News @ M-Media

နည်းပညာမြင့် ဂျပန် တိုက်ရေယာဉ် ၈ စီးကို အင်ဒိုနီးရှား ဝယ်ယူမည်

ဧပြီ ၁၊ ၂၀၂၁
M-Media

-ဂျပန်နိုင်ငံက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ထုတ်လုပ်ထားတဲ့ Mogami အမျိုးအစား ဖရီးဂိတ်​တိုက်ရေယာဉ် အနည်းဆုံး ၈ စင်း ဝယ်ယူဖို့ အင်ဒိုနီးရှားက စီစဉ်နေပါတယ်။

အင်ဒိုနီးရှားနဲ့ ဂျပန်တို့ဟာ တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားနေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုနဲ့ နိုင်ငံခြားရေးဝန်ကြီး မာဆူဒီတို့ ပြီးခဲ့တဲ့တစ်ပတ်က တိုကျိုကိုသွားပြီး ဂျပန် ကာကွယ်ရေး၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးမှုတွေ လုပ်ခဲ့ရာမှာ ကာကွယ်ရေးဆိုင်ရာ နည်းပညာတွေ လွှဲပြောင်းပေးဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

Mogami အမျိုးအစား ဖရီးဂတ်ရေယာဉ် ၄ စင်းကို ၂၀၂၃ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ်အစောပိုင်းတို့မှာ အင်ဒိုနီးရှားထံ ဂျပန်က ပေးပို့ရမှာဖြစ်ပြီး၊ နောက်ထပ် ၄ စီးကို အင်ဒိုအစိုးရပိုင် သင်္ဘောကျင်းမှာ ဆောက်လုပ်နိုင်ရေး ဂျပန်က ကူညီပေးရမှာ ဖြစ်ပါတယ်။

ဖရီးဂိတ်ရေယာဉ်တစ်စီးတန်ဖိုးက ကန်ဒေါ်လာ သန်း ၄၅၀ ရှိပြီး ဒီ၀​ယ်ယူမှုဟာ ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့အကြား အကြီးမားဆုံး ကာကွယ်ရေး သဘောတူညီချက် ဖြစ်လာမှာ ဖြစ်ပါတယ်။

အဲဒီ ဖရီးဂိတ်သင်္ဘောမှာ သင်္ဘောဖျက်ဒုံးကျည်၊ မြေပြင်က ဝေဟင်ပစ်ဒုံးကျည်၊ Type 12 တော်ပီဒိုတွေ၊ ရေငုပ်သင်္ဘော ထောက်လှမ်းနိုင်မယ့် ဆိုနာစနစ်တွေ ပါဝင်ပါတယ်။ ဒီစစ်သင်္ဘောတွေဟာ အင်ဒိုနီးရှားရဲ့ ရေတပ်စွမ်းရည်ကို ၂ ဆ ပိုမိုအားကောင်းစေလိမ့်မယ်ဆို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တရုတ်နဲ့ ရေပိုင်နက်အငြင်းပွားမှု ရှိနေတဲ့အချိန် အင်ဒိုကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဟာ နိုင်ငံရဲ့ ရေတပ်အင်နဲ့ လေတပ်အင်အားကို အားကောင်းအောင် တိတ်တဆိတ် လုပ်ဆောင်နေပြီး အမေရိကန်၊ ပြင်သစ်တို့အပါအဝင် နိုင်ငံကြီးတစ်ချို့က နည်းပညာမြင့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ​စစ်​သင်္ဘောတွေ ဝယ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

Ref: Asia Times