News @ M-Media

Blog

  • “ မုဟမ္မဒ် ” ဟု အမည်ထားသူများ ကမ္ဘာတစ်ဝှန်း အများဆုံးဖြစ်ဟု စပိန် ABC သတင်းစာမှဖော်ပြ

    နိုဝင်ဘာ-၁ ၊ ၂၀၁၃
    M-Media

    Mohammad

    အစ္စလာမ့် တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်စေသား)၏ အမည်သည် ကမ္ဘာ့ရေပန်းအစားဆုံး အမည်နာမ တစ်ခုဖြစ်နေကြောင်း သတင်းသစ်တစ်ရပ်က ဆိုသည်။

    စပိန်နိုင်ငံနေ့စဉ်ထုတ်သတင်းစာ ABC မှ “ မုဟမ္မဒ် ” ဟု အမည်ထားသူများ ကမ္ဘာတစ်ဝှန်းတွင် သန်း ၁၅၀ ရှိကြောင်း လတ်တစ်လော ဖော်ပြခဲ့သည်။

    မွတ်စ်လင်မ်အများစုရှိသည့် အစ္စလာမ်နိုင်ငံများအပါအ၀င် အစ္စလာမ်မဟုတ်သော နိုင်ငံများတွင်လည်း မုဟမ္မဒ် ဟူသော အမည်မှာ တရှိန်ထိုးများပြားလာပြီး ပြင်သစ်ပြည်အချို့ဒေသများ၌ပင် မွေးကင်းစ ကလေးငယ်များအတွက် ရေပန်းအစားဆုံး အမည်နာမ ဖြစ်နေကြောင်း၊ ထို့အပြင် စပိန်နှင့်ဗြိတိန်၌လည်း ရေပန်းအစားဆုံး အမည်စာရင်းတွင် ဆဌမမြောက်ဖြစ်နေကြောင်း သတင်းစာက ဆိုသည်။

    Milan’s Chamber of Commerce မှ ပြုလုပ်သော လေ့လာမှုအရ မုဟမ္မဒ် ဟူသည့်အမည်နာမသည် အီတလီနိုင်ငံ၊ မီလန်မြို့ရှိ အငယ်စားလုပ်ငန်းရှင်များအကြား လူကြိုက်အများဆုံးဖြစ်နေကြောင်း စက်တင်ဘာ ၄ ရက်က ထုတ်ဝေဖော်ပြခဲ့သည်။

    Source : Presstv

    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • မွတ်စ်လင်မ်စွန့်ဦး လုပ်ငန်းရှင်များအတွက် ယူကေမှ စတာလင်ပေါင် သန်း ၁၀၀ မ,တည်

    နိုဝင်ဘာ-၁ ၊ ၂၀၁၃
    M-Media

    Johnson Re-Elected London Mayor
    (ဓာတ်ပုံ – လန်ဒန်မြို့တော်ဝန် ဘောရစ္စ ဂျွန်ဆင်)

    ဗြိတိန်နိုင်ငံအတွင်း အစ္စလာမ့်နည်းကျနည်းပညာလုပ်ငန်းများကို စွန့်ဦးလုပ်ဆောင်လိုသူများတွက် နိုင်ငံတော်အစိုးရမှ စတာလင်ပေါင် သန်း ၁၀၀ ရံပုံငွေတစ်ရပ်ကို စီစဉ်ထားသည်ဟု လန်ဒန်မြို့တော်ဝန် ဘောရစ္စ ဂျွန်ဆင်မှ ကြေငြာလိုက်သည်။ အင်္ဂါနေ့က လန်ဒန်တွင်ပြုလုပ်သော အစ္စလာမ့်စီးပွားရေးကမ္ဘာ့ဖိုရမ် World Islamic Economic Forum ၌ ၄င်းမှ ယင်းအစီအစဉ်ကို အဆိုပြုခဲ့ခြင်းဖြစ်သည်။

    “ အစ္စလာမ်ကမ္ဘာမှာ ရေရှည်အမြင်ရှိတဲ့ လူငယ်စွန့်ဦးလုပ်ငန်းရှင်တွေ ရှိနေသလို ဗြိတိန်ဟာလည်း စက်မှုလုပ်ငန်းအတွက် ကမ္ဘာ့အချက်အချာဒေသတစ်ခုဖြစ်ပါတယ် ” ဟု သုကဆိုခဲ့ကြောင်း The National သတင်းစာမှ ဖော်ပြသည်။

    ယူအေအီး၊ ဆော်ဒီအာရေဗျ နှင့် မလေးရှားကဲ့သို့သော နိုင်ငံများနှင့်ချိတ်ဆက်ရန်အတွက်
    ရံပုံငွေထူထောင်ရေး၌ မဆိုစလောက်သောမတည်ငွေပင်ဖြစ်စေ အရေးပါသောကဏ္ဍ၌ ပါဝင်သည်။ အရှေ့အလယ်ပိုင်းမှ စွန့်ဦးလုပ်ငန်းရှင်များကိုလည်း ကျွမ်းကျင်မှုများရအောင် နည်းပညာဌာနများသို့လာရောက်စေမည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံသို့ တစ်ပါတည်းပြန်လည်သယ်ဆောင်သွားရန် ရည်ရွယ်ထားသည်။

    The National သတင်းစာ၏အဆိုအရ စွန့်ဦးးလူငယ်များအား ကိုယ်ပိုင်လုပ်ငန်းများထူထောင်နိုင်အောင် လမ်းကြောင်းပေးသော ယူအေအီးအခြေစိုက် Emirates Foundation for Youth Development နှင့်လည်း တာဝန်ရှိသူများမှ ဆက်သွယ်ထားပြီးဖြစ်သည်ဟု သိရသည်။

    Source : Worldbulletin.net

  • သင့်မြတ်သူများပွဲတော် (ပုံရိပ်များ)

    နိုဝင်ဘာ-၁ ၊ ၂၀၁၃
    M-Media
    A.N.Lay

    06

    အမျိုးမျိုးသော ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာနှင့် လူမျိုးများ၏ အတူတကွ ငြိမ်းချမ်းစွာ အေးအတူ ပူအမျှ နေထိုင်သော တည်ငြိမ် တိုးတက်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်စေရန် အတွက် ငြိမ်းချမ်းရေးကို မြတ်နိုး အားလုံးအတူပါဝင်ရန် ဖိတ်ခေါ်ထားသည့် သင့်မြတ်သူများ ပွဲတော်အမည်ရ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ဂီတပွဲတော်ကို ယနေ့ ညနေ ၆း၀၀-နာရီမှ ၉း၃၀-နာရီအထိ ရန်ကုန်မြို့ Strand Hotel ၌ ပြုလုပ်ခဲ့ပါတယ်။

    အဆိုပါပွဲတော်တွင် အရှင်ဆန္ဒ၀ံသာ ဘိဝံသ (ပါဠိကာရီ ဆရာတော်)၊ ဒေါက်တာလှထွန်း၊ မသီတာ(စမ်းချောင်း)၊ ၀ါးခယ်မ မောင်မင်းနိုင်၊ ဒေါက်တာစောလှိုင်ဘွား တို့မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး ဦးရဲနိုင်မိုးမှ ကူညီဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

    တေးဂီတပွဲတော်တွင် One Love, ရွှေသံစဉ်, Life Blood (MRA), MMK, Acid, Vaiolenz တေးဂီတအဖွဲ့များနှင့်အတူ စောဖိုးခွား၊ အက်စတာဒွေး၊ မီးမီးခဲ၊ သံသာဝင်း၊ ဆောင်ဦးလှိုင်၊ အနဂ္ဂ၊ ရန်ရန်ချန်းနှင့် အခြားသော တေးသံရှင်များက ငြိမ်းချမ်းရေးသီချင်းများ သီဆို ဖျော်ဖြေခဲ့ကြပါတယ်။

    ဓါတ်ပုံများကြည့်ရန် =>Click Here
    ;

  • နိုဝင်ဘာ ၁ အားကစားသတင်းများ

    နိုဝင်ဘာ ၁၊ ၂၀၁၃
    M-Media

    ကာတာတွင်ပြသထားသည့် ဇီဒိန်း၏ ရုပ်ထုအား ပြန်လယ်ဖယ်ရှားခဲ့

    အကြမ်းဖက်မှုကို အားပေးနေခြင်းဖြစ်သည်ဟု ဘာသာရေးနှင့် လူမှုရေးအရ မကျေနပ်မှုများ ပေါ်ပေါက်လာသောကြောင့် ပြင်သစ် ဂန္တ၀င်ဘောလုံးသမား ဇီဒိန်း၏ ခေါင်းဖြင့် တိုက်ခဲ့သော ရုပ်ထုအား ကာတာနိုင်ငံက ပြန်လည် ဖယ်ရှားပေးခဲ့သည်ဟု သိရသည်။

    ၅ မီတာအမြင့်ရှိသည့် အဆိုပါကြေး ရုပ်ထုမှာ ၂၀၀၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြင်သစ်ကွင်းလယ်လူ ဇီဒိန်းက အီတလီနောက်ခံလူ မာကို မာတာရာဇီအား ခေါင်းဖြင့်တိုက်ခဲ့သော အပြုအမူအား ပုံဖော်ထုလုပ်ထားခြင်းဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုရုပ်တုအား အလ်ဂျီးရီးယားဖွား ပြင်သစ်နိုင်ငံသား ပန်းပုပညာရှင် အဒီလ် အဘ်ဒက်စ်စီမ်းက ၂၀၁၂ ခုနှစ် ထုလုပ်ခဲ့ခြင်းဖြစ်ပြီး ကာတာနိုင်ငံသို့ သယ်ဆောင်လာခြင်း မပြုမီ ပဲရစ်ရှိ Pompidou စင်တာတွင် ပြသခဲ့ပြီး ကာတာတွင် ကျင်းပပြုလုပ်မည့် ၂၀၂၂ ကမ္ဘာ့ဖလားပွဲ ကြော်ငြာအဖြစ် ကာတာ အာဏာပိုင်များက ယူဆောင်လာခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ထိုရုပ်ထုအားဖွင့်လှစ်ပြီး သီတင်းပတ်အနည်းအငယ်အကြာတွင်ပင် ဘာသာရေး အဖွဲ့အစည်းများက ထိုရုပ်တုမှာ ရုပ်တုဆင်းတု ကိုးစား ယုံကြည်မှုကို အားပေးသကဲ့သို့ဖြစ်နေပြီး၊ ရုပ်တု၏ ဟန်ပန်မှာလည်း အကြမ်းဖက်မှုကို မြှင့်တင်ပေးရာ ရောက်နေသည်ဟု ဝေဖန်ခဲ့ကြပြီး၊ ရုပ်တုအား ဖယ်ရှားပစ်ရန် ဖိအားပေးခဲ့ကြသောကြောင့် ပြန်လည်ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

    Ref: OnIslam

    Qatar Removes Zidane’s Infamous Statue———————————

    ပြင်သစ်ကလပ်များရှိ လစာမြင့်ဘောလုံးသမားများ ၀င်ငွေ ၇၅ ရာခိုင်နှုန်းကို အခွန်ဆောင်ရမည်

    လစာမြင့်ကစားသမားများအား မြင့်မားသောဝင် အခွန်များကောက်ခံရန် စီစဉ်မှုကို ပြန်လည်စဉ်းစားရန်အတွက် ပြင်သစ်ရှိ ဘောလုံးကလပ် အသင်းများနှင့် ပြင်သစ် သမ္မတတို့၏ ဆွေးနွေးမှုမှာ အောင်မြင်ခဲ့ခြင်းမရှိဟုသိရသည်။

    ထိုဝင်ငွေခွန်သတ်မှတ်ချက်အား ပြင်ဆင်မပေးပါက ယခုလအတွင်း ကစားမည့် ဘောလုံးပွဲများအား မကစားဘဲ သပိတ်မှောက်မည်ဟု ကလပ်အသင်းများက ပြောကြားထားသော်လည်း ယမန်နေ့ကပြုလုပ်ခဲ့သော အဆိုပါဆွေးနွေးမှုတွင် ပြင်သစ်သမ္မတ ဖရန်စီအို့စ် ဟော်လန်ဒေးက တစ်နှစ်လျှင် ယူရို ၁ သန်းထက် ၀င်ငွေရရှိသည့် ဘောလုံးသမားများအား ၇၅ ရာခိုင်နှုန်းအခွန်ကောက်ခံမည့်ကိစ္စအား ပယ်ဖျက်ရန် အစီအစဉ်မရှိဟု ပြောကြားခဲ့သည်။

    ပဲရစ်မြို့ရှိ Elysee နန်းတော်တွင်ပြုလုပ်ခဲ့သည့် ထိုဆွေးနွေးမှုအပြီးတွင် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်သူ နိုအယ်လ်လီဂရာအီတ်က ဟော်လန်ဒေးမှာ ၎င်းတို့၏ တောင်းဆိုမှုအား မလိုက်လျောခဲ့ကြောင်း၊ အနာဂတ်တွင် မည်ကဲ့သို့ ဆက်လက်ဖြစ်မည်ကို မသိကြောင်း ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ပြောကြားလိုက်ခြင်းမှာ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင် ၂ ရက်နေ့အထိ ပြုလုပ်မည့် ဘောလုံးပွဲများအား မကစားဘဲ သပိတ်မှောက်ရန် စီစဉ်ထားသည့် ဘောလုံးအသင်းများ၏ ဆုံးဖြတ်ချက်အား ပိုမိုတွန်းအားပေးသကဲ့သို့ ဖြစ်သွားစေသည်။

    Ref:aljazeera

    ——————————————

    ချယ်ဆီးအသင်းက ၎င်းအား ယုံကြည်မှုမရှိခဲ့ခြင်းကြောင်း လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း စတားရစ်ခ်ျဖွင့်ဟ

    ယခုအချိန်အထိ လီဗာပူးလ်အသင်းနှင့် ၂၄ ပွဲကစားခဲ့ပြီး ၂၁ ဂိုး သွင်းယူပေးထားသည့် တိုက်စစ်မှူး စတားရစ်ချစ်က ချယ်ဆီးအသင်းတွင်ရှိနေစဉ် အသင်းက ၎င်းအား မယုံကြည်ခဲ့သောကြောင့် လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    လီဗာပူးလ်အသင်းတွင် ပြသသောခြေစွမ်းကောင်းများကြောင့် အင်္ဂလန်အသင်း၏ နံပါတ် ၉ ဂျာစီအား ၀င်ခွင့်ရခဲ့သော စတားရစ်ချစ်မှာ ချယ်ဆီးအသင်းတွင် ၄ နှစ်ကြာကစားခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလတွင်မှ လီဗာပူးလ်အသင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

    သူ့အားယုံကြည်သည့် နည်းပြလက်အောက်တွင် ကစားနေရခြင်းမှာ မတော်တဆဖြစ်ရပ်မဟုတ်ကြောင်း ပြောကြားခဲ့သည့် စတားရစ်ခ်ျက

    “ကျွန်တော်ဘာလိုအပ်တယ်ဆိုတာ ဘရန်ဒန်ရော်ဂျာ(လီဗာပူးလ်နည်းပြ)က သိပါတယ်။ တိုက်စစ်မှူးအဖြစ်ကစားဖို့ ယုံကြည်ချက်ကို ကျွန်တော်လိုအပ်နေတာပါ။ ချယ်ဆီးမှာ အဲဒီယုံကြည်မှုမျိုးကို ကျွန်တော်မရခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။

    Ref:mirror.

     

  • နိုဝင်ဘာ ၁၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    နိုဝင်ဘာ ၁၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    နိုဝင်ဘာ-၁ ၂၀၁၃
    M-Media

    ဆီးရီးယားရှိ ဓာတုလက်နက်ထုတ်လုပ်သည့် ကိရိယာများအား ဖျက်ဆီး

    ဓာတုလက်နက်ထုတ်လုပ်သည့် ပစ္စည်းကိရိယာများကို ဖျက်သိမ်းရန် သဘောတူညီထားသည့် နောက်ဆုံးရက်ကို ရောက်ရှိလာသည့်အတွက် နိုင်ငံအတွင်းရှိ ဓာတု လက်နက်ထုတ်လုပ်သည့် စက်ရုံများနှင့် စက်ကိရိယာများကို ဖျက်ဆီးလိုက်ပြီဟု ဟုသိရသည်။

    နိုင်ငံတကာဓာတုလက်နက်များ တားဆီးရေးအဖွဲ့(OPCW) မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဆီးရီးယားနိုင်ငံအတွင်း ဓာတုလက်နက်များထုပ်လုပ် သည့် စက်ရုံ ၂၃-ရုံမှ ၂၁-ရုံကို စုံစမ်းစစ်ဆေးပြီးပြီဟု ထည့်သွင်းဖော်ပြထားပြီး အခြားနှစ်နေရာမှာ စစ်ဆေးရန်အတွက် အလွန်အန္တရာကြီးသောကြောင့် ထိုစက်ရုံရှိ ပစ္စည်း ကိရိယာ များအား အခြားစက်ရုံတစ်ခုသို့ ပြောင်းရွှေ့ခဲ့သည်ဟု ဖော်ပြထားသည်။

    သြဂုတ်လ ၂၁ ရက်နေ့က ဒမတ်စကတ်မြို့စွန်တွင် ဖြစ်ပွားခဲ့သောဓာတုလက်နက်များဖြင့်တိုက်ခိုက်မှုကို တုံ့ပြန်သောအားဖြင့် စစ်ရေးဖြင့် ၀က်ရောက်တိုက်ခိုက်မည်ဟု အမေရိကန် ခြိမ်းခြောက်ပြီးနောက် ဓာတုလက်နက်များကို ဖျက်ဆီးပစ်ရန် ရုရှားနှင့်အမေရိကန်တို့၏ သဘောတူညီချက်အား ဆီးရီယားက လက်ခံခဲ့ခြင်းဖြစ်သည်။

    အဆိုပါ လက်နက်ဖျက်သိမ်းရေးသဘောတူညီချက်တွင် ဆီးရီးယားရှိ ဓာတုလက်နက်လက်နက်ထုတ်လုပ်သည့် ပစ္စည်းကိရိယာများကို နိုဝင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ ဖျက်ဆီးရမည်ဟုပါရှိပြီး၊ ဓာတုလက်နက်အားလုံးအား ၂၀၁၄ခုနှစ် နှစ်လည်ပိုင်းတွင် နောက်ဆုံးထား၍ ဖျက်ဆီးပစ်ရမည်ဟု ပါဝင်သည်။

    Ref : aljazeera
    ________________________

    အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းမှုများအား Google မကျေနပ်

    ကမ္ဘာတစ်ဝှမ်းလုံးရှိ Google နှင့် Yahoo တို့၏ အချက်အလက်စင်တာများအား ဆက်သွယ်ထားသော လမ်းကြောင်းများကို ချိုးဖောက်ကာ လျှို့ဝှက်ဝင်ရောက် ထောက်လှမ်းခဲ့သော အမေရိကန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီ(NSA)၏ လုပ်ရပ်အား ဒေါသဖြစ်မိသည်ဟု Google က ပြောကြားခဲ့ကြောင်း ၀ါရှင်တန်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။

    တနင်္ဂနွေနေ့က ထုတ်ဝေခဲ့သော ၀ါရှင်တန်ပို့စ်သတင်းစာတွင် NSA မှ Google နှင့် Yahoo ကုမ္ပဏီတို့၏ အဓိကအချက်အလက်လိုင်းများကို ၀င်ရောက်ခဲ့သည်ဟု ယခင် NSA ၀န်ထမ်းဟောင်း စနိုးဒင်၏ ဖွင့်ချမှုအား ကိုးကားကာဖော်ပြခဲ့သည်။ ဇန်န၀ါရီ ၉ ရက်နေ့ နေ့စွဲတပ်ထားသော လျှို့ဝှက် စာရွက်စာတမ်းများအရ NSA မှာ Google နှင့် Yahoo တို့၏ အချက်အလက် သိုလှောင်ရာကွန်ယက်များမှ နေ့စဉ် အချက်အလက်ပေါင်း သန်းချီရယူပြီး မေရီလန်းရှိ ရုံးချုပ်သို့ ပေးပို့ခဲ့သည်ဟု သိရသည်။

    Goolge ၏ ဥပဒေရေးရာအရာရှိ ဒေးဗစ် ဒရမ်မွန်းက ထိုကဲ့သို့သော ခိုးယူမှုများအတွက် ကုမ္ပဏီအနေဖြင့် အချိန်အတော်ကြာစိုးရိမ်ခဲ့ကြောင်း၊ အမေရိကန်အစိုးရ အပါအ၀င် မည်သည့်အစိုးရကိုမှ ၎င်းတို့၏ အင်တာနက် စနစ်အတွင်းအသို့ ၀င်ရောက်ခွင့်မပြုကြောင်း၊ အမေရိကန်အစိုးရက ၎င်းတို့၏ ဖိုက်ဘာနက်ဝက်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ အချက်အလက်များကို ခိုးယူခဲ့သည့်အတွက် ဒေါသဖြစ်မိပြီး၊ ထိုကိစ္စက ၎င်းတို့၏ စနစ်များကို အမြန်ဆုံးပြုပြင်ပြောင်းလဲရန်လိုအပ်နေပြီ ဖော်ပြသကဲ့သို့ ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

    အချက်အလက်များကို လုံခြုံစွာသိမ်းဆည်းပေးနိုင်သောကြောင့် အင်တာနက် လောကတွင်ကျော်ကြားသည့် Google မှာ ၎င်းတို့၏ ဆားဗစ်များ၊ ချိတ်ဆက်သည့် လမ်းကြောင်းများအား ပိုမိုလုံခြုံအောင်ကြိုးစားမည်းဟု ပြောကြားခဲ့သည်။

    Ref : aljazeera
    ________________________

    နိုင်ငံရေးလွတ်ငြိမ်းချမ်းသာခွင့် မူကြမ်းအား ထိုင်းပြည်သူများ ဆန္ဒပြ

    ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ တိုင်းပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်လာ နိုင်သည့် နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်း ကို ထိုင်းအောက်လွှတ်တော်မှ အတည်ပြုလိုက်သည့်အတွက် ထိုင်းပြည်သူအများအပြားက ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    လက်နက်မဲ့ ဆန္ဒပြမှုများအား သတ်ဖြတ်ခဲ့ခြင်းနှင့် ယခင်ကပြုလုပ်ခဲ့သည့် အပြစ်များအား အရေးမယူရန် ရေးသားထားသည့် ထိုမူကြမ်းမှာ ထိုင်းအထက်လွှတ်တော်မှ အတည်ပြုရန် လိုအပ်နေသေးသော်လည်း ထိုင်းနိုင်ငံရေး လောကတွင် လွန်စွာဂယက်ရိုက်လျက်ရှိသည်။

    ထိုမူကြမ်းအား အောက်လွှတ်တော်ရှိ ဥပဒေပြုအမတ်များက မဲခွဲခဲ့ရာ ထောက်ခံမဲ ၃၁၀၊ ကြားနေမဲ ၄ မဲ၊ ကန့်ကွက်မဲမရှိဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု ပါလီမန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထို့ပြင် မူကြမ်းအတည်ပြုရန်အတွက် ဆွေးနွေးရာတွင် ၁၉-နာရီခန့်ကြာမြင့်ခဲ့ပြီး အတိုက်အခံပါတီက မဲခွဲမှုတွင်ပါဝင်ရန် ငြင်းဆိုခဲ့သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ Amnuay Khangpha က ပြောကြားခဲ့သည်။

    မူကြမ်းအားအတည်ပြုပြီးနောက်ပိုင်းတွင် အတိုက်အခံဒီမိုကရက်တစ်ပါတီက ထိုမူကြမ်းအား ပယ်ဖျက်ပေးရန် ပြည်သူများအနေဖြင့် ဆန္ဒပြပွဲများပြုလုပ်ကာ ပြုလုပ်ရမည်ဟု ပြောကြားခဲ့ပြီနောက် ထောင်ပေါင်းများစွာသော ပြည်သူများအား ဘန်ကောက်မြို့တွင်စုရုံးကာ နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်မူကြမ်းအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

    Ref : channelnewsasia

    ________________________

    စနိုးဒင် ရုရှား၌ အလုပ်ရပြီ

    အမေရိကန် အမျိုးသား ထောက်လှမ်းရေးအေဂျင်စီ (NSA) ၏ သူလျှိုလုပ်ငန်းများအား ဖွင့်ချပြီးနောက် ရုရှားနိုင်ငံ၌ ခိုလှုံနေရသည့် NSA ၀န်ထမ်းဟောင်း အက်ဒ၀ပ် စနိုးဒင်မှာ ၀ဘ်ဆိုဒ်ကုမ္ပဏီတစ်ခု၌ အလုပ်ရရှိသွားပြီဟု ၎င်း၏ရှေ့နေဖြစ်သူက ပြောကြားခဲ့သည်။

    ရှေ့နေဖြစ်သူ အနာတိုလီ ကူချီရီနာက ရုရှား နိုင်ငံပိုင် သတင်းဌာနဖြစ်သည့် RIA သို့ ယမန်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် အလုပ်စဆင်းရမည့် စနိုးဒင် မှာ ၀က်ဘ်ဆိုဒ် ထိန်းသိမ်းရေးလုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီ၏ အမည်အား လုံးခြုံရေးအကြောင်းပြချက်ဖြင့် ဖြေကြားသွားခဲ့ခြင်းမရှိချေ။

    အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် စနိုးဒင်မှာ ယခင်က အမေရိကန်အစိုးရ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကန်ထရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပြီး NSA မှ လျှို့ဝှက်ထောက်လှမ်းနေသည့် ဖုန်းဆက်သွယ်မှုများနှင့် အချက်အလက်များကို စုစည်းပေးခဲ့ရသည်။ နောက်ပိုင်းတွင် အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်း များကို မီဒီယာသို့ဖွင့်ချခဲ့ပြီး၊ အမေရိကန်က အစိုးရလျှို့ဝှက်ချက် ဖော်ထုတ်မှုနှင့် နိုင်ငံပိုင်ပစ္စည်းအား ခိုးယူမှုတို့ကြောင့် တရားစွဲခြင်းကို ခံခဲ့ရသူဖြစသည်။

    Ref : cnn

    ________________________
    ပါကစ္စတန်-တာလီဘန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များစတင်

    နိုင်ငံသားများနှင့် ရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်မှုများကိုရပ်တန့်ရန် မျှောင်လင့်ချက်ဖြင့် တာလီဘန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စတင်ပြုလုပ်တော့မည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှရစ်ဖ်က ပြေကြားလိုက်သည်။

    လန်ဒန်သို့ရောက်ရှိနေသည့် နာဝဇက်ရရှစ်က ဗြိတိန်ဒုတိယ၀န်ကြီးချုပ် နစ်က်စကလက်နှင့် ယမန်နေ့ကတွေ့ဆုံစဉ် ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်ပြီး အခြေခံ ဥပဒေက ဖော်ပြထားသော လုပ်ငန်းစဉ်များအတိုင်းသာ ဆွေးနွေးပွဲကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ပါကစ္စတန်တွင် တာလီဘန်များ၏ တိုက်ခိုက်မှုများကြောင့် အရပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ သေဆုံးနေမှုကိုဆက်လက်စောင့်ကြည့်မနေနိုင်တော့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ပါကစ္စတန်အနဖြင့် အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဖက်ဝါဒအား အမြစ်ဖြတ်သုတ်သင်ရန် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့များနှင့် ထောက်လှမ်းရေး လုပ်ငန်း များကို ပိုမိုတောင့်တင်းအောင် ဆောင်ရွက်နေသည်ဟု နာဝဇ်ရှရစ်ဖ်က ထပ်လောင်းပြောကြားခဲ့သည်။

    ရှရစ်ဖ်နှင့် သူ၏အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးရန် လိုလားမှုကိုပြသပါက ၎င်းတို့အနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုကို သဘောတူမည်ဟု တာလီဘန်တို့က ပြီးခဲ့ သည့်မေလတွင်ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်တို့၏ ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် တာလီဘန် ဒုတိယခေါင်းဆောင် ၀လီအွန်ရဟ်မာန် သေဆုံးခဲ့ပြီး ငြိမ်းချမ်းဆွေးနွေးမှုမပြုလုပ်တော့ဟု တာလီဘန်တို့က ပြန်လည်ပြောဆိုခဲ့သည်။

    Ref : Press TV
    ________________________
    သြစတေးလျ ဘုရင်ခံ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်

    မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုကြောင့် သြစေတးလျ ဘုရင်ခံ ကွမ်တင် ဘရိုက်စ်မှာ မြန်မာနိုင်ငံသို့လာရောက် လည်ပတ်မည်ဟု ယနေ့တွင် တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်။

    သမ္မတဦးသိန်းစိန်မှာ ယခုနှစ် မတ်လက သြစတေးလျနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့စဉ်အတွင်း မြန်မာနိုင်ငံသို့လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သြစတေးလျ ၀န်ကြီးချုပ် ဂျူလီယန် ဂီလာဒ့်နှင့်တွေ့ဆုံခဲ့ပြီး ဂီလာဒ့်ကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် သြစတေးလျမှ အကူအညီများကို ပိုမိုတိုးမြှင့်ပေးမည်ဟု ကတိပေးခဲ့သည်။

    ထိုအကူအညီပေးရေး အစီစဉ်၏ အစိတ်အပိုင်းအဖြစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် ၂ နှစ်အတွင်း သြစတေးလျ ဒေါ်လာ သန်း ၂၀  ကူညီ ထောက်ပံ့ ပေးသွားမည်ဟု သိရပြီး ၂၀၁၅ ခုနှစ်တွင် ထိုအကူအညီအား နှစ်ဆတိုး သွားမည်ဖြစ်သည်။

    ထို့ပြင် ယခုနှစ် ဇူလိုင်လအတွင်းက သြစတေးလျ ဓနသဟာယနိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီး ဘော့ဘ်ကာရ်မှာ နေပြည်တော်သို့လာရောက်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများလုပ်ရန်အတွက် သြစတေးလျဒေါ်လာ သန်း ၂၀နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်အရန်အတွက် ဒေါ်လာ ၅ သန်း ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။
    Ref:Xinhua
    ________________________

     

    ခရိုင်းမီးယားဒေသတွင် မွတ်စလင်မ်အမျိုးသမီးများအတွက် ဘာသာရေးသင်တန်းများ ဖွင့်လှစ်သင်ကြားမည်

    ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသရှိ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းက ဒေသအတွင်းရှိ မွတ်စလင်မ်အမျိုးသမီးများ အစ္စလာမ်ဘာသာရေးသင်ခန်းစာများကို သင်ယူနိုင်ရန်အတွက် အခြေခံသာသာရေးသင်တန်းကို မကြာမီတွင် ဖွင်လှစ်တော့မည်ဟု သိရသည်။

    ဒေသအတွင်းရှိ အမျိုးသမီးများအနေဖြင့် စစ်မှန်သောအစ္စလာမ် ဘာသာရေး သင်ခန်းစာများကို သင်ယူနိုင်ခွင့်နည်းပါးသည့်အတွက် ခရိုင်းမီးယား မွတ်စလင်မ် အဖွဲ့ အစည်းနှင့် Kardashlyk လူမှုရေးအဖွဲ့အစည်းတို့ ပူးပေါင်း ကာ ဖွင့်လှစ်သွားမည်ဖြစ်သည်။

    ထိုသင်တန်းအား အစ္စလာမ်၏စစ်မှန်သော သွန်သင်ချက်များကို သိနားလည် လိုသည့် မည်သည့်မွတ်စလင်မ်အမျိုးသမီးမဆို တက်ရောက်နိုင်ကြောင်း အဆိုပါ မွတ်စလင်မ် အဖွဲ့အစည်းက တိုက်တွန်းပြောကြားခဲ့သည်။

    ခရိုင်းမီးယားဒေသမှာ ယူကရိန်းနိုင်ငံ မြောက်ပိုင်းတွင်ရှိသည့် ကျွန်းတစ်ခု ဖြစ်ပြီး အစ္စလာမ်ဘာသာဝင်အများစု တည်ရှိရာဒေသလည်းဖြစ်သည်။ ယူကရိန်းနိုင်ငံ လူဦးရေ၏ ၁၂ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပြီး၊ ဗလီဝတ်ကျောင်းတော်ပေါင်း ၁၆၀ ရှိကာ ဆောက်လုပ်ဆဲဗလီဝတ်ကျောင်းတော်များလည်း အများ အပြားရှိနေသည်။

    Ref : islam

    ________________________