စက်တင်ဘာ၊ ၃၀
M-Media
၂၀၁၀ ခုနှစ်မှစ၍ ဂျပန်နိုင်ငံတွင်စတင် အကောင်အထည်ဖေါ်ခဲ့သော ကုလသမဂ္ဂ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအစီအစဉ်အရ မြန်မာနိုင်ငံမှ မိသားစုလေးစုမှာ ဂျပန်နိုင်ငံသို့ သောကြာနေ့ညက ရောက်ရှိလာခဲ့သည်ဟုသိရသည်။ ထိုမိသားစုလေးခုမှာ လူဦးရေအားဖြင့် ၁၈ ဦးရှိပြီး မြန်မာနိုင်ငံရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများထဲမှဖြစ်ကာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေထိုင်ကြ သူများဖြစ်သည်။
ထိုသူများအား ဂျပန်ဘာသာစကားနှင့် အသက်မွေးဝမ်းကြောင်းပညာရပ်များအား ရက်ပေါင်း ၁၈၀ အတွင်းသင်ကြားပေးမည်ဖြစ်ပြီး ထိုနောက်ပိုင်းတွင် အလုပ်အကိုင်နှင့် မည်သည့်နေရာတွင် အခြေချလိုသည်ကို ၎င်းတို့ကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်သည်။ ဘန်ကောက်မြို့မှ ဂျပန်နိုင်ငံရှိ နရီတာ နိုင်ငံတကာလေဆိပ်သို့ရောက်ရှိလာချိန်တွင် ၎င်းတို့မှာ ပင်ပန်းနွမ်းနယ်နေခဲ့သော်လည်း စိတ်သက်သက်ရာရပုံပေါ်လွင်နေခဲ့သည်။
ဇနီး၊ ကလေးနှင့်အတူ ရောက်ရှိလာခဲ့သည့် အသက် ၃၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ဒုက္ခသည်စခန်းတွင် ၇ နှစ်ကြာနေထိုင်ခဲ့ရကြောင်း၊ ဂျပန်နိုင်ငံမှ ၎င်းတို့အား နွေးထွေးစွာကြိုဆိုခဲ့မှုအတွက်ကျေးဇူးတင်ကြောင်း၊ ဂျပန်စကားအားလေ့လာသင်ယူပြီးပါက အလုပ်ရှာဖွေ သွားမည်ဟု စဉ်စားထားကြောင်းပြောကြားခဲ့သည်။
ဒုက္ခသည်များအား တတိယနိုင်ငံများသို့ပြောင်းရွှေ့ပေးသည့် ကုလသမဂ္ဂ၏ အစီအစဉ်မှာ အကြောင်းမျိုးမျိုးကြောင့် မိမိ၏မွေးရပ်မြေကိုစွန့်ခွာရပြီး အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေရသူများအား ပြန်လည်နေရာချထားပေးသည့် အစီစဉ်ဖြစ်သည်။ ဂျပန်နိုင်ငံမှာ ၂၀၁၀ ခုနှစ်မှစ၍ နှစ်စဉ်မြန်မာနိုင်ငံသား ဒုက္ခသည် ၃၀ အားခိုလှုံခွင့်ပေးရန်လက်ခံထားပြီး ပထမတွင် သုံးနှစ်သာ သဘောတူညီခဲ့သော်လည်း ယခုအခါ ငါးနှစ်အထိ တိုးမြှင့်လိုက်သောကြောင့် ၂၀၁၅ ခုနှစ်အထိ ဒုက္ခသည်များကို လက်ခံသွားမည်ဖြစ်သည်။
Ref: The Japan Times News

Leave a Reply
You must be logged in to post a comment.