News @ M-Media

Blog

  • အောက်တိုဘာ-၁၆ အားကစားသတင်း

    အောက်တိုဘာ-၁၆ အားကစားသတင်း

    အောက်တိုဘာ၊ ၁၆
    M-Media

    ပေါ်တူဂီအသင်းမှာ အုပ်စုပထမနေရာကို ရခဲ့သင့်သည်ဟု ဘန်တိုဆို

    အုပ်စုတွင်းပြိုင်ဘက် ရုရှားအသင်းမှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခြင်းနှင့် ထိုက်တန်ခဲ့ပြီး၊ ပေါ်တူဂီအသင်းမှာလည်း ပလေးအော့ဖ်ကစားခွင့်အား ရှောင်ရှားကာ ပထမနေရာကိုရယူနိုင်သည့် စွမ်းရည်ရှိသည်ဟု ရုရှားအသင်း၏ နည်းပြဖြစ်သူ ပေါ်လိုဘန်တိုက ပြောကြားလိုက်သည်။

    ပေါ်တူဂီအသင်းမှာ ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် အုပ်စု F တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရပြီး ယနေ့နံနက် ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုနောက်ဆုံး ပွဲစဉ်ပြီးနောက် ရုရှားအသင်း၏နောက် ဒုတိယနေရာတွင်ရှိနေသည့်အတွက် တိုက်ရိုက်ခြေစစ်ပွဲ အောင်ခွင့်နှင့်ဆုံးရှုံးခဲ့သည်။

    “အုပ်စုမှာတော့ ကျွန်တော်တို့ဟာအကောင်းအဆုံးအသင်းမဟုတ်ပါဘူး။ အကောင်းဆုံးအသင်းရုရှားကတော့ ပထမနေရာကိုရခဲ့ပါတယ်။ ကျွန်တော်တို့ ပထမနေရာကိုရခဲ့သင့်ပါတယ်။ ၂၀၁၄ အတွက် အကောင်းဆုံး မပြင်ဆင်နိုင်ခဲ့တဲ့အတွက်ကြောင့် အခုတော့ ကျွန်တော်တို့ ပိုမိုတွေးတော ရပါတော့မယ်” ဟု ပေါ်တူဂီနည်းပြ ဘန်တိုက လူဇင်ဘတ်အသင်းအား ၃ ဂိုးဂိုးမရှိဖြင့် နိုင်ရရှိခဲ့သော အုပ်စုနောက်ဆုံးပွဲစဉ်အပြီးတွင်ပြောကြားခဲ့သည်။ ထို့ပြင် ဘရာဇီးကမ္ဘာ့ဖလားပွဲသို့ တက်ရောက်နိုင်ရန်အတွက် ပေါ်တူဂီအသင်းမှာ အရာအားလုံးကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသွားခဲ့သည်။

    ကမ္ဘာ့ဖလားဥရောပဇုန်အဖြစ် အုပ်စု ၉ စုရှိပြီး အုပ်စုပထမရသည့် အသင်းကိုးသင်းမှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မည်ဖြစ်ပြီး အကောင်းဆုံးဒုတိယ ၈ သင်းမှာ ပလေးအော့ဖ်ကစားရမည်ဖြစ်သည်။ ပလေးအော့ဖ်ပွဲစဉ်ကို လာမည့်တနင်္လာနေ့တွင် မဲခွဲမည်ဖြစ်ပြီး ပေါ်တူဂီအသင်းမှာ ပြင်သစ်၊ ရိုမေးနီယား၊ ယူကရိန်း သို့မဟုတ် အိုက်စလန်အသင်း တစ်သင်းသင်းနှင့် တွေ့ဆုံရဖွယ်ရှိနေသည်။

    ………………………………………
    နယ်သာလန်အသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရေပန်းစားသော အသင်းမဟုတ်ဟု ရော်ဘင်ဆို

    Holland not favourites for World Cup

    ၂၀၁၄ ကမ္ဘာ့ဖလားတွင် ရေပန်းစားသောအသင်းဖြစ်လာစေရန် နယ်သာလန်အသင်းမှာ လုပ်ဆောင်စရာများစွာ ရှိသေးသည်ဟု ဘိုင်ယန်မြူးနစ်အသင်း၏ အလယ်တန်းကစားသမားဖြစ်သူ အာဂျန်ရော်ဘင်က ပြောကြားလိုက်သည်။

    ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် တူရကီအသင်းအား ယနေ့နံနက်ပွဲစဉ်တွင် အဝေးကွင်း၌ ၂ ဂိုးဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့် နယ်သာလန်အသင်းမှာ ဥရောပဇုန် အုပ်စု G တွင်ကျရောက်ခဲ့ပြီး ၁၀ ပွဲကစား ၉ ပွဲနိုင်ဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအား  တိုက်ရိုက်ဝင်ရောက်ခွင့်ရခဲ့သည်။

    “ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ကျွန်တော်တို့ဟာ ရေးပန်းစားတဲ့အသင်းမဟုတ် ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်လာပါတယ်။ တစ်ခြားအသင်းတွေကို မဟုတ်ဘဲ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ဆန်းစစ်ရပါမယ်။ ကျွန်တော်တို့ဟာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်စရာတွေအများကြီးရှိပါသေးတယ်” ဟု SBS6 အားကစားသတင်းဌာနသို့ ရော်ဘင်က ပြောကြားခဲ့သည်။

    ………………………………
    အိုဇေးလ်မှာ ဂျာမနီအသင်းတွင် မရှိမဖြစ်ဟု ဇစ်ကိုဆို

    ဘရာဇီးအသင်း၏ ဂန္တ၀င်ကစားသမားဖြစ်သူ ဇစ်ကိုက အာဆင်နယ် အလယ် တန်းလူ မီဆုအိုဇေးလ်မှာ ဂျာမနီအသင်းအတွက် မရှိမဖြစ် ကစားသမား တစ်ဦးဟု ပြောဆိုခဲ့သည်။

    ယနေ့နံနက်တွင် ကစားခဲ့သည့် ဆွီဒင်အသင်းအား ၅ ဂိုး ၃ ဂိုးဖြင့်အနိုင်ရရှိခဲ့သောပွဲတွင် တစ်ဂိုးသွင်းယူပေးခဲ့သည့် အိုဇေးလ်မှာ အာဆင်နယ်အသင်းတွင်လည်းခြေစွမ်းပြ ကစားနေသူဖြစ်သည်။

    “အိုဇေးလ်းဟာ ကစားသမားကောင်းပါ။ ပြီးတော့ ဂျာမနီအသင်းအတွက် မရှိမဖြစ်ကစားသမားလည်းဖြစ်ပါတယ်။ သူကစားပုံကိုကြည့်ပြီးတော့ ကျွန်တော် စိတ်လှုပ်ရှားရပါတယ်။ သူ့မှာ ပွဲကို သုံးသပ်နိုင်စွမ်းရှိတယ်။ ပြီးတော့ အန္တရာယ်ရှိတဲ့ ဖြတ်တင်ဘောတွေကိုလည်း ကန်တင်ပေးနိုင်ပါတယ်” ဟု အားကစား စာစောင်တစ်ခုဖြစ်သည့် Sport Bild သို့ ဇစ်ကိုကပြောကြားခဲ့သည်။

    ဂျာမနီအသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့်ပြီးဆုံးရန် ၁ ပွဲအလိုခန့်ကပင် ခြေစစ်ပွဲအားတိုက်ရိုက်အောင်မြင်ခဲ့သောအသင်းဖြစ်သည်။

    …………………………………..
    မိုနာကိုတွင်ပျော်ရွှင်နေသည်ဟု ဖယ်လ်ကာအိုဆို

    ကိုလံဘီယာအသင်း၏တိုက်စစ်မှူးဖြစ်သူ ဖယ်လ်ကာအိုက ၎င်းအနေဖြင့် လာလီဂါသို့ပြောင်းရွှေ့ရန် စဉ်းစားမည်မဟုတ်ဘဲ၊ မိုနာကို အသင်းတွင်သာ ပျော်ရွှင်နေသည်ဟု ပြောဆိုလိုက်သည်။

    ပြီးခဲ့သည့်နွေရာသီတွင် ခေါ်ယူရန်ကြိုးစားခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းမှာ ယခုအချိန်အထိ ဖယ်လ်ကာအိုအား ခေါ်ယူရန်စိတ်ဝင်စားနေသည့် ရီးယဲလ်ဥက္ကဌ ပီရက်ဇ်က ယခု သီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့ပြီးနောက် ဖယ်လ်ကာအိုက ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

    “ပီရက်ဇ်ပြောခဲ့တဲ့ကစားအတွက် ကျွန်တော်သူ့ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် လက်ရှိကလပ်မိုနာကိုအသင်းကို ကျွန်တော်လေးစားရပါမယ်။ ဒီအသင်းမှာ ကျွန်တော်ပျော်ပါတယ်” ဟု ဖယ်လ်ကာအိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်သည့် ဖယ်လ်ကာအိုမှာ ယခုနှစ်ရာသီအစက အက်သလက်တီကိုမက်ဒရစ်အသင်းမှ မိုနာကိုသို့ပြောင်းရွှေ့လာခဲ့ပြီး အသင်းတွင် အရေးပါသော ကစားသမားဖြစ်လာခဲ့သည်။ ဖယ်လ်ကာအိုနှင့်  မိုနာကိုအသင်းတို့၏ စာချုပ်သက်တမ်းမှာ ၂၀၁၈ ခုနှစ်တွင်ပြည့်မည်ဖြစ်သည်။

    …………………………………………..
    နီဂရီဒိုမှာ ပိုမိုတိုးတက်လာမည်ဟု ဒဲလ်ဘော့စကေးဆို

    စပိန်အသင်းနှင့်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်မသေချာသေးသည့် နည်းပြဒဲလ်ဘော့စကေးက မန်စီးတီးအသင်း၏ တိုက်စစ်မှူး နီဂရီဒိုအား စွမ်းဆောင်ရည် အပြည့်ကစားရန် တိုက်တွန်းလိုက်ပြီး၊ နီဂရီဒိုမှာ ပိုမိုတိုးတက်လာမည်ဟု ပြောကြားလိုက်သည်။

    နီဂရီဒိုမှာ စပိန်အသင်းအတွက် အရေးပါဆုံးပွဲစဉ်ဖြစ်သည့် အုပ်စုနောက်ဆုံးပွဲ ဂျော်ဂျီယာအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော ပွဲတွင် ၁ ဂိုးသွင်းယူပေးခဲ့သည်။  သို့သော်လည်း နိုင်ငံအသင်းအတွက် အင်တိုက်အားတိုက်မကစားဟု ထင်မြင်နေသည့် နည်းပြ ဒဲလ်ဘော့စကေးက “နီဂရီဒိုဟာ သူစွမ်းဆောင်နိုင်သလောက် ထုတ်မကစားတဲ့ကစားသမားပါ။ သူဘယ်လောက်စွမ်းဆောင်နိုင်တယ် ဆိုတာကို သူကိုယ်တိုင်မသိသေးပါဘူး” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

  • (၅၉) လမ်း ဗလီဝတ်ကျောင်း မိသားစုများ၏ အီးဒ်နေ့အလှူ (ဓါတ်ပုံသတင်း)

    အောက်တိုဘာ၊ ၁၆
    M-Media
    သတင်း/ဓါတ်ပုံ ဆူးထက်

    04

    အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ အီးဒ်နေ့မှာ (၅၉) လမ်း၊ ဗလီဝတ်ကျောင်းမိသားစုများက ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန် များကို လူတစ်ယောက်လျှင် (၇၅၀၀) ဖိုးခန့် လှူဒါန်းခဲ့ကြောင်းသိရပါတယ်

    လှူဒါန်းခြင်းရဲ့ အဓိကရည်ရွယ်ချက်က အထူးသဖြင့် နွမ်းပါးကြသူများသည် ကုရ်ဘာနီအသားရကြသော်လည်း တွဲဖက်ချက်စားရန် ဆန်၊ ဆီ ၀ယ်ရသည့် အခက်အခဲပြေလည်စေရန် ဖြစ်ကြောင်းကို အဆိုပါ (၅၉) လမ်းဗလီဝတ်ကျောင်းရဲ့ ဦးဆောင်သူတယောက်ဖြစ်သော ဦးစန်းအောင်က ၄င်းရဲ့ FB စာမျက်နှာမှာ ရေးသားဖော်ပြထားတာကို တွေ့ပါတယ်။

    ဓါတ်ပုံများ Facebook တွင် ကြည့်လိုလျှင် >> Click Here

  • လူနည်းစုဝင်တို့ကို အရာပေး အလေးထားရမည့် မြန်မာပြည် (ဘာသာပြန် ဆောင်းပါး)

    အောက်တိုဘာ၊ ၁၆
    M-Media

    131002183345-myanmar-violence-burned-mosque---s027920270-story-top

    မြန်မာနိုင်ငံ၏အသွင်ကူးပြောင်းမှုသည် လက်ခံဖွယ်ရာရှိ၏။ သို့သော် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းအပေါ် အကြမ်းဖက်မှုများက ၄င်းအား အရောင်စွန်းထင်းစေ၏။ ဤဆိုးဝါးသော တိုက်ခိုက်မှုတို့သည်ုမြန်မာပြည်၏ သွေးနုသားနု ဒီမိုကရေစီအတွက်သော်လည်းကောင်း၊ နိုင်ငံ၏ပုံရိပ်အတွက်သော် လည်းကောင်း ဒေသတွင်းနှင့်နိုင်ငံတကာ အသိုင်းအ၀ိုင်း အလယ်၌ ဧကန်ပင် အန္တရာယ်တစ်ရပ်ဖြစ်လာစေသည်။

    ယခုသီတင်းပတ်အတွင်း အကြမ်းဖက်မှုဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်သို့ သမ္မတဦးသိန်းစိန် ရောက်စဉ်က “ ပြီးခဲ့တဲ့ ပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံး နစ်နာမှုများကို ပြန်လည် ထူထောင်ရေးကြိုးစားနေချိန်မှာ အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားဖို့ အရေးကြီးပါတယ်။ ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ပြီးခဲ့တဲ့ အရေးအခင်းတွေ အပေါ် သင်ခန်းစာယူပြီး ပဋိပက္ခရှောင်လွဲနိုင်ရေး အတွက် လူထုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

    ဆောင်ရွက်ရမည့်လိုအပ်ချက် များစွာရှိနေသေး၏။ အကောင်းဆုံး လေ့ကျင့်မှုနှင့် အသုံးချကိရိယာများအသုံးပြု၍ ရဲဝန်ထမ်းတို့၏စွမ်းရည်မြှင့်တင်ရန်မှာလည်း အရေးပါသောကိစ္စ တစ်ခုဖြစ်သည်နှင့်အညီ လိုအပ်သည့် အပြောင်းအလဲတို့ကို ပြင်ပရှိ ကျွမ်းကျင်သူနှင့် ပူးပေါင်းကူညီချက် ပါဝင်မှ အရှိန်မြှင့်တင်နိုင်ပေမည်။

    သို့သော် ဤပြဿနာများအားဖြေရှင်းနိုင်သည့်နည်းလမ်းမှာ မြန်မာပြည်၏မြို့ရွာတိုင်း၌ တွေ့မြင်နိုင်ပေသည်။ ပြည်တွင်း မွတ်စ်လင်မ်လူ့အသိုင်းအ၀ိုင်းသည် မြို့အများစု နှင့် ရွာပေါင်းများစွာတွင် ပြန့်ကျဲလျက် ရှိနေကြ၏။ သို့သာမက မြန်မာမွတ်စ်လင်မ်တို့သည် နိုင်ငံ့စီးပွားရေးနှင့် အကျွမ်းဝင် အသားကျနေသည်မှာ ကြာညောင်းလှချေပြီ။ စီးပွားဖြစ်ထွန်းရာ မြို့တစ်မြို့ နယ် တစ်နယ် အကြမ်းဖက်မှုကြောင့် ဖျက်ဆီးခံရလျှင် ငွေကြေးလည်ပတ်မှုကဏ္ဍမှာ ထိခိုက်ချက်ကြီးမားကြာရှည် တတ်၏။ ဥပမာ – မိတ္ထီလာ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုများက ဈေးကွက်များ ဆုတ်ယုတ် နိမ့်ကျသွားခြင်း၊ လာရောက်လည်ပတ်သူ မရှိတော့ခြင်း၊ ပုံမှန်ငွေးကြေး လည်ပတ်မှု စံနစ် ပြတ်တောက်သွားခြင်းတို့ ဖြစ်ရသည်။

    ဗုဒ္ဒဘာသာဗ မာလူမျိုးကြီး ၀ါဒထွက်ပေါ်ခြင်း နှင့် သံဃာဦးဆောင်သော ၉၆၉ အဖွဲ့၏သြဇာကြီးထွားလာခြင်း သည် ဘာသာပေါင်းစုံရောပြွမ်းရှိနေသည့်လူထုအတွက် အန္တရာယ်ဆိုး တစ်ရပ်ပင်ဖြစ်သည်။ ယင်း ၉၆၉ အဖွဲ့မှာ မွတ်စ်လင်မ်တို့၏စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန်၊ ၄င်းတို့နှင့် မသင့်မြတ်ကြရန် တစိုက်မတ်မတ် လှုံ့ဆော်ဟောပြောနေကြသည်။ နိုင်ငံ၏ စစ်အုပ်ချုပ်ရေးနှ စ်များစွာအတွင်း အခြေခိုင်လာခဲ့သည့် ပရမ်းပတာဖြစ်မှု နှင့် အမျက်ဒေါသတို့အား ညစ်ညမ်းသော လှုပ်ရှားမှုတစ်ရပ်ကို သုံး၍ ပြည်တွင်း လူနည်းစုတစ်စု အပေါ် ဦးတည်နေခြင်း လမ်းကြောင်းမှ ဖယ်ခွာရန်၊ ဒီမိုကရေစီနည်းကျ သဟဇာတဖြစ်စွာ တိုင်းပြည် စီးပွားဖြစ်ထွန်းစေမည့် အကျိုးပြုအမြင် တစ်ရပ်ဖက်သို့ ရှေ့ရှုရန် လိုအပ်နေပေပြီ။

    မြန်မာအတွက် GPS မြင့်မားရေး ခြေလှမ်းများ
    ————————————————-
    မြန်မာနိုင်ငံအနေနှင့် အမျိုးသားစီးပွားရေးဝါဒ အဖြစ်ဟန်ဆောင်ထားသည့် အမုန်းတရား သွတ်သွင်းဟောပြောလှုံ့ဆော်နေခြင်းကို တရားဝင် ပယ်ဖျက်လိုက်ရန်လည်း လိုအပ်နေသည်။ ယင်းသို့ ဖော်ထုတ်ပြောဆိုနေချက်သည် ဒီမိုကရေစီစံနစ်နှင့်ဆန့်ကျင်သည်၊ အကြမ်းဖက်မှုကိုအားပေး၍ မတည်ငြိမ်မှုဖြစ်စေကာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအား ဖြိုလဲနေပေသည်။ ကျွမ်းကျင်မှု၊ ဘာသာစကားများ၊ အရင်းအနှီး၊ ပင်ကိုယ်တီထွင်စွမ်းရည်များတွင် လိုအပ်ချက်ကြီးမားနေသော အသာစီးရလူတို့အား အားပေးနေခြင်းထက် လူမျိုးဘာသာ ယဉ်ကျေးမှုစုံ သဟဇာတကျကျ ပါဝင်တည်ရှိသော ပွင့်လင်းမြင်သာလူ့အဖွဲ့အစည်းက  –  သီးသန့်စီရှိနေသည့် လူ့အရင်း အမြစ်စွမ်းအားများ တပေါင်းတစည်းတည်း ဖြစ်ပေါ်လာစေသည်။

    အရှေ့တောင်အာရှနှင့်နိုင်ငံတကာအသိုင်းအ၀ိုင်း၌ အခြားသောအကြောင်းအရာများထက် မြန်မာမွတ်စ်လင်မ်တို့အပေါ် ထားရှိသည့်ဆက်ဆံရေးကို ပိုမိုစောင့်ကြည့်ခံနေရ၏။ အကြောင်းမှာ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏အိမ်ရှင် နှင့် အာဆီယံအသင်း ဥက္ကဌနေရာကို ရယူဆောင်ရွက်ရတော့မည်။ ကမ္ဘာ့အာရုံသည် မြန်မာနိုင်ငံ၏ အားကစားသမားများ၊ အာဏာပိုင်များ၊ သံတမန်များအပေါ်၌သာမက လက်ရှိဖြစ်တည်ဆဲ အုပ်ချုပ်ရေးစံနစ်နှင့် နိုင်ငံရေး အခင်းအကျင်းများအပေါ်တွင်လည်း စူးစိုက်လာကြမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံမှ ၄င်း၏လူနည်းစုဝင်များ အပေါ်ထားရှိသည့် ဆက်ဆံရေးသည် ထိုတိုင်းပြည်၏ ဒီမိုကရေစီစံနှုန်းပင်ဖြစ်၏။ ၂၀၁၁ ခုနှစ်၊ မတ်လ အရပ်သားဦးဆောင် အစိုးရကိုဖန်တီးလိုက်ချိန်မှ စ၍ မြန်မာပြည်၏ ပွင့်လင်းနွေးထွေးမှုမှာ နိုင်ငံတကာ၏ အကဲခတ်မှုအနေအထားသစ်သို့ တအုံနွေးနွေးရောက်ရှိနေသည်။ အလားတူစွာပင်  ဒီမိုကရေစီစံနစ်၊ မူဝါဒများ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးတို့နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းနှင့် သတ်မှတ်ချက်များအပေါ် စွဲမြဲ လိုက်နာလာရန်ကိုလည်း အကြီးအကျယ် မျှော်လင့်ထားကြ၏။

    ယမန်နှစ် ဇွန်လ မြောက်ပိုင်းရခိုင်ပြည်နယ်မှစတင်လိုက်သည့် ဘာသာရေးအကြမ်းဖက်မှု ပြန့်ပွားလာရာတွင် အာဏာပိုင်များသည် ကျူးလွန်ပါဝင်သူများကို ထိရောက်ပွင့်လင်းမြင်သာစွာ အရေးယူမှုမရှိသောကြောင့် ကမ္ဘာတစ်ဝှန်းကလည်း စိုးရိမ်ခဲ့ကြသည်။ ဒေသခံလုံခြုံရေးဝ န်ထမ်းတို့မှ ဒေါသထွက်နေသည့် လူအုပ်ကို လောက်လောက်လားလား ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့။ သံဃာတစ်ပါးအား သတ်ဖြတ်မှုကို မဆိုထားနှင့် ဈေးဆိုင်အချင်းများမှုကိုပင် မကိုင်တွယ်နိုင်ကြပေ။ တရားဥပဒေစိုးမိုးမှုအပေါ် အယုံအကြည်ကင်းမဲ့လာခြင်းက မိမိတို့ဖာသာ စီရင်ခြင်းကို အလျဉ်မပြတ်သော အကျိုးဆက်ဆိုးများနှင့် အတူ  ပြည်သူတို့အကြား ဖြစ်ပေါ်စေခဲ့သည်။

    အာဏာပိုင်တို့သည် လူမျိုးဘာသာမခွဲခြားပဲ နိုင်ငံသားတိုင်းကိုကာကွယ်ပေးခြင်း၊ အကြမ်းဖက်ကျူးလွန်သူများအား ရပ်တန့်စေခြင်း စသည်တို့ဖြင့် ဥပဒေမဲ့လုပ်ရပ်များအပေါ် နိုင်နင်းစွာထိန်းသိမ်းရမည့်အစား ရာဇ၀တ်မှုဆိုင်ရာဥပဒေအားလျစ်လျူရှုလျက်  လိုအပ်သည့်နေရာတွင် အခွင့်အာဏာနှင့်အင်အားကို လုံးဝနီးပါးအသုံးမပြုခဲ့ခြင်းကလည်း အကျိုးဆက်ဆိုးရွားခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။

    ရဲဌာနများသည် အဆင့်များစွာ၌ ပေါ့လျော့ပျက်ကွက်သည်ကား မှန်၏။ သို့သော် ဤသို့ ဖြစ်ကတတ်ဆန်းတုန့်ပြန်မှုမှာ ထိပ်ပိုင်းဆိုင်ရာအဆင့်မှပင် အစပြုနေ၏။ သမ္မတဦးသိန်းစိန်အနေနှင့် အသိတရားမဲ့ရမ်းကားမှုများကို လုံးဝ သည်းခံတော့မည် မဟုတ်ဟု ကြေငြာ ထားခဲ့၏။ ကြေငြာချက်၏နောက်တွင် မြန်မာပြည်သူ အပေါင်း၏လုံခြုံရေးကို ဦးစားပေးသောအားဖြင့် ပြတ်သားသော အမိန့်များနှင့်တစ်ကွ အာဏာကိုတည်စေမည့် ဆောင်ရွက်ချက်များကို အလွန်အကျွံအင်အားသုံးဖြိုခွဲမှုမပြုပဲ လုပ်ဆောင်ရန် လိုအပ်နေသည်။

    မန္တလေး နှင့် စစ်ကိုင်းတိုင်းမှဖြစ်ရပ်အချို့မှာ ကြိုတင် သတင်းရရှိထားသော်လည်း ရဲဝန်ထမ်းများအပါအ၀င် အာဏာပိုင်များ၏ တုန့်ပြန်မှုသည် အချိန်နှင့်တစ်ပြေးညီ ဖြစ်မလာခဲ့။ ပုံစံတူစော်ကားမှု၊ ဖြစ်ရပ်၊ အရောင်းအ၀ယ် အငြင်းပွားမှုတို့ဖြင့် စတင်လိုက်သော လူထုအကြားပြဿနာများကို တပြုံတမ ပျက်စီးမှုများနှင့်လူသေဆုံးမှုများ မဖြစ်လာစေဘဲ တမဟုတ်ချင်း ကိုင်တွယ်ညွှန်ကြားလိုက်ရမည်ဖြစ်သည်။

    မြန်မာခေါင်းဆောင်တို့သည် ရှင်းလင်းပြတ်သားရန်၊ ရဲတပ်ဖွဲ့တို့ကို မလှုပ်သာအောင်ထိန်းချုပ်မထားရန် လိုအပ်သည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်းရှိ နိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်တို့သည်လည်း မိမိ၏ပြောဆိုချက်များ အပေါ် အလေးထားဆင်ခြင်ရပါမည်။ အကယ်၍ မြန်မာနိုင်ငံသည် ဤအချက်များကို ဆက်လက် ကျူးလွန် မှားယွင်းနေပါက ပြည်သူပြည်သားတိုင်း နစ်နာဆုံးရှုံးပေတော့မည်။ အဘယ်ကြောင့်ဟူမူ အကြမ်းဖက်မှု၊ မတည်ငြိမ်မှု၊ တစ်ယူသန်မှုနှင့်ပြည့်နှက်နေသော တိုင်းပြည်တစ်ပြည်၌ (သဘောရိုးဖြင့်) လာရောက်လည်ပတ်လိုသူ၊ ရင်းနှီးမြှုပ်နှံလိုသူ မရှိ၍ဖြစ်၏။

    သို့တစေလည်း မြန်မာပြည်သည် ဤအပြောင်းအလဲများအား မှန်ကန်အောင်ပြုလုပ်နိုင်ပါလျှင် ရွှေတံဆိပ်များ၊ ချီးမွှမ်းမှုများ၊ ကမ္ဘာလှည့်ခရီးသွားများ၊ ရင်းနှီးမြှုပ်နှံမှုများကိုသာမက နိုင်ငံ၏နယ်နမိတ်အတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုပါ အောင်မြင်စွာရရှိခံစားနိုင်မည်မှာ မလွဲတည်း။

    **  Jim Della-Giacoma ရေးသားသော CNN ၏ အထူးဆောင်းပါး Myanmar must embrace minorities ကို “ မြင့်မိုရ်မောင်မောင် ” မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။
    ဆောင်းပါးရှင်၏ အမြင်ဖော်ပြချက်သာ ဖြစ်ပါသည်။

    Jim Della-Giacoma သည် International Crisis Group ၏ အာရှအစီအစဉ် ဒါရိုက်တာ ဖြစ်သည်။ သူ၏ ‘The Dark Side of Transition: Violence against Muslims in Myanmar’ အမည်ရှိ ရေးသားချက်အား အောက်တိုဘာ ၁ ရက်နေ့က ဖော်ပြခဲ့သည်။

  • ရန်ကုန်မြို့ ၃၆ လမ်းရှိ သရဖူမဂ္ဂဇင်းတိုက်တွင် အဲယားကွန်းမှ ရှော့ဖြစ်ပြီး မီးလောင်

    အောက်တိုဘာ၊ ၁၆
    M-Media
    သတင်း/ဓါတ်ပုံ- ဆူးထက်

    PA150084

    ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား မြို့နယ်၊ ၃၆လမ်း အထက်ဘလောက်ရှိ သရဖူ မဂ္ဂဇင်းတိုက်တွင် အောက်တိုဘာ ၁၅ရက်နေ့ ည ၈:၀၀ နာရီကျော်ခန့်က အဲယာကွန်းမှ ရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    အခြား ဓါတ်ပုံများ ကြည့်လိုလျှင် >>http://goo.gl/g910EE

  • ၂၀၁၄ သန်းခေါင်စာရင်း ကောက်ပြီးလျှင် ကိုးကွယ်ရာဘာသာ အလိုက် တနိုင်ငံလုံးရှိ လူဦးရေ စာရင်းထုတ်ပြန်ပေးမည်

    အောက်တိုဘာ၊ ၁၆
    M-Media

    myanmar census 2012
    တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ဒေသများတွင် ကိုးကွယ်သည့်ဘာသာနှင့် လူမျိုး တွဲ၍ဖော်ပြရန် အစီအစဉ်ရှိမရှိကို အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပသော ပြည်သူလွှတ်တော်အစည်းအဝေးတွင် စစ်တွေမဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက မေးမြန်းခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဒု-ဝန်ကြီး ဦးဝင်းမြင့် အောက်ပါအတိုင်းဖြေကြားခဲ့ပါသည်။

    – တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ဒေသများတွင် ကိုးကွယ်သည့်ဘာသာ အလိုက် လူဦးရေကို ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးစီးမှသာ တိကျစွာ ထုတ်ပြန် နိုင်မည်ဖြစ်ပါကြောင်း၊
    – သန်းခေါင်စာရင်း မေးခွန်းပုံစံ စာတိုင် ၇ တွင် လူတစ်ဦးချင်းစီအတွက် ကိုးကွယ်သည့် ဘာသာကို မေးမြန်းထားပါသဖြင့် ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေကို တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်၊ မြို့နယ်အဆင့်အထိ ရရှိနိုင် မည်ဖြစ်ကြောင်း၊
    – ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေကို  ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းမကောက်ယူမီ ထုတ်ပြန်မည် ဆိုပါက တိကျမှန်ကန်သည့် ကိန်းဂဏန်းများ ရရှိရန်ခက်ခဲသဖြင့် မလိုလားအပ်သောပြဿနာများ ဖြစ်ပွားနိုင်သောကြောင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ် အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူပြီးမှသာ ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေစာရင်း အား မှန်ကန်တိကျစွာ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း  ဖြေကြားခဲ့ပါသည်။

    ကိုးကား-ပြည်သူလွှတ်တော် ဝဘ်ဆိုဒ်