြန်စွာ တိုးတက်နေသည့် နိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၂၀၀ ကျော်က ယမန်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။ ထိုကဲ့သို့ သဘောတူညီမှုများရရှိရန် အကြိတ်အနယ် ဆွေးနွေးခဲ့ကြရပြီး ဆွေးနွေးပွဲနောက်ဆုံး အချိန်တွင်မှ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
    – ယခုနှစ်အတွင်း အဆိုးဝါးဆုံး တိုင်ဖုန်းမုန်တိုင်း ဟိုင်ယန်ဒဏ်ခံစားရသည့် ဖိလစ်ပိုင်နိုင်ငံ ဒေသများတွင် ရေနှင့် အစားအသောက် မလုံလောက်မှုကြောင့် ကလေးငယ် ၁.၅ သန်းမှာ အာဟာရပြတ်လတ်မှုနှင့် တွေ့ကြုံနေရသည်ဟု ကုလသမဂ္ဂက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် မုန်းတိုင်းဒဏ်ခံ ဒေသပြန်လည်ထူထောင်ရေး အတွက် နိုင်ငံတကာမှ အလှူငွေများ ပိုမိုထည့်ဝင်ရန်လည်း တိုက်တွန်းခဲ့သည်။
    – အန်ဂိုလာ နိုင်ငံတွင် အစိုးရမှ အတိုက်အခံပါတီမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦးအား သတ်ပစ်ခဲ့သည်ဟု စွပ်စွဲကာ ထိုကိစ္စအား မကျေနပ်ကြသည့် ထောင်ပေါင်း များစွာသော အတိုက်အခံအားပေးသူများ၏ ဆန္ဒပြမှုများအား အန်ဂိုလာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ ပစ်ကာ လူစုခွဲခဲ့ပြီး၊ သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အတိုက်အခံ MPLA မှ Isaias Cassule နှင့် Antonio Alves Camulingui တို့မှာ လုပ်ခလစာများ တိုးမြှင့်ပေးရန် ၂၀၁၂ မေလက ဆန္ဒပြစဉ်ကတည်းက ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့သည့် သီတင်းပတ်က သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု ဆန္ဒပြသူများက ပြောကြားခဲ့သည်။
    – ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကိစ္စအတွက် အဖြေရှာရန် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီမှာ ဗြိတိန်၊ ဆီးရီးယား၊ အီရန်နှင့် လစ်ဗျားနိုင်ငံများသို့ သွားရောက်မည်ဟု အမေရိကန်အစိုးရက ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံစဉ်အတွင်း အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ကိစ္စအတွက်လည်း ဆွေးနွေးမည်ဟု သိရသည်။
    – အမေရိကန်အနေဖြင့် နယ်သာလန်နိုင်ငံအား ၁၉၄၆ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ လျှိုက်ဝှက်ထောက်လှမ်းခဲ့သည်ဟု အမေရိကန် အမျိုးသားထောက်လှမ်းရေး အေဂျင်စီမှ ၀န်ထမ်းဟောင်း အက်ဒ၀ပ် စနိုးဒင်၏ ဖွင့်ချမှုအား ကိုးကား၍ နယ်သာလန်သတင်းစာ Dutch NRC တွင် ယမန်နေ့က ဖော်ပြခဲ့သည်။ သို့ရာတွင် ၁၉၆၈ ခုနှစ်နောက်ပိုင်း ထောက်လှမ်းမှုအား ရပ်တန့်ခဲ့ခြင်း ရှိ/မရှိကိုမူ အသေးစိတ် မသိရှိကြောင်း ဖော်ပြခဲ့သည်။
    – ပါကစ္စတန်ပိုင်နက်အတွင်း အမေရိကန်မှ ပြုလုပ်နေသော ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုအား ဆန့်ကျင့်သည့်အနေဖြင့် အာဖဂန်နစ္စတန်ရှိ နေတိုးတပ်များအတွက် အထောက်အပံ့ ပစ္စည်းပေးပို့သည့် လမ်းကြောင်းအား ပါကစ္စတန်နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ထောင်ပေါင်းများစွာက ယမန်နေ့တွင် ဆန္ဒပြပိတ်ဆို့လိုက်သည်။ ထိုဆန္ဒပြပွဲမတိုင်မီ ပါကစ္စတန်ကလည်း နှစ်နိုင်ငံနယ်စပ်အား ပိတ်ထားခဲ့သည်ဟု သိရသည်။
    -အိန္ဒိယနိုင်ငံသည် နျူကလီးယားထိပ်ဖူး တပ်ဆင် ပစ်လွှတ်နိုင်သော Dhanush အမည်ရှိ ဒုံကျည်အား နိုင်ငံအရှေ့ပိုင်း အိုရစ်စာပြည်နယ်ရှိ ဘင်္ဂလား ပင်လယ်အော်တွင် ရေတပ်သင်္ဘောမှ ယမန်နေ့တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်ဟုသိရသည်။ အိန္ဒိယရေတပ် စစ်ရေးလေ့ကျင့်ခန်းတွင် ထည့်သွင်းစမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ထိုဒုံးကျည်မှာ ကီလိုမီတာ ၃၅၀ ကီလိုမီတာ အကွာအဝေးအထိ ရောက်ရှိနိုင်သည်။
    – တိုင်းပြည်အတွင်း မတည်မငြိမ်ဖြစ်စေရန် အဖွဲ့အစည်းတစ်ခုအား အားပေးထောက်ပံ့နေသည်ဟု စွပ်စွဲကာ တူရကီသံအမတ် ဟူစိန် အဗ်နီ ဘော့ဆာလီအား အီဂျစ်နိုင်ငံက မောင်းထုတ်လိုက်သည်ဟု သိရသည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော သမ္မတမော်စီအား ဖြုတ်ချမှုမှာ လက်မခံနိုင်သော လုပ်ရပ်ဖြစ်သည့်ဟု တူရကီသမ္မတ ရီစက်ပ် တိုင်ယစ်ပ် အာရ်ဒိုဂန်မှ မကြာသေးမီက ဝေဖန်ပြောဆိုခဲ့ပြီးနောက်ပိုင်း အီဂျစ်ဘက်မှ ထိုကဲ့သို့ပြုလုပ်လိုက်ခြင်းဖြစ်သည်။
    – လက်နက်များဖျက်ဆီးရန် နောက်ဆုံးရက်မှာ နီးကပ်လာသည့်အချိန်တွင် ဆီးရီးယားနိုင်ငံရှိ ဓာတ်လက်နက်များအား ပင်လယ်ပြင်တွင် ဖျက်ဆီးခြင်းမှာ လွယ်ကူ၍ စိတ်ချရသောနည်းလမ်းဖြစ်သည်ဟု ဓာတုလက်နက် ဖျက်သိမ်းရေးအဖွဲ့မှ ပြောကြားခဲ့သည်။ ဆီးရီးယားနိုင်ငံတွင် ဓာတုလက်နက် ၇၉၈ တန်နှင့် ဓာတုလက်နက် ထုတ်လုပ်ရေးလုပ်ငန်းမှ ထွက်လာသော ရေဆိုး လီတာ ၇.၇ သန်းဖျက်ဆီးရန် ရှိနေသည်။
    – ဂျပန်နိုင်ငံနှင့် ပိုက်နက်အငြင်းပွားနေသည့် ကျွန်းရှိ လေပိုင်နက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ ပြုလုပ်မည့် ဥပဒေအသစ်အား အမေရိကန်က ဝေဖန်ပြောကြားလိုက်ပြီး ဒေသအတွင်း မတည်ငြိမ်အောင်ပြုလုပ်သော ကြိုးပမ်းမှုတစ်ခုအဖြစ် မှတ်ချက်ပေးခဲ့သည်။ တရုတ်နိုင်ငံက ‘တရုတ်အရှေ့ပိုင်းလေကြောင်းရန်ကာကွယ်ရေးဇုန်’အဖြစ် ဇုန်တစ်ခုသတ်မှတ်ရန်ရှိနေပြီး ထိုဇုန်အတွင်း ဂျပန်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်း၏ လေကြောင်းနယ်ပယ်အများစု ပါဝင်မည်ဖြစ်သည်။
  • နိုဝင်ဘာ-၂၄ အားကစားသတင်း စုစည်းမှု
    နိုဝင်ဘာ-၂၄ အားကစားသတင်း စုစည်းမှု
    နိုဝင်ဘာ-၂၄ ၂၀၁၃
    M-Media
    – အသင်းနောက်ခံလူ လေတန်ဘိန်း၏ဒဏ်ရာနှင့် ပတ်သက်၍ အဲဗာတန်အသင်း၏ နည်းပြဖြစ်သူ မာတီနက်ဇက်က စိုးရိမ်နေသည်ဟု သိရသည်။ လေတန်ဘိန်းမှာ ယမန်နေ့က လီဗာပူးလ်အသင်းကစားခဲ့သည့် မာဆေးဆိုဒ်ဒါဘီ ပွဲတွင် ခြေချောင်းဒဏ်ရာရရှိခဲ့ပြီး မိနစ် ၅၀ တွင် လူစားလဲခဲ့ရကာ ဒဏ်ရာအခြေအနေသိရရန်အတွက် ဓာတ်မှန်ရိုက်ရန် လိုအပ်နေသည်။
    – နော်ဝစ်ခ်ျအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် တိုက်စစ်မှူး ရီမီမှာ အသင်းအတွက် ၁ ဂိုး သွင်းယူပေးခဲ့ပြီး ခြေစွမ်းပြခဲ့သော်လည်း ၎င်း၏ အကောင်းဆုံးပုံစံ သို့မရောက်သေးဟု နယူးကာဆယ်အသင်း၏ နည်းပြဖြစ်သူ အလန်ပါဂျူးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။ ရီမီမှာ ၎င်းပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ယခုနှစ်တွင် နယူးကာဆယ်အသင်းအတွက် သွင်းယူပေးသောဂိုးမှာ ၈ ဂိုးအထိ ရှိလာပြီဖြစ်သည်။
    – ယမန်နှစ် Ballon d’Or ဆုရှင်ဖြစ်ပြီး ယခုနှစ် ဇကာတင်စာရင်းတွင်လည်းပါဝင်နေသည့် ဘာစီလိုနာအသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီက အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်၊ ဘိုင်ယန်မြူးနစ် အလယ်တန်းလူ ရော်ဘင်နှင့် မန်ယူတိုက်စစ်မှူး ဗန်ပါစီတို့အား အားကျ နှစ်သက်မိသည်ဟု ပြောဆိုလိုက်သည်။ မက်ဆီမှာ တံကောက်ကြော ဒဏ်ရာကြောင့် လာမည့် ဇန်န၀ါရီလအထိ အနားရယူမည်ဖြစ်ပြီး Ballon d’Or ဆုနှင့် လွဲချော်ဖွယ်ရှိနေသည်။
    – အလ်မာရီယာအား ၅ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော ပွဲတွင် တိုက်စစ်နှင့်ခံစစ် ဟန်ချက်ညီအောင် ခြေစွမ်းပြသခဲ့သည့် အီလ်ရာမန်ဒီနှင့် ဇာဗီယာအလွန်ဆိုတို့အား ချီးကျူးလိုက်ပြီး၊ အသင်း၏ လူငယ်ကစားသမားများမှာ တိုးတက်လာသည်ဟု ယုံကြည်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ အန်ဆယ်လော့တီက ယမန်နေ့ည ပွဲအပြီးတွင် ပြောဆိုလိုက်သည်။
    – အေစီမီလန်အသင်းအနေဖြင့် ရာသီကုန်လျှင် စီးရီးအေ တတိယနေရာတွင် ရပ်တည်နိုင်လိ့မ်မည်ဟု အသင်း၏ ဂိုးသမားဖြစ်သူ ခရစ်ရှန် အဘီယက်တီက ပြောကြားလိုက်သည်။ အေစီမီလန်အသင်းမှာ ယခုနှစ်ရာသီအစတွင် ရလဒ်များ ဆိုးရွားနေရာ ၁၂ ပွဲကစားပြီး ၁၃ မှတ်သာရရှိထားကာ အဆင့် ၁၀ နေရာတွင်ရှိနေသည်။
    – ဂျူဗင်တပ်စ်အသင်း၏ နည်းပြဖြစ်သူ အန်တိုနီယိုကွန်တီက အသင်းရှိလူငယ်တိုက်စစ်မှူး ပေါလ်ပေါ့ဂ်ဘာ၏ အပြုအမူနှင့် စွမ်းဆောင်ရည်ကို  ချီးကျူးလိုက်ပြီး၊ လူငယ်ကစားသမားကောင်း တစ်ဦးဖြစ်သည်ဟု ပြောဆိုခဲ့သည်။
    – နိုင်ငံ့လက်ရွေးစင်အသင်းနှင့် နိုင်ငံအတွင်းရှိ ကလပ်အသင်းများ၏ ဂုဏ်သိက္ခာပိုမိုတိုးတက်လာရန်အတွက် အီတလီဘောလုံးလောကအား ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် အီတလီလက်ရွေးစင် အသင်းနည်းပြဖြစ်သူ ပရန်ဒယ်လီက တိုက်တွန်းလိုက်သည်။ ထို့ပြင် ပရန်ဒယ်လီက လူငယ်ဘောလုံးကစားသမားများ ဖွံ့ဖြိုးရေးအတွက်လည်း အာရုံစိုက်လုပ်ဆောင်ရန်နှင့် အီတလီလက်ရွေးစင်အသင်းနှင့် အီတလီကလပ်အသင်းများ၏ ကမ္ဘာ့ဘောလုံးလောကနှင့် ဥရောပဘောလုံးလောကတွင် ကျဆုံးမှုများအား ထောက်ပြပြောဆိုခဲ့သည်။
    အာဆင်နယ်၊ ချယ်ဆီးတို့အနိုင်ရပြီး လီဗာပူးလ်သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ စနေနေ့ည ပွဲစဉ်များ
    ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အဖြစ် ယမန်နေ့ညက ၇ ပွဲကစားခဲ့ရာ ဇယားထိပ်ဆုံးမှ အာဆင်နယ်မှာ အိမ်ကွင်းတွင် အမှားမယွင်းမရှိ ၃ မှတ်ရယူနိုင်ခဲ့ပြီး၊ မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာလည်း အဝေးကွင်းတွင် ပြိုင်ဘက်အား ဂိုးပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။ မာဆေးဆိုဒ် ဒါဘီဖြစ်သည့် အဲဗာတန်နှင့် လီဗာပူးတို့ပွဲမှာ သရေကျခဲ့ပြီး၊ နယူးကာဆယ်၊ စတုတ်၊ ခရစ္စတယ်ပဲလေ့စ်နှင့် ဆွမ်ဆီးတို့မှာ အသီးအသီးအနိုင်ရရှိခဲ့ကြသည်။
    1461173_582979385091284_2077330224_n
    အဲဗာတန် ၃-၃ လီဗာပူးလ်
    အာဆင်နယ် ၂-၀ ဆောက်သမ်တမ်
    ဖူလ်ဟမ် ၁ – ၂ ဆွမ်ဆီး
    ဟားလ်စီးတီး ၀-၁ ခရစ္စတယ်ပဲလေ့စ်
    နယူးကာဆယ် ၂-၁ နော်ဝစ်ခ်ျ
    စတုတ် ၂ – ၀ ဆန်ဒါလန်း
    အဲဗာတန် ၃-၃ လီဗာပူးလ်
    မြို့ခံပြိုင်ဘက်နှစ်သင်း ဖြစ်သည့်အတွက် ယခုပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး စတားရစ်ခ်ျ၏ နောက်ကျဂိုးကြောင့် လီဗာပူးလ်တို့ သရေ တစ်မှတ်ရရှိခဲ့ခြင်းဖြစ်သည်။
    ပထမပိုင်းပွဲအစတွင်ပင် မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပြီး လီဗာပူးလ်အသင်းက ၅ မိနစ်တွင် ဦးဆောင် ဂိုးရခဲ့သည်။ ကော်တင်ဟိုက အနီးကပ် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် အိမ်ရှင်တို့ချေပဂိုးရခဲ့ပြီး ၈ မိနစ်တွင် မီရာလက်စ်က သွင်းယူပေးခဲ့သည်။ ၁၉ မိနစ်တွင် လီဗာပူးလ်တို့ ဒုတိယဦးဆောင်ဂိုးထပ်ရခဲ့ပြီး တိုက်စစ်မှူး ဆွာရက်ဇ်ကသွင်းယူပေးခဲ့သည်။ ထိုဂိုးမှာ ဆွာရက်ဇ်အတွက် ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲတွင် ၉ ဂိုးမြောက် ဂိုးလည်းဖြစ်သည်။
    ဒုတိယပိုင်းတွင် အဲဗာတန်းအသင်း၏ အားထားရသည့် နောက်ခံလူ လေတန်ဘိန်းမှာ ဒဏ်ရာ ရရှိသွားသောကြောင့် လူစားလဲခဲ့ရသည်။ ထို့နောက် ၇၂ မိနစ်နှင့် ၈၂ မိနစ်တွင် တိုက်စစ်မှူး လူကာကူက အဲဗာတန်အသင်းအတွက် ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူခဲ့ပြီး ၃ မှတ်ရရှိရန် အလားအလာ ကောင်းခဲ့သော်လည်း လူစား ၀င်လာသည့် တိုက်စစ်မှူး စတရားရစ်ခ်ျက ၈၉ မိနစ်တွင် ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့သောကြောင့် အဲဗာတန်အသင်းမှာ အိမ်ကွင်းတွင် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
    ………………………….
    အာဆင်နယ် ၂-၀ ဆောက်သမ်တမ်
    ယခုနှစ်ရာသီတွင် ခြေစွမ်းကောင်းများကို ပြသ၍ ပရီးမီးယားလိဂ် ဇယား အဆင့် ၃ သို့ တက်ရောက်လာသည့် ဆောက်သမ်တမ်အသင်းအား အာဆင်နယ်က အိမ်ကွင်းအီမရိတ်တွင် အနိုင်ကစားနိုင်ခဲ့သည်။
    အာဆင်နယ်အသင်းတွင် ဒဏ်ရာကြောင့် ၂ လခန့်အနားယူနေရသည့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး သီယိုဝေါ့လ်ကော့ အရန်စာရန်း တွင်ပြန်လည်ပါဝင်လာခဲ့ပြီး၊ ဒုတိယပိုင်းတွင် လူစားဝင်ကစားခဲ့သည်။ ပွဲအစ ၁၀ မိနစ်မှာပင် အာဆင်နယ်တို့ အဖွင့်ဂိုးစရခဲ့ပြီး ဆောက်သမ်တမ် ဂိုးသမား၏ ပေါ့လျော့မှုမှ တစ်ဆင့် တိုက်စစ်မှူး ဂျရူးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် နှစ်သင်းစလုံး အခွင့်အရေး အနည်းငယ်ရခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိဘဲ ပွဲပြီးကာနီး ၈၆ မိနစ်တွင် အိမ်ရှင်တို့ အနိုင်သေချာစေမည့်ဂိုးကို ရရှိခဲ့ပြီး ပင်နယ်တီမှတစ်ဆင့် ဂျရူးကပင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ပြီးခဲ့သည်တစ်ပတ်က မန်ယူအား ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် ဇယားထိပ်တွင် ၄ မှတ်အသာဖြင့် ဆက်လက်ဦးဆောင်နေသည်။
    ……………………………….
    နယူးကာဆယ် ၂-၁ နော်ဝစ်ခ်ျ
    နယူးကာဆယ်အသင်းမှာ နောက်ဆုံးကစားခဲ့သည့် စပါးအသင်းအား အနိုင်ရှိခဲ့သော ပွဲမှ လူစာရင်းအား တစ်နေရာသာ အပြောင်းအလဲလုပ်ကာ နော်ဝစ်ခ်ျအသင်းအား ရင်ဆိုင်ခဲ့သည်။ ပွဲအစ ၂ မိနစ်မှာပင် နယူးကာဆယ်တို့အဖွင့်ဂိုးရရှိခဲ့ပြီး ယိုဟန်ကာဘာယီ၏ ထောင့်ကန်ဘောမှတစ်ဆင့် ခြေစွမ်းပြနေသည့် တိုက်စစ်မှူး ရီမီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် နော်ဝစ်ခ်ျအသင်းမှာ ချေပဂိုးရရန်ကြိုးစားခဲ့ပြီး အခွင့်အရေး အနည်းငယ်ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။ ၃၈ မိနစ်တွင် အိမ်ရှင်တို့ ဒုတိယဦးဆောင်ဂိုးထပ်ရခဲ့ပြီး ယိုအန် ဂေါ့ဖ်ရန်က သွင်းယူပေးခဲ့သည်။ နော်ဝစ်ခ်ျအသင်းအတွက် နှစ်သိမ့်ဂိုးကို လိုရီဖားက မိနစ် ၈၀ တွင် သွင်းယူးပေးခဲ့သည်။
    ယခုပွဲအနိုင်ကြောင့် နယူးကာဆယ်အသင်းမှာ ပရီးမီးယားလိဂ် သုံးပွဲဆက်နိုင်ပွဲရရှိခဲ့ပြီး ၁၉ လအတွင်း ပထမဆုံးလည်းဖြစ်သည်။
    ……………………………
    ယခုပွဲတွင်ပွဲတစ်ပွဲလုံးအား ချယ်ဆီးအသင်းကသာ စိုးမိုးထားနိုင်ခဲ့ပြီး အနိုင်ဂိုးများကို ၂၁ မိနစ်တွင် လမ်းပတ်က ပင်နယ်တီနှင့် ၈၈ မိနစ်တို့တွင်လည်းကောင်း၊ အော်စကာက ၃၄ မိနစ်တွင်လည်းကောင်း အသီးသီးသွင်းယူပေးခဲ့ကြသည်။
    အခြားပွဲစဉ်များတွင် ဆွမ်ဆီးအသင်းက ဖူလ်ဟမ်အား အဝေးကွင်းတွင် ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ခရစ္စတယ်ပဲလေ့စ်က ဟားလ်စီးတီးအား အဝေးကွင်းတွင်ပင် ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ စတုတ်အသင်းက အိမ်ကွင်းတွင် ဆန်းဒါးလန်းအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီသီး အနိုင်ရရှိခဲ့ကြသည်။