News @ M-Media

Blog

  • သဘာဝ ဓာတ်ငွေ့တင်ပို့သည့် နိုင်ငံများ၏ ၀န်ကြီးများ အစည်းအဝေး အီရန်တွင် လက်ခံကျင်းပ

    နိုဝင်ဘာ ၅ ၂၀၁၃
    M-Media

    GECF_101209

    ၁၅ နှစ်မြောက် သဘာဝဓာတ်ငွေ့တင်ပို့သည့်နိုင်ငံများ၏၀န်ကြီးများ တွေ့ဆုံဆွေးနွေးပွဲ (Gas Exporting Countries Forum (GECF)) အား အီရန်နိုင်ငံ တီဟ်ရန် (Tehran) ၌ နိုဝင်ဘာလ ၃ ရက်တွင် ပြုလုပ်ခဲ့ကြောင်း SHANA သတင်းဌာနက ပြောကြားခဲ့သည်။

    GECF ၏ ငွေကြေးကဏ္ဍကိစ္စများ၊ စီမံခန့်ခွဲရေးကိစ္စများနှင့်အတူ ၂၀၁၄ ခုနှစ်အတွက် ဘတ်ဂျက်ဇယားရေးဆွဲရန်ကိုလည်း ၄င်းတွေ့ဆုံပွဲတွင် ဆွေးနွေးမည်ဖြစ်သည်။ GECF ၏ အတွင်းရေးမှူးချုပ်ကိုရွေးချယ်မည့်အစီအစဉ်လည်း ပါဝင်သည်။

    GECF ၏ အတွင်းရေးမှူးချုပ်နေရာအတွက် စိုင်ယဒ် မုဟမ္မဒ် ဟိုစိုင် အဒ်လီ (Seyyed Mohammad HosseinAdeli) အား အီရန်နိုင်ငံဖက်မှ အမည်တင်သွင်းထားကြောင်း၊  ဖိုရမ်ဦးဆောင်သူ အီရန်နိုင်ငံရေနံဝန်ကြီး ဘီဂျန် နမ်ဒါ ဇန်ဂါအီဟ် (BijanNamdarZanganeh) ၏ ပြောကြားချက်ကို အီရန်သတင်းဌာနများက ပြန်လည်ကောက်နှုတ်တင်ပြခဲ့သည်။

    GECF ၏ တတိယအကြိမ် ထိပ်သီးအစည်းအဝေးအား တီဟ်ရန်တွင်ပင် ပြုလုပ်မည်ဖြစ်ပြီး ဒုတိယအကြိမ်မြောက် အစည်းဝေးကိုတော့ ဇူလိုင်လက မော်စကိုတွင် ပြုလုပ်ခဲ့သည်။

    ဖိုရမ်အတွင်း သဘာဝဓာတ်ငွေ့အဓိက တင်ပို့ဖြန့်ချိသည့် နိုင်ငံများဖြစ်သော အလ်ဂျီးရီးယား(Algeria)၊ ဘိုလီးဗီးယား(Bolivia)၊ အီဂျစ်(Egypt)၊ အီကွေတိုးရီးယား ဂီနီ (Equatorial Guinea)၊ အီရန်(Iran)၊ လစ်ဗျား(Libya)၊ နိုင်ဂျီးရီးယား(Nigeria)၊ အိုမန်(Oman)၊ ကာတာ(Qatar)၊ ရုရှား(Russia)၊ ထရိုင်နီဒတ်(Trinidad) နှင့် တိုဘာဂို(Tobago)၊ ယူအေအီး(United Arab Emirates) နှင့် ဗင်နီဇွဲလား(Venezuela) တို့မှ အလွှာစုံလူတန်းစားအသီးသီးနှင့် အစိုးရနောက်ခံအဖွဲ့စည်းများ ပါဝင်ကြသည်။ ကာဇတ်စတာန်(Kazakhstan)၊ အီရတ်(Iraq)၊ နယ်သာလန်(Netherland) နှင့် နော်ဝေး(Norway) တို့မှာ လေ့လာသူအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည်။

    GECF ၏ ပထမဆုံးအကြိမ်ထိပ်သီးဆွေးနွေးပွဲအား ကာတာ၏မြို့တော် ဒိုဟာတွင် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် အီရန်မြို့တော် တီဟ်ရန်တွင် GECF အား စတင်တည်ထောင်ခဲ့သည်။ ၄င်း၏ အသင်းဝင်နိုင်ငံများသည် ကမ္ဘာ့ သဘာဝဓာတ်ငွေ့သိုက်၏ ၇၀ ရာခိုင်နှုန်းကျော်ကိုလည်းကောင်း၊ သဘာဝဓာတ်ငွေ့လောင်စာရည်ထုတ်လုပ်မှု LNG ၏ ၈၀ ရာခိုင်နှုန်းကိုလည်းကောင်း ထိန်းချုပ်ထားသည်။

    တရားဝင်ဖိုရမ်ကို မော်စကို၌ ဒီဇင်ဘာလ၂၀၀၈ခုနှစ်တွင် စတင်ခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းအင်ဝန်ကြီးများသည် ဖိုရမ်၏ သတ်မှတ်ချက်များကိုဖော်ဆောင်ကာ သက်ဆိုင်ရာအစိုးရတို့၏နောက်ခံအဖွဲ့စည်းတစ်ခုအနေဖြင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

    Source : Trend.az

  • ဒေါ်အောင်ဆန်းစုကြည် နှင့် အစ္စလာမ်ကြောက် ဗုဒ္ဓဘာသာဝင်များ လောက (By ဒေါက်တာ မောင်ဇာနည်)

    နိုဝင်ဘာ ၄၊ ၂၀၁၃
    M-Media
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်

    20131136475110734_20

    ဆယ်စုနှစ်များစွာ မကောင်းမြင်အောင်ပုံဖော်၍ ဖိနှိပ်ခံထားရသော လူနည်းစုမြန်မာမွတ်စ်လင်မ်တို့မှာ နှုတ်ပိတ်တိတ်ဆက်လျက်ရှိသည့်မီဒီယာအကြားဝယ် အကြမ်းဖက်လှိုင်းသစ်တစ်ရပ်ကို ရင်ဆိုင်နေရ၏။

    လူ့အခွင့်အရေး၊ အကြမ်းမဖက်ရေး နှင့် ပြန်လည်ရင်ကြားစေ့ရေး၌ ကမ္ဘာ့အထင်ရှားဆုံးရုပ်လုံးတစ်ခုဖြစ်လျက်ရှိသူ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်၏ အစ္စလာမ်ကြောက်ဗုဒ္ဓဘာသာလောကသို့ တိုးဝင်ခဲ့ပေပြီ။ Today အမည်ရှိ BBC ၏ အထူးတင်ဆက်မှုအစီအစဉ်၌ ပြည်သူနှင့် ဘုန်းကြီးများ အပါအ၀င် ဗုဒ္ဓဘာသာဝင်တို့၏ စံနစ်တကျ အကြမ်းဖက်မှု လှိုင်းလုံးများ နှင့် နာဇီဆန်ဆန် အမုန်းဝါဒဖြန့်မှုများကို အပြန်အလှန် အကြမ်းဖက်မှု အဖြစ် သူမက ပုံဖော်ကာ ဗုဒ္ဓဘာသာဝင် မြန်မာများသည် ကမ္ဘာအနှံ့ မွတ်စ်လင်မ်သြဇာ ကြီးထွားမြင့်မားနေမှု အပေါ် စိုးရိမ်ကြောက်ရွံ့နေခြင်းကြောင့်ဖြစ်ကြောင်း ဆိုလိုက်သည်။

    ထင်ရှားသောအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ “အကြောက်တရားမှလွတ်မြောက်ရေး” အတွေးအမြင်ကို မြန်မာပြည်သာမက ကမ္ဘာတစ်ဝှန်းကပင် ချီးကျူးလေးစားခဲ့ကြသည်။ သို့သော် ယခုအခါ သူမကိုယ်တိုင်က အခြားအကြောက်တရားတစ်မျိုးဖြစ်သည့် Islamophobia ခေါ် “ အစ္စလာမ်ကို အမြင်မှားကြောက်ရွံ့မှု ” ထဲသို့ မြုပ်ဝင်သွားပုံရလေသည်။

    လက်ရှိအကြမ်းဖက်လှိုင်းလုံးများသည် အပြန်အလှန်အကြမ်းဖက်မှု ဖြစ်ရန်နေနေသာသာ နိုင်ငံ့လူဦးရေ သန်း ၆၀ အနက် ၁.၃ သန်းရှိ ရိုဟင်ဂျာမွတ်စ်လင်မ်တို့အား မျိုးသုဉ်းရှင်းလင်းရေးလုပ်နေသည်ကို တစစဖြင့် အမှန်တရား ပေါ်လွင်လာလျက်ရှိနေသည်။ ဤသည်မှာ London-based Equal Rights Trust သုတေသနကောလိပ်မှ သုံးနှစ်တာလေ့လာမှုအပြီး ကျွန်ုပ်၏ ကောက်ချက်ချမှုပင် ဖြစ်ပါသည်။

    သမိုင်းနှင့်ချီသော မျိုးသုဉ်းရှင်းလင်းမှု
    ————————————–
    စစ်တပ်ချုပ်ကိုင်ထားသည့် မြန်မာနိုင်ငံအနောက်ပိုင်း အာရကန်ပြည်နယ်(ယခုအခေါ် ရခိုင်ပြည်နယ်)၌ ၁၉၇၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ဆင်ရေးကြီးတစ်ရပ်ကို ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။ လူပေါင်း နှစ်သိန်းလေးသောင်းခန့်မှာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ နယ်နှင်မောင်းထုတ်ခံရသည်။ ဤသည်ကား အနောက်တိုင်းမှ အစွန်းရောက်အစ္စလာမ်တို့ကိုပြုလုပ်သည့် “War on Terror” မတိုင်မှီကတည်းက ဖြစ်စဉ်တည်း။ မွတ်စ်လင်မ်များအပါအ၀င် လူများစုဗမာလူမျိုးတို့က “အမေစု” ဟုခေါ်တွင်နေသော အောက်စ်ဖို့ဒ် တက္ကသိုလ်ထွက် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်သည် “မွတ်စ်လင်မ်တို့၏သြဇာမြင့်တက်ကြီးထွားလာခြင်း” ဟူသည့်စကားလုံးကို အလျောက်ပတ်ဆုံးဆင်ခြေအဖြစ် အသုံးပြုလိုက်လေသည်။

    မတူညီသောနောက်ခံအနေအထားရှိကြသည့် ဗုဒ္ဓဘာသာမြန်မာများ နှင့် မွတ်စ်လင်မ်များသည် အချင်းချင်း ကြောက်ရွံ့စိုးရိမ်နေကြသည်ဟု ဒေါ်အောင်ဆန်းစုကြည်က လွဲမှားစွာ ယှဉ်တွဲသုံးသပ်ခဲ့သည်။ မွတ်စ်လင်မ်တို့မှာ မီးရှို့သတ်ဖြတ်ခံရခြင်း၊ ပျက်လိုပျက်ဆီးပြုခံရခြင်း၊ အဓမ္မဌာနီစွန့်ခွာစေခြင်း စသော လက်တွေ့မျက်တွေ့အချက်များကို သူမမှ လုံးလုံးလျားလျား လျစ်လျူရှုလိုက်ကြောင်း ပေါ်လွင်နေပေသည်။ ရခိုင်ပြည်နယ်အတွင်း အိုးမဲ့အိမ်မဲ့ဖြစ်သွားသော လူတစ်သိန်းလေးသောင်းကျော်အပါအ၀င် အကြမ်းဖက်ခံသားကောင်များ၏ ၉၀ ရာခိုင်နှုန်းမှာ ရိုဟင်ဂျာ နှင့် အခြားမွတ်စ်လင်မ်တို့ ဖြစ်ကြ၏။ ပြည်တွင်းရှိ မြို့၁၁ မြို့အသီးသီးသို့ မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုများ ပြန့်နှံ့ခဲ့ရာ သေဆုံးသူမွတ်စ်လင်မ်ဦးရေ ၁၀၀၊ ဌာနေပျောက်သူမွတ်စ်လင်မ်ဦးရေ ၁၂၀၀၀၊ ဖျက်ဆီးခံမွတ်စ်လင်မ်အိမ်ခြေ ၁၃၀၀ နှင့် ဖျက်ဆီးခံဗလီဝတ်ကျောင်း ၃၇ လုံး ရှိနေပြီဖြစ်သည်။

    ၁၉၉၀ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာမွတ်စ်လင်မ်တို့မှာ လုံခြုံရေးတင်းကြပ်ထားသည့် နယ်မြေများအတွင်း ပိတ်လှောင်ခံထားရသည်။ ခရီးသွားလာခွင့်ဆိုင်ရာ ပြင်းထန်သောကန့်သတ်ချက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပြည့်ဝစွာမရအောင် ကာဆီးမှုများ၊ ပညာရေးနှင့်အလုပ်အကိုင် မရရှိစေမှုများ ကြုံခဲ့ရသည်။ နိုင်ငံလုံခြုံရေးတပ်ဖွဲ့တို့၏လက်အောက်ဝယ် လိင်စော်ကားမှုများ၊ အပြစ်ရှာစွပ်စွဲမတရားစီရင်ခြင်းများ၊ အဓမ္မစေခိုင်းမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ စသည့် ညှင်းပန်းရက်စက်မှုများမှာ အထိန်းအကွပ်မဲ့ တိုးပွားလျက် ရှိသည်။

    ထိမ်းမြားခြင်းနှင့်မီးဖွားခြင်းဆိုင်ရာ တင်းကြပ်ကန့်သတ်မှုများကြောင့် ရိုဟင်ဂျာကလေးငယ် ခြောက်သောင်းကျော်မှာ မြန်မာအစိုးရ၏အသိအမှတ်ပြုခြင်းကို မရရှိကြ (၀ါ) နိုင်ငံသားစာရင်း အသွင်းမခံကြရ။ ကလေးသူငယ်များဆိုင်ရာအခွင့်အရေးကို ချိုးဖောက်လျက် အခြေခံပညာသင်ယူခွင့်ကိုလည်း မပေးခဲ့ကြချေ။ မြန်မာသည် အာရှတိုက်အတွင်း စာတတ်မြောက်မှုနှုန်း အမြင့်ဆုံးနိုင်ငံစာရင်း၌ ပါဝင်နေသော်လည်း အရွယ်ရောက်ပြီး ရိုဟင်ဂျာ ၈၀ ရာခိုင်နှုန်းမှာ စာပေမတတ်မြောက်ကြသည်မှာ အံ့အားသင့်စရာပင်။ ဆေးဝါးကုသခွင့်ရရှိမှုနှင့်စပ်လျဉ်း၍ လူနာ ၃၇၅ ဦးလျှင် ဆရာဝန်တစ်ဦးနှုန်းဆိုသည့် နိုင်ငံတော်ပျမ်းမျှအချိုးနှင့်နှိုင်းယှဉ်ကြည့်သောအခါ ရိုဟင်ဂျာမွတ်စ်လင်မ်တို့အကြား လူနာ ၇၅၀၀၀ လျှင် ဆရာဝန်တစ်ဦး၊ ရိုဟင်ဂျာအများစုရှိရာဒေသများတွင် လူနာ ၈၃၀၀၀ လျှင် ဆရာဝန်တစ်ဦးနှုန်း ဖြစ်နေသည်ကိုတွေ့ရ၏။

    လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ HRW မှဆိုထားသော မျိုးသုဉ်းရှင်းလင်းခြင်း နှင့် လူ့အခွင့်အရေးချိုးဖောက်ရာဇ၀တ်မှုများမှာ မြန်မာနိုင်ငံ၌ မရှိကြောင်း ဒေါ်စုကြည်မှ ငြင်းဆိုလိုက်သဖြင့် အပြည်ပြည်ဆိုင်ရာ၏စောင့်ကြည့်အကဲခတ်မှု ပိုမို ကြီးမားသွားစေသည်။ မြန်မာပြည်လူဦးရေစုစုပေါင်း၏ ၄ ရာခိုင်နှုန်းမျှသာရှိနေသော လူနည်းစုမွတ်စ်လင်မ်တို့အား လူမျိုးရေးအကြမ်းဖက်မှုများအပေါ် တမင်ရေငုံနှုတ်ပိတ်နေနေခြင်းကြောင့် သူမအား နိုင်ငံတကာဝေဖန်မှု မြင့်မားနေဆဲဖြစ်သည်။

    ၁၉၇၈ ခုနှစ်ကတည်းက နိုင်ငံတော်မူဝါဒဖြင့် ရိုဟင်ဂျာတို့အပေါ် စံနစ်တကျကြိုတင်စီမံပြီး တငွေ့ငွေ့လောင်ကျွမ်းနေသော မျိုးသုဉ်းရှင်းလင်းရေး၊ နိုင်ငံတော်မှ ထိထိရောက်ရောက်အရေးမယူဘဲ ထပ်မံမျက်နှာလွှဲထားခဲ့သော မကြာသေးမီဖြစ်ပွားခဲ့သည့် မွတ်စ်လင်မ်ဆန့်ကျင်ရေး တအုံတကျင်းအကြမ်းဖက်မှု၊ မီဒီယာအား ဒုတိယလက်နက်လိုအသုံးချမှုတို့အား ရှုတ်ချဝေဖန်ရန် ဒေါ်စုကြည်မှ ပျက်ကွက်ခဲ့သည်။

    နှုတ်ပိတ်တိတ်ဆိတ် မီဒီယာများ
    ———————————-
    ရိုဟင်ဂျာတို့အား စံနစ်တကျကြံစည်ရှင်းလင်းရေးပုံဟန်တို့ကို မီဒီယာများမှ ဆယ်စုနှစ်များစွာ မသိကျိုးကျွံ ပြုခဲ့ကြသည်။ ယခုချိန်တိုင်အောင် မီဒီယာခေါင်းကြီးပိုင်း၌ ထိုက်ထိုက်တန်တန်နေရာရထားသူ ဒေါ်စုကြည်ပင်လျှင် မျိုးသုဉ်းရှင်းလင်းရေး မဟုတ်ပါ၊ မရှိပါဟု ဆိုနေချေပြီ။ တရုတ်၏လက်ဝါးကြီး အုပ်ပုံဟန်နှင့် အတူ မြန်မာစစ်ခေါင်းဆောင်များ တံခါးဖွင့်ဝါဒ ကျင့်သုံးကတည်းက မြန်မာနိုင်ငံသည် နောက်ဆုံးလက်ကျန် အပျိုစင်စီးပွားရေးဈေးကွက်များ အနက်တစ်ခု အပါအ၀င်ဖြစ်နေကြောင်း မီဒီယာများနှင့်အပြည်ပြည်ဆိုင်ရာ မူဝါဒ စာမျက်နှာများပေါ်တွင် ဘွားဘွားကြီး ပေါ်လွင်လာတော့သည်။ မြန်မာပြည်ရှိ ၄င်းရွှေအခွင့်အလမ်းနှင့် ယှဉ်လာပါက အရာရာအားလုံးမှာ ၄င်းတို့အတွက် ဒုတိယအဆင့်သို့ ရောက်ရှိသွားပါသည်။

    ရိုဟင်ဂျာနှင့် အခြားမြန်မာမွတ်စ်လင်မ်တို့သည် မိမိတို့ရပ်တည်မှုနှင့်စပ်လျဉ်း၍ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရ၏။ ၄င်းတို့သည် လူနည်းစုလေးသာဖြစ်နေသည် သာမက မြန်မာ့ စီးပွားရေး၊ နိုင်ငံရေး၊ လူ့ အဖွဲ့အစည်းအရေးတို့၌ တန်းတူ အခွင့်အရေး မရရှိခြင်းကြောင့် နိမ့်ကျသည့်အခြေအနေတွင် ရှိနေခဲ့ပြီးဖြစ်သည်။ ၄င်းတို့သည် ဗုဒ္ဓ လမ်းစဉ်ကိုသော်လည်းကောင်း၊ နိုင်ငံတော် လုံခြုံရေးနှင့် အချုပ်အခြာအာဏာကိုသော်လည်းကောင်း အန္တရာယ်ပေးသူများ မဟုတ်ကြ။ လူမှု ကဏ္ဍတိုင်း၌ ဖိနှိပ်ရန် စံနစ်တကျ ဖွဲ့စည်းစုရုံးထားသည့် မွတ်စ်လင်မ်ဆန့်ကျင်မှု အမျိုးသားရေး ၀ါဒီများဖက်သို့ အမေစုသည် သိသိသာသာ တိမ်းညွှတ်ရပ်တည်သွားသည့်အပြင် –  ဗြိတိန်၊ အမေရိကန်စသည့် အစိုးရများက ကိုယ်ပိုင်ဗျူဟာမူဝါဒနှင့် စီးပွားရေးအခွင့်အလမ်းအမိဖမ်းရေးလိုအပ်ချက်အရ Islamophobia ရောဂါရှင် ၀ါဒဖြန့်လှုံ့ဆော်သူနှင့် အမုန်းတရား သွတ်သွင်းဟောပြောသူတို့ကို ထင်ရှားစွာ ကျားကန်ပေးနေသည့် စစ်ခေါင်းဆောင်တို့နှင့် သင့်မြတ်ရေးကို ရွေးချယ်လိုက်သောအခါ ……. မြန်မာ မွတ်စ်လင်မ်တို့ အဖို့ ဒုက္ခတွင်း နက်သထက်နက်ရပေသည်။

    aljazeera တွင် ဖော်ပြပါရှိသော ဒေါက်တာမောင်ဇာနည်၏ Aung San Suu Kyi and the world of Buddhist Islamophobia ဆောင်းပါးကို “ မြင့်မိုရ်မောင်မောင် ” မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။

    ဆောင်းပါးရှင် မောင်ဇာနည်သည် London School of Economics မှ Civil Society and Human Security Unit ၏ ဧည့်သည်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ မိမိဇာတိမြန်မာပြည်မှ လူမျိုးရေးအကြမ်းဖက်မှု နှင့် နာဇီလက်သစ်ဗုဒ္ဓ အမျိုးသားရေးဝါဒတို့အပေါ် ဝေဖန်သုံးသပ် တင်ပြနေသူလည်း ဖြစ်သည်။

  • နိုဝင်ဘာ ၄ နိုင်ငံတကာနှင့် ပြည်တွင်း သတင်းတို

    နိုဝင်ဘာ-၄ ၂၀၁၃
    M-Media

    တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး နိုဝင်ဘာလတွင် မဖြစ်နိုင်တော့

    နိုဝင်ဘာလတွင် အပစ်အခတ်ရပ်စဲရန် မသေချာတော့ကြောင်း၊ ဆွေးနွေး ညှိနှိုင်းမှုများ မပြီးပြတ်သေးသည့်အတွက် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ မူဝါဒသစ်အား တိုင်းရင်းသားများကို တင်ပြထားပြီး တိုင်းရင်းသားများ ဘက်မှ တင်ပြသည့် ဘုံသဘောတူညီချက်ကို ဆွေးနွေးရမည့် အချက်များလည်း ရှိနေသေးတယ်ဟု ကာကွယ်ရေး ဦးစီးချုပ်၏ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက မြစ်ကြီးနားမြို့တွင် ယနေ့ပြုလုပ်သည့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆-ဖွဲ့၏ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဧရာဝတီသတင်းဌာန သို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။
    _______________________
    ကူညီကယ်ဆယ်ရေး လုပ်ငန်းများ မျှမျှတတ လုပ်ဆောင်ရန် ရခိုင်ပြည်နယ် အစိုးရမှ NGO အား ခေါ်ယူဆွေးနွေး

    နိုဝင်ဘာ ၂-ရက်နေ့က ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားမှုတွင်ဒဏ်ရာရသူ တွေကို NGO များမှ စစ်တွေဆေးရုံသို့ပို့ဆောင်ရာတွင် မွတ်စလင်မ်များကိုသာ ပို့ဆောင်ပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များတွင်လည်း ရခိုင်နှင့် မွတ်စလင်မ်များ အကြားနှစ်ဘက် မျှတမှု မရှိဟုဆိုပြီး ပြောဆိုမှုများ ရှိလာသည့်အတွက် နှစ်ဘက်မျှမျှတတလုပ်ဆောင်ရန်ရခိုင်ပြည်နယ်တွင် အခြေစိုက်သည့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာလူမှုအဖွဲ့အစည်း (NGO)များအား ရခိုင်ပြည်နယ် အစိုးရမှ ခေါ်ယူဆွေးနွေးကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။
    ______________________
    ဗုံးဖောက်ခွဲသည့် တရားခံများ ဖမ်းမိရေး မနက်ဖြန်တွင် ရန်ကုန်တိုင်း လွှတ်တော်၌ ဆွေးနွေးမည်

    အောက်တိုဘာလအတွင်းဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများတွင် တရားခံ များကို အမြန်ဆုံးဖမ်းမိရန် ရန်ကုန်တိုင်း လွှတ်တော်အထူး အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ပြီး ဗုံးဖောက်ခွဲမှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားနှောက်ယှက် ဖျက်ဆီးသည့်သဘောဟု အစိုးရမှ ပြောသော်လည်း KNU မှမူ ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများကြီးထွားအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင် အသီးသီးပြောဆိုထားကြောင်း မဇ္ဈိမသတင်းဌာနတွင် ဖော်ပြထားပါသည်။

    ______________________

    ရွှေမြန်မာလေကြောင်းလိုင်း နိုင်ငံရပ်ခြားသို့ တိုးချဲ့ပြေးဆွဲမည်

    မြန်မာနိုင်ငံရှိ ပုဂ္ဂလိကပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် ရွှေမြန်မာလေကြောင်းလိုင်းမှာ Air Bus လေယာဉ်များအသုံးပြုကာ ပြည်တွင်းနှင့် ပြည်ပလိုင်းသစ်များ ယခုလအတွင်း တိုးချဲ့ပြေးဆွဲမည်ဟု သိရသည်။

    ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရန် ရက်ပေါင်း ၄၀ သာလိုတော့ပြီးအာဆီယံနိုင်ငံများမှ အားကစားသမားများအပါအ၀င် ခရီးသည်များ လာရောက်တော့မည်ဖြစ်သောကြောင့် ယခုလ ၁၅ ရက်နေ့မှစတင်ကာ Air Bus XY-AGT A-320 လေယာဉ်ဖြင့် ပြည်တွင်းခရီးစဉ်အသစ်များကို ပြေးဆွဲမည်ဖြစ်ပြီး လာမည့် ဇန်န၀ါရီလမှစတင်ကာ XY-AGS A-320 လေယာဉ်ဖြင့် ရန်ကုန်-မန္တလေး-စင်ကာပူ-ဘန်ကောက် ခရီးစဉ်ကို စတင် ပြေးဆွဲမည်ဟု သိရသည်။

    ရွှေမြန်မာလေကြောင်းလိုင်းအား ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Air Bus 320 လေယာဉ်ဖြင့်ပြေးဆွဲခဲ့သည်။ မြန်မာနိုင်ငံတွင် လေကြောင်းလိုင်းပေါင်း ၂၄ လိုင်းရှိပြီး ၇ လိုင်းမှာ ပြည်းတွင်းတွင်ပြေးဆွဲနေသော လေကြောင်းလိုင်းများဖြစ်သည်။
    Ref: ဆင်ဟွာ
    ……………………………………

    ယီမင်နိုဘယ်ဆုရှင် ဆုကြေးငွေအား လှူဒါန်း

    ယီမင်နိုင်ငံရှိ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး နိုဘယ်ဆုရှင်လည်းဖြစ်သူ တာဝါကိုလ်ကာရ်မန်မှာ ၎င်းရရှိသည့် ဆုကြေးငွေအား ၂၀၁၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ယီမင်နိုင်ငံ၏ တော်လှန်ရေးအတွင်း ကျဆုံးသွားသူများ၏ မိသားစုများကို ကူညီထောက်ပံ့ပေးသည့် အဖွဲ့အား လှူဒါန်းခဲ့သည်ဟု သိရသည်။

    “ကျွန်မပိုင်ဆိုင်ခဲ့တဲ့ တန်ဖို့ရှိဆုံးအရာကို ကျွန်မအမြဲတမ်း ချစ်ရသူတွေအတွက်ပေးဆပ်ဖို့ ကျွန်မစောင့်နေခဲ့တာပါ” ဟု လှူဒါန်းမှုအပြီးတွင် ကာရ်မန်က ၎င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    အဆိုပါ လှူဒါန်းမှုကို ယီမင်နိုင်ငံ ဆန်နာမြို့ရှိ Crltural Center တွင် “၂၀၁၁ တော်လှန်ရေးတွင် ကျဆုံးသူများနှင့် ဒဏ်ရာရရှိသူများအား ထောက်ပံ့ပွဲ” အမည်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားတွင် လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

    ကာရ်မန်မှာ ၂၀၁၁ ယီမင်တော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး၊ ယီမင်သမ္မတ အဗ်ဒူ ရာဘူ မန်ဆူရ်က ဦးစီးပြုလုပ်သည့် အဆိုပါထောက်ပံ့ကြေးပေးအပ်ပွဲတွင် ယခုကဲ့သို့ လှူဒါန်းရန်အတွက် ၂ နှစ်တာစောင့်ဆိုင်းခဲ့ရသည်။ တော်လှန်ရေးတွင်ပါဝင်ခဲ့သည့် သူမ၏ ရဲစွမ်းသတ္တိကြောင့် ၂၀၁၁ ခုနှစ်အောက်တိုဘာလတွင် လိုက်ဘေးရီးယားသမ္မတ အဲလင် ဂျွန်ဆင် စီရ်လိဖ်နှင့် သူမ၏ လုပ်ဖော်ကိုင်ဘက်ဖြစ်သူ လေမာဂဘိုဝီနှင့်အတူ နိုဘယ်ငြိမ်းချမ်းရေးဆုကို ပူးတွဲချီးမြှင့်ခြင်းခံခဲ့ရသည်။

    Ref: OnIslam

    Kerman donates Noble Prize to Revolt Victims

    …………………………………….
    နိုင်ငံအတွင်း အမေရိကန်မှ ပြုလုပ်သည့် သူလျှိုလုပ်ငန်းများနှင် ပက်သက်ပြီး ဖိလစ်ပိုင် ရှုတ်ချ

    အမေရိကန်ထောက်လှမ်းရေးအေဂျင်ဆီမှပြုလုပ်သော သူလျှိုလုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖိလစ်ပိုင်နိုင်ငံရှိ အမေရိကန် သံရုံးတွင် ပြုလုပ်ခဲ့သော သူလျှိုလုပ်ငန်းများအတွက် ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ (CPP)မှ ရှုတ်ချပြောဆိုလိုက်သည်။

    ယမန်နေ့ကထုတ်ပြန်ခဲ့သော ကြေညာချက်တွင် CPP၊ လက်ဝဲသူပုန်အဖွဲ့ဖြစ်သည့် ပြည်သူ့စစ်တပ် (NPA)နှင့် အမျိုးသား ဒီမိုကရက်တစ်တပ်ဦး (NDF) တို့မှ ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးကာ ပြုလုပ်ခဲ့သည့် အမေရိကန်ကာကွယ်ရေးဌာန၏ သူလျှိုလုပ်ငန်းများကို ခွင့်ပြုခဲ့သည့် ဖိလစ်ပိုင်သမ္မတ အကွီနိုအား ပြစ်တင်ပြောဆိုထားသည်။

    အမေရိကန်မှာ ကမ္ဘာ့နိုင်ငံများရှိ ပြည်သူသန်းပေါင်းများစွာ၏ ဖုန်းခေါ်ဆိုမှုများနှင့် အင်တာနက်အချက်အလက်များကို ကမ္ဘာ့နိုင်ငံပေါင်းစုံတွင်ရှိသည့် အမေရိကန်သံရုံးများမှတစ်ဆင့် လျှို့ဝှက်ထောက်လှမ်းမှုများပြုလုပ်ခဲ့ပြီး ဖိလစ်ပိုင်ရှိ အမေရိကန်သံရုံးမှာ အာရှဆိုင်ရာအချက်အလက်များကို တာဝန်ယူထောက်လှမ်းရသော နေရာဟု သိရသည်။

    Ref: ဆင်ဟွာ

    ……………………………………….

    ထိုင်းနိုင်ငံအရှေ့ဘက်ပိုင်းတွင် သင်္ဘောနစ်မြုပ် လူ ၆ ဦးသေဆုံး

    ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ ကမ်းခြေမြို့ဖြစ်သည့် ပတ္တယားမြို့တွင် ယမန်နေ့က ကမ္ဘာ့လှည့်ခရီးသွားများကို တင်ဆောင်လာသည့် သင်္ဘောငယ်တစ်စီး နစ်မြုပ်ခဲ့သောကြောင့် တရုတ်နိုင်ငံသားတစ်ဦးအပါအ၀င် ကမ္ဘာလှည့်ခရီးသွား ၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ယမန်နေ့ညနေပိုင်း ထိုင်းနိုင်ငံသားများနှင့် ကမ္ဘာလှည့်ခရီးသွား ၂၀၀ ကျော် တင်ဆောင်လာသည့် နှစ်ထပ်သင်္ဘောမှာ Koh Lan ကျွန်းမှ ပတ္တယားမြို့သို့ သွားရောက်စဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြခဲ့သည်။

    ပုံမှန်တင်ဆောင်ရမည့်လူထက် ၁၀၀-၁၅၀ ခန့် ပိုမိုတင်ဆောင်ခဲ့သည့် ထိုသင်္ဘောမှာ ဆိပ်ကမ်းမှထွက်ခွာပြီးမကြာမီ အင်ဂျင်ချို့ယွင်းသွားခဲ့ပြီး သင်္ဘောအောက်ထပ်မှ လူများမှာ စိုးရိမ်မှုများဖြစ်ပွားခဲ့ကာ သင်္ဘောအပေါ်ထပ်သို့ တက်၍ ပြေးသွားသောကြောင့် သင်္ဘောမှာ ဟန်ချက်ပျက်ပြီးတိမ်းမှောက်ခဲ့ရသည်ဟု သိရသည်။
    Ref: ဆင်ဟွာ


    ………………………………………..
    ဘရာဇီးလ်တောင်ပိုင်းတွင် ခရီးသည်တင် ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်ပွား ၄ ဦးသေဆုံး

    ဘရာဇီးလ်နိုင်ငံတောင်ပိုင်း အဝေးပြေးလမ်းမတစ်ခုတွင်မောင်းနှင်နေသည့် ခရီးသည်တင်ဘတ်စ်ကားတစ်စီးတိမ်းမှောက်၍ လျှိုမြောင်ထဲသို့ ထိုးကျသွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ကာ လူ ၄၀ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ယမန်နေ့နံနက်ပိုင်းက ဘရာဇီးလ်တောင်ပိုင်း ရီယို ဂရန်ဒီ  ဒို ဆူလ် ပြည်နယ်ရှိ ပါဆိုဖန်ဒိုမြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများထဲတွင် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်ပြီး ဒဏ်ရာမှာဆိုးရွားသည်ဟုဆိုသည်။

    အဆိုပါကားမှာ ပါရာဂွေးနိုင်ငံသို့ အားလပ်ရက်ခရီးသွားရောက်ပြီး ပြန်လာသည့် လူများကိုတင်ဆောင်လာခြင်းဖြစ်ပြီး တံတားအနီးတွင် အရှိန်မထိန်းနိုင်ပဲတိမ်းမှောက်ခဲ့ကြောင်း၊ ဒဏ်ရာရသူများမှ ၃၃ ဦးကို ဆေးရုံးသို့ပို့ဆောင်ပေးထားပြီး အချို့မှာ စိုးရိမ်စရာအနေအထားတွင်ရှိကြောင်း တာဝန်ရှိသူများက ပြေကြားခဲ့သည်။

    Ref: ဆင်ဟွာ

  • မိုးသီးဇွန် ဦးဆောင် ဆွေးနွေးသည့် နိုင်ငံသားများ အစည်းအဝေးကြီး တစ်ရပ် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှပြုလုပ်

    နိုဝင်ဘာ ၄၊ ၂၀၁၃
    M-Media
    A.N.Lay

    07

    ရန်ကုန်   ။       ။       နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ပြုလုပ်သည့် မိုးသီးဇွန် ဦးဆောင်ဆွေးနွေးသည့် နိုင်ငံသားများ အစည်းအဝေးကြီး တစ်ရပ်ကို Introduction To Alternative Parliament ခေါင်းစဉ်ဖြင့် ယနေ့ နိုဝင်ဘာ ၄-ရက်နေ့ မွန်းလွဲ ၁-နာရီတွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ စိတ် ပါဝင်စားသူ စုစုပေါင်း ၄၀၀-ခန့် တက်ရောက်ခဲ့ပါသည်။

    ဦးလေးမြင့်မှ အမှာစကားပြောကြားရာတွင် “အခမ်းအနားမှာ စကားပြောရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ဒီလို အခမ်းအနားမျိုး ဆိုတာ မြန်မာပြည်မှာ ကြုံတောင့်ကြုံခဲ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုးဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် အစိုးရကဖွဲ့စည်းထားတဲ့ လွှတ်တော်ရှိပါတယ်။ ဒါနဲ့ တစ်ပြိုင်တည်းမှာပဲ ပြည်သူလူထုရဲ့အသံ ပြည်သူ လူထုတွေရဲ့ သဘောထား ပြည်သူလူထုတွေရဲ့ အမြင်ကို တင်ပြနိုင်ဖို့အတွက်  Alternative Parliament ဆိုတဲ့ အခမ်းအနား ကျင်းပပေးခြင်းဖြစ်တယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။  နောက်တစ်ခုက ဒီအခမ်းအနား လုပ်ရခြင်းအကြောင်းအရင်းက ဒီမိုကရေစီ လမ်းကိုလျှောက်နေပါတယ်ဆိုတဲ့ ဗိုလ်သိန်းစိန်အစိုးရက ကျွန်တော်တို့ ပြည်သူလူထုကို တကယ်လွတ်လပ်တဲ့ လွတ်လပ်ရေးကိုပေးနေပါပြီလား ဒီမိုကရေစီ အခွင့်အရေးတွေကို ပေးနေပါပြီလား လူ့အခွင့်အရေးတွေကို ပေးနေပါပြီလား။ လယ်လုပ်သူတွေ လယ်ပိုင်တဲ့အဆင့်ကိုရောက်နေပါပြီလား။ အလုပ်သမားတွေ ကုန်းရုန်းပြီးတော့ အလုပ်ရှင်တွေ အကျိုးစီးပွားအတွက် အင်မတန် ဒုက္ခနဲ့ အင်မတန် နည်းပါးတဲ့ လုပ်ခ လစာနဲ့ လုပ်နေရတာကို ဥပဒေနဲ့တကွ ပြုပြင်ပေးနိုင်ပါပြီလား။ အဲ့ဒီမေးခွန်းလေးတွေကို ဖြေကြည့်စေချင်ပါတယ်”လို့ ပြောကြားခဲ့ပါသည်။

    မိုးသီးဇွန်မှ “Alternative Parliament အစ ပြင်ပ နိုင်ငံရေးကို ဘယ်လိုလုပ်ကြမှာလဲ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက တို့ဗမာ အစည်းအရုံးတွေ ဖဆပလ တွေရှိခဲ့တယ်။ တစ်ပါတီ တည်းကနေပြီးတော့ ကြိုးပမ်းခဲ့တာမဟုတ်ဘူး။ တစ်ဦးတစ်ယောက်တည်းက ဦးဆောင်ပြီး ကြိုးပမ်းခဲ့တာမဟုတ်ဘူး။ တစ်ပြည်လုံး တစ်မျိုးသားလုံး ဦးဆောင်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ၈၈ ကတည်းက စလာတဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ အခုဆိုရင် လက်တစ်ကမ်းကိုရောက်လာပြီ အဲ့ဒီအတွက် ကျွန်တော်တို့မှာ အပြောင်းအလဲတွေ ဒီ့ထက်ပိုပြီး မြင်ချင်လာတယ်။ ၈၈ ရဲ့နောက်ပိုင်းပေါ့ အခု ၂၀၁၀ နောက်ပိုင်းမှာ ကျွန်တော်တို့ ဗမာ့ နိုင်ငံရေးမှာ အာဏာ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ ဒီအပြောင်းအလဲတွေက ဘယ်လိုဖြစ်လာလဲဆိုရင် အာဏာတွေ အမွေ ခွဲသလိုဖြစ်လာတယ်။ တစ်ချို့က ကုလားထိုင်ကို ရတယ်။ တစ်ချို့က သေနတ်ကိုရတယ်။ တစ်ချို့က ငွေထုတ်ကြီးရတယ်။ ကျွန်တော်တို့ ပြည်သူလူထုကတော့ ဘာမှမရဘူးဖြစ်နေတယ်။ အဓိက ကတော့ ပြသနာတွေရှိနေတယ်။ ဘယ်လိုပြသနာတွေလဲဆိုတော့ မြေယာပြသနာ မြေယာတွေလုပ်ကိုင်ပြီး မြေယာတွေမပိုင်တဲ့ ပြသနာတွေရှိတယ်။ ပညာရေး ပြသနာ၊ အဲ့ဒါဘာဆိုတော့ တက္ကသိုလ်တွေရှိပြီးတော့ကျောင်းသားတွေ မရှိဘူးဖြစ်နေတယ်။ နောက်တစ်ခုက အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများပြသနာ၊ အလုပ်အကိုင်ပြသနာ၊ ချစားမှုတိုက်ဖက်ရေးပြသနာနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြသနာ တွေဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တောရောမြို့ပါမကျန် အပန်းဖြေကွင်း အားကစားကွင်းများ၊ အစည်းအဝေးခန်းမများ တည်ဆောက်ပေးရန်၊ အိမ်ယာများ၊ လမ်းပန်းများ ပိုမိုဖော်ထုတ်ပေးရန် သက်ကြီရွှယ်အိုများ စောက်ရှောက်ရေး စခန်းများဖွင့်လှစ်ပေးရန်၊ လူမှုဖူလုံရေးအစီအစဉ်များ ဆောင်ရွှက်ပေးရန် နှင့်  သစ်တော့ပြုံးတီးမှုများကာ ကွယ်ပေးရန် မြစ်ချောင်းနှင့် ရေကန်များကာပေးရန် တော တိရိစ္ဆာန်လေးများကို စောင့်ရှောက်ပေးရေး၊ ကျေးလက်နှင့်မြို့ပြကြီးများတွင် သစ်ပင်များ စိုက်ပျိုပေးရေးများလုပ်ဆောင်ရပါမယ်”လို့ပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး မိုးသီးဇွန်ရဲ့ ရဲဘော်ဟောင်းဖြစ်တဲ့ ကိုရဲနိုင်အောင်မှာလည်း  “ကိုမိုးသီးဇွန်က ကျွန်တော်တို့တိုင်းပြည်မှာ  Alternative Parliament လိုအပ်နေတဲ့အကြောင်းကို ကျွန်တော်တို့ တိုင်းပြည်ရင်ဆိုင်နေရတဲ့ ပြသနာပေါင်းစုံကို ထောက်ပြ ပြောဆိုသွားတာ ဖြစ်ပါတယ်။ ကိုမိုးသီးဇွန်တင်ပြတဲ့ Alternative Parliament ဆိုတာက လက်ရှိ ရှိနေတဲ့ ပြည်ထောာင်စု လွှတ်တော်ကို ယှဉ်ပြိုင်သဘောမျိုး စဉ်ပြိုင်လုပ်တဲ့ သဘောမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်အတွက် ဖြေရှင်းရမယ့် ပြသနာတွေကို စဉ်းစားတဲ့နေရာမှာ လက်ရှိ ရှိနေတဲ့ လွှတ်တော်ကိုပါ အထောက်အကူဖြစ်နိုင်အောင် ကျွန်တော်တို့ တိုင်းပြည်အတွက် ရှေ့ဆက်တက်တဲ့ နေရာမှာရှိတဲ့ နိုင်ငံရေးအင်အားစုအားလုံး လက်တွဲဆောင်ရွက်နိုင်ဖို့  ပြင်ဆင်တဲ့သဘောပါ။  Alternative Parliament ကို ကျွန်တော်တို့ မျိုးဆက်သစ်တွေ အတွက် ကျွန်တော်တို့ တိုင်းပြည်ရဲ့အနာဂတ် လိုအပ်နေတဲ့အတွက် ကျွန်တော်တို့ အားလုံး ညီညီညွတ်ညွတ် ဆောင်ရွက်မယ်ဆိုရင် လက်ခံစဉ်းစားထိုက်တဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ထိုက်တဲ့ ကိစ္စတစ်ခုလို့ကျွန်တော်မြင်ပါတယ်”လို့ ပြောကြားခဲ့ပါသည်။

    ကိုအောင်ဇေယျ မှလည်း “Alternative Parliament ကို ဗမာလိုဆိုရင်တော့ ခေတ်ပြိုင် လွှတ်တော်လို့ပဲခေါ်ခါ် ယှဉ်ပြိုင်လို့ပဲပြောပြော ကျွန်တော်တို့ညီအစ်ကိုတွေ အစစ်အမှန် ပြည်သူတွေက လက်ခံထားတဲ့ တိုက်ပွဲဝင်ရဲဘော်တွေ စုစည်းထားတဲ့ ကျွန်တော်တို့ရဲ့ ဒီလွတ်တော်ကို အားလုံးက လက်ခံယုံကြည်ပြီးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် ဒီနေ့ပဲ ကိစ္စတစ်ခု တင်ပြချင်ပါတယ်။ အဲ့ဒါကတော့ မီတာခများတိုးနေခြင်း ၎င်းကိစ္စဟာ သာမန်အနေအထားရ ကျွန်တော်တို့အိမ်က မီတာကို ၁၅-ကျပ် တိုးလိုက်ရုံနဲ့ ၅၀ တော့ ဖြစ်သွားပါတယ်။  သိပ်တော့အရေးမကြီးပါဘူး။ အလုပ်ရုံတွေ စက်ရုံတွေနဲ့ လုပ်ငန်းရှင်တွေကိုတော့ ထက်ဝက်တစ်ရာတိုးမယ်လို့ ဆိုထားပါတယ်။ တိုးလိုက်တဲ့ အတွက်လက်ရှိ ၅၀-နှုန်းပေးရတဲ့ အနေအထားမှာတောင်မှ ဆေးရုံတစ်ရုံဟာ တစ်လ တစ်လကို သိန်း-၃၀၀ နှင့် ၄၀၀ ကြား ဆောင်နေရပါတယ်။ ထက်ပြီးတစ်ဝက်တိုးလို့ သိန်း ၇၀၀/ ၈၀၀ ဆောင်ရပြီဆိုရင် ကျွန်တော်တို့ ကျန်းမာရေး မကောင်းလို့ ဆေးရုံရှေ့က ဖြစ်လျှောက်ရင်တောင်မလွယ်ဘူး။ ဒါဆိုရင် နယ်တွေမှာ ရှိနေတဲ့ ကျွန်တော်တို့ တောင်သူတွေ အတိုးပေါ် အတိုးထပ်ဆင့် ပြီးတော့ အတိုးနဲ့နစ်နေရတဲ့ တောင်သူတွေ ဆိုရင်ဘယ်လိုလုပ်မလဲလို့ ပြောကြားခဲ့ပါသည်။ အခုလျှပ်စစ်မီတာခ ကိစ္စနဲ့ပက်သက်လို့ ယုံကြည်မှုမရှိဘူး တိုးမကောက်သင့်ဘူးဆိုရင် ဘယ်လက်လေးတွေထောင်ပေးပါ”လို့ ပြောကြားခဲ့ရာမှာတော့ အားလုံးနီးပါး ဘယ်လက်တွေထောင်ပြီး တိုးမကောက်သင့်ဘူးဆိုသည်ကို ထောက်ခံခဲ့ကြပါသည်။ ၎င်းနောက် အခမ်းအနားသို့ တက်ရောက်သူများထဲမှ ဆက်လက်ဆွေးနွေးခဲ့ကြပြီး  ကိုမိုးသီးဇွန်မှ နိဂုံးချုပ်စကားပြော၍ အခမ်းအနားကို ရပ်နားခဲ့ကြသည်။

  • သြစတြေးလျမှ အကူအညီလျော့ချမည့်ဟု ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှ ဆေးခန်းများ အခက်ကြုံ

    နိုဝင်ဘာ-၄ ၂၀၁၃
    M-Media

    thai refugee clinic
    သြစတေးလျမှ ထည့်ဝင်နေသည့် အကူအညီများ လျှော့ချမည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံ အတွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့်  ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသည့် ဒုက္ခသည်များအား ဆေးကုသပေးနေသည့် ဆေးခန်းတစ်ချို့မှာ အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

    ထိုနယ်စပ်ရှိဆေးခန်းများမှ ထိုင်နိုင်ငံ မဲဆောက်မြိုတွင်ရှိသည့်  မဲသဝေါ ဆေးခန်းအား ၂၀၁၂-၁၃ ခုနှစ်အတွက် သြစတေးလျ ထောက်ပံ့ရေး အစီအစဉ် AusAid မှ သြစတေးလျဒေါ်လာ ၅ သိန်း ကူညီထောက်ပံခဲ့သည်။ သို့သော်လည်း သြစတေးလျအစိုးရမှ AusAid အစီအစဉ်အား နိုင်ငံရပ်ခြား ကုန်သွယ်ရေးဌာနနှင် ပူးပေါင်းခဲ့ပြီး ထောက်ပံ့ငွေများကို လျှော့ချတော့မည်ဖြစ်သောကြောင့် ထိုင်းနိုင်ငံအတွင်းရှိ ထိုဆေးခန်းမှာ အခက်တွေ့နေရခြင်းဖြစ်သည်။

    အဆိုပါဆေးခန်းများကို တာဝန်ယူဆောင်ရွက်ပေးနေသည့် ဒေါက်တာ စင်သီယာမောင်က ပဋိပက္ခများဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများမှာ နှေးကွေးသောကြောင့် ထိုဆေးခန်းများမှာ လူနားများလျှော့ကျခြင်း မရှိဘဲ ထိုကဲ့သို့ထောက်ပံ့ငွေများ လျှော့ချခြင်းက ဆေးခန်းများကို ရေရှည်ထိန်းသိမ်းရန် ခက်ခဲစေမည်ဟု ပြောကြားခဲ့သည်။

    ကရင်တိုင်းရင်းသူဖြစ်သည့် ဒေါက်တာစင်သီယာမောင်မှာ ၁၉၈၈ ခုနှစ်အရေးအခင်းပြီးကတည်းက မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအရေးကိုဆောင်ရွက်ပေးနေသူဖြစ်သည်။ ထိုပြင် သြစတေးလျနိုင်ငံမှပေးအပ်သော Sydney Peace Prize ဆုကို မကြာမီ သွားရောက်ယူဆောင်ရန်ရှိပြီး သူမဦးဆောင်နေသည့် ဆေးခန်းများအား Sydeny Peace Foundation မှ သတိပြုမိခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ဓါတ်ပုံအညွှန်း- ၂၀၁၁ ခုနှစ် ထိုင်းနယ်စပ် မဲဆောက် မြန်မာဒုက္ခသည်စခန်း ဆေးခန်းမှ မြင်ကွင်း တခု (Photo- AP)

    Ref:.news.com.au