News @ M-Media

Blog

  • အစ္စရေးကျူးကျော်စစ် တစ်နှစ်ပြည့်အခမ်းအနား ဂါဇာတွင်ပြုလုပ်

    အစ္စရေးကျူးကျော်စစ် တစ်နှစ်ပြည့်အခမ်းအနား ဂါဇာတွင်ပြုလုပ်

    နိုဝင်ဘာ ၁၄၊ ၂၀၁၃
    M-Media

    download

    အစ္စရေးကပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်ဒေသအပေါ် ယမန်နှစ်က ပြုလုပ်ခဲ့သည့် ၈-ရက်ကြာ ကျူးကျော်စစ် တစ်နှစ်ပြည့်အခမ်းအနားအား ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းများက ကျင်းပခဲ့ကြသည်ဟုသိရသည်။

    အစ္စလာမ့်မစ်ကာကွယ်ရေးလှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်နှင့် အစ္စလာမ့်မစ်ဂျေဟာဒ် လှုပ်ရှားမှုအဖွဲ့များ၏ အဖွဲ့ဝင်များအပါအ၀င် ပါလက်စတိုင်းနိုင်ငံသား ထောင်ပေါင်း များစွာတို့က ဂါဇာရှိလမ်းများပေါ်တွင်စုရုံးကာ အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများအတွက် ပြန်လည်ခုခံရန် အဆင်သင့်ရှိကြောင်း ပြသခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင် ဒေသအား ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအ၀င် ပါလက်စတိုင်း အရပ်သား ၁၆၀ ကျော်သေဆုံးခဲ့ပြီး ၁၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

    ၂၀၀၈ ခုနှစ်ကလည်း ဂါဇာဒေသအား အစ္စရေးတို့က ၂၂ ရက်ကြာ တိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်း အရပ်သား ၁၄၀၀ ကျော်သေဆုံးခဲ့ကာ သေဆုံးသူများထဲတွင် ကလေးငယ် ၃၀၀ ကျော် ပါဝင်ခဲ့သည်။

    Ref : Press TV

  • နိုဝင်ဘာ ၁၄၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၁၄၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၁၄၊ ၂၀၁၃
    M-Media

    ဖာဂူဆန်၏ ဝေဖန်မှုအား ရွိုင်ကိန်း ပြန်လည်တုံ့ပြန်


    ပြီးခဲ့သည့် အောက်တိုဘာလကထုတ်ဝေခဲ့သော ဖာဂူဆန်၏ ကိုယ်တိုင်ရေး အထုပ္ပတ္တိတွင် ၎င်းအား ဝေဖန်ထားမှုများနှင့်ပက်သက်၍ စကားစစ်ထိုးနေမည် မဟုတ်သော် လည်း၊ အမှန်တရားအား ထုတ်ဖော်မည်ဟု ဆုံဖြတ်ထားကြောင်း မန်ယူအသင်းအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ပြောကြားလိုက်သည်။

    ဖာဂူဆန်က ၎င်း၏ အထုပ္ပတ္တိတွင် ရွိုင်ကိန်းအား ခြိမ်းခြောက်တတ်ပြီး ရက်စက်ကြမ်းကြုတ်သော ကစားသမားတစ်ဦးအဖြစ်ဖော်ပြထားပြီး၊ ထင်ထားသည်ထက်ပို၍ ရိုင်းစိုင်းသော နှုတ်လျာရှိသည်ဟုလည်း ဖော်ပြထားသည်။

    အိုင်ယာလန်သင်း၏ လက်ထောက်နည်းပြအဖြစ် မကြာသေးမီကမှ စတင်တာဝန်ထမ်းဆောင်နေသည့် ရွိုင်ကိန်းက သူ၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ဖာဂူဆန် ၏ ကစားသမားဟောင်းများနှင့် လက်ရှိကစားသမားများအား ဝေဖန်မှုအား မေးခွန်းထုတ်ခဲ့သည်။

    “ဘောလုံးလောကရဲ့ အလှကတော့ လူတိုင်းမှာ ထင်မြင်ချက်တွေရှိနေတာပါ။ ကျွန်တော့်အတွက်ကတော့ ပြဿနာမဟုတ်ပါဘူး။ ကျွန်တော့်ကိစ္စကတော့ ကျွန်တော့် အကြောင်း နဲ့ ပက်သက်ပြီး၊ ယခင်ကကျွန်တော်ပြောခဲ့တာတွေနဲ့ ပက်သက်ပြီး တခြားသူတွေက ဝေဖန်တာနဲ့၊ ကျွန်တော်အကြောင်းကို လိမ်ပြောတာတွေပါ။ အဲဒီအခါကျရင် ကျွန်တော်ထွက်လာပြီး ကိုယ့်ကိုယ်ကို ကာကွယ်သွားပါမယ်” ဟု ဖာဂူဆန်၏ အထုပ္ပတ္တိနှင့်ပက်သက်၍ မေးမြန်းခဲ့သည့် မေးခွန်းအား ဖြေကြားခဲ့သည်။

    ထို့ပြင် ယခုအချိန်တွင် ဖာဂူဆန်၏ရေးထားမှုအား ခုခံမည်မဟုတ်ကြောင်း ကိန်းက ထည့်သွင်းပြောကြားခဲ့သည်။

    Goal
    ________________________

    အင်္ဂလန်လူငယ်ကစားသမားများအား ပိုမိုဂရုစိုက်သင့်သည်ဟု ရော်ဂျာဆို


    ရဟီမ်းစတာလင်ကဲ့သို့ လူငယ်ကစားသမားများအား အင်္ဂလန်လက်ရွေးစင် အသင်းတွင် အချိန်မတိုင်ခင် စောစောစီးစီးရွေးချယ်ခြင်းနှင့်ပက်သက်၍ လီဗာပူးလ် အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက သတိပေးပြောဆိုလိုက်သည်။

    တောင်ပံကစားသမား စတာလင်မှာ အသက် ၁၇-နှစ်အရွယ် ယမန်နှစ်က လက်ရွေးစင်အသင်း၏ ရွေးချယ်မှုကိုခံခဲ့ရပြီး တစ်ပွဲသာ ပါဝင်ကစားခွင်ရပြီးနောက် ထပ်မံ ရွေးချယ်ခြင်းမခံရတော့ပေ။

    လူငယ်ကစားမားများမှာ အချို့အခြေအနေများတွင် အချိန်မကျသေးဘဲ အသင်းတွင် ပါဝင်ကစားနေရသည်ဟု ယုံကြည်နေသည့် ရော်ဂျာက ပါရမီရှိသည့် အင်္ဂလန် လူငယ်ကစားသမားများအား ပိုမိုဂရုတစိုက် စောင့်ကြည့်ရန် တိုက်တွန်းခဲ့ပြီး စောစောစီးစီးရွေးချယ်ကာ စောစောစီးစီ မေ့ပစ်လိုက်ခြင်းမှာ မမျှတဟု ထည့်သွင်းပြောကြား ခဲ့သည်။

    “သူ(စတာလင်) ဟာ နိုင်ငံမှာရှိတဲ့ အကောင်းဆုံးလူငယ်ကစားသမားတွေထဲက တစ်ယောက်ပါ။ ပြီးတော့ လက်ရွေးစင်အသင်းမှာ ပါဝင်ခဲ့ပြီး ကောင်းကောင်း ကစားနိုင် ခဲ့ပါတယ်။ ဒါပေမယ့် အဓိကကတော့ နည်းပြတွေရဲ့ မျှော်လင့်ချက်ပါ။ အဲဒါဟာ လူငယ်ကစားသမားတွေအတွက် အကြီးမားဆုံး အကြီးမားဆုံး(အတားအဆီး) ပါပဲ” ဟု ရော်ဂျာက Daily Express သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ပွဲအနည်းငယ်တွင်ရွေးချယ်ခံရပြီးနောက် နောက်ပိုင်းတွင် အမေ့ခံရသည့် လူငယ်ကစားသမားများစွာရှိနေပြီး ထိုကိစ္စအတွက် ဂရုစိုက်ရန်လိုအပ်ကြောင်း၊ စတာလင်အနေဖြင့် ပထမဦးဆုံးကစားခဲ့သည့် နိုင်ငံပွဲတွင် အရည်အသွေး ပြည့်မီစွာ ကစားနိုင်ခဲ့သော်လည်း၊ မျှော်လင့်ချက်ကြီးမားခြင်း၏ သားကောင် မဖြစ်စေရန် ဂရုစိုက်ရမည်ဖြစ်ကြောင်း ရော်ဂျာက ထပ်လောင်းပြောကြားခဲ့သည်။

    Goal
    ________________________
    မန်စီးတီးတွင်ပျော်ရွင်နေသည်ဟု တိုးယေးဆို


    နည်းပြသစ်လက်အောက်တွင် အသင်းမှာ မတည်ငြိမ်သောကြောင့် အသင်းအားစွန့်ခွာတော့မည်ဆိုသည့်သတင်းအား မန်စီးတီးအသင်း ကွင်းလယ်လူ ယာယာတိုးယေး က ငြင်းပယ်လိုက်သည်။

    မန်စီးတီးသင်း၏ ကစားသမားဟောင်း ရော့ဒ်နေး မာရှ်က ယခုနှစ်ပရီးမီးယားလိဂ်တွင် မန်စီတီးအသင်းအနေဖြင့် ရလဒ်များ မကောင်းသောကြောင့် ယာယားတိုးရေးမှာ အီတီဟတ်တွင် ဆက်လက်ရှိနေရေးမှာ မတည်မငြိမ်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း နိုင်ငံတကာပွဲကစားရန် အိုက်ဗရီကို့စ်အသင်းသို့ ရောက်ရှိနေသည့် ယာယာတိုးယေးက ၎င်းတို့၏ ညီအကိုနှစ်ယောက်ဓာတ်ပုံကို လွှင့်တင်ကာ ထို ပြောကြားမှုအား ၎င်း၏ တွစ်တာ စာမျက်နှာမှတစ်ဆင့် ငြင်းပယ်လိုက်သည်။

    “ကောလဟာလတွေကို နားမထောင်ပါနဲ့၊ ကျွန်တော် မန်စီးတီးမှာပဲပျော်ပါတယ်။ တိုးယေး ညီအကိုနှစ်ယောက်ဟာ (အခုလောလာဆယ်တော့) မန်ချက်စတာမှမရှိဘဲ ကာဆာကို ရောက်နေပါတယ်” ဟု တိုးယေးက တုံ့ပြန်ရေးသားထားသည်။

    တိုးယေးမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ်အဖြစ် အင်္ဂါနေ့က ဆီနီဂေါအသင်းအား ၃-ဂိုး ၁-ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့သည်။

    Goal
    ________________________
    ဘာလော့တယ်လီကို ကြောက်ရွံ့ခြင်းမရှိဟု ဘိုအာတင်းဆို


    နက်ဖြန်တွင်ကစားမည့် အီတလီအသင်းနှင့် ခြေစမ်းပွဲမတိုင်မီ ပြင်သစ်အသင်း၏ နောက်ခံလူ ဘိုအာတင်းက အီတလီတိုက်စစ်မှူး ဘာလော့တယ်လီအား ကြောက်ရွံ နေမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ဘာလော့တယ်လီမှာ ယမန်နှစ်က ယူရို ၂၀၁၂ ပြိုင်ပွဲတွင် ပြင်သစ်အသင်းက အီတလီအသင်းအား ၂-ဂိုး ၁-ဂိုး အနိုင်ရရှိသောပွဲတွင် အီတလီအသင်းအတွက် အနိုင်ဂိုး ၂-ဂိုးစလုံးကို သွင်းယူပေးခဲ့သူဖြစ်သည်။ ထို့ကြောင့် ဘိုအာတင်းအနေဖြင့် ယခုပွဲ ဘာလော့တယ်လီအာ ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

    “သူ(ဘာလော့တယ်လီ)ဟာ ၂၀၁၂ ခုနှစ်တုန်းကျွန်တော်တို့ကို ပြိုင်ပွဲက ထွက်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်ဟာ ကျွန်တော့်ကို ကြောက်ရွံ့စေမှာ မဟုတ်ပါဘူး။ သူဟာ ဥရောပအကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ။ သူရာနှုန်းပြည့် ကစားနိုင်တဲ့အခါ သူ့ကို ထိန်းဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့နောက်တန်းအတွက်ရော ကျွန်တော့်အတွက်ပါ စိန်ခေါ်မှုကောင်းတစ်ခုပါ” ဟု Bild မဂ္ဂဇင်းသို့ ဘိုအာတင်းက ပြောကြားခဲ့သည်။

    Goal
    ________________________

  • အခန်းဖော်ဖြစ်တဲ့ Miss Thailand ကတောင် သူမကိုအားကျခဲ့ဟု အတွေ့အကြုံရှင်းလင်းပွဲတွင် မိုးစက်ဝိုင်ပြော

    အခန်းဖော်ဖြစ်တဲ့ Miss Thailand ကတောင် သူမကိုအားကျခဲ့ဟု အတွေ့အကြုံရှင်းလင်းပွဲတွင် မိုးစက်ဝိုင်ပြော

    နိုဝင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    A.N.Lay

    Miss Universe Myanmar 2013 ဆုရစဉ်က မိုးစက်ဝိုင် (၂၀၁၃-ခု အောက်တိုဘာလ ၃-ရက်)
    Miss Universe Myanmar 2013 ဆုရစဉ်က မိုးစက်ဝိုင် (၂၀၁၃-ခု အောက်တိုဘာလ ၃-ရက်)

    ရန်ကုန် ။        ။         နှစ်ပေါင်း ၅၀ ကျော်ကြာမှ ပြန်လည်ယှဉ်ပြိုင်ခဲ့သည့် မယ်စကြဝဠာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် Miss Universe Myanmar မိုးစက်ဝိုင်က ပြိုင်ပွဲတွင် ရရှိခဲ့သည့် အတွေ့အကြုံများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၃-ရက်နေ့တွင် ရန်ကုန်မြစ်အတွင်းရှိ RV King Whale မြစ်တွင်း အပျော်စီးသဘောင်္ပေါ်၌ ပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ရှင်းလင်းပွဲတွင် မိုးစက်ဝိုင်က “မိုးစက် ဒီပြိုင်ပွဲ မှာ ဆုတစ်ဆုမှ မရခဲ့ပေမယ့်လည်း မြန်မာအမျိုးသမီးတွေရဲ့ အကြောင်း၊ မြန်မာနိုင်ငံရဲ့အကြောင်းတွေကို ကမ္ဘာက သိအောင် ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက်မှာလည်း ရေကူးဝတ်စုံနဲ့ ပြိုင်ရတာကလွဲလို့ ကြောက်စိတ်မရှိခဲ့ပါဘူး။ အကောင်းဆုံးလည်း ယှဉ်ပြိုင်ခဲ့ပါတယ်။ ရုရှားကို သွားမပြိုင်သေးခင်ကနေ အခုပြန်ရောက်တဲ့ အထိကတော့ မိုးစက်ကို အားပေးတာ ပရိသတ်ကြီးပါပဲ။ မိုးစက်ကိုပရိသတ်ကြီးက အရမ်း အားပေးခဲ့တဲ့အတွက် မိုးစက်နဲ့အခန်းဖော်ဖြစ်တဲ့ Miss Thailand ကတောင် မိုးစက်ကိုအားကျခဲ့ပါတယ်။ အဲ့ဒီအတွက် ပရိသတ်ကြီးကို အရမ်းကျေးဇူးတင်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

    ၎င်းနောက် Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေက မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည့် မိုးစက်ဝိုင်သည် နိုင်ငံတကာ မှ လာရောက်ယှဉ်ပြိုင်ကြသော အလှမယ်များ၊ National Directorများ၊ Miss Universe Organization မှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ ကြားတွင် ပေါင်းသင်းဆက်ဆံရေး ပြပြစ်ကောင်းမွန်မှု၊ ချစ်ကြည် ရင်းနှီးစွာ ပြောဆိုတတ်မှု၊ ယဉ်ကျေးပျူငှာ ဖော်ရွေမှုတို့အတွက် မြန်မာနိုင်ငံ၏ ကောင်းသတင်း ကျော်စောခဲ့ပြီး ပြိုင်ပွဲသို့တက်ရောက်လာသူများက မြန်မာနိုင်ငံတွင် မိုးစက်ဝိုင်ကဲ့သို့ နိုင်ငံတကာအဆင့် ခေတ်ပညာတတ် မိန်းကလေးငယ်များစွာ ရှိကြောင်း သိရှိရသဖြင့် မြန်မာ အမျိုးသမီးများနှင့် မြန်မာနိုင်ငံအတွက် နိုင်ငံတကာအလယ်တွင် ဂုဏ်သိက္ခာ တိုးတက်စေခဲ့ကြောင်း၊ ထို့အပြင် မိုးစက်ဝိုင် ယူဆောင်သွားခဲ့သည့် National Gift
    အား Miss Universe Organization ၏ ဥက္ကဌဖြစ်သူ Ms.Paula M.Shugart က အခြားသူများထက် ဈေးပိုပေး၍ အမြတ်တနိုးဝယ်ယူခဲ့ကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

  • မလေးရှားနိုင်ငံတွင် သိပ္ပံ နှင့် သင်္ချာအားအင်္ဂလိပ်လို သင်ကြားရန် ဒေါက်တာ မဟာသီမှ ထပ်မံနှိုးဆော်

    နိုဝင်ဘာ ၁၄ ၂၀၁၃
    M-Media

    MAHATHIR_MOHAMAD_121113_TMINAJJUA_01_300_198_100

    မလေးရှား ၀န်ကြီးချုပ်ဟောင်း  ဒေါက်တာ မဟာသီ မုဟမ္မဒ် (TunDr Mahathir Mohamad) သည်  ပူထရာဂျာယာ (Purtrajaya) တွင် ပြောကြားခဲ့ဘူးသော သိပ္ပံနှင့် သင်္ချာအား အင်္ဂလိပ်ဘာသာရပ်ဖြင့် ပြန်လည်ပြောင်းလဲသင်ကြားရန် အဆိုကို နိုဝင်ဘာ ၁၂ ရက်နေ့က ထပ်မံပြောဆိုတိုက်တွန်းခဲ့သည်။

    “ အသိပညာဟူသည် လူမျိုးစု တစ်ရပ်အတွက် အောင်မြင်မှုသော့ချက်ဖြစ်သည် ” ဟူသောအမြင်ဖြင့် ယခုကဲ့သို့ ဘာသာရပ်များအား အင်္ဂလိပ်လိုပြောင်းလဲ သင်ကြားခြင်းမှာ မျိုးချစ်စိတ်ဓာတ်ကို ပျက်ဆီးစေမည် မဟုတ်ပါ ဟု သူက အချေအတင်ပြောဆိုတင်ပြခဲ့သည်။

    “ ကျွန်တော်တို့အားလုံး လက်တွေ့ကျကျ တွေးခေါ်တတ်ရပါမယ်။ မလေး ဘာသာစကား သို့မဟုတ် ဘဟာဆာ မလာယု (Bahasa Malaysia) ဆိုတာ သိပ္ပံ နဲ့ သင်္ချာအတွက် ထိရောက်သော ဘာသာစကား မဟုတ်ဘူး။ ကျွန်တော်ဟာ မလေးလူမျိုးပါပဲ။ မလေးဘာသာ စကားကို ချစ်မြတ်နိုးပါတယ်။ ဒါပေမယ့် မလေးလူမျိုး အားလုံးကို အသိပညာ မြင့်မားသူများ ဖြစ်စေချင်ပါတယ်။  ဒါ့ကြောင့် အဲ့ဒီဘာသာရပ်များကို အင်္ဂလိပ်လို သင်ကြားပေးဖို့  ကျွန်တော် ထပ်မံတောင်းဆိုပါတယ် ” ဟု ပတ်တလင်း ဂျာယာ(Petaling Jaya) တွင် ပြုလုပ်ခဲ့သော မွတ်စ်လင်မ်လောကမှ ဆရာများ ပညာမြှင့်တင်ရေးဆိုင်ရာ နိုင်ငံတကာ ကွန်ဖရင့် (International Conference on Teacher Education in the Muslim World)၌ မဟာသီမှ ယခုကဲ့သို့ ပြောကြားခဲ့သည်။

    အကယ်၍ မလေးလူမျိုးများသည် အင်္ဂလိပ် ဘာသာရပ်တွင် မကျွမ်းကျင်ပါက သူတို့တစ်ဦးချင်းသည် မည်မျှတော်သော ကျောင်းသားဖြစ်နေစေကာမူ ၄င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ အလွန်ကိုနည်းပါးသွားနိုင်မည် ဟု ၀န်ကြီးချုပ်ဟောင်းက ထောက်ပြခဲ့သည်။

    “ အင်္ဂလိပ်ဘာသာစကားကိုမသိရင် ဘယ်လိုမှ တိုးတက်မှု  ဖြစ်မလာနိုင်ဘူး။ မျိုးချစ်ဝါဒဆိုတာ မလေးဘာသာ စကားတစ်ခုတည်း တတ်ကျွမ်းရုံ ပြောဆိုနိုင်ယုံကို ခေါ်တာ မဟုတ်ဘူး။ အဲ့ဒီအယူအဆက မှားယွင်းနေပါတယ် ” ဟု သူက ထည့်သွင်းပြောဆိုသည်။

    သိပ္ပံ နှင့် သင်္ချာဘာသာရပ်နှစ်ခုစလုံးသည် နေ့စဉ်နှင့်အမျှ ရှာဖွေတွေ့ရှိချက်အသစ်များနှင့် ပြောင်းလဲနေလျက်ရှိကြောင်း သူမှ ဆက်လက်တင်ပြသည်။

    “ ၉၈ ရာခိုင်နှုန်းသော သိပ္ပံ နဲ့ သင်္ချာ ဆိုင်ရာသုတေသန အစီရင်ခံစာများက အင်္ဂလိပ်ဘာသာရပ်နဲ့သာ ထုတ်ပြန်ကြတယ်။ ကျွန်တော်တို့အနေနဲ့ အဲ့ဒါတွေ တစ်ခုချင်းစီကို လိုက်ပြီး ဘာသာပြန်နေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။  တကယ်လို့ အင်္ဂလိပ် ဘာသာရပ်ကို အသုံး မပြုနိုင်ဘူးဆိုရင် ကျွန်တော်တို့ဟာ အသိပညာပိုင်းဆိုင်ရာမှာ နောက်ကျ ကျန်ရစ်သူများ ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့ဟာ အခြားသူများနဲ့ ယှဉ်ပြိုင်နိုင် စွမ်းရှိတော့မှာ မဟုတ်ဘူး ”။

    ဒေါက်တာ မဟာသီသည် သူဝန်ကြီးချုပ် ဖြစ်ခဲ့စဉ်က သိပ္ပံ နှင့် သင်္ချာအား အင်္ဂလိပ်ဘာသာရပ်ဖြင့် သင်ကြားရန် အစပြုခဲ့သော်လည်း ယင်း စီမံချက်သည် ၂၀၁၁ ခုနှစ်တွင် ရပ်တန့်သွားကြောင်း သိရသည်။

    ယခင်တစ်ချိန်တုန်းကလည်း လူတို့အနေဖြင့် နောင်တမလွန်ပြင်ဆင်ရေးအတွက် သာသနာ့ပညာရပ်တစ်မျိုးတည်းကို ဦးတည် အာရုံစိုက်မည့်အစား  စက်မှုလက်မှု နည်းပညာရပ်များ ဖက်သို့လည်း အလားတူကဲ့သို့ အလေးပေးစေချင်ကြောင်း သူက ပြောဆိုဖူးသည်။

    အာရဗ်ကမ္ဘာ၏ တအိအိနိမ့်ကျပြိုလဲခြင်းက ၄င်းရှိလူတို့သည် ဘာသာရေးပညာ တစ်ရပ်တည်းကိုသာ အဓိကထား အာရုံစိုက်ကြသောကြောင့်ဖြစ်သည်ကို ဖော်ကျူးပြသနေကြောင်း ဥပမာတစ်ရပ်အဖြစ်ပေး၍ သူကဆိုသည်။

    “ အသိပညာရပ်တွေကို လိုက်စားရယူခြင်းက နောင်ဘ၀မှာ ဘာကုသိုလ်မှ မရနိုင်ဘူးလို့ မွတ်စ်လင်မ်များက ခံယူခဲ့ကြတယ်။ သူတို့က ဘာသာရေးကိုသာ အာရုံစိုက်လေ့လာခြင်းဖြင့်သာလျှင် နောက်ဘ၀အတွက် ခိုင်မာလိမ့်မယ်လို့ ယုံထားကြတယ် ” ဟု ပြောပြ၏။

    သူက  ကျောင်းများ၏ သင်ရိုးညွှန်းတမ်းများအား ပြန်လည်ပြုပြင်ပြီး ရှင်သန်ခြင်း၏ တန်ဖိုးတရားများကိုပါ ထည့်သွင်းပို့ချပေးရန် ပညာရေးဝန်ကြီးဌာနသို့ ဆော်သြခဲ့သည်။

    “ ကိုယ်ကျင့်တရားဘာသာရပ်ကို အရေးမကြီးဘူးလို့ ထင်နေကြတယ်။ ကျောင်းများမှာ ဘာသာရေးသင်ကြားချက်များ ပါဝင်နေပေမယ့်လည်း လူတစ်ဦးရဲ့ကိုယ်ကျင့်စရိုက်ကို ဘယ်လို ပြုပြင်ရမယ်ဆိုတာတော့ ဦးစားပေး မပြောဆိုကြဘူး။

    အစ္စလာမ်က လူတွေကို တန်ဖိုးရှိအောင် – အကောင်းအဆိုးခွဲခြားနိုင်အောင် သွန်သင်လမ်းညွှန်ထားတယ်။  ဒါပေမယ့် ကျွန်တော်တို့ဟာ ဘယ်လိုဝတ်ပြုရမလဲ၊ ဘယ်လို ဆုတောင်းရွတ်ဆိုရမလဲ ၊ ဘုရားသခင်ဆီ ဘာတွေတောင်းဆိုဆုပန်ရမလဲ ဆိုတာတွေကိုပဲ အလေးထားနေတယ်လေ။ ကျွန်တော်တို့အနေနဲ့ သူတို့ကို ကိုယ်ကျင့်တရားကောင်းမွန်သူဖြစ်လာအောင်  မသင်ကြားပေးကြတော့ဘူးလားဗျာ ” ။

    လူထုများကြားတွင် စရိုက်စာဂပျက်စီးမှုများ တိုးပွားနေသည်ကို တွေ့ရကြောင်း၊ လာဘ်ပေးလာဘ်ယူမှုများ နှင့် ရာဇ၀တ်မှု ကျူးလွန်နှုန်း မြင့်တက်လာခဲ့ကြောင်း ဆိုကာ “ ကျွန်တော်တို့ မျှော်မှန်းခဲ့တဲ့ ဥပဒေလေးစားပြီး အမှန်တရားမြတ်နိုးသူ တိုင်းသူပြည်သားတွေကို မွေးထုတ်မယ့် ပညာရေးစံနစ်က အောင်မြင်ပုံမရဘူး။ သူတို့ဟာ ဥပဒေကိုမချိုးဖောက်ကြလျှင်သော်မှ မိမိရဲ့အလုပ်အပေါ်တန်ဖိုးထားမှု နဲ့ တာဝန်ယူတတ်မှုတွေဟာ မျှော်မှန်းအဆင့်အနေအထားဆီ မရောက်နိုင်အောင် ပြတ်ကျန်ခဲ့ကြတယ်။ အလုပ်နဲ့ ပတ်သက်ရာ ကျင့်ဝတ်ကောင်းတွေ သူတို့ဆီမှာ လစ်ဟာနေသေးတယ် ” ဟု သူ၏ ယူဆချက်ကို တစ်ချိန်က ပြောခဲ့ဖူးပါသည်။

    Ref: themalaysianinsider

  • တူရကီ နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံသို့ ၂ ရက်ကြာခရီးစဉ် ဒီနေ့စတင်မည်။

    နိုဝင်ဘာ-၁၄ ၂၀၁၃
    M-Media

    Turkish FM Davutoglu

    ကမ္ဘာပေါ်တွင် နှိပ်စက်ညှင်းပမ်းမှု အခံရဆုံး လူသားများအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည့် ရိုဟင်ဂျာ မွတ်စလင်များ၏ အခြေအနေအား အလေးထား လေ့လာရန် တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu  မှာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဟု သိရသည်။

    ကြာသာပတေးနေ့(ယနေ့)တွင် လာရောက်မည်ဖြစ်ပြီး နှစ်ရက်တာကြာမြင့်မည့် အဆိုပါ ခရီးစဉ်တွင် မြန်မာနိုင်ငံရှိ မွတ်စလင်လူနည်းစုများ၏ ဒုက္ခများကို အလေးထား ကြည့်ရှုသွားမည်ဖြစ်သည်။

    Davutoglu  မှာ ရခိုင်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များအကြား အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက တူရကီဝန်ကြီးချုပ်၏ ဇနီးဖြစ်သူနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

    ထိုအကြမ်းဖက်မှုများကြောင့် လူအများအပြားသေဆုံးခဲ့ပြီး သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာခဲ့ရသည်။ ကုလသမဂ္ဂ၏ အဆိုအရ ၂၀၁၂ နှစ်ကုန်ပိုင်းတွင်ပင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင် ၁၂၅၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရသည်ဟု သိရသည်။

    ညှင်းပမ်းနှိပ်စက်မှုများနှင့် ရင်ဆိုင်နေရသည့် ရိုဟင်ဂျာမွတ်စလင်များအား မြန်မာအစိုးရက ခိုးဝင်လာသူများဟု အမည်တပ်ထားပြီး နိုင်ငံသား သို့မဟုတ် တိုင်းရင်းသားလူမျိုး တစ်မျိုးအဖြစ်လည်း အသိအမှတ်ပြုထားခြင်းမရှိပေ။ ရိုဟင်ဂျာများ၏ နောက်ဆုံး အခြေအနေများကို OIC အဖွဲ့က ဖွဲ့စည်းပေးထားသည့် ရိုဟင်ဂျာဆက်သွယ်ရေးအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့က ဆောက်ရွက်ပေးမည်ဖြစ်ပြီး အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် အင်ဒိုနီးရှား၊ ဂျီဘောက်တီ၊ ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်နှင့် တူရကီနိုင်ငံတို့ ပါဝင်ကြသည်။

    Ref: worldbulletin

    ဓါတ်ပုံအညွှန်း- နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက တူရကီဝန်ကြီးချုပ်၏ ဇနီးဖြစ်သူပါဝင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က ပုံရိပ်အချို့