News @ M-Media
Blog
  • နိုဝင်ဘာ ၁၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို
    နိုဝင်ဘာ ၁၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို
    နိုဝင်ဘာ-၁ ၂၀၁၃
    M-Media
    ဆီးရီးယားရှိ ဓာတုလက်နက်ထုတ်လုပ်သည့် ကိရိယာများအား ဖျက်ဆီး
    ဓာတုလက်နက်ထုတ်လုပ်သည့် ပစ္စည်းကိရိယာများကို ဖျက်သိမ်းရန် သဘောတူညီထားသည့် နောက်ဆုံးရက်ကို ရောက်ရှိလာသည့်အတွက် နိုင်ငံအတွင်းရှိ ဓာတု လက်နက်ထုတ်လုပ်သည့် စက်ရုံများနှင့် စက်ကိရိယာများကို ဖျက်ဆီးလိုက်ပြီဟု ဟုသိရသည်။
    နိုင်ငံတကာဓာတုလက်နက်များ တားဆီးရေးအဖွဲ့(OPCW) မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဆီးရီးယားနိုင်ငံအတွင်း ဓာတုလက်နက်များထုပ်လုပ် သည့် စက်ရုံ ၂၃-ရုံမှ ၂၁-ရုံကို စုံစမ်းစစ်ဆေးပြီးပြီဟု ထည့်သွင်းဖော်ပြထားပြီး အခြားနှစ်နေရာမှာ စစ်ဆေးရန်အတွက် အလွန်အန္တရာကြီးသောကြောင့် ထိုစက်ရုံရှိ ပစ္စည်း ကိရိယာ များအား အခြားစက်ရုံတစ်ခုသို့ ပြောင်းရွှေ့ခဲ့သည်ဟု ဖော်ပြထားသည်။
    သြဂုတ်လ ၂၁ ရက်နေ့က ဒမတ်စကတ်မြို့စွန်တွင် ဖြစ်ပွားခဲ့သောဓာတုလက်နက်များဖြင့်တိုက်ခိုက်မှုကို တုံ့ပြန်သောအားဖြင့် စစ်ရေးဖြင့် ၀က်ရောက်တိုက်ခိုက်မည်ဟု အမေရိကန် ခြိမ်းခြောက်ပြီးနောက် ဓာတုလက်နက်များကို ဖျက်ဆီးပစ်ရန် ရုရှားနှင့်အမေရိကန်တို့၏ သဘောတူညီချက်အား ဆီးရီယားက လက်ခံခဲ့ခြင်းဖြစ်သည်။
    အဆိုပါ လက်နက်ဖျက်သိမ်းရေးသဘောတူညီချက်တွင် ဆီးရီးယားရှိ ဓာတုလက်နက်လက်နက်ထုတ်လုပ်သည့် ပစ္စည်းကိရိယာများကို နိုဝင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ ဖျက်ဆီးရမည်ဟုပါရှိပြီး၊ ဓာတုလက်နက်အားလုံးအား ၂၀၁၄ခုနှစ် နှစ်လည်ပိုင်းတွင် နောက်ဆုံးထား၍ ဖျက်ဆီးပစ်ရမည်ဟု ပါဝင်သည်။
    Ref : aljazeera
    ________________________
    အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းမှုများအား Google မကျေနပ်
    ကမ္ဘာတစ်ဝှမ်းလုံးရှိ Google နှင့် Yahoo တို့၏ အချက်အလက်စင်တာများအား ဆက်သွယ်ထားသော လမ်းကြောင်းများကို ချိုးဖောက်ကာ လျှို့ဝှက်ဝင်ရောက် ထောက်လှမ်းခဲ့သော အမေရိကန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီ(NSA)၏ လုပ်ရပ်အား ဒေါသဖြစ်မိသည်ဟု Google က ပြောကြားခဲ့ကြောင်း ၀ါရှင်တန်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။
    တနင်္ဂနွေနေ့က ထုတ်ဝေခဲ့သော ၀ါရှင်တန်ပို့စ်သတင်းစာတွင် NSA မှ Google နှင့် Yahoo ကုမ္ပဏီတို့၏ အဓိကအချက်အလက်လိုင်းများကို ၀င်ရောက်ခဲ့သည်ဟု ယခင် NSA ၀န်ထမ်းဟောင်း စနိုးဒင်၏ ဖွင့်ချမှုအား ကိုးကားကာဖော်ပြခဲ့သည်။ ဇန်န၀ါရီ ၉ ရက်နေ့ နေ့စွဲတပ်ထားသော လျှို့ဝှက် စာရွက်စာတမ်းများအရ NSA မှာ Google နှင့် Yahoo တို့၏ အချက်အလက် သိုလှောင်ရာကွန်ယက်များမှ နေ့စဉ် အချက်အလက်ပေါင်း သန်းချီရယူပြီး မေရီလန်းရှိ ရုံးချုပ်သို့ ပေးပို့ခဲ့သည်ဟု သိရသည်။
    Goolge ၏ ဥပဒေရေးရာအရာရှိ ဒေးဗစ် ဒရမ်မွန်းက ထိုကဲ့သို့သော ခိုးယူမှုများအတွက် ကုမ္ပဏီအနေဖြင့် အချိန်အတော်ကြာစိုးရိမ်ခဲ့ကြောင်း၊ အမေရိကန်အစိုးရ အပါအ၀င် မည်သည့်အစိုးရကိုမှ ၎င်းတို့၏ အင်တာနက် စနစ်အတွင်းအသို့ ၀င်ရောက်ခွင့်မပြုကြောင်း၊ အမေရိကန်အစိုးရက ၎င်းတို့၏ ဖိုက်ဘာနက်ဝက်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ အချက်အလက်များကို ခိုးယူခဲ့သည့်အတွက် ဒေါသဖြစ်မိပြီး၊ ထိုကိစ္စက ၎င်းတို့၏ စနစ်များကို အမြန်ဆုံးပြုပြင်ပြောင်းလဲရန်လိုအပ်နေပြီ ဖော်ပြသကဲ့သို့ ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
    အချက်အလက်များကို လုံခြုံစွာသိမ်းဆည်းပေးနိုင်သောကြောင့် အင်တာနက် လောကတွင်ကျော်ကြားသည့် Google မှာ ၎င်းတို့၏ ဆားဗစ်များ၊ ချိတ်ဆက်သည့် လမ်းကြောင်းများအား ပိုမိုလုံခြုံအောင်ကြိုးစားမည်းဟု ပြောကြားခဲ့သည်။
    Ref : aljazeera
    ________________________
    နိုင်ငံရေးလွတ်ငြိမ်းချမ်းသာခွင့် မူကြမ်းအား ထိုင်းပြည်သူများ ဆန္ဒပြ
    ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ တိုင်းပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်လာ နိုင်သည့် နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်း ကို ထိုင်းအောက်လွှတ်တော်မှ အတည်ပြုလိုက်သည့်အတွက် ထိုင်းပြည်သူအများအပြားက ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    လက်နက်မဲ့ ဆန္ဒပြမှုများအား သတ်ဖြတ်ခဲ့ခြင်းနှင့် ယခင်ကပြုလုပ်ခဲ့သည့် အပြစ်များအား အရေးမယူရန် ရေးသားထားသည့် ထိုမူကြမ်းမှာ ထိုင်းအထက်လွှတ်တော်မှ အတည်ပြုရန် လိုအပ်နေသေးသော်လည်း ထိုင်းနိုင်ငံရေး လောကတွင် လွန်စွာဂယက်ရိုက်လျက်ရှိသည်။
    ထိုမူကြမ်းအား အောက်လွှတ်တော်ရှိ ဥပဒေပြုအမတ်များက မဲခွဲခဲ့ရာ ထောက်ခံမဲ ၃၁၀၊ ကြားနေမဲ ၄ မဲ၊ ကန့်ကွက်မဲမရှိဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု ပါလီမန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထို့ပြင် မူကြမ်းအတည်ပြုရန်အတွက် ဆွေးနွေးရာတွင် ၁၉-နာရီခန့်ကြာမြင့်ခဲ့ပြီး အတိုက်အခံပါတီက မဲခွဲမှုတွင်ပါဝင်ရန် ငြင်းဆိုခဲ့သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ Amnuay Khangpha က ပြောကြားခဲ့သည်။
    မူကြမ်းအားအတည်ပြုပြီးနောက်ပိုင်းတွင် အတိုက်အခံဒီမိုကရက်တစ်ပါတီက ထိုမူကြမ်းအား ပယ်ဖျက်ပေးရန် ပြည်သူများအနေဖြင့် ဆန္ဒပြပွဲများပြုလုပ်ကာ ပြုလုပ်ရမည်ဟု ပြောကြားခဲ့ပြီနောက် ထောင်ပေါင်းများစွာသော ပြည်သူများအား ဘန်ကောက်မြို့တွင်စုရုံးကာ နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်မူကြမ်းအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
    Ref : channelnewsasia
    ________________________
    စနိုးဒင် ရုရှား၌ အလုပ်ရပြီ
    အမေရိကန် အမျိုးသား ထောက်လှမ်းရေးအေဂျင်စီ (NSA) ၏ သူလျှိုလုပ်ငန်းများအား ဖွင့်ချပြီးနောက် ရုရှားနိုင်ငံ၌ ခိုလှုံနေရသည့် NSA ၀န်ထမ်းဟောင်း အက်ဒ၀ပ် စနိုးဒင်မှာ ၀ဘ်ဆိုဒ်ကုမ္ပဏီတစ်ခု၌ အလုပ်ရရှိသွားပြီဟု ၎င်း၏ရှေ့နေဖြစ်သူက ပြောကြားခဲ့သည်။
    ရှေ့နေဖြစ်သူ အနာတိုလီ ကူချီရီနာက ရုရှား နိုင်ငံပိုင် သတင်းဌာနဖြစ်သည့် RIA သို့ ယမန်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် အလုပ်စဆင်းရမည့် စနိုးဒင် မှာ ၀က်ဘ်ဆိုဒ် ထိန်းသိမ်းရေးလုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီ၏ အမည်အား လုံးခြုံရေးအကြောင်းပြချက်ဖြင့် ဖြေကြားသွားခဲ့ခြင်းမရှိချေ။
    အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် စနိုးဒင်မှာ ယခင်က အမေရိကန်အစိုးရ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကန်ထရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပြီး NSA မှ လျှို့ဝှက်ထောက်လှမ်းနေသည့် ဖုန်းဆက်သွယ်မှုများနှင့် အချက်အလက်များကို စုစည်းပေးခဲ့ရသည်။ နောက်ပိုင်းတွင် အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်း များကို မီဒီယာသို့ဖွင့်ချခဲ့ပြီး၊ အမေရိကန်က အစိုးရလျှို့ဝှက်ချက် ဖော်ထုတ်မှုနှင့် နိုင်ငံပိုင်ပစ္စည်းအား ခိုးယူမှုတို့ကြောင့် တရားစွဲခြင်းကို ခံခဲ့ရသူဖြစသည်။
    Ref : cnn
    ________________________
    ပါကစ္စတန်-တာလီဘန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များစတင်
    နိုင်ငံသားများနှင့် ရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်မှုများကိုရပ်တန့်ရန် မျှောင်လင့်ချက်ဖြင့် တာလီဘန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စတင်ပြုလုပ်တော့မည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှရစ်ဖ်က ပြေကြားလိုက်သည်။
    လန်ဒန်သို့ရောက်ရှိနေသည့် နာဝဇက်ရရှစ်က ဗြိတိန်ဒုတိယ၀န်ကြီးချုပ် နစ်က်စကလက်နှင့် ယမန်နေ့ကတွေ့ဆုံစဉ် ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်ပြီး အခြေခံ ဥပဒေက ဖော်ပြထားသော လုပ်ငန်းစဉ်များအတိုင်းသာ ဆွေးနွေးပွဲကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ပါကစ္စတန်တွင် တာလီဘန်များ၏ တိုက်ခိုက်မှုများကြောင့် အရပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ သေဆုံးနေမှုကိုဆက်လက်စောင့်ကြည့်မနေနိုင်တော့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် ပါကစ္စတန်အနဖြင့် အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဖက်ဝါဒအား အမြစ်ဖြတ်သုတ်သင်ရန် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့များနှင့် ထောက်လှမ်းရေး လုပ်ငန်း များကို ပိုမိုတောင့်တင်းအောင် ဆောင်ရွက်နေသည်ဟု နာဝဇ်ရှရစ်ဖ်က ထပ်လောင်းပြောကြားခဲ့သည်။
    ရှရစ်ဖ်နှင့် သူ၏အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးရန် လိုလားမှုကိုပြသပါက ၎င်းတို့အနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုကို သဘောတူမည်ဟု တာလီဘန်တို့က ပြီးခဲ့ သည့်မေလတွင်ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်တို့၏ ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် တာလီဘန် ဒုတိယခေါင်းဆောင် ၀လီအွန်ရဟ်မာန် သေဆုံးခဲ့ပြီး ငြိမ်းချမ်းဆွေးနွေးမှုမပြုလုပ်တော့ဟု တာလီဘန်တို့က ပြန်လည်ပြောဆိုခဲ့သည်။
    Ref : Press TV
    ________________________
    သြစတေးလျ ဘုရင်ခံ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်
    မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုကြောင့် သြစေတးလျ ဘုရင်ခံ ကွမ်တင် ဘရိုက်စ်မှာ မြန်မာနိုင်ငံသို့လာရောက် လည်ပတ်မည်ဟု ယနေ့တွင် တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်။
    သမ္မတဦးသိန်းစိန်မှာ ယခုနှစ် မတ်လက သြစတေးလျနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့စဉ်အတွင်း မြန်မာနိုင်ငံသို့လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သြစတေးလျ ၀န်ကြီးချုပ် ဂျူလီယန် ဂီလာဒ့်နှင့်တွေ့ဆုံခဲ့ပြီး ဂီလာဒ့်ကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် သြစတေးလျမှ အကူအညီများကို ပိုမိုတိုးမြှင့်ပေးမည်ဟု ကတိပေးခဲ့သည်။
    ထိုအကူအညီပေးရေး အစီစဉ်၏ အစိတ်အပိုင်းအဖြစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် ၂ နှစ်အတွင်း သြစတေးလျ ဒေါ်လာ သန်း ၂၀  ကူညီ ထောက်ပံ့ ပေးသွားမည်ဟု သိရပြီး ၂၀၁၅ ခုနှစ်တွင် ထိုအကူအညီအား နှစ်ဆတိုး သွားမည်ဖြစ်သည်။
    ထို့ပြင် ယခုနှစ် ဇူလိုင်လအတွင်းက သြစတေးလျ ဓနသဟာယနိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီး ဘော့ဘ်ကာရ်မှာ နေပြည်တော်သို့လာရောက်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများလုပ်ရန်အတွက် သြစတေးလျဒေါ်လာ သန်း ၂၀နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်အရန်အတွက် ဒေါ်လာ ၅ သန်း ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။
    Ref:Xinhua
    ________________________
    ခရိုင်းမီးယားဒေသတွင် မွတ်စလင်မ်အမျိုးသမီးများအတွက် ဘာသာရေးသင်တန်းများ ဖွင့်လှစ်သင်ကြားမည်
    ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသရှိ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းက ဒေသအတွင်းရှိ မွတ်စလင်မ်အမျိုးသမီးများ အစ္စလာမ်ဘာသာရေးသင်ခန်းစာများကို သင်ယူနိုင်ရန်အတွက် အခြေခံသာသာရေးသင်တန်းကို မကြာမီတွင် ဖွင်လှစ်တော့မည်ဟု သိရသည်။
    ဒေသအတွင်းရှိ အမျိုးသမီးများအနေဖြင့် စစ်မှန်သောအစ္စလာမ် ဘာသာရေး သင်ခန်းစာများကို သင်ယူနိုင်ခွင့်နည်းပါးသည့်အတွက် ခရိုင်းမီးယား မွတ်စလင်မ် အဖွဲ့ အစည်းနှင့် Kardashlyk လူမှုရေးအဖွဲ့အစည်းတို့ ပူးပေါင်း ကာ ဖွင့်လှစ်သွားမည်ဖြစ်သည်။
    ထိုသင်တန်းအား အစ္စလာမ်၏စစ်မှန်သော သွန်သင်ချက်များကို သိနားလည် လိုသည့် မည်သည့်မွတ်စလင်မ်အမျိုးသမီးမဆို တက်ရောက်နိုင်ကြောင်း အဆိုပါ မွတ်စလင်မ် အဖွဲ့အစည်းက တိုက်တွန်းပြောကြားခဲ့သည်။
    ခရိုင်းမီးယားဒေသမှာ ယူကရိန်းနိုင်ငံ မြောက်ပိုင်းတွင်ရှိသည့် ကျွန်းတစ်ခု ဖြစ်ပြီး အစ္စလာမ်ဘာသာဝင်အများစု တည်ရှိရာဒေသလည်းဖြစ်သည်။ ယူကရိန်းနိုင်ငံ လူဦးရေ၏ ၁၂ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပြီး၊ ဗလီဝတ်ကျောင်းတော်ပေါင်း ၁၆၀ ရှိကာ ဆောက်လုပ်ဆဲဗလီဝတ်ကျောင်းတော်များလည်း အများ အပြားရှိနေသည်။
    Ref : islam
    ________________________
  • အုပ်ချုပ်သူ မရှိတဲ့ တိုင်းပြည်သဖွယ် မြေလုယက် အုပ်စုဖွဲ့ အနိုင်ကျင့် ဗိုလ်ကျနေသည့် လှည်းကူး၊ စာဘူးတောင်းကျေးရွာက အခြေအနေ
    နိုဝင်ဘာ ၁၊ ၂၀၁၃
    M-Media
    ဇာဇာလှိုင်
    ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာတစ်ရွာ၏ လယ်ယာမြေတစ်ခု၏ ပုံကို google image မှ ရယူဖော်ပြထားပါသည်။
    လှည်းကူး   ။          ။        ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ စားဘူးတောင်း ကျေးရွာ အုတ်ဖိုကျေးရွာ (ယခု သမီးလေး ကျေးရွာ) တွင် ရာဘာ စိုက်ပျိုးထားသော မြေများ၊ ပိုင်ရှင်ရှိ မြေလွတ်များ၊ ပဲခူးမြို့နယ် ဆပ်ချောင်း ကျေးရွာ မြေများ (အမြန်လမ်းမကြီးဘေး) နှင့် လှည်းကူးမြို့နယ် အတွင်းရှိ အခြားသော နေရာများမှ မြေများ အား မြေလုယက် အုပ်စုဖွဲ့ လူဆိုးဂိုဏ်းများမှ မင်းမဲ့ စရိုက်ဆန်ဆန် ပြုလုပ်နေကြသည့် အပြင် ကျေးရွာ အတွင်းရှိတစ်ရွာတည်းနေ ခရစ်ယာန် ဘာသာဝင် ကရင် တိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာဝင် ရွာသူရွာသားများအား တစ်ဘာသာနှင့် တစ်ဘာသာ ဘာသာရေး အဓိကရုန်း အသွင် သဏ္ဍန်ဖော်ဆောင်ရန် ကြိုးပမ်း ဆောင်ရွက် နေကြောင်း အဆိုပါ ကျေးရွာသား တစ်ဦး၏ သတင်းပေးပို့ချက်အရ သတင်း ရရှိသည်။
    အဆိုပါ မြေလု လူဆိုး ဂိုဏ်းခေါင်းဆောင်မှာ ဦးကျော်ကျော် (ဘ) ဦးကောင်း (မှတ်ပုံတင် အမှတ် ၇/ ပခန (နိုင်) ၀၅၂၇၁၀) နှင့် ဒုခေါင်းဆောင်သူများမှာ ဦးဟန်တင် (ဘ) ဦးငြိမ်းအောင် (ပဲခူး)၊ ဦးသက်နိုင် (ခ) ဖိုးချို (ဘ) ဦးမြင့်နိုင် မောပြ ကျေးရွာ (လှည်းကူး)၊ ဦးတင်မြင့် (ဘ) ဦးအောင်ငြိမ်း သာယာကုန်းကျေးရွာ (ပဲခူး)၊ ဦးသန်းဦး (မီးသတ် အဖွဲ့ဝင်) သီးကလေး ကျေးရွာ (လှည်းကူး)၊ လှလေးစိန် ဆပ်အင်းကျေးရွာ (ပဲခူး)၊ တာတီး (ခ) မောင်မောင်တာ (ဘ) ဦးစံခင် (တပ်ပြေး) ပဲခူး နှင့် အပေါင်း အပါ (၂၇)ဦး တို့ဖြစ်ကြောင်း သိရသည်။
    “အဲဒီ့ ဂိုဏ်းခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေက နိုင်ငံတော်က ခွင့်ပြုချက် မရှိတဲ့ မြေတွေကို နိုင်ငံတော်ကို ရော်ဘာ စိုက်ပျိုးရန် ဆိုပြီး လိမ်လည်ပြီး လျှောက်ထားတဲ့ မြေကွက်တွေရယ်၊ ပိုင်ရှင်ရှိတဲ့ မြေကွက်တွေကို လုယူ သိမ်းပိုက်ပြီး သူတို့ အကျိုးစီးပွားအတွက် ရောင်းချပြီး ငွေမဲ ပိုင်ရှင်တွေ ဖြစ်လာတာပါ” ဟု အမည်မဖော်လိုသူ ၎င်းရွာသားက M-Media သို့ပြောသည်။
    ဆက်လက်၍ ၎င်းငွေများဖြင့် ယင်းဂိုဏ်းခေါင်းဆောင်နှင့် အဖွဲ့ဝင်များသည် ဟိုတယ်၊ အိမ်၊ ကားများ ၀ယ်ယူ ထားပြီး ၎င်းတို့ကို အာမခံသူများ မရှိအောင် နည်းအမျိုးမျိုး ဖြင့် ခြိမ်းခြောက်ရမ်းကားပြီး မင်းမရှိသည့် တိုင်းပြည်သဖွယ် အုပ်စုဖွဲ့ အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးရေး ၀ါဒ ကျင့်သုံးလျက် ရှိကြောင်း၊ မိမိတို့ ရွာသားများမှာ ၎င်းတို့ကို အရေးယူပေးစေ လိုသော ဆန္ဒရှိနေပါသော် လည်း တိုင်တောဖို့ရန်ပင် ကြောက်ရွံ့နေရကြောင်း၊ မိမိတို့ပိုင် မြေများအား မတရား ယူထားသူများထံမှ ပြန်လည် ရယူလို ကြောင်းကို သမ္မတကြီး ဦးသိန်းစိန်နှင့် တာဝန်ရှိသူများကို သိစေလိုကြောင်း အဆိုပါ ရွာမှ ရွာသားတစ်ဦး က ထပ်လောင်း ပြောကြားသည်။
    အဆိုပါ အကြောင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ လှည်းကူးစခန်းသို့ တိုင်ကြားထားသော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိသည့်အပြင် လျစ်လျူရှုထားကြောင်း သတင်းရရှိသည်။
  • ကမ္ဘာကို အမေရိကန်၏ နျူကလီးယား အန္တရာယ် ခြောက်လှန့်နေ
    နိုဝင်ဘာ- ၁ ၂၀၁၃
    M-Media
    US, biggest nuclear
    အမေရိကန်၏ နျူကလီးယား လက်နက်သည် ကမ္ဘာကို အကြီးအကျယ်ခြိမ်းခြောက်လျက်ရှိကြောင်း Press TV နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အမေရိကန်ရေတပ်သားဟောင်း ကဲန် အိုကီးဖီး (Ken O’Keefe) က ပြောဆိုခဲ့သည်။
    စာရင်းဖျောက်ထားသည့် အမေရိကန်နိုင်ငံ နျူကလီးယား လက်နက်များသည် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာကြောင်းကို  “ ကမ္ဘာ့လုံခြုံရေးနဲ့ ဘေးအန္တရာယ် ကင်းရေးကို အကြီးမားဆုံးခြိမ်းခြောက်နေတာကတော့ အမေရိကန်နိုင်ငံပဲဖြစ်တယ်။ ပထမဦးဆုံး လက်နက်ဖြုတ်သိမ်းရမယ့် နိုင်ငံက အမေရိကန်ပါ။ ဒါပေမယ့် သူတို့က လိုလားလိုက်လျောမှာတော့ မဟုတ်ဘူး။ အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အစုလိုက်အပြုံလိုက်ပျက်စီးစေနိုင်တဲ့ လက်နက်မျိုးစုံကို အဓိကဖြန့်ချိသူဖြစ်တယ်။ တစ်နေ့တစ်ခြား လက်နက်မျိုးထုတ်လုပ်မှုနဲ့ အသုံးပြုမှုတိုးပွားလာတယ်၊ သူတို့က ကိုယ်ကိုယ့်ကို ကမ္ဘာ့ပုလိပ်ကြီးလို့ မှတ်ယူနေကြတာပါ ” ဟု အိုကီးဖီး က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
    အမေရိကန်သည် မိမိ၏နိုင်ငံ သို့မဟုတ် မဟာမိတ်များအပေါ် ဘေးအန္တရာယ် ကျရောက်နိုင်သည်ဟု ယူဆယုံကြည်လျှင် တစ်ချက်တည်းနှင့် အပျောက်ရှင်းနိုင်သော စွမ်းရည်ရှိ နျူကလီးယား လက်နက်များကိုအသုံးပြုရန် ၀န်လေးလိမ့်မည် မဟုတ်ကြောင်း သူက သတိပေးပြောကြားလိုက်သည်။
    “ အမေရိကန်ပြည်သူတွေက သူတို့ရဲ့အစိုးရကို အနုကြမ်းစီးခွင့်ပေးထားတာ၊ မူဝါဒများကို ဖော်ဆောင်ခွင့်ပေးနေတာ သိလိုက်ရလို့ ကျွန်တော့်အနေနဲ့ နာကျင်ခံစားရပါတယ်။ ဒါဟာ ဘယ်သူ့ကိုမှ ကောင်းကျိုးပေးမှာမဟုတ်ဘူး။ အမေရိကန်နိုင်ငံသားတွေ ကိုရောပေါ့။ ဒါ့အပြင် အကျိုးဆက်အနေနဲ့ တတိယကမ္ဘာစစ်ကို ဦးတည်သွားနိုင်ပါတယ် ” ဟု အိုကီးဖီးက မှတ်ချက်ပြုခဲ့သည်။
    KA/HGH
  • ဇနီးဖြစ်သူမှ ဖေ့စ်ဘွတ်ပေါ် ဓာတ်ပုံတင်၍ အိန္ဒိယဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်
    အောက်တိုဘာ- ၃၁ ၂၀၁၃
    M-Media
    IIvqmMO.jpg.pagespeed.ce_.JI6TPQ4UAI
    မိမိ၏ကြင်စဦးဇနီးမှ ဖေ့စ်ဘွတ်ပေါ်ဓာတ်ပုံတင်သည့်အကြောင်းဖြင့် အချင်းများပြီးနောက် MNC ၌လုပ်ကိုင်နေသည့် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးသည် ယမန်နေ့က မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။
    Jharkand မှ ချန်ဒန်ကူးမား (၂၉ နှစ်) သည် မိဘ၏ သဘောကို ဆန့်ကျင်၍ Chennai မှ စန်ဟီယာနှင့် Chennai ရှိ ချာ့ခ်ျကျောင်း တစ်ခုတွင် မကြာသေးမီက လက်ထပ်ထိမ်းမြားခဲ့သည်။ သတို့သမီး စန်ဟီယာသည် ခရစ်ယာန်ဖြစ်ပြီး ချန်ဒန်သည် ဟိန္ဒူဖြစ်သည်။ ချန်ဒန်၏ မိသားစုမှ သဘောမတူသော်လည်း စန်ဟီယာမိသားစု၏ အကျိုးဆောင်မှုဖြင့် ချာ့ခ်ျတစ်ခု၌ လက်ထပ် ထိမ်းမြားရန် သဘောတူခဲ့ကြသည်။
    မင်္ဂလာပွဲပြီးဆုံးပြီးနောက် ထိမ်းမြားမှုဓာတ်ပုံများကို စန်ဟီယာမှ ဖေ့စ်ဘွတ်ပေါ် တင်လိုက်သည်။ Jharkand ရှိ ချန်ဒန်၏ ၀မ်းကွဲညီအစ်ကိုများမှသိရှိပြီး သူ့မိဘများထံ အကြောင်းကြားနိုင်စေရန် ဖြစ်သည်။
    ချန်ဒန်၏မိဘများက သူ့အား မဆိုင်းမတွ ဆက်သွယ်လာပြီး ၄င်းတို့အနေဖြင့် အလွန်ပင် စိတ်ထိခိုက်ခံစားရကြောင်း ဖော်ပြလေရာ သူက ဖေ့စ်ဘွတ်ပေါ်တင်ထားသော ဓာတ်ပုံများကို ချက်ခြင်းဖယ်ရှားလိုက်၏။ ယင်းသို့ပြုခြင်းကို စန်ဟီယာမှ ကန့်ကွက်ပြီး မရှေးမနှောင်းမှာပင် ယင်းအဖြစ်ဆိုးကိုကြုံရခြင်းဖြစ်သည်။ စုံစမ်းမေးမြန်းပြီးနောက် ရဲတပ်ဖွဲ့က စန်ဟီယာသည် မိမိတို့၏ တရားဝင် ထိမ်းမြားမှု ဓာတ်ပုံများကို မဖယ်ရှားလိုခဲ့ပါဟု ပြောဆိုသည်။
    စနေနေ့ညဥ့်က အချေအတင်စကားများခဲ့ကြသည်။ ၄င်းနောက် သီးခြားစီ အခန်းခွဲအိပ်ခဲ့ကြသည်။ တနင်္ဂနွေနေ့ နံနက်ခင်းတွင် ချန်ဒန်သည် အခန်းတွင်းမှ ထွက်မလာသဖြင့် စန်ဟီယာမှာ တံခါးဖွင့်ကြည့်ရာ မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ထားကြောင်း တွေ့ခဲ့ရသည်။ အဆုံးစီရင်ရခြင်း စာတို တစ်စောင်ကိုလည်းရေးသားခဲ့သည်။ ၄င်းစာအရ ချန်ဒန်သည် မိမိ၏ဇနီးအား ချစ်မြတ်နိုးဆဲဖြစ်သော်လည်း သူမသည် ဖေ့စ်ဘွတ်ပေါ်မှ ဓာတ်ပုံများကို မဖယ်ရှားသည့် အတွက် အလွန် စိတ်ထိခိုက်ကာ မိမိဘ၀ကိုအဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ယင်းအမှုကို Chennai ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးဆဲဖြစ်သည်။
    Ref: The Real Singapore
    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]
  • အစ္စလာမ့်နည်းကျ ငွေကြေးဆိုင်ရာ စာချုပ်စနစ် အသုံးပြုမည့် ပထမဦးဆုံး မွတ်စလင်မဟုတ်သည့် နိုင်ငံ (သို့) ဗြိတိန်
    အောက်တိုဘာ- ၃၁ ၂၀၁၃
    M-Media
    Cameron
    ဗြိတိန်သည် အစ္စလာမ့်နည်းကျစာချုပ်ကို ပထမဆုံးချုပ်ဆိုသည့် မွတ်စ်လင်မ် မဟုတ်သော တိုင်းပြည်တစ်ခု ဖြစ်လာမည်ဟု ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းမှ ကြေငြာလိုက်သည်။
    လန်ဒန်တွင် ကျင်းပပြုလုပ်သော အစ္စလာမ့်စီးပွားရေးကမ္ဘာ့ဖိုရမ် – World Islamic Economic Forum (WIEF) ၌ လန်ဒန်ငွေကြေး ဖလှယ်မှု စတော့ဈေးကွက်တွင် အစ္စလာမ့်နည်းကျ ကဏ္ဍသစ်တစ်ရပ် ထည့်သွင်းရေး အစီအစဉ်များကို သူမှ ကြေငြာခဲ့ခြင်းဖြစ်သည်။
    ဤသည်မှာ မိမိတို့၏ကုမ္ပဏီစံညွှန်းများနှင့် ကိုက်ညီကြောင်း သိရှိစေခြင်းဖြင့် အစ္စလာမ့်လောကမှ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ရန် ရည်ရွယ်သည်။
    အစ္စလာမ့်စည်းကမ်းများအရ စီးပွားရေးလုပ်ငန်းတွင် အတိုးငွေ၊ အတိုးနှုန်းများ ပါဝင်ခွင့် မရှိချေ။
    ရောင်းဝယ်ရေးလုပ်ငန်းများကို ပကတိကုန်သွယ်မှုနှင့်စီးပွားရေး၌သာ အခြေခံမည်ဖြစ်ပြီး လောင်းကစား၊ အရက်သေစာ စသည့် ယှရီအဟ်ဥပဒေနှင့်မကင်းလွတ်သည့် မည်သည့်အရာမှ ပါဝင်စေမည်မဟုတ်ဟု ဆိုသည်။
    လွန်ခဲ့သည့် ၇ နှစ်အတွင်း အစ္စလာမ့်လောက၏ ရင်းနှီးမြှုပ်နှံမှုများမှာ ၁၅၀ ရာခိုင်နှုန်းအထိ တရှိန်ထိုးမြင့်တက်လာခဲ့ပြီး၊ လာမည့်နှစ်တွင် ပေါင်စတာလင် ၁.၃ ထရီလီယံ တန်ကြေးအထိရောက်ရှိမည်ဟု ခန့်မှန်းထားကြသောကြောင့် ဗြိတိန်ငွေကြေးလည်ပတ်မှုလုပ်ငန်းစဉ်အတွက် အစ္စလာမ့်နည်းကျ ငွေကြေးစီးဆင်းမှုက အခွင့်သာစေမည်ဟု မစ္စတာ ကင်မရွန်းက ယုံကြည်ထားသည်။
    “ လန်ဒန်ကို အနောက်ကမ္ဘာထဲက အစ္စလာမ့်နည်းကျ ငွေကြေးစံနစ်သုံး မြို့တော်ကြီးတစ်ခုဖြစ်လာယုံလောက် ကျွန်တော် လိုချင်တာမဟုတ်ဘူး။ ကမ္ဘာတစ်ဝှန်းမှာ အစ္စလာမ့်နည်းကျ ငွေကြေးစံနစ်သုံး မြို့တော်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ ဒူဘိုင်းနဲ့ ပခုံးချင်းယှဉ်ရပ်နိုင်တဲ့ အထိကို လန်ဒန်ကို ဖြစ်စေချင်တယ်။ ကမ္ဘာကပြောင်းလဲနေတဲ့ နည်းလမ်းကို အသိအမှတ်ပြုဖို့ ငြင်းဆန်တဲ့၊ ဒါ့ပြင် ပြည်တွင်းမှာဆုတ်ယုတ်နေတဲ့ တိုင်းပြည်တစ်ချို့ရှိနေကြတယ်။ ဒါပေမယ့် ဗြိတိန်ကတော့ ဒီလိုအမှားမျိုး လုပ်မှာမဟုတ်ဘူး ” ဟု ၄င်းမှ WIEF ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။
    လာမည့်နှစ်ဆန်းပိုင်းတွင် ပေါင်စတာလင် သန်း ၂၀၀ တန်ကြေးရှိ အစ္စလာမ့်နည်းကျကုန်သွယ်ရေးစာချုပ် (စုကူးက်)ကို ချုပ်ဆိုနိုင်ရန် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ မျှော်လင့်ထားသည်။ အစ္စလာမ့်နည်းကျ ငွေကြေးလည်ပတ်မှု စည်းမျဉ်းများနှင့်အညီ အတိုး ကဏ္ဍမပါဝင်ဘဲ အကောင်အထည်ရှိပစ္စည်းဥစ္စာ သို့မဟုတ် လုပ်ငန်းခွင်မှ သတ်မှတ်ငွေကြေးဖလှယ်မှုဖော်ဆောင်ရန် ယင်းစာချုပ်အတွင်း၌ စီမံဆောင်ရွက်သွားမည်ဟု ဆိုသည်။
    Ref: BBC