News @ M-Media
Blog
  • အောက်တိုဘာ ၃၁ အားကစားသတင်းများ
    အောက်တိုဘာ- ၃၁ ၂၀၁၃
    M-Media
    ဖာဂူဆန်၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိအား မှတ်ချက်မပေးလိုဟု ဘက်ခမ်းပြော
    David Beckham
    မကြာသေးမီကထုတ်ဝေခဲ့သော မန်ချက်စတာယူနိုက်တက်အသင်း၏ ဂန္တ၀င်နည်းပြဟောင်း အဲလက်စ်ဖာဂူဆန်၏ ကိုယ်တိုင်ရေး အထုပ္ပတ္တိတွင် ၎င်းအားဝေဖန်ရေးသားထားခြင်းနှင့် ပက်သက်ပြီး မှတ်ချက်မပေးလိုဟု မန်ယူအသင်း၏ အလယ်တန်း ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားခဲ့သည်။
    ဘက်ခမ်း၏ ဘောလုံးအပေါ် အာရုံစူးစိုက်မှု နည်းပါးသောကြောင့် ၂၀၀၃ ခုနှစ်တွင် ရီးယဲလ်သို့ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ဖာဂူဆန်က ၎င်း၏ စာအုပ်တွင် ရေးသားထားသည်။ သို့သော်လည်း ၎င်းအား မန်ယူအသင်း ကစားသမားအဖြစ် ပျိုးထောင်ပေးခဲ့သည့် ဆရာဟောင်းအား မည်သည့် မကောင်းမြင်မှုမျိုးမှ မဖြစ်ဟု ဘက်ခမ်းကဆိုသည်။
    ဘက်ခမ်းက သူ၏ အထုပ္ပတ္တိစာအုပ်နှင့်ပက်သက်ပြီး ပရိတ်သတ်များအား ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ပြောကြားရာတွင်
    “ကျွန်တော်အမြဲတမ်းကစားရဖို့ အိပ်မက်မက်ခဲ့တဲ့အသင်းမှာ ငယ်ငယ်လေး ကတည်းက ကစားခွင့်ရအောင် အခွင့်အရေးပေးခဲ့သူ တစ်ယောက်ကို ကျွန်တော် ဒီမှာထိုင်ပြီး မကောင်းပြောမှာမဟုတ်ပါဘူး။ သူက ကျွန်တော့်ကို ယုံကြည်ခဲ့တယ်။ ပြီးတော့ ကျွန်တော်တိုနဲ့ အတူထွက်ပေါ်လာတဲ့ အခြားလူငယ်ကစားတွေကိုလည်း ယုံကြည်ခဲ့ပါတယ်” ဟု ရေးသားခဲ့သည်။
    ယခုအခါ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘက်ခမ်းမှာ မိုင်ယာမီရှိ အမေရိကန် ဘောလုံးကလပ် အသင်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသည်။
    ဖာဂူဆန်မှာ ၎င်း၏ အထုပ္ပတ္တိစာအုပ်တွင် မန်ယူအသင်းကစားသမားအချို့ အပါအ၀င် လီဗာပူးလ်အသင်း၏ ကစားသမား အချို့ကိုလည်း ဝေဖန်ရေးသားထားသည်။
    Ref: Skysports
    Photo-dailymail (ဘက်ခမ်း မန်ယူတွင် ကစားခဲ့စဉ်က)
    ————————————————-
    ကော်နက်အားအနိုင်ယူကာ WTA Tournament of Champions ဆီးမီးဖိုင်နယ်သို့ ဆီမွန်နာ ဟဲလ်ပ်တက်ရာက်
    ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့တွင် ကျင်းပပြုလုပ်နေသည့် WTA Tournament of Champions တင်းနစ်ပြိုင်ပွဲဆီမီးဖိုင်နယ်သို့ ဆီမွန်နာ ဟဲလ်ပ် တက်ရောက်သွားသည်ဟု သိရသည်။
    ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် နိုင်ခြေအဆင့် ၁ သတ်မှတ်ခြင်းခံထားရသည့် ဟဲလ်ပ်မှာ နိုင်ခြေအဆင့် ၇ ရ အလိုက်ဇ်ကော်နက်အား အကြိတ်အနယ်ကစားပြီး ၆-၄၊ ၆-၄ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
    “သိပ်ကိုခက်ခဲ့တဲ့ပွဲစဉ်တစ်ခုပါ။ သူ(ကော်နတ်)ဟာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျွန်မနည်းနည်းတော့ တုန်လှုပ်မိခဲ့ပြီး၊ အားနဲ့မာန်နဲ့ကစားခဲ့ရတဲ့ပွဲတစ်ခုပါ၊ တော်တော်လေးမောပန်းနေပေမယ့် အာရုံစိုက်ကစားနိုင်ခဲ့တဲ့အတွက် အနိုင်ရခဲ့တာပါ။ ဒီပွဲနိုင်လိုက်လို့ ကျွန်မ တော်တော်လေး ပျော်ရွှင်မိပါတယ်” ဟု ဟဲလ်ပ်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    အခြားပွဲစဉ်များတွင် စမန်သာ စတိုစာက၊ ဆီဒင် ၅ ရ အဲလီနာ ဗက်စ်နီနာအား လည်းကောင်း၊ ပက်ဗလူချင်ကိုဗာက ဆဗီတိုလီနာအားလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။
    Ref: Skysports
    …………………………………….
    Paris Masters တင်းနစ်ပြိုင်ပွဲတွင် နာဒယ်လ် တတိယအဆင့်သို့ တက်ရောက်
    ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Paris Masters တင်းနစ်ပြိုင်ပွဲတွင် စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လ်မှာ တတိယအဆင့်သို့ တက်ရောက်သွားပြီဟုသိရသည်။
    နာဒယ်လ်မှာ ၂၀၀၉ ခုနှစ်က ထိုပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအဆင့်တွင် တစ်နိုင်ငံတည်းသား တင်းနစ်သမား မာဆယ် ဂရန်နိုလာအား အကြိတ်အနယ် ကစားကာ ၇-၅၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ထို့ပြင် လက်ရှိချန်ပီယံ ဒေးဗစ်ဖာရာမှာလည်း လူးကက်စ်ရိုဆိုလ်အား အနိုင်ရရှိခဲ့သည်။ ၁ နာရီနှင့် ၂၇ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲတွင် ဖာရာမှာ လူးကက်စ်အား ၆-၀၊ ၂-၆၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    တတိယအဆင့်တွင် ဖာရာမှာ နိုင်ခြေအဆင့် ၁၅ ရှိ ဂီလ်းစ်ဆိုင်မွန်နှင့် တွေ့ဆုံရမည်ဖြစ်ပြီး နာဒယ်လ်မှာ ပိုလန်တင်းနစ်သမား ဂျာဇီ ဂျန်နိုဝစ်ဇ်နှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    Ref: Skysports
  • ဗာတီကန်ကိုလည်း အမေရိကန်အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ လျိုဝှက် ထောက်လှမ်းခဲ့
    အောက်တိုဘာ-၃၁ ၂၀၁၃
    M-Media
    332202_Vatican-Cardinals
    ပုပ်ရဟန်းမင်းအသစ်တင်မြှောက်ရန် ဗာတီကန်ရှိ ဂိုဏ်ချုပ်ဘုန်းတော်ကြီးများ ယခုနှစ်မတ်လတွင် ပြုလုပ်ခဲ့သည့် လျှို့ဝှက်ဆွေးနွေးပွဲကို အမေရိကန်အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NSA) က လျှို့ဝှက်ထောက်လှမ်းခဲ့သည်ဟု အီတလီ မဂ္ဂဇင်းတစ်စောင်ကဖော်ပြခဲ့သည်။
    အပတ်စဉ်ထုတ်ဝေသော အီတလီ မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် Panorama တွင် ယမန်နေ့က ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဗာတီကန်၏ ဖုန်းခေါ်ဆိုမှုများအား NSA မှ ကြားဖြတ်နားထောင်ခဲ့ကာ အသံသွင်းယူထားခဲ့သည်ဟု ထိုမဂ္ဂဇင်းတွင် ရေးသားထားသည်။ ဗာတီကန်ရေးရာ စီမံခန့်ခွဲရေးကို တာဝန်ယူရသော ရဟန်းမင်း ဂျော့ဂ်ျ မာရီယို ဘာဂိုဂလီယိုက ပုပ်ရဟန်းမင်း ဖရန်စစ်ကို မရွေးချယ်ခင်အလျင် ၎င်း၏ ဖုန်းခေါ်ဆိုမှုများကိုလည်း NSA က ကြားဖြတ် နားထောင်ခဲ့သည်။
    ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အီတလီနိုင်ငံ၏ ဖုန်းခေါ်ဆိုမှု ၄၅ သန်းကို အမေရိကန်တို့က လျှို့ဝှက်နားထောင်ခဲ့သည်ဟု စောင့်ကြည့်ရေး ၀ဘ်ဆိုဒ်တစ်ခုဖြစ်သည့် Cryptome မှ မကြာမီက ဖော်ပြခဲ့ပြီး နောက်ပိုင်း Panorama မဂ္ဂဇင်းက ထိုကဲ့သို့ ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
    အာဂျင်တီးနားနိုင်ငံသား ရဟန်းမင်း ဘာဂိုဂလီယိုမှာ ဗာတီကန်ရှိ ပုပ်ရဟန်းမင်းကြီးကို ရွေးကောက်တင် မြှောက်ပေး ရသူဖြစ်ပြီး ၂၀၀၅ ခုနှစ်ကတည်းက အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၏ စိတ်ဝင်တစားစောင့်ကြည့်ခြင်းကို ခံနေရသူဖြစ်ကြောင်း ၀ိကီလိခ်၏ ဖော်ပြချက်အရသိရသည်။
    Ref:Press TV
    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများ အနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]
    http://www.presstv.ir/detail/2013/10/31/332202/vatican-also-targeted-by-nsa-spying/
  • အစ္စလာမ်ပေါ် အမြင်မှားကြောက်ရွံ့မှုအား ချေဖျက်ရန် ကယ်လီဖိုးနီးယား တောင်ပိုင်းတွင် ဗလီဖွင့်လှစ်နေ့ ကျင်းပ
    အစ္စလာမ်ပေါ် အမြင်မှားကြောက်ရွံ့မှုအား ချေဖျက်ရန် ကယ်လီဖိုးနီးယား တောင်ပိုင်းတွင် ဗလီဖွင့်လှစ်နေ့ ကျင်းပ
    အောက်တိုဘာ- ၃၁ ၂၀၁၃
    M-Media
    Mosque_open_day
    ဆန်ဒိုင်းဂိုး မှ လော့စ်အင်းဂျလိစ် တလျှောက်ရှိ ဗလီဝတ်ကျောင်းတော်များသည် တနင်္ဂနွေနေ့တွင် ဘာသာပေါင်းစုံအတွက် တံခါးဖွင့်လှစ်ပေးခဲ့သည်။ ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ အစ္စလာမ့်ရှူရာကောင်စီမှ “ဗလီဖွင့်လှစ်နေ့” အဖြစ် ၁၂ ကြိမ်မြောက် တာဝန်ယူကျင်းပသည်။ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှု နောက်ပိုင်း ဆယ်စုနှစ်တစ်ခုမက အမေရိကန်၌ ယနေ့တိုင် စိမ့်ဝင်နေလျက်ရှိသော အစ္စလာမ်ပေါ်အမြင်မှားကြောက်ရွံ့မှု နှင့် မွတ်စ်လင်မ်များပေါ် မှားယွင်းသည့် အစွဲများကို ချေဖျက်နိုင်ရန်၊ နားလည်မှုကို ပိုမို ဖန်တီးပေးနိုင်ရန် ယင်းသို့ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
    ခရစ်ယာန်များ ချာ့ခ်ျကျောင်းတက်လေ့ရှိသည့် တနင်္ဂနွေနေ့၌ မွတ်စ်လင်မ်များက မိမိတို့ဝတ်ပြုနေရာတွင်းသို့ ၀င်ရောက်လေ့လာနိုင်ရန် နှင့် မေးခွန်းများမေးမြန်းနိုင်စေရန် လူထုအား ဖိတ်ခေါ်ခဲ့ကြသည်။ တောင်ပိုင်း ကယ်လီဖိုးနီးယားအစ္စလာမ့် စင်တာ၏ အစ္စလာမ့်ရေးရာ ဒါရိုက်တာ Ahmed Asim Buyuksoy က  “ ဗလီ ဖွင့်လှစ်နေ့ပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဘာသာတရား အမျိုးမျိုး နယ်ပယ်အသီးသီးက ညီနောင်မောင်နှမတွေကို ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ သာသနာ၊ လူ့အသိုင်းအ၀ိုင်းများနဲ့ ထိတွေ့ရင်းနှီးပေးဖို့သာ ဖြစ်ပါတယ် ” ဟု ပြောပြသည်။
    ဗလီဖွင့်လှစ်နေ့အကြောင်းကြားသိ၍ ချာ့ခ်ျကျောင်းဝတ်တက်မှုအပြီး လာရောက်လည်ပတ်သူ Glorianna Pionati မှ “ လူတွေလှည့်ပတ်သွားလာ ကြည့်ရှုနေကြတာ၊ ပြုံးရွှင်နွေးထွေးစွာ ကြိုဆိုတဲ့သူတွေကို မြင်ရတာ ကျွန်မအဖို့ ထူးထူးခြားခြား စိတ်ချမ်းသာရပါတယ် ” ဟု ဆို၏။
    စတိဗ် အမည်ရှိသူတစ်ယောက်က “ အစ္စလာမ်ထဲရှိနေတဲ့ ဆိုးဝါးတဲ့အချက်တစ်ချို့အပေါ်ဆွေးနွေးဖို့ ကျွန်တော် ဒီကို ရောက်လာခြင်းဖြစ်တယ်။ တကယ်တမ်းကျတော့ ကုရ်အာန်ဟာ အမုန်းတရား၊ သတ်ဖြတ်ခြင်းနဲ့ အကြမ်းဖက်မှုတွေ အစား တရားမျှတမှုနဲ့ တန်ဖိုးထားမှုကို ပေးအပ်နေခြင်းသာဖြစ်ပါတယ် ” ဟု ပြောပြခဲ့သည်။
    အမေရိကန်မွတ်စ်လင်မ်တစ်ဦးဖြစ်သော Amaani Shams မှ “ အကြောင်းမလှစွာနဲ့ မသိနားမလည်မှုတွေ ၀ိုင်းရံနေတုန်း ဖြစ်နေတယ်။ အစ္စလာမ့် ကျင့်ရပ်နဲ့ မွတ်စ်လင် မ်အကြောင်းကို အမေရိကတခွင်လုံး သိနားလည်စေ လိုပေမယ့်လည်း အစ္စလာမ်အသိုင်းအ၀ိုင်းအပေါ် အမုန်းတရားတွေ အလွယ်တကူ ၀င်ရောက်အောင် တွန်းအားပေးနေတဲ့ သူတွေကလည်း ရှိနေကြတယ်လေ ” ဟု ဆိုသည်။
    “ လူမှုမီဒီယာထဲ တွေ့မြင်နေရတဲ့အချက်က လူတွေကို လွှမ်းမိုးထားကြတယ်။ အဲ့ဒီအထဲမှာ တလွဲတချော် အချက်အလက်တွေ၊ တစ်ဖက်သတ် အစွဲတွေ အမြောက်အများ ပါဝင်နေတယ်။ အဲ့ဒါက ကျွန်တော်တို့ဟာ လူတွေထင်မြင်သလို မဟုတ်ဘူးဆိုတဲ့ အချက်ကို ပြသနိုင်ဖို့အတွက် ဖိအားဖြစ်လာစေပါတယ် ” ဟုဆိုကာ Mahmoud Abdel-Baset မှ မီဒီယာ၏ မှိုင်းတိုက်မှုအား ရှင်းပြခဲ့သည်။
    တောင်ပိုင်း ကယ်လီဖိုးနီးယား အစ္စလာမ့်စင်တာအဖွဲ့ဝင် Saleh Kholaki မှ “ ကျွန်တော်ဟာ ဘာသာတရားချင်း မတူသော်လည်း ကျွန်တော်တို့ လူ့ဘောင် အသိုင်းအ၀ိုင်း တစ်ခုလုံးအပေါ် ကောင်းကျိုးလိုလားမှု၊ တန်ဖိုးထားမှုနဲ့ မိသားစုစိတ်ဓာတ်မှာ အခြားသူများ အတိုင်း တစ်ထေရာတည်းဖြစ်ပါတယ် ” ဟုဆိုကာ အမေရိကန် မွတ်စ်လင်မ်တို့သည် နိုင်ငံ အချို့ရှိ အစွန်းရောက် မွတ်စ်လင်မ်များနှင့်ခြားနားလျက် သာသနာ့အမြင်၌ ဘက်ညီမျှတမှု ရှိကြောင်း၊ အမေရိကန်ရှိ မွတ်စ်လင်မ်များနှင့် မွတ်စ်လင်မ် မဟုတ်သူတို့အကြားဝယ် ကွဲပြားခြားနားခြင်းထက် တူညီခြင်းက ပိုမိုများပြားကြောင်း၊ မိမိကဲ့သို့ မွတ်စ်လင်မ်များသည် ဗလီဖွင့်လှစ်နေ့၏ ရည်ရွယ်ချက်များ အတိုင်း မျှော်လင့်ချက်ထား ရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
    Ref:Islam.ru
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]
  • အွန်တာရီယို (Ontario) ရှိ အခြေအနေမဲ့များကို မွတ်စ်လင်မ်များမှ ကူညီ
    အွန်တာရီယို (Ontario) ရှိ အခြေအနေမဲ့များကို မွတ်စ်လင်မ်များမှ ကူညီ
    အောက်တိုဘာ- ၃၁ ၂၀၁၃
    M-Media
    Muslims-feed-needy-in-Canadas-First-Nation
    ကီနိုရာ (Kenora)။              ။ အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီးနောက် လူအများစွန့်ခွာသွားသော အွန်တာရီယိုမြောက်ပိုင်း ကီနိုရာပြည်နယ်ရှိ မြို့ငယ်တစ်ခုထံ  ကနေဒါ(Canada) တစ်ဝှန်း လူမှုကူညီရေး လုပ်ငန်းများကို ဖြန့်ကျက် လုပ်ဆောင်နေသော မွတ်စ်လင်လူ့အဖွဲ့အစည်းမှ အစားအသောက်များ သွားရောက်လှူဒါန်းခဲ့သည်။
    “ မွတ်စ်လင်မ်တစ်ဦးရဲ့တာဝန်အရ ငွေကြေးနဲ့ပစ္စည်းတွေ၊ နှစ်စဉ်ပြုလုပ်နေကျ စွန့်လှူ အသားတွေကြောင့် ကျွန်တော်တို့က အခုလို လှူဒါန်းနိုင်တာပဲ ” ဟု ဇူဘိုင်ဒဟ် သွာလဗ် ဖောင်ဒေးရှင်း (ZubaidahTallab Foundation) မှ ပြောရေးဆိုခွင့်ရှိသူ ဟူစိန်ဂူစ်တီ (HussainGuisti) က Winnipeg Free Press သို့ ပြောကြားခဲ့သည်။
    အတ်တာဝါပီစ်ကဒ်တွင်ဖြစ်ပေါ်နေသော စီးပွားရေး ပျက်ကပ်ကြီးကို မြင်တွေ့ရသဖြင့် မွတ်စ်လင်မ် အသိုင်းအ၀ိုင်းများသည် ယခုကဲ့သို့ ကူညီရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ဖောင်ဒေးရှင်းမှ ယခုကဲ့သို့ ကနေဒါရှိဒေသခံ အသိုင်းအ၀ိုင်းတို့ထံ စားသောက်ကုန် လှူဒါန်းခဲ့သည်မှာ ယခုဆိုလျှင် ၅ နှစ် ၅ ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။
    သို့သော် အွန်တာရီယိုမြောက်ပိုင်း အစွန်အဖျားနယ်အထိ သွားရောက်လှူဒါန်းခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးဖြစ်၏။
    “ အတ်တာဝါပီစ်ကဒ်ဟာ အရေးပေါ်အခြေအနေရောက်နေပါတယ် ” ဟု အတ်တာဝါပီစ်ကဒ်၏ အကြီးအကဲဖြစ်သော ထရီစာစပန့်စ် (Theresa Spence) ၏ ပြောကြားချက်ကိုကောက်နှုတ်ကာ ဂူစ်တီက ပြန်လည်ပြောကြားခဲ့သည် ဟု Winnipeg Free Press မှ တင်ပြခဲ့သည်။
    “ ကျွန်မတို့ဆီမှာ လူအယောက် ၁၀၀ အိမ်ခြေမဲ့နေကြတယ်။ မိသားစု ၄၀၀ က လူမှုဖူလုံရေးထောက်ပံ့မှုများအပေါ် မှီခိုနေရတယ်။ သူတို့တွေဟာ လွန်ခဲ့တဲ့လကုန်အထိ ပေါင်မုန့်ကိုသာ စားသောက်နေထိုင်ခဲ့ရတယ်။ ဒါဟာ တတိယနိုင်ငံရဲ့ ဆင်းရဲနွမ်းပါမှုပါဘဲ  ” ဟု သူမကပြောကြားကြောင်း  ဂူစ်တီက ဆိုသည်။ ယခုလကုန်သည် အထိ ၄င်းချိုတဲ့ မိသားစုတို့၏ လိုအပ်ချက်များကို လုံလောက်အောင် အလှူငွေများက မဖြည့်ဆည်းနိုင်ကြောင်း ဂူစ်တီက ထည့်သွင်းပြောကြားခဲ့သည်။
    လှူဒါန်းပစ္စည်းများတွင် အသားအစိမ်းများ၊ ကြက်သား၊ မုန်လာဥ၊ နို့၊ ကြက်ဥ၊ ဆန် နှင့် အာလူးများ သာမကရေရှည်ခံ အစားအစာများ၊ အသားဘူးများ နှင့် တစ်ခါသုံး ကလေးအနှီး diapers များလည်းပါဝင်သည်။
    လူဦးရေ ၁၈၀၀ ရှိ ကနေဒါ၏မူလဒေသခံ တိုင်းရင်းသားလူ့ အဖွဲ့အစည်းအတွက် ထပ်မံ အထောက်အကူဖြစ်စေရန် အစားအသောက် သိုလှောင်ရုံတစ်ခု တည်ဆောက်ဖို့လည်း ပြောဆိုဆွေးနွေးနေကြသည်ဟု ဂူစ်တီက ဆိုသည်။ ၄င်းသိုလှောင်ရုံအား မာနီတိုဘာ(Manitoba) အလှူရှင်များမှ မတည်ဆောင်ရွက်မည်ဖြစ်သည်။ “ ဒါဟာ ထိရောက်တဲ့အကူအညီ ဖြစ်စေမယ် ” ဟု သူက ထည့်သွင်းပြောကြားခဲ့သည်။
    မာနီတိုဘာတွင် မွတ်စ်လင်မ်ဦးရေ ၁၂,၀၀၀ နီးပါးရှိပြီး၊ လွန်ခဲ့သော ၁၀ နှစ်ကထက် ပမာဏနှစ်ဆတိုးပွားလာခဲ့ခြင်းဖြစ်သည်။
    ကနေဒါနိုင်ငံ၏ ၃၂.၈ သန်းရှိ လူဦးရေတွင် မွတ်စ်လင်များသည် ၁.၉ ရာခိုင်နှုန်းပါဝင်၍ ကနေဒါနိုင်ငံအတွင်း၌ ခရစ်ယာန်ဘာသာပြီးလျှင် အစ္စလာမ် သာသနာသည် နံပါတ်တစ်နေရာ၌ ရှိနေသည်။
    လေ့လာမှုတစ်ခုအရ မွတ်စ်လင်မ် အမြောက်အများသည် ကနေဒါလူမျိုး/နိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူကြကြောင်း သိရသည်။ ဘာသာတရားချင်း အပြန်အလှန်ဆွေးနွေးမှုများသည် မွတ်စ်လင်မ်တို့ အပေါ် အမြင်စောင်းမှုများကို ပြန်လည် တည့်မတ်ကာ ကနေဒါ လူမျိုးတို့အကြားရှိ မွတ်စ်လင်မ် ဆန့်ကျင်ရေး အမြင်များအား ပြောင်းလဲပစ်နိုင်ခဲ့သည်။
    ကနေဒါ လေ့လာရေးအသင်းအဖွဲ့(Association for Canadian Studies) နှင့် ကနေဒါ လူမျိုးစုဆက်ဆံရေးဖောင်ဒေးရှင်း(Canadian Race Relations Foundation) တို့မှ မတ်လ ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သော ကွင်းဆင်းလေ့လာချက်အရ ကနေဒါလူမျိုးတစ်ဝက်ကျော်သည် မွတ်စ်လင်မ်များအပေါ် ယုံကြည်မှုမရှိခဲ့ကြပေ။ ၄င်းအပြင် အစ္စလာမ်သည် နိုင်ငံအတွင်း၌ ယုံကြည်လက်ခံမှုအနည်းဆုံး ဘာသာတရားဖြစ်ခဲ့သည်။
    ကနေဒါ လေ့လာရေးအသင်းအဖွဲ့(Association for Canadian Studies) ၏ မကြာသေးမီက ပြုလုပ်ခဲ့သည့် နောက်ထပ်လေ့လာချက် တစ်ခုတွင် ကနေဒါနိုင်ငံရှိ မွတ်စ်လင်မ် လူနည်းစုသည် ၉/၁၁ အရေးအခင်း၏နောက် ၁၀ စုနှစ်တစ်ခုကြာအထိ လူအများ၏ မကောင်းမြင်ခြင်းများကို ဆက်လက် ကြုံတွေ့နေရဆဲဖြစ်သည်ဟု ဖော်ပြထားသည်။
    Ref: OnIslam
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]
  • ပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင်မှ ကင်ဆာရောဂါကင်းစင်ရေး အသိပညာဖြင့်ကာကွယ်ပေး ခေါင်းစဉ်ဖြင့်  ဟောပြော
    ပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင်မှ ကင်ဆာရောဂါကင်းစင်ရေး အသိပညာဖြင့်ကာကွယ်ပေး ခေါင်းစဉ်ဖြင့် ဟောပြော
    အောက်တိုဘာ ၃၀-၂၀၁၃
    M-Media
    A.N.Lay
    DSC01098
    ရန်ကုန်   ။       ။       ကင်ဆာရောဂါကင်းစင်ရေး အသိပညာဖြင့်ကာကွယ်ပေး ခေါင်းစဉ်ဖြင့် ပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင်၏ ကျန်းမာရေး ပညာပေး ဟောပြောပွဲကို Wellmen မှ ကြီးမှူး၍ ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်း UMFCCI ၌ ယနေ့ မွန်းလွဲ ၂-နာရီ အချိန်တွင်ပြုလုပ်ခဲ့ပါသည်။
    ကင်ဆာရောဂါဖြစ်ပွားမှုမှာ ယခင်က အမျိုးသားအမျိုးသမီး အချိုးညီသော်လည်း ယခုအခါ အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလာကြောင်း၊ ကင်ဆာရောဂါလက္ခဏာများကို သိရှိထားရန်လိုအပ်ပြီး အဆိုပါ လက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် သေချာတိုင်ပင်ပြီး ကုသပြသရန်လိုကြောင်း၊ အပျိုကြီးများတွင် ရင်သားကင်ဆာ အဖြစ်များ တတ်ပြီး ရင်သားကင်ဆာဆိုသည်ကို စောစောသိရရင် စိုးရိမ်ဖွယ်မရှိကြောင်း၊ ဆေးလိပ် အသောက်များသူတွင် အဆုတ်ကင်ဆာ ဖြစ်နိုင်ကြောင်းတို့ကို ဆွေးနွေး ဟောပြောခဲ့ပါသည်။
    “၁၉၉၈ အရေးခင်း မဖြစ်ခင်နဲ့ ဖြစ်ပြီးနောက်ပိုင်းကို ခွဲကြည့်လိုက်ရင် အရေးခင်း မဖြစ်ခင်က ရန်ကုန် ကင်ဆာဌာနကိုလာတဲ့ လူနာတွေထဲမှာ မိန်းကလေးနဲ့ ယောက်ျား လေး အချိုးက မျှတယ်။ ၁၉၉၈ နောက်ပိုင်းကနေ အခုချိန်ထိ လာပြတဲ့ လူနာတွေထဲမှာ နှစ်စဉ်နှစ်တိုင်း မိန်းကလေးက ပိုများနေတယ်။  ရန်ကုန်မှာ တကယ်စစ်တမ်း ကောက်ယူလိုက်တဲ့အခါမှာလည်း အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာတို့ဖြစ်တယ်။ မန္တလေးမှာလည်းဒီလိုပဲ အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ ရင်သားကင်ဆာများဖြစ်နေတယ်။ တောင်ကြီးမှာလည်း ဒီသုံးခုပဲ ဖြစ်နေတယ်။ မဖြစ်ခင်ကာကွယ်ရမယ်။ ကင်ဆာအများစုက စောစောသိရင်ပျောက်တယ်။ အနည်းစုပဲ ကုရခက်တာရှိတယ်။ စောစောသိဖို့အရေး ဘာလက္ခဏတွေ တွေ့နိုင်မလဲဆိုတော့ အဆုတ်ကနေ အပေါ်ပိုင်း နှာခေါင်းပိုင်းထိ ကင်ဆာလက္ခဏတွေ
    ကတော့ အသံဝင်လာမယ်၊ နာတာရှည်ချောင်းဆိုးလာမယ် ၊ ချေားဆိုးရင်သွေးပါမယ်၊ အစာမျိုတဲ့အခါ ခက်လာနိုင်တယ်၊ အစာမကြေသလို မစားချင်သလို မကြာခဏ ဖြစ်လာမယ်၊ သွေးအန်မယ်၊ နောက် ဂျိုင်း၊ လည်ပင်းတွေမှာ အကြိတ်အခဲတွေပေါ်လာမယ် အဲ့ဒါတွေ တွေ့ရင် သတိထားရမယ်။
    နောက် မိန်းကလေးတွေမှာ အချိန်အခါမဟုတ်ပဲ သွေးဆင်းမယ်၊ အဖြူဆင်းမယ်၊ ဒါဆိုသတိထားရမယ်။ နောက်ဝမ်းဖြစ်စေ ဆီးဖြစ်စေ သွားလေ့သွားထ ပြောင်းလဲ လာမယ် ဆီးသွားရင်း သွေးပါလာမယ်ဆိုရင် သတိထားရမယ်။ နောက်ပျောက်သင့်တဲ့ အချိန်ထက် မပျောက်တဲ့အနာ ဥပမာ အရေပြားကင်ဆာ အနာလေးလို့ အောက်မေ့ တယ် ဒါပေမယ့် မပျောက်ဘူး အဲ့ဒါဆို သေချာစစ်ရမယ်။ အဲ့ဒါတွေကို သတိထားရမယ်။ ဒီလက္ခဏတွေအကုန်လုံးက ကင်ဆာမဟုတ်တဲ့ ရောဂါတွေလည်းဖြစ်တယ်။ ဒါပေမယ့် အရေးကြီးတာက ဒီလက္ခတွေဖြစ်လာပြီးဆိုရင် နီးရာ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး သေချာပြဖို့လိုတယ်။ နောက်မိန်းကလေးတွေ ရင်သားကင်ဆာက မိန်းကလေး ဟုန်မုန်းဓာတ်များလို့ဖြစ်တယ်။ အဲ့ဒါက အပျိုကြီးတွေမှာ အများဆုံးဖြစ်တက်တယ်။ အသက်ကြီးမှ သားဦးရရင် နောက် စောစောအပျိုဘော်ဝင်ခြင်း၊
    သွေးဆုံးတာ နောက်ကျရင် ၊ ကလေးမွေးပြီး နို့မတိုက်ဘူးဆိုရင်၊ အရက်သောက်ရင် ၊ အဝလွန်ရင် အဲ့ဒါတွေက ရင်သားကင်ဆာ ဖြစ်နိုင်ချေများပါတယ်။ ရင်သား ကင်ဆာဆိုတာ စောစောသိရင် ကြောက်ဖို့ မလိုပါဘူး ပျောက်ကိုပျောက်ပါတယ်။ အဲ့လိုစောစောသိဖို့က ကိုယ့်ကိုယ်ကို ပုံမှန်စမ်းရမယ်လို့ပြောပါတယ်။ ဘယ်အရွယ် က စမ်းရမလဲဆိုတော့ အသက် ၂၀ ကနေ စပြီးတော့ စမ်းရမယ်။ ဘယ်အချိန်စမ်းရမလဲဆိုတော့ အမျိုးသမီးတွေ ဓမ္မတာ လာတဲ့အချိန်ဆိုရင် တင်းနေတယ် အဲ့ဒီအချိန်တော့ စမ်းလို့မရဘူး။ ဓမ္မတာလာပြီး ၄-ရက် ၅ရက် ကြာမှ စမ်းရမယ်၊ အဲ့ဒီအခါမှာ အကြိတ်အခဲတွေရှိရင်ပေါ်လာမယ်၊ နောက်တစ်ခုက ဆပ်ပြာနဲ့ ရေချိုးတဲ့ အချိန်မှာ စမ်းရမယ်။ နောက်တစ်ခုက လက်နှစ်ဖက်စလုံးကို ဘေးမှာချပြီးတော့တစ်ခါ၊ လက်နှစ်ဖက်စလုံးကိုအပေါ်မြောက်ပြီးတော့တစ်ခါ ရင်သားနှစ်ဖက်စလုံးညီလား မညီဘူးလား ကြည့်ရမယ်။ အဲ့ဒါတွေကို တစ်လ တစ်ခါ စမ်းရမယ်လို့ပြောပါတယ်။
    နောက်တစ်ခုက သားအိမ်ခေါင်းကင်ဆာ ဒီကင်ဆာ ဖြစ်ရတဲ့အကြောင်းအရင်းက အဓိကက ရောဂါပိုးကြောင့် အသက် ငယ်ငယ်နဲ့ လိင်ဆက်ဆံမှုပြုတဲ့လူ၊ လိင်နဲ့ ပတ်သက်တဲ့ ရောဂါရှိတဲကလူနဲ့ လိင်ဆက်ဆံသူ၊ သားသမီးများများ၊ မွေးဖွားသူ၊ ဆေးလိပ်သောက်သူ နောက် တစ်ကိုယ်ရည်သန့်ရှင်းမှု မှန်မှန်မလုပ်တဲ့သူ အဲ့ဒီ လူတွေ များများဖြစ်တက်တယ်လို့ပြောပါတယ်။ ဒါပေမယ့် သူ့အတွက် ကာကွယ်ဆေးက ထွက်နေပြီ မြန်မာပြည်မှာ ရှိတာက (Cervarix) အသက် ၉-နှစ် မှ ၂၆-နှစ်အတွင်း လိင်ဆက်ဆံမှုမပြုဖူးသေးတဲ့ သူတွေ ကာကွယ်ဆေး ၃-ကြိမ်ထိုးရမယ်။
    နောက် အဆုတ်ကင်ဆာ အဓိကက ဆေးလိပ်သောက်တဲ့လူတွေ ဆေးလိပ်မှာ စီးကရက်က အဆိုးဆုံး၊ စီးကရက် သောက်တဲ့လူနဲ့ မသောက်တဲ့လူမှာ သောက်တဲ့လူက အဆ ၃၀ လောက်ပိုများတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ သောက်ပြီးတဲ့အတိုင်း တစ်ရက်မှာ ၁-ဗူးလုံး သောက်တဲ့လူ၊ တစ်နှစ်မှာ ၃၆၅-ရက်လုံး သောက်တဲ့လူ၊ ဆေးပြင်း လိပ်၊ ဆေးတံ သောက်သူက ပိုဖြစ်တယ်၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှုသူ ပိုဖြစ်တယ်”လို့ ပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင်မှ ကျန်းမာရေး ပညာပေး ဟောပြောခဲ့ပါ သည်။
    ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်သူ လူများထဲမှ သိရှိလိုသည်များကို မေးကြားခဲ့ပြီး ၎င်းအခမ်းအနားကို ညနေ ၄-နာရီတွင် ရုပ်သိမ်းခဲ့ပြီး အခမ်းအနားသို့ တက်ရောက်သူ ၅၀၀-ကျော်ရှိကြောင်း သိရပါသည်။