News @ M-Media

Blog

  • မနေ့က လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးကြေငြာချက်မှာ ဘာ​တွေပြောထားလဲ

    မနေ့က လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးကြေငြာချက်မှာ ဘာ​တွေပြောထားလဲ

    ဧပြီ ၂၊ ၂၀၂၁
    M-Media

    -ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းတာကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ လုံခြုံရေးကောင်စီက ထပ်မံ​ ပြောကြားလိုက်ပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့တွေ​ရဲ့ အကြမ်းဖက်မှုကြောင့် နိုင်ငံတစ်ဝှမ်း ပြည်သူ အနည်းဆုံး ၅၃၀ ကျော် သေဆုံးပြီးတဲ့နောက် မနေ့က လုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့တာပါ။

    မြန်မာနိုင်ငံမှာ အခြေအနေတွေ ဆိုးရွားလာတဲ့အတွက် အလွန်အမင်း စိုးရိမ်မိပြီး စစ်တပ်အနေနဲ့ အလွန်သတိထား ထိန်းသိမ်းဆောင်ရွက်ဖို့လည်း တိုက်တွန်းဆော်ဩခဲ့ပါတယ်။

    ကြေငြာချက်မူရင်းမှာ လုံခြုံရေးကောင်စီအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေအပါအဝင် ရှေ့ဆက် အခြားနည်းလမ်း​တွေနဲ့ တုန့်ပြန်ဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့စာကြောင်း၊ စစ်ကောင်စီတပ်တွေက ပြည်သူတွေအပေါ် အကြမ်းဖက်မှုကို အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ဆန့်ကျင်တယ်ဆိုတဲ့စာကြောင်းတွေ ပါဝင်ပေမယ့် တရုတ်နိုင်ငံက လက်မခံတဲ့အတွက် ဖြုတ်ချခဲ့ရတယ်လို့ အစည်းအဝေးမှာပါဝင်တဲ့ သံတမန်တစ်ချို့က ဖွင့်ဟခဲ့ပါတယ်။

    ရုရှားက ပါဝင်ပတ်သက်သူတွေအားလုံး အကြမ်းဖက်မှုကို ရှောင်ရှားဖို့ တိုက်တွန်းတယ်ဆိုတဲ့ စာကြောင်းကို ထည့်ခိုင်းခဲ့ပါတယ်။

    လုံခြုံရေးကောင်စီရဲ့ ကြေငြာချက်မှာ လူ့အခွင့်အရေးကို လေးစားဖို့၊ ပြည်သူလူထုရဲ့ဆန္ဒနဲ့ အကျိုးစီးပွားကို အလေးထားပြီး တွေ့ဆုံဆွေးနွေးရေး၊ ရင်ကြားစေ့ရေး လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံအရေးကို နိုင်ငံတကာအသိုင်းအဝိုင်းက စုစုစည်းစည်း ညီညီညွတ်ညွတ် တုန့်ပြန်ဆောင်ရွက်ဖို့ မတ်လ ၂၇ ရက်နေ့မှာ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် တိုက်တွန်းမှုကို မနေ့က လုံခြုံရေးကောင်စီရဲ့ ကြေငြာချက်ထဲမှာ ထပ်မံထည့်သွင်းထားပါတယ်။

    အစည်းအဝေးခေါ်ဖို့ ဆော်ဩခဲ့ပြီး ကြေငြာချက်မူကြမ်းကို တင်သွင်းခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့ ကုလဆိုင်ရာသံအမတ် ဘာဘရာ ဝုဒ်ဝါ့ဒ်က လုံခြုံရေးကောင်စီရဲ့ ရည်ရွယ်ချက်ဟာ အာဏာသိမ်းမှုကို စွန့်လွှတ်ရေးအတွက် စစ်ကောင်စီကို ဖိအားပေးဖို့၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေး သတ္တိရှိရှိ တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေကို ပံ့ပိုးကူညီဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာရဲ့ လာမယ့် အာဆီယံဒေသတွင်းခရီးစဉ်မှာ အခုကြေငြာချက်က သက်ရောက်မှုရှိဖို့ မျှော်လင့်တယ်လို့လည်း သူမက ဆိုပါတယ်။

    ​ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို ချက်ခြင်းလွှတ်ပေးဖို့နဲ့ လိုအပ်နေတဲ့ ပြည်သူတွေဆီ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ဘေးအန္တရာယ်ကင်းကင်း၊ နှောက်ယှက်မှုမရှိ ပေးအပ်ခွင့်ပေးဖို့လည်း လုံခြုံရေးကောင်စီကြေငြာချက်မှာ တောင်းဆိုထားပါတယ်။

    Ref: Reuters

  • နည်းပညာမြင့် ဂျပန် တိုက်ရေယာဉ် ၈ စီးကို အင်ဒိုနီးရှား ဝယ်ယူမည်

    နည်းပညာမြင့် ဂျပန် တိုက်ရေယာဉ် ၈ စီးကို အင်ဒိုနီးရှား ဝယ်ယူမည်

    ဧပြီ ၁၊ ၂၀၂၁
    M-Media

    -ဂျပန်နိုင်ငံက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ထုတ်လုပ်ထားတဲ့ Mogami အမျိုးအစား ဖရီးဂိတ်​တိုက်ရေယာဉ် အနည်းဆုံး ၈ စင်း ဝယ်ယူဖို့ အင်ဒိုနီးရှားက စီစဉ်နေပါတယ်။

    အင်ဒိုနီးရှားနဲ့ ဂျပန်တို့ဟာ တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားနေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

    အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုနဲ့ နိုင်ငံခြားရေးဝန်ကြီး မာဆူဒီတို့ ပြီးခဲ့တဲ့တစ်ပတ်က တိုကျိုကိုသွားပြီး ဂျပန် ကာကွယ်ရေး၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးမှုတွေ လုပ်ခဲ့ရာမှာ ကာကွယ်ရေးဆိုင်ရာ နည်းပညာတွေ လွှဲပြောင်းပေးဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

    Mogami အမျိုးအစား ဖရီးဂတ်ရေယာဉ် ၄ စင်းကို ၂၀၂၃ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ်အစောပိုင်းတို့မှာ အင်ဒိုနီးရှားထံ ဂျပန်က ပေးပို့ရမှာဖြစ်ပြီး၊ နောက်ထပ် ၄ စီးကို အင်ဒိုအစိုးရပိုင် သင်္ဘောကျင်းမှာ ဆောက်လုပ်နိုင်ရေး ဂျပန်က ကူညီပေးရမှာ ဖြစ်ပါတယ်။

    ဖရီးဂိတ်ရေယာဉ်တစ်စီးတန်ဖိုးက ကန်ဒေါ်လာ သန်း ၄၅၀ ရှိပြီး ဒီ၀​ယ်ယူမှုဟာ ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့အကြား အကြီးမားဆုံး ကာကွယ်ရေး သဘောတူညီချက် ဖြစ်လာမှာ ဖြစ်ပါတယ်။

    အဲဒီ ဖရီးဂိတ်သင်္ဘောမှာ သင်္ဘောဖျက်ဒုံးကျည်၊ မြေပြင်က ဝေဟင်ပစ်ဒုံးကျည်၊ Type 12 တော်ပီဒိုတွေ၊ ရေငုပ်သင်္ဘော ထောက်လှမ်းနိုင်မယ့် ဆိုနာစနစ်တွေ ပါဝင်ပါတယ်။ ဒီစစ်သင်္ဘောတွေဟာ အင်ဒိုနီးရှားရဲ့ ရေတပ်စွမ်းရည်ကို ၂ ဆ ပိုမိုအားကောင်းစေလိမ့်မယ်ဆို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    တရုတ်နဲ့ ရေပိုင်နက်အငြင်းပွားမှု ရှိနေတဲ့အချိန် အင်ဒိုကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဟာ နိုင်ငံရဲ့ ရေတပ်အင်နဲ့ လေတပ်အင်အားကို အားကောင်းအောင် တိတ်တဆိတ် လုပ်ဆောင်နေပြီး အမေရိကန်၊ ပြင်သစ်တို့အပါအဝင် နိုင်ငံကြီးတစ်ချို့က နည်းပညာမြင့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ​စစ်​သင်္ဘောတွေ ဝယ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

    Ref: Asia Times

  • မြန်မာပြည်သူများသေဆုံးမှုအတွက် အလွန်စိုးရိမ်ဟု ထိုင်းပြော

    မြန်မာပြည်သူများသေဆုံးမှုအတွက် အလွန်စိုးရိမ်ဟု ထိုင်းပြော

    ဧပြီ ၁၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ သွေးထွက်သံယိုမှုတွေ မြင့်တက်လာတဲ့အတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တာနီ ဆန်ဂရက်က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံဟာ စစ်ကောင်စီကို လူသိရှင်ကြား ဝေဖန်ရှုပ်ချတာမျိုး မလုပ်ခဲ့ဘဲ ဒီကနေ့မှတ်ချက်က အပြင်းထန်ဆုံး စကားလည်း ဖြစ်ပါတယ်။

    အခြေအနေတင်းမာမှုတွေကို လျှော့ချဖို့၊ အကြမ်းဖက်မှု အဆုံးသတ်ဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း ဆန်ဂရက်က စစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

    မြန်မာ့အရေး ငြိမ်းချမ်းစွာအဖြေရှာရေးအတွက် အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

    ကရင်ပြည်နယ်မှာ KNU နယ်မြေတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ကရင်ပြည်သူတွေ ထိုင်းဖက် ထွက်ပြေးရတာကို ထိုင်းအာဏာပိုင်တွေက အဝင်မခံဘူးလို့ ပြီးခဲ့တဲ့ရရက်ပိုင်းမှာ သတင်းထွက်ခဲ့ပေမယ့် ထိုင်းဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့မှာ ငြင်းဆိုခဲ့ပါတယ်။

    Ref: Reuters

  • စစ်ကောင်စီကို အရေးယူရေး ကုလ၏ ဆောင်ရွက်မှုကို တရုတ်ကန့်ကွက်

    စစ်ကောင်စီကို အရေးယူရေး ကုလ၏ ဆောင်ရွက်မှုကို တရုတ်ကန့်ကွက်

    ဧပြီ ၁၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူတာတွေကို ကန့်ကွက်တယ်လို့ လုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံက ပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို လိုလားတယ်လို့ ဆိုပါတယ်။

    မြန်မာအရေးနဲ့ပတ်သက်ပြီး ဗြိတိန်ရဲ့ တိုက်တွန်းမှုကြောင့် မနေ့က လုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအ၀ေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

    တရုတ် သံအမတ် ကျန်းကျွင်းက မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အမြန်ဆုံး ဆက်လက်ဖြစ်ထွန်းဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဘုံအကျိုးစီးပွား ဖြစ်ပါတယ်။ နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ ရေရှည်ဖြစ်နေမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ဒေသတစ်ခုလုံးအတွက် ဘေးအန္တရာယ် ဖြစ်လာပါလိမ့်မယ်”

    စီးပွားရေးပိတ်ဆို့မှုတွေက အခြေအနေတွေကို ပိုမိုရှုပ်ထွေးစေလိမ့်မယ်လို့လည်း ကျန်းကျွင်းက ဆိုပါတယ်။
    “တစ်ဖက်သက် ဖိအားတွေ၊ ပိတ်ဆို့မှုလုပ်ဖို့ တိုက်တွန်းတာတွေက အခြေအနေကို ပိုမိုတင်းမာလာစေပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ရှုပ်ထွေးမှုတွေသာ ဖြစ်လာစေမှာပါ။ ဘာကောင်းကျိုးမှ မရှိပါဘူး”
    Ref: AFP

  • စစ်ကောင်စီကြောင့် မြန်မာနိုင်ငံကို အကူအညီသစ် မပေးတော့ဟု ဂျပန်ထုတ်ပြန်

    စစ်ကောင်စီကြောင့် မြန်မာနိုင်ငံကို အကူအညီသစ် မပေးတော့ဟု ဂျပန်ထုတ်ပြန်

    ဧပြီ ၁၊ ၂၀၂၁
    M-Media

    -စစ်တပ်က အာဏာသိမ်းတာကို လက်မခံတဲ့အတွက် မြန်မာနိုင်ငံအပေါ် အကူအညီသစ်တွေ မပေးတော့ဘူးလို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး တိုရှီမစ်ဆု မိုတီဂီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဂျပန်ဟာ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီ အများဆုံးပေးတဲ့ နိုင်ငံတွေထဲက တစ်ခုပါ။
    နိုင်ငံခြားရေး၀န်ကြီး မိုတီဂီက အခုဆုံးဖြတ်ချက်ဟာ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ရှင်းလင်းတဲ့ သတင်းစကား ပါးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    “မြန်မာနိုင်ငံအတွက် ဂျပန်ဟာ စီးပွားရေးအကူအညီ အများဆုံးပေးတဲ့နိုင်ငံပါ။ နောက်ပိုင်း အကူအညီအသစ် မပေးတော့ပါဘူး။ ကျွန်တောတို့ ပြတ်ပြတ်သားသားပဲ ရပ်တည်တာ ဖြစ်ပါတယ်”

    မြန်မာနိုင်ငံအပေါ် စီးပွားရေး သိမ်းကျုံးပိတ်ဆို့တာမျိုး လုပ်ဆောင်မှာမဟုတ်ဘူးလို့လည်း မိုတီဂီကက ဆိုပါတယ်။

    “ဘယ်မူ၀ါဒက အမှန်တကယ် ထိရောက်မှုရှိလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိဘူး။ ပိတ်ဆို့မှုလုပ်ရင် ထိရောက်တယ်။ မလုပ်ရင် မထိရောက်ဘူးဆိုတာမျိုးလည်း မဟုတ်ပါဘူး”

    ဂျပန်နိုင်ငံဟာ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကို စုစုပေါင်းအကူအညီ ယန်း ဘီလီယံ ၁၉၀ ပေးခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ အတွင်း နှစ်ရှည်ချေးငွေအကူအညီ ယန်း ၁ ထရီလီယံ၊ ကူညီထောက်ပံ့မှု ယန်း ဘီလီယံ ၃၀၀၊ နည်းပညာအကူအညီ ၈၈ ဘီလီယံ ပေးခဲ့တာ ဖြစ်ပါတယ်။

    Ref: Nippon