News @ M-Media
Blog
  • စက်တင်ဘာ၊ ၂၉ အားကစားသတင်းများ
    စက်တင်ဘာ၊ ၂၉
    M-Media
    2992013
    ရမ်ဆေးမှာပိုကောင်းလာမည်ဟုဝင်းဂါးဆို
    ဆွမ်ဆီးအသင်းနှင့်ပွဲတွင် ဂိုးသွင်းယူခဲ့သည့် အာဆင်နယ်အသင်း၏ ဝေးလ်တိုက်စစ်မှူး အာရွန်ရမ်ဆေးထံမှ စွမ်ဆောင်ရည်များ ယခုထက်ပို၍ တွေ့မြင်နိုင်မည်ဟုယုံကြည်ကြောင်း အာဆင်ဝင်းဂါးကပြောဆိုလိုက်သည်။ ရမ်ဆေးမှာ ယခုနှစ်ရာသီအစမှစ၍ တောက်လျှောက်ခြေစွမ်းပြနေခဲ့ပြီး ယမန်နေ့ညက ကစားခဲ့သည့် ဆွမ်ဆီးအသင်းနှင့်ပွဲတွင်လည်း တစ်ဂိုးသွင်းယူခဲ့ကာ တစ်ဂိုးဖန်တီးပေးခဲ့သည်။
    ရမ်ဆေးမှာ ယခုနှစ်ရာသီတွင် အာဆင်နယ်အသင်းနှင့် ၉ ပွဲကစားထားပြီး ၈ ဂိုးအထိ သွင်းယူထားနိုင်ကာ အာဆင်နယ်အသင်းအား ပရီးမီးယားလိဂ်ထိပ်ဆုံးရောက်အောင်ကူညီပေးနိုင်ခဲ့သည်။ “သူ့(ရမ်ဆေး)ဆီကနေ တိုးတက်မှုတွေများကြီးမြင်ရဖို့ရှိပါသေးတယ်။ သူဟာ ၁၈ နှစ်ပဲရှိသေးပြီး သူရဲ့စွမ်းရည်တွေကိုပြသနေပါပြီ။ ကျွန်တော်တို့သူ့အပေါ်မှာ ယုံကြည်မှုတွေရှိနေပြီး နောက်ပွဲမှာလည်း သူပိုကောင်းလာမှာပါ” ဟု ၀င်းဂါးက Sky Sports သို့ပြောကြားခဲ့သည်။
    …………………………………….
    ကျွန်တော်တို့ အနိုင်ရဖို့မထိုက်တန်ခဲ့ပါဘူး (ရော်နယ်ဒို)
    ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ယမန်နေ့ညက ဘာနေဗျူးတွင် အက်သလက်တီကိုမက်ဒရစ်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရခြင်းအတွက် စောဒကမတက်လိုကြောင်း ပြောကြားခဲ့သည်။ ထိုပွဲတွင် အက်သလက်တီကိုအသင်းက ဒီယေဂိုကော်စတာ၏ ပထမပိုင်း ၁၁ မိနစ်သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ၁၉၉၉ ခုနှစ်နောက်ပိုင်း မြို့ခံပြိုင်ဘက်ရီးယဲလ်အသင်းကို ပထမဆုံး အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။ ထိုရှုံးနိမ့်မှုနှင့်ပက်သက်ပြီး ဆင်ခြေပေးရန် ရော်နယ်ဒိုက ငြင်းဆိုခဲ့သည်။
    “ကျွန်တော်တို့ကောင်းကောင်းမကစားခဲ့ပါဘူး။ ကျွန်တော်တို့အနိုင်နဲ့လည်းမထိုက်တန်ပါဘူး။ အက်သလက်တီကိုက ဂိုးစောစောသွင်းပြီး အနိုင်ကစားသွားတာပါ။ ဒီပွဲဟာ ကျွန်တော်တို့အတွက်မလွယ်ကူခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ အသင်းသားတွေရဲ့ အနောက်က လိုက်ကစားရတာပါ။ အဲဒါကြောင့် ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ဒီအရှုံးကို ကျွန်တော်တို့ ကြေကွဲနေစရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ခေါင်းကိုမော့ပြီး ဆက်လက်တိုက်ပွဲဝင်ရမယ်။ ပြီးတော့ ကျွန်တော်တို့ အလုပ် ဆက်လက် လုပ်ဆောင်ရမယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနှစ်အတွင်းမှာ နိုင်အောင်ကစားရမယ့်ပွဲတွေအများကြီးရှိလို့ပါ” ဟု ပွဲအပြီးတွင် စပိန်အားကစားဝဘ်ဆိုဒ်တစ်ခုဖြစ်သည့် Sport.es သို့ပြောကြားခဲ့သည်။
    …………………………………………
    မန်ယူအသင်းမှာ ချန်ပီယံလိဂ်အားဗိုလ်စွဲဖို့လုံလောင်အောင် ကောင်းမွန်မှုမရှိဟု မိုယက်စ်ဆို
    မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြဒေးဗစ်မိုယက်စ်က ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းများမှာ မန်ယူအသင်းထက် ပို၍တောင့်တင်းပြီး မန်ယူအသင်းမှာ ယခုနှစ်ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန်ကမ္ဘာ့အဆင့်မီ ကစားသမားမလုံလောက်ဟု ပြောကြားခဲ့သည်။ မန်ယူအသင်းမှာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွင် လေဗာကူဆင်အသင်းအား ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သော်လည်း ချန်ပီယံလိဂ်တွင်ခက်ခဲမှုများနှင့် ကြုံတွေ့ရမည်ဟု မိုယက်စ်က မျှော်လင့်နေသည်။
    “ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ဆိုရင် ကမ္ဘာ့အဆင့်ကစားသမား ၅ ယောက် ၆ ယောက်လောက် ရှိရပါမယ်။ ဘိုင်ယန်ကိုကြည့်လိုက်ရင် ကမ္ဘာ့အဆင့် ကစားသမားစစ်စစ် ၅ ယောက် ၆ ယောက်လောက်ရှိပါတယ်။ ဗိုလ်စွဲဖို့ဆိုရင်တော့ ကျွန်တော်တို့မှာ အဲဒီလောက်ကစားသမားတွေရှိမှရမှာပါ” ဟု ၀က်စ်ဘရွန်း ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ………………………………….
    Pan Pacific Open တင်းနစ်ပြိုင်ပွဲတွင် ကဗီတိုဗာဗိုလ်စွဲ
    ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ယမန်နေ့ကကျင်းပခဲ့သည့် Pan Pacific Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ချက်တင်းနစ်မယ် ပီထရာ ကဗီတိုဗာ အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    နိုင်ခြေအဆင့် ၇ သတ်မှတ်ခံရသည့် ပီထရာကဗီတိုဗာမှာ ဂျာမနီတင်းနစ်မယ် အိန်ဂျလစ် ကာရ်ဘာရ်အား အကြိတ်အနယ်ကစားကာ ၆-၂၊ ၀-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့သည်။ “ဒီရာသီရဲ့နောက်ဆုံးချန်ပီယံရှစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ချင်ပါတယ်။ ဒါပေမယ့် အနိုင်ရတဲ့ဒီဖီလင်ကို အရင်ခံစားလိုက်ပါဦးမယ်။ အိန်ဂျီ(ကာရ်ဘာရ်)ဟာ (ဒုတိယပွဲငယ်မှာ) ပြန်လာနိုင်ခဲ့ပေမယ့် ကျွန်မ ပြန်ပြီး အာရုံစိုက်နိုင်ခဲ့ပါတယ်။ ဒီလိုပွဲကြီးမှာ အနိုင်ရတာဟာ တကယ့်ကို အံ့သြစရာပါပဲ” ဟု ကဗီတိုဗာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ကဗီတိုဗာအနေဖြင့် ယခုပွဲဗိုလ်စွဲမှုမှာ ဖေဖော်ဝါရီလက ဒူဘိုင်းအိုးပင်းတွင် ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံး ဗိုလ်စွဲခြင်းလည်းဖြစ်သည်။
    Ref: skysports
    ………………………………….
    မန်ယူ၊ မန်စီးတီးတို့ရှုံးပွဲတွေ့၊ အာဆင်နယ် အနိုင်ရပြီး ချယ်ဆီးသရေ ကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၆ စနေနေ့ညပွဲစဉ်များ
    ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ယမန်နေ့ညက ၇ ပွဲကစားခဲ့ရာ နည်းပြသစ်မိုယက်စ်၏ မန်ယူအသင်းမှာပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက်ရှုံးပွဲနှင့်တွေ့ကြုံခဲ့ရသည်။ မန်စီးတီးအသင်းမှာလည်း အက်စတွန်ဗီလာအား ရှုံးနိမ့်ခဲ့ကာ၊ ချယ်ဆီးအသင်းမှာ သရေဖြင့်သာ ကျေနပ်ခဲ့ရပြီး အာဆင်နယ်အသင်းမှာ အနိုင်ရရှိခဲ့သည်။
    မန်ယူ ၁-၂ ၀က်စ်ဘရွန်း
    ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းမှာ ၀က်စ်ဘရွန်းအသင်းအား အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် လက်ခံကစားခဲ့ရသော်လည်း အနိုင်ရရှိအောင်မစွမ်းဆောင်နိုင်ခဲ့ဘဲ ဧည့်သည့် ၀က်စ်ဘရွန်းအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ၀က်စ်ဘရွန်းအသင်းမှာ ၁၉၈၄ ခုနှစ်က မန်ယူအသင်း၏အိမ်ကွင်းတွင်အနိုင်ရပြီးနောက်ပိုင်း ၂၉ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အိုးထရက်ဖို့ဒ်တွင် ပြန်လည်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဦးဆောင်ဂိုးကို ၀က်စ်ဘရွန်းအသင်းက စတင်ရရှိခဲ့ပြီး ၅၄ မိနစ်တွင် မော်ဂန် အမ်အလ်ဖီတာနိုက သွင်းယူပေးခဲ့သော်လည်း ၀ိန်းရူနီက ၅၇ မိနစ်တွင် မန်ယူအသင်းအတွက် ချေပဂိုးကို ဖရီးကစ်မှတစ်ဆင့် သွင်းယူခဲ့သည်။ သို့သော်လည်း ၆၇ မိနစ်တွင် ဆိုင်ဒို ဘီရာဟီနိုက ၀က်စ်ဘရွန်းအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ ယခုပွဲတွင် ဒဏ်ရာကြောင့်အနားယူနေရသည့် တိုက်စစ်မှူးရော်ဘင်ဗန်ပါစီမှာ ၅၇ မိနစ်တွင် ဟာနန်ဒက်ဇ်အစား ၀င်ရောက်ကစားခဲ့သည်။ ယခုပွဲအရှုံးကြောင့် မန်ယူမှ အမှတ်ပေးဇယား၏ အဆင့် ၁၂ နေရာသို့ ကျဆင်းသွားခဲ့ပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက်အရှုံးကြောင့် စိုးရိမ်စရာအနေအထားသို့ရောက်နေပြီဖြစ်ကြောင်း မိုယက်စ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    …………………………………….
    အက်စတွန်ဗီလာ ၃-၂ မန်စီးတီး
    မန်ယူအသင်း၏ မြို့ခံပြိုင်ဘက် မန်စီးတီးသင်းမှာလည်း အဝေးကွင်းတွင် အက်စတွန်ဗီလာအသင်းအား ၃ ဂိုး ၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ ဧည့်သည်မန်စီးတီးအသင်းက ပွဲအားစိုးမိုးထားပြီး ဂိုးသွင်းခွင့်များစွာရရှိခဲ့သော်လည်း အဆုံးသတ်မသေချာမှုကြောင့် ဗီလာအသင်းက ဒုတိပိုင်းသွင်းဂိုးသုံးဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၄၅ မိနစ်တွင် ယာယာတိုးရေးက မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ ထိုဂိုးမှာ ယာယာတိုးရေးအတွက် ၈ ပွဲတွင် ၆ ဂိုးမြောက်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်း ၅၁ မိနစ်တွင် ဗီလာက ချေပဂိုးရခဲ့သည်။ ထိုဂိုးကို ကရင်အလ် အဟ်မဒ်ဒီက သွင်းယူပေးခဲ့သည်။ ၅၆ မိနစ်တွင် မန်စီးတီး ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပြီး နာဆရီ၏ ထောင့်ကန်ဘောမှတစ်ဆင့် အေဒင် ဇက်ကိုက သွင်းယူပေးခဲ့သည်။ သို့သော်လည်း ၇၃ မိနစ်တွင် လီအန်ဒရို ဘာကျူနာက ဖရီးကစ်မှတစ်ဆင့်လည်းကောင်း၊ ၇၅ မိနစ်တွင် အန်ဒရီယက်စ် ဝေမန်းကလည်းကောင်း အိမ်ရှင်အသင်းအတွက် ချေပဂိုးနှင့် အနိုင်ဂိုးများကို အသီးသီးသွင်းယူပေးခဲ့သည်။
    …………………………………………….
    စပါး ၁-၁ ချယ်ဆီး
    ………………………………………….
    ဆွမ်ဆီး ၁-၂ အာဆင်နယ်
    ဆွမ်ဆီးအသင်း၏အိမ်ကွင်းတွင်ကစားခဲ့ကြသည့် ဆွမ်ဆီးနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်တွင် အာဆင်နယ်က ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ အာဆင်နယ်အသင်းတွင် တိုက်စစ်မှူးများဖြစ်ကြသည့် ကာဇိုလာ၊ ဝေါ့လ်ကော့၊ ပိုဒေါစကီးနှင့် ချိန်ဘာလိန်တို့မှာဒဏ်ရာကြောင့်ပါဝင်နိုင်ခြင်းမရှိဘဲ လိဂ်ဖလားပွဲတွင် ၀က်စ်ဘရွန်းအား ပင်နယ်တီဖြင့်အနိုင်ရခဲ့သည့် အသင်းအား ၉ နေရာအပြောင်းအလဲလုပ်ကာ ဆွမ်းဆီးအသင်းအား ရင်ဆိုခဲ့သည်။ ပထမပိုင်းတွင် ဆွမ်းဆီးအသင်းက အာဆင်နယ်ဂိုးပေါက်အားခြိမ်းခြောက်နိုင်ခဲ့ပြီး အဆင်နယ်အသင်းကလည်း ဂျီနာဘရီနှင့် ဂျီရော့ဒ်တို့၏ ကြိုးပမ်းမှုများရှိခဲ့သော်လည်း နှစ်သင်းစလုံးဂိုးမရရှိခဲ့ပေ။ အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးကို ဒုတိယပိုင်း ၅၈ မိနစ်တွင် ဂျာမန်လူငယ်ကစားသမား ဂျီနာဘရီက သွင်းယူပေးခဲ့သည်။ တစ်မိနစ်အတွင်း အိုဇေးလ် အပိုင်ကန်သွင်းခွင့်ရခဲ့သော်လည်း ဆွမ်းဆီးဂိုးသမား ဗောမ်က ကာကွယ်နိုင်ခဲ့သည်။ အာဆင်နယ်အသင်းအတွက် ဒုတိယဂိုးကို ခြေစွမ်းပြနေသည့် အာရွန် ရမ်ဆေးက ၆၂ မိနစ်တွင် သွင်းယူပေးခဲ့ပြီး ဆွးမ်ဆီးအသင်းအတွက်နှစ်သိမ့်ဂိုးကို ဘန်ဒါးဗီးစ်မှ ၈၁ မိနစ်တွင် သွင်းယူပေးခဲ့သည်။ ရမ်ဆေးမှာ ၈ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခြင်းဖြစ်ပြီး နောက်ဆုံး ၄ ပွဲတွင် ၅ ဂိုးမြောက်သွင်းယူခြင်းလည်းဖြစ်သည်။ ယခုပွဲအနိုင်ကြောင့် အာဆင်နယ်အသင်းမှာ ၆ ပွဲကစား ၁၅ မှတ်ဖြင့် ဇယားထိပ်တွင် ဦးဆောင်နေသည်။
    …………………………………………
    ဆောက်သက်တမ် ၂-၀ ခရစ္စတယ်ပဲလေ့စ်
    တန်းတက်အသင်းနှစ်သင်းတွေ့ဆုံကြသည့် ဆောက်သက်တမ်နှင့် ခရစ္စတယ်ပဲလေ့စ်တို့ပွဲတွင် ဆောက်သက်တမ်က ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ အိမ်ကွင်း စိန့်မေရီတွင် ပထမဆုံး နိုင်ပွဲရရှိခဲ့ခြင်းဖြစ်ပြီး ဆောက်သက်တမ်အသင်းအတွက် ဂိုးများကို ဒန်နီယယ်အို့စ်ဗာလ်ဒိုက ၄၇ မိနစ်တွင်လည်းကောင်း၊ အင်္ဂလန်လက်ရွေးစစ်တိုက်စစ်မှူး ရစ်ကီ လမ်ဘာတ်က ၄၉ မိနစ်တွင်လည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။
    ……………………………………………..
    ဖူလ်ဟမ် ၁-၂ ကာဒစ်ဖ်
    ဖူလ်ဟမ်အသင်းအိမ်ကွင်း ကရာဗင်ကော့တ်တေ့ဂ်ျတွင်ကစားခဲ့သည့် ဖူလ်ဟမ်အသင်းနှင့် ကာဒစ်ဖ်စီးတီးအသင်းတို့ပွဲစဉ်တွင် ကာဒစ်ဖ်စီးတီးအသင်းက ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ဦးဆောင်ဂိုးကို ဆောက်သမ်တမ်က ပထမပိုင်း ၁၂ မိနစ်တွင် စတီဗင်ကော်လူကာ၏ သွင်းဂိုးဖြင့် ရရှိခဲ့သည်။ ၄၅ မိနစ်တွင် ဘရိုင်ယန် ရူအစ်ဇ်က အိမ်ရှင်အတွက် ချေပဂိုးကိုသွင်းယူပေးခဲ့သော်လည်း ဒုတိယအပိုင်းအပြီးနာကျင်အချိန်ပိုတွင် ဂျော်ဒန် မတ်ခ်ျက ကာဒစ်ဖ်အသင်းအတွက် အနိုင်ဂိုးကိုသွင်းယူပေးခဲ့သည်။ ယခုနိုင်ပွဲမှာ ကာဒစ်ဖ်အသင်းအတွက် ပထမဆုံး အဝေးကွင်းနိုင်ပွဲလည်းဖြစ်ခဲ့သည်။
    ………………………….
    ဟားလ်စီးတီး ၁-၀ ၀က်စ်ဟမ်း
    အခြားပွဲစဉ်တစ်ခုဖြစ်သည့် ဟားလ်စီးတီးနှင့် ၀က်စ်ဟမ်းအသင်းတို့ပွဲတွင် ရော့ဘီ ဘရက်ဒီ၏ ပင်နယ်တီသွင်းဂိုးဖြင့် ဟားလ်စီးတီးအသင်းက အနိုင်ရရှိခဲ့သည်။
  • ရွှေပြည်သာမှ အမျိုးသမီး အသတ်ခံရမှု လုပ်ကြံသတင်းဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်၊ ဝါဒဖြန့်သူများကို တရားဥပဒေအရ အရေးယူမည်ဟု မပါရှိ
    စက်တင်ဘာ၊ ၂၉ ၊
    M-Media
    shwe pyi tar
    MyawadyNews အပါဝင် ဝါဒဖြန့်ချီရေးစာမျက်နှာများတွင် လုပ်ကြံဝါဒဖြန့်ထားသော ရွှေပြည်သာမှ အမျိုးသမီး အသတ်ခံရသည့် သတင်းမှားယွင်းကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စာမျက်နှာ၏ FB စာမျက်နှာတွင် သတင်းထုတ်ပြန် ရှင်းလင်းခဲ့ကြောင်းတွေ့ရှိရပါသည်။ အဆိုပါအမျိုးသမီးငယ် အသတ်ခံရသည့်သတင်းကို မွတ်စလင်များ သတ်ဖြတ်သည်ဟု အများပြည်သူများ ထင်မှတ်အောင် အသုံးအနှုန်းများဖြင့် သတင်းလိမ်ဓါတ်ပုံ အလိမ်ဖြင့် ဆိုရှယ်မီဒီယာများတွင် ပျံနှံခဲ့ခြင်းဖြစ်သည်။
    အဆိုပါ လိမ်ညာသတင်းဝါဒဖြန်ချီရေး Page များမှာ Fan ၂ သိန်းနီးပါးရှိသော Page များဖြစ်သည်။ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွင် မမှန်ကန်သည့် သတင်းများ ရေးသားဖော်ပြခြင်းမပြုရန်သာပါရှိပြီး ထိုသို့ ရေးသားလှုံဆော်နေသူများကို တရားဥပဒေနှင့် အညီ ဖော်ထုတ်အရေးယူသွားမည်အကြောင်း မပါရှိပေ။
    ရန်ကုန်တိုင်းရဲ့တပ်ဖွဲ့ရဲ့ ထုတ်ပြန်ခဲ့တဲ့ သတင်းအပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည်။
    ———————————————————
    မှန်ကန်သည့်သတင်းမဟုတ်ကြောင်းနှင့် နောင်တွင် အလားတူသတင်းအမှားများမဖော်ပြကြပါရန် မေတ္တာရပ်ခံခြင်း
    ရန်ကုန်၊ စက်တင်ဘာ ၂၈
    လူမှုကွန်ယက် အင်တာနက်စာမျက်နှာများဖြစ်သော https://www.facebook.com/pages/သတင်းပေါင်းစုံ/480651228657570 တွင်ရေးသားဖော်ပြခဲ့ပြီး https://www.facebook.com/MyawadyNews မှ ကူးယူဖော်ပြထား သည့် ကူညီကြပါ ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ ထူးခြားမှုကြား သိပါက ဆက်သွယ်သတင်းပေးကြပါဟု ဆိုကာ ရွှေပြည်သာမြို့နယ်၊ အဖ ဦးကျော်စွာ၊ အမိဒေါ်ပြည့်စုံ၊ သမီးမခင်ပြည့်စုံ ၂၆.၉.၂၀၁၃နေ့ ဘယ်သူသတ်သွားမှန်းမသိကြောင်းနှင့် အလောင်းရှာတွေ့ပုံဟုဆိုကာ http://www.empressleak.com/wicked-world-watch-teenage-girl-raped-and-murdered-in-the-bush/ မှ သတင်း ပါ ဓါတ်ပုံအား ကူးယူဖော်ပြထားသည့် အဆိုပါသတင်းမှာ လုံဝမှန်ကန်မှုမရှိကြောင်း အသိပေးဖော်ပြအပ်ပါသည်။
    ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့နယ်မြေ အတွင်းသာမက အခြားရဲစခန်းနယ် မြေများအတွင်း၌လည်း အဆိုပါ အမျိုးသမီးငယ် သေဆုံးမှု၊ အသတ်ခံရမှုဖြစ်စဉ်မရှိပါကြောင်း ပြည်သူများ သိရှိနိုင်စေရေးအသိပေးဖော်ပြအပ်ပါသည်။
    အဆိုပါသတင်းအားရေးသားဖော်ပြခဲ့သည့် သတင်းပေါင်းစုံ facebook Pageအနေဖြင့်ယင်းကဲသို့မမှန်ကန်သည့်သတင်းအား ရေးသားဖော်ပြခြင်း အားဖြင့် သတင်းဖတ်ရှုသူပြည်သူများ အထိတ်တလန့်နှင့် စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပြီး ရဲတပ်ဖွဲ့၏ Imageအားထိခိုက်နိုင်ပါသဖြင့် နောင်တွင် အလားတူ မမှန်ကန်သည့်သတင်းများအား ရေးသားဖော်ပြခြင်းမပြုပါရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသတင်းထုတ်ပြန်ရေးဌာနမှ မေတ္တာ ရပ်ခံအပ်ပါသည်။
    Ref: https://www.facebook.com/yangonpolice/posts/384459788349961
  • သြစတေးလျ မှ မွတ်စ်လင်မ် အမျိုးသမီးများ ဖက်ရှင်ပြပွဲ အခမ်းအနား
    စက်တင်ဘာ၊ ၂၉၊ ၂၀၁၃
    M-Media
    Muslim women's fashion exhibition
    ဖက်ရှင် နှင့် သိမ်မွေ့မှုကို ပေါင်းစပ်ထားသော သြစတေးလျဖက်ရှင်ပြပွဲသည် သာသနာကိုင်းရှိုင်းသည့် မွတ်စ်လင်မ်အမျိုးသမီးများ၏ ယဉ်ကျေးမှုပုံဟန်များကို ပြသမည်ဖြစ်ပြီး၊ အစ္စလာမ့်ဖက်ရှင်ဈေးကွက်၏ လစ်လပ်နေသောကွက်လပ်ကို ဖြည့်ဆည်းပေးမှာဖြစ်သည်။
    “ ကျွန်မ ဖန်တီးထားတဲ့ ဒီဇိုင်းများဟာ သက်တောင့်သက်သာနဲ့ဖက်ရှင်ကျကျဆင်ယင်လိုတဲ့ အမျိုးသမီးများအတွက်ဖြစ်ပြီး အမျိုးသမီးတွေအဖို့ အဆင်ပြေလွယ်ကူစေမှာပါ ” ဟု အစ္စလာမ့်ရိုးရာဖက်ရှင်ပြပွဲတွင် Dima G တံဆိပ်ဖြင့်ပါဝင်တင်ဆက်မည့် ဒီဇိုင်းနာတစ်ဦးဖြစ်သူ ဒီမာ ကတ်တန် (Dima Kattan) က Herald Sun သို့ ကြာသာပတေးနေ့၊ စက်တင်ဘာလ ၂၆ ရက်က ပြောကြားခဲ့သည်။
    ယုံကြည်မှု နှင့် ဖက်ရှင်၊ သြစတေးလျရှိ မွတ်စ်လင်မ်အမျိုးသမီးများ၏ စတိုင်လ်ကို ဖော်ပြပေးမည့် လူဝင်မှုကြီးကြပ်ရေးပြတိုက်၏ ပြပွဲ (Immigration Museum exhibition Faith, fashion, fashion: Muslim Women’s Style in Australia) ကို အောက်တိုဘာလ ၁၀ ရက်မှ ဇူလိုင်လ ၉ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။
    မွတ်စ်လင်မ်ဖက်ရှင်ဒီဇိုင်နာအသီးသီးတို့၏လက်ရာများနှင့်တစ်ကွ ရိုးစင်းသိမ်မွေ့သော မွတ်စ်လင်မ့်ယဉ်ကျေးမှုကို အားပေးမြှင့်တင်ရန် ပြပွဲမှ ရည်ရွယ်သည်။ ၄င်းသည် သြစတေးလျမွတ်စ်လင်မ်အမျိုးသမီးတို့၏လိုအပ်ချက်များကို ဖြည့်စွမ်းပေးခြင်းဖြစ်သည်။
    “ အမှတ်တံဆိပ်အများအပြားက ဖက်ရှင်ကျကျခေါင်းဆောင်းခြုံလွှာများကိုရှာဖွေရာမှာ ကိုယ်ပိုင်အတွေ့အကြုံများခဲ့တဲ့ မွတ်စ်လင်မ်အမျိုးသမီးတွေဖန်တီးထားတာပါ။ သီးသန့်ကန့်သတ်ရောင်းချခြင်း သို့မဟုတ် ထုတ်လုပ်ရောင်းချမှုရှိမနှေခြင်းက သူတို့ကို ကိုယ်ပိုင်ဒီဇိုင်း စတင်ဖန်တီးချုပ်လုပ်အောင် ဖြစ်လာစေခဲ့ပါတယ် ” ဟု လူဝင်မှုကြီးကြပ်ရေး ပြတိုက်မန်နေဂျာ ပါဒ်မီနီ စီဘတ်ရှန် (Padmini Sebastian) မှ ဆိုသည်။
    ဈေးကွက်ဝေစုအမျိုးမျိုးကိုပါ ဦးတည်၍ မွတ်စ်လင်မ်ဖြစ်စေ မွတ်စ်လင်မ်မဟုတ်သူများဖြစ်စေ အားလုံးအတွက် အံဝင်ဆီလျော်သည့် ခေတ်မီဒီဇိုင်းများကိုလည်း ပြပွဲမှ ခင်းကျင်းပြသသွားမည်ဖြစ်သည်။
    “ နာမည်ကြီး ပေါ့ပ်အဆိုကျော် ရီးဟန်နား (Rihanna) ရဲ့ အဆင့်မြင့်အဆင်အယင်များကို ဖန်တီးတဲ့ ဒီဇိုင်းဖန်တီးသူလည်း ဒီထဲမှာပါဝင်ပါတယ်။ ကမ္ဘာ့တစ်ခုတည်းသော Burquini လို့ခေါ်တဲ့ရေကူးဝတ်စုံ ဖန်တီးသူ ဒီဇိုင်းနာ အထိ ပါဝင်မှာဖြစ်ပါတယ် ”။
    အစ္စလာမ့်ယုံကြည်မှုကို မော်ဒန် ဖက်ရှင်ဒီဇိုင်းနှင့် တွဲဖက်ထားသည့်ပြပွဲအား ၂၀၁၂ ခုနှစ် ဧပြီလတုန်းက ပထမဆုံး အကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။
    အစ္စလာမ်တွင် ဟိဂျာ့ဗ် (Hijab) ၀တ်ဆင်ခြင်းသည် တာဝန်ရှိသော်လည်း ထိုသို့ဝတ်ဆင်မှသာ ဘာသာရေးကိုင်းရှိုင်းကြောင်းဖော်ပြသည့် အမှတ်လက္ခဏာတော့ မဟုတ်ပေ။
    ခေါင်းဆောင်းခြုံပုဝါ၀တ်ဆင်ခြင်းကို အမြင်မကြည်လင်၍ ၂၀၀၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံမှ အများမြင်ကွင်း၌ ဟိဂျာ့ဗ်ဝတ်ဆင်မှုအား တားမြစ်ပိတ်ပင်လိုက်ကတည်းကစ၍ အခြား ဥရောပ နိုင်ငံအချို့တွင်လည်း အလားတူလမ်းကြောင်းသို့ လိုက်ခဲ့ကြသည်။
    အပြောင်းအလဲ
    —————-
    ပါကစ္စတန်မှလာရောက်ပြီး သြစတေးလျတွင် ၂၅ နှစ်ကျော်နေထိုင်လာခဲ့သူ ကတ်တန် (kattan) သည် ဟီဂျဗ်အား လွန်ခဲ့သော ၈ နှစ်မှ စတင်ဝတ်ဆင်ခဲ့သည်။
    “ ဟိဂျာ့ဗ် မ၀တ်ဆင်ခင်က မည်သူမှ ကျွန်မကို အီတလီလား၊ မွတ်စ်လင်မ်လား ဆိုတာ မခွဲခြားနိုင်ခဲ့ကြဘူး။ အခုတော့ လူတိုင်းက မြင်တာနဲ့ ချက်ခြင်းသိနိုင်ပါတယ် ” ဟု သူမကပြောသည်။
    “ ဘယ်နေရာမှာမဆို မကောင်းပြောသူတွေကတော့ ကြိုကြားကြိုကြား ရှိနေတတ်ပါတယ်။ သို့ပေမယ့် သြစတေးလျရှိ လူအများစုဟာ အလွန်ကိုဖော်ရွေပြီး နားလည်မှုရှိကြတာကို တွေ့ရပါတယ် ”။
    အစ္စလာမ့်ဖက်ရှင်ဒီဇိုင်း ပုံဟန်အသစ်များသည် အစ္စလာမ်ဘာသာဝင်မဟုတ်သူများကိုပါ ဆွဲဆောင်လျက်ရှိသည် ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။ မကြာသေးမီက ကတ်တန်သည် သူမ၏အမှတ်တံဆိပ် Dima G ဖြင့် ဖက်ရှင်ရေစီးကြောင်းတွင် လိုက်ပါနေသူတစ်ဦးအဖြစ် စတင်ခဲ့သည်။ သို့သော် ဟိဂျာ့ဗ်ဖက်ရှင် ဟု ဆိုပါက ပိုမိုမှန်ကန်ပေလိမ့်မည်။ သူမသည် လာမည့်ပြပွဲတွင် ပါဝင်ရန် အလွန်စိတ်အားထက်သန်လျက်ရှိနေသည်။
    သြစတေးလျတွင် မွတ်စ်လင်မ်များ နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိပြီး၊ နိုင်ငံ့လူဦးရေ သန်း ၂၀ တွင် လူဦးရေတွင် ၁.၇ ရာခိုင်နှုန်း ပါဝင်နေပါသည်။ ခရစ်ယာန်ဘာသာ၏နောက်တွင် အစ္စလာမ်သည် သြစတေးလျ၌် ဒုတိယ အကြီးမားဆုံး သာသနာအဖြစ် ရပ်တည်လျက်ရှိသည်။
  • ကင်တားနားကို တာဝန်မှ ရပ်နားတော့မည် ဆိုသည့်သတင်း လွဲမှားကြောင်း ရှင်းလင်း
    စက်တင်ဘာ၊ ၂၇
    26.9.2013
    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တာနားကို တာဝန်မှ ရပ်နားတော့မည် ဆိုသည့် သတင်းများသည် နားလည်မှု လွဲမှားခြင်းဖြစ်ပြီး အထူးကိုယ်စားလှယ်၏ ဆောင်ရွက်မှု လုပ်ရိုးလုပ်စဉ်အရ နောက်တကြိမ် မြန်မာနိုင်ငံသို့ လာရောက်နိုင်ဖွယ် ရှိသေးကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံရုံးမှ တာဝန်ရှိသူ တဦးက ပြန်လည်ရှင်းလင်း ပြောကြားသည်။
    လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းမည့် အထူးကိုယ်စားလှယ်၏ သက်တမ်းမှာ ၆ နှစ်အထိသာ ရှိပြီး လာမည့် ၂၀၁၄ ခုနှစ် မတ်လတွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံအထိ ၎င်းအနေဖြင့် နောက်ဆုံး အစီရင်ခံစာကို တင်သွင်းရမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
    ယခုကျင်းပလျှက်ရှိသော လူ့အခွင့်အရေး ညီလာခံအတွက် အချက်အလက်များ ရရှိစေရန် ယခင်လပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းသာ ဖြစ်ပြီး လာမည့် မတ်လတွင်ကျင်းပမည့် ညီလာ၌ တင်သွင်းရမည့် နောက်ဆုံးအစီရင်ခံစာ အတွက် လိုအပ်လျှင် မစ္စတာ ကင်တားနား အနေဖြင့် မြန်မာနိုင်ငံသို့ ထပ်မံ လာရောက်နိုင်ဖွယ် ရှိကြောင်း ၎င်းက ဆက်ပြောသည်။
    ကင်တားနားကို တာဝန်မှ ရပ်စဲတော့မည်ဟု နိုင်ငံတော် သမ္မတရုံးမှ ဝန်ကြီးတဦးက အတည်ပြု ပြောကြားကြောင်း ဂျာနယ် တစောင်က ရေးသားခဲ့ပြီးနောက်တွင် ၎င်းသတင်းများ မြန်မာပြည်သူလူထု အကြား ပြန့်နှံ့ခဲ့ခြင်း ဖြစ်သည်။
    ဧရာဝတီ မှ ကောက်နှုတ်ဖော်ပြသည်။
    Link >>http://burma.irrawaddy.org/archives/48670
  • မြန်မာ့မိတ်ဆွေအဖွဲ့က မြန်မာ ဒီမိုကရေစီ တိုးတက်မှုကို ချီးကျူးသော်လည်း လူမျိုးရေး အကြမ်းဖက်မှုများကို သတိပေး
    စက်တင်ဘာ၊ ၂၇၊
    M-Media
    489312-friendsmyanmar
    မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့တွင်ပါဝင်သည့် အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများက မြန်မာ့ဒီမိုကရေစီပြောင်းလဲ တိုးတက်မှုများကို ချီးကျူးလိုက်သော်လည်း လူမျိုးရေး အကြမ်းဖက်မှုများက အပြောင်းအလဲကို ထိခိုက်နိုင်သည်ဟု သတိပေးပြောကြားခဲ့သည်။
    ယမန်နေ့ကကျင်းပပြုလုပ်သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် သီးခြားအနေဖြင့် မြန်မာ့မိတ်ဆွေအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးပြုလုပ်ခဲ့ပြီး ထိုအစည်းဝေးမှ ထုတ်ပြန်သည့်ကြေညာချက်တွင် မြန်မာ အစိုးရ အနေဖြင့် ရိုဟင်ဂျာများ၏ စီးပွားရေးနှင့် နိုင်ငံရေး နစ်နာမှုများကို အမြန်ဆုံး ကိုင်တွယ်ဖြရှင်းရန် လိုအပ်နေသည်ဟု ဖော်ပြထားပြီး ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုအတွက်လည်း မေးခွန်းထုတ်ထားသည်။
    လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များမှာ လူများစု ဗုဒ္ဓဘာသာဝင်များ၏ အကြမ်းဖက်မှုများကို ဆိုးရွားစွာခံစားခဲ့ရပြီး တစ်ခါတရံ ထိုအကြမ်းဖက်မှုများတွင် လုံခြုံရေးတပ်ဖွဲ့များပါ ပါဝင်ကျူးလွန်ခဲ့ကြသည်။
    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ထိုကဲ့သို့ပြစ်မှုကျူလွန်သူများအား ၎င်းတို့၏ ပြစ်မှုများအတွက် အပြစ်ပေးနိုင်ရန် လုပ်ဆောင်စရာ များစွာရှိနေသည်ဟု ပြောကြားခဲ့သည်။
    နိုင်ငံတကာအသိုင်းအ၀ိုင်းမှ မြန်နိုင်ငံအပေါ် ဆက်ဆံရေးပြောင်းလဲခြင်း လက္ခဏာအဖြစ် “မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့” (Group of Friends on Myanmar) ၏ ထိုအစည်းအဝေးတွင် ယခင်အပယ်ခံ မြန်မာနိုင်ငံအား ပထမဦးဆုံးကြိမ်ဖိတ်ကြားခဲ့သည်။
    Ref: AP