News @ M-Media
Blog
  • မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး)အဖွဲ့မှ အိမ်မဲမြို့ ဘုန်းတော်ကြီးကျောင်းများသို့ ကုရ်အာန်ကျမ်းလှူဒါန်းခဲ့
    စက်တင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်
    ma ma la
    အိမ်မဲ ။ ။ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၈-ကျောင်းသို့ အိမ်မဲမြို့နယ် မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး)အဖွဲ့မှ ကုရ်အာန်ကျမ်းမြတ်များကို မနေ့က စက်တင်ဘာ ၂၇-ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်းသိရသည်။
    အဆိုပါ လှူဒါန်းမှုမှာ မကြာသေးမီက ပြုလုပ်ခဲ့သော ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်းမှ ဦးစီးသည့် ဘာသာပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အခမ်းအနားမှ တောင်းဆိုချက်အရ အိမ်မဲမြို့နယ် မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး)အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းထက်မှ ကျမ်းမြတ်ကုရ်အာန် (မြန်မာဘာသာပြန်) ၈-စုံကို ဘုန်းတော်ကြီးကျောင်း ၈-ကျောင်းသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
    ၎င်းပြင် ကုရ်အာန်ကျမ်းမြတ် မြန်မာဘာသာပြန် အပြည့်အစုံကို လေ့လာလိုသူများ၏ တောင်းဆိုမှုကြောင့် ကျမ်းတော်မြတ်ကုရ်အာန် ဘာသာပြန် အစောင်-၁ မှ ၃၀ အထိ ၈-စုံကိုလည်း ထပ်မံ လှူဒါန်းခဲ့ကြောင်း သိရပါသည်။
    ဓါတ်ပုံအညွှန်း > သြဂုတ်လ ၅-ရက်နေ့က အိမ်မဲမြို့တွင် ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မှ
  • ကာဇစ္စတန်နိုင်ငံ အက်စ်တာနာတွင် ကျင်းပသည့် ကမ္ဘာ့ဘာသာ ပေါင်းစုံခေါင်းဆောင်များ၏ ညီလာခံ
    စက်တင်ဘာ၊ ၃၀
    M-Media
    XII session of secretariat of religious leaders congress held in Astana
    ၁၂ ကြိမ်မြောက် ကမ္ဘာ့ခေါင်းဆောင်များ နှင့် ဘာသာတရားကြီးများ၏ ခေါင်းဆောင်များ ၀န်ကြီးအဆင့်တွေ့ဆုံဆွေးနွေးမှု (XII session of the Secretariat of the Congress of Leaders of World and Traditonal Religions) ကို ကာဇစ္စတန်နိုင်ငံ အက်စ်တာနာ (Astana) ရှိ လွတ်လပ်ရေးနန်းတော် (Palace of Independence) တွင် စက်တင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့သည်။
    ကာဇာခ် (Kazakh) လွှတ်တော်၏ပြန်ကြားရေးဝန်ကြီး တဲလ်ဂတ် ဇူးမာဂူလော့ဗ် (TalgatZhumagulov)သည် အပတ်စဉ်သတင်းစာရှင်းလင်းပွဲအားကျင်းပသော ဗဟိုဆက်သွယ်ရေးဌာန (Central Communications Service) တွင် ဤသို့ ပြောဆိုခဲ့သည်။
    “ လွှတ်တော်ညီလာခံအတွင်း ပါဝင်တက်ရောက်သူများသည် ၂၀၁၂ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သည့် လေးကြိမ်မြောက် ကမ္ဘာ့ခေါင်းဆောင်များ နှင့် မိရိုးဖလာဘာသာတရားများ၏ ၀န်ကြီးအဆင့်တွေ့ဆုံမှုညီလာခံမှ ရရှိခဲ့သည့် ရလဒ်မျာကို အခြေတည်၍ အမြင်များကိုဖလှယ်ခဲ့ကြသည်။ ထို့ပြင် ဘာသာရေးနှင့်ယဉ်ကျေးမှုများအကြား နားလည်မှုစကားဝိုင်းတိုးမြှင့်ရေးအပေါ် အုပ်ချုပ်သူများ နှင့် အပြည်ပြည်ဆိုင်ရာအနေအထားများ၌ ပူးပေါင်းဆောင်ရွက်ရေးပြဿနာတို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည် ” ။
    သူ၏ပြောကြားချက်များအရ ၂၀၁၅ ခုနှစ်တွင်ပြုလုပ်မည့် ၅ ကြိမ်မြောက် ညီလာခံတွင်လည်း လက်ရှိပါဝင်တက်ရောက်ခဲ့သူများသည် အယူအဆရေးရာ နှင့် အဖွဲ့အစည်းရေးရာများအပေါ် သူတို့၏အမြင်များအား ဆက်လက်ဖလှယ်ဦးမည် ဖြစ်ကြောင်းသိရသည်။
    အပြည်ပြည်ဆိုင်ရာဆွေးနွေးချက်ပြုလုပ်ခဲ့သည့်ထိုနေ့မှာပင် “ ယဉ်ကျေးမှုဆိုင်ရာစကားဝိုင်းဖြင့် အက်စ်တာနာ၏ဘာသာပေါင်းစုံဆွေးနွေးပွဲအခန်းကဏ္ဍ ” – (The Role of the Astana Inter-Faith Forum in the Dialogue of Civilizations) ဟူသော ဖိုရမ်ကို ကျင်းပခဲ့၏။ ၄င်းသည် ဘာသာပေါင်းစုံဖိုရမ်များ ပုံမှန်ပြုလုပ်သွားရန် ဟူသည့် နူးရ် စူလ်တန် နဇာဘာရိဗ် (NursultanNazarbayev) ၏ သမိုင်းဝင်အတွေးအမြင်ပေါ်မူတည်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ဇူးမာဂူလော့ဗ် က ထပ်လောင်းပြောပြခဲ့သည်။
    အရေးပါထင်ရှားသည့် ကမ္ဘာ့ခေါင်းဆောင်ကိုယ်စားလှယ်များ နှင့် အစဉ်အလာကြီးမားသော ဘာသာရေးခေါင်းဆောင်များအပြင် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ကာဇာခ်စတန် (Kazakhstan) နှင့် ပြည်ပရှိ သိပ္ပံပညာရှင်များကလည်း ထိုဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြသည်။
    ကာဇာခ် (Kazakh) လွှတ်တော်၏ပြန်ကြားရေးဝန်ကြီးက ၄င်းဆွေးနွေးလုပ်ဆောင်ချက်များသည် အက်စ်တာနာတွင် ပြုလုပ်သော ကမ္ဘာ့ခေါင်းဆောင်များ နှင့်ဘာသာတရားကြီးတို့၏ ပထမဆုံးကွန်ကရက်မှတွက်ပါက ဤအခမ်းအနားမှာ ၁၀ နှစ်မြောက်နှစ်ပတ်လည်တွေ့ဆုံဆွေးနွေးမှုဖြစ်သည်ဟု ရည်ညွှန်းပြောကြားသွားခဲ့သည်။
  • မြန်မာနိုင်ငံစက်မှု လယ်ယာကဏ္ဍ အတွက် တောင်ကိုးရီးယားမှ အကူအညီပေးမည်
    စက်တင်ဘာ၊ ၃၀
    M-Media
    Myanmar in agricultural
    တနင်္ဂနွေနေ့ က ထုတ်ပြန်ခဲ့သည့် တရားဝင်သတင်းဌာနတစ်ခု၏ သတင်းအရ တောင်ကိုးရီးယားသည် မြန်မာနိုင်ငံ၏ စက်မှုလယ်ယာအခန်းကဏ္ဍအား မြန်မာလယ်သမားများကို သင်တန်းလမ်းညွှန်မှုဖြင့် ကူညီပေးမည် ဟု သိရသည်။
    မြန်မာနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး နှင့် ကိုးရီးယား၏နိုင်ငံတကာပူပေါင်းဆောင်ရွက်မှုအေဂျင်စီ (Korean International Cooperation Agency (KOICA)) တို့သည် တွေ့ဆုံဆွေးနွေးသဘောတူညီမှုတစ်ခုအရ လယ်ယာစိုက်ပျိုးရေးသင်တန်းကျောင်းတစ်ခုကို နေပြည်တော်ကောင်စီဒေသ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်း၌ တည်ထောင်ဖွင့်လှစ်ပေး၍ ကူညီပေးမည်ဟုဆိုသည်။
    ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြားစိုက်ပျိုးဒေသတွင်လည်း အလားတူ တိုးမြှင့်ပြောင်းလဲလုပ်ဆောင်မည် ဖြစ်သည်။
    စက်မှုလယ်ယာစိုက်ပျိုးမှုကိုအခြေခံသော စီမံကိန်းများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့်လယ်ယာထွက်ကုန် ပိုမိုတိုးတက်လာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးလာမှုအားဖြင့် အသွင်ပြောင်းလဲရန် နှင့် လယ်သမားတို့၏ ၀င်ငွေများတိုးပွားလာစေရန် ရည်ရွယ်လုပ်ဆောင်ရ၏။
    KOICA သည် ငါးနှစ်စီမံကိန်းအောက်မှ ရိတ်သိမ်းမှုအပြီးသတ်နည်းပညာဌာန (Post-harvest Technology Application Center) ကို နေပြည်တော်တွင် ဆောက်လုပ်ပေးမည်ဖြစ်ပြီး၊ လယ်ယာသုံး ပိုးသတ်ဆေးများကိုလည်း အကူညီပေးသွားမည် ဖြစ်ကြောင်း ကနဦးသတင်းများက ဖော်ပြသည်။
    ဇူလိုင်လက မန္တလေးတိုင်း ပုသိမ်ကြီးရှိ ဆည်မြောင်းနည်းပညာရှေ့ပြေးစမ်းသပ်ချက်တစ်ရပ်ကို World Friends KOICA- Volunteer (WFK-Volunteer) of KOICA မှ ဆောင်ရွက်ပြီးစီး၍ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်သည်။
    သို့သာမက KOICAသည် နိုင်ငံအတွင်း စစ်တမ်းကောက်ယူမှုစံနစ်၊ ညီလာခံများတွင် စွမ်းရည်မြှင့်နည်းလမ်းများ၊ စိုက်ပျိုးမြေနေရာဖော်ထုတ်ရေး နှင့် တောတောင်များ စိမ်းလန်းစိုပြေထိန်းသိမ်းရေးဆိုင်ရာ အကူအညီများကိုလည်း သြဂုတ်လတွင်ပြုလုပ်သောသဘောတူညီချက်လမ်းကြောင်းအောက်မှ ကူညီပေးသွားမည်။
    ဇူလိုင်လ ၂၀၁၃ ထိ တရားဝင်စာရင်းအင်းများအရ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း တံခါးဖွင့်ဝါဒကျင့်သုံးချိန်မှစ၍ စီမံကိန်း ၇၉ ခု၌ တောင်ကိုးရီးယား၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၃.၀၂ သန်း ရှိပြီး၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၇ ရာခိုင်နှုန်း နှင့် စတုတ္ထအဆင့် စာရင်းဝင်ကြောင်း တွေ့ရသည်။
    တောင်ကိုးရီးယား နှင့် မြန်မာကြားရှိ အပြန်အလှန်ကုန်သွယ်မှုသည် ၂၀၁၂-၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၂၃.၉၈ သန်း သို့ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ထုတ်ကုန်တန်ဖိုးမှာ ၂၈၀.၇၇ သန်း၊ သွင်းကုန်တန်ဖိုးမှာ ၃၄၃.၂၁ သန်း ရှိသည်။
    Ref: ဆင်ဟွာ
    ဓါတ်ပုံအညွန်း- မြန်မာ့လယ်ယာလုပ်ငန်းခွင်မြင်ကွင်းတခု (Photo-wiki)
  • Rakhine: ကြိုတင်ကြံစည် အကွက်ချ လုပ်ဆောင်ခဲ့သည့် သံတွဲမြို့မှ အကြမ်းဖက်မှု
    စက်တင်ဘာ၊ ၃၀
    M-Media
    ထွန်းတောက်
    1
    သံတွဲ ။ ။ သံတွဲမြို့တွင် မနေ့ညနေ (စက်တင်ဘာ-၂၉) ၆း၃၀ ခန့်စ၍ အကြမ်းဖက်မှုဖြစ်ပွားပြီး အိမ်နှင့် ဆီဆိုင်(၁)ခု မီးရှို့ခံရကာ၊ ဗလီနဲ့ အိမ်တချို့ကတော့ ခဲများဖြင့် ပစ်ပေါက်ခံခဲ့ရပါတယ်။
    စတင်ဖြစ်ပွားလာရခြင်းမှာ စက်တင်ဘာ ၂၈-ရက်နေ့ မနက်ပိုင်းက သံတွဲမြို့ရှိ ငပလီရောင်းဝယ်ရေး ပိုင်ရှင်ဖြစ်သူ ကမန်တိုးတက်ရေးပါတီ ဥက္ကဌ ဦးကျော်ဇံလှ သူ၏ဆိုင်ရှေ့တွင် ပိတ်ရပ်နေသော သုံးဘီးဆိုင်ကယ်အား ဖယ်ရှားပေးရန် ပြောဆိုမှုကို မကျေနပ်ပြီး လူစုလူဝေးပြုလုပ်လာသောကြောင့် ရဲစခန်းမှ ဦးကျော်ဇံလှအား လာခေါ်ရောက်ဆောင်ပြီး ထိန်းသိမ်းထားခဲ့ပါတယ်။
    ထိန်းသိမ်းထားစဉ်တွင်လည်း အဆိုပါလူအုပ်ကြီးမှ ရဲစခန်းအား ၀ိုင်းလာပြီး ဦးကျော်ဇံလှကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါသည်။ ထို့နောက် လူအုပ်ကြီး လူစုကွဲသွားပြီးနောက် ဦးကျော်ဇံလှကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ အဆိုပါကိစ္စကို မကျေမနပ်ဖြစ်ကြပြီး လူစုလူဝေးဖြင့် ထပ်မံပြုလုပ်လာပြီး ထိုနေ့ နေ့လည်ပိုင်းမှာပဲ ဦးကျော်ဇံလှ၏အိမ်အား မီးရှို့မည်ဟု ဆိုသဖြင့် ရဲနှင့်စစ်တပ်မှ ၀ိုင်းဝန်းထိန်းသိမ်းပြီး ဦးကျော်ဇံလှ အိမ်အနီးတွင် စစ်တပ်ချထားခဲ့ပါတယ်။
    သို့သော် စက်တင်ဘာ ၂၉-ရက် ညနေပိုင်းမှာ အကြမ်းဖက်မှုလုပ်ဆောင်ရန် လူစုလူဝေး ပြုလုပ်လာကြပြီး ညနေ ၆း၄၅-နာရီခန့်မှာတော့ (၃)ရပ်ကွက် မဟာဗန္ဓုလမ်းရှိ ဦးလှမြင့် နေထိုင်သည့်အိမ် (ဦးခင်မောင်ပိုင်သောကြောင့် ဦးခင်မောင်အိမ်ဟုလည်း လူသိများပါသည်) အား မီးစတင်ရှို့ခဲ့ကြပါတယ်။ ထိုသို့ လုပ်ဆောင်သည့် ထောင်နဲ့ချီသော အကြမ်းဖက် လူအုပ်ကြီးအား စစ်တပ်မှ အစောပိုင်းတွင် မထိန်းနိုင်ပဲရှိနေရာ ၇း၁၅-နာရီခန့်တွင် မိုးပေါ်သို့ သေနတ်ပစ်ဖောက်သော်လည်း လူစု ကွဲမသွားပဲ အကြမ်းဖက်မှုကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သံတွဲမြို့ခံက ပြောပါတယ်။
    ၎င်းနောက် (၃)ရပ်ကွက် ဂန္ဓာလမ်းရှိ ဘာသာခြား ၂-အိမ်ကြားတွင် ရှိနေသည့် ဦးယာစင်း၏ ၀င်းမျက်မှန်ဆိုင်အားလည်း ဖျက်ဆီးရန်ပြုလုပ်ကြပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ တောင်ပေါ်ဗလီကိုလည်း ဖြိုဖျက်ရန် ကြံစည်လုပ်ဆောင်ခဲ့ကြပြန်ပါတယ်။ ထို့နောက် တောင်ကုတ်ဘက်ထွက်သည့် အံတော်ဘက်ခြမ်းမှ ကိုကြီးမောင်ဆိုသူ၏ ဆီဆိုင်အားလည်း မီးရှို့ခဲ့ကြပြန်ပါတယ်။
    ည ၁၀း၃၀-နာရီခန့်တွင်တော့ အမှတ်(၆)ရပ်ကွက် ဗောဓိကုန်းရှိ မွတ်စလင်မ်အိမ်များဖြင့် ခဲများဖြင့် ပစ်ပေါက်ကာ ဖျက်ဆီးရန် လုပ်ဆောင်နေတာကြောင့် မွတ်စလင်မ်များအနေဖြင့် စိုးရိမ်ခဲ့ကြရပါတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
    ယခုဖြစ်ပွားခဲ့မှုမှာ ဦးကျော်ဇံလှမှ သုံးဘီးဆိုင်ကယ်မောင်းသူအား မချေမငံပြောဆိုသည် ဟူ၍လည်းကောင်း၊ သာသနာ့အလံအား မွတ်စလင်မ်များမှ ဆုတ်ဖြဲခဲ့သည်ကို မကျေနပ်ဟူ၍လည်းကောင်း မဟုတ်မမှန်လုပ်ကြံသတင်းများလွှင့်ပြီး အကြမ်းဖက်မှုကို စတင်ခဲ့ခြင်းဖြစ်တယ်လို့ သံတွဲမြို့ခံများက ပြောပါတယ်။
    ယခုကဲ့သို့ ဖြစ်ပွားခဲ့သော ကိစ္စရပ်တွင် ရခိုင်တိုးတက်ရေးပါတီမှ လူစုဝေးဖြင့် လုပ်ဆောင်မှုများ၊ မနေ့က အကြမ်းဖက်မှုတွင်လည်း လွန်ခဲ့သော လပိုင်းများအတွင်းကတည်းက သံတွဲမြို့ အံတော်ရပ်ကွက် အကြမ်းဖက်မီးရှို့မှုများလှုံ့ဆော်သူ သံတွဲမြို့မှ ကျော်ကျော် ခေါ် သန်းထွန်းကျော် ဖြစ်သည်မှာ အများစု သိရှိနေသော်လည်း ထိုသူများအား အရေးယူမှု တစ်စုံတစ်ရာ မရှိကြောင်း သံတွဲမြို့ခံများက ဆိုပါတယ်။
    ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပွားသည်မှာ ၂၀၁၂-ခု ဇွန်လ ရခိုင်အရေးကိစ္စမှစပြီး ယခုအချိန် ၂၀၁၃-ခု စက်တင်ဘာလအထိ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး မြန်မာနိုင်ငံအနှံ့အပြားမှ အစ္စလာမ် ဘာသာဝင်တို့၏ ဗလီဝတ်ကျောင်း အများအပြားမီးရှို့ ဖျက်ဆီးခံရပြီး၊ နိုင်ငံသား မွတ်စလင်မ် အရွယ်စုံ သေကြေခဲ့ကြရသလို၊ အိုးအိမ် စည်းစိမ်များလည်း အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ဝေဒနာများလည်း များစွာ ခံစားခဲ့ရပါတယ်။
    ဖြစ်စဉ်တိုင်းတွင် အကြမ်းဖက်ခံရသူများဘက်သို့သာ ပုဒ်မမျိုးစုံတပ်ကာ ဖမ်းဆီး ထောင်ချမှုများ ပြုလုပ်သော်လည်း တကယ့် အကြမ်းဖက်တရားခံ အစစ်အမှန်များကို သိရှိနေရသော်လည်း ယခုထက်တိုင် ရှာဖွေ ဖော်ထုတ်မှု မပြုသည်ကို ထောက်ရှုခြင်းအားဖြင့် ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး အကြမ်းဖက်မှုများကို စနစ်အကျ စီမံကိန်းချ လုပ်ဆောင်နေသည်မှာ ထင်ရှားပေါ်လွင်နေပြီး ယခုကိစ္စရပ်များကို အချိန်မီ ထိန်းသိမ်းနိုင်ခြင်း မရှိပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေး လမ်းစဉ်သည် ရှေ့မတိုးနိုင်ပဲ နောက်ပြန်လှည့်သွားပြီး နိုင်ငံလည်း ချွတ်ခြုံကျ အခြေအနေသို့ မလွဲဧကန်ရောက် ရှိတော့မည်ဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။
    ဓါတ်ပုံအညွှန်း -မီးရှို့ခံရသည့် (၃)ရပ်ကွက် မဟာဗန္ဓုလမ်းရှိ ဦးလှမြင့် နေထိုင်သည့်အိမ် (ဦးခင်မောင်ပိုင်သောကြောင့် ဦးခင်မောင်အိမ်ဟုလည်း လူသိများပါသည်)
  • BBC: သံတွဲမြို့မှာ သာမန် အငြင်းပွားရာကနေ ရုတ်ရုတ်သဲသဲ ဖြစ်
    ဘီဘီစီ (မြန်မာပိုင်း)
    30.9.2013
    thandwe
    ရခိုင်ပြည်နယ် သံတွဲမြို့မှာ စနေနေ့က ကမန် အမျိုးသား ပါတီက ဦးကျော်စံလှရဲ့ အိမ်ရှေ့ အဝင်အထွက်မှာ ဆိုင်ကယ်မလွတ်လို့ အချင်းများရာကနေ လူအုပ်နဲ့ ရဲစခန်းကို သွားဝိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။
    ဆိုင်ကယ်သမား လူငယ်လေးကလည်း လူရည်မွန်လေး တဦး ဖြစ်သလို ဦးကျော်စံလှကလည်း မြို့မိမြို့ဖ တဦး ဖြစ်ကြောင်း၊ ဒါပေမယ့် အချင်းချင်း နားလည်မှု လွဲရာကနေ အချင်းများခဲ့တာ ဖြစ်ကြောင်း၊ ဒီသာမန် အငြင်းပွားမှုကို အခွင့်ကောင်း ယူပြီး လှုံ့ဆော်သူတွေ ရှိခဲ့တာကြောင့် အခုလို လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ အဆင့်ထိ ရောက်သွားတာလို့ သံတွဲခရိုင် NLD ဥက္ကဌ ဦးဝင်းနိုင်က ဘီဘီစီကို ပြောပြပါတယ်။
    ဦးကျော်စံလှကို ဆဲရေး တိုင်းထွာမှု အပါအဝင် ပုဒ်မနှစ်ခုနဲ့ ရဲက ဖမ်းဆီးခဲ့ရာမှာ လူ၅၀လောက်က ရဲစခန်းကို ဝိုင်းထားပြီး ဦးကျော်စံလှကို လွှဲပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်။ညနေပိုင်းလောက်မှာ သံဃာတော်တွေရဲ့ ဖျောင်းဖျမှုနဲ့ လူစု ကွဲသွား ခဲ့ပြီး ဦးကျော်စံလှ ကိုလည်း ရဲက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
    ဒါကို မကျေနပ်တဲ့ လူ၂၀လောက် က တနင်္ဂနွေနေ့မှာ ရဲစခန်းကို တခါ ထပ် ဝိုင်းခဲ့ကြတယ်လို့ သိရပါတယ်။အဲဒီလူတွေဟာ မျက်နှာဖုံးတွေ စွပ်ထားကြပေမယ့် မြို့ခံတွေဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီလူတွေ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေက သိနေပေမယ့် အဖမ်းအဆီး ခုချိန်ထိ မရှိသေးဘူးလို့ ဦးဝင်းနိုင်က ပြောပါတယ်။
    သံတွဲမြို့မှာ အခုလို ရုတ်ရုတ်သဲသဲ ဆူပူမှုတွေ ဖြစ်အောင် လှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။ဘာသာခြား ဆိုင်တွေမှာ ဈေးမဝယ်ကြဖို့၊ ဝယ်သူတွေကို ဓါတ်ပုံ ရိုက်ထားပြီး လူ့လောကကြီးကနေ ဝိုင်းပယ်ထားကြဖို့ လှုံ့ဆော်မှုမျိုးတွေ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
    ည ၈နာရီလောက်မှာ သံတွဲမြို့ ၃ရပ်ကွက် တာဝင်္တီသာ လမ်းမှာ အိမ်တလုံး မီးရှို့ ခံခဲ့ရပါတယ်။
    စနေနဲ့ တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ဒီမီးလောင်မှု ဆက်စပ်နေသလား ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။
    ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း သံတွဲမြို့မှာ ရှိတဲ့ တောင်ကုတ်မြို့သူ တဦး ဆွဲလား ရမ်းလား အလုပ်ခံရတယ် ဆိုတဲ့ သတင်းတွေကြောင့် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ရပါတယ်။
    ဓါတ်ပုံအညွှန်း- သံတွဲမြို့တွင် ဖြန့်ဝေလျှက်ရှိသော မွတ်စလင်မ် ဆန့်ကျင်ရေးလှုံ့ဆော် စာရွက်များ (Photo-FB)
    Link >>http://www.bbc.co.uk/burmese/burma/2013/09/130929_thandwe_riot.shtml