အောက်တိုဘာ ၁၉၊ ၂၀၁၃
M-Media
မောင်းသူမဲ့လေယာဉ်မှ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများနှင့် ပက်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် ကုလတိုက်တွန်း
မောင်းသူမဲ့လေယာဉ်မှ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် ယီမင်နိုင်ငံတို့တွင် အနည်းဆုံး အရပ်သား ၄၅၀ သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။
ယမန်နေ့က အလ်ဂျာဇီးရားမှ ရရှိခဲ့သည့် ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် အမေရိကန်၏ ဒရုန်းများဖြင့်တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တွင် အနည်းဆုံး အရပ်သား ၄၀၀ သေဆုံးခဲ့ကြောင်း ပါကစ္စတန်အစိုးရက အတည်ပြုခဲ့သည်ဟု ဖေါ်ပြထားသည်။ ထိုဖော်ပြချက်မှာ ယခင်က အမေရိကန်တာဝန်ရှိသူများ၏ ထုတ်ဖော် ပြောဆိုချက်နှင့် လုံးဝ ဆန့်ကျင်နေသည်။
ထို့ပြင် တိုက်ခိုက်ခံရသည့်နိုင်ငံများမှ ပွင်လင်းမြင်သာမှုမရှိသောကြောင့် ဒရုန်းလေယာဉ်များဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သားအရေအတွက်ကို အတိကျမသိရှိရဟု ထိုအစီရင်ခံစာတွင် ထည့်သွင်းရေးသားထားပြီး ထိုကဲ့သို့ပွင့်လင်းမြင်သာမှုမရှိခြင်းက ဥပေဒကြောင်းအရ စိုးရိမ်ဖွယ်ရာအခြေအနေကို ပိုမိုဖြစ်ပေါ် စေသည်ဟု ဖော်ပြထားသည်။
သို့သော်လည်း စီအိုင်အေကဦးဆောင်ပြုလုပ်သည့် ဒရုန်များဖြင့် လတ်တလောတိုက်ခိုက်မှုများကြောင့် သေဆုံးဒဏ်ရာ ရရှိသူများ စာရင်းကို အမေရိကန်က ထုတ်ပြန်ခြင်းမရှိသေးပေ။
Ref : aljazeera

_____________________________
အစိုးရအသုံးစားရိတ်ဖြတ်တောက်မှုကြောင့် အီတလီပြည်သူများ ဆန္ဒပြ
အီတလီအစိုးရက သတ်မှတ်ခဲ့သည့် အသုံးစားရိတ် ဖြတ်တောက်မှုများကိုမကျေနပ်ကြသည့် ထောင်ပေါင်းများစွာသော အီတလီ အလုပ်သမားများမှာ ရောမမြို့ အပါအ၀င် အခြားမြို့ကြီးများတွင် ယမန်နေ့ကဆန္ဒပြခဲ့ကြသည်။
ထိုဆန္ဒပြမှုမှာ အီတလီနိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူအများအပြားပါဝင်မှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအား ရပ်တန့်ခဲ့ရသည်။
ပြီးခဲ့သည့် နှစ်အနည်းငယ်က ဖြစ်ပွားခဲ့သော ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်မှုဒဏ်ကို ခံခဲ့ရသည့် အီတလီနိုင်ငံတွင် အစိုးရအသုံးစားရိတ်ဖြတ်တောက်မှု၊ အထူးသဖြင့် ပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးစားရိတ်ဖြတ်တောက်မှုမှာ တိုင်းပြည်အတွက် အခက်အခဲကိုသာလျှင် ပို၍ဖြစ်စေမည်ဟု အီတလီအလုပ်သမား သမဂ္ဂကပြောဆိုခဲ့ပြီး ခြားသော ဝေဖန်သူများကလည်း ထိုကဲ့သို့အသုံးစားရိတ်ဖြတ်တောက်မှုမှာ နိုင်ငံအတွင်း ပြောင်းလဲမှုအနည်းငယ်သာ ဖြစ်စေမည်ဟု ပြောကြားခဲ့သေးသည်
အသုံးစားရိတ်ဖြတ်တောက်မှုများကို ဆန့်ကျင်သောဆန္ဒပြပွဲကို ယနေ့တွင် ထပ်မံပြုလုပ်ရန်စီစဉ်ထားပြီး လာမည့်သီတင်းပတ်တွင်လည်း ယခုထက်ပို၍ ကြီးမားသော ဆန္ဒပြုမှု တစ်ခုကိုလည်း အလုပ်သမား သမဂ္ဂမှ ပြုလုပ်ဖွယ်ရှိနေ သည်။
Ref : aljazeera

_____________________________
နာဇီလက်သစ်ပါတီ၏ လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့ရသည့် အဆိုတော်အား ဂုဏ်ပြုသည့်အခမ်းအနားကို ဂရိပြည်သူများပြုလုပ်
ပြီးခဲ့သည့်လက လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် ဂရိဖက်ဆစ်ဆန့်ကျင်ရေး အဆိုတော် ပါဗလို့စ် ဖိုင်ဆာစ့်အား ဂုဏ်ပြုသည့်အခမ်းအနားတစ်ခုကို ဂရိပြည်သူများက ယမန်နေ့တွင် ပြုလုပ်ခဲ့ကြသည်ဟုသိရသည်
ထိုအခမ်းအနားသို့ တက်ရောက်လာသူ လူပေါင်း ၁၀၀၀ ခန့်က ဖိုင်ဆာစ့် ဓားဖြင့်ထိုးသတ်ခြင်းခံရသည့် အသင်မြို့အနောက်ဘက် ဆင်ခြေဖုံးတွင်စုရုံးခဲ့ကြပြီး ဖိုင်ဆာစ့် လဲကျခဲ့သည့်နေရာတွင် ဖယောင်းတိုင်များထွန်းခြင်း၊ လွမ်းသူ့ပန်းခွေများချခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ဖိုင်ဆာစ့်အား နာလီလက်သစ် Golden Dawn ပါတီဝင်များက စက်တင်ဘာ ၁၈ ရက်နေ့တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုသတ်ဖြတ်မှုဖြစ်ပွားပြီးနောက် Golden Dawn ပါတီအား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြမှုများ ဂရိနိုင်ငံတစ်ဝှမ်းတွင်ဖြစ်ပွားခဲ့ပြီး ဂရိအစိုးရက Golden Dawn ပါတီ၏ ခေါင်းဆောင်များနှင့် ပါတီဝင်အချို့ကို ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။
Ref : presstv

_____________________________
ကိုလံဘီယာနိုင်ငံတွင် မိုင်းတွင်ပြိုကျ အလုပ်သမားများ ပိတ်မိနေ
တောင်အမေရိက နိုင်ငံတစ်ခုဖြစ်သည့် ကိုလံဘီယာနိုင်ငံတွင် မိုင်းတွင်းတစ်ခုပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး မိုင်းလုပ်သား ၂၀ ဦး ပိတ်မိနေသည်ဟု ကိုလံဘီယာ အာဏာပိုင်များက ထုတ်ဖော်ပြောကြားလိုက်သည်။
နိုင်ငံအနောက်မြောက်ဘက် Antioquia ခရိုင်ရှိ Buriticaမြို့တွင် ယမန်နေ့က ပြိုကျခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်မှုများကို အလျင်အမြန် ပြုလုပ်နေကြောင်း၊ ပိတ်မိနေသည့် မိုင်းလုပ်သားနှစ်ဦး လွတ်မြောက်လာကာ ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း ကယ်ဆယ်ရေးအေဂျင်ဆီမှ ဒါရိုက်တာဖြစ်သူ ဆီဇာ ဟာနန်ဒက်ဇ်က ပြောကြားခဲ့သည်။
Ref : xinhua

_____________________________
ဦးနှောက်အတွင်းရှိ အန္တရာယ်ရှိသော ပရိုတိန်းများအား အိပ်စက်ခြင်းဖြင့် သန့်ရှင်းနိုင်
အိပ်စက်ခြင်းက ဦးနှောက်အတွင်းရှိ အန္တရာယ်ရှိသော ပရိုတိန်းများကို ရှင်းလင်းပစ်နိုင်သည်ဟု အမေရိကန်သုသေသနပညာရှင်များပြုလုပ်ခဲ့သည် စမ်းသပ်မှုတွင် တွေ့ရှိရသည်။
အိပ်စက်အနားယူခြင်းဖြင့် ဦးနှောက်အတွင်း ရေပိုက်များကဲ့သို့သွယ်တန်းလျက်ရှိသည့် ဆဲလ်ကွန်ယက်ကို ရှင်သန်စေပြီး ဦးနှောက်အတွင်းရှိအသုံးမလိုသော ပရိုတိန်း များကို ချေဖျက်ပေးသည်ဟု သုသေသနပညာရှင်များက ပြောဆိုခဲ့ကြသည်။
ထို့ပြင် ထိုကဲ့သို့ သန့်ရှင်းမှုစနစ်မှာ ဦးနှောက်အတွင်းရှိ မှတ်ဥာဏ်များအား ပြုပြင်ခြင်းနှင့် သင်ယူလေ့လာမှုအတွက်ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ထိုကဲ့သို့ အန္တရာယ်ရှိသော ပရိုတိန်းများအား သန့်ရှင်းနိုင်မှုမရှိပါက ဦးနှောက်မူမမှန်ခြင်းများ ဖြစ်ပေါ်တတ်ကြောင်း ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။
Ref : presstv

_____________________________
လက်ဘနွန်လေပိုင်နက်သို့ အစ္စရေးတိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်ခဲ့
အစ္စရေးတိုက်လေယာဉ်များမှာ လက်ဘနွန်လေပိုင်နက်ထဲသို့ တရားမ၀င် ၀င်ရောက်လာခဲ့ပြီး နိုင်ငံနယ်နမိတ်တော်တော်များများသို့ ၀င်ရောက်ပျံသန်းခဲ့သည်ဟု သိရသည်။
ယမန်နေ့က၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး လက်ဘနွန်မြို့တော်ဘေရွတ်မှ အစ္စရေးတိုက်လေယာဉ်များ၏အသံကိုကြားရကြောင်း၊ ထို့ပြင် ဘေရွတ်မြို့ ဝေဟင်ပြင်အနိမ့်ပိုင်း အထိ ဆင်းသက်ပျံသန်းခဲ့ကြောင်း လက်ဘနွန်နိုင်ငံအတွင်းမီဒီယာများကဖော်ပြခဲ့ကြသည်။
အစ္စရေးတိုက်လေယာဉ်များမှာ လက်ဘနွန်နိုင်ငံပိုက်နက်အတွင်းသို့ နေစဉ်နီးပါး ကျူးကျော်ဝင်ရောက်လေ့ရှိပြီး လက်ဘနွန်နိုင်ငံက ကုလသမဂ္ဂသို့ တိုင်ကြားထား သော်လည်း မည်သည့်ဖြေရှင်းမှုမှ ပြုလုပ်ပေးခြင်းမရှိချေ။
Ref : presstv

_____________________________
တိုက်တန်းနစ် သင်္ဘောမှ တယောအား လေလံတင်တော့မည်
အင်္ဂလန်နိုင်ငံ ဆောက်သက်တန်မှ အမေရိကန်နိုင်ငံ နယူးယောက်သို့အသွား မြောက် အတ္တလန်တိတ် သမုဒ္ဒရာထဲတွင် နစ်မြုပ်ခဲ့သည့် ကမ္ဘာကျော် တိုက်တန်းနစ်သင်္ဘောတွင် ပါဝင်သွားခဲ့သည့် တီးဝိုင်းတွင် တီးခတ်ခဲ့သည့် တယောအား ဒီကနေ့တွင် လေလံတင်တော့မည်ဟုသိရသည်။
ထိုတယောမှာ တိုက်တန်းနစ်သင်္ဘောပေါ်တွင်လိုက်ပါခဲ့သည့် အင်္ဂလိပ်နာမည်ကြီးတယောသမား ဝေါလေ့စ်ဟာတလေ၏ တယောဖြစ်သည်။ သင်္ဘောနစ်မြုပ်ပြီး သီတင်းနှစ်ပါတ် အကြာတွင်တွေ့ရှိရသည့် ဟာတလေ၏ အလောင်းပေါ်တွင် တိုတယောအား တယောအိတ်နှင့်တကွ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
သို့သော်လည်း ထိုတယောမှာ ဆယ်ဆုနှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့ပြီး ၂၀၀၆ ခုနှစ်တွင်မှ ယော့ခ်ရှိုင်းယားဒေသ တွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုတယောအား အင်္ဂလန်အနောက်တောင်ပိုင်း Wiltshire ကောင်တီရှိ Devizes မြို့တွင် လေလံတင်ရောင်းချမည်ဖြစ်ပြီး လေလံတင်သူ ဟင်နရီ အလ်ဒရစ်ဂ်ျနှင့် သားဖြစ်သူက ပေါင် ၃ သိန်းအထိ ရရှိမည်ဟု ခန့်မှန်းထားသည်။
တယောပိုင်ရှင် ဟာတလေမှာ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်နေစဉ်တွင် သင်္ဘောရှိခရီးသည်များ စိတ်သက်သာရာရစေရန်အလို့ငှာ ခရစ်ယာန်ဓမ္မတေးကို သီဆိုရန်ဆုံးဖြတ်ခဲ့သည့် တီးဝိုင်းဖွဲ့ဝင် ၇ ဦးမှတစ်ဦး ဖြစ်သည်ဟု အသက်မသေဘဲ ကျန်ရစ်သူတစ်ချို့က ပြောကြားခဲ့သည်။
Ref: News Straits Times

_____________________________
တရုတ်နိုင်ငံတွင် ၀က်သားများကို ဟာလာလ် အမဲသားအဖြစ် လိမ်လည်ရောင်းချသူများ ဖမ်းဆီး
တရုတ်နိုင်ငံ ရှန်ဇီပြည်နယ် ဇီယန်မြို့တွင် ဟလာလ် အမဲသားများ ထုတ်လုပ်သည့် စက်ရုံတစ်ခုအတွင်း ၀က်သား ကီလို ၂သောင်းအား တွေ့ရှိခဲ့သည်ဟု တရုတ်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
ထိုဝက်သားများအား ဖယောင်း၊ စက်ရုံသုံး ဆားများနှင့် ဓာတုဗေဒပစ္စည်းများ အသုံးပြုကာ အမဲသားနှင့် တူညီအောင်ပြုလုပ်ကြပြီး ဒေသအတွင်းတွင် ကီလို (၂၀၀၀) ကျော်ခန့်ရောင်းချပြီးဖြစ်သည်ဟု ထိုင်ဝမ်နိုင်ငံထုတ် Want China Times သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့ကထုတ်ပြန်သော အစီရင်ခံစာတွင် ထိုစက်ရုံမှာ ညဘက်တွင် ၀က်သားများအားတင်သွင်းကာ အမဲသားများကဲ့သို့ပြုပြင်ပြီး နောက်တစ်နေ့ နံနက်တွင်ရောင်းချကြသည်ဟု ဖော်ပြထားသည်။ ထိုသတင်းက ဟာလာလ် အမဲသားအမှတ်ဖြင့် ၀ယ်ယူစားသုံးခဲ့သည့် ဇီယန်ဒေသတွင် နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များ အတွက် စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည်။
အစ္စလာမ်သာသနာက ၀က်သားအပါအ၀င် အချို့သော အစားအသောက်အချို့ကို စားသုံးခြင်း မပြုရန် တားမြစ်ထားသည်။
ထိုကဲ့သို့သော လိမ်ညာဆောင်ရွက်မှုများမှာ တရုတ်နိုင်ငံတွင်အဖြစ်များပြီး ယခုနှစ်အစောပိုင်းက အစားအသောက် လိမ်လည်မှုများနှင့်ပက်သက်၍ လူ ၉၀၄ ဦးကို ဖမ်းဆီးခဲ့သည်ဟု Medical Daily သတင်းစာက ဖော်ပြခဲ့သည်။
Ref: World Bulletin

_____________________________