News @ M-Media

Blog

  • စစ်ကောင်စီကို အရေးယူရေး ကုလ၏ ဆောင်ရွက်မှုကို တရုတ်ကန့်ကွက်

    စစ်ကောင်စီကို အရေးယူရေး ကုလ၏ ဆောင်ရွက်မှုကို တရုတ်ကန့်ကွက်

    ဧပြီ ၁၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူတာတွေကို ကန့်ကွက်တယ်လို့ လုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံက ပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို လိုလားတယ်လို့ ဆိုပါတယ်။

    မြန်မာအရေးနဲ့ပတ်သက်ပြီး ဗြိတိန်ရဲ့ တိုက်တွန်းမှုကြောင့် မနေ့က လုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအ၀ေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

    တရုတ် သံအမတ် ကျန်းကျွင်းက မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အမြန်ဆုံး ဆက်လက်ဖြစ်ထွန်းဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဘုံအကျိုးစီးပွား ဖြစ်ပါတယ်။ နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ ရေရှည်ဖြစ်နေမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ဒေသတစ်ခုလုံးအတွက် ဘေးအန္တရာယ် ဖြစ်လာပါလိမ့်မယ်”

    စီးပွားရေးပိတ်ဆို့မှုတွေက အခြေအနေတွေကို ပိုမိုရှုပ်ထွေးစေလိမ့်မယ်လို့လည်း ကျန်းကျွင်းက ဆိုပါတယ်။
    “တစ်ဖက်သက် ဖိအားတွေ၊ ပိတ်ဆို့မှုလုပ်ဖို့ တိုက်တွန်းတာတွေက အခြေအနေကို ပိုမိုတင်းမာလာစေပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ရှုပ်ထွေးမှုတွေသာ ဖြစ်လာစေမှာပါ။ ဘာကောင်းကျိုးမှ မရှိပါဘူး”
    Ref: AFP

  • စစ်ကောင်စီကြောင့် မြန်မာနိုင်ငံကို အကူအညီသစ် မပေးတော့ဟု ဂျပန်ထုတ်ပြန်

    စစ်ကောင်စီကြောင့် မြန်မာနိုင်ငံကို အကူအညီသစ် မပေးတော့ဟု ဂျပန်ထုတ်ပြန်

    ဧပြီ ၁၊ ၂၀၂၁
    M-Media

    -စစ်တပ်က အာဏာသိမ်းတာကို လက်မခံတဲ့အတွက် မြန်မာနိုင်ငံအပေါ် အကူအညီသစ်တွေ မပေးတော့ဘူးလို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး တိုရှီမစ်ဆု မိုတီဂီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဂျပန်ဟာ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီ အများဆုံးပေးတဲ့ နိုင်ငံတွေထဲက တစ်ခုပါ။
    နိုင်ငံခြားရေး၀န်ကြီး မိုတီဂီက အခုဆုံးဖြတ်ချက်ဟာ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ရှင်းလင်းတဲ့ သတင်းစကား ပါးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    “မြန်မာနိုင်ငံအတွက် ဂျပန်ဟာ စီးပွားရေးအကူအညီ အများဆုံးပေးတဲ့နိုင်ငံပါ။ နောက်ပိုင်း အကူအညီအသစ် မပေးတော့ပါဘူး။ ကျွန်တောတို့ ပြတ်ပြတ်သားသားပဲ ရပ်တည်တာ ဖြစ်ပါတယ်”

    မြန်မာနိုင်ငံအပေါ် စီးပွားရေး သိမ်းကျုံးပိတ်ဆို့တာမျိုး လုပ်ဆောင်မှာမဟုတ်ဘူးလို့လည်း မိုတီဂီကက ဆိုပါတယ်။

    “ဘယ်မူ၀ါဒက အမှန်တကယ် ထိရောက်မှုရှိလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိဘူး။ ပိတ်ဆို့မှုလုပ်ရင် ထိရောက်တယ်။ မလုပ်ရင် မထိရောက်ဘူးဆိုတာမျိုးလည်း မဟုတ်ပါဘူး”

    ဂျပန်နိုင်ငံဟာ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကို စုစုပေါင်းအကူအညီ ယန်း ဘီလီယံ ၁၉၀ ပေးခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ အတွင်း နှစ်ရှည်ချေးငွေအကူအညီ ယန်း ၁ ထရီလီယံ၊ ကူညီထောက်ပံ့မှု ယန်း ဘီလီယံ ၃၀၀၊ နည်းပညာအကူအညီ ၈၈ ဘီလီယံ ပေးခဲ့တာ ဖြစ်ပါတယ်။

    Ref: Nippon

  • မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်နိုင်ဟု ကုလအထူးကိုယ်စားလှယ် သတိပေး

    မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်နိုင်ဟု ကုလအထူးကိုယ်စားလှယ် သတိပေး

    ဧပြီ ၁၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ အရင်တုန်းကနဲ့ မတူတဲ့ ပြည်တွင်းစစ်မျိုး ဖြစ်လာနိုင်တဲ့အလားအလာ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာက မနေ့မှာ သတိပေးလိုက်ပါတယ်။

    စစ်ကောင်စီက ပြည်သူတွေအပေါ်အကြမ်းဖက်မှု မြင့်တက်နေတဲ့အချိန် ​ယူကေရဲ့တိုက်တွန်းမှုနဲ့ လုံခြုံရေးကောင်စီက မနေ့မှာ တံခါးပိတ်အစည်းအဝေး ကျင်းခဲ့ပါတယ်။

    ဘာဂီနာက မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်တွေအကြောင်း အကျဉ်းချုံး ရှင်းပြခဲ့ပြီး အာဏာသိမ်းမှုကို ပြန်ရုပ်သိမ်းကာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ (Faild State) ဖြစ်ဖို့ နီးနေပြီလို့လည်း သူကမ ဆိုပါတယ်။

    “ကျွန်မတို့ရဲ့ မျက်စိအောက်မှာပဲ ဖြစ်လာနိုင်ပါတယ်။ ရက်စက်ကြမ်းကြုတ်မှု မြင့်တက်လာတာကို မတားဆီးနိုင်ဘူးဆိုရင် ကမ္ဘာကြီးဟာ လက်ရှိ ကြိုတင်တားဆီးမှုဆောင်ရွက်ရင် ပေးဆပ်ရမှာထက် ပိုပြီး ကြီးကြီးမားမား ပေးဆပ်ရပါလိမ့်မယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေ ခံရမှာပါ”

    မြန်မာပြည်သူတွေ ထိုက်တန်တာကို ရရှိအောင်၊ အာရှရဲ့ နှလုံးသည်းပွတ်နေရာမှာ နယ်ပယ်ပေါင်းစုံကို ထိခိုက်နိုင်မယ့် ကပ်ဆိုးကြီး ဖြစ်မလာအောင် နည်လမ်းပေါင်းစုံနဲ့ စုပေါင်းဖြေရှင်းဖို့လည်း ဘာဂီနာက လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

    Ref: AP

  • ဆိုလာဓာတ်အားပေးစနစ်ပါသည့် ဘတ်စ်ကားများ စင်ကာပူတွင် ပထမဆုံး ပြေးဆွဲ

    ဆိုလာဓာတ်အားပေးစနစ်ပါသည့် ဘတ်စ်ကားများ စင်ကာပူတွင် ပထမဆုံး ပြေးဆွဲ

    မတ် ၃၀၊ ၂၀၂၁
    ​M-Media

    -​နေစွမ်းအင်သုံး ဓာတ်အားပေးစနစ် ပါဝင်တဲ့ ခရီးသည်တင် ဘတ်စ်ကားနှစ်စီးကို စင်ကာပူမှာ ဒီကနေ့ ပထမဆုံး စတင်ပြီး စမ်းသပ်ပြေးဆွဲပါတယ်။

    ၁.၆ မီလီမီတာထူပြီး ကားခေါင်မိုးပေါ်မှာတပ်ဆင်ထားတဲ့ အဲဒီဆိုလာပြားတွေဟာ ၂၀ ကီလိုဂရမ်လေးပြီး၊ ဓာတ်အား ၁၀၀၀ ဝပ် ထုတ်လုပ်နိုင်မှာပါ။ ရတဲ့ဓာတ်အားနဲ့ ​ကားဘတ္ထရီကို အားသွင်းနိုင်မှာဖြစ်သလို ဘတ်စ်ကားမှာ လိုအပ်တဲ့ ဓာတ်အားကိုလည်း ဖြည့်ဆည်းပေးနိုင်မှာပါ။

    ဒီစနစ်ကြောင့် အင်ဂျင် အလ်တာနေတာကနေ ဘတ္ထရီကို အားသွင်းပေးစရာ မလိုတော့ပါဘူး။

    စင်ကာပူ ဘတ်စ်ကား ကုမ္ပဏီ Go-Ahead ရဲ့ ဒီ စမ်းသပ်ပြေးဆွဲမှုဟာ ၆ လ ကြာမြင့်မှာဖြစ်ပြီး နေစွမ်းအင် ထိထိရောက်ရောက် သုံးစွဲနိုင်မှု၊ လောင်စာဆီ ချွေတာနိုင်မှု၊ အပူအချိန်မြင့်တက်မှုနဲ့ နေ့စဉ် ကားဆေးကြောမှုကို ဆိုလာပြားတွေ ခံနိုင်ရည်ရှိမှုကို စတာတွေကို သုံးသပ်သွားမှာပါ။

    ဒီစနစ်ကြောင့် ဘတ်စ်ကားတွေမှာ တစ်နှစ်ကို လောင်စာဆီ လီတာ ၁၄၀၀ ချွေတာနိုင်မှာဖြစ်ပြီး၊ ကာဘွန်ထုတ်လွှတ်မှုကိုလည်း ၃.၇ တန် လျော့ကျစေမှာ ဖြစ်ပါတယ်။

    Ref: The Star

  • စစ်ကောင်စီ၏ ပြည်သူအပေါ် အကြမ်းဖက်မှုကို မထောက်ခံဟု ရုရှားဆိုပြန်

    စစ်ကောင်စီ၏ ပြည်သူအပေါ် အကြမ်းဖက်မှုကို မထောက်ခံဟု ရုရှားဆိုပြန်

    မတ် ၃၀၊ ၂၀၂၁
    M-Media

    (ဓာတ်ပုံ – တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသည့် ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး)

    -အာဏာသိမ်းစစ်ကောင်စီနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုးရှိပေမယ့် နိုင်ငံအတွင်း ပြည်သူတွေ သေဆုံးမှုမြင့်တက်နေတာကိုတော့ စိုရိမ်မိတယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။

    ရုရှားဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လူသိရှင်ကြား ထောက်ခံထားတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး စနေနေ့က တပ်မတော်နေ့အခမ်းအနားကိုလည်း ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

    ဒီအပြုအမူအတွက် ရုရှားကို ကမ္ဘာ့အသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချနေကြတာပါ။

    ပက်စ်ကော့ဗ်က စစ်ကောင်စီနဲ့ ဆက်ဆံရေးက ပြည်သူအပေါ် သတ်ဖြတ်မှုကို ထောက်ခံတာမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။

    “ဒီဆက်ဆံရေးက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေကို သဘောတူလက်ခံတာမျိုး လုံး၀ မဟုတ်ပါဘူး။ အရပ်သားတွေ ထိခိုက်သေဆုံးမှု မြင့်တက်လာတာအတွက် ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်မိပါတယ်”

    ရုရှားဟာ တပ်မတော်နေ့မှာ တိုက်​လေယာဉ်၊ ရဟတ်ယာဉ်နဲ့ တင့်ကားတစ်ချို့ ပါဝင် စစ်ရေးပြခဲ့ပါတယ်။

    Ref: The Nation