News @ M-Media

Blog

  • အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ

    အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ

    နိုဝင်ဘာ-၂၇ ၂၀၁၃
    M-Media
    မောင်လျှောက်

    ယနေ့ ၁၃၇၅ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်(၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်) ကျရောက်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ (၉၃)နှစ်မြောက် အမျိုးသားနေ့ ဖြစ်ပါသည်။

    အမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကျဉ်း
    —————————————
    အမျိုးသားနေ့သည် ပထမအကြိမ်မြောက် ကျောင်းသားသပိတ်ကြီး ၁၉၂၀ ခုနှစ်မှ ပေါက်ဖွားလာသော လွတ်လပ်ရေး ကြိုးပမ်းချက်တစ်ရပ် ဖြစ်သည်။ ဗြိတိသျအစိုးရသည် ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဥပဒေသစ်တစ်ရပ်ကို အတည်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

    ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၂ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦးတို့သည် ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်တွင် ဗြိတိသျှ အစိုးရ၏ ကျွန်သက်ရှည်ရေး ပညာရေးဥပဒေ သစ်ကိုတိုက်ဖျက်ရန် ဆွေးနွေးခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက် သောကြာနေ့(ခရစ်နှစ် ၁၉၂၀ ဒီဇင် ဘာလ ၃ ရက်) နေ့တွင် ရန်ကုန် ကောလိပ်ကျောင်းသားကြီး ၁၁ ဦး တို့သည် ရန်ကုန်ယူနီဘာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော် စနေထောင့်တွင် သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြသည်။

    (၁) ကိုဘရှင် (သံတွဲ)
    (၂) ကိုဘရှင် (ထားဝယ်)
    (၃) ကိုညီပိုက်
    (၄) ကိုဘိုးလွန်း
    (၅) ကိုအေး
    (၆) ကိုလှတင်
    (၇) ကိုဖေသိန်း
    (၈) ကိုထွန်းဝင်း
    (၉) ကိုဘခင်
    (၁၀) ကိုအောင်ဒင်
    (၁၁) ကိုဘဦး

    စသည့် ကျောင်းသား (၁၁)ဦး ဦးဆောင်ကာ လက်မှတ်ရေးထိုး အဓိဌာန်ပြုကြသည်။

    (စာ-၂၀၀၊ အမျိုးသားနေ့ ရွှေရတုအထူးထုတ်)

    ဗြိတိသျှ အစိုးရ၏ တက္ကသိုလ်ပညာရေးဥပဒေသစ်ကို ဆန့်ကျင်သည့် အနေဖြင့် ကောလိပ်သိပ္ပံကျောင်းသားများ ဦးဆောင်ကာ မြန်မာပြည် တစ်ဝှမ်းလုံးရှိ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ် -မြန်မာ နှစ်ဘာသာ သင် ကျောင်းသားများ သပိတ်မှောက်ရန် ထွက်ကြလေသည်။ ထိုသို့ ထွက်လာသောနေ့ကား ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ (၁၉၂၀ ပြည့်၊ ဒီဇင်ဘာလ ၅ ရက်) တနင်္လာနေ့ဖြစ်သည်။

    မန္တလေးမြို့၌ ကျင်းပခဲ့သော န၀မအကြိမ်မြောက် ဂျီစီဘီအေ ညီလာခံကြီး၌ မြန်မာပြည်အတွက် အမျိုးသားအောင်ပွဲနေ့ တစ်နေ့ ရွေးကြရာ အကြံအမျိုးမျိုး ပေးကြသည်။ တစ်ချို့က ဦးဥတ္တမ ထောင်ကျသောနေ့၊ တစ်ချို့က သီပေါမင်း နန်းကျသောနေ့ စသည်ဖြင့် အမျိုးမျိုး အကြံပေးကြရာ ကျောင်းသားများ သပိတ်မှောက် ထွက်လာသော ပထမကျောင်းသားသပိတ် စတင်သည့်နေ့သာလျှင် အမျိုးသား အောင်ပွဲနေ့အတွက် အသင့်လျော်ဆုံး ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

    ** တက္ကသိုလ် သပိတ်ခေါင်းဆောင် (၁၁)ဦးတွင် ကိုဘရှင် (သံတွဲ)မှာ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ပါသည်။
    =======================
    ဆက်စပ်ပိုစ်ဖတ်ရန်
    ** အမျိုးသားနေ့နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ=>http://www.m-mediagroup.com/news/1761

  • နိုဝင်ဘာ-၂၆ အားကစားသတင်းစုစည်းမှု

    နိုဝင်ဘာ-၂၆ ၂၀၁၃
    M-Media

    Suarez

    – ယခင်ချယ်ဆီး နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ မာဆယ်လ် ဒီဆယ်လီက လီဗာပူးလ်အသင်း၏ တိုက်စစ်မှူး ဆွာရက်ဇ်မှာ ဒိုင်ဗင် အထိုးကောင်းသူဟု စွပ်စွဲလိုက်ပြီး၊ ဆွာရက်ဇ်မှာ ဘောလုံးကွင်းအား ရေကူးကန်ဟု ထင်နေသော ကစားသမားဖြစ်သည်ဟု မှတ်ချက်ပေးပြောဆိုခဲ့သည်။ ဆွာရက်ဇ်မှာ ပရီးမီးယားလိဂ်သို့ ရောက်ရှိလာပြီးနောက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာက နိုင်ငံခြားကစားသမားဖြစ်၍ သူ၏ အပြုအမူများမှာ အနည်းငယ်လွန်ကဲနေသည်ဟု ယခုနှစ်အစောပိုင်းက ကာကွယ်ပြောကြားခဲ့သည်။

    – တိုက်စစ်မှူးတောရက်စ်မှာ ယနေ့ညတွင် ကစားမည့် ဘေဆယ်နှင့် ချန်ပီယံလိဂ်ပွဲတွင် ပြန်လည်ပါဝင်ရန် အဆင်သင့်ဖြစ်နေပြီဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားခဲ့သည်။ တောရက်စ်မှာ နိုဝင်ဘာ ၂ ရက်နေ့က ကစားခဲ့သည့် နယူးကာဆယ်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး ၃ ပွဲဆက်တိုက် အနားယူနေခဲ့ရသူဖြစ်သည်။

    –  အာဆင်နယ်အသင်း၏ ရာသီအစ ကောင်းမွန်သော ပုံစံက အသင်း၏ စွမ်းဆောင်ရည်အား မေးခွန်းထုတ်ခဲ့သူများကို ငြိမ်သက်သွားစေခဲ့သည်ဟု မာဆေးလ်အသင်း၏ နည်းပြဖြစ်သူ အီလီဘော့ပ်က ပြောကြားခဲ့သည်။ မာဆေးလ်အသင်းမှာ ယနေ့တွင် အီမရိတ်ကွင်း၌ အာဆင်နယ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲကို ကစားရမည်ဖြစ်ပြီး အသင်း၏ကစားသမားများမှာ အကောင်းဆုံးကစားနိုင်မည်ဟု မျှော်လင့်နေသည်။

    – နယူးကာဆယ်အသင်း၏ ကွင်းလယ်လူဖြစ်သူ ယိုဟန်ကာဘာယီက ၎င်းအနေဖြင့် နယူးကာဆယ်အသင်းတွင် ယခုနှစ်ရာသီကုန်အထိ ရှိနေမည်ဟု ကတိပေးခဲ့ပြီး၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကစားနိုင်ရန်အတွက် ရာသီကုန်တွင် အသင်းမှ ထွက်ခွာနိုင်ကြောင်း ၀န်ခံပြောကြားခဲ့သည်။ ၂၀၀၆-၀၇ ခုနှစ် ဘောလုံးရာသီတွင် လိုင်လီအသင်းနှင့် ချန်ပီယံလိဂ်တွင် နောက်ဆုံကစားခဲ့သည့် ကဘာယီအား ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က အာဆင်နယ်အသင်းမှ ပေါင် ၁၀ သန်းဖြင့် ခေါ်ယူရန်ကမ်းလှမ်းခဲ့သော်လည်း အပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာခြင်းမရှိပေ။

    – ဘွန်ဒီလီဂါတွင် ၃ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ဦးဆောင်သူ ဘိုင်ယန်မြူးနစ်နှင့် ၇ မှတ်အကွာသို့ရောက်ရှိလာခဲ့သောကြောင့် အသင်းတွင် ပြဿနာများရှိနေသည်ဆိုသည့် သတင်းအား ဒေါ့မွန်အသင်း၏ နည်းပြဖြစ်သူ ဂျာဂျန်ကလော့ပ်က ငြင်းဆိုလိုက်သည်။ ထိုကဲ့သို့ရှုံးနိမ့်မှုများက အသင်းရှိကစားသမားများကို ရိုက်ခတ်မည် မဟုတ်ဘဲ ယနေ့ညတွင်ကစားမည့် နာပိုလီအသင်းနှင့်ပွဲတွင် အကောင်းဆုံး ပုံစံပြသမည်ဟု ကလော့ပ်က ထည့်သွင်းပြောကြားခဲ့သည်။

    – ကာဂလီယာရီအသင်းအား အိမ်ကွင်းတွင် ၁ ဂိုးစီသရေကျခဲ့သောကြောင့် စိတ်ပျက်မိသော်လည်း ရိုးမားအသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေးရှိနေသည်ဟု ကွင်းလယ်လူ ဒီရော့စီက ယမန်နေ့တွင် ပြောကြားခဲ့သည်။ ရိုမားအသင်းမှာ ထိုပွဲတွင် ဂိုးသွင်းခွင့်မြောက်များစွာ ရခဲ့ပြီး၊ အဆုံးသတ်ပိုင်းအားနည်းမှုနှင့် ကာဂလီယာရီအသင်း ဂိုးသမား၏ လက်စွမ်းပြမှုကြောင့် အိမ်ကွင်းတွင် ၁ ရေတစ်မှတ်သာ ရရှိခဲ့ခြင်းဖြစ်သည်။

    – အေစီမီလန်အသင်း၏ အ၀တ်လဲခန်းအတွင်း အခြေအနေမှာ အနည်းငယ်တင်းမာလျက်ရှိသည်ဟု ကွင်းလယ်လူ ကာကာက ဖွင့်ဟခဲ့သည်။ အေစီမီလန်အသင်းမှာ စနေနေ့က အိမ်ကွင်းတွင်ကစားခဲ့သည့် ဂျီနိုအာအသင်းနှင့် ပွဲတွင် ၁ ဂိုးစီသရေချခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် အနိုင်မရခဲ့သည်မှာ ၇ ပွဲဆက်တိုက်ရှိပြီဖြစ်သည်။ ထိုပွဲပြီးနောက် ပရိတ်သတ်များက ဆန်စီရိုကွင်း၏ ထွက်ပေါက်များအား ပိတ်ဆို့ကာ အသင်း၏ ဆိုးရွားသော ရလဒ်များအတွက် ကစားသမားများက ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။

    – ဒဏ်ရာကြောင့် တင်းနစ်ကစားခြင်းမှအနားယူနေရသည့် ဗြိတိန် တင်းနစ်အကျော်အမော် အန်ဒီမာရေးမှာ ယခုလကုန်ပိုင်းပြုလုပ်မည့် သရုပ်ပြပွဲတစ်ခုတွင် ကစားမည်ဟုသိရသည်။ ယခုနှစ်ဝင်ဘယ်လ်ဒန်ချန်ပီယံ မာရေးမှာ ကာလကြရှည်စွာ ဒုက္ခပေးနေသော ၎င်း၏ နောက်ကျောဒဏ်ရာအား ခွဲစိတ်ကုသမှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက အနားယူနေရသူဖြစ်သည်။ မိုင်ယာမီ ဆောင်းရာသီလေ့ကျင့်ရေးစခန်းတွင် လေ့ကျင့်နေသည့် မာရေးမှာ လာမည့် ဒီဇင်ဘာတွင်လည်း အဘူဒါဘီ၌ သရုပ်ပြပွဲတစ်ခု ကစားရန် ရှိနေသည်။

    – မိမိ၏ နည်းပြသစ်အဖြစ် နယ်သာလန်နိုင်ငံသား စဗန် ဂရိုနီဗဲဒ်အား ခန့်အပ်တော့မည်ဟု ရုရှားနာမည်ကြီးတင်းနစ်မယ် မာရီယာ ရှာရာပိုဗာက အတည်ပြုပြောကြားခဲ့သည်။ ရှာရာပိုဗာမှာ ယခုနှစ် ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲပြီးကတည်းက အချိန်အတော်ကြာ လက်တွဲလာခဲ့သည့် နည်းပြ သောမတ်စ် ဟော့ဂ်စတ်ဒ်နှင့် လမ်းခွဲခဲ့သည်။ ဂရိုနီဗဲဒ်မှာ အမျိုးသမီးတင်းနစ်လောကတွင် အောင်မြင်သူတစ်ဦးဖြစ်ပြီး မိုနီကာ ဆီလီစ်၊ မေရီ ပီယာစီ၊ အာနာ အိုင်ဗန်နိင်ဗစ်နှင့် ကာရိုလိုင်း ၀ုဇ်နီအက်ကီစသည့် ကမ္ဘာ့အဆင့် တင်းနစ်မယ်များအား နည်းပြခဲ့သူတစ်ဦးဖြစ်သည်။

    – ဟောင်ကောင်နိုင်ငံမှာ နိုင်ငံ၏ ပထမဦးဆုံး WTA တင်းနစ်ပြိုင်ပွဲအား လာမည့်နှစ်တွင် ကျင်းပမည်ဟု သိရသည်။ တစ်ပတ်တာကြာမြင့်မည့် Hong Kong Open တင်းနစ်ပြိုင်ပွဲအား လာမည့်နှစ် စက်တင်ဘာလတွင် ဗစ်တိုရီးယားပန်းခြံရှိ တင်းနစ်ကွင်းတွင် ကျင်းပမည်ဖြစ်သည်။ ကမ္ဘာ့အဆင့် ၁၀ အတွင်းရှိ တင်းနစ်မယ်များထဲမှ တစ်ဦးပါဝင်မည်ဖြစ်ကာ ဆုကြေးငွေ စုစုပေါင်း ပေါက် ၁၅၅၀၀၀ ချီးမြှင့်မည်ဟု သိရသည်။

  • နိုဝင်ဘာ၂၆- နိုင်ငံတကာသတင်းစုစည်းမှု

    နိုဝင်ဘာ-၂၆ ၂၀၁၃
    M-Media

    2013-11-25T085917Z_1814879206_GM1E9BP1AAS01_RTRMADP_3_THAILAND-PROTEST-BUILDING

    – အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲများအား ဦးဆောင်သူ တစ်ဦးဖြစ်သူ ဆူသပ် သောင်ဆူဘန်အား ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု သိရသည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြမှုအတွင်း ဆန္ဒပြသူများမှာ ဘဏ္ဍာရေးဝန်ကြီးဌာန အဆောက်အအုံနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အအုံတို့အား သိမ်းပိုက်ထားခဲ့သည်။ ယခင်ပါလီမန်အမတ်ဟောင်းဖြစ်သူ သောင်ဆူဘန်က အစိုးရကပြုလုပ်မည့် ဥပဒေဆိုင်ရာ ခြိမ်းခြောက်မှုများအား ကြောက်ရွံ့နေမည် မဟုတ်ဟု ပြောကြားခဲ့သည်။

    – အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာက ပြည်နယ်ရှိ အဆောက်အဦးတစ်ခုမှာ ယနေ့နံနက်ပိုင်းတွင် ပြိုကျခဲ့ပြီး ကလေးငယ်တစ်ဦးအပါအ၀င် လေးဦးသေဆုံးခဲ့ကာ အမြောက်အများ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်ထားပြီး အဆောက်အဦးပျက် အတွင်း ရှာဖွေကယ်ဆယ်မှုများကို ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    – အမေရိကန်ပြည်ထောင်စု အရှေ့ အုက္ကလန်းရှိ လမ်းမတစ်ခုတွင် ယမန်နေ့ညပိုင်းကာ သေနတ်ဖြင့် လိုက်လံပစ်ခတ်မှု တရပ် ဖြစ်ပွားခဲ့ပြီး လူ ၇ ဦးမှာ သေနတ်ထိမှန်ခဲ့သည်ဟု သိရသည်။ ထိုလမ်းတစ်လျှောက် အသားကင်များဖြင့် စားသောက်ပွဲပြုလုပ်နေစဉ် လူတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများထဲမှ နှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိနေကြောင်း၊ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    – ဗြိတိန်ရှိ အမျိုးသမီး ၁၀ ဦးတွင် ၁ ဦးမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ခံနေရသည်ဟု လူမှုဘ၀နှင့် လိင်ပိုင်းဆိုင်ရာ အပြုအမူများ လော့လာရေးအဖွဲ့(Nastsal) ၏ မကြာသေးခင်ကပြုလုပ်ခဲ့သော လေ့လာမှုများက ဆိုသည်။ ထိုရလဒ်မှာ အသက် ၁၆ နှစ်မှ ၇၄ နှစ်အတွင်းရှိ လူပေါင်း ၁၅၀၀၀ ကို မေးမြန်းခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်ဝန်းကျင်တွင် စော်ကားခံရမှုအများဆုံးဟု သိရသည်။

    – ရုရှား စစ်ဘက်ဆိုင်ရာအကြံပေးနှစ်ဦးမှာ ယီမင်နိုင်ငံတွင် သေနတ်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကိုခံခဲ့ရသည်ဟု သိရသည်။ အဆိုပါ အကြံပေးနှစ်ဦးမှာ ယမန်နေ့က မြို့တော် ဆန်နာတောင်ပိုင်းရှိ ၎င်းတို့တည်းခိုရာဟိုတယ်မှ ထွက်လာစဉ် ဆိုင်ကယ်စီးလာသော အမည်မသိသေနတ်သမားနှစ်ဦက ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ယီမင်နိုင်ငံတွင် ယီမင်စစ်တပ်အားအကူအညီပေးနေသော ရုရှား စစ်ဘက်ဆိုင်ရာအကြံပေးများစွာရှိလေသည်။

    – စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(ECO) အဖွဲ့ဝင်နိုင်ငံများ၏ ၂၁ ကြိမ်မြောက် ၀န်ကြီးများအစည်းအဝေးကို အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်၌ ယနေ့တွင် စတင်ကျင်းပခဲ့ကြသည်။ ထိုအဖွဲ့အား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အီရန်၊ ပါကစ္စတန်နှင့် တူရကီတို့ပူးပေါင်းကာ ၁၉၈၅ ခုနှစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ အီရန်သမ္မတ ဟာဆန်ရူဟာနီနှင့် နိုင်ငံ ခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်တို့က စီစဉ်ကျင်းပခြင်းဖြစ်ပြီး ၂ ရက်တာကြာမြင့်မည်ဖြစ်သည်။

    – ၂၀၀၄ ခုနှစ်တွင် ဂျစ်ဒ္ဒါ Red Sea မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအား တိုက်ခိုက်ခဲ့မှုတွင် ပါဝင်ခဲ့သည့် လူ ၂၀ အား ဆော်ဒီတရားရုံးက ယနေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။ ၎င်းတို့အထဲမှ တစ်ဦးအား သေဒဏ်နှင့် အခြား ၁၉ ဦး ထောင်ဒဏ် ၂၅ နှစ်စီ အသီးသီးချတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုတွင် သံရုံးအား စောင့်ကြပ်နေသည့် လုံခြုံရေးဝန်ထမ်း ၄ ဦးသေဆုံးခဲ့သည်။

    – ဆီးရီးယားအစိုးရနှင့် အတိုက်အခံတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုကို လာမည့်နှစ် ဇန်န၀ါရီလတွင် ဂျီနီဗာ၌ ပြုလုပ်ရန် ကုလသမဂ္ဂက ရက်သတ်မှတ်ခဲ့သည်။ ၃၂ လကြာဖြစ်ပွားနေသည့် အဆိုပါပြည်တွင်းစစ်အတွင်း ဆီးရီးယားနိုင်ငံသား ၁ သိန်းကျော်သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာမှာလည်း အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေးနေရသည်။

    – ရုရှား၏ ဖိအားပေးမှုကြောင့် ဥရောပ၏ လွတ်လပ်စွာကုန်သွယ်ရေး စာချုပ်အား လက်မှတ်မထိုးသော ယူကရိန်းအစိုးရ၏ လုပ်ရပ်အား ဆန့်ကျင်သော အနေဖြင့် အတိုက်အခံ ခေါင်းဆောင် ယူလီယာ တိုင်မိုရှန်ကိုက အစာငတ်ခံ ဆန္ဒပြနေသည်ဟုသိရသည်။ ယခင် ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်ပြီး ယခုအခါ အကျဉ်းချခံထားရသည့် တိုင်မိုရှန်ကိုမှာ အစိုးရမှ ထိုစာချုပ်အား လက်မှတ်ထိုးသည့် အချိန်အထိ အစားအသောက် စားသောက်ခြင်းအား ပြုလုပ်မည်မဟုတ် သူမ၏ ရှေ့နေဖြစ်သူမှ တစ်ဆင့် ပြောကြားခဲ့သည်။

    – ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခဲ့သည့် ကျောင်းဆရာ ၁၁ ဦးအား တာလီဘန်အဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ယနေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုကျောင်းဆရာများအား ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ ခိုင်ဘာဒေတွင် လွန်ခဲ့သည့် ၃ ရက်က ပြန်ပေးဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လူမျိုးစု ခေါင်းဆောင်များက တာလီဘန်များနှင့် ဆွေးနွေးခဲ့ပြီးနောက် ယနေ့နံနက်တွင် ပြန်လွှတ်ပေး ခဲ့ခြင်းဖြစ်သည်ဟု ကျောင်းအုပ်ကြီးမှ ပြောကြားခဲ့သည်။

    – အိန္ဒိယရှိ ဆရာဝန်ဇနီးမောင်နှံနှစ်ဦးမှာ လွန်ခဲ့သည့် ၅ နှစ်ကဖြစ်ပွားခဲ့သည့် သမီးဖြစ်သူနှင့် အိမ်အကူတစ်ယောက်၏ သေဆုံးမှုအတွက် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရသည်ဟု သိရသည်။ ဆရာဝန် ရာဂျက်ရှ်နှင့် ဇနီးဖြစ်သူ နူပူရ် တာလ်ဝါတို့မှာ ၂၀၀၈ ခုနှစ်က အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူနှင့် အိမ်အကူတို့အား သတ်ဖြတ်ခဲ့ကြောင်း အိန္ဒိယ ထောက်လှမ်းရေးဗျူရို (CBI) က စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ထိုပြစ်မှုကို မကျူးလွန်ကြောင်း ၎င်းတို့နှစ်ဦးက ငြင်းဆိုခဲ့ကြသည်။ ပြစ်မှုအတွက် စီရင်ချက်ကို မကြာမီချမှတ်သွားမည်ဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်မှာ သေဒဏ်ဖြစ်သည်။

    – နှစ်နိုင်ငံ နယ်စပ်တွင်ရှိနေသည့် ကေဆွန် စက်မှုဇုံ၏ လမ်းပမ်းဆက်သွယ်ရေး၊ အထွေထွေ အရေးကိစ္စများ အတွက် ဆွေးနွေးမှုများပြုလုပ်ရန် တောင်ကိုရီးယား၏ ကမ်းလှမ်းမှုအား မြောက်ကိုရီယားမှ လက်ခံခဲ့သည်ဟု ဆိုးလ်မြို့ရှိ ပြန်လည် ပေါင်းစည်းရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။ စက်တင်ဘာ ၁၃ ရက်နေ့နောက်ပိုင်း ပထမဦးဆုံးဖြစ်မည့် အဆိုပါဆွေးနွေးပွဲကို လာမည့် သောကြာနေ့တွင် စတင်ကျင်းပမည်ဖြစ်သည်။

  • တိုင်းမှနှုတ်မိန့်ဖြင့် ခွင့်ပြုထားသော မိတ္ထီလာမြို့မှ အကြမ်းဖက် ဖျက်ဆီးခံ ဗလီ(၂) လုံး မြို့နယ် စည်ပင်မှ ပြုပြင်ခွင့် ပိတ်ပင်

    တိုင်းမှနှုတ်မိန့်ဖြင့် ခွင့်ပြုထားသော မိတ္ထီလာမြို့မှ အကြမ်းဖက် ဖျက်ဆီးခံ ဗလီ(၂) လုံး မြို့နယ် စည်ပင်မှ ပြုပြင်ခွင့် ပိတ်ပင်

    နိုဝင်ဘာ-၂၆ ၂၀၁၃
    M-Media
    burn-masjid
    ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က မိထ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်သမား လူအုပ်စုကြီးက အစ္စလာမ်ဘာသာဝင်များကို အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ရပ်များအတွင်း ဗလီဝတ်ကျောင်းများလည်း မီးရှို့ဖျက်ဆီးမှုများကြောင့် ပျက်ဆီးခဲ့ရသည်။

    အဆိုပါ ပျက်ဆီးသွားသော ဗလီဝတ်ကျောင်းများ အနက်မှ အချို့ကို အစ္စလာမ်ဘာသာဝင်များ ဥပုတ်လ စတင်သည့် ဇူလိုင်လအတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရမှ နှုတ်မိန့်ဖြင့် ပြင်ဆင် ခွင့်ပေးခဲ့ပါသည်။ နိုဝင်ဘာ ၂၃ ရက်နေ့က မိတ္ထီလာမြို့ပေါ်ရှိ တူရကီဗလီကြီးနှင့် နန်းတော်ကုန်းရပ်ကွက်ရှိ နန်းတော်ကုန်း ဗလီတို့အား ခွင့်ပြုချက်မရဘဲ ပြင်ဆင်သည်ဟုဆိုကာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ စာထုတ်ကာ ပိတ်ပင်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုကိစ္စအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ရာ အကြမ်းဖက်မှုဖြစ်ပွားပြီး နောက်ပိုင်း ထိုဗလီနှစ်လုံး အပါအ၀င် အဖျက်အဆီးခံ ဗလီများတွင် ၀တ်ပြုရန်နှင့် ပြုပြင်ရန်တို့အား တိုင်းအစိုးရအဖွဲ့မှ နှုတ်မိန့်ဖြင့် ခွင့်ပြုပေးခဲ့ကြောင်း၊ မိမိတို့ဘက်မှ စာဖြင့် ခွင့်ပြုမိန့်ပေးရန် တောင်းဆိုခဲ့သော်လည်း ခွင့်ပြုပေး၍ မရဟု ပြောဆိုခဲ့ကြောင်း မိတ္ထီလာမြို့ခံ မွတ်စလင်များက ပြောကြားခဲ့သည်။ ယခုအခါ ထို ဗလီဝတ်ကျောင်းတော်များ ပြုပြင်ရေး ကိစ္စရပ်များကို ရပ်နားထားရပြီး ၀တ်ပြုမှုများကို ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိသည်။

    မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၃ ရက်ကြာဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုအတွင်း လူ ၄၀နီးပါသေဆုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်များ နေထိုင်ရာ ရပ်ကွက်များနှင့် ဗလီ ၁၃ လုံး၊ ဘာသာရေးစာသင်ကျောင်း ၃ ကျောင်းတို့ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ အစ္စလာမ်ဘာသာဝင် ၂ သောင်းကျော်မှာလည်း အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် ထွက်ပြေးခဲ့ရပြီး ယခုအချိန်အထိ ဒုက္ခသည် စခန်းများတွင် နေထိုင်ရသည်။

    အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်များနှင့် ပတ်သက်ပြီး ထွက်ပေါ်လာသော ဗီဒီယို မှတ်တမ်းများနှင့် ဓါတ်ပုံမှတ်တမ်းများအရ အစိုးရ တာဝန်ရှိသူ အာဏာပိုင်များနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ အကြမ်းဖက်မှုဖြစ်ပွားနေစဉ် အတွင်း ကာကွယ်ပေးမှုများ မပြုလုပ်ဘဲ အကြမ်းဖက်သမားများကို ဟန့်တားခြင်းပင် ပြုခဲ့သည်ကို မတွေ့ခဲ့ရပေ။ အကြမ်းဖက်မှုများ ဖြစ်ပွားပြိးနောက်ပိုင်း ပြစ်မှုကျူးလွန်သူများကို ထိရောက်သော အရေးယူဆောင်ရွက်မှုများကို မှန်မှန်ကန်ကန်ပြုလုပ်ဆောင်ရွက်ခြင်းများ လုပ်ဆောင်ပေးခဲ့ခြင်း မရှိဟု ပြည်တွင်း၊ပြည်ပ ဝေဖန်မှုများ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သည်။

    ထူးခြားမှု အနေဖြင့် မိတ္တိလာ ဗလီ(၂)လုံး ပြုပြင်ခွင့် ရပ်ဆိုင်းသည့် အမိန်ကြေညာချက် ထုတ်ပြန်ပြီး ၂ ရက်အကြာ နိုဝင်ဘာ(၂၅) ရက်နေ့တွင် မိထ္ထီလာ အရေးအခင်းအတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်သတ်ဖြတ်မှု ရုပ်သံဗီဒီယိုမှတ်တမ်း အနည်းဆုံး(၃)ခုကို ဆိုရှယ်မီဒီယာများတွင် ထပ်မံပေါ်ထွက်လာခဲ့သည်ကို တွေ့ရှိရသည်။

    အကြမ်းဖက်မှု မှတ်တမ်း ဗီဒီယိုများ စတင်ဖြန့်ဝေသည့် ယူဆရသည့် Facebook အကောင့် https://www.facebook.com/win.htetko.16
    ယနေ့ အွန်လိုင်းတွင် ပြန့်နှံလျက်ရှိသော ယမန်နေ့က ၄င်းတင်ခဲ့သော ဗီဒီယိုမှတ်တမ်း ၂ ခုအားဖျက်လိုက်ကြောင်း တွေ့ရှိရပါသည်။

    nandaw khone masjidtrukey masjid

  • သင်္ဃန်းကျွန်း မိကျောင်းကန်မြေသိမ်းခံရမှု သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်

    နိုဝင်ဘာ ၂၆-၂၁၁၃
    M-Media
    သီရိ

    SAM_1228a

    ရန်ကုန်။         ။သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန်(အပိုင်း ၁၊ ၂၊ ၃) ရှိ မြေနေရာများအား အဓမ္မအသိမ်းခံရပြည်သူများသည် ယနေ့ နိုဝင်ဘာလ ၂၆ ရက် နံနက် ၈ နာရီမှ ၁၀ နာရီ ထိ ထုတ်ဖော်ဆန္ဒပြသခဲ့ပြီး ၁၁ နာရီတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဝေဇယန္တာလမ်းမကြီးပေါ်တွင် သပိတ်စခန်းဖွင့်လှစ်ထားလျက်ရှိပါသည်။

    အဓမ္မအသိမ်းခံပြည်သူများက

    ၁။ မိကျောင်းကန်မြေပေါ်ရှိ အရာရှိအချို့နှင့် ခရိုနီအဆောက်အဦးများအားဖယ်ရှားပေးရန်။
    ၂။ မိကျောင်းကန်ပြည်သူများအား ပုဒ်မ ၁၈ ဖြင့် အရေးမယူရန်။
    ၃။ ၂၄ နာရီ ဘုရားဖူးခွင့်ပေးရန်။
    ၄။ မိကျောင်းကန် အတွင်းဆောက်လုပ်နေသော အဆောက်အဦးများအား တာဝန်ယူဖြေရှင်းပေးနေစဉ်အတွင်း ဆောက်လုပ်ခွင့်ရပ်ဆိုင်းပေးရန်။
    ၅။ မိကျောင်းကန် အရေးဆောင်ရွက်မှုကြောင့် ထောင်ကျသွားသူများအမြန်လွှတ်ပေးရန်။
    ၆။ မြေသိမ်းဥပဒေနှင့်မညီဘဲ သိမ်းယူသွားသော မိကျောင်းကန်မြေအား တာဝန်ရှိသူ၊ တာဝန်ယူသူမှ လာရောက်ဖြေရှင်းပေးရန်။
    ၇။ တာဝန်ယူ တာဝန်ခံမှုမရှိပါက ဤနေရာမှလုံးဝဆုတ်ခွာပေးမည် မဟုတ်ကြောင်း။

    စသည့် တောင်းဆိုချက်များကို တောင်းဆိုခဲ့သည်။

    ဆန္ဒပြ ပြည်သူတစ်ဦးက “ကျွန်တော်တို့လွှတ်တော်မှာ  တင်ပြတဲ့ တင်ပြမှုအပေါ်မှာ ရန်ကုန်တိုင်းကနေ ဘာမှမလုပ်မပေးဘူး၊ မလုပ်ပေးတဲ့အတွက် ရန်ကုန်တိုင်းကတာဝန်ရှိတဲ့သူ၊  ဖြစ်နိုင်ရင် ရန်ကုန်တိုင်း ၀န်ကြီးကိုယ်တိုင် လာရောက်ပြီး ကျွန်တော်တို့နဲ့ ဆွေးနွေးတိုင်ပင်ပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးပါလို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး သပိတ်စခန်းကို အချိန်အတိုင်းအတာမရှိဘဲ၊ အာဏာပိုင်အဖွဲ့အစည်းနှင့် မပြေလည်မချင်း သပိတ်စခန်းကိုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။

    သပိတ်စခန်းတွင် “နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရ ဖြေရှင်းပေး” ၊” မိကျောင်းကန်ရှိ အရာရှိ ခရိုနီအဆောက်အဦးများဖယ်ရှားပေး” စသည်တို့ကို ကြွေးကြော်သံများကို ကြွေးကြော်လျက် ဆန္နဖော်ထုတ်နေသူ အမျိုးသား၊ အမျိုးသမီး ၅၀ ကျော် ရှိကြောင်း သိရှိရပါသည်။

    အဆိုပါ မြေသိမ်းမှုဖြစ်ရပ်များမှာ လွန်ခဲ့သော နှစ် ၂၀ ခန့်ဝန်းကျင် စစ်အစိုးရလက်ထက် ဖြစ်ပွားခဲ့မှုများဖြစ်ကြောင်း သိရပါသည်။