News @ M-Media

Blog

  • ကင်တားနားကို တာဝန်မှ ရပ်နားတော့မည် ဆိုသည့်သတင်း လွဲမှားကြောင်း ရှင်းလင်း

    စက်တင်ဘာ၊ ၂၇

    26.9.2013

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တာနားကို တာဝန်မှ ရပ်နားတော့မည် ဆိုသည့် သတင်းများသည် နားလည်မှု လွဲမှားခြင်းဖြစ်ပြီး အထူးကိုယ်စားလှယ်၏ ဆောင်ရွက်မှု လုပ်ရိုးလုပ်စဉ်အရ နောက်တကြိမ် မြန်မာနိုင်ငံသို့ လာရောက်နိုင်ဖွယ် ရှိသေးကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံရုံးမှ တာဝန်ရှိသူ တဦးက ပြန်လည်ရှင်းလင်း ပြောကြားသည်။

    လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းမည့် အထူးကိုယ်စားလှယ်၏ သက်တမ်းမှာ ၆ နှစ်အထိသာ ရှိပြီး လာမည့် ၂၀၁၄ ခုနှစ် မတ်လတွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံအထိ ၎င်းအနေဖြင့် နောက်ဆုံး အစီရင်ခံစာကို တင်သွင်းရမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

    ယခုကျင်းပလျှက်ရှိသော လူ့အခွင့်အရေး ညီလာခံအတွက် အချက်အလက်များ ရရှိစေရန် ယခင်လပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းသာ ဖြစ်ပြီး လာမည့် မတ်လတွင်ကျင်းပမည့် ညီလာ၌ တင်သွင်းရမည့် နောက်ဆုံးအစီရင်ခံစာ အတွက် လိုအပ်လျှင် မစ္စတာ ကင်တားနား အနေဖြင့် မြန်မာနိုင်ငံသို့ ထပ်မံ လာရောက်နိုင်ဖွယ် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

    ကင်တားနားကို တာဝန်မှ ရပ်စဲတော့မည်ဟု နိုင်ငံတော် သမ္မတရုံးမှ ဝန်ကြီးတဦးက အတည်ပြု ပြောကြားကြောင်း ဂျာနယ် တစောင်က ရေးသားခဲ့ပြီးနောက်တွင် ၎င်းသတင်းများ မြန်မာပြည်သူလူထု အကြား ပြန့်နှံ့ခဲ့ခြင်း ဖြစ်သည်။

    ဧရာဝတီ မှ ကောက်နှုတ်ဖော်ပြသည်။
    Link >>http://burma.irrawaddy.org/archives/48670

  • မြန်မာ့မိတ်ဆွေအဖွဲ့က မြန်မာ ဒီမိုကရေစီ တိုးတက်မှုကို ချီးကျူးသော်လည်း လူမျိုးရေး အကြမ်းဖက်မှုများကို သတိပေး

    စက်တင်ဘာ၊ ၂၇၊
    M-Media

    489312-friendsmyanmar

    မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့တွင်ပါဝင်သည့် အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများက မြန်မာ့ဒီမိုကရေစီပြောင်းလဲ တိုးတက်မှုများကို ချီးကျူးလိုက်သော်လည်း လူမျိုးရေး အကြမ်းဖက်မှုများက အပြောင်းအလဲကို ထိခိုက်နိုင်သည်ဟု သတိပေးပြောကြားခဲ့သည်။

    ယမန်နေ့ကကျင်းပပြုလုပ်သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် သီးခြားအနေဖြင့် မြန်မာ့မိတ်ဆွေအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးပြုလုပ်ခဲ့ပြီး ထိုအစည်းဝေးမှ ထုတ်ပြန်သည့်ကြေညာချက်တွင် မြန်မာ အစိုးရ အနေဖြင့် ရိုဟင်ဂျာများ၏ စီးပွားရေးနှင့် နိုင်ငံရေး နစ်နာမှုများကို အမြန်ဆုံး ကိုင်တွယ်ဖြရှင်းရန် လိုအပ်နေသည်ဟု ဖော်ပြထားပြီး ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုအတွက်လည်း မေးခွန်းထုတ်ထားသည်။

    လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များမှာ လူများစု ဗုဒ္ဓဘာသာဝင်များ၏ အကြမ်းဖက်မှုများကို ဆိုးရွားစွာခံစားခဲ့ရပြီး တစ်ခါတရံ ထိုအကြမ်းဖက်မှုများတွင် လုံခြုံရေးတပ်ဖွဲ့များပါ ပါဝင်ကျူးလွန်ခဲ့ကြသည်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ထိုကဲ့သို့ပြစ်မှုကျူလွန်သူများအား ၎င်းတို့၏ ပြစ်မှုများအတွက် အပြစ်ပေးနိုင်ရန် လုပ်ဆောင်စရာ များစွာရှိနေသည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းမှ မြန်နိုင်ငံအပေါ် ဆက်ဆံရေးပြောင်းလဲခြင်း လက္ခဏာအဖြစ် “မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့” (Group of Friends on Myanmar) ၏ ထိုအစည်းအဝေးတွင် ယခင်အပယ်ခံ မြန်မာနိုင်ငံအား ပထမဦးဆုံးကြိမ်ဖိတ်ကြားခဲ့သည်။

    Ref: AP

  • ထိုင်းနိုင်ငံရှိ တရားမ၀င် မြန်မာအလုပ်သမားများအား ပြန်လည်လွှဲပြောင်းလက်ခံ

    စက်တင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    ကိုစိုင်း

    thai

    တာချီလိတ် ။ ။ ထိုင်း-မြန်မာနယ်စပ်၊ တာချီလိတ်မြို့ အမှတ်(၁) ချစ်ကြည်ရေးတံတား၌ မြန်မာအလုပ်သမား (၁၅)ဦးကို ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးမှ တာချီလိတ် ခရိုင်နှင့် မြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များသို့ စက်တင်ဘာ ၂၅-ရက် မနက်ပိုင်းက လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

    အဆိုပါ လွှဲပြောင်းလက်ခံခဲ့သူတို့မှာ ထိုင်းနိုင်ငံအတွင်း တရားမ၀င်ရောက်ရှိခဲ့သူများဖြစ်ပြီး လူကုန်ကူးခံရသူများ မဟုတ်ကြောင်းနှင့် ထိုသူတို့အား မိဘများထံ ခံဝန်ချက်ဖြင့် ပြန်လည် အပ်နှံပြီးဖြစ်ကြောင်းလည်း သိရသည်။

    ၂၀၀၈-ခု ဒီဇင်ဘာ ၃-ရက်မှ ၂၀၁၃-ခု စက်တင်ဘာ ၂၅-ရက်ထိ တရားမ၀င်အလုပ်သမား စုစုပေါင်း ၆၆၃၀ ကို လွှဲပြောင်းလက်ခံခဲ့ပြီးဖြစ်သည်။

    ဓါတ်ပုံအညွှန်း > အမှတ်(၁)ချစ်ကြည်ရေးတံတားထိပ် ရှိ မြန်မာနိုင်ငံ တာချီလိတ်မြို့အ၀င်ဂိတ်

  • Rakhine: သံတွဲမြို့တွင် ဆူပူအကြမ်းဖက်မှု ဖြစ်ပေါ်စေရန် လှုံ့ဆော်

    စက်တင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    TanDwe

    သံတွဲ ။ ။ သံတွဲမြို့တွင် ဆူပူအကြမ်းဖက်မှု ဖြစ်ပေါ်စေရန် လှုံ့ဆော်သော လုပ်ဆောင်မှု တစ်ရပ် ယနေ့ နေ့လည် ၃-နာရီက ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်မှာ စစ်တပ်နှင့် ရဲမှ ၀ိုင်းဝန်းထိန်းသိမ်းနေရကြောင်း သိရသည်။

    ဖြစ်ပွားပုံမှာ ယနေ့နံနက်ပိုင်းက သံတွဲမြို့ရှိ ငပလီရောင်းဝယ်ရှေ့တွင် သုံးဘီးဆိုင်ကယ်တစ်စီး လာရောက်ရပ်ထားမှုကြောင့် ဆိုင်ရှေ့ပိတ်မရပ်ရန် ပြောရာ လမ်းပေါ်ရပ်တာဘာဖြစ်လဲဟု ပြောကာ ဆိုင်ကယ်မောင်းထွက်သွားခဲ့ပြီး နေ့လည် ၂-နာရီခန့်တွင် လူစုလူဝေးပြုလုပ်ကာ၊ နေ့လည် ၃-နာရီခန့်က ငပလီရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် နှင့် သံတွဲမြို့နယ် ကမန်တိုးတက်ရေးပါတီ၏ ဥက္ကဌလည်းဖြစ်သူ ဦးကျော်ဇံလှကို ရဲစခန်းမှ မြို့နယ်မှူးမှ လာရောက်ခေါ်ယူသွားခဲ့သည်။

    ထို့နောက် ရခိုင်တိုးတက်ရေးပါတီမှ ဦးဆောင်ကာ ဦးကျော်ဇံလှမှ ဆဲဆိုသည်ဟုဆိုကာ လူစုလူဝေးဖြင့် လူ ၁၅၀-ခန့်ရှိ လူအုပ်ကြီးမှ ရဲစခန်းရှေ့တွင် ၀ိုင်းလာပြီး ဦးကျော်ဇံလှ၏ အိမ်ကို ဖျက်ဆီးမည်ဟု ပြောဆိုခဲ့ကြောင်းနှင့် ယခုအခါ ဦးကျော်ဇံလှ၏ အိမ်ရှေ့တွင် လူ(၂၀၀)ခန့်မှ အကြမ်းဖက်ရန် လုပ်ဆောင်နေပြီး ရဲနှင့် စစ်တပ်မှ ၀ိုင်းဝန်း ထိန်းသိမ်းနေသည်ဟု သိရသည်။

    နောက်ဆက်တွဲ သတင်းကို ထပ်မံ ဖော်ပြပါမည်။

    ================

    နောက်ဆက်တွဲသတင်း (၄း၁၅-နာရီ)

    လူ ၂၀၀-ခန့်မှာ လူစုကွဲသွားပြီး ရဲစခန်းအနီးတ၀ိုက်တွင် လူ ၃၀-၀န်းကျင်ခန့် စုရုံးမှုရှိနေပြီး၊ ဦးကျော်ဇံလှ၏ အိမ်အနီးတွင်တော့ စစ်တပ်ချထားကြောင်း ထပ်မံသိရှိရသည်။

  • စက်တင်ဘာ ၂၈ အားကစား သတင်းစုစည်းမှု

    စက်တင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    2892013
    ဂျူးမုန်းတီးရေးသင်္ကေတအား မသုံးရန် စပါးနှင့်ချယ်ဆီးပရိတ်သတ်များကို ရဲတပ်ဖွဲ့သတိပေး

    စနေနေ့တွင် စပါးအသင်း၏ အိမ်ကွင်း ၀ှိုက်ဟတ်လိန်းတွင် ကစားမည့် စပါးအသင်းနှင့် ချယ်ဆီးအသင်းတို့ ကစားမည့် ပရီးမီယားလိဂ်ပွဲစဉ်တွင် ပရိတ်သတ်များအနေဖြင့် ဂျူးမုန်းတီးရေးသင်္ကေတ (Y-သင်္ကေတ) ကိုအသုံးမပြုရန် ရဲတပ်ဖွဲ့က သတိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုသင်္ကေတမှာ ဂျူးအယူဝါဒကို သက်ဝင်သူတို့အား နှိမ့်ချသည့် သင်္ကေတအဖြစ် အသုံးပြုကြပြီး စပါးအသင်းကို စတင်အမာခံ အားပေးခဲ့သည့် ပရိတ်သတ်များမှာ ဂျူးလူမျိုးများဖြစ်သောကြောင့် ၎င်းတို့အား စော်ကားနှိမ့်ချရန် အသုံးပြုကြသည်။ နောက်ပိုင်းတွင် စပါးအသင်း၏ ဂျူးမဟုတ်သည့် ပရိတ်သတ်များက ထိုသင်္ကေတအား ဆက်လက် မွေးစားအသုံးပြုခဲ့သည်။ ထိုသင်္ကေတအား အသုံးပြုသည့် မည်သည့်ပရိတ်သတ်ကိုမဆို ကွင်းအတွင်းမှ ဖယ်ရှားပစ်မည်ဟု ဒေသဆိုင်ရာရဲတပ်ဖွဲ့က ကြေညာထားသည်။
    “သီးသန့်အနေနဲ့ (ရဲတပ်ဖွဲ့ဝင်တွေဟာ) ဂျူးဆန့်ကျင်ရေးသင်္ကေတအသုံးပြုတဲ့သူတွေကို စောင့်ကြည့်သွားမှာပါ။ ပြီးတော့ ကျူးလွန်သူတွေကိုလည်း ဖယ်ရှားသွာမှာပါ” ဟု စပါးအသင်း၏ ၀ဘ်ဆိုဒ်တွင် ကြေညာထားခဲ့သည်။ ချယ်ဆီးအသင်းကလည်း စပါး ပရိတ်သတ်များကို စော်ကားသည့်အနေဖြင့် ထိုသင်္ကေတအား အသုံးမပြုရဟုသတိပေးထားပြီး “လူမျိုးရေးခွဲခြားတဲ့ အပြုအမူ၊ အပြောအဆို ပုံစံအားလုံးကိုတားမြစ်ထားပြီး အဲဒီအထဲမှာ Y- သင်္ကေတ အသုံးပြုတာလည်းပါဝင်ပါတယ်” ဟု ချယ်ဆီးအသင်းမှ ထုတ်ပြန်သောကြေညာချက်တွင်ဖေါ်ပြထားသည်။
    goal
    _________________________
    ပရိတ်သတ်များ၏အပြုအမူများကြောင့် ယူကရိန်းအသင်းအား ဖီဖာပြစ်ဒဏ်ချမှတ်

    စက်တင်ဘာ ၆-ရက်နေ့က ယူကရိန်းနိုင်ငံ အလ်ဗစ်မြို့တွင် ဆန်မာရီနိုနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပြုမူခဲ့သည့် ယူကရိန်း ပရိတ်သတ်များ၏ အပြုအမူများကြောင့် ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထိုပြစ်ဒဏ်ကြောင့် ယူကရိန်းအသင်း နောက်ထပ်ကစားမည့် အိမ်ကွင်းပွဲစဉ်တွင် ပရိတ်သတ် မပါဘဲကစားရမည်ဖြစ်ပြီး အလ်ဗစ်ရှိ အမျိုးသားအားကစားရုံ အသုံးပြုခြင်းကိုလည်း ပိတ်ပင်ခဲ့သည်။ ဆန်မာရီနိုနှင့်ပွဲတွင် ယူကရိန်းအသင်းပရိတ်သတ်များမှာ ကွင်းအတွင်း မီးရှူးမီးပန်းများ ပစ်ဖေါက်ကာ အနှောက်အယှက်ပေးခဲ့ကြပြီး ကွင်းမျက်နှာစာတွင် နာဇီလက်သစ်နဖူးစီးများ ချိတ်ဆွဲခြင်း၊ နာဇီပုံစံ အလေးပြုခြင်းနှင့် မျောက်သတ္တ၀ါကဲ့သို့ အသံများ၊ အပြုအမူများအပါအ၀င် လူမျိုးရေးခွဲခြားသော လုပ်ရပ်များပြုလုပ်ခဲ့သည်ဟု ဒိုင်လူကြီးနှင့် ပွဲကြီးကြပ်သူများ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
    “ဒီအဖြစ်အပျက်တွေအားလုံးရဲ့ အသေးစိတ်အချက်အလက်ကိုရယူပြီးနောက် ကော်မတီအနေဖြင့် ယူကရိန်းအသင်း နောက်ထပ် ကစားရမည့် အဓိကပြိုင်ပွဲဖြစ်သည့် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ(အောက်တိုဘာ ၁၁ ရက်နေ့တွင်ကစားရမည့် ပိုလန်အသင်းနှင့်ပွဲ) အား ပရိတ်သတ်မပါဘဲကစားစေရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် ၂၀၁၈ ရုရှားနိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အလ်ဗစ်မြို့ရှိ အာကစားကွင်းအား အသုံးပြုမှုကိုလည်းပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ပါသည်။” ဟု ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီမှတ်ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။
    goal
    _________________________
    အာဆင်နယ်တွင်သာ နည်းပြဘ၀အဆုံးသတ်ချင်သည်ဟု ၀င်းဂါးဆို

    အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးမှာ အာဆင်နယ်အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အဆင်သင့်ဖြစ်နေပြီး သူချစ်သော အာဆင်နယ်တွင်သာ နည်းပြဘ၀ ကုန်ဆုံးချင်သည်ဟု ပြောကြားလိုက်သည်။ အာဆင်ဝင်းဂါးမှာ ၁၉၉၆-ခုနှစ်ကတည်းက အာဆင်နယ်သို့ ရောက်ရှိခဲ့ပြီး လာမည်နှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကာ အသင်းမှထွက်ခွာတော့မည်ဟု အစောပိုင်းက ကောလဟာလများ ထွက်ပေါ်ခဲ့သေးသည်။ ၀င်းဂါးကလည်း ယခုနှစ် ဘောလုံးရာသီက သူ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း အာဆင်နယ်အသင်း၏ ရှယ်ယာ အများဆုံးပိုင်ဆိုင်သူ စတန်ကရိုအန်ကီ၏ လှိုက်လှဲစွာထောက်ခံမှုကိုရရှိပြီးနောက် အာဆင်နယ်အသင်းတွင်ဆက်နေရန် ၀င်းဂါးမှာ ယုံကြည်မှုပိုရှိလာခဲ့သည်။
    “စတန်ကရိုအန်ကီရဲ့ထောက်ခံမှုကိုရတာ ကျွန်တော်တော်တော်ဂုဏ်ယူပါတယ်။ ကျွန်တော်အသင်းကို ကူညီနိုင်မယ်လို့ သူ့ရဲ့ ထင်မြင်ချက်ဟာ သိပ်ကိုကြီးမားတဲ့ မဲတစ်ခုပါပဲ။ ကျွန်တော့်အတွက်တော့ အရမ်းကောင်းပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းပေါ်ထားရှိသည့်သဘောထားနှင့်ပက်သက်၍လည်း ၀င်းဂါးက “အသင်းရဲ့ အပြောင်းအလဲမရှိတဲ့ ထောက်ခံမှု ကိုလည်း ကျွန်တော်ရခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ၁၇-နှစ်တာ ကာလအတွင်းမှာ အတက် အကျတွေအများကြီးနဲ့ တွေ့ကြုံခဲ့ရပေမယ့် ကျွန်တော့်ကို ထောက်ခံကြတဲ့အတွက် ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ သူတို့အားလုံးကျွန်တော့်ကို ယုံကြည်မှုတွေ ပေးခဲ့ပါတယ်။ ဒီအသင်းမှာ တစ်သက်လုံးရှိနေရတာကို ကျွန်တော်နှစ်သက်ပါတယ်။ ကျွန်တော် ဒီအသင်းကို ချစ်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
    skysports
    _________________________
    မလေးရှားအိုးပင်း တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဒေးဗစ်ဖာရဲရားရှုံးနိမ့်

    မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် မလေးရှားအိုးပင်းတင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် နိုင်အခြေအဆင့် ၁ ရှိ စပိန်တင်းနစ်သမား ဒေးဗစ်ဖာရဲရားမှာ အံ့သြဖွယ် ရှုံးနိမ့်ခဲ့သည်ဟုသိရသည်။

    ဖာရဲရားမှာ နိုင်အခြေအဆင့်သတ်မှတ်ခြင်းမခံရသည့် ပေါ်တူဂီတင်းနစ်သမား ဂျိုအာအို ဆော့ဆာအား ၆-၂၊ ၇-၆(၈-၆)ဖြင့် ရှုံးနိမ့်ခဲ့သည်။ ယခုပွဲအနိုင်ရရှိမှုကြောင့် ဆော့ဆာမှာ ကမ္ဘာ့ထိပ်တန်း ၁၀ ဦးအဆင့်ဝင် တင်းနစ်သမားအား ပထမဆုံးအနိုင်ရရှိခြင်းလည်းဖြစ်ခဲ့သည်။
    “ကျွန်တော် အရင်က တစ်ခါမှ ထိပ်တန်း ၁၀-ဦးထဲက ကစားသမားကိုမနိုင်ဖူးပါဘူး။ ထိပ်တန်း ၅-ဦးဆိုရင်တော့ ပြောမနေပါနဲ့တော့။ ဒီအောင်ပွဲဟာ ကျွန်တော့်အတွက် အကြီးမားဆုံးအောင်ပွဲဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး” ဟု ကမ္ဘာ့အဆင့်-၇ ရှိ ဆော့ဆာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    skysports
    _________________________
    WTA Toray Pan Pacific Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲသို့ ကဗီတိုဗာတက်ရောက်

    ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ကျင်းပပြုလုပ်နေသည့် WTA Toray Pan Pacific Open အမျိုးသမီး တင်းနစ်ပြိုင်ပွဲဆီးမီးဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ကဗီတိုဗာနှင့် ကာရ်ဘာရ်တို့ အနိုင်ရရှိခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲသို့တက်ရောက်သွားပြီဟုသိရသည်။

    ကမ္ဘာ့အဆင့် ၁၁ တင်းနစ်မယ် ပီထရာ ကဗီတိုဗာမှာ အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဗီးနပ်စ် ၀ီလီယံကို အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၂ နာရီ ၂၄ မိနစ်ကြာမြင့်ခဲ့သော အဆိုပါပွဲတွင် ကဗီတိုဗာမှာ ဗီးနပ်စ်အား ၃-၆၊ ၆-၃၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့ပြီး ယခုနှစ်အတွင်း တင်းနစ်ပြိုင်ပွဲများတွင် ဗိုလ်လုပွဲသို့ တတိယအကြိမ်တက်ရောက်နိုင်ခဲ့သည်။

    ကမ္ဘာ့အဆင့် နံပါတ် ၉ ရှိ ဂျာမန်တင်းနစ်မယ် အိန်ဂျယ်လစ် ကာရ်ဘာရ်မှာလည်း နိုင်ခြေအဆင့် ၄ ရ ဒိန်းမတ်တင်းနစ်မယ် ကာရိုလိုင်း ၀ုဇ်နီအက်ကီအား ၆-၄၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့သည်။

    WTA Toray Pan Pacific Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကဗီတိုဗာနှင့် ကာရ်ဘာရ်တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    skysports