News @ M-Media
Blog
  • စက်တင်ဘာ ၂၄၊ အားကစားသတင်းများ
    စက်တင်ဘာ ၂၄၊ အားကစားသတင်းများ
    စက်တင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    မန်ယူပြန်လာမည်ဟု ဗီဒစ်ဆို
    မန်ချက်စတာ ယူနိုက်တက်အသင်း၏ နောက်ခံလူဖြစ်သူ ဗီဒစ်က မန်စီးတီးအသင်းအား ၄-ဂိုး ၁-ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အသင်း၏ကစားပုံမှာ ညံ့ဖျင်းခဲ့သော်လည်း လာမည့် လီဗာပူးလ်အသင်းနှင့်ပွဲတွင် နည်းပြနှင့် ကစားသမားများမှာ အမှားများအား ပြန်လည် ပြင်ဆင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။
    သိုသော်လည်း နည်းပြအား အပြစ်တင်ရန်မသင့်ဟု ထင်မြင်သည့် ဗီဒစ်က “ဒါဘီပွဲမှာ ရှုံးတာဟာ ဆိုးရွားပါတယ်။ ပြီးတော့နာလည်း နာကျင်စရာပါ။ ဒါပေမယ့်ဘယ်သူမှ ဒါကိုမှတ်မထားချင်ပါဘူး။ နိုင်တာ ရှုံးတာကိစ္စမရှိပေမယ့် နည်းပြကြောင့်လား။ ကစားသမားကြောင့်လား ဆိုတဲ့မေးခွန်းကို အမြဲတမ်းမေးကြပါတယ်။ ကျွန်တော်ကတော့ ဒီလိုမမြင်ပါဘူး။ မန်ယူဟာသမိုင်းရှိတဲ့အသင်းပါ။ ကစားသမားတွေဟာလည်း နိုင်ငံ့လက်ရွေးစင်တွေဖြစ်ပြီး ဆုဖလားများစွာရရှိခဲ့သူပါ။ ဒီအရှုံးက နာကျင်စေခဲ့ပါတယ်။ ဒါပေမယ့် နည်းပြအဟောင်းရော၊ နည်းပြအသစ်ပါ ပြောတဲ့စကားကတော့ နောက်ပွဲမှာ အကောင်းဆုံးနဲ့ အနိုင်ကစားဖို့ လိုတယ်ဆိုတာပါပဲ” ဟု Sky Sports သို့ ပြောကြားခဲ့သည်။
    goal
    ____________________
    နာပိုလီနှင်ပွဲတွင် ပြုမူခဲ့သည့် အပြုအမူကြောင့် ဘာလော့တယ်လီ ပွဲစဉ် ၃-ခု ပယ်ခံရ
    အေစီမီလန်အသင်း၏ တိုက်စစ်မှူး ဘာလော့တယ်လီမှာ နာပိုလီအသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပြသခြင်းခံခဲ့ရသည့် အနီကတ်ကြောင့် ၃-ပွဲ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်ဟုသိရသည်။ ထို့ကြောင့် လာမည့်သီတင်းပတ်တွင် ကစားမည့် ဂျူဗင်တပ်စ်အသင်းနှင့် ပွဲစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ပေ။ ဘာလော့တယ်လီမှာ နာပိုလီအသင်းနှင့်ပွဲစဉ် အပြီးတွင် ဒိုင်လူကြီးအား ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့သောကြောင့် ဒုတိယအကြိမ် အ၀ါကတ် ပြသခြင်းခံခဲ့ရသည်။
    “ပြိုက်ဘက်တွေကို သိက္ခာကျစေမှု၊ ပွဲတာဝန်ရှိသူတွေကို စောဒကတက်မှုနဲ့ ဒိုင်လူကြီးကို ခြိမ်းခြောက်စော်ကားတဲ့ အပြုအမှုတွေလုပ်တဲ့အတွက် ဒီလိုပြစ်ဒဏ်ချမှတ်လိုက်တာပါ” ဟု အီတလီဘောလုံးအဖွဲ့ချုပ်၏ တရားသူကြီးက ဆုံးဖြတ်ချက်နှင့်ပက်သက်ပြီး ပြောကြားခဲ့သည်။
    goal
    ____________________
    ရှဝိုင်းစတိုင်ဂါမှာ ဘိုင်ယန်အတွက် အသက်ဖြစ်လာသည်ဟု ရော်ဘင်ဆို
    ဘိုင်ယန်မြူးနစ်အသင်း၏ ကွင်းလယ်လူ အာဂျန်ရော်ဘင်က အသင်းဖော် ရှဝိုင်းစတိုင်ဂါနှင့် ဖိလစ်လမ်းတို့အား ချီးကျူးပြောဆိုလိုက်သည်။ ရှဝိုင်းစတိုင်ဂါမှာ ဒဏ်ရာကြောင့် အသင်းမှ အနားယူနေရသူဖြစ်ပြီး ဒဏ်ရာသက်သာကာ အသင်းတွင် ပြန်လည်ပါဝင်လာခြင်းမှာ ဘိုင်ယန်အတွက် အရေးပါသည်ဟု ရော်ဘင်က ခံစားနေရသည်။ ရှဝိုင်းစတိုင်ဂါမှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ချယ်ဆီး၊ ဟန်နိုဗာအသင်းတို့နှင့် ကစားခဲ့သည့်ပွဲများတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိပဲ စီအက်စ်ကေအေ မော်စကိုအသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် မိနစ်-၂၀ ပါဝင်ကစားခဲ့ပြီး ပြီးခဲ့သည်တစ်ပါတ်က ကစားခဲ့သည့် ရှော်လ်ကာအသင်းနှင့် ကစားသည့်ပွဲတွင် ပထမကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။
    “ရှဝိုင်းစတိုင်ဂါပြန်ပါလာတာဟာ ကျွန်တော်တို့ အတွက် အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ အဓိကကျတဲ့ကစားသမားတွေရှိနေပြီး ဘက်စတီယန် (ရှဝိုင်းစတိုင်ဂါ)ဟာ အဲဒီထဲကတစ်ယောက်ပါပဲ။ သူဟာ ကျွန်တော်တို့အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင်တစ်ယောက်ပါ။ ပြီတော့ ရှော်လ်ကာကို ၁-ဂိုး ဂိုးမရှိနဲ့နိုင်တဲ့ပွဲမှာ သူသွင်းခဲ့တဲ့ဂိုးဟာ သိပ်ကို အရေးပါပါတယ်” ဟု ရော်ဘင်က TZ သို့ပြောကြားခဲ့သည်။ ထို့ပြင် ဘိုင်ယန်အသင်းခေါင်းဆောင် ဖိလစ်လမ်းမှာ နေရာစုံကစားနိုင်ကြောင်း၊ နည်းစနစ်ပိုင်းကောင်းမွန်ပြီး ဥာဏ်ရည်ပြည့်ဝသောကစားသမားဖြစ်ကြောင်း ရော်ဘင်က ပြောကြားခဲ့သည်။
    goal
    ____________________
    KDB Korea Open အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် ရဒ်ဝန်စကာဗိုလ်စွဲ
    တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့တွင်ကျင်းပခဲ့သည့် KDB Korea Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို တနင်္ဂနွေနေ့ကကျင်းပပြုလုပ်ခဲ့ပြီး ပိုလန်တင်းနစ်မယ် အဂ်နစ်ဇ်ကာ ရဒ်ဝန်စကာက ရုရှားတင်းနစ်မယ် အန်နက်စ်တာစီယာ ပက်ဗလူချင်ကိုဗာအား အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    ၂-နာရီနှင့် ၄၈-မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် နိုင်ခြေအဆင့်-၁ ရ ရဒ်ဝန်စကာမှာ နိုင်ခြေအဆင့်-၃ ရ ပက်ဗလူချင်ကိုဗာအား အကြိတ်အနယ်ကစားကာ ၆-၇(၆-၈)၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့သည်။ “ဒီပွဲဟာ တော်တော်လေးခက်ခဲတဲ့ပွဲစဉ်ပါ။ ဒါပေမယ့် ကျွန်မဟာ အရေးကြီးတဲ့ အချိန်တွေမှာ ပိုကောင်းခဲ့ပါတယ်” ဟု ရဒ်ဝန်စကာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    skysports
    ____________________
    ပြင်သစ် ပထမတန်း(PSG) ဘောလုံးအသင်းအား ပံ့ပိုးကူညီမည့် Ooredoo ကုမ္ပဏီ
    ဒိုဟာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် Ooredoo ကုမ္ပဏီသည် ပြင်သစ် ပထမတန်း ဘောလုံးကလပ် Paris Saint – Germain (PSG) ဘောလုံးအသင်းအား ပံ့ပိုး ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါ ပံ့ပိုးကူညီရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူငယ်များနှင့် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီထောက်ပံ့ပေးရန် အတွက်ဖြစ်ပြီး Ooredoo ၏ လုပ်ငန်းများဆောင်ရွက်နေသည့် အရှေ့ အလယ်ပိုင်း၊ မြောက် အာဖရိကနှင့် အရှေ့တောင် အာရှနိုင်ငံများမှ လူငယ်များအတွက် ဘောလုံး လေ့ကျင့်ရေး စခန်းကျောင်း အပါအ၀င် လူ့အဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်မှု အစီအစဉ်များကို မိတ်ဆက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
    Ooredoo ကုမ္ပဏီ အမှတ်တံဆိပ်ကို Paris Saint – Germain (PSG) အသင်း၏ တီရှပ်နောက်ကျောနှင့် လေ့ကျင့်ရေး ပစ္စည်းများပေါ်တွင် ရိုက်နှိပ်မည်ဖြစ်ပြီး အသင်း၏ လေ့ကျင့်ရေး အဆောက်အဦးကိုလည်း Ooredoo Training Center ဟု ပြောင်းလဲ ခေါ်ဆိုမည်ဖြစ်ကြောင်းလည်း သိရသည်။
    ooredoo
  • ၀ါဒဖြန့်စာများ ဧရာဝတီတိုင်းတွင် ဖြန့်ဝေနေမှုအပေါ် တိုင်းအစ္စလာမ်ကောင်စီမှ တိုင်းဝန်ကြီးချုပ်ထံ သတင်းပို့တင်ပြ
    စက်တင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    သုတ
    Ayeyarwady1
    ဧရာဝတီ ။ ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း မလိုလားအပ်သော ဘာသာရေး အမုန်းပွားမှုများဖြစ်ပေါ်စေသည့် ၀ါဒဖြန့်စာများ ဖြန့်ဝေနေမှုအပေါ် တိုင်းအစ္စလာမ်ကောင်စီမှ သတင်းပို့တင်ပြစာ စာတစ်စောင်ကို မနေ့က ၂၃-ရက်ရက်နေ့က တိုင်းဝန်ကြီးချုပ်သို့ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ ၀ါဒဖြန့်စာများသည် ဘာသာရေး၊ လူမျိုးရေး အချင်းချင်း စိတ်ဝမ်းကွဲပြားပြီး မလိုမုန်းတီးမှုများ ပိုမို ဖြစ်ပေါ်စေသည့် ရေးသားချက်များ ပါရှိနေပြီး ဓမ္မဒါန အမည်ခံ၍ ဖြန့်ဝေနေသောကြောင့် တာဝန်ရှိသူများမှ တားဆီး ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပေးပို့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
     Ayeyarwady
  • မက္ကာမြို့သို့ ဟာ့ဂ်ျ သွားရောက်မည့် ဟာဂျီလောင်းများအား မွမ်းမံသင်တန်းပေး
    မက္ကာမြို့သို့ ဟာ့ဂ်ျ သွားရောက်မည့် ဟာဂျီလောင်းများအား မွမ်းမံသင်တန်းပေး
    စက်တင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    KK
    ၀၁၂ ခုနှစ် က ဟာဂ်ျ သွားရောက်ခဲ့သည့် မြန်မာမွတ်စလင်မ် ဟာဂျီများ
    ရန်ကုန် ။ ။ ယခု ၂၀၁၃-ခုနှစ်တွင် မက္ကာမြို့သို့ ဟာ့ဂ်ျသွားရောက်ကြမည့် ဟာဂျီလောင်းများအနေဖြင့် ခရီးစဉ်တွင် လွယ်ကူမှုရှိစေရန်အတွက် မွမ်းမံသင်တန်းများကို ဟာဂ်ျကူညီရေးအဖွဲ့ချုပ်မှ စက်တင်ဘာလ ၂၁-ရက်နေ့မှ ၃၀-ရက်နေ့အထိ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
    ဟာဂ်ျကူညီရေးအဖွဲ့ချုပ်တွင် ဟာဂ်ျနှင့်ပတ်သက်သည့် စည်းကမ်းချက်များ၊ ဟာဂ်ျလုပ်ဆောင်ချက်များ၏ ကြီးမြင့်မှုနှင့်အကျိုးတရားများကိုလည်း ရှင်းလင်းပြောပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားမှုများကို မနေ့က နေ့လည် ၂-နာရီမှ ၄-နာရီထိ ပြုလုပ်ခဲ့ကြောင်းသိရသည်။
    ယခုကဲ့သို့ မွမ်းမံသင်တန်းများ ပြုလုပ်ရခြင်းမှာ ဟာဂ်ျသွားရောက်မည့် ဟာဂျီလောင်းများ လွယ်ကူစေရန်နှင့် အခက်အခဲနည်းနိုင်သမျှ နည်းပါးစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ဟာဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ်မှ ရုံးအဖွဲ့မှူး ဟာဂျီဦးသိန်းဦးမှ ပြောပြခဲ့ပါသည်။
    မနေ့ကပြုလုပ်သော ဟာဂျီလောင်းများအတွက် မွမ်းမံသင်တန်းသို့ တက်ရောက်သူ (၁၂၀)ခန့်ရှိကြောင်းနှင့် ဟာ့ဂ်ျကူညီရေးအဖွဲ့ချုပ်ရုံးသည် အမှတ်(၇)၊ ဒုတိယထပ်(ယာ)၊ ဒေါ်သိန်းတင်လမ်း၊ ကန်/ရှေ့ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရှိကြောင်းလည်း သိရပါသည်။
  • ကချင်လွယ်အိတ်နီကြီးနဲ့ ပြည်သူတွေသိတဲ့ ၀မ်းအိုဝမ်း
    စက်တင်ဘာလ ၂၃
    M-Media
    ကဗျာ – ပသီဆောင်းနှင်းဖြူ
    IMG_0094
    ငယ်စဉ် ဆယ်ကျော်သက် ဘ၀ ကတည်းက
    တိုင်းပြည်လွတ်လပ်ရေး အတွက် ကျရာနေရာကနေ
    သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ သူရဲ့ သမိုင်းစာမျက်နှာ။
    ဂျပန်တော်လှန်ရေး ကာလ ကြုံ့ဆုံလာတဲ့ အသက်အန္တရာယ် အသွယ်သွယ်မှာ
    ဂျပန်တော်လှန်ရေး ပျက်ပြားသွားမှာ
    အထိမခံနိုင် အပျက်မခံနိုင်
    သူ့အသက်ကိုသာ လွတ်လပ်ရေး ကန်ဘောင်ရိုးမှာ
    စတေးခံဖို့ ဆုံးဖြတ်ခဲ့သူပါ။
    တိုင်းပြည် လွတ်လပ်ရေးအတွက် ဆောင်ရွက်တာချင်း အတူတူတောင်
    အစ္စလာမ် ဘာသာဝင် ပသီလူမျိုးမို့
    သူများတွေထက် အစားသောက် အဆင်းရဲခံပြီး
    တိုင်းပြည်တာဝန်ကို ထမ်းရွက် ဆောင်ရွက်ခဲ့သူ။
    သမိုင်းလှသူရဲ့ ဘ၀ခရီးလမ်းတလျှောက်
    ကချင်လွယ်အိပ်နီကြီးကို စလွယ်သိုင်းကာ
    ယိမ်းယိုင်စပြုလာတဲ့ ခန္ဓာကိုယ်ကို အားတင်းပြီး
    တုန်ရီနေသော လက်ချောင်းလေးတွေကြားက
    ကလောင်ကို လက်က မချ
    သူ့စာပေတွေ ပြည်သူတွေဆီ အရောက်ပို့။
    ဇာရာကို အန်တုတဲ့ အသက် ၉၀ကျော် အဖိုးအိုရဲ့
    သြချရတဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့
    ခိုင်မာသော ယုံကြည်ချက် အပေါ်
    တစိုက်မတ်မတ် မဆုတ်မနစ်တဲ့ ဇွဲ၊လုံ့လ၊ ၀ီရိယတွေဟာ
    လေးစား အားကျစရာ စံနမူနာ။
    ကျွန်မ လိုက်ပါခွင့်ရခဲ့တဲ့
    စာပေနှစ် (၇)နှစ် အတွင်းမှာ
    ပျော်ရွှင်မှု၊ ဘ၀အမော၊ မျှော်လင့်ခြင်း၊
    အသိတရား၊ မာယာများတဲ့ လောကဓံတွေ၊
    သနားကြင်နာမှုတွေ၊
    ရောင်စုံ စိတ်ဓာတ်တွေ၊
    အမှန်တရားကို ချစ်မြတ်နိုးမှု စိတ်တွေ၊
    မကုန်ဆုံးနိုင်တဲ့ ပညာတွေ၊
    အတုယူဖွယ်ရာ စိတ်ဓာတ် နှလုံးသား သိမြင်ခံစားမှု ရသစုံ အထွေထွေ ကျွန်မကို ပေးခဲ့သူ။
    သက်တော်ရှည် စာပေပညာရှင်ရဲ့
    အောင်မြင်သော မှတ်တိုင်
    မြန်မာ့ သမိုင်း မှတ်တိုင် ကမ္ဘာတည် သ၍ တည့်တံ့စေ။
    နိမ့်ချည် တလှည့် မြင့်ချီ တလှည့်
    မောဟိုက်နေတဲ့ နှလုံးခုန်သံတွေကြားက
    အလျှော့မပေး စတမ်း
    အသက်ရှင်သန်ခွင့် ရဖို့ အတွက်
    အားစိုက် ရှူသွင်းနေတဲ့
    အသက်ရူသံတွေရဲ့ အဆုံးမှာ…..
    ၂၀၁၂ခုနှစ်ရဲ့ စက်တင်ဘာ ၂၃ရက်  ည (၁၀း ၄၅)မိနစ်
    အားလုံးကို နှုတ်ဆက် ထွက်ခွာ သွားခဲ့သူ။
    ဒီကနေ့ ဒီကဗျာရေးပြီး အချိန် ည (၁၀း ၄၅)မိနစ်တိတိ
    တိုင်ဆိုင်မှုတွေက အံ့သြမှင်သက်မှုတွေနဲ့ အတူ
    တစ်နှစ်ပြည့် အောင်းမေ့ဖွယ် ကဗျာလေးနဲ့ ဂုဏ်ပြုလိုက်ပါရစေပါ…။
  • နိုင်ရိုဘီ တိုက်ခိုက်မှုအား ကင်ညာ မွတ်စလင်မ်များက ရှုတ်ချ
    စက်တင်ဘာ၊ ၂၄
    M-Media
    Muslims Condemn Kenya Terrorist Attack
    ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီရှိရှော့ပင်းမောလ် တစ်ခုအား ဆိုမာလီ အခြေစိုက် အလ်ရှာဘတ် အကြမ်းဖက်အဖွဲ့အစည်းက စီးနင်း တိုက်ခိုက်မှုအား ရှုတ်ချကြောင်း ကင်ညာရှိ မွတ်စလင်အဖွဲ့အစည်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
    ထိုတိုက်ခိုက်မှုမှာ စနေနေ့ကစတင်ခဲ့ပြီး ယခုအချိန်အထိ လူပေါင်း ၆၉ ဦးသေဆုံးခဲ့ကာ ရာကျော်ဒဏ်ရာရခဲ့သည်။
    “ငြိမ်းချမ်းမှုကိုမြတ်နိုးတဲ့ ကင်ညာနိုင်ငံသားတွေနဲ့ ကျွန်တော်တို့နိုင်ငံမှာနေထိုင်ဖို့၊ အလုပ်လုပ်ဖို့ လာရောက်ကြတဲ့ နိုင်ငံတကာက ကျွန်တော်တို့ ဧည့်သည်တွေကို တိုက်ခိုက်တဲ့ဒီလိုလုပ်ရပ်မျိုးကို ပြင်းပြင်းထန်ထန်ရှုတ်ချဖို့ ကျွန်တော်တို့  မွတ်စလင်ခေါင်းဆောင်တွေ ဒီမှာစုဝေးကြတာပါ” ဟု ကင်ညာမွတ်စလင်ကောင်စီမှ တနင်္ဂနွေနေ့က ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။
    ထို့ပြင် ယခုရင်ဆိုင်နေရသည့် အခက်အခဲများအား ဖြေရှင်းနေရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရတာဝန်ရှိသူများ အားလုံးကိုထောက်ခံကြောင်း ထည့်သွင်းရေးသားခဲ့သည်။
    အဆိုပါတိုက်ခိုက်မှုမှာ နိုင်ရိုဘီမြို့ရှိ Westgate ရှော့ပင်းမောလ်တွင် စနေနေ့ ဒေသစံတော်ချိန် ၁၂နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်သမားများက ဗုံးများ၊ အော်တိုမက်တစ်လက်နက်များ ပစ်ဖောက်ကာ ၀င်ရောက်စီးနင်းခဲ့ကြသည်။ ထိုအချိန်တွင် ရှော့ပင်းမောလ်တွင် ကလေးများနေ့ကျင်းပနေချိန်လည်းဖြစ်သည်။
    အစ္စလာမ့်သွန်သင်ချက်နှင့် ဆန့်ကျင်သောလုပ်ရပ်
    ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးလျှင်ပြီးချင်း ကင်ညာမွတ်စလင်များက ချက်ချင်းပင်ရှုတ်ချခဲ့ကြသည်။  “ဒီတိုက်ခိုက်မှုဟာရိုင်းစိုင်းပြီး မကောင်းဆိုးဝါးတွေရဲ့လုပ်ရပ်ပါ။ ဒါဟာ ကင်ညာစိုးရနဲ့ ကျွန်မတို့ကင်ညာနိုင်ငံသားအားလုံးအတွက် စိန်ခေါ်မှုပါပဲ” ဟု ကျား၊ မ တန်းတူညီမျှရေး တက်ကြွလှုပ်ရှားသူ ဟာမီဇာ ဆာဂျာက ကင်ညာသတင်းအေဂျင်စီတစ်ခုဖြစ်သည့် Anadolu Agency သို့ပြောကြားခဲ့သည်။ ထို့ပြင် မွတ်စလင်တစ်ယောက်အဖြစ် အစ္စလာမ်သာသနာက ထိုကဲ့သို့သောအကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်းသိရှိထားပြီး တိုက်ခိုက်သူများကို ဘာသာတရားဖြင့်တွဲဖက်၍ မကြည့်ရှုသင့်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။
    “တိုက်ခိုက်သူတွေကို ဘာသာ လူမျိုးမရွေး ပြစ်ဒဏ်ပေးသင့်ပါတယ်။ ကျွန်မရဲ့ ဆွလာသ်(၀တ်ပြုမှုတွေ)ဟာ ဒဏ်ရာရသူတွေအတွက်ဖြစ်ပြီး အဆောက်အအုံထဲမှာ ပိတ်မိနေတဲ့ သူတွေကို အစိုးရက ကယ်တင်နိုင်လိမ့်မယ်လို့ ကျွန်မမျှော်လင့်နေပါတယ်” ဟု သူမက ဆိုသည်။
    ကင်ညာ မွတ်စလင်တစ်ဦးဖြစ်သူ ဘရှီးရ် မိုဟာမက်ကလည်း ထိုတိုက်ခိုက်မှုများအား ရှုတ်ချခဲ့ပြီး ယုတ်မာသော၊ သရဲဘောကြောင်သော အကြမ်းဖက်မှုအဖြစ်ပြောကြားခဲ့သည်။ ထို့ပြင် အမျိုးသမီးများနှင့် ကလေးငယ်များအား ပစ်မှတ်ထား တိုက်ခိုက်သည့် ထိုလုပ်ရပ်မှာ အစ္စလာမ်၏ ငြိမ်းချမ်းရေးသွန်သင်မှုများနှင့် ဆန့်ကျင်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “ကင်ညာနိုင်ငံသားတွေအနေနဲ့ သည်းခံဖို့၊ ပြီးတော့ ညီအကိုမောင်နှမတွေလိုနေကြဖို့နဲ့ ဘာသာရေးပဋိပက္ခတွေဖြစ်ပွားနိုင်တဲ့ ဒီလိုလုပ်ရပ်တွေကို ရှုတ်ချဖို့ ကျွန်တော်တိုက်တွန်းပါတယ်” ဟု ဘရှီးရ်က ဆိုခဲ့သည်။
    အစ္စလာမ်က မိမိအား မတရားသဖြင့် ဖိနှိပ်စော်ကားသူကို ထိုမတရားမှုများချုပ်ငြိမ်းသွားသည်အထိ ခုခံပိုင်ခွင့်ပေးထားသော်လည်း အပြစ်မဲ့သူများအား သတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန်တားမြစ်ထားသည်။ အပြစ်မဲ့သူတစ်ဦးအား သတ်ဖြတ်ခြင်းမှာ လူသားအားလုံးအား သတ်ဖြတ်သကဲ့သို့ အပြစ်ထိုက်ကြောင်း ကုန်အာန် ကျမ်းတော်မြတ်တွင် အတိအလင်းဖော်ပြထားသည်။
    Ref:OnIslam