News @ M-Media

Blog

  • တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ ကွန်ရက် ဆွေးနွေးပွဲ

    တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ ကွန်ရက် ဆွေးနွေးပွဲ

    အောက်တိုဘာ ၂၇၊ ၂၀၁၃
    M-Media
    လင်းလင်း

    13

    ရန်ကုန်   ။           ။          တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကွန်ရက်မှ တရားဥပဒေ စိုးမိုးရေး ဆွေးနွေးပွဲကို ယနေ့ နေ့လည် ၃း၃၀-နာရီက ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု အားနည်းချက်ကို အခွင့်ကောင်းယူပြီး လူသတ် မီးရှို့ အကြမ်းဖက် မှုတွေ ဖြစ်လာပြီး ဒေါ်အောင်ဆန်း စုကြည်၏ နိုင်ငံတကာ ခရီးစဉ် များတွင် အကြမ်းဖက်မှုကိစ္စများ မေးခွန်း ထုတ်ခံရသည့် အဆင့်ရောက်ရှိလာသည်ကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်အုပ်ချုပ်သူ အစိုးရ၏ လုံလောက်တဲ့ ဥပဒေစိုးမိုးမှု အကာအကွယ် မပေးနိုင်သည်မှာ ထင်ရှားကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

    “အခုလို ဆွေးနွေးပွဲ ကျင်းပရခြင်းဟာ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့အပေါ်မှာ လက်ရှိနိုင်ငံရဲ့ပုံရိပ်က ကျဆင်းနေပြီ ဆိုပြီးတော့ နိုင်ငံတော်သမ္မတကိုယ်တိုင် ၀န်ခံ ထားတာဖြစ်ပါတယ်၊ အဲ့ဒါအပြင် လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ တရားဥပဒေစိုးမိုးမှု အားနည်းချက်ကို အခွင့်ကောင်းယူပြီးတော့ ကျူးလွန်လာတဲ့ မြို့ဖျက်၊ ရွာဖျက်၊ လူသတ်၊ မီးရှို့ဖျက်ဆီးတဲ့ လုယက် အကြမ်းဖက်မှုတွေဟာ နေရာအနံ့ တော်တော်များများမှာ ဖြစ်ပြီးတော့ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး  ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတကာ ခရီးစဉ်တွေမှာ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခံရတဲ့ အခြေအနေအထိ ရောက်ခဲ့ရတယ်။

    တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့တွေဟာ တိုင်းပြည်မှာရှိတဲ့ အုပ်ချုပ်သူ အစိုးရကို လုံလုံလောက်လောက် အားကိုးလို့ မရဘူး တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရရဲ့လုံလောက်တဲ့ ဥပဒေစိုးမိုးမှုဆိုင်ရာအကာအကွယ် မပေးနိုင်ဘူး ဆိုတာ ထင်ထင်ရှားရှားမြင်နေရပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုရင် ဒီတိုင်းပြည်က မင်း အစိုးရမရှိတာနဲ့ အတူတူပါပဲ။ ကျွန်တော်တို့တွေဟာ တိုင်းပြည်မှာ မင်း အစိုးရရှိ ပါလျက်နဲ့လည်း မင်းမဲ့စရိုက် ဆန်ဆန် တောင်းရမ်း၊ သတ်ဖြတ်၊ မီးရှို့၊ ဖျက်ဆီး၊ လုယက် နေတဲ့လူတွေကို တရား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်မယ့် ရဲတပ်ဖွဲ့တွေ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေက အရေးယူဆောင်ရွက်မှုတွေဟာ အင်မတန်ပဲ အားနည်းနေသေးတဲ့အတွက်ကို အကြမ်းဖက် လုယက် သတ်ဖြတ်သူတွေဟာ တိတ်တဆိတ် ဆောင်ရွက်တာ မဟုတ်ဘဲနဲ့ လူစုလူဝေးနဲ့ ကြော်ငြာတယ်၊ ဟောပြောတယ်၊ လက်ကမ်း စာရွက်တွေဝေတယ် အခန်းအနားတွေ ကျင်းပပြီးတော့မှ အကြမ်းဖက်မှုတွေကိုလဲ လက်တွေ့ပြုလုပ်ခဲ့တယ်။ ကျွန်တော့် အနေနဲ့ ပြောချင်တာကတော့ မြန်မာနိုင်ငံမှာ တာဝန်ယူထား ရဲတပ်ဖွဲ့တွေဟာ ဒီအကြမ်းဖက်သမားတွေကို အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ပေမယ့် ကျွန်တော်တို့ရဲ့လူ့အခွင့်အရေးလှုပ်ရှားတဲ့သူတွေ၊ လယ်သမားအခွင့်အရေး လှုပ်ရှားတဲ့သူတွေ၊ ပြည်သူလူထု အခွင့်ရေး လှုပ်ရှားတဲ့သူတွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားတဲ့သူတွေကို အရေးယူဆောင်ရွက် တဲ့နေရာမှာ ဘယ်တော့မှ လက်မနှေးခဲ့ပါဘူး။ ယနေ့အချိန်အထိ ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတဲ့ ပြစ်ဒဏ်တွေပေးပြီးတော့ ချမှတ် နေတာကို အားလုံးပဲအသိဖြစ်ပါတယ်”ဟု ဦးညီညီ ကပြောကြားခဲ့ပါတယ်။

    ဆက်လက်ပြီး “တရားဥပဒေစိုးမိုးမှုမရှိတဲ့အခါမှာ ကျွန်မတို့ တိုင်းသူပြည်သားတွေဟာ ဘယ်လိုဆင်းရဲဒုက္ခတွေ ခံခဲ့ရပြီးတော့ ဘယ်လိုမျိုးရပ်တည်ကလည်း အခြေအနေ တွေကို ကျွန်မက ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်၊ အသတ်ခံခဲ့ရတဲ့ မိသားစုဝင်တွေနဲ့ ပတ်သက်ပြီး အရမ်းကို ကိုယ်ချင်းစာ တရားရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီအဖြစ်အပျက်မျိုးတွေကို ဥပဒေ မစိုးမိုးလို့ ကြုံခဲ့ရတဲ့အရာတွေ အားလုံးကို ကျွန်မလည်း အများကြီး ခံခဲ့ရတာပါ။ ကျွန်မအမျိုးသားက ၂၀၁၀ သင်္ကြန်မှာ ဗုံးပေါက်ကွဲမှုမှာ ကူညီတယ်ဆိုပြီးတော့ သေဒဏ်အပါအ၀င် အများကြီး ပြစ်ဒဏ်တွေချ ထောင်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု လုံးဝ မလုပ် ပေးခဲ့တော့ နေမကောင်းတာတောင် အပြင်မထုတ်ဘဲနဲ့ ထောင်ထဲမှာသေလုမျောပါး အခြေအနေမှ အပြင်ထုတ်ခံခဲ့ရတဲ့ ကိုဖြုးဝေအောင်ဖြစ်ပါတယ်။ အဲဒါကြောင့် မိသားစုဝင်တွေ အားလုံးမှာ တူညီတဲ့ ခံစားချက်တွေ ရှိနေမယ် ကျွန်မတို့ခံခဲ့ရတဲ့ ဒုက္ခတွေ ဒါတွေအားလုံဟာ တရားဥပဒေစိုးမိုးမှု မရှိလို့ ဖြစ်ရတယ်ဆိုတာကို ကျွန်မ ယုံကြည် ပါတယ်။ အခုလက်ရှိအချိန်ထိလည်း လုံးဝမရှိသေးပါဘူး”ဟု ကိုဖြိုးဝေအောင်၏ ဇနီးဖြစ်သူ မဌေးဌေးက ပြောကြားခဲ့ပါတယ်။

     

    ဓါတ်ပုံများ FB တွင် ကြည့်လိုလျှင် =>http://goo.gl/JvZMqj

  • အောက်တိုဘာ ၂၇၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    အောက်တိုဘာ ၂၇၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    အောက်တိုဘာ ၂၇၊ ၂၀၁၃
    M-Media

    အာဖဂန်စစ်ဆင်ရေးများအတွင်း တာလီဘန် ၃၆ ဦးသေဆုံး

    ယမန်နေ့နံနက်ပိုင်းက အာဖဂန် နစ္စတန်နိုင်ငံရှိ ပြည်နယ်များတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများအတွင်း တာလီဘန်စစ်သွေးကြွ ၃၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ထိုစစ်ဆင်ရေးအား အာဖဂန်ရဲတပ်ဖွဲ့၊ စစ်တပ်၊ အမျိုးသားလုံခြုံရေးအဖွဲ့၊ နေတိုး ဦးဆောင်သော နိုင်ငံတကာတပ်ဖွဲ့များက ပူးပေါင်းကာ နန်ဂါဟာ၊ ပါဝန်၊ ဇာဘူလ်၊ အူရုဇ်ဂန်၊ ၀ါရ်ဒက်နှင့် ဂါဇ်နီပြည်နယ်များတွင် လွန်ခဲ့သည့် ၂၄ နာရီမှ စ၍ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၃၆-ဦးသေဆုံးပြီး ၅-ဦးဒဏ်ရာရရှိခဲ့ကာ အချို့ပြည်နယ်များတွင် လက်လုပ်ဗုံးများအား စနက်တံဖြုတ်ခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

    အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများအတွင်း စစ်သွေးကြွ ၃၃၀အားသုတ်သင်နိုင်ခဲ့ပြီး၊ ၁၁၃-ဦးဒဏ်ရာရကာ ၁၄၀ နီးပါးဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့သည်ဟု ပြည်ထဲရေး၏ ကြေညာချက်တွင်ဖော်ပြထားသည်။ တာလီဘန်အဖွဲ့ကမူ ထိုကိစ္စနှင့် ပက်သက်ပြီးယခုအချိန်အထိ မည်သည့် မှတ်ချက်မှမပေးသေးပေ။

    Ref : xinhua


    ____________________

    ဒုက္ခသည်အရေအတွက်မှာ ၁၉ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်ဟု ကုလဆို

    နိုင်ငံရပ်ခြားသို့ထွက်ပြေးခိုလှုံရသည့် ဒုက္ခသည်အရေအတွက်မှာ ၁၉၉၄ ခုနှစ်မှစ၍ ၁၉ နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိနေသည်ဟု ကုလမဂ္ဂက ပြောဆိုလိုက်သည်။

    ဒုက္ခသည်အများစုမှာ အာဖဂန်နစ္စတန်နှင့် အရှေ့အလယ်ပိုင်းဒေသများမှဖြစ်ပြီး ပထမ အင်ဒိုနီးရှားသို့သွားရောက်ကာ အင်ဒိုနီးရှားမှတစ်ဆင့် အန္တရာယ်များသော ရေလမ်းခရီးဖြင့် အိန္ဒိယသမုဒ္ဒရာကိုဖြတ်၍ သြစတေးလျသို့ နှစ်စဉ်နှစ်တိုင်း သွားရောက်ကြသည်ဟု ကုလမှထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။

    ထို့ကဲ့သို့အစုလိုက်အပြုံလိုက်ရောက်ရှိလာခြင်းမှာ အင်ဒိုနီးရှားနှင့် သြစတေးလျ နိုင်ငံတို့အတွက်အဓိက နိုင်ငံရေးပြဿနာဖြစ်ပြီး အထူးသဖြင့် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်များ ညီလာခံတွင် လက်မှတ်ထိုးထားခြင်းမရှိသည့် အင်ဒိုနီးရှားအနေဖြင့် ထိုဒုက္ခသည်များအား လက်ခံရန်တာဝန်မရှိသော်လည်း ညီလာခံတွင် လက်မှတ်ထိုးသားသည့် သြစတေးလျအနေဖြင့် လက်ခံရန် တာဝန်ရှိနေသည်။

    Ref : aljazeera


    ____________________

    ယူကေ၏ ဂက်စ်ဈေးနှုန်းမှာ အခြားသောဥရောပနိုင်ငံများထက် ပိုမိုမြင့်တက်

    ဗြိတိန်ရှိ ဂက်စ်ဈေးနှုန်းမှာ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အခြားသော ဥရောပနိုင်ငံများထက် အဆ ၂၀၀ ပိုမိုမြင့်တက်ခဲ့သည်ဟုသိရသည်။

    ဗြိတိန်၏ ဂက်စ်ဈေးနှုန်းနှင့် လျှပ်စစ်ဓာတ်အားဈေးနှုန်းမှာ ၂၀၀ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး အထူးသဖြင့် ဒိန်းမတ်နိုင်ငံမှာ ၄၀ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပါတ်အစောပိုင်းက ဗြိတိန်ရှိ RWE Npower စွမ်းအင်ကုမ္ပဏီမှ ယခုနှစ်ဒီဇင်ဘာလမှစတင်ကာ ဂက်စ်ဈေးနှုန်းအား ၁၁.၁ ရာခိုင်နှုန်းနှင့် လျှပ်စစ် ဓာတ်အားဈေးနှုန်းကို ၉.၃ ရာခိုင်နှုန်း အသီးသီး ဈေနှုန်းများတက်မည်ဟု ကြေညာခဲ့သည်။

    အခြားစွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သည့် SSE ကုမ္ပဏီကလည်း လာမည့်လမှစတင်ကာ လျှပ်စစ်ဓာတ်အားခနှင့် ဂက်စ်ဈေးနှုန်းများကို ၈.၂ ရာခိုင်နှုန်းအထိတက်မည်ဟု ကြေညာခဲ့ပြီး ပျမ်းမျှနှစ်စဉ်ကြေးမှာ တစ်နှစ်လျှင် ၁၀၆ ပေါင်မှ ပေါင် ၁၃၈၀ အထိဖြစ်လာမည်ဖြစ်သည်။

    ထိုကဲ့သို့ဈေနှုန်းများတက်ခြင်းက ဗြိတိန်နိုင်ငံသား ၅ သန်းဝန်းကျင်ကို ထိခိုက်မည်ဖြစ်ပြီး ဥရောပနိုင်ငံများတွင် အက်စတိုးနီးယားပြီးနောက် အိမ်တွင်းအသုံးစားရိတ် များနှင့်ပက်သက်ပြီး ရုန်းကန်ရမည့် ဒုတိယမြောက် နိုင်ငံဖြစ်လာခဲ့သည်။

    Ref : presstv


    ____________________

    ဘရွတ်ကလင်းမြို့တွင် ဓားထိုးမှုဖြစ်ပွား လူငါးဦးသေဆုံး

    အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘရွတ်ကလင်းမြို့တွင် ယမန်နေ့က ဓားထိုးမှုတစ်ခုဖြစ်ပွားခဲ့ပြီး ကလေးငယ် လေးဦးအပါအ၀င် စုစုပေါင်း လူငါးဦးသေဆုံးခဲ့သည်ဟုသိရသည်။

    သေဆုံးသွားသူများမှာ အသက် ၁နှစ်နှင့် ၅ နှစ်အရွယ်ယောက်ျားလေးနှစ်ဦး အသက် ၇နှစ်နှင့် ၉နှစ်အရွယ်ရှိ မိန်းကလေးနှစ်ဦးနှင့် ၃၇ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးတို့ဖြစ်ကြပြီး ခန္ဓာကိုယ်အပေါ်ပိုင်းဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်ဟု နယူးယောက်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    ထို့ပြင် သေဆုံးသွားသူများမှာ မည်သူမည်ဝါဖြစ်သည်ဟု မသိရှိရသေးကြောင်း၊ အခင်းဖြစ်ပွားပြီးနောက် လူတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားသော်လည်း တရားစွဲဆိုထားခြင်းမရှိကြောင်း၊ မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ဖြစ်ရသည်ကို ဆက်လက်စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    Ref : cnn

    ____________________

    ဂျာမနီဝန်ကြီးချုပ်၏ ဖုန်းခေါ်ဆိုမှုများအား ၂၀၀၂ ခုကတည်းက အမေရိကန်တို့ စောင့်ကြည့်ခဲ့

    ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်၏ ဖုန်းခေါ်ဆိုမှုများအား အမေရိကန်က ၂၀၀၂ ခုနှစ်ကတည်းက စောင့်ကြည့်နေခဲ့သည်ဟု ဂျာမနီမဂ္ဂဇင်းတစ်စောင် ဖြစ်သည့် Der Spiegel က ရေးသားဖော်ပြလိုက်သည်။

    ယမန်နေ့က ဖော်ပြခဲ့ခြင်းဖြစ်ပြီး မာကယ်လ်၏ မိုဘိုင်းဖုန်းနံပါတ်အား အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ NSA ၏ အထူးစုဆောင်းရေးအဖွဲ့ (SCS) ၏ စာရင်းတွင် ၂၀၀၂ ခုနှစ်ကတည်းက “GE Chancellor Merkel” အမည်ဖြင့် ထည့်သွင်းထားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ဇွန်လက သမ္မတအိုဘာမား ဘာလင်သို့မသွားမီအထိ ထိုစာရင်းတွင်ရှိနေခဲ့ကြောင်း ရေးသားခဲ့သည်။

    Ref : aljazeera


    ____________________

    မက္ကဆီကိုအကျဉ်းထောင်တစ်ခုတွင် ဓားထိုးမှုဖြစ်ပွားသောကြောင့် လူ ၇-ဦးသေဆုံး

    မက္ကဆီကိုနိုင်ငံ တမာအူလီပတ်ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားများအချင်းချင်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၇ ဦးသေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောဆိုခဲ့သည်။

    အမေရိကန်နယ်စပ်မှ မိုင် ၃၀၀ အကွာရှိ Altamira အကျဉ်းထောင်တွင် ယမန်နေ့ည ၆ နာရီကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်လုပ်ဓားများကိုင်ဆောင်ကာ အကျဉ်းသားအချင်းချင်း တိုက်ခိုက်မှုများကြောင့် ၇ ဦးသေဆုံးခဲ့ကာ ၂ ဦးဒဏ်ရာရရှိခဲ့ပြီး အခြေအနေအား တစ်နာရီအတွင်းတွင် ထိန်းသိမ်းနိုင်ခဲ့သည်ဟု သိရသည်။

    ထိုတိုက်ခိုက်မှုတွင်ပါဝင်သည်ဟု သံသယရှိသူ အခြား ၉ ဦးကိုလည်း ထိန်းသိမ်းထားပြီး ၎င်းတို့အားလုံးမှာ အသက် ၂၀ မှ ၅၉ နှစ်အတွင်းရှိကြသည်ဟု ထောင်အာဏာပိုင်များက ပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်ကလည်း အဆိုပါအကျဉ်းထောင်တွင် ထိုကဲ့သို့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ၃၁ ဦးသေဆုံးခဲ့ကာ ၁၃ ဦးဒဏ်ရာရရှိခဲ့သည်။

    Ref : cnn

    ____________________

    အရီဇိုးနားပြည်နယ်တွင် သေနစ်ပစ်ခတ်မှုဖြစ်ပွား

    အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့တွင် ယမန်နေ့နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူငါးဦးသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    သေဆုံးသူများထဲတွင် သေနတ်ဖြင့်ပစ်ခဲ့သည်ဟု ယူဆရသူ အသက် ၅၀ ၀န်းကျင်ရှိ လူဖြူအမျိုးသားလည်းပါဝင်ပြီး ၎င်း၏အလောင်းအား သေဆုံးသွားသူများ၏ ဘေးတွင်တွေ့ရှိခဲ့ရကာ ကိုယ့်ကိုကိုယ် ပြန်လည်ပစ်သတ်ခဲ့ခြင်းဖြစ်မည်ဟု ဆာဂျင် တော်မီ သွမ်ဆန်က ပြောကြားခဲ့သည်။

    သေဆုံးသွားခဲ့သူများနှင့် သေနတ်ဖြင့်ပစ်ခဲ့သည်ဟု သံသယရှိသူမှာ မည်ကဲ့သို့ ဆက်ဆံရေးရှိသည်ကို အတည်မပြုနိုင်သေးဘဲ အိမ်နီးချင်များဖြစ်မည်ဟု ယူဆရကြောင်း၊ အခင်းဖြစ်ပွားရာနေရာတွင် ခွေးနှစ်ကောင်သေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်းတို့မှာ ခွေးဟောင်မှုများနှင့်ပက်သက်ပြီး စကားများခဲ့ဘူးသည်ဟု အိမ်နီးချင်းများက ပြောကြားခဲ့ကြောင်း သွမ်ဆန်က ထည့်သွင်းပြောကြားခဲ့သည်။

    အမေရိကန်နိုင်ငံတွင် အကြမ်းဖက်ရာဇ၀တ်မှုများမှာ ပြီးခဲသည့်နှစ်က ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလက ကွန်နက်တီကတ်ပြည်နယ် နယူးတောင်းမြို့ရှိ မူလတန်းကျောင်းတွင် ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုကြောင့် ဆရာများနှင့်ကျောင်းသားစုစုပေါင်း ၂၆ ဦးသေဆုံးပြီးနောက်ပိုင်း ယခုအချိန်အထိ သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်မှုကြောင့် လူပေါင်း ၂၈၄၀၀ သေဆုံးခဲ့ပြီးဖြစ်သည်။

    Ref : presstv


    ____________________

  • အောက်တိုဘာ ၂၇၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၇၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၇၊ ၂၀၁၃
    M-Media

    နေးမာမှာ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာသည်ဟု မာတီနိုဆို


    ရီးယဲလ်မက်ဒရစ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သောပွဲတွင် တစ်ဂိုးသွင်းယူပေးခဲ့သည့် ဘရာဇီးတိုက်စစ်မှူးနေးမာထံမှ စွမ်းဆောင်ရည် များကို ပိုမို တွေ့မြင် ရမည်ဟု ဘာစီလိုနာအသင်းနည်းပြ မာတီနိုက ပြောကြားလိုက်သည်။

    အသက် ၂၁ နှစ်အရွယ်ရှိ နေးမာမှာ ရီးယဲလ်မက်ဒရစ်နှင့်ပွဲတွင် ခြေစွမ်ပြခဲ့ပြီး ပထမဂိုးကို သွင်းယူပေးခဲ့ကာ ဆန်းချက်စ်၏ ဒုတိယဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။

    “အခုပွဲမှာ နေးမာဟာ အကောင်းဆုံးကစားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပိုကောင်းတဲ့ပုံစံကို ကျွန်တော်မြင်ဖူးပါတယ်။  ရီးယဲလ်ကို သူသွင်းတဲ့ဂိုးဟာ အရေးပါပါတယ်။ ဒါပေမယ့် သူဒီထက်ပိုကောင်းအောင် ကစားခဲ့တဲ့ပွဲတွေကို ကျွန်တော်မြင်ဖူးပါတယ်” ဟု မာတီနိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    _________________________

    ချမ်းသာသောအသင်းပိုင်ရှင်များက ဘောလုံးလောကအတွက် ကောင်းသည်ဟု မော်ရင်ဟိုဆို


    လာမည့်စနေနေ့တွင် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ချယ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ပိုက်ဆံချမ်းသာသည့် အသင်းပိုင်ရှင်များမှာ ဘောလုံးလောက အတွက် အနှောက်အယှက်မဟုတ်ဘဲ၊ ဘောလုံးလောကအား ကူညီပေးသည်ဟု ပြောကြားလိုက်သည်။

    ၂၀၀၃ ခုနှစ်က ရုရှားသူဌေး အီဗရာဟီမိုဗစ်ခ်ျက ချယ်ဆီးအသင်းအား ၀ယ်ယူပြီး ပေါင် ၁ ဘီလီယံကျော်သုံးစွဲခဲ့ကာ အသင်းအား အားဖြည့်ခဲ့ပြီးနောက် ၂ နှစ်အကြာတွင် ချယ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်ဖလားအား ရယူနိုင်ခဲ့သည်။

    မန်ချက်စတာစီးတီးအသင်းမှာလည်း ယူအေအီးသူဌေး ရှိခ်မန်စူရ် ၀ယ်ယူပြီးနောက်ပိုင်း ထိုကဲ့သို့ အောင်မြင်မှုများရရှိခဲ့သည်။ မော်ရင်ဟိုက ထိုအချက်များကို ဖော်ပြ ခဲ့ပြီး ဘောလုံးလောက တိုးတက်မှုအတွက်သော့ချက်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

    “ဘောလုံးလောကမှာ ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်ပါတယ်။ ပြီတော့ ဘောလုံးကိုချစ်မြတ်နိုးပြီး အသင်းငယ်လေးတွေကို အသင်းကြီးတွေဖြစ်အောင် လုပ်ချင်တဲ့သူတွေ လည်း လိုပါတယ်” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    _________________________

    ATP Swiss Indoors တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ဖက်ဒါရာတက်ရောက်


    ဆွစ်ဇာလန် နိုင်ငံတွင်ကျင်းပလျက်ရှိသည့် ATP Swiss Indoors တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲသို့ ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒါရာ တက်ရောက်သွားခဲ့ပြီဟု သိရသည်။

    ကမ္ဘာ့အဆင့် ၆ ရှိ ဖက်ဒါရာမှာ ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် ၄၀ ရှိ ကနေဒါနိုင်ငံသား ဗာဆက်က် ပို့စ်ပီဆီလ်အား အကြိတ်အနယ်ကစားကာ ၆-၃၊ ၆-၇၊ ၇-၅ ဖြင့်အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။

    “ဒီနေ့ဟာ ပရိတ်သတ်တွေအတွက်ထူးခြားတဲ့နေ့ပါ။ ကျွန်တော် ဒီလိုမျိုးအနိုင်ရအောင် သူတို့က ကူညီခဲ့တာပါ။ ကြိုးကြိုးစားစားနဲ့လေ့ကျင့်ရတာ တန်သွားပါပြီ” ဟု ဖက်ဒါရာက ပြိုင်ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်သည့် အာဂျင်တိုင်း တင်းနစ်သမား ဒဲလ်ပေါ်ထရိုနှင့် ပြင်သစ်တင်းနစ်သမား အဒူယာဒ် ရော်ဂျာ ဗက်စ်စီလင်တို့ပွဲတွင် ဒဲလ်ပေါ်ထရိုက ၆-၄၊ ၄-၆၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ ၂ နာရီနှင့် ၆ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲတွင် ပေါ်ထရိုမှာ ပထမပွဲငယ်တွင်အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲငယ်တွင်ရှုံးနိမ့်ခဲ့သော်လည်း
    တတိယပွဲငယ်တွင် အနိုင်ရရှိအောင် ကစားနိုင်ခဲ့၍ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

    “ဒုတိယပွဲငယ်အဆုံးပိုင်းမှာ ကျွန်တော် အမှားတော်တော်များများ လုပ်ခဲ့ပါတယ်။ သူ(ဗက်စ်စီလင်)ဟာ ဒီအခွင့်အရေးကို အမိအရယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်ကောင်းကောင်းကစားနိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်” ဟု ပေါ်ထရိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဒဲလ်ပေါ်ထရိုမှာ ATP Swiss Indoors တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဖက်ဒါရာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    skysports

    _________________________

    WTA Championships ဗိုလ်လုပွဲတွင် ဆရီနာနှင့် လီနာတို့တွေ့ဆုံမည်

    တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင်ကျင်းပပြုလုပ်နေသည့် WTA ရာသီပိတ် တင်းနစ်ပြိုင်ပွဲဖြစ်သည့် WTA Championships နောက်ဆုံးဗိုလ်လုပွဲတွင် အမေရိကန် နာမည်ကြီးတင်းနစ်မယ် ဆရီနာ ၀ီလီယံနှင့် တရုတ် တင်းနစ်မယ် လီနာတို့ တွေ့ဆုံယှဉ်ပြိုင်ရမည်ဟုသိရသည်။

    ယမန်နေ့ကယှဉ်ပြိုင်ခဲ့သော ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ၀ီလီယံမှာ ဂျလီနာ ဂျန်ကိုဗစ်ကိုလည်းကောင်း၊ လီနာက ကဗီတိုဗာကိုလည်းကောင်း အသီးအသီးအနိုင်ရရှိခဲ့သည်။

    လက်ရှိချန်ပီယံ ဆရီနာမှာ ဂျန်ကိုဗစ်ကို ပထမပွဲငယ်တွင်အနိုင်ရရှိခဲ့သော်လည်း ဒုတိယပွဲငယ်တွင် အရှုံးပေးခဲ့ရသည်။ သို့သော်လည်း အဆုံးအဖြတ်ပွဲစဉ်ဖြစ်သည့် တတိယပွဲငယ်တွင် ဆရီနာက အနိုင်ရရှိအောင်ကစားနိုင်ခဲ့ပြီး ၆-၄၊ ၂-၆၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    တရုတ်တင်းနစ်မယ် လီနာမှာ ချက်နာမည်ကြီး တင်းနစ်မယ် ပီထရာ ကဗီတိုဗာအား ၆-၄၊ ၆-၄ ဖြင့်အနိုင်ရရှိခဲ့သည်။ ယခင်က ကဗီတိုဗာနှင့် သုံးကြိမ်တွေ့ဆုံခဲ့ပြီး သုံးကြိမ်စလုံးရှုံးနိမ့်ခဲ့သည့် လီနာမှာ ယခုပွဲတွင်မှအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    skysports
    _________________________

    အာဆင်နယ်၊ လီဗာပူးလ်တို့ အမှားမရှိခဲ့ဘဲ အဲဗာတန်၊ မန်ယူနှင့် ဆောက်သက်တမ်တို့ အနိုင်ရခဲ့ကြသည့် ပရီးမီးယားလိဂ် ပွဲစဉ်-၉ စနေနေ့ည ပွဲစဉ်များ

    ပရီးမီးယားလိဂ်ပွဲစဉ် ၉ အဖြစ် စနေနေ့က ၆ ပွဲကစားခဲ့ရာ ဇယားထိပ်ဆုံးတွင်ရှိ နေသည့် အာဆင်နယ်၊ လီဗာပူးလ်အပါအ၀င် အဲဗာတန်၊ မန်ယူနှင့် ဆောက်သက်တမ်တို့ အသီးသီးအနိုင်ရရှိခဲ့ကြသည်ဟုသိရသည်။

    ခရစ္စတယ်ပဲလေ့စ် ၀-၂ အာဆင်နယ်

    ဇယားထိပ်တွင်ဦးဆောင်နေသည့် အာဆင်နယ်အသင်းမှာ ခရစ္စတယ်ပဲလေ့စ် အသင်းအား အဝေးကွင်းတွင်အမှားအယွင်းမရှိအနိုင်ရရှိခဲ့သည်။ သို့ရာတွင် အလွယ်တကူ အနိုင်ရရှိခဲ့ခြင်းမျိုးမဟုတ်ခဲ့ပေ။

    ခရစ္စတယ်ပဲလေ့စ်အသင်း၏ နည်းပြ အီယန်ဟော်လိုဝေးမှာ အသင်နှင့်လမ်းခွဲခဲ့ပြီး အသင်းအား လက်ထောက်နည်းပြမှ တာဝန်ယူကိုင်တွယ် ခဲ့သော်လည်း အာဆင်နယ် အသင်းအား ယှဉ်ကစားနိုင်ခဲ့သည်။

    အာဆင်နယ်အသင်းအတွက်ဦးဆောင်ဂိုးကို ပထမပိုင်းနာကျင်အချိန်ပိုတွင်မှ ရရှိခဲ့ခြင်းဖြစ်ပြီး ကွင်းလယ်လူ အာတီတာက ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဒုတိယပိုင်း ၆၄ မိနစ်တွင် ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ချာမက်လွတ်ထွက်သွားသည်ကို နောက်မှ ဆွဲလှဲခဲ့သည့်အတွက် အာတီတာမှာ တိုက်ရိုက်အနီကဒ်ဖြင့်ထွက်ခဲ့ရပြီး ကျန်ရှိသည့် ပွဲချိန်ကို အဆင်နယ်အသင်းက တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။

    တစ်ယောက်လျော့သွားပြီးနောက် အာဆင်နယ်အသင်းမှာ ထိန်းကစားနိုင်ခဲ့ပြီး ၈၆ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် အာဆင်နယ်တို့ ဒုတိယဂိုး ရရှိခဲ့သည်။ ထိုဂိုးကို ရမ်ဆေး၏ ဖန်တီးမှုမှတစ်ဆင့် ဂျရူးက ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
    …………………………………………..

    လီဗာပူးလ် ၄-၁ ၀က်စ်ဘရွန်း

    အန်ဖီးလ်တွင်ကစားခဲ့သည့် ယခုပွဲတွင် လီဗာပူးလ်အသင်းက ဆွာရက်ဇ်၏ ဟက်ထရစ်ဂိုးဖြင့် အောင်ပွဲခံနိုင်ခဲ့သည်။

    ဦးဆောင်ဂိုးကို လီဗာပူးလ်အသင်းက ၁၁ မိနစ်တွင် စောစီးစွာရရှိခဲ့ပြီး ကိုလိုတိုးယေး၏ ဖန်တီးမှုမှတစ်ဆင့် ဆွာရက်ဇ်က သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယဂိုးကိုလည် ၁၆ မိနစ်တွင် ထပ်မံရရှိခဲ့ပြီး ဆွာရက်ဇ်ကပင် ခေါင်းတိုက်သွင်းယူပေးခဲ့ကာ ပထမပိုင်းအပြီးတွင် လီဗာပူးလ်အသင်းက ၂ ဂိုးပြတ်ဖြင့်ဦးဆောင်နေခဲ့သည်။

    ဒုတိယပိုင်းတွင်လည်း လီဗာပူးလ်ကသာ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ၅၅ မိနစ်တွင် တတိယဂိုးရရှိခဲ့သည်။ ထိုဂိုးကို ဂျာရတ်၏ ဖရီးကစ်ဖြတ်တင်ဘောမှ တစ်ဆင့် ဆွာရက်ဇ် ကပင် ၎င်း၏ ဟက်ထရစ်ဂိုးအဖြစ် သွင်းယူပေးနိုင်ခဲ့သည်။ ၆၆ မိနစ်တွင် ဧည့်သည် ၀က်စ်ဘရွန်းအသင်းတို့ ချေပဂိုးရရှိခဲ့ပြီး ပင်နယ်တီမှတစ်ဆင့် ဂျိမ်းစ်မောရစ်ဆန်မှ သွင်းယူပေးနိုင်ခဲ့သည်။ လီဗာပူးအသင်းအတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို တိုက်စစ်မှူး စတားရစ်ဂ်ျက ၇၇ မိနစ်တွင်သွင်းယူပေးခဲ့သည်။

    လီဗာပူးလ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် ဒုတိယနေရာတွင် ဆက်လက်ရှိနေခဲ့သည်။
    ……………………………………….

    မန်ယူ ၃-၂ စတုတ်

    ပရီးမီးယားလိဂ် လက်ရှိချန်ပီယံမန်ယူအသင်းမှာ အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် ရွန်နီ၊ ဟာနန်ဒက်ဇ်တို့၏ နောက်ကျသွင်းဂိုးများဖြင့် စတုတ်စီးတီးအား အနိုင်ရရှိခဲ့သည်။

    ပရီးမီးယားလိဂ် ၈ ပွဲကစားပြီး ၃ ပွဲသာအနိုင်ရရှိထားသည့် မန်ယူအသင်းမှာ ယခုပွဲတွင်အနိုင်ရရှိရန်ပြင်ဆင်ခဲ့သော်လည်း ဦးဆောင်ဂိုးကို ဧည့်သည့် စတုတ်အသင်းမှ ပွဲအစ ၄ မိနစ်တွင်ရရှိခဲ့သည်။ စတုတ်တိုက်စစ်မှူး ပီတာခရော့ခ်ျက အနီးကပ်ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဦးဆောင်ဂိုးပေးလိုက်ရ ပြီးနောက် မန်ယူအသင်းမှာ ချေပဂိုးရရန် ကြိုးစားကစားခဲ့သော်လည်း ၄၂ မိနစ်တွင်မှ ချေပဂိုးရရှိခဲ့ပြီး ဗန်ပါစီက သွင်းယူပေးခဲ့သည်။

    ချက်ချင်းဆိုသလိုပင် စတုတ်အသင်း ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပြီး ဖရီးကစ်မှ တစ်ဆင့် မာကို အာနူတိုဗစ်က သွင်းယူပေးခဲ့သည်။ နောက်ပိုင်းတွင် မန်ယူအသင်းမှာ ချေပဂိုးရရှိရန်တင်ကစားလာခဲ့ပြီး ပွဲမှာအနည်းငယ် ကြမ်းလာခဲ့သည်။ ၇၇ မိနစ်တွင် မန်ယူတို့ချေပဂိုးရခဲ့ပြီး ဗန်ပါစီ၏ ထောင့်ကန်ဘောကို ရူနီက ခေါင်းတိုက်သွင်းယူ ပေးခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းအတွက် အနိုင်သေချာစေမည့် အဖိုးတန်ဂိုးကို ၂ မိနစ်အကြာတွင် ဟာနန်ဒက်ဇ်က အီဗရာ၏ ဖန်တီးပေးပို့မှုမှတဆင့် အနီးကပ် ကန်သွင်းယူနိုင်ခဲ့သည်။

    မန်ယူအသင်းမှာ ယခုနိုင်ပွဲကြောင့် အဆင့် ၈ နေရာသို့ ရောက်ရှိလာခဲ့ပြီး နည်းပြမိုယက်စ်မှာလည်း ဖိအားအနည်းငယ်လျော့ကျခဲ့သည်။
    ………………………………………

    အက်စတွန်ဗီလာ ၀-၂ အဲဗာတန်

    ယခုနှစ်ရာသီတွင် ပုံစံကောင်းများပြသနေသည့် အဲဗာတန်အသင်းမှာ ယခုပွဲတွင်လည်း အက်စတွန်ဗီလာအသင်းအား ဝေးကွင်းတွင် ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူနိုင်ခဲ့သည်။

    အဲဗာတန်အသင်းအတွက်ဂိုးများကို ဒုတိယပိုင်းတွင်ရရှိခဲ့ခြင်းဖြစ်ပြီး ၆၈ မိနစ်တွင် ရိုမယ်လို လူကာကူနှင့် ၈၁ မိနစ်တွင် အိုစမန်တို့က အသီးသီးသွင်းယူပေးခဲ့သည်။
    …………………………………….

    ဆောက်သက်တမ် ၂-၀ ဖူလ်ဟမ်

    စိန့်မေရီကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့သည့် ယခုပွဲစဉ်တွင် အိမ်ရှင်ဆောက်သက်တမ်အသင်းက ပထမိုင်းသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။

    အိမ်ရှင်အသင်းအတွင်း ဦးဆောင်ဂိုးကို မိနစ် ၂၀ တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ဂျေး ရော်ဒရီးဂွက်ဇ်၏ ဖန်တီးပေးမှုမှတစ်ဆင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရစ်ကီလမ် ဘာတ့်က သွင်းယူပေးခဲ့သည်။ ပထမပိုင်းပြီးကာနီး ၄၂ မိနစ်တွင် ဆောက်သက်တမ်တို့ ဒုတိယဂိုးရရှိခဲ့ပြီး လမ်ဘာ့တ်၏ ခေါင်းတိုက်ချပေးမှုက တစ်ဆင့် ဂျေးရော် ဒရီဂွက်ဇက်က သွင်းယူခဲ့ခြင်းဖြစ်သည်။

    ယခုပွဲအနိုင်ကြောင့် ဆောက်သက်တမ်အသင်းမှာ ၉ ပွဲကစား ၁၈ မှတ်ဖြင့် အာဆင်နယ်၊ လီဗာပူးလ်အသင်းတို့၏အောက် တတိယနေရာတွင်ရှိနေသည်။
    …………………………………

    နော်ဝစ်ခ်ျ ၀-၀ ကာဒစ်ဖ်

    အခြားပွဲစဉ်တစ်ခုဖြစ်သည့် နော်ဝစ်ခ်ျအသင်းနှင့် ကာဒစ်ဖ်တို့ ပွဲစဉ်တွင် မည်သူမျှ ဂိုးသွင်းနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေဖြင့်ပြီးဆုံးခဲ့သည်။

  • လှိုင်သာယာ ကျုးကျော်တဲများဖယ်ရှားပေးရန် စည်ပင်မှ အကြောင်းကြားစာပေးပို့

    လှိုင်သာယာ ကျုးကျော်တဲများဖယ်ရှားပေးရန် စည်ပင်မှ အကြောင်းကြားစာပေးပို့

    အောက်တိုဘာ ၂၇၊ ၂၀၁၃
    M-Media
    A.N.Lay

    ဓါတ်ပုံအညွှန်း > ရန်ကုန် စက်မှုဇုန်တစ်ခု၏ မြင်ကွင်း (exitzone)
    ဓါတ်ပုံအညွှန်း > ရန်ကုန် စက်မှုဇုန်တစ်ခု၏ မြင်ကွင်း (exitzone)

    ရန်ကုန်  ။        ။      ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမကြီးနံဘေး စက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်းမကြီးတစ်လျှောက်ရှိ စည်ပင် ပိုင် လမ်းနယ်မြေတွင် ဆောက်လုပ် နေထိုင်လျက်ရှိသည့် ကျူးကျော်တဲ၊ ဈေးဆိုင်နှင့် ဓာတ်ဆီဆိုင်များအား ရှင်းလင်းဖယ်ရှားပေးရန် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ အောက်တိုဘာ ၂၂-ရက်နေ့က ၅-ကြိမ်မြောက် အသိပေး အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်းသတင်းရရှိသည်။

    “အောက်တိုဘာ ၂၇-ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရမယ်လို့ စာထဲမှာပါတယ်၊ ဒီနေရာက ကားလမ်းမကြီးကို ကျောပေးပြီးနေထိုင်တဲ့လူတွေ များတယ်၊ လှိုင်သာယာကျူးကျော်တဲတွေ ရှိတဲ့ အထဲမှာ ဒီလမ်းတစ်လျှောက်ကို စာပို့ပြီးဖယ်ရှားဖို့ အသိပေးစာပို့တာ အများဆုံးပဲ။ အိမ်လခတစ်လ သုံးသောင်းပေးဖို့ မတတ်နိုင်ဘူး။ ဒီနေရာကဖယ်ရရှင် အခြားနေရာမှာ သွားနေရမှာပါ။ မိသားစု စားဝတ် နေရေးက ရှိသေးတယ်လေ”ဟု ရေဥက္ကံ ကျေးရွာဇုန်(၃) အပိုင်းရှိ မင်းကြီး မဟာမင်းခေါင်လမ်းတွင် နေထိုင်လျက်ရှိသော ပြည်သူတစ်ဦးက ပြောပါသည်။

    ရန်ကုန်-ပုသိမ် လမ်းမရှိ စက်မှုဇုန်မှတ်တိုင်မှ BOC အဝိုင်းထိ မင်းကြီးမဟာမင်းခေါင်လမ်း တစ်လျှောက်တွင် ကျူးကျော်တဲ ၅၀၀ ကျော် နေထိုင်လျက်ရှိပြီး ရွှေသံလွင် စက်မှုဇုန် ပတ်လမ်း တစ်လျှောက်တွင်လည်း ကျူးကျော်တဲ ၆၀၀-ကျော် နေထိုင်လျက်ရှိရာ ရာသီဥတုပွင့်လင်းလာပြီဖြစ်၍ ရပ်ကွက်၊ ကျေးရွာများတွင် နေ့စဉ် ကျူးကျော်တဲများ ဆောက်လုပ်လျကရှိပြီး အမှတ် ၃-ရပ်ကွက်နှင့် အမှတ် ၅-ရပ်ကွက်တို့၌ မိုးရာသီကာလကပင် တဖြည်းဖြည်း တိုးပွားလာသော ကျူးကျော်တဲများ တိုးချဲ့ နေထိုင် လာသည်မှာ ယနေ့အချိန်တွင် ဖြေရှင်းရန်ခက်ခဲနေသည့် ပြဿနာ တစ်ရပ်အဖြစ် မြို့နယ်မှ တာဝန်ရှိသူများ ရင်ဆိုင်နေရ ကြောင်း သိရှိရပါသည်။

  • မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီ အားကစားပြိုင်ပွဲကျင်းပ

    မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီ အားကစားပြိုင်ပွဲကျင်းပ

    အောက်တိုဘာ ၂၇၊ ၂၀၁၃
    M-Media
    A.N.Lay

    ရန်ကုန်   ။        ။       မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီအားကစားပြိုင်ပွဲတစ်ရပ်ကို အောက်တိုဘာ ၂၆-ရက်၊ နံနက် ၇-နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ လူငယ်အားကစား လေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့ကြောင်းသိရပါတယ်။

    အဆိုပါ ပြိုင်ပွဲမှာ ၁၀- ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီ အားကစားပြိုင်ပွဲဖြစ်ပြီး ဖွင့်ပွဲနှင့်ဆုပေးပွဲများကို နံနက် ၇-နာရီ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ သုဝဏ္ဏ လူငယ်အားကစား လေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့ရာ အားကစားဝန်ကြီးဌာန ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်း အားကစား အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ၊ မြန်မာနိုင်ငံဥာဏ်မမီ အားကစာအဖွဲ့ ဥက္ကဌ ဗိုလ်မှုးကြီးမျိုးမြင့်(ငြိမ်း) နှင့်အမှုဆောင်များ၊ Oredoo Company မှ C.E.O Mr.Roosscormack နှင့် Company မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ မြန်မာနိုင်ငံ ဥာဏ်ရည်မမီ အားကစားအဖွဲ့ ဥက္ကဌနှင့် Oredoo Company မှ C.E.O တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြ ပါတယ်။

    အဆိုပါ အားကစားပြိုင်ပွဲသို့ မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ ပဲခူးနှင့် ရန်ကုန် မြို့ကြီးများမှ ဥာဏရည်မမီသူ အားကစားမောင်မယ် ၃၅၀ တို့က အမျိုသာ၊ အမျိုးသမီး မီတာ (၅၀၊၁၀၀) လမ်းလျှောက်ပြိုင်ပွဲ၊ မီတာ (၅၀၊၁၀၀၊၂၀၀) အပြေးပြိုင်ပွဲ၊ Race Long Jump အခုန်ပြိုင်ပွဲ၊ Soft Ball Throw ပြိုင်ပွဲနှင့် Bocce (ဘိုချီ) ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုရရှိသူများကို မြန်မာ နိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံ ဥာဏ်ရည် မမီ အားကစားအဖွဲ့ဥက္ကဌ နှင့်Oredoo Company မှ C.E. နှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြင့်ခဲ့ပါတယ်

    အဆိုပါ ပြိုင်ပွဲတွင် ၂၀၁၃-ခုနှစ် ၁၀-ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီ အားကစားပြိုင်ပွဲ ချန်ပီယံ ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီး ဥာဏ်ရည် မမီ သူများအသင်းက ရရှိသွားကြောင်းသိရပါတယ်။