News @ M-Media
Blog
  • သူလျှိုလုပ်မှု သြစတေးလျနှင့် အမေရိကန်တို့အား မလေးရှားသတိပေး
    နိုဝင်ဘာ-၃ ၂၀၁၃
    M-Media
    USA
    မလေရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ သံရုံးများမှ လုပ်ဆောင်နေသည့် သူလျှိုလုပ်ငန်းများအတွက် သြစတေးလျနှင့် အမေရိကန်နိုင်ငံတို့အား မလေးရှားက သတိပေးပြောဆိုလိုသည်။
    ထို့ကဲ့သိုပြောဆိုမှုမှာ ယမန်နေ့က ပြုလုပ်ခဲ့သည့် အိန္ဒိယသမုဒ္ဒရာ ပတ်ဝန်းကျင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ၁၃ ကြိမ်မြောက်ကျင်းပသော ၀န်ကြီးအဆင့်အစည်းအဝေးပွဲတွင် မလေးရှားနိုင်ငံခြားရေး ၀န်ကြီး အန်နီဖာ အေမန်က သြစတေးလျနိုင်ငံခြားရေး ၀န်ကြီး ဂျူလီဘစ်ရှော့အား သီးခြားတွေ့ဆုံကာ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု မလေးရှားနိုင်ငံပိုင်မီဒီယာ  Bernama ကဖော်ပြခဲ့သည်။
    ထို့ပြင် မလေးရှားတွင်ပြုလုပ်နေသည့် သြစတေးလျ၏ သူလျှိုလုပ်ငန်းများက မလေးရှားပြည်သူများအား မကျေနပ်မှုကိုဖြစ်ပွားစေပြီး နှစ်နိုင်ငံ ရှိပြီးသား ဆက်ဆံရေးအား ပျက်ဆီးစေနိုင်သည်ဟု အန်နီဖာက ထည့်သွင်းပြောကြားခဲ့သည်။
    အမေရိကန်နှင့် သြစတေးလျတို့က ကွာလာလမ်ပူတွင် သူလျှိုလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန် သံအမတ်နှင့် သြစတေးလျ သံအမတ်တို့ကိုဆင့်ခေါ်ကာ ထိုသူလျှိုလုပ်ငန်းများအား ကန့်ကွက်ကြောင်း သ၀ဏ်လွှာပေးအပ်ခဲ့သည်။
  • အာဆယ်နယ်၊ မန်ယူ၊ မန်စီးတီးတို့ အနိုင်ရရှိခဲ့ပြီး မော်ရင်ဟို၏ ချယ်ဆီး ရှုံးနိမ့်ခဲ့ရသည့် ပရီးမီယားလိဂ် ပွဲစဉ် ၁၀ စနေနေ့ညပွဲစဉ်များ
    နိုဝင်ဘာ-၃ ၂၀၁၃
    M-Media
    MU
    ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ၏ ပွဲစဉ် ၈ ပွဲကို ယမန်နေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့ရာ ဇယားထိပ်တွင်ဦးဆောင်နေသည့် အာဆင်နယ်အသင်းမှာ အိမ်ကွင်းအီမရိတ်တွင် လီဗာပူးလ်အသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ မန်ချက်စတာစီးတီးအသင်းမှာလည်း တန်းဆင်းဇုန်နားမှ နော်ဝစ်ခ်ျအသင်းအား ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ပြီး စပါးအသင်းမှာ အိမ်ကွင်းတွင် အမှားအယွင်းမရှိ ၃ မှတ်ရယူနိုင်ခဲ့သည်။ မန်ယူအသင်းမှာ ဖူလ်ဟမ်းအား အဝေးကွင်းတွင် အနိုင်ကစားနိုင်ခဲ့ပြီး ချယ်ဆီးအသင်းက နယူးကာဆယ်အသင်းအား ရှုံးနိမ့်ခဲ့သည်။
    အာဆင်နယ် ၂-၀ လီဗာပူးလ်
    လိဂ်ဖလားတွင် ချယ်ဆီးအသင်းအား ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်အသင်းမှာ ယခုပွဲတွင် လီဗာပူးလ်အသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ အာဆင်နယ်အသင်းတွင် ခြေစွမ်းပြနေသည့် လူငယ်ကစားသမား ၀ီလ်ရှိုင်းယားနှင့် ဖလာမီနီတို့ မပါဝင်နိုင်ခဲ့ဘဲ ရိုစစ်စကီးက ဖလာမီနီ၏နေရာတွင် ၀င်ရောက်ကစားခဲ့သည်။
    လီဗာပူးအသင်းကလည်း ပြီးခဲ့သည့် သီတင်းပတ်က ၀က်စ်ဘရွန်းအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲမှ လူစာရင်းအား တစ်နေရာသာ အပြောင်းအလဲလုပ်ကာ အာဆင်နယ်အသင်းအား ရင်ဆိုင်ခဲ့သည်။
    ပထမပိုင်း၏ အစောပိုင်းမိနစ်များတွင် လီဗာပူးလ်အသင်းက ပွဲကိုစိုးမိုးထားနိုင်ခဲ့သော်လည်း အဖွင့်ဂိုးကို ၁၉ မိနစ်တွင် အာဆင်နယ်အသင်းက ရရှိခဲ့သည်။ ထိုဂိုးအား ဆက်ဂ်နာ၏ ဖြတ်တင်ဘောမှတစ်ဆင် ကာဇိုလာကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ၅၉ မိနစ်တွင် အာဆင်နယ်တို့ ဒုတိယဂိုးရရှိခဲ့ပြီး အိုဇေးလ်၏ ဖန်တီးပေးမှုမှတဆင့် ရမ်ဆေးက သွင်းယူခဲ့ခြင်းဖြစ်သည်။
    အာဆင်နယ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် ပြိုက်ဘက်များကို ၅ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအား ဆက်လက်ဦးဆောင်နေသည်။
    …………………………………………………
    ဖူလ်ဟမ် ၁-၃ မန်ယူ
    ရာသီအစတွင် ခြေစွမ်းမမှန်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် တည်ငြိမ်လာသည့် မန်ယူအသင်းမှာ အဝေးကွင်းတွင် ဖူလ်ဟမ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့သည်။
    ဦးဆောင်ဂိုးကို မန်ယူအသင်းက ပထမပိုင်း ၉ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ဗလင်စီယာက သွင်းယူပေးခဲ့သည်။ ထို့နောက် ပမထမိုင်း မိနစ် ၂၀နှင့် ၂၂ မိနစ်တို့တွင် တိုက်စစ်မှူး ဗန်ပါစီနှင့် ရူနီတို့က အနိုင်ဂိုးများကို သွင်းယူပေးခဲ့ပြီး ပထမပိုင်းတွင်ပင် မန်ယူတို့ ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိနေခဲ့သည်။
    ဒုတိယပိုင်း ၆၅ မိနစ်တွင် အိမ်ရှင်အသင်း၏ကစားသမား ကာချန်နစ်လစ်က ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့သော်လည်း ကျန်ရှိသည့်ပွဲချိန်များတွင် မန်ယူအသင်းက ထိန်းကစားသွားခဲ့သောကြောင့် အဖိုးတန် အနိုင်သုံးမှတ်ကို ရရှိခဲ့သည်။ မန်ယူအင၏သင်းမှာ နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲတွင် ရှုံးပွဲမရှိသေးဘဲ ယခင်ပုံစံကောင်းကို ပြန်လည်ရရှိနေသည်။
    ………………………………………………….
    နယူးကာဆယ် ၂-၀ ချယ်ဆီး
    ပြီးခဲ့သည့် သီတင်းပတ်က ပရီးမီးယားလိဂ်တွင်မန်စီးတီးအသင်းနှင့်၊ လိဂ်ဖလားပြိုင်ပွဲတွင် အာဆင်နယ်အသင်းအား အနိုင်ကစားနိုင်ခဲ့သည့်
    ချယ်ဆီးအသင်းမှာ စိန့်ဂျိမ်းစ်ပါ့ခ်တွင် နယူးကာဆယ်အသင်းအား အရှုံးပေးခဲ့ရသည်။
    မော်ရင်ဟိုမှာ မန်စီးတီးအသင်းအား အနိုင်ရရှိခဲ့သောပွဲမှ လူစာရင်းအား ၂ နေရာအပြောင်းအလဲလုပ်ကာ နယူးကာဆယ်အသင်းအားရင်ဆိုင်ခဲ့သည်။ ပွဲစဉ်တစ်လျှောက်လုံးတွင် ချယ်ဆီးအသင်းကသာ ပွဲကိုစိုးမိုးထားပြီး ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲခြင်းမပြုနိုင်ခဲ့ပေ။
    အိမ်ရှင်အသင်းအတွက် အနိုင်ဂိုးများကို ဒုတိယပိုင်း ၆၉ မိနစ်တွင် ဂေါ့ဖရင်က ကာဘာယီ၏ ဖရီးကစ်အားခေါင်းတိုက်၍လည်းကောင်း၊ ပွဲပြီးကာနီး ၈၉ မိနစ်တွင် ရီမီကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။
    ယခုပွဲအရှုံးမှာ ချယ်ဆီးအသင်းအတွက် ယခုနှစ်ရာသီ ဒုတိယမြောက် ရှုံးပွဲဖြစ်ပြီး ဦးဆောင်သူ အာဆင်နယ်အသင်းနှင့်လည်း ၅ မှတ်ကွာဟသွားပြီဖြစ်သည်။
    ……………………………….
    မန်စီတီး ၇-၀ နော်ဝစ်ခ်ျ
    မန်စီးတီးအသင်း၏ အိမ်ကွင်းအီတီဟတ်တွင်ကစားခဲ့ရသည့် ယခုပွဲစဉ်တွင် မန်စီးတီးအသင်းမှာ တန်းဆင်းဇုန်နားရှိ နော်ဝစ်ခ်ျအသင်းအား ဂိုးအများအပြားသွင်းကာ လွယ်လွယ်ကူကူဖြင့် အနိုင်ယူနိုင်ခဲ့သည်။
    မန်စီးတီးအသင်း၏ဂိုးများကို ကစားသမား ၇ ယောက်က တစ်ဂိုးစီးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်း ၁၆ မိနစ်တွင် နော့်ဝစ်ခ်ျကစားသမား ဂျွန်ဆင်၏ ကိုယ့်ဂိုးကိုယ်သွင်းမှုမှ ချယ်ဆီးတို့ အဖွင့်ဂိုးစရခဲ့ပြီးနောက်ပိုင်း ဒေးဗစ်ဆေးလ်ဗား၊ နက်စတာစစ်၊ နီဂရီဒိုတို့က သုံးဂိုးသွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးတွင် မန်စီးတီး အသင်းက ၄ ဂိုးပြတ်ဖြင့် အနိုင်ရနေခဲ့သည်။
    ဒုတိယပိုင်းတွင် ယာယာတိုးယေး၊ အဂူရိုနှင့် ဇက်ကိုတို့က သုံးဂိုးထပ်မံသွင်းယူပေးခဲ့ပြီး ၇ ဂိုး ဂိုးမရှိဖြင့် ပွဲစဉ်ပြီးဆုံးခဲ့သည်။
    ……………………………………..
    ဟားလ်စီးတီး ၁-၀ ဆန်းဒါးလန်း
    ဟားလ်စီးတီးအသင်း၏ အိမ်ကွင်း KC ကွင်းတွင် ကစားခဲ့သည့် ယခုပွဲတွင် အိမ်ရှင်အသင်းမှာ ကံကောင်းထောက်မစွာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ဟားလ်စီးတီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၂၅ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ဆန်းဒါးလန်းကစားသမား ကားလို့စ် စူအဲလာက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်မှာ ဟားလ်စီးတီးအသင်း၏ ယခုနှစ်ရာသီ စတုတ္ထမြောက်နိုင်ပွဲလည်းဖြစ်သည်။
    ………………………………………..
    ပရီးယားလိဂ်နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲမရခဲ့သည့် ၀က်စ်ဘရွန်းအသင်းမှာ အိမ်ကွင်းတွင် ခရစ္စတယ်ပဲလေ့စ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
    ………………………………………..
    စတုတ် ၁-၁ ဆောက်သက်တမ်
    ၁ ဂိုး စီသရေကျခဲ့သည့် စတုတ်နှင့် ဆောက်သက်တမ်တို့ပွဲတွင် ပွဲအစ ၁၃ စက္ကန့်တွင်ပင် အိမ်ရှင်အသင်းဂိုးသမားက အက်စ်မီရ် ဘီဂိုဗစ်က အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး၊ ၄၂ မိနစ်တွင် ဂျေးရော်ဒရီဂက်ဇ်က ဧည့်သည်အသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။
    အခြားပွဲစဉ်တစ်ခုဖြစ်သည့် ၀က်စ်ဟမ်းနှင့် အက်စတွန်ဗီလာတို့ပွဲတွင် နှစ်သစ်စလုံး ဂိုးသွင်းခွင့်နည်းငယ်ရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဂိုးမရှိသရေကျခဲ့သည်။
  • တောင်ပေါ် ထင်းခုတ်သွားသည့် ရိုဟင်ဂျာ အမျိုးသားတစ်ဦး အသတ်ခံရ
    နိုဝင်ဘာ ၂၊ ၂၀၁၃
    M-Media
    ဇာဏီ
    image-1383407027771-V
    ဆင်တပ်မှော် ။      ။           ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဆင်တပ်မှော် အကြမ်းဖက်ခံ ဒုက္ခသည်များ စခန်းမှ အသက် ၅၅-နှစ်အရွယ် ဦးအာလေအဟ်မာန်သည် တောင်ပေါ်ထင်းခုတ်သွားရာမှ လိုက်ရှာသည့်အခါ သူ၏ အလောင်းအား တောင်ပေါ်တွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သဖြင့် သယ်ယူမြှုပ်နှံရန် စီစဉ်ရာ သယ်ယူခွင့်မရဟု သိရသည်။
    ဖြစ်စဉ်မှာ ယနေ့မနက် ၈-နာရီခန့်က ဆင်တပ်မှော်ရွာတွင် နေထိုင်နေသော  ဦးအာလေအဟ်မာန်၊ (၅၅-နှစ်)သည် သူ၏ ကလေးများနှင့် အတူ ထင်းခုတ်ရန် တောင်ပေါ်သို့သွားရာ ရခိုင် အကြမ်းဖက်သမားအချို့မှ ၀ိုင်းဝန်း ဖမ်းဆီးသဖြင့် ကလေးများမှ ထွက်ပြေးလာခဲ့ပြီး ရွာရှိ လူများအား ပြောသောကြောင့် လူအင်အားဖြင့် ၀ိုင်းဝန်း၍ ရှာဖွေကြရာ တောင်ပေါ်တွင် လက်နှင့် ခြေထောက်တို့အား ကြိုးတုတ်လျက် လည်ပင်းလှီးဖြတ်ခံထားရပြီး ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး သယ်ယူရန် လုပ်ဆောင်သော်လည်း ရခိုင်များနှင့် စစ်တပ်မှ သယ်ယူခွင့်မပြုသည့်အတွက် စစ်တပ်နှင့် စကားများရာမှ တဆင့် အခြေအတင် ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်မှ သေနတ်ဖြင့် ပစ်သည့်အတွက် ရိုဟင်ဂျာ ၃-ဦး ဒဏ်ရာရရှိခဲ့ပြီး ယခုအခါ NGO တစ်ခုမှ ခေါ်ဆောင်၍ စစ်တွေသို့ ပို့ဆောင်ထားကြောင်း၊ ယခုအခါ ရွာရှိ ရိုဟင်ဂျာ ဒေသခံများအား ပတ်ဝန်းကျင်ရှိ ရခိုင်ရွာများမှ ခြိမ်းခြောက်မှုများ ရှိလာသဖြင့် စိုးရိမ်နေကြောင်း၊ သိရသည်။
    ဆင်တပ်မှော်ရွာမှပင် အသက် ၃၅-နှစ်ဝန်းကျင်ခန့် ရိုဟင်ဂျာ အမျိုးသားတစ်ယောက်သည်လည်း တောင်ပေါ်သို့ ထင်းခုတ်သွားရာ ယခုအချိန်ထိ ပြန်မရောက်လာသဖြင့် သူသည်လည်း အသတ်ခံလိုက်ရပြီဟု ရွာသားများမှ သတ်မှတ်လိုက်ကြကြောင်း ဒေသခံများမှ ပြောပါသည်။
  • တာမွေ ယုဇနပလာဇာအနီး ဆေးဆိုင်အား ရမ်းကားသူတစ်စုမှ ရိုက်နှက်ဖျက်ဆီး
    တာမွေ ယုဇနပလာဇာအနီး ဆေးဆိုင်အား ရမ်းကားသူတစ်စုမှ ရိုက်နှက်ဖျက်ဆီး
    နိုဝင်ဘာ ၂-၂၀၁၃
    M-Media
    A.N.Lay
    ရန်ကုန်   ။      ။  ရန်ကုန်မြို့ တာမွေမြို့နယ် ယုဇနပလာဇာအနီးရှိ  ဆေးဆိုင်ပိုင်ရှင် လူငယ်အား လူ ၅-ဦးမှ ရန်စကာ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လူငယ်မှာ ခေါင်းကွဲသွားပြီး ၎င်း၏ဆေးဆိုင်အားလည်း ၀ိုင်း၍ ဖျက်ဆီးသွားခဲ့ကြောင်း သိရပါသည်။
    ဖြစ်ပွားပုံက နိုဝင်ဘာ ၁-ရက် ည ၉း၀၀-နာရီခန့်တွင် လမ်း ၁၄၀နှင့် ၁၄၁လမ်းထိပ် ဗညားဒလလမ်းပေါ်ရှိ  ဆေးဆိုင်ကို လူ(၈)ဦးခန့်ရောက်ရှိလာပြီး ဒိုင်ယာစီဗင် ရောင်းပေးရန်ပြောဆိုရာ ဆေးရောင်းသူမှ မှုးယစ် စေတတ်သော ဆေးဝါးမရောင်းပါဟု ပြောဆိုခဲ့ရာ ၎င်းလူစုမှ ပြဿနာဖန်တီးပြီး ဆေးဆိုင်ကို ဖျက်ဆီးကာ စာကျက်နေသည့် ၁၀-တန်းကျောင်းသားအား ရိုက်နှက် အော်ဟစ်ကာ အဓိကရုဏ်း ဖြစ်စေရန်ဖန်းတီးခဲ့ကြောင်းသိရှိရပါသည်။
    “ဆိုင်က ကောင်လေးကိုတော့ ဆေးရုံပို့ထားရတယ်။ ဒီလိုအုပ်စုဖွဲ့ပြီးရမ်ကားနေတဲ့အဖွဲ့ကတော့ရှိနေတယ်။
    အရေးမယူဘဲ လွှတ်ထားတာကြာပြီ ဟိုးနားလုပ်လိုက် ဒီနားလုပ်လိုက် လုပ်နေတာ အဓိကတရားဥပဒေစိုးမိုးမှုမရှိဘူး။ ဒီကိစ္စတွေ မဖြစ်ခင်ကတည်းက အုပ်စုဖွဲ့ရမ်းကားတတ်တာသိပေမယ့်လည်းအရေးယူမဆောင်ရွှက်ဘူး။ တိတိကျကျမလုပ်တဲ့အပေါ်မှာ ထင်တိုင်းကျဲနေတာပေါ့။ အဲ့ထဲမှာ လူရမ်းကားတွေက ဆိုင်တွေကို ရိုက်ချိုးပြီးတော့ ရပ်ကွက်ထဲကိုထွက်ပြေးတယ်။ ၁၄၄-လမ်းထိပ်ကို အညာစုလို့ခေါ်တဲ့ လူတွေက ထစ်ခနဲဆို တုတ်ဆွဲဓားဆွဲ ဟော်မယ် ဟစ်မယ် ယောက်ျား မိန်းမ ဝိုင်းပြီးတော့ ပြဿနာတစ်ခုခု ကိုဖန်တီးချင်တဲ့အနေအထားမှာရှိတယ်။ ရဲတပ်ဖွဲ့ကလည်း သိတယ်။ တိတိကျကျ အရေးယူဆောင်ရွက်မှုလည်းမရှိဘူးး အဓိက ကတော့ဒီမှာရှိနေတဲ့ အစွန်းရာက် အုပ်စုတစ်စုက ဒီမှာ အခြေစိုက်ပြီးတော့ ဘာသာရေး ပဋိပက္ခ တစ်ခုကို ဖန်တီးချင်တဲ့အနေအထားမှာရှိတယ်။ နောက်တစ်ခုက ဟိုတစ်ပတ်က သာမန်ရန်ဖြစ်တဲ့ပြဿနာ တစ်ခုကိုလည်း အင်အားအလွန်အကျွံသုံးပြီးတော့ ဘာသာရေး ပဋိပက္ခ လူမျိုးရေး  ပဋိပက္ခ ဖြစ်အောင် ဘောင်ချဲ့ပြီးလုပ်နေတဲ့ ပုံစံမျိုးတွေလည်းတွေ့ရတယ်။ အရေးယူဆောင်ရွက်မှုအပိုင်းမှာတော့ တုတ်ဆွဲ ဓါးဆွဲ အော်ဟစ်နေတဲ့လူတွေကိုအရေးမယူဘဲနဲ့ မဆိုင်တဲ့ အစ္စလာမ်ဘာသာဝင်ကောင်လေး နှစ်ယောက်ကိုဖမ်းသွား တာတွေ့ရတယ်။ အရေးယူဆောင်ရွက်တဲ့အပိုင်းမှာလည်း လူမျိုးဘာသာခွဲခြားပြီးတော့ လုပ်နေတာတွေ့ရတယ်။ ကျွန်တော်တို့ ရပ်ကွက်ဆိုလည်း ကင်းစောင့်နေရတာကြာပြီ။  ဟိုနေ့ဖြစ်မလို ဒီနေ့ဖြစ်မလိုနဲ့ အသံပေါင်းစုံ ကြားရတယ်။ တစ်ချို့သတင်းတွေဆို ရဲတပ်ဖွဲ့တွေ အုပ်ချုပ်ရေးမှူးတွေဆီက ကြားရတယ်။ ဘယ်ကတော့ ဘယ်ကျောင်းကို လာမယ်။ ဘယ်နေရာမှာတော့ လူစုနေတယ်။ ဘယ်ကိုတော့ ပြဿနာရှာမယ် အဲ့လိုပြောပြီးတော့ အဲ့လူတွေကို မဖမ်းဘဲနဲ့ ကျွန်တော်တို့မှာ လုံခြုံရေးလုပ်နေရတဲ့အလုပ်က ပိုနေတယ်။ တရားဥပဒေ စိုးမိုးမှုမရှိတော့ ကျွန်တော်တို့လည်း ကောင်းကောင်းမအိပ်ရဘူး။ ညစဉ် ကင်းစောင့်နေရတယ်။ အခုဆိုရင် ၆-လကျော်နေပြီလို့”ယုဇနပလာဇာအနီးတွင် နေထိုင်သူတစ်ဦးက M-Media ကို ပြောပါတယ်။
    အကြမ်းဖက် ရမ်းကားခဲ့သူများအနက် ၃-ဦးအား မနေ့ညပိုင်းမှာပင် တာမွေ ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းလည်း သိရပါတယ်။
  • နိုဝင်ဘာ- ၂ နိုင်ငံတကာသတင်း နှင့် ပြည်တွင်း သတင်းတို
    နိုဝင်ဘာ- ၂ ၂၀၁၃
    M-Media
    တိုင်းရင်းသားညီလာခံ သဘောတူညီချက် RCSS လက်မှတ်မထိုး
    ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပြုလုပ်နေသည့် တိုင်းရင်းသားညီလာခံတွင် တိုင်းရင်းသားပေါင်းစုံ၏ ဘုံသဘောတူညီချက်ကို ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)က လက်မှတ်ထိုးခြင်းမရှိသကဲ့သို့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ တိုင်းရင်းသားပေါင်းစုံ ကိုယ်စားပြုမည့်အဖွဲ့ National Wide Cease – Fire Coordination Team (NCCT) ဖွဲ့စည်းရာတွင်လည်း RCSS မှ ကိုယ်စားလှယ်ထည့်သွင်းမရှိပဲ ၎င်းတို့အဖွဲ့ စည်းမျဉ်းအရ ပြန်လည် တင်ပြပြီးမှသာ လုပ်ဆောင်ရမည် ဖြစ်သောကြောင့် မပါဝင်ခြင်းဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနတွင် ဖော်ပြထားပါတယ်။
    _______________________
    လယ်တီသိမ်တော်ဝင်ခွင့်ပိတ်သည့်အတွက် လက်ပံတောင်းတွင် ရဟန်းသံဃာနှင့် ဒေသခံများ သပိတ်မှောက်
    ကြေးနီ စီမံကိန်းဆောင်ရွက်နေသည့် ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီက လယ်တီ သိမ်တော်အနားကတောင်မှာ ၃-ရက်ဆက်တိုက် မိုင်းခွဲသည့်ဒဏ်ကြောင့် သိမ်တော် ထိခိုက်မှုရှိမရှိ ဒေသခံသံဃာနှင့် ပြည်သူများ စိုးရိမ်ပြီး ၀င်ရောက်ကြည့်ရှုခွင့်တောင်းခံတာ မရသည့်အတွက် ယနေ့ညနေပိုင်းမှစတင်ကာ ထိုင်သပိတ်မှောက်နေပြီ ဖြစ်ကြောင်း RFA သတင်းမှ သိရှိရပါတယ်။
    ______________________
    ကျင့်ဝတ်သိက္ခာနှင့် မညီသည့် ဘုရားဂေါပကများအား စည်းမျဉ်းဥပဖြေင့် ထိန်းမတ်မည်ဟု သာသနာရေးဝန်ကြီး ပြောကြား
    သံဃာပစ္စည်း၊ ဘုရားပစ္စည်းများအား ဘုရားဂေါပကများမှ သူတို့ပိုင်ပစ္စည်းအနေဖြင့် မှတ်ယူကြောင်း၊ စေတီပုထိုးများအား အများပြည်သူများက လှူဒါန်းမှုအပေါ် ဂေါပကများ၏ အားနည်းချက်ကြောင့် မသင့်လျော်မှုများ ရှိနေသည့်အတွက် ဂေါပက စည်းမျဉ်းများနှင့် ထိန်းကျောင်းသွားရန် စီစဉ်ဆောင်ရွက်နေကြောင်းကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆန်းဆင့်က ရန်ကုန်မြို့ သာသနာရေးဝန်ကြီးဌာနရုံးတွင် ယနေ့ပြုလုပ်သည့် စာနယ်ဇင်းသမားများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်ကြောင်း မဇ္ဈိမသတင်းဌာနတွင် ဖော်ပြထားပါတယ်။
    ______________________
    ဆက်သွယ်ရေးနှင့် ဓာတ်အားပေးလုပ်ငန်းများအတွက် တောင်ကိုရီးယားနိုင်ငံမှ ချေးငွေများ မြန်မာရရှိ
    မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းများနှင့် ဓာတ်အားပေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကိုရီးယားနိုင်ငံမှ အတိုးနည်းချေးငွေ ကန်ဒေါ်လာ ၁၅၅.၈၈ သန်း ရရှိခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေး ဒုတိယ၀န်ကြီး ဦးသောင်းတင်က ယမန်နေ့တွင်ပြောကြားခဲ့သည်။
    တောင်ကိုရီးယားနိုင်ငံ၏ ကိုရီးယား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေအဖွဲ့မှ ပေးအပ်သည့် အဆိုပါချေးငွေမှ ၅၅.၈၇ သန်းကို နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးတာဝါတိုင်များဆောက်လုပ်ခြင်း၊   အချက်အလက်များပေးပို့ရန်အတွက် မြေအောက်ဖိုက်ဘာဆက်ကြောင်းများ တည်ဆောက်ခြင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများအတွက် ကိရိယာများတပ်ဆင်ခြင်းတို့တွင် အသုံးပြုခဲ့သည်ဟု ယမန်နေ့ကပြုလုပ်ခဲ့သော လွှတ်တော်အစည်းအဝေးတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဒုတိယ၀န်ကြီး ဦးသောင်းတင်ကပြောကြားခဲ့သည်ဟု New Light of Myanmar သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။
    ထို့ပြင် ကျန်ရှိသည့် ဒေါ်လာ သန်း ၁၀၀ ကျော်ကို နိုင်ငံအတွင်း ကြုံတွေ့နေရသော လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ၊ မလုံလောက်မှုများကို ဖြေရှင်းရန်အတွက် ဓာတ်အား ၅၀၀ ကီလိုဗို့ ထုတ်လုပ်ပေးနိုင်မည့် တောင်ငူ-ကမာနတ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးပရောဂျက်အတွက် အသုံးပြုမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံမှာ နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထောက်ပံ့ရေးလုပ်ငန်းများ လုပ်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ ကန်ဒေါ်လာ သန်း ၆၀ ကိုလည်း စောစာပိုင်းကရရှိထားသည်။
    Ref: ဆင်ဟွာ
    ——————————————–
    အစ္စရေး၏ တရားမ၀င်အိမ်ရာဆောက်လုပ်မှုများအား တောင်အာဖရိက ရှုတ်ချ
    အစ္စရေးကမတရား သိမ်းပိုက်ထားသော အရှေ့ဂျေရုစလင်တွင် တရားမ၀င်အိမ်ရာများဆောက်လုပ်နေမှုများကို တောင်အာဖရိကနိုင်ငံမှ ရှုတ်ချလိုက်သည်။
    “ပါလက်စတိုင်းမှာလုပ်နေတဲ့ ဒီလိုအစီအစဉ်မျိုးက ကျွန်မတို့ကို နိုးကြားစေပါတယ်။ ပါလက်စတိုင်းမြေပုံကို ကျွန်မကြည့်တဲ့အခါ မအိပ်နိုင်တော့ပါဘူး” ဟု တောင်အာဖရိက အာဏာရပါတီဖြစ်သည့်  အာဖရိကအမျိုးသား ကွန်ဂရက်ပါတီ၏ မဟာမိတ်ဖြစ်သောကုန်သွယ်ရေးယူနီယံအဖွဲ့ဝင်ဖြစ်သူ Maite Nkoana-Mashabane က ယမန်နေ့တွင်ပြောကြားခဲ့သည်။
    အောက်တိုဘာ ၃၀ ရက်နေ့က အစ္စရေး စစ်တပ်ပိုင် ရေဒီယိုမှ အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုနှင့် ပြည်ထဲရေးဝန်ကြီး ဂီဒီယွန် ဆာရ်တို့က အရှေ့ဂျေရုစလင်တွင် တရားမ၀င်အိမ်ရာများ ဆက်လက်တိုးချဲ့ဆောက်လုပ်ရန် အတည်ပြုခဲ့သည်ဟု ကြေငြာခဲ့သည်။
    ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း အစ္စရေး၏ ထိုအစီအစဉ်အား ကန့်ကွက်ခဲ့ပြီး၊ ကုလပြောရေးဆိုခွင့်ရှိသူ မာတင်နီဆာရ်ကီ က ထိုကဲ့သို့ဆောက်လုပ်မှုများမှာ နိုင်ငံတကာ ဥပဒေများအား ချိုးဖောက်ခြင်းဖြစ်ပြီး အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ငြိမ်းချမ်းရေးဆောင်ရွက်မှု အတွက်လည်း အနှောက်အယှက်ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။
    Ref: Press TV
    332519_illegal-Israeli-settlement
    ————————————————–
    အပြာဇာတ်လမ်းရိုက်ကူးမှုကြောင့် ကျောင်းအုပ်ဆရာဟောင်းတစ်ဦး အဖမ်းခံရ
    အမေရိကန်ပြည်ထောင်စု ဒီလာဝဲပြည်နယ် ကောလိပ်အကြို သင်တန်းကျောင်းတစ်ခု၏ ကျောင်းအုပ်ဟောင်းဖြစ်သူမှာ အပြာဇာတ်လမ်းရိုက်ကူးမှုကြောင့် ရဲတပ်ဖွဲ့က ထိမ်းသိမ်းထားသည်ဟု သိရသည်။
    အသက် ၅၃ နှစ်အရွယ်ရှိ ခရစ္စတိုဖာ ဒီ ၀ှီလာဆိုသူဖြစ်ပြီး ထိုသင်တန်းကျောင်းမှ ပြီးခဲ့သည့် သီတင်းပတ်က ရာထူးမှအနားယူသွားခဲ့သူဖြစ်သည်။ ၎င်းအား ပြီးခဲ့သည့် ကြာသာပတေးနေ့က စွဲချက် ၂၅ ခုဖြင့်တရားစွဲဆိုထားခဲ့ပြီး ယမန်နေ့က အဖမ်းခံခဲ့သည်။
    ကလေးငယ်များနှင့်ပက်သက်သည့် အပြာဇာတ်လမ်းများတွင် ၎င်းပါဝင်ကြောင်း အထောက်အထားများကို ၎င်း၏ ရုံးခန်းနှင့် Tower Hill School ကျောင်းဝင်း အတွင်းနေထိုင်ခဲ့သည့် ၎င်း၏အိမ်အတွင်းတွင်ရှာဖွေတွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထိုအပြာဇာတ်လမ်းများတွင် အဆိုပါ ကျောင်းမှ ကျောင်းသားများ ပါဝင်သည်ဆိုခြင်းကို ကျောင်း တာဝန်ရှိသူများက ငြင်းဆိုခဲ့ပြီး ရှေ့နေ့များကလည်း ကျောင်းသားများ ပါဝင်ခြင်း ရှိမရှိကို ပြောဆိုရန် ငြင်းဆိုခဲ့သည်။
    ———————————————
    ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုတွင် တာလီဘန်ခေါင်းဆောင်တစ်ဦးသေဆုံး
    ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ၀ါဇီရစ္စတန်ဒေသတွင် ယမန်နေ့ကပြုလုပ်ခဲ့သော အမေရိကန်၏ ဒရုန်းလေယာဉ်ဖြင့်တိုက်ခိုက်မှုအတွင်း တာလီဘန်အဖွဲ့ခေါင်းဆောင် တစ်ဦးသေဆုံးခဲ့သည်ဟုသိရသည်။
    ထိုခေါင်းဆောင်မှာ ဟကီမွလ္လာမဟ်ဆူဒ်ဟု အမည်ရပြီး ပါကစ္စတန်ရှိတာလီဘန်အဖွဲ့၏ ခေါင်းဆောင် တစ်ဦးဖြစ်ကာ ၎င်းသေဆုံးကြောင်းကို တာလီဘန်အဖွဲ့ကလည်း အတည်ပြုပြောကြားခဲ့သည်။ ၎င်းနှင့်အတူ သက်တော်စောင့်နှင့် ဒရိုင်ဘာဖြစ်သူလည်း သေဆုံးခဲ့သည်ဟု သိရသည်။
    Ref: aljazeera
    —————————————————–
    ပိုင်ဆိုင်မှုအငြင်းပွားနေမှုများနှင့်ပက်သက်ပြီး ရုရှားနှင့် ဂျပန်တို့ ဆွေးနွေးရန် သဘောတူ
    အငြင်းပွားနေသည့် နယ်မြေပိုင်ဆိုင်မှုကိစ္စများနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီးအဆင့် ဆွေးနွေးပွဲတစ်ရပ်ကို အစောဆုံး လာမည့် ဇန်န၀ါရီလကုန်ပိုင်းတွင်ပြုလုပ်ရန် ဂျပန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ ယမန်နေ့က သဘောတူညီခဲ့ကြသည်ဟု သိရသည်။
    ထိုသဘောတူညီချက်မှာ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများ နှစ်နိုင်ငံခေါင်းချင်းဆိုင်ဆွေးနွေးပွဲမတိုင်မီ တရက်အလိုတွင်ပြုလုပ်သည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကစ်ရှီဒါနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်တို့တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီခဲ့ခြင်းဖြစ်သည်။
    လာဗ်ရော့ဗ်က အဆိုပါ ခေါင်းချင်းဆိုင်ဆွေးနွေးပွဲမှာ ဂျပန်နှင့် ရုရှားနိုင်ငံတို့ အပြန်အလှန် ယုံကြည်မှုနှင့် နားလည်မှုကို တိုးမြှင့်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး ကစ်ရှီဒါကလည်း စီပွားရေးနှင့် လုံခြုံရေးကိစ္စရပ်များအပါအ၀င် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်ရန်ဖြစ်ပြီး ထိုဆွေးနွေးပွဲက နှစ်နိုင်ငံ သံတမန်မန်ရေးရာ ဆက်သွယ်မှုများအား နက်ရှိုင်းလာစေနိုင်သည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် ဆိုက်ဘာတိုက်ခိုက်မှုများ၊ သတင်းအချက်အလက်များ မျှဝေမှုများနှင့် ပက်သက်၍ အဆင့်မြင့် ဆွေးနွေးပွဲများ စတင်ပြုလုပ်ရန်အတွက်လည်းသဘောတူညီခဲ့ကြသည်။
    ———————————————
    လောစ့်အိန်ဂျလိစ် လေဆိပ်တွင် ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေဆုံး
    အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ယမန်နေ့က လူတစ်ဦးသေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးဝန်ထမ်း တစ်ဦးသေဆုံးခဲ့ပြီး အနည်းဆုံး လူ ၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
    ထိုအဖြစ်အပျက်ကြောင့် ထွက်ခွာမည့်လေယာဉ်များအား ဆိုင်းငံ့ခဲ့ရပြီး၊ လေဆိပ်သို့ဆိုက်ရောက်မည့် လောယာဉ်များကိုလည်း အခြားလေဆိပ်သို့ ပြောင်းရွှေ့ ဆင်းသက်စေခဲ့ရသည်။ ထို့ပြင် လေဆိပ်ပတ်ဝန်းကျင်ရှိ လမ်းမများကိုလည်း ပိတ်ပစ်ခဲ့ရသည်။
    သေနတ်ဖြင့်ပစ်ခတ်ခဲ့သူမှာ အသက် ၂၃ နှစ်အရွယ်ရှိ ပေါလ်အန်တိုနီ စီယန်စီယာဆိုသူဖြစ်ပြီး လော့စ်အိန်ဂျလိစ်တွင်နေထိုင်သူဖြစ်သည်။ ထိုသူမှာ လေဆိပ်ဂိတ်ဝအားဖြတ်သန်းကာ ၀င်ပေါက်အမှတ်သုံးအနီးရှိ စားသောက်ဆိုင်အတွင်းသို့ ရိုက်ဖယ်သေနတ်ကိုင်ကာ ၀င်ရောက်လာစဉ် လုံခြုံရေးဝန်ထမ်းများက ပစ်ခတ်ဖမ်းဆီးခဲ့ကြသည်။
    Ref: aljazeera.
    ————————————
    ကမ္ဘာ့တစ်ဝှမ်းတွင် ဒေ၀ါလီနေ့ပျော်ပွဲရွှင်ပွဲများကျင်းပ
    ယနေ့တွင်ကျရောက်သည့် ဒေ၀ါလီနေ့အား ကမ္ဘာ့တစ်ဝှမ်းရှိ လူသန်းပေါင်းများစွာက မီးရှူးမီးပန်းများပစ်ဖေါက်ခြင်း၊ အလှမီးများထွန်းခြင်းနှင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်ကာ ကျင်းပနေကြသည်။
    ဒေ၀ါလီဟူသော ဝေါဟာရမှာ ဒေပါဝါလီဟူသော စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး “အလင်းရောင်တန်းများ” ဟု အမည်ရသည်။ အမှောင်ထုအား အလင်းရောင်ဖြင့် ဖြိုခွင်းခြင်းကို အမှတ်သညာပြုကာ အဆိုပါပွဲတော်ကို ဟိန္ဒူ၊ ဆစ်ခ်နှင့် ဂျိမ်းဘာသာဝင်များက ဆောင်းဦးရာသီအစ ငါးရက်တာကျင်းပခြင်းဖြစ်သည်။
    ယခုနှစ်တွင် ဒေ၀ါလီနေ့မှာ နိုဝင်ဘာ ၃ ရက် ယနေ့တွင်ကျရောက်ခဲ့ပြီး အိန္ဒိယတိုက်ငယ်အတွင်း ရာစုနှစ်ပေါင်းများစွာကျင်းပလာခဲ့သည့် ဒေ၀ါလီနေ့မှာ ယခုအခါတွင် ကမ္ဘာ့တစ်ဝှမ်းရှိ လူ့အဖွဲ့အစည်းမျိုးစုံတွင် ကျင်းပလာခဲ့ကြပြီး ပျော်ရွှင်မှုများ၊ အသိပညာများနှင့် ရင်းနှီးမှုများကိုပေးသော ပွဲတော်တစ်ခုဖြစ်လာပြီဖြစ်ကြောင်း ယနေ့ကျရောက်သည့် ဒေပါဝါလီနေ့အား ဂုဏ်ပြုဖော်ပြလိုက်ရပါသည်။
    Ref: CNN