News @ M-Media

Blog

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    နိုဝင်ဘာ- ၁၉ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    သစ်တော တိုးပွားမှု- ပြုန်းတီးမှုကို လေ့လာမှု မြေပုံ

    University of Maryland က သုတေသီတွေဟာ Google ရဲ့ အကူအညီနဲ့ 2000 – 2012 အတွင်း သစ်တော တိုးပွားမှု – ပြုန်းတီးမှုကို လေ့လာခဲ့ပါတယ်။ ဒီလိုလေ့လာဖို့ U.S. Geological Survey ရဲ့ Landsat ဂြိုလ်တု ရ လုံးက စုဆောင်းရရှိတဲ့ hi-res ပုံများစွာကို Google earth နည်းပညာ အသုံးပြုပြီး တွဲဆက်ပုံဖေါ်နိုင်ခဲ့ကြပါတယ်။ Google နည်းပညာကြောင့် သာမန်ကွန်ပြုတာနဲ့ လုပ်ဆောင်ရင် ၁၅နှစ် လောက် လုပ်ရမယ့် processing ကို ရက်အနည်းငယ်အတွင်း ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို လေ့လာကြည့်လိုက်တော့ 2000 – 2012 နှစ်တွေအတွင်း ကမ္ဘာ့ သစ်တောပြုန်းတီးမှု 2.3 million square kilometers ရှိတယ် ဆိုတာ တွေ့ရှိရပါတယ်။ တိုးပွားမှုကတော့ 0.8 million square kilometers ပဲ ရှိပါတယ်။ မြန်မာနိုင်ငံ ကို ကြည့်ရင်လည်းပဲ သစ်တော ပြုန်းတီးတဲ့ နေရာတွေကို ရှာ ဖွေတွေ့ရှိ  နိုင် ပါတယ်။ https://earthenginepartners.appspot.com/science-2013-global-forest မှာ သွားရောက်လေ့လာနိုင်ပါတယ်။
    map————————————————–
    3-D Printing App

    Windows 8.1 မှာအသုံးပြုဖို့ 3-D Printing App ကို Microsoft က ဖြန့်ချီလိုက်ပါတယ်။ Windows 8.1 မှာ 3-D Printing နဲ့ပါတ်သတ်လို့ လုပ်ဆောင်နိုင်စွမ်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ အခု ဆော့ဖ်ဝဲလ် အသုံးပြုပြီးတော့ ကစားစရာတွေ နဲ့ အခြား အိမ်သုံးပစ္စည်းလေးတွေကို ပုံစံထုတ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ MakerBot Replicator 2 Desktop 3D Printer ကိုလည်း $2200 နဲ့ microsoft က ရောင်းချ ပါတယ်။

    3d printer
    ————————————————–
    လန်ဒန် ဆိုက်ဘာတိုက်ခိုက်ခြင်း စမ်းသပ်မှု

    ယခင်အပါတ် အင်္ဂါနေ့က  လန်ဒန်မြို့ Plaisterers’ Hall မှာ “Waking Shark II” လို့ အမည်ပေးထားတဲ့ ဆိုက်ဘာတိုက်ခိုက်ခြင်း ပုံစံတူ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံခြားဒေသတစ်ခုကနေ နိုင်ငံအတွင်းက စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းတွေကို တိုက်ခိုက်တဲ့ ပုံစံမျိုးအတွက် လန်ဒန်မှာ အခြေစိုက်တဲ့ ဘဏ် ၁၀၀ ကျော် ပူးပေါင်းပါဝင် စမ်းသပ်ခဲ့ကြပါတယ်။ DDoS တိုက်ခိုက်မှု၊ စံနစ်အတွင်း ဖေါက်ထွင်းဝင်ရောက်မှု စတဲ့ စမ်းသပ်မှုမျိုးစုံ ပုံစံတူ စမ်းသပ်ခဲ့ကြပါတယ်။
    cyber war
    ————————————————–
    အလိုအလျှောက် မောင်းတဲ့ ကားသုံးမည့် အင်္ဂလန်နိုင်ငံ

    အင်္ဂလန်နိုင်ငံ Milton Keynes မြို့မှာ ၂၀၁၅ ခုနှစ်ရောက်ရင် အလိုအလျှောက် မောင်းတဲ့ ကားငယ်လေးတွေနဲ့ သယ်ယူပို့ဆောင်ရေး စံနစ်တစ်ခု စမ်းသပ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ $103 million  ရင်းနှီးမြုတ်နှံမှုနဲ့ ဆောင်ရွက်မှာ ဖြစ်တဲ့ ပိုဆောင်ရေးစံနစ်ယာ ၂၀၁၇ မှာ အပြည့်အဝ စံနစ်တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီလျှပ်စစ် ကားငယ်လေးတွေကို စီးမယ့် ခရီးသည်တွေက ခရီးစဉ်တစ်ခုအတွက် ၃ ပေါင်ပေးရမှာ ဖြစ်ပါတယ်။
    4
    ————————————————–
    တောင်အာဖရိက အတွက် ဟိုက်ဒရိုဂျင် ဓါတ်ခဲ

    လက်ကိုင်ဖုန်းများကို အားသွင်းနိုင်တဲ့ ဟိုက်ဒရိုဂျင်လောင်စာသုံး ဓါတ်ခဲ တစ်မျိုးကို နိုက်ဂျီးရီးယား နဲ့ တောင်အာဖရိက နိုင်ငံတွေမှာ  အသုံးပြုနိုင်ရန် အင်္ဂလန် မှ Intelligent Energyက ထုတ်လုပ်လိုက်ပါတယ်။  တစ်ခါ ဟိုက်ဒရိုဂျင် ဖြည့်ထားရင် ငါးကြိမ် သုံးနိုင်မှာ ဖြစ်ပြီး ဟိုက်ဒရိုဂျင် ဖြည့်ခ ၅ ဒေါ်လာခန့် ကုန်ကျပါတယ်။
    hydrogenbattery

    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • ကျောက်ဖြူမြို့တွင် ဗလီဝတ်ကျောင်းအား အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့

    ကျောက်ဖြူမှာ ဖျက်ဆီးမှုဖြစ်ပြန်
    ================
    နိုဝင်ဘာ ၁၉ ၂၀၁၃
    RFA Burmese

    537040_737498562946183_2014362288_n

    နိုဝင်ဘာ ၁၈ ရက်နေ့ညက ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်မှာ အစ္စလာမ်ဘာသာရေး အဆောက်အဦးတစ်ခု ဖျက်ဆီးခံခဲ့ရပါတယ်။

    ကျောက်ဖြူမြို့နယ် သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းပေါ်မှာရှိတဲ့ ဂျာမေဗလီဝင်းအတွင်းက ဘာသာရေးဝတ်ပြုကျောင်း ဖျက်ဆီးခံရတာလို့ ကျောက်ဖြုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ဦးက အတည်ပြုပြောဆိုပါတယ်။ မနေ့ည ၁ဝ နာရီဝန်းကျင်မှာ လူအုပ်တစ်အုပ်ရောက်ရှိလာပြီး ဗလီထဲကို ဝင်ရောက်ဖျက်ဆီးခဲ့ကြတာလို့ သိရပါတယ်။ ဖျက်ဆီးခဲ့သူတွေနဲ့ ပတ်သက်ပြီး မည်သူမည်ဝါတွေမှန်း မသိရသေးကြောင်း၊ ပါဝင်ခဲ့သူတွေကို စုံစမ်းရှာဖွေနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

    ပြီးခဲ့တဲ့လကလည်း သံတွဲမြို့နဲ့ အနီးတဝိုက်မှာ လူမျိုးရေး၊ ဘာသာရေးကိုအခြေခံတဲ့ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး၊ အကြမ်းဖက်မူတွေမှာ ပါဝင်ခဲ့သူ ၈ဝ ဝန်းကျင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    http://www.rfa.org/burmese/news/destroy-kyaukphyu-pali-11182013235625.html

  • ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စင်္ကာပူရောက် မြန်မာများလည်း ပါဝင် လက်မှတ်ရေးထိုး

    နိုဝင်ဘာ ၁၉၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    စင်္ကာပူ ။           ။           ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းအတွက် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဆွေးနွေးဟောပြောပွဲများ ပြုလုပ်နေ သကဲ့သို့ စင်္ကာပူနိုင်ငံရောက် မြန်မာများလည်း တဘက်တလမ်းမှ ပါဝင်ဆောင်ရွက်နေကြောင်း သိရပါတယ်။

    ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းသည် ၂၀၁၅-ခု ရွေးကောက်ပွဲအတွက်သာမက အနာဂတ်မြန်မာနိုင်ငံအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ကြီးမှူး၍ မြန်မာနိုင်ငံသားတို့၏ ဆန္ဒသဘောထားများ ကောက်ခံလျက်ရှိကြောင်း၊ ထိုနည်းအတူ စင်္ကာပူနိုင်ငံရောက် မြန်မာများမှလည်း မိမိတို့တိုင်းပြည် ပြောင်းလဲရေးတွင် အုတ်တချပ် သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ရန် ဆန္ဒသဘောထားများကို လက်မှတ်ရေးထိုးပေးပို့နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

    “ကျွန်တော်တို့နိုင်ငံမှာ ဒီ ၂၀၀၈-အခြေခံ ဥပဒေဆိုတာနဲ့ ဆက်သွားနေလို့ မရဘူး။ ပြောင်းပစ်မှရမယ်။ ဒါကြောင့် ပြည်ပရောက်နေတဲ့ ကျွန်တော်တို့ မြန်မာတွေအနေနဲ့လည်း တဘက်တလမ်းကနေ ကိုယ့်နိုင်ငံအတွက် ပါဝင်ကြတာပါ။ ဟုတ်ကဲ့ပါ ကျွန်တော်တို့ ဒီ ရရှိတဲ့လက်မှတ်တွေကို ပြည်တွင်းကို ပို့မှာပါ။ စမ်းချောင်းမြို့နယ် NLD ကို ပို့မယ်။ အဲ့ဒီကမှတဆင့် ရုံးချုပ်ကို ရောက်သွားမှာပါ။ ကိုယ့်နိုင်ငံကို တကယ်ချစ်ပြီး ပြောင်းလဲစေလိုတဲ့သူတိုင်း ပါဝင်လက်မှတ်ရေးထိုးကြပါတယ်။”ဟု ဆန္ဒသဘောထား လက်မှတ်ရေးထိုး ကောက်ခံပေးနေသူ စင်္ကာပူရောက် မြန်မာတစ်ဦးမှ ပြောပါတယ်။

    ဆန္ဒပြုလက်မှတ်ထိုးခြင်းကို ဒီဇင်ဘာလ ပထမပတ်အထိ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ပါဝင်လိုသူ စင်္ကာပူရောက် မြန်မာများအနေနှင့်လည်း စင်္ကာပူရှိ မြနန်းနွယ် (၀၂-၄၁) နှင့် သပြေနု(၀၂-၅၅) ဆိုင်များတွင် ဆန္ဒပြု လက်မှတ်ရေးထိုးနိုင်ကြောင်း သိရပါတယ်။

    DSCN2655

  • “ကျနော် ငိုခဲ့မိတယ်” ဟု OIC အထွေထွေ အတွင်းရေးမှူး ဆို

    ဧရာဝတီမှ ကူးယူဖော်ပြပါသည်။

    OIC

    ကမ္ဘာ့ အစ္စလမ်နိုင်ငံများ ပေါင်းစည်းထားသည့် အဖွဲ့အစည်း OIC ၏ အထွေထွေအတွင်းရေးမှူးက ကာလရှည်ကြာစွာ ဖိနှိပ်ချုပ်ချယ်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် အသိုင်းအ၀ိုင်းနှင့် သွားရောက်တွေ့ဆုံ ခဲ့ရသည့် စိတ်လှုပ်ရှားဖွယ်ရာ ခရီးစဉ်က သူ့ကို မျက်ရည်ကျစေခဲ့ကြောင်း ပြောဆိုလိုက်သည်။

    “ဒီလို ခံစားမှုမျိုး ဘယ်တုန်းကမှ ကျနော် မခံစားခဲ့ရပါဘူး” ဟု Ekmeleddin Ihsanoglu က စနေနေ့တွင် ပြောကြား ခဲ့ကြောင်း AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။

    ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ အပြင်ဖက်မှာ ပြန့်ကျဲနေသည့် အမှိုက်ပုံလို ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲပင်ပန်းစွာနေ ထိုင်နေရသည့် အရေအတွက် များပြားလှသည့် ဒုက္ခသည်တွေကို မြင်တွေ့ရသည့် အဖြစ်က စိတ်ကို အထိခိုက်စေဆုံး ဖြစ် သည်ဟု သူက ဆိုသည်။ “ကျနော် ငိုခဲ့မိတယ်” ဟု Ihsanoglu က ပြောသည်။

    သူနှင့် OIC မှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ပြီး သမ္မတ၊ ဒုတိယသမ္မတ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

    ဗုဒ္ဓဘာသာဝင် အများဆုံးဖြစ်သော မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ခ န့် ရှိပြီး ရာစုနှစ်ဝက်မျှ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးလက်အောက်မှ ၂၀၁၁ ခုနှစ်တွင် လွတ်မြောက်လာခဲ့သော်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် လူ ၂၄၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၂၄၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် လူမျိုးရေး ဘာသာရေး ခွဲခြားမှု အဓိကရုဏ်းများကြောင့် ထိခိုက်နစ်နာမှုများ ဖြစ်ခဲ့ရသည်။

    အဓိကရုဏ်းများ၏ သားကောင် အများစုမှာ “ရိုဟင်ဂျာ”ခေါ် မွတ်ဆလင်များ ဖြစ်ကြသည်။ ၎င်းတို့ထဲမှာ မိသားစု အများအပြားသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်မှာ မျိုးဆက်နှင့် ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အစိုးရက နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခံရသူများလည်း ဖြစ်သည်။

    ဒုက္ခသည်စခန်းများမှ ကလေးငယ် အများစုသည် ကျောင်းသို့ သွားနိုင်ခြင်း မရှိသည်မှာ တနှစ်ကျော်ခဲ့ပြီဖြစ်သည်။ ဆေးဝါးကုသမှုခံယူရန်ဖြစ်စေ အခြားအကြောင်းနှင့် ဖြစ်စေ စခန်းမှ ထွက်ခွာလိုလျှင် လာဘ်ငွေ အများအပြား ပေးရသည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ၀န်ထမ်းများမှာလည်း မွတ်ဆလင်များကို ပို၍ ဦးစားပေးသည် ဆိုသော စွပ်စွဲချက်ဖြင့် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ကြရသည်။

    “ကျနော် ခံစားရတာကို ရှင်းပြလို့တောင် မရပါဘူး။ သိပ်စိတ်ထိခိုက်စရာ ကောင်းပါတယ်” ဟု Ihsanoglu က ပြောကြောင်း AP သတင်းက ဆိုသည်။

    OIC အဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြမှုများ ရှိခဲ့သည်။ ရန်ကုန်မြို့နှင့် စစ်တွေမြို့ များသို့ OIC ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိချိန်တွင် လူထောင်ပေါင်းများစွာက “OIC ထွက်သွား” “ ပြည်တွင်းရေးကို စွက်ဖက်ခြင်းကို ရပ်တန့်ပါ” အစရှိသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်သံများ အော်ဟစ် ဆန္ဒပြခဲ့ကြသည်။

    သို့သော် မြန်မာအစိုးရ၏ ဖိတ်ခေါ်မှုဖြင့် လာရောက်ရသော ခရီးစဉ်သည် အတော်အသင့် အောင်မြင်မှု ရှိခဲ့သည်ဟု ဆိုနိုင်ကြောင်း Ihsanoglu က ပြောသည်။

    ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ဒုက္ခသည်များ၏ နိုင်ငံသားဖြစ်ခွင့်ကိစ္စကို ဖြေရှင်းနိုင်ရန် လုပ်ဆောင်နေကြောင်း အစိုးရထံမှ အာမခံချက် ရရှိခဲ့သည်ဟုလည်း သူကပြောသည်။ အသေးစိတ်အချက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

    ထို့ပြင် Ihsanoglu က မြန်မာနိုင်ငံမှ မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာဝင်များကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေးအတွက် အချင်းချင်း နားလည်ယုံကြည်မှု တည်ဆောက်ကြရန်လည်း တိုက်တွန်းလိုက်သည်။

    “OIC အနေနဲ့လည်း အသိုင်းအ၀ိုင်း နှစ်ခုလုံး ငြိမ်းချမ်းစွာနဲ့ ဟန်ချက်ညီညီ အတူတကွ နေထိုင်သွားနိုင်ဖို့ လုပ်ဆောင်သွား ပါမယ်” ဟု သူက ပြောသည်။

    မြန်မာနိုင်ငံခြားရေး ၀န်ကြီးနှင့် နယ်စပ်ရေးရာ ၀န်ကြီးတို့ကလည်း မွတ်ဆလင်များ ပြန်လည် နေရာချထားရေးအတွက် အစိုးရ၏ လုပ်ဆောင်မှုများကို OIC အဖွဲ့အား ရှင်းပြခဲ့သည်။ OIC ကိုယ်စားလှယ် အဖွဲ့သည် ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့ရှိ ဒုက္ခသည်စခန်း ၃ ခုကို သွားရောက်လေ့လာခဲ့သည်။

    ရခိုင် ဗုဒ္ဓဘာသာဝင်တွေနှင့် တွေ့ဆုံရာတွင် Ihsanoglu က OIC သည် ဘာသာရေးအဖွဲ့အစည်းတခု မဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှာ အစ္စလမ်ဘာသာ ပြန့်ပွားရေးလုပ်ဆောင်ရန် သို့မဟုတ် မွတ်ဆလင်တွေကိုသာ ကူည်ီရန် မဟုတ်ကြောင်း၊ ပဋိပက္ခများတွင် ထိခိုက်ခံစားခဲ့ရသူတွေ အားလုံးကို ခွဲခြားမှုမရှိဘဲ ကူညီပေးရန် ဖြစ်ကြောင်း ထပ်တလဲလဲ ပြောပြခဲ့သည် ဟု OIC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    Ihsanoglu နှင့် ၀န်ကြီးအဆင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် သောကြာနေ့က သဗြုချိုင်ကျေးရွာဗလီမှ ၀တ်ပြုပွဲတွင် ပါဝင်ခဲ့ကြပြီး သူတို့နှင့် အတူ လူထောင်ပေါင်းများစွာ တက်ရောက် ၀တ်ပြုခဲ့ကြသည်။ Ihsanoglu က ၎င်းတို့၏ အခက်အခဲ များကို အချိန်ယူနားထောင်ပေးခဲ့ပြီး စာနာမှုဖြင့် အားပေးစကားများ ပြောကြားခဲ့သည်။

    ပြန်လည်မထွက်ခွာမီ သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ စနေနေ့ မနက်ပိုင်းတွင် တွေ့ဆုံခဲ့သေးသည်။ သို့သော် ယင်းအကြောင်း ပြန်ကြားရေးဝန်ကြီးဌာနပိုင် မီဒီယာများက မည်သည့်သတင်းမျှ ထုတ်ပြန်ကြေညာခြင်း မရှိဘဲ ကြာသပတေးနေ့က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာ တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်သတင်းသာ ဖော်ပြခဲ့သည်။

    OIC အဖွဲ့ဝင်ခုနစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး၊ ဒုတိယနိုင်ငံခြားရေး ၀န်ကြီးငါးဦးနှင့် OIC အတွင်းရေးမှူးချုပ်တို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့်ရရန် မျှော်လင့်ထားခဲ့သော်လည်း သူတို့၏ တွေ့ဆုံပွဲများသည် နေပြည်တော်တွင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တွင် ရောက်ရှိနေခဲ့သောကြောင့် တွေ့ဆုံရန် အခွင့်မသာဟု Ihsanoglu က ပြောကြောင်း VOA သတင်းဌာနက သတင်းပေးပို့သည်။

    တွေ့ဆုံမှုတိုင်းတွင် Ihsanoglu က မြန်မာ အစိုးရက လက်ရှိဆောင်ရွက်နေသော ဒီမိုကရေစီ ဖော်ဆောင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် ရခိုင်ပြည်နယ်အပါအ၀င် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အပြည့်အ၀ အလေးထား၍ အဆုံးသတ်နိုင်ရန် အားထုတ်မှုများကို အသိအမှတ်ပြု လေးစားပါကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ပြင် OIC ၏ အထွေထွေအတွင်းရေးမှူးက မြန်မာနိုင်ငံနှင့် ဆွေးနွေးပြောဆိုနိုင်ရေး၊ ဆက်သွယ်နိုင်ရေးအတွက် လမ်းကြောင်းများ ဖွင့်လှစ်ထားရန် ဆန္ဒရှိကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

    OIC သည် ဒီမိုကရေစီကို ထောက်ခံသောကြောင့် ဆန္ဒပြသူများ၏ သဘောထားကို လေးစားကြောင်း၊သို့ရာတွင် OIC အဖွဲ့က မွတ်ဆလင်များကို ငွေတွေပေးနေသည်ဆိုသော သတင်းမှားများကို ယုံကြည်နေသောသူများကို ထောက်ပြပြီး သူတို့အနေဖြင့် ငွေတပြားတချပ်မှ မပေးဟု အခိုင်အမာပြောကြောင်းနှင့် လက်ရှိအချိန်တွင် OIC ရုံးခွဲဖွင့်လှစ်ရန် မရှိဟု Ihsanoglu က VOA ကို ပြောသည်။

    “လူတွေရဲ့ တောင်းဆိုချက်ကို ကျနော် လေးစားပါတယ်။ အဲဒါကို သူတို့ မလိုချင်ပါဘူး။ လက်ရှိအချိန်မှာ ဘယ်လိုရုံးမျိုးမှ ကျနော်တို့ဖွင့်ဖို့မရှိပါဘူး။ တစ်ကမ္ဘာလုံးမှာ ကျနော်တို့ရုံးတွေ ရှိပါတယ်၊ နယူးယောက်မှာရှိပါတယ်၊ ဂျီနီဗာမှာရှိပါတယ်၊ ဘရပ်ဆဲလ်မှာရှိပါတယ်။ ကမ္ဘာပေါ်က နေရာအများအပြားမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကျနော်တို့ရုံးခွဲ မရှိသေးဘဲ ဒီ နားလည်လွဲမှားမှုတွေ ကျော်လွန်သွားတဲ့အထိ ကျနော်တို့ စောင့်နိုင်ပါတယ်” ဟု ဆိုသည်။

    OIC ကိုယ်စားလှယ် အဖွဲ့က နားလည်မှု လွဲမှားခြင်းများကို ဖြေရှင်းနိုင်ရန်လိုအပ်ကြောင်းလည်း ဆိုပြီး ရခိုင်ပြည်နယ်အပါအ၀င် ပဋိပက္ခတွင် ထိခိုက်ခံစားခဲ့ရသည့် ဒေသများ၊ ပြည်သူများအတွက် လူသားချင်း စာနာ ထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေး အထောက်အကူများ ပေးအပ်ရန် အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့ ကြသည်။

  • ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲအခမ်းနား နေပြည်တော်တွင်ကျင်းပ

    နိုဝင်ဘာ ၁၈-၂၀၁၃
    M-Media
    သီရိ

    NLD NPD

    နေပြည်တော်။          ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုသဘောထားခံယူပွဲကို ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့(ယနေ့) တွင်ကျင်းပခဲ့သည်။ ထိုသဘောထား ခံယူပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

    “ကျွန်မကို အားပေးချင်တာနဲ့တော့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ မထောက်ခံပါနဲ့၊ တကယ် နားလည်ပြီး ပြင်သင့်တယ်ဆိုမှထောက်ခံကြပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    ယင်းလူထုသဘောထားကောက်ခံပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ကြေညာစာတမ်းကို ဖတ်ကြားခြင်း၊ အဖွဲ့ချုပ်မှ ပညာရှင် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ၏ ဒီမိုကရေစီစနစ်ဖြင့် မကိုက်ညီသည့် အချက်အလက်များ၊ နိုင်ငံသားတို့ အခွင့်အရေးများကို ပြန်လည် ကန့်သတ်ထားသော အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အဆိုပါဆွေးနွေးပွဲကို စောစောပိုင်းကဒေသပိုင် အာဏာပိုင်များမှ ခွင့်ပြုမိန့်မပေးခဲ့ဘဲ နောက်ပိုင်းမှသာ ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။

    ထိုဆန္ဒခံယူပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လူ ၂ သောင်းနီးပါးတက်ရောက်ခဲ့ပြီး ထောက်ခံသဘောတူသူ ၉၀ ရာခိုင်နှုန်းရှိသည် ဟု သိရှိရပါသည်။

    Photo Credit=>RFA Burmese