News @ M-Media

Blog

  • စစ်ကောင်စီက ကလေးများကို သတ်ဖြတ်နေမှု နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချ

    စစ်ကောင်စီက ကလေးများကို သတ်ဖြတ်နေမှု နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချ

    ဧပြီ ၂၊ ၂၀၂၁
    M-Media

    မတ်လ ၂၂ ရက်နေ့ မန္တေလေးတွင် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် အသက် ၁၃ နှစ်အရွယ်လူငယ် ထွန်းထွန်းအောင်၏ ဈာပနမြင်ကွင်း

    -အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်နေတာနဲ့ပတ်သက်ပြီး ကမ္ဘာ့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ရှုတ်ချပြောဆိုလိုက်ပါတယ်။

    အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီက ဖြိုခွင်းရာမှာ ရပ်ကွက်ထဲ၊ နေအိမ်တွေထဲဝင်ပြီး မြင်သမျှပစ်ခတ်တာကြောင့် ကလေးငယ်တွေအပါအဝင် ၂ လအတွင်း လူပေါင်း ၅၂၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

    ဖမ်းဆီးထိန်းသိမ်းခံရသူ ထောင်ချီရှိနေပြီး၊ ပျောက်နေတာတွေလည်း အများအပြား ရှိနေတာပါ။

    ဒီလိုအကြမ်းဖက်မှုဟာ ပိုမိုမြင့်တက်လာခဲ့ပြီး ကုလသမဂ္ဂ ကလေးသူငယ်များအဖွဲ့ဖြစ်တဲ့ Save the Children က လွန်ခဲ့တဲ့ ၁၂ ရက်အတွင်း ကလေးငယ်တွေ သတ်ဖြတ်ခံရမှု အရေအတွက်ဟာ ၂ ဆအထိ မြင့်တက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

    “က​လေးငယ်တွေကို မထိခိုက်စေဖို့ တိုက်တွန်းမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်နေပေမယ့် လူသေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုတွေကို ကလေးငယ်တွေအပေါ်မှာပါ ဆက်လက် ပစ်မှတ်ထား လုပ်ဆောင်နေတာကို မြင်ရတာ တုန်လှုပ်မိပါတယ်။ ဘေးအန္တရာယ်ကင်းရမယ့် နေအိမ်လိုနေရာမျိုးမှာ ကလေးငယ် တော်တော်များများ အသတ်ခံရတယ်ဆိုတာ တော်တော့်ကို ကြောက်စရာပါ” လို့ အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch (HRW) ကတော့ စစ်ကောင်စီက တရားလက်လွတ် ဖမ်းဆီးပြီး ဘယ်နေရာမှာ ထိန်းသိမ်းသိမ်းထားလဲဆိုတာ မိသားစုဝင်တွေကို မပြောတာ၊ ရှေ့နေငှားခွင့် မပေးတာတွေကို ဝေဖန်ခဲ့ပါတယ်။

    “တရားလက်လွတ် ဖမ်းဆီးတာတွေ၊ ​အဓမ္မခေါ်ဆောင်သွားတာတွေကို စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ကြောက်ရွံ့လာအောင် လုပ်ဆောင်နေပုံ ရပါတယ်” လို့ HRW ရဲ့ အာရှဆိုင်ရာဒါရိုက်တာ ဘရဒ်အဒမ်က ပြောပါတယ်။

    ဒီလိုရက်စက်ကြမ်းကြုတ်မှုတွေအပေါ်မှာ စီးပွားရေးအရ အရေးယူဆောင်ရွက်တာတွေလုပ်ဖို့​၊ မတရား ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးရေး တောင်းဆိုဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို သူက ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။

    Ref: AFP

  • အစ္စရေးနှင့် ဆက်ဆံရေးတည်ဆောက်နိုင်လျှင် ဒေသအတွက် အကျိုးရှိမည်ဟု ဆော်ဒီပြော

    အစ္စရေးနှင့် ဆက်ဆံရေးတည်ဆောက်နိုင်လျှင် ဒေသအတွက် အကျိုးရှိမည်ဟု ဆော်ဒီပြော

    ဧပြီ ၂၊ ၂၀၂၁
    M-Media

    -အစ္စရေးနဲ့ မိမိတို့ ဆက်ဆံရေးတည်ဆောက်တာဟာ ဒေသအတွက် အကျိုးရှိမှာဖြစ်တယ်လို့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပြီး ဒါဟာ ငြိမ်ချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအအပေါ်မှာ အဓိကမူတည်တယ်လို့ ဆိုပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး ဖိုက်ဆဲလ် ဘင် ဖာရ်ဟန် အလ် ဆာအွဒ်ဟာ CNN နဲ့ မနေ့ကလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒီလိုမှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၆၇ ခုနှစ် နယ်နမိတ်အတိုင်း ပါ​လက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာမှ ဆော်ဒီက အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်မယ်လို့လည်း သူက ဆိုပါတယ်။

    “ဒါဟာ စီးပွားရေးအရ၊ လူမှုရေးအရ၊ လုံခြုံရေး ရှုထောင့်အရ တော်တော်လေးကို အကူအညီဖြစ်စေမှာပါ။ ဒီဆက်ဆံရေးဖြစ်မြောက်ဖို့ ပါလက်စတိုင်းတွေ လက်ခံနိုင်ပြီး ဂုဏ်သိက္ခာရှိတဲ့၊ အချုပ်အခြာအာဏာ ပိုင်ခွင့်ရှိတဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာစေမယ့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု လိုအပ်ပါတယ်”

    ဒီသဘောထားဟာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အရင်ကတည်းက ထားရှိခဲ့တဲ့ သဘောထား ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်က ယူအေအီး၊ ဘာရိန်း၊ ဆူဒန်နဲ့ မော်ရိုကိုတို့ဟာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ အမေရိကန် ကြားဝင်ဆောင်ရွက်ပေးတဲ့ ဒီသဘောတူညီချက်ကို ‘အီဘရာဟင် သဘောတူညီချက်’ လို့လည်း ခေါ်ဆိုပါတယ်။

    အရှေ့အလယ်ပိုင်းနဲ့ အစ္စလာမ်ကမ္ဘာမှာ ဩဇာရှိတဲ့ ဆော်ဒီအာရေဗျ ဒီသဘောတူညီချက်မှာ ပါဝင်လာဖို့အတွက် အမေရိကန်က အလိုရှိနေပါတယ်။

    ပါလက်စတိုင်းကတော့ အာရပ်နိုင်ငံတွေ အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်တာဟာ သူတို့နောက်ကျောကို ဓားနဲ့ထိုးတာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

    Ref: Aljazeera

  • မနေ့က လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးကြေငြာချက်မှာ ဘာ​တွေပြောထားလဲ

    မနေ့က လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးကြေငြာချက်မှာ ဘာ​တွေပြောထားလဲ

    ဧပြီ ၂၊ ၂၀၂၁
    M-Media

    -ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းတာကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ လုံခြုံရေးကောင်စီက ထပ်မံ​ ပြောကြားလိုက်ပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့တွေ​ရဲ့ အကြမ်းဖက်မှုကြောင့် နိုင်ငံတစ်ဝှမ်း ပြည်သူ အနည်းဆုံး ၅၃၀ ကျော် သေဆုံးပြီးတဲ့နောက် မနေ့က လုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့တာပါ။

    မြန်မာနိုင်ငံမှာ အခြေအနေတွေ ဆိုးရွားလာတဲ့အတွက် အလွန်အမင်း စိုးရိမ်မိပြီး စစ်တပ်အနေနဲ့ အလွန်သတိထား ထိန်းသိမ်းဆောင်ရွက်ဖို့လည်း တိုက်တွန်းဆော်ဩခဲ့ပါတယ်။

    ကြေငြာချက်မူရင်းမှာ လုံခြုံရေးကောင်စီအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေအပါအဝင် ရှေ့ဆက် အခြားနည်းလမ်း​တွေနဲ့ တုန့်ပြန်ဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့စာကြောင်း၊ စစ်ကောင်စီတပ်တွေက ပြည်သူတွေအပေါ် အကြမ်းဖက်မှုကို အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ဆန့်ကျင်တယ်ဆိုတဲ့စာကြောင်းတွေ ပါဝင်ပေမယ့် တရုတ်နိုင်ငံက လက်မခံတဲ့အတွက် ဖြုတ်ချခဲ့ရတယ်လို့ အစည်းအဝေးမှာပါဝင်တဲ့ သံတမန်တစ်ချို့က ဖွင့်ဟခဲ့ပါတယ်။

    ရုရှားက ပါဝင်ပတ်သက်သူတွေအားလုံး အကြမ်းဖက်မှုကို ရှောင်ရှားဖို့ တိုက်တွန်းတယ်ဆိုတဲ့ စာကြောင်းကို ထည့်ခိုင်းခဲ့ပါတယ်။

    လုံခြုံရေးကောင်စီရဲ့ ကြေငြာချက်မှာ လူ့အခွင့်အရေးကို လေးစားဖို့၊ ပြည်သူလူထုရဲ့ဆန္ဒနဲ့ အကျိုးစီးပွားကို အလေးထားပြီး တွေ့ဆုံဆွေးနွေးရေး၊ ရင်ကြားစေ့ရေး လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံအရေးကို နိုင်ငံတကာအသိုင်းအဝိုင်းက စုစုစည်းစည်း ညီညီညွတ်ညွတ် တုန့်ပြန်ဆောင်ရွက်ဖို့ မတ်လ ၂၇ ရက်နေ့မှာ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် တိုက်တွန်းမှုကို မနေ့က လုံခြုံရေးကောင်စီရဲ့ ကြေငြာချက်ထဲမှာ ထပ်မံထည့်သွင်းထားပါတယ်။

    အစည်းအဝေးခေါ်ဖို့ ဆော်ဩခဲ့ပြီး ကြေငြာချက်မူကြမ်းကို တင်သွင်းခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့ ကုလဆိုင်ရာသံအမတ် ဘာဘရာ ဝုဒ်ဝါ့ဒ်က လုံခြုံရေးကောင်စီရဲ့ ရည်ရွယ်ချက်ဟာ အာဏာသိမ်းမှုကို စွန့်လွှတ်ရေးအတွက် စစ်ကောင်စီကို ဖိအားပေးဖို့၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေး သတ္တိရှိရှိ တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေကို ပံ့ပိုးကူညီဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာရဲ့ လာမယ့် အာဆီယံဒေသတွင်းခရီးစဉ်မှာ အခုကြေငြာချက်က သက်ရောက်မှုရှိဖို့ မျှော်လင့်တယ်လို့လည်း သူမက ဆိုပါတယ်။

    ​ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို ချက်ခြင်းလွှတ်ပေးဖို့နဲ့ လိုအပ်နေတဲ့ ပြည်သူတွေဆီ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ဘေးအန္တရာယ်ကင်းကင်း၊ နှောက်ယှက်မှုမရှိ ပေးအပ်ခွင့်ပေးဖို့လည်း လုံခြုံရေးကောင်စီကြေငြာချက်မှာ တောင်းဆိုထားပါတယ်။

    Ref: Reuters

  • နည်းပညာမြင့် ဂျပန် တိုက်ရေယာဉ် ၈ စီးကို အင်ဒိုနီးရှား ဝယ်ယူမည်

    နည်းပညာမြင့် ဂျပန် တိုက်ရေယာဉ် ၈ စီးကို အင်ဒိုနီးရှား ဝယ်ယူမည်

    ဧပြီ ၁၊ ၂၀၂၁
    M-Media

    -ဂျပန်နိုင်ငံက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ထုတ်လုပ်ထားတဲ့ Mogami အမျိုးအစား ဖရီးဂိတ်​တိုက်ရေယာဉ် အနည်းဆုံး ၈ စင်း ဝယ်ယူဖို့ အင်ဒိုနီးရှားက စီစဉ်နေပါတယ်။

    အင်ဒိုနီးရှားနဲ့ ဂျပန်တို့ဟာ တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားနေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

    အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုနဲ့ နိုင်ငံခြားရေးဝန်ကြီး မာဆူဒီတို့ ပြီးခဲ့တဲ့တစ်ပတ်က တိုကျိုကိုသွားပြီး ဂျပန် ကာကွယ်ရေး၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးမှုတွေ လုပ်ခဲ့ရာမှာ ကာကွယ်ရေးဆိုင်ရာ နည်းပညာတွေ လွှဲပြောင်းပေးဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

    Mogami အမျိုးအစား ဖရီးဂတ်ရေယာဉ် ၄ စင်းကို ၂၀၂၃ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ်အစောပိုင်းတို့မှာ အင်ဒိုနီးရှားထံ ဂျပန်က ပေးပို့ရမှာဖြစ်ပြီး၊ နောက်ထပ် ၄ စီးကို အင်ဒိုအစိုးရပိုင် သင်္ဘောကျင်းမှာ ဆောက်လုပ်နိုင်ရေး ဂျပန်က ကူညီပေးရမှာ ဖြစ်ပါတယ်။

    ဖရီးဂိတ်ရေယာဉ်တစ်စီးတန်ဖိုးက ကန်ဒေါ်လာ သန်း ၄၅၀ ရှိပြီး ဒီ၀​ယ်ယူမှုဟာ ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့အကြား အကြီးမားဆုံး ကာကွယ်ရေး သဘောတူညီချက် ဖြစ်လာမှာ ဖြစ်ပါတယ်။

    အဲဒီ ဖရီးဂိတ်သင်္ဘောမှာ သင်္ဘောဖျက်ဒုံးကျည်၊ မြေပြင်က ဝေဟင်ပစ်ဒုံးကျည်၊ Type 12 တော်ပီဒိုတွေ၊ ရေငုပ်သင်္ဘော ထောက်လှမ်းနိုင်မယ့် ဆိုနာစနစ်တွေ ပါဝင်ပါတယ်။ ဒီစစ်သင်္ဘောတွေဟာ အင်ဒိုနီးရှားရဲ့ ရေတပ်စွမ်းရည်ကို ၂ ဆ ပိုမိုအားကောင်းစေလိမ့်မယ်ဆို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    တရုတ်နဲ့ ရေပိုင်နက်အငြင်းပွားမှု ရှိနေတဲ့အချိန် အင်ဒိုကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဟာ နိုင်ငံရဲ့ ရေတပ်အင်နဲ့ လေတပ်အင်အားကို အားကောင်းအောင် တိတ်တဆိတ် လုပ်ဆောင်နေပြီး အမေရိကန်၊ ပြင်သစ်တို့အပါအဝင် နိုင်ငံကြီးတစ်ချို့က နည်းပညာမြင့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ​စစ်​သင်္ဘောတွေ ဝယ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

    Ref: Asia Times

  • မြန်မာပြည်သူများသေဆုံးမှုအတွက် အလွန်စိုးရိမ်ဟု ထိုင်းပြော

    မြန်မာပြည်သူများသေဆုံးမှုအတွက် အလွန်စိုးရိမ်ဟု ထိုင်းပြော

    ဧပြီ ၁၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ သွေးထွက်သံယိုမှုတွေ မြင့်တက်လာတဲ့အတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တာနီ ဆန်ဂရက်က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံဟာ စစ်ကောင်စီကို လူသိရှင်ကြား ဝေဖန်ရှုပ်ချတာမျိုး မလုပ်ခဲ့ဘဲ ဒီကနေ့မှတ်ချက်က အပြင်းထန်ဆုံး စကားလည်း ဖြစ်ပါတယ်။

    အခြေအနေတင်းမာမှုတွေကို လျှော့ချဖို့၊ အကြမ်းဖက်မှု အဆုံးသတ်ဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း ဆန်ဂရက်က စစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

    မြန်မာ့အရေး ငြိမ်းချမ်းစွာအဖြေရှာရေးအတွက် အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

    ကရင်ပြည်နယ်မှာ KNU နယ်မြေတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ကရင်ပြည်သူတွေ ထိုင်းဖက် ထွက်ပြေးရတာကို ထိုင်းအာဏာပိုင်တွေက အဝင်မခံဘူးလို့ ပြီးခဲ့တဲ့ရရက်ပိုင်းမှာ သတင်းထွက်ခဲ့ပေမယ့် ထိုင်းဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့မှာ ငြင်းဆိုခဲ့ပါတယ်။

    Ref: Reuters