News @ M-Media

Blog

  • Rakhine: ကြိုတင်ကြံစည် အကွက်ချ လုပ်ဆောင်ခဲ့သည့် သံတွဲမြို့မှ အကြမ်းဖက်မှု

    စက်တင်ဘာ၊ ၃၀
    M-Media
    ထွန်းတောက်

    1

    သံတွဲ ။ ။ သံတွဲမြို့တွင် မနေ့ညနေ (စက်တင်ဘာ-၂၉) ၆း၃၀ ခန့်စ၍ အကြမ်းဖက်မှုဖြစ်ပွားပြီး အိမ်နှင့် ဆီဆိုင်(၁)ခု မီးရှို့ခံရကာ၊ ဗလီနဲ့ အိမ်တချို့ကတော့ ခဲများဖြင့် ပစ်ပေါက်ခံခဲ့ရပါတယ်။

    စတင်ဖြစ်ပွားလာရခြင်းမှာ စက်တင်ဘာ ၂၈-ရက်နေ့ မနက်ပိုင်းက သံတွဲမြို့ရှိ ငပလီရောင်းဝယ်ရေး ပိုင်ရှင်ဖြစ်သူ ကမန်တိုးတက်ရေးပါတီ ဥက္ကဌ ဦးကျော်ဇံလှ သူ၏ဆိုင်ရှေ့တွင် ပိတ်ရပ်နေသော သုံးဘီးဆိုင်ကယ်အား ဖယ်ရှားပေးရန် ပြောဆိုမှုကို မကျေနပ်ပြီး လူစုလူဝေးပြုလုပ်လာသောကြောင့် ရဲစခန်းမှ ဦးကျော်ဇံလှအား လာခေါ်ရောက်ဆောင်ပြီး ထိန်းသိမ်းထားခဲ့ပါတယ်။

    ထိန်းသိမ်းထားစဉ်တွင်လည်း အဆိုပါလူအုပ်ကြီးမှ ရဲစခန်းအား ၀ိုင်းလာပြီး ဦးကျော်ဇံလှကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါသည်။ ထို့နောက် လူအုပ်ကြီး လူစုကွဲသွားပြီးနောက် ဦးကျော်ဇံလှကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ အဆိုပါကိစ္စကို မကျေမနပ်ဖြစ်ကြပြီး လူစုလူဝေးဖြင့် ထပ်မံပြုလုပ်လာပြီး ထိုနေ့ နေ့လည်ပိုင်းမှာပဲ ဦးကျော်ဇံလှ၏အိမ်အား မီးရှို့မည်ဟု ဆိုသဖြင့် ရဲနှင့်စစ်တပ်မှ ၀ိုင်းဝန်းထိန်းသိမ်းပြီး ဦးကျော်ဇံလှ အိမ်အနီးတွင် စစ်တပ်ချထားခဲ့ပါတယ်။

    သို့သော် စက်တင်ဘာ ၂၉-ရက် ညနေပိုင်းမှာ အကြမ်းဖက်မှုလုပ်ဆောင်ရန် လူစုလူဝေး ပြုလုပ်လာကြပြီး ညနေ ၆း၄၅-နာရီခန့်မှာတော့ (၃)ရပ်ကွက် မဟာဗန္ဓုလမ်းရှိ ဦးလှမြင့် နေထိုင်သည့်အိမ် (ဦးခင်မောင်ပိုင်သောကြောင့် ဦးခင်မောင်အိမ်ဟုလည်း လူသိများပါသည်) အား မီးစတင်ရှို့ခဲ့ကြပါတယ်။ ထိုသို့ လုပ်ဆောင်သည့် ထောင်နဲ့ချီသော အကြမ်းဖက် လူအုပ်ကြီးအား စစ်တပ်မှ အစောပိုင်းတွင် မထိန်းနိုင်ပဲရှိနေရာ ၇း၁၅-နာရီခန့်တွင် မိုးပေါ်သို့ သေနတ်ပစ်ဖောက်သော်လည်း လူစု ကွဲမသွားပဲ အကြမ်းဖက်မှုကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သံတွဲမြို့ခံက ပြောပါတယ်။

    ၎င်းနောက် (၃)ရပ်ကွက် ဂန္ဓာလမ်းရှိ ဘာသာခြား ၂-အိမ်ကြားတွင် ရှိနေသည့် ဦးယာစင်း၏ ၀င်းမျက်မှန်ဆိုင်အားလည်း ဖျက်ဆီးရန်ပြုလုပ်ကြပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ တောင်ပေါ်ဗလီကိုလည်း ဖြိုဖျက်ရန် ကြံစည်လုပ်ဆောင်ခဲ့ကြပြန်ပါတယ်။ ထို့နောက် တောင်ကုတ်ဘက်ထွက်သည့် အံတော်ဘက်ခြမ်းမှ ကိုကြီးမောင်ဆိုသူ၏ ဆီဆိုင်အားလည်း မီးရှို့ခဲ့ကြပြန်ပါတယ်။

    ည ၁၀း၃၀-နာရီခန့်တွင်တော့ အမှတ်(၆)ရပ်ကွက် ဗောဓိကုန်းရှိ မွတ်စလင်မ်အိမ်များဖြင့် ခဲများဖြင့် ပစ်ပေါက်ကာ ဖျက်ဆီးရန် လုပ်ဆောင်နေတာကြောင့် မွတ်စလင်မ်များအနေဖြင့် စိုးရိမ်ခဲ့ကြရပါတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

    ယခုဖြစ်ပွားခဲ့မှုမှာ ဦးကျော်ဇံလှမှ သုံးဘီးဆိုင်ကယ်မောင်းသူအား မချေမငံပြောဆိုသည် ဟူ၍လည်းကောင်း၊ သာသနာ့အလံအား မွတ်စလင်မ်များမှ ဆုတ်ဖြဲခဲ့သည်ကို မကျေနပ်ဟူ၍လည်းကောင်း မဟုတ်မမှန်လုပ်ကြံသတင်းများလွှင့်ပြီး အကြမ်းဖက်မှုကို စတင်ခဲ့ခြင်းဖြစ်တယ်လို့ သံတွဲမြို့ခံများက ပြောပါတယ်။

    ယခုကဲ့သို့ ဖြစ်ပွားခဲ့သော ကိစ္စရပ်တွင် ရခိုင်တိုးတက်ရေးပါတီမှ လူစုဝေးဖြင့် လုပ်ဆောင်မှုများ၊ မနေ့က အကြမ်းဖက်မှုတွင်လည်း လွန်ခဲ့သော လပိုင်းများအတွင်းကတည်းက သံတွဲမြို့ အံတော်ရပ်ကွက် အကြမ်းဖက်မီးရှို့မှုများလှုံ့ဆော်သူ သံတွဲမြို့မှ ကျော်ကျော် ခေါ် သန်းထွန်းကျော် ဖြစ်သည်မှာ အများစု သိရှိနေသော်လည်း ထိုသူများအား အရေးယူမှု တစ်စုံတစ်ရာ မရှိကြောင်း သံတွဲမြို့ခံများက ဆိုပါတယ်။

    ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပွားသည်မှာ ၂၀၁၂-ခု ဇွန်လ ရခိုင်အရေးကိစ္စမှစပြီး ယခုအချိန် ၂၀၁၃-ခု စက်တင်ဘာလအထိ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး မြန်မာနိုင်ငံအနှံ့အပြားမှ အစ္စလာမ် ဘာသာဝင်တို့၏ ဗလီဝတ်ကျောင်း အများအပြားမီးရှို့ ဖျက်ဆီးခံရပြီး၊ နိုင်ငံသား မွတ်စလင်မ် အရွယ်စုံ သေကြေခဲ့ကြရသလို၊ အိုးအိမ် စည်းစိမ်များလည်း အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ဝေဒနာများလည်း များစွာ ခံစားခဲ့ရပါတယ်။

    ဖြစ်စဉ်တိုင်းတွင် အကြမ်းဖက်ခံရသူများဘက်သို့သာ ပုဒ်မမျိုးစုံတပ်ကာ ဖမ်းဆီး ထောင်ချမှုများ ပြုလုပ်သော်လည်း တကယ့် အကြမ်းဖက်တရားခံ အစစ်အမှန်များကို သိရှိနေရသော်လည်း ယခုထက်တိုင် ရှာဖွေ ဖော်ထုတ်မှု မပြုသည်ကို ထောက်ရှုခြင်းအားဖြင့် ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး အကြမ်းဖက်မှုများကို စနစ်အကျ စီမံကိန်းချ လုပ်ဆောင်နေသည်မှာ ထင်ရှားပေါ်လွင်နေပြီး ယခုကိစ္စရပ်များကို အချိန်မီ ထိန်းသိမ်းနိုင်ခြင်း မရှိပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေး လမ်းစဉ်သည် ရှေ့မတိုးနိုင်ပဲ နောက်ပြန်လှည့်သွားပြီး နိုင်ငံလည်း ချွတ်ခြုံကျ အခြေအနေသို့ မလွဲဧကန်ရောက် ရှိတော့မည်ဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

    ဓါတ်ပုံအညွှန်း -မီးရှို့ခံရသည့် (၃)ရပ်ကွက် မဟာဗန္ဓုလမ်းရှိ ဦးလှမြင့် နေထိုင်သည့်အိမ် (ဦးခင်မောင်ပိုင်သောကြောင့် ဦးခင်မောင်အိမ်ဟုလည်း လူသိများပါသည်)

  • BBC: သံတွဲမြို့မှာ သာမန် အငြင်းပွားရာကနေ ရုတ်ရုတ်သဲသဲ ဖြစ်

    ဘီဘီစီ (မြန်မာပိုင်း)
    30.9.2013

    thandwe

    ရခိုင်ပြည်နယ် သံတွဲမြို့မှာ စနေနေ့က ကမန် အမျိုးသား ပါတီက ဦးကျော်စံလှရဲ့ အိမ်ရှေ့ အဝင်အထွက်မှာ ဆိုင်ကယ်မလွတ်လို့ အချင်းများရာကနေ လူအုပ်နဲ့ ရဲစခန်းကို သွားဝိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ဆိုင်ကယ်သမား လူငယ်လေးကလည်း လူရည်မွန်လေး တဦး ဖြစ်သလို ဦးကျော်စံလှကလည်း မြို့မိမြို့ဖ တဦး ဖြစ်ကြောင်း၊ ဒါပေမယ့် အချင်းချင်း နားလည်မှု လွဲရာကနေ အချင်းများခဲ့တာ ဖြစ်ကြောင်း၊ ဒီသာမန် အငြင်းပွားမှုကို အခွင့်ကောင်း ယူပြီး လှုံ့ဆော်သူတွေ ရှိခဲ့တာကြောင့် အခုလို လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ အဆင့်ထိ ရောက်သွားတာလို့ သံတွဲခရိုင် NLD ဥက္ကဌ ဦးဝင်းနိုင်က ဘီဘီစီကို ပြောပြပါတယ်။

    ဦးကျော်စံလှကို ဆဲရေး တိုင်းထွာမှု အပါအဝင် ပုဒ်မနှစ်ခုနဲ့ ရဲက ဖမ်းဆီးခဲ့ရာမှာ လူ၅၀လောက်က ရဲစခန်းကို ဝိုင်းထားပြီး ဦးကျော်စံလှကို လွှဲပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်။ညနေပိုင်းလောက်မှာ သံဃာတော်တွေရဲ့ ဖျောင်းဖျမှုနဲ့ လူစု ကွဲသွား ခဲ့ပြီး ဦးကျော်စံလှ ကိုလည်း ရဲက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

    ဒါကို မကျေနပ်တဲ့ လူ၂၀လောက် က တနင်္ဂနွေနေ့မှာ ရဲစခန်းကို တခါ ထပ် ဝိုင်းခဲ့ကြတယ်လို့ သိရပါတယ်။အဲဒီလူတွေဟာ မျက်နှာဖုံးတွေ စွပ်ထားကြပေမယ့် မြို့ခံတွေဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီလူတွေ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေက သိနေပေမယ့် အဖမ်းအဆီး ခုချိန်ထိ မရှိသေးဘူးလို့ ဦးဝင်းနိုင်က ပြောပါတယ်။

    သံတွဲမြို့မှာ အခုလို ရုတ်ရုတ်သဲသဲ ဆူပူမှုတွေ ဖြစ်အောင် လှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။ဘာသာခြား ဆိုင်တွေမှာ ဈေးမဝယ်ကြဖို့၊ ဝယ်သူတွေကို ဓါတ်ပုံ ရိုက်ထားပြီး လူ့လောကကြီးကနေ ဝိုင်းပယ်ထားကြဖို့ လှုံ့ဆော်မှုမျိုးတွေ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

    ည ၈နာရီလောက်မှာ သံတွဲမြို့ ၃ရပ်ကွက် တာဝင်္တီသာ လမ်းမှာ အိမ်တလုံး မီးရှို့ ခံခဲ့ရပါတယ်။

    စနေနဲ့ တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ဒီမီးလောင်မှု ဆက်စပ်နေသလား ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

    ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း သံတွဲမြို့မှာ ရှိတဲ့ တောင်ကုတ်မြို့သူ တဦး ဆွဲလား ရမ်းလား အလုပ်ခံရတယ် ဆိုတဲ့ သတင်းတွေကြောင့် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ရပါတယ်။

    ဓါတ်ပုံအညွှန်း- သံတွဲမြို့တွင် ဖြန့်ဝေလျှက်ရှိသော မွတ်စလင်မ် ဆန့်ကျင်ရေးလှုံ့ဆော် စာရွက်များ (Photo-FB)

    Link >>http://www.bbc.co.uk/burmese/burma/2013/09/130929_thandwe_riot.shtml

  • နှစ်ပွဲဆက်တိုက် ရှုံးပြီး နိုင်ပွဲပြန်တွေခဲ့တဲ့ လီဗာပူး ၊ ယခုတပတ် (၉)ပွဲတွင် ဧည်သည်အသင်းတွေ (၅) ပွဲထိနိုင်ပြီး ခြေစွာခဲ့

    စက်တင်ဘာ၊ ၃၀
    M-Media

    322844hp2

    ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲစဉ်များအဖြစ် စတုတ်စီးတီးအသင်းနှင့် နော့ဝစ်ခ်ျအသင်းတို့လည်းကောင်း၊ ဆန်းဒါးလန်းအသင်းနှင့် လီဗာပူးလ်အသင်းတို့လည်းကောင်း ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြရာ နောဝစ်ခ်ျနှင့် လီဗာပူးလ်အသင်းတို့ အသီးသီးအနိုင်ရရှိခဲ့ကြသည်ဟု သိရသည်။

    ပြီးခဲ့သည့်တစ်ပတ်က ဆောက်သက်တမ်အသင်းအားရှုံးနိမ်ခဲ့ပြီး လိဂ်ဖလားတွင်လည်း မန်ယူအသင်းကိုရှုံးနိမ့်ခဲ့ကာ နောက်ဆုံးနှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့သည့် လီဗာပူးလ်အသင်းမှာ ဆန်ဒါးလန်းအသင်း၏ အလင်းရောင်ကွင်းတွင် အမှားအယွင်းမရှိ ၃ မှတ်ရယူနိုင်ခဲ့သည်။ ဆန်းဒါးလန်းအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အဖွင့်ဂိုးကို ၂၈ မိနစ်တွင် ဒန်နီယယ် စတားရစ်ခ်ျက သွင်းယူပေးခဲ့ပြီး ၃၆ မိနစ်နှင့် ၈၉ မိနစ်တို့တွင် လူးဝစ်ဆွာရက်ဇ်က ဒုတိယဂိုးနှင့် တတိယဂိုးတို့ကို အသီးသီးသွင်းယူပေးခဲ့သည်။ ဆန်းဒါးလန်းအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို ၅၂ မိနစ်တွင် အီမန်နျူယဲလ် ဂျာရှရီနီက သွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်ကြောင့် လီဗာပူးလ်အသင်းမှာ ၆ ပွဲကစား ၁၃ မှတ်ဖြင့် အာဆင်နယ်၏အောက် ၂ နှစ်မှတ်အကွာ ဒုတိယနေရာတွင်ရှိနေသည်။

    စတုတ်ရဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ နော်ဝစ်ခ်ျ
    ——————————————-
    စတုတ်အသင်း၏အိမ်ကွင်း ဘရစ်တန်းနီးယားတွင်ကစားခဲ့ကြသည့် စတုတ်စီးတီးနှင့်နော်ဝစ်ခ်ျတို့ပွဲစဉ်တွင် ဧည့်သည်နော်ဝစ်ခ်ျအသင်းက ပထမပိုင်းသွင်းဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ နော်ဝစ်ခ်ျအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပထမပိုင်း ၃၃ မိနစ်တွင် ဂျိုနသန် ဟောင်ဆန်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ နှစ်သင်းစလုံးမှာ ပြီးခဲ့သည့်သတင်းပတ်များက ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သောအသင်းများဖြစ်ကြသည်။

    ပရီးမီးယားလိဂ်ပွဲစဉ် ၆ အနိုင်အရှုံး

    မန်ယူ ၁-၂ ၀က်စ်ဘရွန်း
    ဆွမ်ဆီး ၁-၂ အာဆင်နယ်
    ဖူလ်ဟမ် ၁-၂ ကာဒစ်ဖ်
    အက်စတွန်ဗီလာ ၃-၂ မန်စီးတီး
    စပါး ၁-၁ ချယ်ဆီး
    ဆောက်သက်တမ် ၂-၀ ခရစ္စတယ်ပဲလေ့စ်
    ဟားလ်စီးတီး ၁-၀ ၀က်စ်ဟမ်း
    စတုတ်စီးတီး ၀-၁ နော့ဝစ်ခ်ျ
    ဆန်းဒါးလန်း ၁-၃ လီဗာပူးလ်

     

  • ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှ နေရပ်စွန်ခွာ တိုင်းရင်းသား မိသားစု (၄)စု UN အစီအစဉ်ဖြင့် ဂျပန်သို့ရောက်ရှိ

    စက်တင်ဘာ၊ ၃၀
    M-Media

    Myanmar refugees arrive via U.N. resettlement plan

    ၂၀၁၀ ခုနှစ်မှစ၍ ဂျပန်နိုင်ငံတွင်စတင် အကောင်အထည်ဖေါ်ခဲ့သော ကုလသမဂ္ဂ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအစီအစဉ်အရ မြန်မာနိုင်ငံမှ မိသားစုလေးစုမှာ ဂျပန်နိုင်ငံသို့ သောကြာနေ့ညက ရောက်ရှိလာခဲ့သည်ဟုသိရသည်။ ထိုမိသားစုလေးခုမှာ လူဦးရေအားဖြင့် ၁၈ ဦးရှိပြီး မြန်မာနိုင်ငံရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများထဲမှဖြစ်ကာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေထိုင်ကြ သူများဖြစ်သည်။

    ထိုသူများအား ဂျပန်ဘာသာစကားနှင့် အသက်မွေးဝမ်းကြောင်းပညာရပ်များအား ရက်ပေါင်း ၁၈၀ အတွင်းသင်ကြားပေးမည်ဖြစ်ပြီး ထိုနောက်ပိုင်းတွင် အလုပ်အကိုင်နှင့် မည်သည့်နေရာတွင် အခြေချလိုသည်ကို ၎င်းတို့ကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်သည်။ ဘန်ကောက်မြို့မှ ဂျပန်နိုင်ငံရှိ နရီတာ နိုင်ငံတကာလေဆိပ်သို့ရောက်ရှိလာချိန်တွင် ၎င်းတို့မှာ ပင်ပန်းနွမ်းနယ်နေခဲ့သော်လည်း စိတ်သက်သက်ရာရပုံပေါ်လွင်နေခဲ့သည်။

    ဇနီး၊ ကလေးနှင့်အတူ ရောက်ရှိလာခဲ့သည့် အသက် ၃၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ဒုက္ခသည်စခန်းတွင် ၇ နှစ်ကြာနေထိုင်ခဲ့ရကြောင်း၊ ဂျပန်နိုင်ငံမှ ၎င်းတို့အား နွေးထွေးစွာကြိုဆိုခဲ့မှုအတွက်ကျေးဇူးတင်ကြောင်း၊ ဂျပန်စကားအားလေ့လာသင်ယူပြီးပါက အလုပ်ရှာဖွေ သွားမည်ဟု စဉ်စားထားကြောင်းပြောကြားခဲ့သည်။

    ဒုက္ခသည်များအား တတိယနိုင်ငံများသို့ပြောင်းရွှေ့ပေးသည့် ကုလသမဂ္ဂ၏ အစီအစဉ်မှာ အကြောင်းမျိုးမျိုးကြောင့် မိမိ၏မွေးရပ်မြေကိုစွန့်ခွာရပြီး အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေရသူများအား ပြန်လည်နေရာချထားပေးသည့် အစီစဉ်ဖြစ်သည်။ ဂျပန်နိုင်ငံမှာ ၂၀၁၀ ခုနှစ်မှစ၍ နှစ်စဉ်မြန်မာနိုင်ငံသား ဒုက္ခသည် ၃၀ အားခိုလှုံခွင့်ပေးရန်လက်ခံထားပြီး ပထမတွင် သုံးနှစ်သာ သဘောတူညီခဲ့သော်လည်း ယခုအခါ ငါးနှစ်အထိ တိုးမြှင့်လိုက်သောကြောင့် ၂၀၁၅ ခုနှစ်အထိ ဒုက္ခသည်များကို လက်ခံသွားမည်ဖြစ်သည်။

    Ref: The Japan Times News

  • Apple ၏ iOS 7 တွင် ဂျေရုစလင်မြို့အား နိုင်ငံအမည် ပေးထားခြင်းမရှိ

    စက်တင်ဘာ၊ ၃၀၊
    M-Media

    Jerusalem without country

    လပေါင်းများစွာပြင်ဆင်မှုများပြလုပ်ပြီးနောက် လူအများစောင့်မျှော်နေသည့် iOS 7 application အား Apple မှ ပြီးခဲ့သည့်သီတင်းပတ်က ဖြန့်ချီလိုက်သည်။ iOS 7 application တွင်ပါဝင်သည့် ကမ္ဘာ့နိုင်ငံများ၏ စံတော်ချိန်စာရင်းတွင် ဂျေရုစလင်မြို့အား နိုင်ငံအမည် သတ်မှတ်ထားခြင်း မရှိဟု Glenn Beck တည်ထောင်ထားသည့် ကွန်ဆာဗေးတစ် သတင်းဌာနတစ်ခုဖြစ်သော The Blaze တွင် ရေးသားဖော်ပြထားသည်။

    ဂျေရုစလင်မြို့မှာ အစ္စရေး၏အုပ်ချုပ်မှုလက်အောက်တွင်ရှိပြီး ပါလက်စတိုင်းကလည်း အရှေ့ဂျေရုစလင်ကို ၎င်းတို့၏ မြို့တော်အဖြစ်တောင်းဆိုထားသည်။ ယခင် iOS 6 တွင်လည်း ဂျေရုစလင်အား နိုင်ငံအမည် သတ်မှတ်ထားခြင်း မရှိသော်လည်း Appele Map တွင် အစ္စရေးနိုင်ငံ အတွင်းထည့်ထားသည်ဟု The Blaze စာဖတ်ပရိတ်သတ်များက ထောက်ပြခဲ့သည်။ iOS 7 တွင် အနောက်ဘက်ကမ်းခြေနှင့် ဂါဇာတို့ကို ပါလက်စတိုင်း ပိုင်နက်နယ်မြေများအဖြစ် ဖေါ်ပြထားသည်။

    အစ္စရေးက ၎င်းတို့ပိုင်နက် အဖြစ်ကြေညာထားသည့် ဂျေရုစလင်နှင့် နေရာများမှာ ၁၉၄၇ ခုနှစ်အထိ ပါလက်စတိုင်း နယ်နမိတ်ဖြစ်ခဲ့ပြီး အရှေ့ဥရာပမှဝင်ရောက်လာသော ဂျူးလူမျိုးများက အနောက်နိုင်ငံများ၏ အကူအညီဖြင့် စစ်တပ်ဖွဲ့စည်း၍ ထိုနယ်မြေများကိုမတရားသိမ်းယူခဲ့ပြီး၊ ပါလက်စတိုင်းတို့၏ ရွာပေါင်း ၅၀၀ ကျော်ကိုဖျက်ဆီးခဲ့ကာ အစ္စရေးနိုင်ငံအဖြစ်ကြေညာခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ ပါလက်စတိုင်းနယ်မြေများကို အစ္စရေးကကျူးကျော် သိမ်းပိုက်လျက်ရှိပြီး ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင်လည်း လူနေအိမ်ရာများကိုဆောက်လုပ်လျက်ရှိနေသည်။

    Ref: http://islam.ru