News @ M-Media
Blog
  • နိုဝင်ဘာ ၁၅ နိုင်ငံတကာသတင်း
    နိုဝင်ဘာ- ၁၅ ၂၀၁၃
    M-Media
    ဆီးရီးယားအား စစ်ရေးအကူအညီပေးနေသည်ဆိုသည့် သတင်းကို မြောက်ကိုရီးယားငြင်းဆို
    ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်တွင် အတိုက်အခံများအား နှိမ်နှင်းရန် ဆီးရီးယားအစိုးရသို့ စစ်ရေးအရ ထောက်ပံ့မှုများပြုလုပ်နေသည် ဆိုသည့်သတင်းအား မြောက်ကိုရီးယားက ငြင်းဆိုလိုက်သည်။
    မီဒီယာများက မြောက်ကိုရီးယားမှာ ဆီးရီးယားသို့ စစ်ဘက်ဆိုင်ရာအကြံပေးများ ရဟတ်ယာဉ် မောင်းသူများ ပေးပို့ခဲ့သည်ဟု သတင်းများအား ဖော်ပြခဲ့ပြီးနောက် မြောက်ကိုရီးယားက ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
    Jerusalem Post သတင်းစာက မြောက်ကိုရီးယား လေယာဉ်မှူး ၁၅ ဦးမှာ ဆီးရီးယားစစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေသည်ဟု မကြာသေးခင်က ဖော်ပြခဲ့ပြီး ဆီးရီးယားရှိ လူ့အခွင့်အရေး အကြံပေးအဖွဲ့ကလည်း ထိုသတင်းအား အတည်ပြုခဲ့သည်။
    မြောက်ကိုရီးယားမှာ ဆီးရီးယားနှင့် ဆက်ဆံရေးကောင်းများရှိပြီး ယခင်က ပိုလိုနီယမ် ဓာတ်ပေါင်းဖိုတစ်ခုကိုလည်းဆီးရီးယားတွင် တည်ဆောက်ပေးခဲ့ဖူးသည်။ ထို့ပြင် ဆီးရီးယား၏ ဓာတုလက်နက်ထုတ်လုပ်ရေး အစီအစဉ်များတွင်လည်း မြောက်ကိုရီးယားနှင့် ဆက်သွယ်မှုများရှိသည်ဟု သိရသည်။
    Ref:aljazeera
    2013111511236993734_20
    ………………………………
    အစိုးရက အလုပ်အကိုင်များလျှော့ချမှုကြောင့် ဂရိတွင် အစိုးရ၀န်ထမ်းများဆန္ဒပြ
    နိုင်ငံတကာမှ ချေးငွေများ ဆက်လက်ရရှိရန်အတွက် လိုအပ်သော အလုပ်နေရာလျော့ချမှုများအား အစိုးရမှ ပြုလုပ်ခဲ့သောကြောင့် ဂရိနိုင်ငံရှိ အစိုးရ ၀န်ထမ်းများက ဆန္ဒပြခဲ့ကြသည်ဟုသိရသည်။
    အဆိုပါဆန္ဒပြပွဲအား မြို့တော်အေသင်တွင် ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းဆရာများ၊ အခွန်ဌာနမှဝန်ထမ်းများနှင့် ဆေးရုံလုပ်သားများ ပါဝင်ခဲ့ကြပြီး၊ ၀န်ကြီးချုပ် အန်တိုနစ် ဆာမာရက်စ်ဦးဆောင်သည့် အစိုးရနှင့် နိုင်ငံအား ငွေကြေးကူညီထောက်ပံ့နေကြသည့် ဥရောပယူနီယံ၊ ဥရောပ ဗဟိုဘဏ်နှင့် နိုင်ငံတကာ ငွေးကြေး ရန်ပုံငွေအဖွဲ့တို့အား ဆန့်ကျင်သည့် ကြွေးကျော်သံများကို ကျွေးကြော်ခဲ့ကြသည်။
    ဘဏ္ဍာရေးပြဿနာများကို ရင်ဆိုင်နေရသည့် ဂရိနိုင်ငံမှာ ယခုအချိန်အထိ နိုင်ငံတကာမှ အကူအညီကို နှစ်ကြိမ်တိုင်တိုင် ယူခဲ့ရပြီး စုစုပေါင်း ယူရို ဘီလီယံ ၂၄၀ ရှိသည်။ ထို့ပြင် ထပ်မံ၍ ယူရို ၁ ဘီလီယံအကူအညီရနိုင်ရန်အတွက် နိုင်ငံအတွင်း အလုပ်အကိုင်လျှော့ချရေးစီမံချက်များကိုလည်း လုပ်ဆောင်လျက်ရှိသည်။
    Ref:presstv
    …………………………………..
    နယူးအော်လင်းတွင် သားအဖနှစ်ဦးသေနစ်ဖြင့် ပစ်သတ်ခံရ
    အမေရိကန်ပြည်ထောင်စု နယူးအော်လင်းပြည်နယ်တွင် ဗုဒ္ဓဟူးနေ့ညကဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုတစ်ခုအတွင်း သားအဖနှစ်သေဆုံးခဲ့သည်ဟု သိရသည်။
    ထိုသားအဖနှစ်ဦးမှာ Crescent မြို့သို့သွားရောက်စဉ် ည ၉ နာရီဝန်းကျင်အချိန်၌ လူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၇ လအရွယ်ရှိသည့် သားငယ်လေးမှာ ဦးခေါင်း၏ ၀ဲဘက်တွင်သေနတ် ထိမှန်ခဲ့ပြီး ဆေးရုံးသို့ပို့ဆောင်ပြီးနောက်ပိုင်း သေဆုံးကြောင်း ကြေညာခဲ့သည်။
    ပစ်ခတ်မှုနှင့်ပက်သက်၍ မည်သူ့ကိုမျှဖမ်ဆီးနိုင်ခြင်းမရှိသေးဘဲ၊ တရားခံအား အမြန်ဆုံးဖမ်မိနိုင်ရေးအတွက် လိုအပ်သည့်ကိစ္စရပ်များကို လုပ်ဆောင်လျက်ရှိ ကြောင်း နယူးအော်လင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    အမေရိကန်တွင်သေနတ်ဖြင့် ပစ်ခတ်မှုများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာလက ကွန်နက်တီကတ်ပြည်နယ် နယူးတောင်းမြို့တွင် မူလတန်းကလေးငယ် ၂၀ ဦးသေဆုံးခဲ့သည့် ပစ်ခတ်မှုနောက်ပိုင်း၊ ယခုအချိန်အထိ သေနတ်ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သည့် အရေအတွက်မှာ ၃၀၀၀ ကျော်ရှိပြီဖြစ်သည်။
    Ref:presstv
    …………………………….
    ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများအား မကျေနပ်သောကြောင့် ပဲရစ်တွင် ဆန္ဒပြ
    ပညာရေးကဏ္ဍတွင် အစိုးရက ပြုလုပ်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများကို မကျေနပ်သောကြောင့် ပြင်သစ်ရှိကျောင်းဆရာများက မြို့တော်ပဲရစ်တွင် ယမန်နေ့က ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ကျောင်းဆရာများမှာ ပဲရစ်မြို့တော်ခန်းမမှ ပညာရေးဝန်ကြီးရုံးအထိ ချီတက်ခဲ့ကြပြီး မူလတန်းကျောင်းများအတွက် ပညာရေးဝန်ကြီး ဗင်းဆင့် ပိုင်လွန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအား ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။
    ပိုင်လွန်မှာ မူလတန်းကျောင်းတက်ရက်အား ၄ ရက်ခွဲသတ်မှတ်ခဲ့ပြီး ပုံမှန်ကျောင်းပိတ်သည့် ဗုဒ္ဓဟူးနေ့တွင် နေ့တစ်ဝက်တက်စေခဲ့သည်။ ထိုနေ့တစ်ဝက်တွင် သင်ရိုးတွင်မပါသည့် လှုပ်ရှားမှုများလုပ်စေခဲ့ကာ ပုံမှန်စာသင်ရက်များ၏ အချိန်အား အနည်းငယ် လျော့ချခဲ့သည်။
    ထိုအစီအစဉ်အား မြို့ကြီးများရှိကျောင်းများတွင် ကျင့်သုံးခဲ့သော်လည်း နိုင်ငံတစ်ဝှမ်းရှိ ကျောင်းအများအပြားတွင် ကျင့်သုံးခြင်းမရှိသေးဘဲ ၂၀၁၄ခုနှစ် စက်တင်ဘာလအထိ ဆိုင်းငံ့ထားမည်ဟု ကြေညာခဲ့သည်။
    Ref:presstv
  • ကနေဒါတွင် အခြေစိုက်ပြီး ကလေးများကို လိင်ပိုင်းဆိုင်ရာစော်ကားသည့် အဖွဲ့ဝင် ၃၀၀ ကျော် ကမ္ဘာ့တစ်ဝှမ်းတွင်ဖမ်းဆီး
    နိုဝင်ဘာ- ၁၅ ၂၀၁၃
    M-Media
    729arrest-620x349
    ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားသည့် ကနေဒါအခြေစိုက် ဂိုဏ်းတစ်ခုအား တိုရွန်တို ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့ပြီးနောက် ကမ္ဘာ့တစ်ဝှမ်းတွင်ရှိသည့် ထိုအဖွဲ့၏ အဖွဲ့ဝင် ၃၀၀ ကျော်အားဖမ်းဆီးခဲ့ကာ သြစတေးလျတွင်လည်း အဆိုပါဂိုဏ်း၏ အဖွဲ့ဝင် ၆၅ ဦးအား ဖမ်းဆီးခဲ့သည်ဟု နယူးဆောက်ဝေးလ် ပြည်နယ်ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။
    Thunderer အမည်ရှိ စီမံချက်ဖြင့် သြစတေးလျ ပြည်ထောင်စု၊ ပြည်နယ်နှင့် မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိခဲ့သူများတွင် ကျောင်းဆရာနှစ်ဦး၊ ခရစ်ယာန်ဘုန်းကြီးတစ်ဦးနှင့် ဘုန်းကြီးဟောင်းတစ်ဦးတို့ ပါဝင်ပြီး ၎င်းတို့အား စွဲချက် ၃၉၉ ခုဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။
    ထိုကဲ့သို့ဖမ်းဆီးခဲ့ခြင်းမှာ ကနေဒါအခြေစိုက် ၎င်းအဖွဲ့မှ လွှင့်တင်ထားသော ကလေးငယ်များအား လိင်ပိုင်းဆိုင်းရာ စော်ကားခေါင်းပုံဖြတ်သည့် ၀ဘ်ဆိုဒ်ကို အသုံးပြုကြသည့် ကမ္ဘာ့တစ်ဝှမ်းမှ အဖွဲ့ဝင်များအား ပစ်မှတ်ထားသော စုံစမ်းစစ်ဆေးမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
    ထိုဖမ်းဆီးမှုများကြောင့် ကမ္ဘာ့တစ်ဝှမ်းရှိ ကလေးငယ် ၃၈၆ ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းမှ ကာကွယ်လိုက်နိုင်သည်ဟု နယူးဆောက်ဝေးလ် ရဲတပ်ဖွဲ့က ထည့်သွင်းပြောကြားခဲ့သည်။
    သုံးနှစ်ကြာစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သြစတေးလျရှိ ထိုဝဘ်ဆိုဒ်ကို အသုံးပြုသူများ၏ အသေးစိတ်အချက်အလက်များအား ကနေဒါရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုန်ပြန်ကြေညာခဲ့သည်။
    နယူးဆောက်ဝေးလ်ပြည်နယ်ရှိ လိင်ပိုင်းဆိုင်ရာ ပြစ်မှုများကိုကိုင်တွယ်သည့် ဌာနမှ ရဲအရာရှိ ဂျွန် ကာရ်လာတက်က ၎င်းတို့၏ ဌာနနှင့် နိုင်ငံရပ်ခြားရှိ ဌာနများ ပိုမိုနီးကပ်စွာပူးပေါင်း၍ ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်သည့် လုပ်ငန်းများတွင် ပါဝင်သူများအား ဆက်လက် စောင့်ကြည့်သွားမည်ဟု ပြောကြားခဲ့သည်။
  • မွန်ဂိုလီးယား သမ္မတ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်
    နိုဝင်ဘာ- ၁၅ ၂၀၁၃
    M-Media
    300px-Tsakhiagiin_Elbegdorj,_President_of_Mongolia_and_Nobel_Peace_Laureate_Aung_San_Suu_Kyi
    မွန်ဂိုလီးယားနိုင်ငံ သမ္မတဖြစ်သူ Tsakhiagiin Elbegdorj မှာ မကြာမီတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဟု မွန်ဂိုလီးယား အာဏာပိုင်များက ယနေ့တွင် သတင်းထုန်ပြန်လိုက်သည်။
    မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကြောင့် လာရောက်ခြင်းဖြစ်ပြီး လာရောက်မည့် ရက်အတိအကျကို ထုန်ပြန်ကြေညာခြင်း မရှိသေးပေ။ မြန်မာနိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့မှာ သံတမန် အဆက်အသွယ်များရှိထား သော်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်သာရှိသည်။
    ပြီးခဲ့သည့် ဧပြီလ ကလည်း မွန်ဂိုလီးယားသမ္မတ၏ ဖိတ်ကြားချက်အရ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်မှာ မွန်ဂိုလီးယားနိုင်ငံသို့ ၈ ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး  Ulaanbaatar မြို့တွင် ကျင်းပသည့် ၀န်ကြီးအဆင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းနှင့်ပတ်သက်သည့် အစည်းအဝေးအား တက်ရောက်ခဲ့သည်။ ထို့ပြင် မွန်ဂိုလီးယား သမ္မတနှင့် ပူးပေါင်းကာ မိန့်ခွန်း ပြောကြားခဲ့သည်။
    ဓါတ်ပုံအညွန်း(wiki) NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယားနိုင်ငံ သမ္မတဖြစ်သူ Tsakhiagiin Elbegdorj  တို့ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း တွေ့ဆုံခဲ့စဉ်က
    Ref: xinhu
  • OIC ကို ကန့်ကွက်ကြောင်း ရန်ကုန်မှာ ဆန္ဒထုတ်ဖော်
    နိုဝင်ဘာ ၁၅-၂၀၁၃
    M-Media
    A.N.Lay
    DSC00819a
    ရန်ကုန်။         ။ OIC မှလာရောက်၍ ရုံးခန်းဖွင့်မည်ကို မလိုလားသောကြောင့် ရုံးခန်းဖွင့်မည်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို နိုဝင်ဘာလ ၁၅ ရက်နေ့ (ယနေ့) နေ့လည် ၂ နာရီမှစ၍ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းမှ  ဆူးလေ ဘုရားလမ်း မြို့တော် ခန်းမရှေ့ အထိ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရပါသည်။
    အဆိုပါ ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံ၌ ရုံးခန်းဖွင့်ခြင်းနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်ခြင်းကို လက်မခံနိုင်ခြင်းကြောင့် သက်ဆိုင်ရာမှ ခွင့်ပြုချက်တောင်းကာ ယခုလိုဆန္ဒ ထုတ်ဖော်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဆက်လက်၍ မကွေး ပရိယတ္တိ စာသင်တိုက်မှ ဦးပါမောက္ခ က OIC ကိုယ်စားလှယ်များမှာ ၁၃.၁၁.၂၀၁၃ ရက်နေ့က ကာတာ လေယာဉ်ဖြင့် ရန်ကုန်လေဆိပ်သို့ရောက်ရှိလာတာကို ဘုန်းကြီးတို့တွေ့ရှိခဲ့ရပါတယ်။ အဲ့လိုတွေ့ရှိခဲ့တဲ့ အပေါ်မှာ ဘာကြောင့် ဒီနိုင်ငံကိုရောက်ရှိလာတာလဲဆိုရင်တော့ မိထ္တိလာနှင့် ရခိုင်တို့မှာ ဖြစ်ပွား သွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခ လူမျိုးရေးပဋိပက္ခများကို အကြောင်းပြုပြီးတော့ အဲ့ဒီ့ဌာန အသီးသီးမှာရှိတဲ့ အစ္စလာမ် ဘာသာဝင် မွတ်စလင် လူမျိုးတို့ထံမှ သူတို့က မေးမြန်းပါလိမ့်မည်။ လူအများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်များမှ လူနည်းစုဖြစ်တဲ့ အစ္စလာမ် ဘာသာဝင်များကို သတ်ဖြတ် ညှင်းဆဲ လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုပြီးတော့ မဟုတ်မမှန် လုပ်ကြံပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့လူမျိုးတွေက သူတို့ကိုပြောကြားပါလိမ့်မယ်။  မွတ်စလင် ဘာသာဝင်များမှ တဆင့် ကုလသမဂ္ဂ အဖွဲ့အစည်းသို့တင်ပြပြီး မြန်မာနိုင်ငံသို့ နည်းအမျိုးမျိုးနဲ့ ဝင်ရောက်ပြီးတော့ OIC ရုံးများစိုက်ဖွင့်လာဖို့အကြံအစည်ရှိပါသည်။ ဘုန်းကြီးပြောလိုတာကတော့ မြန်မာနိုင်ငံ အတွင်းမှာ ရခိုင် ဒုက္ခသည်များကို အကြောင်းပြု၍ ဖြစ်စေ ဘင်္ဂါလီ ဒုက္ခသည်များကို အကြောင်းပြု၍ဖြစ်စေ၊ မြန်မာနိုင်ငံက မည့်သည့်နေရာကို မဆို အကြောင်းပြု၍ ဖြစ်စေ OIC ရုံးစိုက်တာကို အလိုမရှိပါဘူး။ ဘာကြောင့် အလိုမရှိသလဲ ဆိုရင် ဘုန်းကြီးတို့လူမျိုးကို ဝါးမျိုတတ်သော ကြောင့် လူမျိုးတုန်းအောင် လုပ်တတ်သာကြောင့်  ဘုန်းကြီးတို့လူမျိုးတွေက အလိုမရှိပါဘူး။ မိမိတို့အနေဖြင့် ဘာသာရေးနဲ့ပတ်သက်လာရင်  ယခုလိုပဲ ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ ရဟန်း သံဃာတွေဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ်စေ၊ တစ်ဦး တစ်ယောက်တည်းဖြစ်စေ ဆက်လက်ပြီး ကန့်ကွက်သွားပါလို့ ပြောကြားခဲ့ပါသည်။
    sittwe 2013
    Photo-ရခိုင်လူငယ် FB
    ဆက်လက်ပြီး ဆရာတော် ဥုသုဝေရ မှ OIC ဆိုတဲ့အစ္စလာမ်မစ် ၅၇ နိုင်ငံက မရိုးဖြောင့်သော အကြံအစည်တွေနဲ့ ဦးဇင်း တို့ဗုဒ္ဓဘာသာနိုင်ငံကနေ အစ္စလာမ်နိုင်ငံဖြစ်အောင် ကြံစည်နေတယ်။ မြန်မာနိုင်ငံကို ကုလားနိုင်ငံဖြစ်အောင် ကြံစည်နေတဲ့အတွက် စိတ်ချမ်းသာစရာ အကြောင်းမရှိပါဘူး။  ဒါကြောင့် OIC ကိုလက်ခံသင့်သလား မလက်ခံသင့်ဘူးလား ဆိုတာစဉ်းစားကြပါ။  ရိုးသားဖြောင့်မက်စွာ ပွင့်လင့်မြင်သာစွာ ဦးဇင်းတို့နိုင်ငံကို တကယ်လူသားချင်းစာနာ ထောက်ထားတယ်ဆိုရင် ဦးဇင်းတို့က မကြိုဆိုစရာ အကြောင်းမရှိပါဘူး။ အခုက ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ လူနည်းစုဆိုတဲ့ ပုဂ္ဂိုလ်တွေကို အားပေးအားမြောက်လုပ်ပြီးတော့ အကြမ်းဖက်ဖြစ်အောင်ပြုလုပ်နေတာတွေ့ရတဲ့အတွက် ဦးဇင်းတို့က လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ အဲ့ဒါကြောင့်ဦးဇင်းတို့ ဒီနေ့ပွဲကျင်းပရခြင်းဖြစ်ပါတယ်။ အခုပြောနေကြတာက လူအများစုက လူအနည်းစုကို အနိုင်ကျင့်တယ်ဆိုတဲ့နေရာမှာ သေသေချာချာ ဝေဖန် သုံးသပ်ဖို့လိုပါတယ်။  လူနည်းစုကို ဘယ်သူတွေက အားပေးပြီးတော့မှ  နိုင်ငံကို ဆူပူအောင် ပဋိပက္ခဖြစ်အောင် ပြုလုပ်လဲဆိုတာ အားလုံးသိအောင် ဦးဇင်းတို့ ယခုလိုပြောကြားခြင်းဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။
    အိုအိုင်စီ ကိုယ်စားလှယ်အဖွဲမှ ဒုတိယ သမ္မတနှင့် လွှတ်တော် ဒုတိယဥက္ကဌ တို့နှင့် တွေ့ဆုံခဲ့သည့် တွေ့ဆုံပွဲတွင် လူမျိုးဘာသာမရွေးဘဲ လူအဖွဲ့အစည်း နှစ်ရပ်စလုံးကို လူမှုရေးနဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်ပြီး ကူညီချင်တယ်လို့ ပြောကြားခဲ့ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါရှိပါသည်။
  • နိုဝင်ဘာ ၁၅ အားကစားသတင်းများ
    နိုဝင်ဘာ-၁၅ ၂၀၁၃
    M-Media
    အီဗရာဟီမိုဗစ်မှာ ရော်နယ်ဒိုထက် ပိုကောင်းသည်ဟု ဆွီဒင် နည်းပြဆို
    ဆွီဒင်အသင်း၏ နည်းပြဖြစ်သူ အဲရစ်ဟမ်ရန်က အသင်း၏ တိုက်စ်စမှူး ဇလာတန် အီဗရာဟီမိုဗစ်မှာ ယခုလက်ရှိတွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်သည် ဟုပြောကြားလိုက်သည်။
    ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုထက် ပိုမိုကောင်းမွန်သည်ဟူ၍လည်း ဟမ်ရန်က ထည့်သွင်းပြောကြားခဲ့သည်။
    “ကျွန်တော့်အတွက်တော့ ဇလာတန်ဟာ နံပါတ် ၁ ပါပဲ။ သူဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးပါ။ ပြီးတော့ ကျွန်တော်တို့ ဆွီဒင်အသင်းရဲ့ အသင်းခေါင်း ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ အကောင်းဆုံးကစားသမားတစ်ဦးလို့ ကျွန်တော် ပြောချင်ပါတယ်” ဟု လစ္စဘွန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    ပေါ်တူဂီနှင့် ဆွီဒင်တို့မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ် ပထမကျော့ အဖြစ် ယနေ့တွင် လစ္စဘွန်း၌လည်းကောင်း၊ ဒုတိယအကျော့အဖြစ် လာမည့် အင်္ဂါနေ့တွင် စတော့ဟုမ်း၌လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    Ref:dailymail
    Ibrahimovic——————————-
    ဇစ်ကိုအား ခေါ်ယူရန် အာဆင်နယ်စဉ်းစားနေ
    တိုက်စစ်မှူးစစ်စစ်အဖြစ် ဂျရူး တစ်ဦးတည်းသာရှိသည့် အာဆင်နယ်အသင်းမှာ အသင်း၏ တိုက်စစ်အား အားဖြည့်ရန် မန်စီးတီးအသင်း တိုက်စစ်မှူး ဇစ်ကိုအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သိရသည်။
    ယခုနှစ် မန်စီးတီးအသင်းတွင် ပုံမှန် ကစားခွင့် မရသည့်အတွက် မပျော်မရွှင် ဖြစ်နေသည်ဟု ဇစ်ကိုက ပြီးခဲ့သည့် သီတင်းပတ်က ၀န်ခံပြောကြားထားပြီး အာဆင်နယ်အသင်း၏ ဇန်န၀ါရီ ၀ယ်ယူမည့်ကစားသမား စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေသည်။
    ထို့ပြင် အာဆင်နယ်အသင်းမှာ ရီးယဲလ်မက်ဒရစ် အသင်း၏ တိုက်စစ်မှူး ကရင်မ် ဘန်ဇီမာကိုလည်း ခေါ်ယူရန်ဆက်သွယ်နေသည်ဟု သိရသည်။ အဆင်နယ်မှာ တိုက်စစ်ပိုင်းတွင် ဂျရူး တစ်ဦးတည်းကိုသာ အားထားနေရပြီး၊ ၎င်းအား ဖိအားများလျော့ကျရန် တိုက်စစ်မှူးတစ်ဦးအား  လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့တွင် ခေါ်ယူရန် လိုအပ်နေသည်။
    ……………………………
    အစိုးရအား သပိတ်မှောက်ရန်အစီအစဉ်အား ပြင်သစ်ကလပ်များ ရွှေ့ဆိုင်း
    ဘောလုံးကစားသမားများအား အခွန်ငွေမြင့်မားစွာကောက်ယူမှုအစီအစဉ်နှင့် ပက်သက်၍ အစိုးရနှင့် ထပ်မံဆွေးနွေးရန် သဘောတူညီခဲ့ပြီးနောက် ဘောလုံးပွဲများ မကစားဘဲ သပိတ်မှောက်မည့် အစီအစဉ်အား ပြင်သစ်ဘောလုံး ကလပ်များ အစည်းအရုံး(UCPF) ရွှေ့ဆိုင်းလိုက်သည်ဟုသိရသည်။
    ပြင်သစ်အစိုးရမှာ ပြင်သစ်နိုင်ငံအတွင်းတွင် ကစားနေသော တစ်နှစ်လုပ်ခ ယူရို ၁ သန်းနှင့် အထက်ရရှိသည့် ဘောလုံးသမားများအား ၀င်ငွေ၏ ၇၅ ရာခိုင်နှုန်းကို အခွန်ကောက်ရန် စီစဉ်ခဲ့သောကြောင့် ပြင်သစ်ထိပ်ဆုံး ဘောလုံးပြိုင်ပွဲနှစ်ခုရှိ ကလပ်အသင်းများက နိုဝင်ဘာ ၂၉ နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ ကစားမည့် ပွဲများကို သပိတ်မှောက်ရန် မူလက စီစဉ်ခဲ့သည်။
    နောက်ပိုင်းတွင် အစိုးရနှင့် ဘောလုံးကလပ်အသင်းများ အကြား ကြားဝင်စေ့စပ်ပေးမှုများကြောင့် ထိုသပိတ်မှောက်ရန် အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သော်လည်း အခြေအနေထူးခြားမှုမရှိပါက သပိတ်မှောက်မှုအားဆက်လက် အကောင်အထည်ဖော်သွားမည်ဟု UCPF က သတိပေးခဲ့သည်။
    “ကျွန်တော်တို့ဒီလာတာ ရာဇသံပေးဖို့လာတာမဟုတ်ပါဘူး။ ဆွေးနွေးဖို့လာတာပါ။ ဗုဒ္ဓဟူးနေ့ညက အစိုးရက ခန့်အပ်ထားတဲ့ ကြားဝင်စေ့စပ်သူတွေဆီကနေ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို တွေ့ခဲ့ရပါတယ်။ ဒီလူတွေနဲ့ သူတို့ပြောတဲ့စကားတွေကို ယုံကြည်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု UCPF ဥက္ကဌ ဂျိန်း ပီရီလူဗလ်က ပြောကြားခဲ့သည်။
    ……………………………….
    ဘာစီလိုနာအသင်းနှင့် ပွဲဦးထွက်ကို ဘယ်တော့မှမမေ့ဟု မက်ဆီဆို
    မနက်ဖြန်တွင် ဘာစီလိုနာအသင်းတွင် ကစားခဲ့သည့်သက်တမ်း ၁၀ နှစ်ပြည့်တော့မည်ဖြစ်သည့် တိုက်စစ်မှူး မက်ဆီက ဘာစီလိုနာ အသင်းကြီးတွင် ပထမဆုံးစတင်ကစားခဲ့ရသည့် ပွဲဦးထွက်ပွဲကို ဘယ်တော့မှမမေ့ဟု ပြောကြားလိုက်သည်။
    မက်ဆီမှာ ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့တွင်ကစားခဲ့သည့် ပေါ်တိုအသင်းနှင့် ခြေစမ်းပွဲတွင် ဘာစီလိုနာ အသင်းအတွက် ပထမဦးဆုံး ပါဝင် ကစားခွင့်ရခဲ့ပြီး၊ အသက် ၁၆ နှစ် အရွယ်သာရှိသေးသည့် ၎င်းအနေဖြင့် ထိုစဉ်က အိပ်မက်များ အမှန်တကယ်ဖြစ်လာသည်ဟု ခံစားခဲ့ရသည်ဟု ဆိုသည်။
    “၂၀၀၃ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က ကျွန်တော့်အတွက် အရေးပါတဲ့ နေ့ရက်ပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ငယ်ငယ်လေးထဲက ကျွန်တော်မက်ခဲ့ရတဲ့ အိပ်မက် အကောင်အထည်ပေါ်လာလို့ပါ။ အဲဒီနေ့ဟာ ကျွန်တော့်အတွက် အရမ်းကို ပျော်စရာကောင်းတဲ့နေ့ပါပဲ” ဟု မက်ဆီက Barca TV ရုပ်သံသို့ ပြောကြားခဲ့သည်။
    ထိုအချိန်မှစကာ တဖြည်းဖြည်းတိုးတက်လာခဲ့သည့် မက်ဆီက အောင်မြင်မှုများမှာ ၎င်းအားပြောင်းလဲစေခဲ့ခြင်းမရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိသည့် မက်ဆီမှာ ယခုအခါ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး လာမည့်နှစ်တွင်မှ ပြန်လည်ကစားနိုင်ဖွယ်ရှိနေသည်။