News @ M-Media
Blog
  • Day of Open Mosques အခမ်းအနားအား ဂျာမနီတွင် ကျင်းပ
    အောက်တိုဘာ၊ ၉
    M-Media
    mosque_duisburgဂျာမနီနိုင်ငံ Hesse ပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော်များနှင့် အစ္စလာမ့် ယဉ်ကျေးမှု စင်တာများအား လွတ်လပ်စွာ လေ့လာ ခွင့်ပေးသည့် Day of Open Mosques အမည်ရ လှုပ်ရှားမှုတစ်ခုကို အောက်တိုဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဂျာမနီရှိ အစ္စလာမ့် ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းများကို လေ့လာရန် ဂျာမနီနိုင်ငံသို့ လာရောက်ကြသည့် ကမ္ဘာ့ တစ်ဝှမ်းမှ ကမ္ဘာလှည့်ခရီးသွားများ တက်ရောက်ခဲ့ကြသည်။
    Day of Open Mosques လှုပ်ရှားမှုအား ဂျာမနီရှိ မတူညီသော အယူဝါဒများအတွင်း သည်းခံနိုင်စွမ်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး Marburg နှင့် Biedenkop ခရိုင်ရှိ အစ္စလာမ် ဘာသာရေး တက္ကသိုလ် ၇-ခုမှလည်း ထိုအစီအစဉ်တွင် ပါဝင်ခဲ့ကြကာ ဗလီဝတ်ကျောင်းတော်များသို့ လည်ပတ်ခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ပြပွဲပြသခြင်းများကို ပြုလုပ်ခဲ့ကြသည်။
    Day of Open Mosques လှုပ်ရှားမှုအား ၁၉၉၇-ခုနှစ် အောက်တိုဘာ ၃-ရက်နေ့တွင် ဂျာမနီ မွတ်စလင်မ်ကောင်စီမှ ကြီးမှူး၍ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၃ ရက်နေ့မှာ ဂျာမနီပေါင်းစည်း ညီညွတ်ရေးနေ့ဖြစ်ပြီး ထိုနေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားမှာ ဂျာမနီရှိ မွတ်စလင်များက နိုင်ငံ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ကို ဖော်ပြခြင်းလည်းဖြစ်သည်။
    Ref: islam.ru
  • အစ္စလာမ်အကြောင်းကို ကျောင်းသင်ခန်းစာတွင် သင်ကြားရန် ရုရှား မူလတန်း ကျောင်းကလေးငယ် ၁၁-ရာခိုင်နှုန်းဆန္ဒရှိ
    အောက်တိုဘာ ၉၊ ၂၀၁၃
    M-Media
    school001
    ရုရှားနိုင်ငံရှိ မူလတန်းကျောင်းများမှ ကျောင်းသား ၁၁-ရာခိုင်နှုန်းမှာ  အစ္စလာမ်အား ကျောင်း သင်ခန်းစာအဖြစ် သင်ယူရန် နှစ်သက်ကြသည်ဟု  ရုရားနိုင်ငံ၏ လက်ထောက် ပညာရေးဝန်ကြီး Veniamin Kaganov က Edinaya Rossiya ပါတီမှ တက်ကြွ လှုပ်ရှားသူများနှင့် တွေ့ဆုံပွဲတွင်  ပြောကြားခဲ့သည်။
    ၎င်း၏ ပြောကြားချက်အရ ကျောင်းသားများ၏ ၄၁-ရာခိုင်နှုန်းမှာ  လူမှုကျင့်ဝတ်၊ ၄၆-ရာခိုင်နှုန်းမှာ အော်သိုဒေါ့စ်(ခရစ်ယာန်)၊ ၁-ရာခိုင်နှုန်းမှာ ဂျူးဝါဒ၊ ၀.၅ ရာခိုင်နှုန်းမှာ ဗုဒ္ဓ၀ါဒ စသဖြင့် သင်ယူလေ့လာရန်  ကြိုက်နှစ်သက်ကြသည်ဟု သိရသည်။ ကျောင်းသားတိုင်းမှာ ဘာသာရေးနှင့်  ပက်သက်ပြီး သင်ကြားရန် ရွေးချယ်သောကြောင့် ၎င်းမှာစိတ်ဝင်စားမိကြောင်း၊ နိုင်ငံအတွင်းရှိ ဆရာ၊ ဆရာမ ၄၀-ရာခိုင်နှုန်းကျော်ကို ဘာသာရေးနှင့် ပတ်သက်သည့် ဘာသာတရားများ၏  အခြေခံအချက်များနှင့် လူမှု ကျင့်ဝတ်များ အကြောင်းကို  လေ့ကျင့်သင်ကြားပေးထားကြောင်း Veniamin က  ထပ်လောင်းပြောကြားခဲ့သည်။
    အစ္စလာမ်သာသနာမှာ ရုရှားနိုင်ငံတွင် ဒုတိယ လူအများဆုံး  ယုံကြည်ကိုးကွယ်သော သာသနာဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ  အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။ ထို့ပြင် ရုရှားနိုင်ငံ၏  ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများတွင်လည်း အစ္စလာမ် ဘာသာရေး အဆောက်အအုံ များစွာပါဝင်သည်။  ရုရှားနိုင်ငံသားများမှာ အစ္စလာမ်အတွင်းသို့ ၀င်ရောက်လာမှု  များပြားသောကြောင့် အစ္စလာမ် သာသနာမှာ ရုရှားတွင် လျင်မြန်စွာ  ပြန့်ပွားသော သာသနာ ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။
    Ref: islam.ru
  • မိသားစု ဆွေမျိုးသားချင်း အချင်းချင်း ဘာသာရေးစာသင်ကြားမှု ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ပိတ်ပင်
    အောက်တိုဘာ ၉၊၂၀၁၃
    M-Media
    အငယ်လေး
    freedom of religion
    ရန်ကုန်  ။     ။    ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၅၄-ရပ်ကွက်တွင် အစ္စလာမ့် အခြေခံဘာသာရေးစာသင်ကြားမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ပိတ်ပင်ခဲ့သည်ဟု သတင်းရရှိပါသည်။
    ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၅၄-ရပ်ကွက်တွင် ၁၈.၉.၂၀၁၃ နေ့မှ စ၍ အစ္စလာမ့်ယဉ်ကျေးမှု အခြေခံ ဘာသာရေး သင်ခန်းစာများကို ကျောင်းသား ၇-ယောက်အား အေးအေးချမ်းချမ်းနှင့်စာသင်ပေးခဲ့ပါသည်။ စာသင်သည့်ကျောင်းသားများမှာ ယောက်ျားလေး ၆-ယောက် နှင့် မိန်းကလေး ၁-ယောက်တို့ဖြစ်ကြပြီး ၎င်းတို့၏ အသက်မှာ (၉ နှစ်မှ ၁၃) နှစ်ကြားရှိ ကလေးငယ်များဖြစ်ပါသည်။
    ယခုကဲ့သို့ အေးအေးချမ်းချမ်းနှင့် စာသင်ကြားမှုကို ၂၄.၉.၂၀၁၃ ရက်နေ့ ည ၇း၀၀ နာရီ အချိန်တွင် ၅၄-ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် ရောက်လာပြီး စာမသင်ကြားရဟု ပိတ်ပင်ခဲ့ပါသည်။ ၎င်းနောက် အိမ်ရှင်ကို ခေါ်သွားခဲ့ပြီး ရပ်ကွက်ရုံး အတွင်း တံခါးပိတ်၍ လက်မှတ်နှင့် လက်ဗွေကို အတင်းအဓမ္မ နှိပ်ခိုင်းခဲ့ပြီး သင်ကြားမှုကို ရပ်ဆိုင်းခိုင်းခဲ့ပါသည်။ ထို့နောက် ယခုလို စာသင်ကြားလျှင် မြို့နယ်၏ ထောက်ခံချက်ယူရမည်။ ထောက်ခံချက် မရပါက ၁-ယောက်ပင်သင်၍ မရဟုပြောပါသည်။ စာသင်သည့် ကလေးများမှာလည်း တစ်ခြား သူစိမ်းတစ်ယောက်မှ မပါဘဲ အိမ်ရှင်၏ ဆွေမျိုး များဖြစ်ကြောင်း စာသင်သည့် ဆရာမှာလည်း အိမ်ရှင်၏ တူဖြစ်ကြောင်း စာသင်သည့် အချိန်မှာလည်း  တရက်ကို ၂ နာရီခန့်သာဖြစ်ကြောင်းသိရှိသည်။
    အလားတူ ဒလမြို့နယ်တွင်လည်း အစ္စလာမ် ဘာသာနှင့် ခရစ်ယာန်ဘာသာဝင်မိသားစုများမှ ကလေးသူငယ်များအား ၄င်းတို့ကိုးကွယ်ရာ အခြေခံ ဘာသာရေး သင်ကြားမှုတို့အား ပိတ်ပင်တားမြစ်ထားကြောင်း သိရှိရပါသည်။
    မြန်မာနိုင်ငံတွင် ဘာသာရေးအရ ဖိနှိပ်မှုများပြုလုပ်နေသည်မှာ နှစ်ပေါင်းများစွာ ရှိလာခဲ့ပြီး၊ ရပ်ကွက်အတွင်း အခြေခံဘာသာရေး သင်ကြားမှုများပြုလုပ်သည့် ကျောင်းများကိုလည်း ပိတ်ပင်ခံရသည်။ ယခုအခါ အိမ်တွင်ပင် မိမိ၏ဆွေမျိုးသားချင်း ကလေးငယ်များကို တစုတစည်းတည်း သင်ကြားသည်ကိုပင် ပိတ်ပင်လာခဲ့ခြင်းကြောင့် မိမိယုံကြည်ရာ ဘာသာတရားကိုပင် သင်ကြားခွင့် မရနိုင်တာကြောင့် ဘာသာရေးလွတ်လပ်ခွင့်ဆိုသည်နှင့် ဆန့်ကျင်နေသည်ဟု သုံးသပ်လိုက်ရပါသည်။
    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားအားလုံးသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သည့်ဘာသာတို့ကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိကြောင်း ဖော်ပြထားသည်။
  • နိုဘယ်လ်ဆု အမည်စာရင်း တင်သွင်းခြင်းခံရလို့ ကြည်နှုးနေသူ မြန်မာသမ္မတကြီး သို့ (သူ့အတွေး သူ့အမြင်)
    အောက်တိုဘာ၊ ၉
    ရောဘတ် အယ်လ်ဟို့စ်
    541904_163519360513671_1816103269_n
    ဒီပုံထဲက ပုဂ္ဂိုလ်ကြီး နှစ်ယောက်လုံး ကို တစ်ချိန်သော အခါများက နိုဘယ်လ် ငြိမ်း ချမ်း ရေး ဆုအတွက် (nominee ) အဖြစ် အမည်စာရင်း တင်သွင်းခြင်းခံခဲ့ ရဘူးပါ တယ်။ တစ်ဖက်မှာ ဒီပုဂ္ဂိုလ်ကြီး နှစ်ယောက်ပေါင်း ပြီး ကမ္ဘာ့လူသားပေါင်း သန်းပေါင်း လေးဆယ် ခန့် ကို သတ်ဖြတ်ပစ် ခဲ့ဘူးပါတယ်။ လူ သန်းလေးဆယ်ပါ။
    ဒီပုံထဲက နှစ်ယောက်ကို လူတိုင်းသိကြမှာပါ။ တစ်ဦးက နာဇီဂျာမနီပြည် ရဲ့ အဓိပတိ ကြီး ဖြစ်ခဲ့ဘူးပြီး ဒုတိယ ကမ္ဘာစစ်မီးကြီးကို မွှေးခဲ့သူ အဒေါ့ဖ် ဟစ်တလာပါ။ အပြစ်မဲ့ အရပ် သားပေါင်း သန်း ပေါင်း များစွာကို နည်းမျိုးစုံ နဲ့ ညှဉ်းပမ်း သတ်ဖြတ် ခဲ့သူ။ လူသားမျိုးနွယ်ကြီး တစ်ရပ်လုံးအပေါ်မှာ အကောက်ကျစ်တကာ့ အကောက်ကျစ်ဆုံး၊ အယုတ်မာတကာ့ အယုတ်မာဆုံး နည်းလမ်းတွေနဲ့ ရာဇ၀တ်မှု များ ပြုကျင့်ခဲ့သူ တစ်ဦးပါ။
    နောက်တစ်ဦး ကတော့ တစ် ချိန်က ဆိုဗီယက်ယူနီယံ ဆိုတဲ့နာမည်နဲ့ ကမ္ဘာ့ မြေပုံပေါ် မှာ နှစ် ပေါင်း ၇၀ ကျော်ကြာ နေရာယူခဲ့ ဘူးတဲ့ အာဏာရှင် ကွန်မြူနစ် ရုရှ အင်ပါယာ ကြီး ရဲ့ ကာလ အကြာရှည်ဆုံး အာဏာရှင်ကြီး ဂျိုးဆက်စတာလင် ပါပဲ။ သူ့လက် ထက်မှာလည်း လူပေါင်း သန်းပေါင်း များစွာကို နည်းမျိုးစုံ နဲ့ သေကြေစေခဲ့ သူ၊ သတ် မိန့်ပေးခဲ့သူ၊ ညှမ်းပမ်းခဲ့သူ၊ ရုရှဘာသာစကား နဲ့ (Gulag ) လို့ခေါ်တဲ့ ကမ္ဘာကျော် ညှမ်းပမ်း နှိပ်စက် သတ်ဖြတ်ရေး အကျဉ်းစခန်းတွေမှာ သေကြေစေခဲ့သူ။
    သူတို့ နှစ်ဦးလုံးဟာ သူတို့နဲ့ အတွေးအခေါ် အယူအဆ မတူသူများ၊ အယူဝါဒ ကွဲ ပြားသူများ၊ လူမျိုးနွယ် ကွဲပြားသူများကို သဲကြီးမဲကြီး ပစ်မှတ်ထား နှိပ်ကွပ် ခဲ့ကြတဲ့ ၊ ကမ္ဘာ့သမိုင်း မှာ အဆိုးဝါး ဆုံးသော လူသတ်ကောင်ကြီး များပါပဲ။ ဆိုလိုတာက ယနေ့ထိ တွင်ရစ် ခဲ့သမျှ ကမ္ဘာ့သမိုင်း မှာ ထိပ်ဆုံးက အဆိုးဝါးဆုံး လူသတ်သမား၊ သူယုတ် မာ များဟာ သူတို့ပါပဲ။
    သူတို့ပြုကျင့်ခဲ့သမျှသော အဓမ္မ၊ ယုတ်မာပက်စက် ခဲ့မှုများကို ကမ္ဘာ့ သမိုင်းမှာ မည်သည့်အခါမျှ၊ မည်သည့်ပုံစံနဲ့မျှ ပြန်လည် ပြုပြင်ခြင်းငှာ မစွမ်းသာတော့ပါ။ သမိုင်းကပဲ သမိုင်းကို ရေးပါတယ်။ သမိုင်းကို လူ တွေ က ကြိုက်သလို ပုံသွင်း ပြင်ဆင်ခြင်းငှာ မစွမ်းသာပါ။
    ဟစ်တလာ လို လူဆို တစ်သက်လုံး ဘယ်တော့မှ အရက်သေစာ သောက်စားခဲ့ဘူး တဲ့ မှတ်တမ်း မရှိသလို၊ သက်သတ်လွတ် သမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီ့အပြင် မြန်မာပြည် က ဗိုလ်ချူပ်မှုး ကြီး သန်းရွှေတို့ မိသားစုလို နက္ခတ္တဗေဒင်၊ ယတြာ များကိုတောင် ယုံကြည် တဲ့ မျက်ကန်းမိစ္စာဝါဒီ တစ်ယောက်လည်း ဖြစ်ပါတယ်။
    စတာ လင်လို လူစားမျိုးဆို ခရစ်ယာန်ဘုန်းတော်ကြီး၊ ငယ်ဖြူ အဖြစ် တစ်သက်လုံး အရိုး ထုတ်တော့ မယ်လို့ဆိုပြီး ဘုန်းကြီးဖြစ် သင်တန်းကျောင်း ကိုတောင် နှစ်ရှည်ကြာ တက် ခဲ့ဘူးသူ တစ်ယောက်ဖြစ်ပါတယ်။
    ဒီလိုလူတွေ က ဒီလိုကောက်ကျစ် ယုတ်မာမှု တွေကို ပြုကျင့်ခဲ့ပြီး ဒီလို နိုဘယ်လ် ငြိမ်းချမ်းရေး ဆု အထိ အမည်စာရင်း တင်သွင်း ခြင်းတောင် ခံခဲ့ရဘူးတယ် ဆိုတာ ကမ္ဘာ့သမိုင်းမှာ အံ့ ဘွယ်သရဲ စဉ်းစားတွေးခေါ်ရန် နဲ့ ဆင်ခြင် နိုင်စရာ တစ်ခုလို့ ထင်မြင်မိပါတယ်။ တ ရား ရထိုက်သူများ ရကြပါစေ။
    ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဒါမျိုးလေးတွေ အခုနောက်ပိုင်း မြင်လာနေရလို့ပါ။သမ္မတကြီး အပါအ၀င် တစ်ချို့သော သူများ လက်တွေ့နဲ့ ကင်းကွာပြီး အကြည်နှုး မ လွန်မိစေရန်ပါ။
  • အောက်တိုဘာ ၈၊ နိုင်ငံတကာသတင်းတို
    အောက်တိုဘာ ၈၊ နိုင်ငံတကာသတင်းတို
    အောက်တိုဘာ ၈၊ ၂၀၁၃
    M-Media
    ပြင်သစ်သမ္မတဟောင်း ဆာကိုဇီချစားမှုစွဲချက်များနှင့် ပက်သက်ပြီး အပြစ်မရှိကြောင်း တရားရုံးဆုံးဖြတ်
    ၂၀၀၇ ခုနှစ်ရွေးကောက်ပွဲတွင် ရန်ပုံငွေရရှိရန် ပြင်သစ်နိုင်ငံ၏ လူချမ်းသာအမျိုးသမီး Liliane Bettencourt ထံမှ ငွေများအား တရားမ၀င်ရယူခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပက်သက်ပြီး ပြင်သစ်သမ္မတောင်း ဆာကိုဇီတွင် အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်သည်ဟု သိရသည်။
    ယမန်နေ့က ချမှတ်ခဲ့သော အဆိုပါအမိန့်ကြောင့် ပြီးခဲ့သည့်နှစ်က သမ္မတနေရာ ဆုံးရှုံးသွားခဲ့သည့် ဆာကိုဇီမှာ နိုင်ငံရေးလောကထဲသို့ ပြန်လည်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
    ၆ လကြာစစ်မှုများပြုလုပ်ခဲ့ပြီးနောက် ဆာကိုဇီနှင့်အခြားသံသယရှိသူတစ်ဦးတို့အား စွဲဆိုထားသည့် စွဲချက် ၁၂ ခုမှ ၁၀ခုကို ပယ်ဖျက်ပေးလိုက်သည်ဟု အခွန်ဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်သူ ဖက်ဘ်ရွိုက် ဂိုဂယ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
    အခြားသော အမှုများနှင့်ပက်သက်၍ အချို့သောစုံစမ်းစစ်ဆေးမှုများကို ခံရဖွယ်ရှိနေသော်လည်း ယခုဆုံးဖြတ်ချက်က ဆာကိုဇီ၏ နိုင်ငံရေးသမားဘ၀ အကြီးမားဆုံးအတားအဆီးကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။ ဆာကိုဇီကိုတိုင်ကလည်း ထိုဆုံးဖြတ်ချက်အား ချီးကျူးပြောဆိုလိုက်ပြီး သူ့အားထောက်ခံသူများကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သူ့အားအကွက်ဆင်၍ ထိုးနှက်ခဲ့သော အတိုက်အခံများကို ဝေဖန်ပြောကြားခဲ့သည်။
    Ref : aljazeera
    ________________________
    အာဂျင်တီးနား သမ္မတ ဦးခေါင်းခွဲစိတ်မည်
    အာဂျင်တီးနားနိုင်ငံ၏ သမ္မတဖြစ်သူ ခရစ္စတီနာ ဖာနန်ဒက်ဇ်မှာ ဦးနှောက်အတွင်းရှိ သွေးခဲအား ဖယ်ထုတ်ရန်အတွက် ဦးနှောက် ခွဲစိတ်မှုတစ်ခု ပြုလုပ်ရမည်ဟု သိရသည်။
    မကြာခဏခေါင်းကိုက်ခြင်းများဖြစ်ပေါ်နေပြီး ဦးနှောက်၏ လုပ်ဆောင်မှုများအား နှောက်ယှက်နေသည့် အဆိုပါသွေးခဲအား ဖယ်ရှားပြီးနောက် သမ္မတအား တစ်လခန့် အနားယူရန် အကြံပြုထားသည်ဟု သူမ၏ဆရာဝန်အဖွဲ့က ယမန်နေ့တွင်ပြောကြားခဲ့သည်။
    အချို့သောလူနာများတွင် အဆိုပါသွေးခဲအား ခန္ဓကိုယ်အတွင်းရှိ ဇိဝဖြစ်စဉ်များမှ စုပ်ယူလေ့ရှိသော်လည်း၊ တနင်္ဂနွေနေ့ ညနေပိုင်းတွင် သမ္မတ၏ ဘယ်ဘက်လက် အပေါ်ပိုင်းတွင် အားနည်းမှု၊ ထုံကျင်မှုများခံစားလာရသောကြောင့် ယခုကဲ့သို့ အလျင်အမြန်ခွဲစိတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
    ဒုတိယသမ္မတ အမာဒို ဘူဒူ၏ လူထုအား ယမန်နေ့ကပြောကြားခဲ့သော မိန့်ခွန်းတွင် သမ္မတ၏ခွဲစိတ်မှုအောင်မြင်စေရန် ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားခဲ့ သော်လည်း ခွဲစိတ်မှုပြုလုပ်နေစဉ်အတွင်း သမ္မတ၏ အာဏာအား တရားဝင်လွှဲပြောင်းပေးခြင်း ကိစ္စနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ခြင်းမရှိချေ။ ဘူဒူ ကိုယ်တိုင်မှာလည်း ချစားမှုနှင့် တရားမ၀င် ကြွယ်ဝမှုတို့နှင့် ပက်သက်ပြီး စုံစမ်းစစ်ဆေးခြင်းခံနေရသည်ဟု သိရသည်။
    Ref : aljazeera
    _______________________
    တရုတ်ထောင်များတွင် မသန်စွမ်းသူများမှာ လစ်လျူရှုခံနေရဟု တရုတ် ရှေ့နေပြောကြား
    နီ ယုလန်ဟု အမည်ရသည့် အဆိုပါရှေ့နေမှာ ပြီးခဲ့သည့် စနေနေ့က ထောင်မှလွတ်လာခဲ့ကာ ထောင်အတွင်းတွင်သူမ၏ ကျန်းမာရေးအခြေအနေ မှာ ပို၍ဆိုးဝါးခဲ့ပြီး အကျဉ်းထောင်မှ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပျက်ကွက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့အား တရားစွဲဆိုသွားမည်ဟု ယုလန်က ပြောကြားခဲ့သည်။
    “ကျွန်မတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ပိတ်ပင်ထားတဲ့အတွက်ကြောင့် ကြောက်ရွံ့ခြင်းဟာအသုံးမ၀င်ပါဘူး။ တကယ်လို့ အခွင့်အရေးအတွက် ကျွန်မတို့ တိုက်ပွဲ မ၀င်ဘူးဆိုရင်၊ ကျွန်မတို့ ဒီအတိုင်းပဲသေသွားမှာပါ” ဟု သူမက Reuters သတင်းဌာနသို့ပြောကြားခဲ့သည်။
    သူမအမှုသည်တစ်ဦး၏နေအိမ်အား မတရားဖြိုဖျက်နေခြင်းကို မှတ်တမ်းတင်ဗွီဒီယိုရိုက်ကူးခဲ့သောကြောင့် ယုလန်မှာ ၂၀၀၂ ခုနှစ်တွင်ရဲများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရကာ အောက်ပိုင်းသေခဲ့ရပြီး ဘီးတပ်ကုလားထိုင်အသုံးပြု၍ သွားလာခဲ့ရသည်။ ထို့ပြင် ၎င်း၏ နေအိမ်မှလည်း နှင်ထုတ်ခြင်းခံခဲ့ရသည်။
    ၂၀၀၁ ခုနှစ်က လူ့အခွင့်အရေးဆိုင်ရာတက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးသော တရုတ်အစိုးရ၏ စစ်ဆင်ရေးတစ်ခုတွင် ယုလန်မှာဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။
    Ref : aljazeera
    ________________________
    အမေရိကန်တွင် စစ်သားတစ်ဦး သေဆုံးမှုအတွက် စစ်သားသုံးဦးအား ဖမ်းဆီး
    အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်တွင် စစ်သားတစ်ဦး ဓားဖြင့်ထိုးသတ်ခံရမှုတစ်ခု စနေနေ့ကဖြစ်ပွားခဲ့ပြီး ထိုအမှုတွင်ပါဝင်သည်ဟု ယူဆရသူ အခြားစစ်သား သုံးဦးအား ဖမ်းဆီးကာ စစ်ဆေးခဲ့ပြီးနောက် တရားစွဲဆိုခဲ့သည်ဟု ၀ါရှင်တန်ရဲတပ်ဖွဲ့က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    နိုင်ငံရပ်ခြားမှ တာဝန်ထမ်းဆောင်ကာ အမေရိကန်သို့ပြန်ရောက်ခဲ့ကြသည့် စစ်သားများဖြစ်ကြသော ဂျရီမီယား ဟီလ်(၂၃ နှစ်)၊ စီဒါရီယမ် ဂျွန်ဆင် (၂၁ နှစ်)နှင့် ဘဲရ်ဖို့ဒ်(၂၁)တို့ကို တပ်သား တီဗင် ဂျီကီအား သတ်မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
    ထိုလေးဦးစလုံးမှာ ၀ါရှင်တန်ပြည်နယ် တာကိုမာဆိပ်ကမ်းမြို့ရှိ Base Lewis-McChord စစ်သားစုဆောင်းရေးတပ်မှဖြစ်ပြီး တပ်နှင့်မဝေးသော လမ်းငယ်တစ်ခုတွင် လမ်းလျှောက်နေစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    အသတ်ခံရသူမှာ လူဖြူစစ်သားတစ်ဦးဖြစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ကြသူများမှာ လူမည်းစစ်သားများဖြစ်သောကြောင့် ထိုကဲ့သို့အသတ်ခံရမှုမှာ လူမျိုးရေးမုန်တီးမှုများ ကြောင့် ဖြစ်ပေါ်လာခြင်းဟုတ်မဟုတ်ကို စစ်ဆေးခဲ့ပြီး လူမျိုးရေးမုန်းတီးမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ဟု ရဲတပ်ဖွဲ့က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    Ref : cnn
    ________________________
    ဖိလစ်ပိုင်နိုင်ငံတွင် အလုပ်လက်မဲ့လူဦးရေ ၂၆.၁ ရာခိုင်နှုန်းသို့ရောက်ရှိ
    ယခုနှစ် ဇွန်လအကုန်အထိ ဖိလစ်ပိုင်နိုင်ငံ၏ အလုပ်လက်မဲ့ဦးရေမှာ ၂၆.၁ ရာခိုင်နှုန်းရှိနေသည်ဟု လွတ်လပ်သော ဖိလစ်ပိုင် လူမှုစောင့်ကြည့်လေ့လားရေးအဖွဲ့ တစ်ခုဖြစ်သည့် SWS က၎င်းတို့ကောက်ယူသော စစ်တမ်းများကို ကိုးကား၍ ပြောဆိုလိုက်သည်။ ထို့ပြင် အေဂျင်စီများအနေဖြင့် အလုပ်အကိုင်များနှင့်ပက်သက်ပြီး သုံးသပ်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖမ်တီးပေးရန်လည်း ဆိုအပါ အဖွဲ့က သတိပေးပြောဆိုခဲ့သည်။
    SWS က ဇွန်လ ၂၈ ရက်မှ ၃၀ ရက်အတွင်း အရွယ်ရောက်ပြီး လူပေါင်း ၁၂၀၀၀ ကိုတွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်ပြီး အလုပ်လုပ်နိုင်စွမ်းရှိသည့် လူငယ်လူရွယ်များမှာ လက်ရှိတွင် အလုပ်မရှိဘဲ အလုပ်ရှာဖွေနေရသည်ကို ဟုတွေ့ရှိခဲ့သည်။
    ပြီးခဲ့သည့်မတ်လကလည်း ထိုကဲ့သို့စစ်တမ်းကောက်ယူခဲ့ရာ အလုပ်လက်မဲ့ လူဦးရေမှာ ၂၅.၄ ရာခိုင်နှုန်းရှိပြီး ဇွန်လစစ်တမ်းတွင် အနည်းငယ်တိုးလာသည်ဟု ဆိုနိုင် သည်။ ထို့ပြင် အမျိုးသား အလုပ်လက်မဲ့ ရာခိုင်းနှုန်းမှာ မတ်လတွင် ၁၇.၃ ရှိပြီး ဇွန်လတွင် အနည်းငယ်တိုးလာခဲ့ပြီး ၁၉.၂ ရာခိုင်နှုန်းရှိလာကာ အမျိုးသမီး အလုပ်လက်မဲ့ ရာခိုင်နှုန်းမှာ မတ်လက ၃၅.၄ မှ ဇွန်လ စစ်တမ်းကောက်ယူမှုတွင် ၃၅.၈ ရာခိုင်နှုန်းရှိလာခဲ့သည်။
    Ref : xinhua
    ________________________
    ၂၀၁၃ ခုနှစ် ဆေးပညာရပ်ဆိုင်ရာ နိုဘယ်ဆု ဆရာဝန်သုံးဦး ပူးတွဲရရှိ
    ယခုနှစ်အတွက် ဆေးပညာရပ်ဆိုင်ရာနိုဘယ်ဆုကို ယမန်နေ့က ပေးအပ်ချီးမြှင့်ခဲ့ရာ အမေရိကန်မှ ဆရာဝန်နှစ်ဦးနှင့် ဂျာမနီမှ ဆရာဝန်တစ်ဦးတို့က ပူးတွဲရရှိသွားသည်ဟုသိရသည်။
    အမေရိကန်မှ ဂျိမ်း အီး ရုသ်မန်၊ ရန်ဒီ ဒဗလျူ ရှက်မန် တို့ဖြစ်ကြပြီး ဂျာမနီမှ သောမတ်စ် စီ ဆူဒ်ဟို့ဖ် တို့ဖြစ်ကြကာ ၎င်းတို့အဖွဲ့မှာ ဆဲလ်များမှ ပြုလုပ်သည့် မော်လီကျူးများကို ခန္ဓာကိုယ်ရှိ မည်သည်နေရာသို့ မည့်သည့် အချိန်တွင်ပို့ပေးရခြင်းအား ဆဲလ်များက မည်ကဲ့သို့ ဆုံးဖြတ်သည်ကို ရှာဖွေတွေ့ရှိခဲ့မှုအတွက် နိုဘယ်ဆု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
    ၎င်းတို့၏ တွေ့ရှိမှုသည် ဆဲလ်များက ၎င်းတို့၏ မော်လီကျုးပို့ဆောင်ရေး စနစ်များ မည်ကဲ့သို့ဆောင်ရွက်သည်ဆိုသော ဆေးပညာနယ်ပယ်တွင် ရှုပ်ထွေးသည့် ကိစ္စတစ်ခုအား ဖြေရှင်းပေးနိုင်ခဲ့ခြင်းဖြစ် သည်ဟု ယမန်နေ့ကပြုလုပ်ခဲ့သည့် နိုဘယ်လ်ဆု ရွေးချယ်ပွဲတွင် ပြောကြားခဲ့သည်။
    Ref: CNN
    Photo : Copied Reuters
    ဓါတ်ပုံအညွှန်း- ဝဲမှ ယာသို့ – ရန်ဒီ ဒဗလျူ ရှက်မန်, သောမတ်စ် စီ ဆူဒ်ဟို့ဖ် နှင့် ဂျိမ်း အီး ရုသ်မန်
    ________________________
    ဟဂ်ျဝတ်ပြုချိန် ကာလအတွင်း လုံခြုံရေးနှင့် မှတ်တမ်းတင်ရန် ကင်မရာအလုံး ၄၂,၂၀၀ ဆော်ဒီတပ်ဆင်
    ယခုနှစ် ဟဂ်ျ ပြုလုပ် ဝတ်ပြုချိန် ကာလအတွင်း ဟဂ်ျဝတ်ပြု ဖြစ်စဉ် ပုံရိပ်များကို မှတ်တမ်းတင်ရန်အတွက် ဆောဒီအာရေဗျနိုင်ငံ မက္ကာမြို့တော်ရှိ ကအ်ဗဟ် ဗလီဝတ်ကျောင်းတော်ပရ၀ုဏ်အတွင်းတွင် လုံခြုံရေးကင်မရာများကို ဆော်ဒီအစိုးရက တပ်ဆင်ခဲ့သည်ဟု ဟဂ်ျ စောင့်ကြည့်ရေးနှင့် စီမံခန့်ခွဲရေး စင်တာ၏ အကြီးအကဲ အဗ္ဗဒူလာ အလ်ဇဟ်ရာနီက ပြောကြားခဲ့သည်။
    ကအ်ဗဟ်ကျောင်းတော်ပရ၀ုဏ်အတွင်းတွင် လုံခြုံရေးကင်မရာပေါင်း ၄၂၀၀၀ တပ်ဆင်ထားပြီး ကင်မရာတစ်ခုချင်းစီမှာ ၆၀ ကီလိုမီတာ အကွာအဝေးအထိ ပြတ်သားစွာ စောင့်ကြည့်နိုင်မည်ဖြစ်သည်။
    “အင်မတန်အရည်အသွေးကောင်းတဲ့ ကင်မရာတွေကိုအသုံးပြုပြီး ပထမဦးဆုံးအနေနဲ့ ယခုနှစ်မှာ စတင်တပ်ဆင်တာပါ။ ဒီကင်မရာတွေဟာ ကီလိုမီတာ ၆၀ အထိ စောင့်ကြည့်နိုင်ပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုမှာတွေမှာလည်း အလုပ်လုပ်နိုင်ပါတယ်” ဟု အဗ္ဗူလာက Arab News သို့ပြောကြားခဲ့သည်။
    နှစ်စဉ်နှစ်တိုင်း ဟဂ်ျပြုလုပ်ရန် လာကြသည့် မွတ်စလင်များ များပြားလာသောကြောင့် နေရာထိုင်ခင်းများပိုမိုပြုလုပ်ပေးနိုင်ရန် ကအ်ဗဟ်ဗလီဝတ်ကျောင်းတော်အား အဆင့်မြှင့်တင်မှုများပြုလုပ်ဆောင်ရွက်ခဲ့သည်။
    ထို့ပြင် ထိုကင်မရာများအား စောင့်ကြည့်ရေးစင်တာ၊ သတင်းအချက်အလက်စင်တာ၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နှင့် ဆက်သွယ်ထားကြောင်း အဗ္ဗဒူလာက ထပ်လောင်း ပြောကြားခဲ့သည်။
    ကမ္ဘာ အနှံ့အပြားမှ မွတ်စလင်များသည် အစ္စလာမ့် မဏ္ဍိုင်ကြီးငါးရပ်တွင် တစ်ရပ် အပါအ၀င်ဖြစ်သော ဟာ့ဂ်ျကျင့်စဉ် ပြုရန် မက္ကာမြို့တော်သို့ နှစ်စဉ် လာရောက်ကြပါ သည်။ ကမ္ဘာ့ လူအများ အကြီးအမားဆုံးသော စုစည်းမှုဖြစ်ပေသည်။
    ငွေကြေးတတ်နိုင်ကာ ကိုယ်ခန္ဓာချို့ယွင်းခြင်းမရှိသော အရွယ်ရောက်ပြီးသော မွတ်စလင်တိုင်းသည် ၄င်းတို့၏ ဘ၀တွင် အနည်းဆုံး ဟာ့ဂ်ျ တစ်ကြိမ်မျှပြုလုပ်ကြရန် အစ္စလာမ်ဘာသာတွင် သက်မှတ်ပြဌာန်းထားသည်။
    Ref: english.alarabiya.net
    ________________________