News @ M-Media

Blog

  • အောက်တိုဘာ ၈ အားကစားသတင်းများ

    အောက်တိုဘာ ၈ အားကစားသတင်းများ

    အောက်တိုဘာ၊ ၈
    M-Media
    ကိုလေးစုစည်းတင်ဆက်သည်။

    အက်သလက်တီကိုမှာ ဘာစီလိုနာနှင့် ရီးယဲလ်တို့ကို စိန်ခေါ်နိုင်သည်ဟု မာတီနိုဆို

    ရာသီအစတွင် အံ့သြဖွယ်ခြေစွမ်းများကို ပြသနေသည့် အက်သလက်တီကို မက်ဒရစ်အသင်းမှာ အသင်းနှစ်သင်းသာကြီးစိုးထားသည့် လာလီဂါချန်ပီယံဘွဲ့အား စိန်ခေါ်နိုင်သောအသင်းတစ်သင်းဖြစ်လာသည်ဟု ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက ပြောကြားခဲ့သည်။

    အက်သလက်တီကိုအသင်းမှာ ယခုနှစ်ရာသီအစတွင် ၈ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်အထိ ခြေစွမ်းပြခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းအား ဘာနေဗျူးတွင်အနိုင်ရခဲ့ခြင်းမှာ ၎င်းတို့အတွက် အလွန်ချီးကျူးစရာကောင်းသော အောင်မြင်မှုဖြစ်သည်။

    “ချန်ပီယံဘွဲ့ကိုရနိုင်တဲ့ အသင်းသုံးသင်းရှိပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေကတော့ သေဘာတူမှာမဟုတ်ပါဘူး။ စူပါဖလားပြိုင်ပွဲမှာ ကျွန်တော်သူတို့ (အက်သလက်တီကို) အကြောင်း ကောင်းကောင်းသိသွားပါတယ်” ဟု အက်သလက်တီကိုအသင်းနှင့်ပက်သက်ပြီး မာတီနိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

    လာလီဂါပြိုင်ပွဲတွင် ဘာစီလိုနာအသင်းမှာ အက်သလက်တီကိုအသင်းနှင့် ဇန်န၀ါရီလ ၁၁ နေ့တွင်မှ တွေ့ဆုံရမည်ဖြစ်သော်လည်း အက်သလက်တီကို အသင်းနှင့်ပက်သက်ပြီး သိသင့်သိထိုက်သောအရာများကို အနေဖြင့် သိပြီးဖြစ်သည်ဟု ယုံကြည်ကြောင်း မာတီနိုက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal.com
    ……………………………………………
    ဂိုးသမားဗားလ်ဒက်စ် ဘာစီလိုနာမှ ထွက်ခွာတော့မည်

    ယခုနှစ်ရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး အခြားသော လိဂ်ပြိုင်ပွဲများတွင် မိမိ၏ ကံကြမ္မာအား စမ်းသပ်လိုသည်ဟု ဘာစီလိုနာအသင်း၏ ၀ါရင့်ဂိုးသမား ဗစ်တာ ဗားလ်ဒက်စ်က ကြေညာခဲ့သည်။

    ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကတည်းကပင် ဘာကာအသင်းတွင် စာချုပ်ပြည့်သွားခဲ့ပါက သက်တမ်းတိုတော့မည်မဟုတ်ဟု ပြောကြားထားသည့် ဗားလ်ဒက်စ်မှာ ဘာကာအသင်းတွင် ၎င်း၏အချိန်ကုန်ဆုံးသွားပြီဟု ခံစားရခြင်းကြောင့် ဤကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အလယ်တန်းကစားသမား အင်နီယေစတာ အပါအ၀င် ဘာစီလိုနာအသင်း၏ ကစားသမားများက ဗားလ်ဒက်စ်အား ဘာကာတွင်ဆက်ရှိနေရန် ဆွဲဆောင်ရန်လိုသည်ဟု ယခင်က ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

    “ဒီမှာရှိတဲ့ ကျွန်တော့်ရဲ့ အချိန်ဟာ ပြီးဆုံးသွားပါပြီ။ အသင်းက ဆက်နေဖို့ ကျွန်နော့်ကို ကမ်းလှမ်းခဲ့ပေမယ့် (ဆက်မနေဖို့) ကျွန်တော်ဆုံးဖြတ်ပြီးပါပြီ။ စိန်ခေါ်မှုတွေကို ကျွန်တော်ရှာဖွေမှာပါ။ ကျွန်တော့်မိသားစုနဲ့ အခြားတစ်နေရာမှာနေချင်ပြီး အခြားလိဂ်တစ်ခုမှာလည်း ကျွန်တော်ကစားချင်ပါတယ်” ဟု ဗားလ်ဒက်စ်က စပိန် ရုပ်သံချန်နယ်တစ်ခုဖြစ်သည့် Antena3 သို့ပြောကြားခဲ့သည်။
    Ref: Goal.com
    ………………………………………
    မန်စီးတီးနောက်ခံလူ ကွန်ပနီ တစ်လခန့်အနားယူရတော့မည်

    article-0-188A3FFB00000578-1_634x425

    မန်ချက်စတာစီးတီးအသင်း၏ အသင်းခေါင်းဆောင် နောက်ခံလူ ဗင်းဆင့် ကွန်ပနီမှာ ပေါင်ဒဏ်ရာကြောင့် တစ်လခန့်အနားယူရတော့မည်ဟု အသင်းမှ ထုတ်ဖော်ပြောကြားလိုက်သည်။ ကွန်ပနီမှာ ပရီးမီးယားလိဂ်ရာသီအစ ကလည်း ပေါင်ခြံဒဏ်ရာကြောင့် လေးပတ်ခန့်အနားယူခဲ့ရပြီး စနေနေ့က အဲဗာတန်အသင်းအား အနိုင်ရရှိခဲ့သောပွဲတွင် ကွင်းအတွင်းမှ ထော့နဲ့ထော့နဲ့ဖြင့် ထွက်သွားခဲ့ရသည်။

    ဘယ်လ်ဂျီယံ လက်ရွေးစင်တစ်ဦးဖြစ်သူ ကွန်ပနီ၏ ဒဏ်ရာအား စစ်ဆေးမှုများပြုလုပ်ပြီးနောက် ဒဏ်ရာအခြေအနေအရ တစ်လခန့်အနားယူရမည်ဖြစ်ပြီး ခရိုအေးရှား၊ ဝေးလ်စ်တို့နှင့်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပါဝင်နိုင်တော့မည်မဟုတ်ဟု မန်စီတီးအသင်းက ယမန်နေ့က ကြေညာခဲ့သည်။

    မန်စီးတီးနောက်တန်းတွင် နက်စတာစစ်၊ ဒီမစ်ချယ်လီ၊ ရစ်ချတ်နှင့် ကလစ်ချီတို့ဒဏ်ရာရရှိနေပြီး ကွန်ပနီဒဏ်ရာရရှိသွားခြင်းက မန်စီးတီးနည်းပြ ပယ်လီဂရီနီအတွက်လည်း ထိုးနှက်ချက်တစ်ခုဖြစ်သွားခဲ့သည်။ အသက် ၂၇ နှစ်အရွယ်ရှိကွန်ပနီမှာ ဒဏ်ရာပြဿနာနှင့် မကြာခဏရင်ဆိုင်နေရသူဖြစ်ပြီး ပြီးခဲ့သည့် ၁၂ လအတွင်း ခြေသလုံးနှင့် တံကောကြောဒဏ်ရာတို့ကို ခံစားခဲ့ရသည်။

    ………………………………….
    ATP ဂျပန်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဒယ်လ်ပေါ်ထရို ဗိုလ်စွဲ

    ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဂျပန်အိုးပင်းတင်းနစ်ပြိုင်ပွဲ တွင် နိုင်ခြအဆင့် ၁ ရ အာဂျင်တိုင်း တင်းနစ်သမား ဒယ်လ်ပေါ်ထရိုက အနိုင်ရဗိုလ်စွဲခဲ့သည်ဟုသိရသည်။

    တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဗိုလ်လုပွဲတွင် ပေါ်ထရိုမှာ ကနေဒါတင်းနစ်သမား ရိုအာနစ်နှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ ၁ နာရီနှင့် ၄၆ မိနစ်ကြာခဲ့သည့် အဆိုပါပွဲစဉ်တွင် ပေါ်ထရိုမှာ အကြိတ်အနယ်ကစားကာ ၇-၆(၇-၅)၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ယခုပွဲအနိုင်ကြောင့် ဒယ်လ်ပေါ်ထရိုမှာ ကမ္ဘာ့အဆင့် ၅ နေရာကို ရယူနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းဝင်သည့် ကစားသမားများသာယှဉ်ပြိုင်ရသည့် လန်ဒန်တွင်ကျင်းပသည့် တင်းနစ်ရာသီပိတ် World Tour Finals တွင် ၀င်ရောက်ကစားခွင့်ရရှိသွားပြီ ဖြစ်ပြီး ရိုအာနစ်မှာ အဆင့် ၁၀ သာရခဲ့သောကြောင့် ထိုပြိုင်ပွဲအား လွဲချော်ခဲ့ရပြီဖြစ်သည်။

    Ref: skysports

    ………………………….
    ဒဏ်ရာကြောင့် အစ္စတန်ဘူလ် WTA ချန်ပီယံရှစ်ပြိုင်ပွဲအား ရှာရာပိုဗာလွဲချော်

    ယခုနှစ်တင်းနစ်ရာသီ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးပိတ်ပြိုင်ပွဲအဖြစ် WTA ချန်ပီယံရှစ်ပြိုင်ပွဲကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် မကြာမီ ကျင်းပတော့မည်ဖြစ်ပြီး နာမည်ကြီး ရုရှားတင်းနစ်မယ် မာရီယာ ရှာရာပိုဗာမှာ ထိုပြိုင်ပွဲအား ပခုံးဒဏ်ရာကြောင့် လွဲချော်ရတော့မည်ဟု သိရသည်။

    ကမ္ဘာ့အဆင့် ၃ ရှိ ရှာရာပိုဗာမှာ သြဂုတ်လအတွင်း အမေရိကန်၌ ကျင်းပခဲ့သည့် Western and Southern Open တင်းနစ်ပြိုင်ပွဲတွင် ဒုတိယအဆင့်မှ ရှုံးနိမ့်ထွက်ခွာခဲ့ရပြီးကတည်းက ဒဏ်ရာပြဿနာကြောင့် အနားယူနေရသူဖြစ်သည်။

    ယူအက်စ်အိုးပင်းပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ပြီး ယခု WAT ချန်ပီယံရှစ်ပြိုင်ပွဲကိုလည်း လွဲချော်ရမည်ဖြစ်သဖြင့် စိတ်ပျက်နေသော ရှာရာပိုဗာက “ကျွန်မတော်တော်လေး စိတ်ပျက်မိပါတယ်။ (အစ္စဘူလ်တွင်ကျင်းပမည့်) ဒီနှစ် TEB BNP Paribas WTA Championship ပြိုင်ပွဲကိုလည်း ကျွန်မကစားနိုင်တော့မှာ မဟုတ်ပါဘူး။ နှစ်တိုင်း အစ္စတန်ဘူလ်က ကျွန်မပရိတ်သတ်တွေက ကျွန်မကို ချစ်စိတ်ပြင်းပြမှု၊ နွေးထွေးမှုတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ဒီနှစ်တော့ ရာသီကုန်တိုင်းမှာ သူတို့ပေးတဲ့ စွမ်းအားတွေ စိတ်လှုပ်ရှားမှုတွေကို ကျွန်မ လွဲချော်ရတော့မှာပါ” ဟု ရှာရာပိုဗာက ပြောဆိုခဲ့သည်။

    Ref: skysports

  • * မြန်မာပြည်သားစစ်စစ် ဖြစ်တယ် *

    အောက်တိုဘာ၊ ၈
    M-Media
    ရေးဖွဲ့သူ- ဇေဝိုင်သစ်

    MyanmarWorld
    ဧည့်သည်ဖြစ်ဖြစ်၊ နိုင်ငံသားဖြစ်ဖြစ်
    တိုင်းရင်းသားဖြစ်ဖြစ်၊ ဘယ်လိုဖြစ်ဖြစ်…
    ဒီ လူဖြစ်ခွင့်ကို ကျုပ် သိတတ်တာ
    မြန်မာပြည်သားစစ်စစ် ဖြစ်တယ်။

    ဒီမြေရဲ့ဆန်ကို စားခဲ့၊ ဒီလေထုကို ရှုခဲ့
    ဒီရေကို သောက်ခဲ့၊ ဘယ်ကျေးဇူးဖြစ်ဖြစ်
    ဒီ ရပိုင်ခွင့်ကို ကျုပ် သိတတ်တာ
    မြန်မာပြည်သားစစ်စစ် ဖြစ်တယ်။

    ခင်ဗျားတို့ လူမျိုးကြီးဝါဒလို့ ပြောနေတဲ့
    ဗမာ့သွေးတွေ ကျုပ်ကိုယ်ထဲမှာ နှောတယ်။

    ခင်ဗျားတို့ အိမ်နီးချင်းလူလည်လို့ ပြောနေတဲ့
    တရုပ်သွေးတွေ ကျုပ်ကိုယ်ထဲမှာ ရောတယ်။

    ခင်ဗျားတို့ နာမ်နှိမ်ချင်နေတဲ့
    အိန္ဒိယကုလားသွေးတွေ ကျုပ်ကိုယ်ထဲမှာ နှောတယ်။

    ခင်ဗျားတို့ သူပုန်ထနေတယ် ပြောနေတဲ့
    ကရင်သွေးတွေ ကျုပ်ကိုယ်ထဲမှာ ရောတယ်။

    ကျုပ်က ကပြား၊ ဘာသာခြား၊ အသားဖြူ
    ဘာပဲဖြစ်ဖြစ်…
    မြန်မာစကားပဲ ပြောတတ်တဲ့
    မြန်မာပြည်သားစစ်စစ် ဖြစ်တယ်။

    တိုင်းရင်းသားဆိုတာ…
    အစုလိုက် ခွဲခြားဆက်ဆံခံဖို့ မဟုတ်ဘူး။
    ဘာသာခြားဆိုတာ…
    အမေဇုန်ထဲက လူရိုင်းတွေ မဟုတ်ဘူး။
    အသား၊အရောင်မတူသူဆိုတာ…
    ဖန်ပေါင်းချောင်ထဲက သတ္တ၀ါတွေမဟုတ်ဘူး။

    လူကို လူလို မြင်တတ်ဖို့ဆိုတာလည်း
    လူ့မျက်လုံးတွေတော့ အနည်းဆုံး လိုတယ်…။

    ဥပဒေသာ မျှတပြီးစနစ်ကျရင်
    ကံတရားက ခိုးမ၀င်နိုင်ဘူး။
    ဘိုးဘေးတွေဟာ မြန်မာပြည်ကို ရွေးချယ်တယ်
    မြန်မာပြည်ကတော့ ကျုပ်ကိုရွေးချယ်တယ်
    ဒီတော့…ကျုပ်က မြန်မာပြည်သားစစ်စစ်ဖြစ်တယ်။

    မြန်မာ့မြေကို တချို့က ယုတ်မာတယ်
    တချို့က မြန်မာ့မြေပေါ်မှာ ယုတ်မာတယ်
    တချို့က မြန်မာနဲ့ မြန်မာချင်း ယုတ်မာတယ်…
    သူတောင်းစားကနေ ရှင်ဘုရင်အထိ
    တိုင်းပြည်ကောင်းစားမှာ မလိုလားရင် (ဒီမြေရဲ့)လူယုတ်မာချည်းပဲ။ ။

  • English Defense League အား တည်ထောင်သူ ယင်းအဖွဲ့မှ နုတ်ထွက်၊ အဖွဲ့ဝင်များ လက်ယာ စွန်းရောက် လွန်း၍ နုတ်ထွက်ခြင်း ဖြစ်ကြောင်းဖွင့်ဟ၀န်ခံ

    M-Media
    အောက်တိုဘာလ ၈ ရက်၊ ၂၀၁၃
    www.reuters.com

    Woolwich တိုက်ခိုက်မှု၌ မွတ်စလင်တဦးနှင့်အတူ ဆန္ဒပြနေသည့် ရော်ဘင်ဆင်
    Woolwich တိုက်ခိုက်မှု၌ မွတ်စလင်တဦးနှင့်အတူ ဆန္ဒပြနေသည့် ရော်ဘင်ဆင်

    အငြင်းပွားဖွယ် မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီး ဦးဝီရသူမှ မိမိကိုယ်တိုင် အတုယူကူးချနေပါသည်ဟု ပြောဆိုခဲ့ဖူးသည့် အင်္ဂလိပ်ကာကွယ်ရေးအဖွဲ့ချုပ် (English Defense League) မှ ခေါင်းဆောင်ဖြစ်သူ တော်မီရော်ဘင်ဆင်နုတ်ထွက်သွားခဲ့ကြောင်း ရိုက်တာ သတင်းတစ်ရပ်က ယနေ့ ဖော်ပြသည်။

    English Defense League (EDL) မှာ မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်သည့်အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့ကြောင့် လူမျိုးကွဲများအကြား တင်းမာမှုမြင့်မားလာခဲ့ရသည်။ EDL ၏ ခေါင်းဆောင်ဖြစ်သူ ရော်ဘင်ဆင်က မိမိအနေဖြင့် အသင်းဝင်များ၏ လက်ယာစွန်းရောက်မှုကို မထိန်းသိမ်းနိုင်တော့သဖြင့် ဤသို့ နုတ်ထွက်လိုက်ရခြင်းဖြစ်သည်ဟု အင်္ဂါနေ့တွင်(ယနေ့) ပြောကြားခဲ့သည်။

    ရော်ဘင်ဆင်နုတ်ထွက်မှုအား အစွန်းရောက်မှုများတိုက်ဖျက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် The Quilliam Foundation မှ အကူအညီပေးခဲ့ကြောင်း၊ သို့သော် ကျွမ်းကျင်သူတစ်ဦးကမူ ၄င်းနုတ်ထွက်သွားမှုသည် လက်ယာစွန်းရောက်လွန်းမက ရောက်သွားပြီး အစွန်းရောက်အကြမ်းဖက်မှုများ အဖြစ်သို့ ဦးတည်သွားနိုင်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

    Quilliam Foundation ၏ ဥက္ကဌမှာ မွတ်စလင်တစ်ဦးဖြစ်သူ မာဂျစ်န၀ါးဇ်ဆိုသူဖြစ်ပြီး ၄င်းမှာလည်း အစ္စလာမ်မစ်အစွန်းရောက် အဖြစ်မှ အသွင်ပြောင်း ခဲ့ပြီး အစွန်းရောက်တိုက်ဖျက်ရေးများကို ဦးဆောင်လှုပ်ရှားနေသူဖြစ်သည်။

    EDL သည် ၂၀၀၉ ခုနှစ်မှစတင်၍ အင်္ဂလန်နိုင်ငံ၌ မွတ်စလင်အနေများသည့် ဧရိယာများတွင် လမ်းဘေးဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး ထိုဆန္ဒပြပွဲ အများစုမှာ အကြမ်းဖက်မှုဆီသို့သာ ဦးတည်ခဲ့သည်ချည်းဖြစ်သည်။

    “ကျွန်တော်နုတ်ထွက်ဖို့ အချိန်အတော်ကြာယူပြီးစဉ်းစားခဲ့တယ်။ ဒီလို လမ်းဘေးဆန္ဒပြပွဲတွေကနေ သူတို့ (EDL အဖွဲ့ဝင်များ) တွေ အလုပ် သိပ်မဖြစ်တော့ ဘူးဆိုတာ တွေ့လိုက်ရတယ်” ဟု ရော်ဘင်ဆင်က မိမိနုတ်ထွက်ရခြင်းအကြောင်းရင်းကို ရှင်းပြသည်။

    တဆက်တည်း ရော်ဘင်ဆင်က – “လက်ယာစွန်းရောက်မှုရဲ့ အန္တရာယ်ကို ကျွန်တော်သိနားလည်ပါတယ်။ ဒါ့ပြင် အစ္စလာမ်မစ် (အစွန်းရောက်) အတွေးအခေါ်တွေကိုလည်း အကြမ်းမဖက်တော့ဘဲ ဒီမိုကရေစီနည်းလမ်းကျ တုန့်ပြန်ရမယ်ဆိုတာလည်း နားလည်ပါတယ်။” ဟု ပြောပြသည်။

    Quilliam ၏အဆိုအရမူ EDL မှ ရော်ဘင်ဆင်သာမက ၄င်း၏လက်ထောက်ဖြစ်သူ ကဲဗင်ကာရိုးပါ ထွက်သွားခဲ့ခြင်းဖြစ်သည်။ EDL သည် နော်ဝေ အကြမ်း ဖက်လူသတ်သမား ဗရိုင်ဗစ်နှင့် အဆက်အသွယ်ရှိသည့် အသင်းအဖွဲ့လည်း ဖြစ်သည်။

    EDL ကို ရော်ဘင်ဆင် လန်ဒန်မြောက်ဘက် ၃၅ မိုင်အကွာ မြို့တစ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

  • ဟဂ်ျဝတ်ပြုချိန် ကာလအတွင်း လုံခြုံရေးနှင့် မှတ်တမ်းတင်ရန် ကင်မရာအလုံး ၄၂,၂၀၀ ဆော်ဒီတပ်ဆင်

    အောက်တိုဘာ ၈
    M-Media

    d25cada0-ff11-4b76-8c24-09d6951b356f_16x9_600x338

    ယခုနှစ် ဟဂ်ျ ဝတ်ပြုချိန် ကာလအတွင်း ဟဂ်ျဝတ်ပြု ဖြစ်စဉ် ပုံရိပ်များကို မှတ်တမ်းတင်ရန်အတွက် ဆောဒီအာရေဗျနိုင်ငံ မက္ကာမြို့တော်ရှိ ကအ်ဗဟ် ဗလီဝတ်ကျောင်းတော်ပရ၀ုဏ်အတွင်းတွင် လုံခြုံရေးကင်မရာများကို ဆော်ဒီအစိုးရက တပ်ဆင်ခဲ့သည်ဟု ဟဂ်ျ စောင့်ကြည့်ရေးနှင့် စီမံခန့်ခွဲရေး စင်တာ၏ အကြီးအကဲ အဗ္ဗဒူလာ အလ်ဇဟ်ရာနီက ပြောကြားခဲ့သည်။

    ကအ်ဗဟ်ကျောင်းတော်ပရ၀ုဏ်အတွင်းတွင် လုံခြုံရေးကင်မရာပေါင်း ၄၂၀၀၀ တပ်ဆင်ထားပြီး ကင်မရာတစ်ခုချင်းစီမှာ ၆၀ ကီလိုမီတာ အကွာအဝေးအထိ ပြတ်သားစွာစောင့်ကြည့်နိုင်မည်ဖြစ်သည်။

    “အင်မတန်အရည်အသွေးကောင်းတဲ့ ကင်မရာတွေကိုအသုံးပြုပြီး ပထမဦးဆုံးအနေနဲ့ ယခုနှစ်မှာ စတင်တပ်ဆင်တာပါ။ ဒီကင်မရာတွေဟာ ကီလိုမီတာ ၆၀ အထိစောင့်ကြည့်နိုင်ပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုမှာတွေမှာလည်း အလုပ်လုပ်နိုင်ပါတယ်” ဟု အဗ္ဗူလာက  Arab
    News သို့ပြောကြားခဲ့သည်။

    နှစ်စဉ်နှစ်တိုင်း ဟဂ်ျပြုလုပ်ရန် လာကြသည့် မွတ်စလင်များ များပြားလာသောကြောင့် နေရာထိုင်ခင်းများပိုမိုပြုလုပ်ပေးနိုင်ရန် ကအ်ဗဟ်ဗလီဝတ်ကျောင်းတော်အား အဆင့်မြှင့်တင်မှုများပြုလုပ်ဆောင်ရွက်ခဲ့သည်။

    ထို့ပြင် ထိုကင်မရာများအား စောင့်ကြည့်ရေးစင်တာ၊ သတင်းအချက်အလက်စင်တာ၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နှင့် ဆက်သွယ်ထားကြောင်း အဗ္ဗဒူလာက ထပ်လောင်းပြောကြားခဲ့သည်။

    ကမ္ဘာ အနှံ့အပြားမှ မွတ်စလင်များသည် အစ္စလာမ့် မဏ္ဍိုင်ကြီးငါးရပ်တွင် တစ်ရပ် အပါအ၀င်ဖြစ်သော ဟာ့ဂ်ျကျင့်စဉ် ပြုရန် မက္ကာမြို့တော်သို့ နှစ်စဉ် လာရောက်ကြပါသည်။ ကမ္ဘာ့ လူအများ အကြီးအမားဆုံးသော စုစည်းမှုဖြစ်ပေသည်။

    ငွေကြေးတတ်နိုင်ကာ ကိုယ်ခန္ဓာချို့ယွင်းခြင်းမရှိသော အရွယ်ရောက်ပြီးသော မွတ်စလင်တိုင်းသည် ၄င်းတို့၏ ဘ၀တွင် အနည်းဆုံး ဟာ့ဂ်ျ တစ်ကြိမ်မျှပြုလုပ်ကြရန် အစ္စလာမ်ဘာသာတွင် သက်မှတ်ပြဌာန်းထားသည်။

    Ref: english.alarabiya.net

  • “ ကျွန်မတို့ကို အသက်ချမ်းသာပေးပါ ” ( အကြမ်းဖက်ခံတို့ရဲ့ ရှိုက်သံများ )

    အောက်တိုဘာ၊ ၈
    M-Media
    source: http://www.mmtimes.com
    သြရသရေချမ်း ဘာသာပြန်ဆိုသည်။

    thandwe

    သံတွဲမြို့နယ် သပြုချိုင်ကျေးရွာက မွတ်စ်လင်မ်နဲ့ဗုဒ္ဒဘာသာဝင် နယ်ခံဒေသခံတို့ဟာ မျိုးဆက်အလီလိ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတာပါ။ တည်ငြိမ်အေးချမ်း လျက်ရှိတဲ့ လူ့အသိုင်း အ၀ိုင်းအပေါ် စိုးထိတ်စရာ ဖျက်ဆီးသောင်းကျန်းမှုတွေကို ဗုဒ္ဓဘာသာဝင် အကြမ်းဖက် လူအုပ်များက အောက်တိုဘာ ၃ ရက်မှာ သယ်ဆောင်လာကြတယ်။ အဲ့ဒီမွှေနှောက်မှုကိုကြုံလိုက်ရတဲ့ အခါမှာတော့ ရှိနေတဲ့ ငြိမ်းချမ်းမှုဟာ အစိပ်စိပ်အမြွာမြွာ ပြိုကွဲသွားပါတော့တယ်။

    သေဆုံးသွားရတဲ့သူတွေထဲမှာ အသက် ၉၅ နှစ်အရွယ် ရောဂါသည်အဖွားအို ဒေါ်အေးကြည် လည်း အပါအ၀င် တစ်ဦးပေါ့။ သူမဟာ မိမိနေအိမ်ထဲမှာ ရက်ရက်စက်စက် ဓားနဲ့ထိုးခုတ်ခံခဲ့ရှာတယ်။ မိမိတို့ဟာ လူရမ်းကားအုပ်စုလက်က လွတ်မြောက်အောင်ထွက်ပြေးရလို့  မိခင်အိုကြီးကိုထားရစ်ခဲ့ရပုံကို သမီးဖြစ်သူ ဒေါ်ဇော်လေးခက မျက်ရည်ချောင်းစီးလို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။

    “ ရခိုင်လူမျိုး အယောက် ၄၀ ၀န်းကျင်လောက် ကျွန်မတို့အိမ်နားရောက်လာကြတယ်။ ပထမပိုင်းတုန်းကတော့ ခဲတွေနဲ့ ၀ိုင်းပေါက်ကြတယ်။ ကျွန်မတို့ဟာ အမေ့ကို သယ်ထုတ်ဖို့ ကြိုးစာခဲ့ကြတယ်။ အမေက လေဖြန်းပြီး အောက်ပိုင်းသေနေတဲ့အတွက် အမြဲတစေ အိပ်ရာထဲလှဲနေရသူပါ။

    ကျွန်မတို့ဆီ လူ ၃ ယောက် ပြေးလာကြတယ်။ ကျွန်မတို့ကို အသက်ချမ်းသာပေးပါဆိုပြီး သူတို့ကို ခယတောင်းပန်ပေမယ့် သူတို့က အိမ်ထဲ တိုးဝင်လာကြတော့ ကျွန်မတို့ အမေ့ကိုထားရစ်ပြီး ထွက်ပြေးကြရတယ်။ ကျွန်မတို့ထွက်ခွာလိုက်တဲ့စက္ကန့်ပိုင်းလေးမှာတင် အမေ့ရဲ့အော်သံသဲ့သဲ့လေးကို နောက်ဆုံးကြားလိုက်ရတာပါပဲရှင် ”။

    အကြမ်းဖက်မှုအပြီး နာရီအနည်းငယ်အကြာမှာ ဒေါ်ဇော်လေးခနဲ့ သူ့သမီး ဒေါ်မိမိခိုင်တို့ နေအိမ်ကို ပြန်လာခဲ့ကြတယ်။ ဒေါ်အေးကြည်ရဲ့ခန္ဓာကိုယ်ပေါ် ဓားဒဏ်ရာ ဗလပွနဲ့ဖြစ်နေပါပြီ။

    “ အမေ့ရဲ့ကိုယ်ပေါ်မှာ တော်တော်နက်ရှိုင်းတဲ့ ဓားဒဏ်ရာ ၅ – ၆ ချက်ထိ တွေ့ခဲ့ရပါတယ်။ နေ့လည်ပိုင်းရောက်တော့ ပိုမိုများပြားတဲ့ရခိုင်လူစုတွေ ရောက်လာပြီး အိမ်တွေကို မီးထပ်ရှို့ပြန်တယ်။ မိခင်ရဲ့ ရုပ်အလောင်းကို ကျွန်မတို့ ထပ်ပြီး ထားရစ်ခဲ့ရပြန်တယ်။ ညနေပိုင်းမှာ အာဏာပိုင်တွေက သူမကို ဆေးရုံသယ်သွားတယ် ဆိုတာလောက်ပဲ သိခဲ့ရပါတယ်။ ကျွန်မတို့ ခုချိန်ထိ အိမ်မပြန်ရဲသေးပါဘူး ”  ဆိုးသွမ်းလူအုပ်ကြီးရဲ့ပစ်မှတ် ဖြစ်သွားသူတွေအဖို့ နာကျင်ကြေကွဲတုန်လှုပ်နေရဆဲပါ။

    “ ကျွန်မ အိပ်လို့လည်း မပျော်ဘူး၊ စားလို့လည်း မ၀င်နိုင်ပါဘူး။ အသက် ၁၀၀ နီးပါးအရွယ်ရှိနေတဲ့ ရောဂါသည်အမယ်အိုကြီးကို သူတို့ သတ်ပစ်တာကို တွေးမိလေတိုင်း ကျွန်မရဲ့စိတ် ကစဥ့်ကလျားဖြစ်နေရပါတယ် ”

    အကြမ်းဖက်မှုဟာ ရုတ်တရက် မထင်မှတ်ပဲ ဖြစ်လာတာမဟုတ်ကြောင်း မွတ်စ်လင်မ်များက ဆိုပါတယ်။

    “ မွတ်စ်လင်မ်အိမ်တွေကိုသာ မီးရှို့ကြတာပါ။ မွတ်စ်လင်မ်တွေရဲ့နေအိမ်တွေကို အလွယ်တကူ တွေ့မြင်ခွဲခြားနိုင်ကြတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အခင်းမဖြစ်ပွားခင် ရက်အနည်းငယ်ကတည်းက ဗုဒ္ဓဘာသာဝင်တွေက သူတို့အိမ်ရှေ့မှာ သာသနာ့အလံတွေကို စိုက်ထူထားကြလို့ပါပဲ ” လို့ ဒေါ်အေးကြည်ရဲ့မြေး ဒေါ်မိမိခိုင်က ပြောပြပါတယ်။

    အလျင်အမြန် ရွှေ့ပြောင်းသယ်ယူရ မလွယ်ကူတဲ့အတွက် အမယ်အိုကြီးဟာ တိုက်ခိုက်သူများရဲ့သားကောင် ဖြစ်သွားခဲ့ရတယ်။ သတ်ဖြတ်ခံလိုက်ရတဲ့ထဲမှာ အသက် ၈၉ နှစ်အရွယ် ဦးအဒူစမတ် လည်း ပါဝင်တယ်။

    “ အဖေဟာ သူ့သားအငယ်ဆုံးနဲ့အတူ ရှိနေခဲ့တယ်။ အခင်းဖြစ်ပွားလာတော့ အိမ်မှာ အဖေတစ်ဦးတည်း ကျန်နေတယ်။ သူထွက်ပြေးဖို့ကြိုးစားခဲ့ရှာပါတယ်။ ဒါပေမယ့် သူ့အသက်အရွယ်နဲ့ကျန်းမာရေးအရ တခြားလူတွေလို မပြေးလွှားနိုင်တော့ဘူးလေ။ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့  သူ့ရုပ်အလောင်းကို ညနေပိုင်းကျမှ ကျွန်တော်တို့ တွေ့လိုက်ရပါတယ် ” ဆိုပြီး သားတစ်ဦးဖြစ်သူ ဦးမျိးဝင်းက ရှင်းပြခဲ့တယ်။

    လူရမ်းကားတွေရဲ့သားကောင်ထဲမှာ အသက်အငယ်ဆုံးအဖြစ် ကလေးသုံးဦးဖခင် အသက် ၄၈ နှစ်အရွယ် ဦးမြင့်လွင် ကို တွေ့ကြရတယ်။ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်တင်တင်လေး( ၄၈ နှစ် )က ဒီလို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

    “ စတင်ဖြစ်ပွားတာနဲ့ သူက ကျွန်မတို့ကို ပြေးခိုင်းပါတယ်။ ကျွန်မတို့ပြေးနေစဉ်မှာပဲ  တင်းကုပ်ထဲက နွားတွေကိုလွှတ်ပေးဖို့ ကမန်းကတန်း သူ ပြန်သွားခဲ့တယ်။ ကျွန်မတို့ သူ့ရုပ်အလောင်းကို မမြင်ခဲ့ရပါဘူး။ အိမ်ကနေ သူပြန်ပြေးလာချိန်မှာ အသတ်ခံလိုက်ရတယ်လို့ မြင်တဲ့ သူက  ပြန်ပြောပြခဲ့တာပါ ”။

    ခုချိန်မှာ သူတို့အိမ်ဂေဟာလေးက ပြာပုံအတိဖြစ်သွားခဲ့ပါပြီ။ မတည်ငြိမ်တဲ့အခြေအနေကြောင့် သူတို့လယ်ကွက်အနီး သွားရောက်ဖို့လည်း အခက်အခဲရှိနေပါတယ်။

    “ ဘာဆိုဘာမှ မကျန်ရစ်ပါဘူ။ အရာအားလုံး မီးထဲပါသွားပါတယ်။ ကျွန်မတို့ရဲ့နွားတွေကိုလည်း မတွေ့တော့ဘူး။ ရွာတစ်ဖက်ခြမ်းက ဆွေမျိုးတစ်ဦးအိမ်မှာ ကျွန်မတို့နေထိုင်နေရပါတယ်။ ကျွန်မတို့ လယ်မြေတွေက ရွာတစ်ဖက်ခြမ်း ရခိုင်တွေရဲ့ရွာနားကပ်လျက်မှာပါ။ ကျွန်မသားကြီးက ဒီနှစ်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားတယ်။ သမီးငယ် နှစ်ယောက်က ကျောင်းနေဆဲပါပဲ။ ဘာဆက်လုပ်ရမလဲဆိုတာ ကျွန်မ မသိတော့ပါဘူးရှင် ” လို့ ဒေါ်တင်တင်လေးက ဆိုရှာပါတယ်။

    သပြုချိုင်အကြမ်းဖက်မှုမှာ မွတ်စ်လင်မ်လယ်သမား ဦးအဒူမီယာ လည်း သတ်ဖြတ်ခံခဲ့ရတယ်။ သမီးဖြစ်သူ မယဉ်မေသန်း ( ၂၄ နှစ် ) က သူ့ဖြစ်အင်ကို ဒီလိုပြောပြခဲ့ပါတယ်။

    “ အဲ့ဒီအချိန်က ကျွန်မတို့ နေ့လည်စာ စားသောက်နေကြပါတယ်။ ကျွန်မတို့အားလုံးကို အဖေက ဝေးဝေးပြေးခိုင်းခဲ့ပြီး သူတစ်ဦးတည်း ကျန်ရစ်ခဲ့တာပါ။ သူတို့တွေက သူ့ကို ၀ါးချွန်တစ်ချောင်းနဲ့ ထိုးသွင်းသတ်ဖြတ်လိုက်ကြပါတယ် ”။

    မြန်မာတိုင်း(မ်) အင်္ဂလိပ်ပိုင်း ဆောင်းပါးရှင် Aung Shin ၏ ‘We begged them not to kill us’ ဆောင်းပါးကို သြရသရေချမ်း မှ ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။