News @ M-Media

Blog

  • စက်တင်ဘာ ၁၆ နိုင်ငံတကာ သတင်းတို စုစည်းမှု

    စက်တင်ဘာ ၁၆ နိုင်ငံတကာ သတင်းတို စုစည်းမှု

    ကုလ ဓာတုလက်နက်စစ်ဆေးသူ ဆီးရီးယားအစီရင်ခံစာအား ဘန်ကီမွန်လက်သို့ အပ်နှံ

    ဓာတုလက်နက်သုံးခဲ့ခြင်းရှိမရှိ ဆီရီးယားနိုင်ငံ ဒမတ်စကတ်မြို့သို့သွားရောက်စစ်ဆေးခဲ့သည့် ကုလသမဂ္ဂ၏ ဓာတုလက်နက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးမှူးက သူ၏ ဆီးရီးယားအစီရင်ခံစားအား ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်ထံ လွှဲပြောင်းပေးခဲ့သည်ဟုသိရသည်။

    ဒမတ်စကတ်မြို့ဆင်ခြေဖုံးဒေသတွင် ဓာတုလက်နက်သုံးစွဲကာ တိုက်ခိုက်ခဲ့သောကြောင့် လူပေါင်း ၁၄၀၀ကျော်သေဆုံးခဲ့သည်ဟုသတင်းထွက်ပေါ်လာမှုများအား သွားရောက်စုံစမ်းခဲ့ခြင်းဖြစ်ပြီး အဆိုပါအစီရင်ခံစာကို ယနေ့နှောင်းပိုင်းတွင် ထုတ်ပြန်မည်ဟုသိရသည်။
    ယနေ့နံနက်ပိုင်းတွင်ပြုလုပ်မည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များ၏ တံခါးပိတ်ဆွေးနွေးပွဲတွင် ထိုအစီရင်ခံစားအားအကျဉ်းချုပ်တင်ပြမည်ဖြစ်ပြီး ယနေ့နှောင်းပိုင်းတွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံးအား တင်ပြသွားမည်ဟု ကုလပြောရေးဆိုခွင့်ရှိသူ မာတင် နီစီရ်ကီက ပြောကြားခဲ့သည်။

    …………………………………………….
    အစားအသောက်များ ဘေးမကင်းမှုက အမေရိကန်၏ပြဿနာဖြစ်လာ

    အမေရိကန်နိုင်ငံတွင်အစားအသောက်များ ဘေးမကင်းမှုက နိုင်ငံတစ်ဝှမ်းရင်ဆိုင်နေရသည့်ပြဿနာဖြစ်လာသည်ဟု အစီရင်ခံစာများအရသိရသည်။

    အမေရိကန်စိုက်ပျိုးရေးဌာနမှထုတ်ပြန်သော အစီရင်ခံစာတွင် နိုင်ငံတစ်ဝှမ်းအမေရိကန် အိမ်ထောင်စုများ၏ ပျမ်းမျှစစ်တမ်းကောက်ယူမှုများအရ အစားအသောက်ဘေးမကင်းမှုမှာ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ၁၄.၇ရာခိုင်နှုန်းတိုးလာသည်ဟု သိရသည်။

    ထိုပမာဏမှာ သုံးနှစ်အတွင်း ၁ ရာခိုင်းနှုန်းတိုးလာခြင်းဖြစ်သည်။ စိုက်ပျိုးရေးဌာန၏ အချက်အလက်များအရ နီဗာဒါပြည်နယ်မှာ အစားအသောက်ဘေးမကင်းမှု ၁၆.၆ ရာခိုင်းနှုန်းဖြင့်အဆိုးဆုံးဖြစ်ပြီး ၎င်း၏နောက်တွင် ကယ်လီဖိုးနီးယား၊ ၀ါရှင်တန်၊ အီဒါဟိုနှင့် အော်ရီဂွန်ပြည်နယ်တို့က အသီးသီးရှိနေသည်။

    Ref: Press TV
    …………………………………………………
    နျူးကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် ဒုံကျည်အား အိန္ဒိယစမ်းသပ်လွှတ်တင်

    132722227_11n

    နျူးကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် ပြည်တွင်းဖြစ်  Agni-V ဒုံးကျည်ကို အိန္ဒိယနိုင်ငံက စနေနေ့တွင် နိုင်ငံအရှေ့ဘက်ရှိ အိုဒီရှာပြည်နယ် ၀ှီးလားကျွန်းတွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟုသိရသည်။

    “ထိုဒုံးကျည်အား ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်တွင်အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီး မိနစ် ၂၀ ကြာပြီးတဲ့နောက် သတ်မှတ်ထားတဲ့ပစ်မှတ်ကို ထိမှန်ခဲ့ပါတယ်။

    ဒီဒုံးကျည်ဟာ နိုင်ငံပိုင် ကာကွယ်ရေးသုသေသနဖွံ့ဖြိုးရေးအသင်း(DRDO)က ဒုတိယအကြိမ်ပစ်လွှတ်ခဲ့တဲ့ တာဝေးပစ်ဒုံကျည်ဖြစ်ပါတယ်” ဟု သတင်းများက ဖေါ်ပြခဲ့ကြသည်။
    Ref: ဆင်ဟွာ
    ……………………………………………
    အင်ဒိုနီးရှား ဆူမားတြားတွင် မီးတောင်လှုပ်ရှားမှုဖြစ်ပွား

    အင်ဒိုနီးရှားနိုင်ငံ ဆူးမားတြားတွင် ယမန်နေ့နံနက်ပိုင်းက မီးတောင်လှုပ်ရှားမှု အနည်းငယ်ဖြစ်ပေါ်ခဲ့သောကြောင့် ဒေသခံများ နေအိမ်များကို စွန့်ခွာကာ ဘေးကင်းရာ နေရာများသို့ လာရောက်ခိုလှုံကြသည်ဟုသိရသည်။

    ယမန်နေ့နံနက် ဒေသစံတော်ချိန် ၂ နာရီ ၅၁ မိနစ်တွင် အနောက်ဆူမားတြားပြည်နယ် ကာရိုခရိုင်ရှိ ဆီနာဘန်မီးတောင် လှုပ်ခတ်ရာမှ ပြာများ၊ ကျောက်ခဲများ ထွက်လာခဲ့သောကြောင့် အနီးအနားရှိ ရွာများမှ ပြည်သူ ၆၀၀၀ နီးပါးမှာ ဘေးကင်းရာသို့ရွှေပြောင်းခဲ့ကြသည်ဟု အမျိုးသားသဘာဝဘေး အန္တရာယ်စီမံ ခန့်ခွဲရေးအေဂျင်ဆီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho ကပြောကြားခဲ့သည်။
    Ref: ဆင်ဟွာ
    …………………………………………
    ဆီးရီးယားတွင် ဖမ်းဆီးခံထားရသည် ပြင်သစ်ဂျာနယ်လစ်နှစ်ဦးမှာ အသက်ရှင်လျက်ရှိနေ

    လွန်ခဲ့သည့်သုံးလခန့်က ဆီးရီးယားနိုင်ငံတွင်ဖမ်းဆီးခံခဲ့ရသည့် ပြင်သစ် ဂျာနယ်လစ်နှစ်ဦးမှာ အသက်ရှင်လျက်ရှိနေကြောင်း သိရှိရသည်ဟု ပြင်သစ်သမ္မတ ဖရန်အိုအစ် ဟော်လန်က ယမန်နေ့ကပြောကြားခဲ့သည်။

    ထိုဂျာနယ်လစ်နှစ်ဦးမှာ ဒီဒီရာ ဖရန်အိုအစ်နှင့် အလွတ်ဓာတ်ပုံသမား အဒူဝါဒ် အီလီယာစ်တို့ဖြစ်ကြပြီး ပြင်သစ်အခြေစိုက် Europe1 ရေဒီယိုဌာနတွင် အလုပ်လုပ်နေကြသူများဖြစ်ကာ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့တွင် ပြီးခဲ့သည် ဇွန်လက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
    “သူတို့လွတ်မြောက်ဖို့ ဘာမဆို လုပ်ဆောင်သွားမှာပါ။ ဒါပေမယ့်သူတို့ကို လွှတ်ပေးဖို့အတွက် ဆက်သွယ်ပြောဆိုရတာ တော်တော်ကြာမှာပါ” ဟု ဟော်လန်က TF1 ရုပ်သံချန်နယ်သို့ပြောကြားခဲ့သည်။
    Ref: ဆင်ဟွာ
    ………………………………………………
    မြောက်ကိုရီးယားသို့ ၀င်ရောက်ရန်ကြိုးစားသည့် တောင်ကိုးရီးယား နိုင်ငံသားတစ်ဦး ပစ်သတ်ခံရ

    မြောက်ရီးယားစစ်မဲ့ဇုန်အတွင်းရှိ မြစ်တစ်ခုအားဖြတ်ကူးကာ မြောက်ကိုရီးယားသို့ဝင်ရောက်ရန်ကြိုးစားခဲ့သည့် တောင်ကိုရီးယားနိုင်ငံသားတစ်ဦးမှာ ယနေ့နေ့လည်ပိုင်းက ပစ်သတ်ခံ ခဲ့ရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    “နေ့လည် ၂ နာရီ ၂၃ မိနစ်လောက်မှာ သာမန်အ၀တ်အစားကိုဝတ်ဆင်ထားတဲ့ လူတစ်ယောက်ဟာ အင်ဂျင် မြစ်ထဲကို ခုန်ချခဲ့ပါတယ်။ မြောက်ကိုရီးယားကိုကျော် ၀င်လာဖို့ပါ” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖုန်းဖြင့်ဖြေကြားခဲ့သည်။

    မြောက်ကိုရီးယားမှ စီးဆင်းသော အဆိုပါမြစ်မှာ ဆိုးလ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၅၀ အကွာရှိ ပါဂျူးဒေသတွင်ရှိသည်။ အဆိုပါ အမျိုးသားအား တောင်ကိုရီးယားသို့ပြန်သွားရန် သတိပေးခဲ့သော်လည်း နာခံမှုမရှိခဲ့သောကြောင့် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်းမသိရှိရဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    Ref: ဆင်ဟွာ
    ………………………………………………
    ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် ပြင်းထန်သောတိုင်ဖုန်း မုန်တိုင်းတစ်ခု ၀င်ရောက်

    အင်အားပြင်းထန်သောတိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်နိုင်ငံအလယ်ပိုင်းတွင် မြေပြိုမှုများ၊ ရေကြီးမှုများဖြစ်ပေါ်ကာ လူပေါင်း များစွာ ဘေးကင်းရာ နေရာများသို့ပြောင်းရွှေ့ခဲ့ ရသည်ဟု သိရသည်။

    တိုင်ဖုန်း မန်ယီဟု အမည်ရသည့် အဆိုပါမုန်းတိုင်းကြောင့် ပြည်နယ်လေးခုမှ အနည်းဆုံး လူပေါင်းလေးသိန်းခန့်မှာ အိုးအိမ်များအားစွန့်ခွာခဲ့ရပြီး မုန်တိုင်းမှာ တစ်နာရီ ၃၄ မိုင်နှုန်းဖြင့်ဆက်လက်ရွေ့ရှားနေသည်ဟု တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။

    BBC

  • စက်တင်ဘာ ၁၆ အားကစား သတင်းများ

    စက်တင်ဘာ ၁၆

    M-Media

    ရော်နယ်ဒို ရီးယဲလ်နှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆို

    article-2421040-1BD5FC37000005DC-621_634x404

    ရီးယဲလ်မက်ဒရစ်အသင်း၏တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုမှာ အသင်းနှင့် ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဟု သိရသည်။ အဆိုပါစာချုပ်အရ ရော်နယ်ဒိုမှာ တစ်ပတ်လုပ်ခ ပေါင် ၂၈၈၀၀၀ ဖြင့် တနှစ်ပါင် ၁၅ သန်းရရှိမည်ဖြစ်သည်။

    ထိုပမာဏမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည့် ဂါရက်ဘေးလ်၏ လုပ်ခ ၈.၃ သန်းထက် နှစ်ဆနီးပါးရှိနေသည်။ ရော်နယ်ဒိုအား အသင်းဟောင်း မန်ယူမှခေါ်ယူရန်စိတ်ဝင်စားခဲ့ပြီး ရော်နယ်ဒိုကိုယ်တိုင်ကလည်း ရီးယဲလ်တွင်မပျော်ရွှင်ကြောင်း ယမန်နှစ်ကပြောဆိုထားသော်လည်း နောက်ဆုံးတွင် အသင်းနှင့် သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့်ရော်နယ်ဒိုမှာ ကမ္ဘာ့လစာအများဆုံးရသည့် ကစားမားဖြစ်လာမည်ဟု ယုံကြည်ရပြီး။ သူ၏ စာချုပ်က ပီအက်စ်ဂျီမှ ဇလာတန် အီဗရာဟီမိုဗစ်ထက် ပေါင် ၈၅၀၀၀၀ ပိုမို၍ များပြားသည်။

    “ဒီမှာရှိနေတာကို ကျွန်တော်ပျော်ပါတယ်။ အသင်းအတွက် ဆုဖလားတွေရရယူပေးချင်ပါတယ်။ မန်ယူကတော့ အတိတ်ကကျွန်တော့်အသင်းပါ။ ဒီမှာကျွန်တော်နောက်ထပ် ငါးနှစ်ဆက်ရှိနေမှာပါ” ဟု စာချုပ်ချုပ်ဆိုအပြီးတွင် ရော်နယ်ဒိုက ပြောကြားခဲ့သည်။
    ……………………………………………….
    မန်ယူ၏ ချန်ပီယံလိဂ်အုပ်စုမှာ သမိုင်းတစ်လျှောက် အခက်ခဲဆုံးထဲမှတစ်ခုဟု ဖာဂူဆန်ပြော

    ချန်ပီယံလိဂ်တွင် မန်ချက်စတာယူနိုက်တက်အသင်းကျရောက်နေသည့်အုပ်စုမှာ သမိုင်းတစ်လျှောက် အခက်ခဲဆုံးထဲမှ တစ်ခုဖြစ်သည်ဟု ဖာဂူဆန်ကပြေဆိုသည်ဟု မိုယက်စ်က ဖွင့်ဟခဲ့သည်။

    မန်ယူမှာ ချန်ပီယံလိဂ်အုပ်စု A တွင် ရှက်တာဒိုးနက်၊ ရီးယဲလ်ဆိုစီဒက်တို့နှင့်အတူ ကျရောက်နသည်။ “ချန်ပီယံလိဂ်မဲခွဲပြီးချင်း ကျွန်တော် ဆာအဲလက်စ်ကို ဖုန်းခေါ်ပြီးပြောပြခဲ့ပါတယ်။

    သူက မန်ယူရဲ့ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အခက်ခဲဆုံးအုပ်စုတွေထဲကတစ်ခုကိုပြောခဲ့ပါတယ်” ဟု မိုယက်စ်က ပြောကြားခဲ့သည်။

    ………………………………………………
    လီဗာပူးလ်အသင်းအာရုံစူးစိုက်မှုရှိရန် တိုးရေးတိုက်တွန်း


    လီဗာပူးလ်အသင်း၏ ကွင်းလယ်လူကိုလိုတိုးရေးက ဆွမ်ဆီးအသင်းနှင့်ကစားမည့်ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာရုံစူးစိုက်မှုရှိရန်နှင့် ပရီးမီးယားလိဂ်လေးပွဲဆက်တိုက်နိုင်ပွဲရရှိအောင် နည်းပြရော်ဂျာက လမ်းညွှန်မှုပေးရန် အလိုရှိနေသည်ဟုသိရသည်။

    “ကောင်းမွန်တဲ့ရာသီအစရလဒ်တွေဟာ တကယ့်ကိုအရေးပါပါတယ်။ တစ်ပွဲပြီး တစ်ပွဲအဲဒီလိုသွားမယ်ဆိုရင်ပိုကောင်းပါတယ်။ ပွဲတိုင်းပွဲတိုင်းကို နောက်ဆုံးဗိုလ်လုပွဲလိုကျွန်တော်တို့ကစားနေပြီး ပွဲတွေကိုနိုင်ချင်ပါတယ်” ဟု လီဗာပူးလ်အသင်း ၀က်ဆိုက်သို့ပြောကြားသွားသည်။

    …………………………………………………..
    ဗန်ပါစီမန်ယူအသင်းနှင့် သက်တမ်းတိုးရန်ဆန္ဒရှိ

    မန်ချက်စတာယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်း ၃ နှစ်ကျန်သေးသော်လည်း ထိုသက်တမ်းကုန်ဆုံးသွားပါက ဗန်ပါစီမှာ မန်ယူတွင်တွာ ဆက်လက်ရှိနေရန် စိတ်အားထက်သန်နေသည်ဟုသိရသည်။

    အသက် ၃၀ အရွယ်ရှိ ဗန်ပါစီမှာ အာဆင်နယ်အသင်းတွင် ရှစ်နှစ်ကြာကစားခဲ့ပြီး မန်ယူအသင်းသို့ ယမန်နှစ်ကပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး မန်ယူနှင့် ပရီးမီးယားလိဂ်ဖလားအားဆွတ်ခူးနိုင်ခဲ့သည်။

    “ကျွန်တော့်မှာ လက်ကျန်စာချုပ်သက်တမ်း ၃ နှစ်ရှိနေပြီး ဒီမှာ ပိုကြာကြာနေချင်ပါတယ်။ အမြင့်ဆုံးအခြေအနေမှာ ကျွန်တော် တတ်နိုင်သလောက်ကစားချင်ပါတယ်။ ဆုဖလားတွေရရယူနိုင်ဖိုပေါ့” ဟု မန်ယူအသင်း၏ရုပ်သံဖြစ်သည့် MUTV သို့ပြောကြားခဲ့သည်။

    ……………………………………………………..
    KLM Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဂျူစ် လူတန်ဗိုလ်စွဲ

    ဟော်လန်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် KLM Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အိမ်ရှင်ဂေါက်သီးကစားသမား ဂျူစ် လူတန်က အနိုင်ရဗိုလ်စွဲသွားသည်ဟုသိရသည်။

    ပြိုင်ပွဲပြီးဆုံးခဲ့ပြီးနောက် လူတန်နှင့် စပိန်ဂေါက်သီးသမား အမ်အေ ဂျီမီနက်ဇ်တို့မှာ လျှော့ရိုက်ချက် ၁၂ ချက်ဖြင့်တူညီနေသောကြောင့် ပလေးအောဖ့်အဖြစ် ကျင်းပိုဆက်ကစားရာ လူတန်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲကို န၀မအကြိမ်မြောက် ၀င်ရောက်ကစားခဲ့သည့် လူတန် အနေဖြင့် ၂၀၀၃ ခုနှစ်တွင် ဟော်လန်ဂေါက်သီးသမား မာတန်လဖီဘာဗိုလ်စွဲပြီးနောက်ပိုင်း ပထမဦးဆုံးပြန်လည်ဗိုလ်စွဲခဲ့သည့် ဟော်လန်နိုင်ငံသားဖြစ်လာခဲ့သည်။

  • မြန်မာမွတ်စ်လင်မ် ဒုက္ခသည်များနဲ့တဒင်္ဂဆုံစည်းမှု (ဘာသာပြန် ဆောင်းပါး)

    စက်တင်ဘာ ၁၆- ၂၀၁၃
    M-Media
    မြင့်မိုရ် မောင်မောင် ဘာသာပြန်ဆိုသည်။

    1
    (ဓာတ်ပုံ- ခရိုင်အားကစားကွင်းရှိ ပြည်တွင်းဒုက္ခသည်ယာယီစခန်း IDP Camp ကို နေအိမ်သဖွယ်သဘောထားနေရသော ဒုက္ခသည်များ)

    ပြီးခဲ့တဲ့လအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ်ကင်တားနားဟာ မိတ္ထီလာမြို့ထဲက မွတ်စ်လင်မ်ဒုက္ခသည်များ စခန်းကိုသွားရောက်နိုင်ဖို့ကြိုးစားစဉ်က လူရမ်းကားတစ်စုရဲ့ဝိုင်းရံမှုကို ခံခဲ့ရတယ်။
    “ လူ ၂၀၀ လောက် ရှိတဲ့ လူအုပ်ကြီးက ကျွန်တော့် ကားကို ၀ိုင်းပြီး ရပ်တန့်စေခဲ့တယ်။ သူတို့က ဆဲဆိုအော်ဟစ်ပြီး ကားရဲ့ပြူတင်းနဲ့တံခါးတွေကို ရိုက်ပုတ် ကန်ကျောက်ခဲ့ကြတယ် ” လို့ ကင်တားနားရဲ့ပြောဆိုချက်မှာ တွေ့ရတယ်။

    ဒါပေမယ့် မြန်မာအစိုးရကတော့ ဒါဟာ အနှောင့်အယှက်ပေးတာ မဟုတ်ပါဘူးတဲ့။ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ကင်တားနားဟာ အဲ့ဒီအဖြစ်အပေါ် အမြင်မှားအထင်လွဲတာပါဆိုပြီး မီဒီယာအသိုင်းအ၀ိုင်းကို ပြောကြားခဲ့တယ်။ အဲ့ဒီလူအုပ်ဟာ လူရမ်းကားတွေ လုံးဝ မဟုတ်ပါဘူးတဲ့။ ငြိမ်းချမ်းစွာ ဆန္ဒပြယင်း ကြိုဆိုနေကြတဲ့ လူစုပါတဲ့။ သူတို့က ကင်တားနားကို စာတစ်စောင်ပေးနိုင်ဖို့ ကြိုးစားခဲ့ကြတာပါတဲ့။ အဲ့ဒီဖြစ်ရပ်မတိုင်ခင် ရက်ပိုင်းလောက်မှာ နိုင်ငံရေးကိစ္စ အလျဉ်းမပါဝင်ဘဲ ကျွန်တော် နဲ့ ဓာတ်ပုံဆရာ အင်ဒရူး စတင်းဘရစ်ဂ်ျ တို့က ကင်တားနားသွားချင်ခဲ့တဲ့နေရာနဲ့အနီးတစ်ဝိုက်ကလူတွေဆီ ရောက်ရှိခဲ့တယ်။ ကုလသမဂ္ဂရဲ့နာမည်ကြီးပုဂ္ဂိုလ်တွေမဟုတ်တော့ အဲ့ဒီလိုမျိုး မကြုံဆုံခဲ့ရပါဘူး။ ကားကိုရပ်တန့်စေပြီး ပြူတင်းပေါက်ကတဆင့် စာတွေကမ်းပေးဖို့ ရာဂဏန်းရှိ လူတစ်စုရဲ့နှုတ်ဆက်မှုမျိုး မဖြစ်ခဲ့ကြပါဘူး။

    ဒီနှစ်အတွင်း ဗုဒ္ဓဘာသာဝင်တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာခဲ့ကြတဲ့ မွတ်စ်လင်မ် ၁၆၀၀ လောက်က IDP စခန်းမှာ ဇဝေဇ၀ါနဲ့ နေနေရစဲပါ။ ရွှေဆိုင် ပိုင်ရှင် မွတ်စ်လင်မ်တစ်ဦး နဲ့ ရွှေရောင်းသူဗုဒ္ဓဘာသာဝင် တစ်ဦး အငြင်းပွားပြဿနာဖြစ်ရာကနေ လမ်းအပြင်ဖက်ရောက်လာပြီး မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှု စတင်ခဲ့တာ ဖြစ်တယ်။ အခြေအနေ အလှည့်အပြောင်း မြန်ဆန်လှပါတယ်။ မော်တော်ဆိုင်ကယ်စီးလာတဲ့ ဘုန်းကြီးတစ်ပါးကို မွတ်စ်လင်မ်တွေက ဆွဲချပြီး မီးရှို့သတ်ဖြတ်တယ်ဆိုပြီးတဲ့နောက် ဗုဒ္ဓဘာသာဝင်တွေဟာ လက်စားချေသောအားဖြင့် မွတ်စ်လင်မ်တွေရဲ့ နေအိမ်၊ ဆိုင်ခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြကုန်တယ်။ လူတွေကို လိုက်လံဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်တဲ့အထိ ဖြစ်ကုန်တယ်။ ရဲတွေကတော့ ကူညီခွင့်မရှိလို့လား ကူညီချင်စိတ်မရှိလို့လား မသိဘူး။ အနီးမှာ ရပ်ကြည့်လျက်သာ ရှိခဲ့ကြတယ်။

    နေရာအနှံ့က အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့သူတွေဟာ ၁၀၀၀၀ ကနေ ၁၈၀၀၀ ကြားမှာရှိပြီး အနည်းဆုံး ၄၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်။ မိတ္ထီလာ အာဏာပိုင်များရဲ့အဆိုအရ လက်ရှိ ကယ်ဆယ်ရေး စခန်းတွေမှာ လူ ၄၀၀၀ လောက် ရှိနေကြောင်း၊ မွတ်စ်လင်မ်တွေအတွက် စခန်း ၃ ခု နဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် စခန်း ၁ ခု စီစဉ်ထားပေးထားကြောင်း သိရပါတယ်။

    2(ဓာတ်ပုံ  ဗုဒ္ဓဘာသာဝင်အကြမ်းဖက်အုပ်စုများ ဖျက်ဆီးသွားခဲ့သော မိတ္ထီလာရှိမွတ်စ်လင်မ်နေအိမ်အပျက်အစီးပုံအကြား ထိုင်နေသော လူတစ်ဦး)

    စစ်အုပ်ချုပ်ရေးအပေါ် အုံကြွပေါက်ကွဲခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့လွတ်လပ်မှုဖက်ကို စတင်ကူးပြောင်းလာခဲ့တယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်ကတည်းက ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စ်လင်မ်တွေအကြား ထိပ်တိုက်တွေ့စေမှုက ပြဿနာတက်လာစေခဲ့တယ်။

    မြန်မာပြည်ရဲ့အနောက်ပိုင်းကမ်းမြှောင်ဒေသတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ၂၀၁၂ နှစ်လယ်ပိုင်းက ဒေသခံ ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာမွတ်စ်လင်မ်တွေအကြား အကြမ်းဖက်မှု စတင်ဖြစ်ပွားတယ်။ ရိုဟင်ဂျာတွေက လူနည်းစုဝင် တစ်ရပ်ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မြန်မာများက သူတို့ကို နိုင်ငံသားအဖြစ် လက်မခံကြပါဘူး။ ရခိုင်ပြည်နယ်ထဲမှာ ဗုဒ္ဓ ဘာသာဝင်တွေ နဲ့ မွတ်စ်လင်မ်များအကြား ကာလအတန်ကြာအောင် တင်းမာမှုရှိနေခဲ့ကြတယ်။ မိတ္ထီလာကျတော့ လုံးဝကွဲပြားခြားနားနေပြီး မွတ်စ်လင်မ်တွေရဲ့ဆင်းသက်မှု၊ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်လို့ အငြင်းပွားမှုမရှိသလို သာမန်အသေးအဖွဲလောက်နဲ့ ပဋိပက္ခဖြစ်ရတဲ့ရာဇ၀င်မျိုးလည်း မရှိခဲ့တာ အမှန်ပါ။ အခုလို ရက်စက်မှုတွေ ပွင့်ထွက်လာလိမ့်မယ်လို့ ဘယ်တုန်းကမျှ ထင်မထားဘဲ ဗုဒ္ဒဘာသာဝင်တွေနဲ့ သင့်တင့်မျှတညီညွတ်စွာ အတူနေထိုင်လာခဲ့ကြောင်း ဒေသတွင်း မွတ်စ်လင်မ်များစွာတို့က ဆိုပါတယ်။

    ဒီပြောဆိုချက်တွေအမှန်ဖြစ်ကြောင်း မွတ်စ်လင်မ်ခေါင်းဆောင်နဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းက အတည်ပြုခဲ့ပါတယ်။ သူ့ကို မိတ္ထီလာမြို့ဗလီတွေထဲက အဖျက်ဆီးမခံရပဲကျန်ရစ်နေတဲ့ တစ်ခုတည်းသောဗလီဝတ်ကျောင်းတော်မှာ ကျွန်တော်တို့တွေ့ဆုံခဲ့ကြပါတယ်။ အလားတူ အမည်မဖော်လိုတဲ့ အခြား မွတ်စ်လင်မ်များစွာကလည်း ပြောပြကြပါတယ်။ တိုက်ခိုက်မှုမဖြစ်ပွားခင်က မွတ်စ်လင်မ်နဲ့ဗုဒ္ဓဘာသာဝင်တွေဟာ တော်တော်လေး သင့်မြတ်ပြေလည်မှုရှိကြတယ်၊ အတူ သွားလာစားသောက်စီးပွားလုပ်နေခဲ့ကြတာပါတဲ့။ အာဃာတ တောက်လောင်လာအောင် ကျယ်ကျယ်ပြန့်ပြန့်အမုန်းတရား သွတ်သွင်းဟောပြောနေချက်တွေက ပြစ်တင် ရှုတ်ချစရာပါဘဲ။ ဒီလို အစ္စလာမ်ဆန့်ကျင်ရေး အမျက်သိုမုန်းတီးရေး တရားပွဲများစွာကို ဖန်တီးနေခဲ့သူကတော့ အစွန်းရောက်ဘုန်းကြီး အရှင်ဝီရသူ နဲ့ သူ့နောက်လိုက် ၉၆၉ အဖွဲ့သားတွေဖြစ်ကြတယ်။ ၉၆၉ ဆိုတာ များမကြာသေးတဲ့ကာလတစ်ခုကဖွဲ့စည်းခဲ့တဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသားရေးဝါဒီအုပ်စုပါ။

    3

    ( ဓာတ်ပုံ  –  မန္တလေးမြို့၊ ၉၆၉ အဖွဲ့ဌာနချုပ်ဖြစ်သော မစိုးရိမ်ကျောင်းတိုက်မှ ဦးဝီရသူ )

    သူ့ကျောင်းတိုက်ကို ရောက်ခဲ့စဉ်က မွတ်စ်လင်မ်တွေဟာ ဘာသာရေးအဓိကရုဏ်းတွေကို စတင်ဖန်တီးသူတွေဖြစ်ကြောင်း၊ သူ့နောက်လိုက်တွေကတော့ မိမိကိုယ်ကိုကာကွယ်သူတွေသာဖြစ်ကြောင်း “ မွတ်စ်လင်မ် အများစုဟာ သွေးကြွသူတွေဖြစ်ကြတယ်။ ဒီလူမျိုးရေးပဋိပက္ခရဲ့ အဓိက အကြောင်းရင်းဟာ သူတို့တွေပဲဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေက သည်းညည်းမခံနိုင်တော့လို့ သူတို့ကို တန်ပြန်တိုက်ခိုက်ပြီး ကိုယ်ပိုင်ဥပဒေနဲ့စီရင်လိုက်တာပါဘဲ ” ဆိုပြီး ဦးဝီရသူက ကျွန်တော့်ကိုပြောပါတယ်။

    မွတ်စ်လင်မ်များက မြန်မာပြည်ကို ဒုက္ခရောက်အောင်လုပ်နေတယ်လို့ မကြာခဏဟောပြောနေပေမယ့် “ ဘာသာ အသီးသီးက လူတွေနဲ့ ညီညွတ်မျှတစွာနေထိုင်ဖို့ အားလုံးကိုတိုက်တွန်းနေပါတယ်။ ငြိမ်းချမ်းရေးနဲ့သင့်မြတ်ရေးထဲ နေထိုင်နိုင်မယ့်အစီအစဉ်ကို စတင်ချမှတ်နေပါပြီ ” ဆိုပြီး ပြဿနာ မှန်သမျှကနေ ရှောင်ကြဉ်ဖို့ကြိုးစားနေတယ်လို့ ဦးဝီရသူက ဆိုပါတယ်။

    မိတ္ထီလာမြို့ခံ တစ်ချို့က ဦးဝီရသူရဲ့စကားကို ပယ်ချခဲ့ကြတယ်။ ၉၆၉ ခေါင်းဆောင်ကြီးရဲ့တရားပွဲပြီးတဲ့နောက် မိတ္ထီလာတစ်ခွင်လုံးမှာ မွတ်စ်လင်မ်ဆန့်ကျင်ရေးအတွက် မှိုင်းတိုက်ဝါဒဖြန့်စာစောင်တွေ၊ ဒီဗီဒီတွေကို ပလူပျံအောင် ဖြန့်ဖြူးခဲ့တယ်လို့ ဆိုကြပါတယ်။ “ ရခိုင်ပြည်နယ်အကြမ်းဖက်မှုနောက်ပိုင်း ဒီဖက်မှာ အမုန်းမှိုင်းတိုက် တရားပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်လာကြတယ်။ ဒေသတွင်း အာဏာပိုင်တွေကလည်း ဒါကိုရပ်ဆိုင်းစေဖို့ ဘာဆိုဘာမှ မလုပ်ခဲ့ကြပါဘူး ”။

    မြို့ခံရဲတပ်ဖွဲ့ကလည်း မွတ်စ်လင်မ်တွေကို စုရုံးခွင့်မပြုပါဘူး။ “ တကယ်လို့ သူတို့အမိန့်ကို မလိုက်နာယင် နောက်တစ်ကြိမ်ထပ်မံဖြစ်ပွားဦးမယ်လို့ အာဏာပိုင်တွေက ကျွန်တော်တို့ကို အမြဲတစေ ဖိအားပေးနေပါတယ် ” လို့ တွေ့ဆုံခဲ့သူတစ်ဦးက ဆက်လက်ရှင်းပြတယ်။ ဒေါသအုံကြွမှုတွေ ဆုံးခန်းတိုင်သွားပေမယ့် သူကတော့ လုံခြုံပြီလို့ မခံစားရသေးဘူး၊ ယာယီဒုက္ခသည်စခန်းတွေကနေ မိမိနေအိမ်များကို ပြန်ခွင့်မပြုဘဲ အာဏာပိုင်တွေက အကြောင်းပြချက်အမျိုးမျိုးပေးနေပါတယ် ဆိုပြီး ဆိုပါတယ်။

    မြို့ထဲမှာ တင်းမာမှုတွေ ကြွင်းကျန်နေဆဲဖြစ်ပြီး မွတ်စ်လင်မ်တွေအနေနဲ့ အကျဉ်းအကြပ်ထဲရှိနေဆဲဆိုတာတွေ့ရတယ်။ မိမိတို့ရဲ့မိတ်ဆွေတွေ၊ မိသားစုဝင်တွေကို သတ်ဖြတ်တဲ့ထဲမှာ အိမ်နီးချင်းတွေလည်း ပါဝင်တယ်လို့ လူများစွာက ပြောကြားကြတယ်။ “ အကြမ်းဖက်အုပ်စုထဲပါဝင်တဲ့လူတစ်ချို့ဟာ လှည့်ပတ်သွားလာနေဆဲပါဘဲ။ မိမိခင်ပွန်းကို သတ်ဖြတ်လိုက်သူကို သိခဲ့တဲ့ အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာကို တိုင်ကြားပေမယ့် အာဏာပိုင်တွေက လုံးဝ အရေးတယူမလုပ်ကြပါဘူး ”။

    မြန်မာမွတ်စ်လင်မ်တွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးသုံးသပ်ချက်အစီရင်ခံစာတစ်စောင်ကို ပြီးခဲ့တဲ့ လနှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တယ်။ အနာဂတ်ကာလမှာ လူ့အခွင့်အရေးချိုးဖောက်မှု၊ မျိုးတုန်းရှင်းလင်းမှုအပါအ၀င် အကြမ်းဖက်မယ့်လက္ခဏာအစွန်းအစတွေ တွေ့နေရဆဲဖြစ်တယ်လို့ ဖော်ပြထားတယ်။

    ဘက်လိုက်မျက်နှာလွှဲထားမှုတွေ၊ ပြစ်မှုကျူးလွန်ပြီး တရားရုံးမရောက်သူတွေ၊ နှိပ်စက်မှုမှာ အားပေးအားမြှောက်လုပ်တဲ့ ရဲဝန်ထမ်းတွေရှိခဲ့ကြောင်း “ ရဲဝန်ထမ်းတွေဟာ တိုက်ခိုက်မှုတစ်ချို့အတွင်း တိုက်ရိုက်ပါဝင်ပတ်သက်မှု ရှိခဲ့ကြတယ်။ ကဏ္ဍတော်တော်များများမှာလည်း တားဆီးမှုမရှိဘဲ ရပ်ကြည့်နေခဲ့ကြတယ် ” လို့လည်း အစီရင်ခံစာထဲ ပါရှိနေတယ်။

    ဒီအစီရင်ခံစာကို  Bangkok Foreign Correspondents Club မှာထုတ်ပြန်တဲ့အခါ ရေးသားသူ ဘီလ် ဒေးဗစ် (Bill Davis) က “ ခုချိန်မှာ ပြဿနာ ရပ်ဆိုင်းသွားခဲ့ပြီဖြစ်ပေမယ့် အကြမ်းဖက်မှုကိုဖြစ်ပွားစေတဲ့ အခြေခံအချက်ကတော့ ကျန်ရှိနေတုန်းပါဘဲ။ အဲ့ဒါက အမုန်းတရားအစဉ်အလာကိုဖန်တီးပြီး ဆက်လက် မီးစိမ်းပြဦးမယ့် အမျိုးအစားဖြစ်နေပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

    နောက်ဆုံးရ အချက်အလက်များက အဖမ်းခံရသူ ၈၇ ဦးမှာ ဗုဒ္ဓဘာသာဝင် ၃၈ ဦးသာ ပါဝင်နေကြောင်း ပြသနေပါတယ်။ “ ဒီစီမံမှုထဲ အမှန်တကယ် ပါဝင်နေသူ အများစုက လွတ်မြောက်နေဆဲဖြစ်ပါတယ်။ အဖမ်းခံထားရသူတွေက နောက်လိုက် သက်သက်ပါ။ ခေါင်းဆောင်တွေ မဟုတ်ကြပါဘူး ” လို့ ကျွန်တော်တို့ကို IDP က မွတ်စ်လင်မ်တစ်ဦး ပြောပြခဲ့တယ်။

    ဗုဒ္ဓဘာသာဝင်တွေ အုံကြွလာအောင် မှိုင်းတိုက်မှုအတွက် ကန့်လန့်ကာနောက်ကွယ်က တာဝန်အရှိဆုံးသူတွေဟာ ဦးဝီရသူနဲ့သူ့နောက်လိုက်တွေသာဖြစ်တယ်လို့ လက်ခံသူတွေ များစွာရှိနေကြတယ်။ တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းကနေဖယ်ခွာပြီး စစ်အုပ်ချုပ်ရေးဖက်ပြန်လည်တွန်းပို့လိုတဲ့ အာဏာပိုင်အချို့က ကြံဆောင်မှုဖြစ်တယ် လို့လည်း အမြင်ရှိသူတွေ မနည်းလှပါဘူး။ မိတ္ထီလာရဲ့ဈေးကွက်ဝင်ဧရိယာထဲက မွတ်စ်လင်မ်တွေကို ဖယ်ထုတ်ပြီး ပြန်လည် ဆုပ်ကိုင်ရယူအမြတ်ထုတ်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေကြပါတယ်။

    အမြင်နှစ်ရပ်လုံးထဲမှာ စစ်အာဏာရှင်ဟောင်းတွေရဲ့လက်တွဲဖော် ခရိုနီအုပ်စုတွေဆိုတဲ့ စကားလုံးက ၀ိုင်းရံနေပါတယ်။ စစ်အာဏာရှင်အုပ်စုဟောင်းတွေက မိမိတို့ရဲ့အာဏာ ဆက်လက်တည်မြဲဖို့ (သို့တည်းမဟုတ်) စီးပွားရေးတံခါးဖွင့်ချိန်မှာ ပိုမိုကြွယ်ဝလာဖို့ ခုတုံးလုပ်တာ ဖြစ်နိုင်ပါတယ်။ “ ဒီခရိုနီတွေနဲ့အာဏာပိုင်တွေဟာ တိုင်ပြည်ကို နောက်ပြန်ဆုတ်စေချင်ကြတယ်။ ဒီမိတ္ထီလာအကြမ်းဖက်မှုကြီးကို သူတို့က စံနစ်တကျ ကြိုတင်ကြံစည် ဖန်တီးခဲ့ကြတာပါ ” ဆိုပြီး ကုန်သည်တစ်ဦးက ကျွန်တော်တို့ကို ဗလီထဲမှာ ပြောပြခဲ့ပါတယ်။

    5

    ( ဓာတ်ပုံ  – ဗုဒ္ဓဘာသာဝင်အကြမ်းဖက်သမားတို့မှ ဖျက်ဆီးခဲ့သော မိတ္ထီလာရှိ မွတ်စ်လင်မ်တို့၏နေရာတစ်ခု)

    ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ဆရာတော်တစ်ဦးဖြစ်တဲ့ ဦးပုည၀ံသ ကလည်း ဒီအကြမ်းဖက်မှုနောက်ကွယ်မှာ ခရိုနီတွေရှိကြောင်း လက်ခံခဲ့တယ်။ ဒါပေမယ့် ငွေကြေးလောဘ ဆိုတာထက် လက်လွှတ်သွားတဲ့စစ်အုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းလိုတာကြောင့် ဒီလိုလုပ်တာလို့ သူက အမြင်ရှိတယ်။ ပြည်တွင်း မွတ်စ်လင်မ်တွေ ဘယ်ပုံဘယ်နည်း နှိပ်စက်ခံရတယ်ဆိုတာကို မပြောကြားမီ သူက “ မြေပိုင်ဆိုင်ရေး နဲ့ အကျင့်ပျက်ခြစားမှု ပြဿနာတွေ ရှိနေကြတယ် ” လို့ ဆိုပါတယ်။ အာဏာပိုင်တွေက မှန်ကန်တဲ့ အထောက်အထားမပြနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မွတ်စ်လင်မ်တွေကို ခုထိ မြေပြန်မပေးသေးတာကတော့ ထင်ထင်ရှားရှားတွေ့နေရတယ်။ နေရာတော်တော် များများအတွက် အထောက်အထားဆိုတာ မကျန်ရှိခဲ့ပါဘူး။ (မီးရှို့ဖျက်ဆီးမှုထဲ ပါသွားပြီလေ)။ မြေနေရာပြန်ပေးဖို့ငြင်းဆန်ခြင်းဟာ အကယ်၍ အဲ့ဒါတွေကို ပြန်လည်ပြုပြင် တည်ဆောက်ယင် မြန်မာအစိုးရဟောင်း အဖွဲ့ဝင်အများအပြားကို အကြီးအကျယ် ချမ်းသာကြွယ်ဝသွားစေမှာဖြစ်ပါတယ်။

    ဒီပြဿနာနဲ့စပ်လျဉ်းပြီး ဘီလ်ဒေးဗစ္စ က “ သူတို့ကို အိမ်ပြန်ခွင့်မပေးဖို့ အမိန့်တွေပေးထားကြတယ်။ သူတို့ဟာ ဒီမြေတွေကို တကယ်ပိုင်ဆိုင်ကြောင်း အထောက်အထားတွေပြရမယ်လို့ ဒီလူတွေက ပြောတယ်။ ဒီလိုပြောဆိုတဲ့ ပထမအကြောင်းက မြန်မာနိုင်ငံမှာ မြေပိုင်ဆိုင်မှုစံနစ်ဆိုတာ မရှိပါဘူး (အားလုံးက နိုင်ငံပိုင်မြေ ဖြစ်တယ်)။ ဒုတိယအချက်က အထောက်အထားပြသနိုင်ယင်တောင်မှ အိမ်တွေဖျက်ဆီးခံလိုက်ရပြီဖြစ်လို့ ဘယ်လိုမှ ရယူပြသလို့မရတော့တာကြောင့်ဖြစ်တယ် ” လို့ပြောတယ်။ သက်သေအချက်အလက်မရှိတဲ့အတွက် ဒီသီအိုရီအတိုင်း အသေအချာဖြစ်တယ်လို့ အတည်ပြုပြောကြားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် “ (အဖျက်ဆီးခံ) မြေနေရာအများစုဟာ စီးပွားရေး နဲ့ ကုန်ကူးသန်းမှုမှာ အရေးပါတဲ့ လမ်းမကြီး တစ်လျှောက်ပေါ် တည်ရှိနေတယ်။ အထူးသဖြင့် စီးပွားရေးလက်ဝါးကြီးအုပ်လိုသူတွေအဖို့ ဒီမြေတွေကို လိုချင်နေတာအမှန်ပါဘဲ။ ကချင်ပြည်နယ် နဲ့ ကရင်ပြည်နယ်လို မြန်မာပြည် အခြားဒေသများမှာလည်း အာဏာပိုင်တွေက အဓမ္မမြေသိမ်းတဲ့ အလားတူအခြေအနေမျိုး ရှိနေပါတယ် ” ဆိုပြီး ဖြည့်စွက်ပြောဆိုသွားခဲ့တယ်။

    ဗလီထဲမှာ တွေ့ဆုံပြောဆိုမှုပြီးစီးတဲ့နောက် ကျွန်တော်တို့ဟာ အကြမ်းဖက်အပျက်အစီးမြင်ကွင်းတွေကို ကြည့်ရှုဖို့ လမ်းသလားခဲ့ကြပါတယ်။ မြို့ရဲ့အချို့အစိပ်အပိုင်းဟာ လေကြောင်းစစ်ဆင်ရေးခံထားရသလိုမျိုးနဲ့ ခပ်ဆင်ဆင် တူနေပါတယ်။ လေလွင့်သူတွေကလည်း အပျက်အစီးပုံထဲက ပစ္စည်းကောင်းတွေကို ရှာဖွေတူးဆွနေကြတယ်။ မီးကျွမ်းပြိုလဲနေတဲ့ အိမ်ဝင်းတစ်ခုထဲမှာတော့ ဆိတ်ကျောင်းသားနဲ့ဆိတ်အုပ်တွေက သွားလာကျက်စားနေကြတယ်။ အဲ့ဒီနေရာဟာ တစ်ချိန်တုန်းက တောက်ပြောင်ခမ်းနားတဲ့ စားသောက်ခန်းတစ်ခု ဖြစ်ချင်ဖြစ်ခဲ့မှာပါဘဲ။ ခုချိန်မှာတော့ ……….။

    6

    ( ဓာတ်ပုံ  – အဖျက်ဆီးခံမွတ်စ်လင်မ်အိမ်များ၌ သွားလာကျက်စားနေသည့် ဆိတ်များ)

    နေ့လည်စာစားပြီးအခိုက်အတန့်မှာ ကျွန်တော်တို့အတွက်စီစဉ်သူက အရပ်သားအသွင်ဆောင်ထားတဲ့ ရဲထောက်လှမ်းရေးအရာရှိတစ်ယောက်ကို ညွှန်ပြပါတယ်။ အဲ့ဒီလူဟာ မြို့လယ်နဲ့အတန်ငယ် လှမ်းတဲ့နေရာတစ်ခုမှာ ကယ်ဆယ်ရေးစခန်းက လူတစ်ချို့နဲ့ကျွန်တော်တို့တွေ့ဆုံဆွေးနွေးမေးမြန်းတာကို နောက်ယောင်ခံ လိုက်ခဲ့တဲ့သူပါ။ အိမ်တစ်အိမ်မှာ IDP  ကလူတစ်ချို့ကို ကျွန်တော်တို့နဲ့တွေ့ဆုံစကားပြောဖို့ ခေါ်ထုတ်လာခဲ့တယ်။ ကျွန်တော်တို့ အင်တာဗျူးလုပ်ကြမယ့်အိမ်ထဲကို စီစဉ်သူက အဲ့ဒီသူကို ၀င်ရောက်စေခဲ့တယ်။ ကျွန်တော်လည်း အဲ့ဒီလူနဲ့အပေးအယူ တစ်ခုလုပ်ခဲ့တယ်။ သူက လက်နှစ်ဖက်လုံးသုံးပြီး အင်ဒရူးက လက်တစ်ဖက်ထဲနဲ့ လက်မောင်းလှဲအားပြိုင်လို့ သူနိုင်ယင် အထဲမှာစောင့်ကြည့်နိုင်တယ်။ တကယ်လို့ အင်ဒရူးကနိုင်သွားခဲ့ယင် သူက ထွက်ခွာသွားပေးရမယ်ဆိုပြီးတော့ပေါ့။ ဆယ်မိနစ်ကျော်ကျော်ကြာလွန် သွားတဲ့နောက် အဲ့ဒီလူက မအီမလည်အောင့်သက်သက်နဲ့ ထွက်ခွာသွားရတယ်လေ။

    သူက အနောက်တိုင်းဂျာနယ်လစ်နှစ်ဦးကို ကိုင်တွယ်ဖို့၊ ခြိမ်းခြောက်မှုလုပ်ဖို့အနေအထား မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့အင်တာဗျူးအကြောင်းအရာ နဲ့ စီစဉ်သူကိုတော့ ဒီလို သဘောထားချင်မှ ထားပါလိမ့်မယ်။ “မြန်မာ့နွေဦး” လို့ဆိုရမယ့်အပြောင်းအလဲဖြစ်နေသော်လည်း၊ သမ္မတဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမယ်လို့ တစိုက်မတ်မတ်ဆိုနေသော်လည်း မြန်မာနိုင်ငံရဲ့ မွတ်စ်လင်မ်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူအပေါင်းက အနောက်တိုင်း ဂျာနယ်လစ်များနဲ့တွေ့ဆုံပြောဆိုမှုအပေါ် ရဲထောက်လှမ်းရေးနဲ့သတင်းပေးတွေဖက်က ရှေ့ဆက်ဒုက္ခပေးလာမှာကို စိုးရိမ်မှု ရှိနေတယ်လို့ ပြောပြကြပါတယ်။

    ဇူလိုင်လတုန်းက အာဏာပိုင်တွေကို ထောက်ပြပြောဆိုလေ့ရှိတဲ့ လှုပ်ရှားတက်ကြွသူ ရိုဟင်ဂျာအမျိုးသားကြီးတစ်ဦးကို အရေးယူပြီးထောင်ချခဲ့ကြတယ်။ အဲ့ဒီပုဂ္ဂိုလ်ဟာ ကျန်းမာရေးလည်း မကောင်းသလို ဆေးကုသမှုခံယူခွင့်လည်း ကောင်းကောင်းမရခဲ့ပါဘူး။ ရခိုင်ပြည်နယ်ကယ်ဆယ်ရေးစခန်းက ယာယီတဲတွေကို ဖြိုလှဲနေတဲ့ ရဲဝန်ထမ်းတစ်ယောက်ရဲ့ဓာတ်ပုံကို ဖေ့စ်ဘွတ်ပေါ်တင်လိုက်တဲ့ လူမှုလှုပ်ရှားသူတစ်ဦးဟာလည်း ရက်သတ္တပတ် အနည်းငယ်အတွင်း အဖမ်းခံခဲ့ရပါတယ်။

    7

    ( ဓာတ်ပုံ  – ကျွန်ုပ်တို့အား နောက်ယောင်ခံလိုက်ခဲ့သည့် ထောက်လှမ်းရေးရဲအရာရှိ )

    ကျွန်တော်တို့တွေ့ဆုံခဲ့တဲ့ IDP စခန်းထဲကလူအားလုံးဟာ အကြမ်းဖက်မှုစတင်စဉ်ကတည်းကြုံတွေ့ရမှုကို ပြောပြခဲ့တာ ထပ်တူထပ်မျှဖြစ်နေပါတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာဝင်များနဲ့ ကာလရှည်ကြာစွာ ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်ခဲ့ကြတယ်။ ဒါပေမယ့် တင်းမာမှုတွေ တဖြည်းဖြည်းမြှင့်တက်လာမှုကိုလည်း သတိထားမိခဲ့ကြတယ်။ မိမိအိမ်ကို မီးတင်ရှို့ခံလိုက်ရတဲ့ အငြိမ်းစားရဲအရာရှိတစ်ဦးက “ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ဘာမှမကျူးလွန်ခဲ့ပဲနဲ့ ဘာကြောင့်ဒီလိုဖြစ်ပျက်ရတယ်ဆိုတာ မသိရပါဘူး ” လို့ ပြောပါတယ်။ မိမိရပ်ကွက်ထဲက ဗုဒ္ဓဘာသာဝင်တွေကို မိမိကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးပေးတဲ့အထိ ရင်းနှီးကျွမ်းဝင်ခဲ့ကြတာပါလို့ နောက်တစ်ဦးကလည်း ဆိုပြန်တယ်။

    တိုက်ခိုက်မှုအတွက် သူတို့အားလုံး အပြစ်တင်တာကတော့ ဦးဝီရသူ ပါဘဲ။ စစ်တပ်နဲ့အာဏာပိုင်တွေ ပါဝင် ပတ်သက်မှုရှိတယ်လို့လည်း ပြောကြတယ်။ “ တစ်ချိန်တုန်းက ကျွန်တော်တို့ ငြိမ်းချမ်းသင့်မြတ်နေခဲ့ကြပါတယ်။ ဒါပေမယ့် စံနစ်တကျကြံစည်ထားတဲ့ အမုန်းမီးမွှေးမှု ပျံ့နှံ့လာခဲ့တယ်။ အဲ့ဒီနောက် လူတွေကြားထဲ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားခဲ့တာပါဘဲ ” လို့ တစ်ဦးသောသူက ရှင်းပြခဲ့တယ်။

    လူ့အသိုင်းအ၀ိုင်းအချင်းချင်းအကြားမှာ အယုံအကြည်ကင်းမဲ့သွားခဲ့ပါပြီ။ မိမိတို့လုံခြုံမှုကိုအာမခံပေးတဲ့ မူဝါဒတစ်ခုကို အစိုးရဖက်က ပြုလုပ်ဖို့လိုအပ်ကြောင်း ပြောဆိုကြပါတယ်။ အခုလက်ရှိအချိန်မှာတော့ သူတို့အဖို့ IDP စခန်းထဲကနေ ထွက်ခွာနိုင်ဖို့က အရေးအကြီးဆုံးဖြစ်နေပါတယ်။

    8

    ( ဓာတ်ပုံ  – ခရိုင်အားကစားကွင်းထဲရှိ ကယ်ဆယ်ရေးစခန်းအဖြစ်ပြုလုပ်ထားသောအားကစားရုံ )

    ကျွန်တော်တို့ ပထမဆုံးသွားရောက်ခဲ့တဲ့စခန်းက ခရိုင်အားကစားကွင်းဖြစ်ပါတယ်။ သေးငယ်တဲ့အားကစားရုံထဲမှာ လူ ၆၀၀ ကျော် ပြွတ်သိပ်ပြီးနေနေတာကို တွေ့ခဲ့ရပါတယ်။ မတ်လ ၂၁ ရက်နေ့ကစပြီး ဒီပုံစံနဲ့ နေထိုင်လာခဲ့တာ ငါးလ ရှိပါပြီ။ သီးခြားအကန့်မရှိဘဲ ကြမ်းပြင်ပေါ်ဖြစ်သလို ဖျာတွေ၊ စောင်တွေခင်းပြီး အ၀တ်အိတ်နဲ့ပိုင်ဆိုင်မှုတွေ နံဘေးမှာကိုယ်စီချထားလို့ နေအိမ်သဖွယ် နေထိုင်နေရတာပါ။ လူနှစ်ယောက် ပခုံးချင်းယှဉ်ဖြတ်လျှောက်လို့မရတဲ့အထိ ကြမ်းပြင်တစ်ကြော လူတွေပြည့်ကျပ်နေပါတယ်။ မိမိရဲ့ဖျာတစ်ချပ်စာနေရာမှာ သူ့မိသားစု ၇ ဦးနေထိုင်နေရတယ်လို့ လူတစ်ဦးက ပြောပြတယ်။

    မိမိတို့ရဲ့အနာဂတ် ဘာဖြစ်လာမလဲ၊ ဘာကိုရွေးချယ်ရမလဲဆိုတာ ဘယ်သူမှ သေသေချာချာ မပြောနိုင်ပါဘူး။ ဒီမှာမလွတ်လပ်ဘူး၊ ကိုယ့်အိမ်ကိုယ်ပြန်မှဖြစ်မယ်၊ နောက်တစ်နေ့ပြန်ခွင့်ရတာနဲ့ထွက်ခွာမယ် စသဖြင့် ကိုယ်စီ ဆိုနေကြပါတယ်။

    အချို့ကျတော့ လမ်းပြင်ရောက်ယင် လုံခြုံမှု မရှိဘူးလို့ ဆိုကြပြန်တယ်။ “ ကျွန်မတို့ဆီမှာ အနာဂတ် မရှိတော့လို့ အိမ်ကိုလည်း မပြန်ချင်တော့ဘူး ” ဆိုပြီး နေအိမ်တစ်ခုလုံး မီးထဲပါသွားတဲ့ အမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။

    ကျွန်တော်တို့ရောက်ဖူးတဲ့ မြန်မာပြည်အခြားဒေသက IDP စခန်းတွေနဲ့မတူပဲ မိတ္ထီလာမှာ ကျွန်တော်တို့သွားတဲ့နေရာတိုင်း ရဲတစ်စုက လိုက်နေခဲ့ကြတယ်။ အချို့က ယူနီဖောင်းနဲ့၊ တစ်ချို့ကျတော့ အရပ်ဝတ်နဲ့ဖြစ်တယ်။ ရဲအရာရှိတစ်ဦးရှေ့မှာဖြစ်စေ၊ စကားဝိုင်းထဲ သူဝင်ပါတဲ့အခါဖြစ်စေ မေးမြန်းပြောဆိုမှုတွေကို ခက်ခဲသွားစေပါတယ်။ အဲ့လိုဝင်စွက်လိုက်ယင် ရှေ့ဆက်တိုးဖို့ မလွယ်တော့ပါဘူး။

    အားကစားရုံအပြင်ဖက်မှာ ၀ါးတဲထိုးပြီး နေထိုင်နေကြတဲ့ ဒုက္ခသည်တွေလည်းရှိကြတယ်။ တစ်ချို့က ချက်ပြုတ်နေကြတယ်။ တစ်ချို့က ဆိုင်ငယ်လေးတွေခင်းပြီး သွားရေစာနဲ့ဟင်းသီးဟင်းရွက်တွေကို ရောင်းချနေကြတယ်။ အဲ့ဒါက ဘောလုံးကွင်းထဲမှာပါ။ တစ်ချို့ကတော့ အမိုးမိုးဖို့ ကွန်ကရစ်တိုင်သုံးမယ့်အထိ စိတ်ကူးနေကြတယ်။

    9

    ( ဓာတ်ပုံ  – ကယ်ဆယ်ရေးစခန်းတစ်ခု၏ပြင်ပမှ ရဲအရာရှိများ )

    ခရိုင်အားကစားကွင်းကနေထွက်ခွာလာပြီးတဲ့နောက် မြို့ထဲနဲ့နီးတဲ့ ဗုဒ္ဓဘာသာဝင်ဒုက္ခသည်စခန်းတစ်ခုကို ၀င်ပါတယ်။ အဲ့ဒီကအခြေအနေတွေကလည်း သိပ်ပြီးမထူးခြားပါဘူး။ မှောင်ပိန်းညစ်ပတ်တဲ့တဲတွေထဲမှာ လူတွေ နေနေကြရတယ်။ အဲ့ဒီမှာတော့ အာဏာပိုင်တွေ သိပ်မရှိကြပါဘူး။

    ကင်တားနား သွားရောက်ဖို့ရည်ရွယ်ထားတဲ့ နောက်ထပ်စခန်းတစ်ခုကို ကျွန်တော်တို့ရောက်ပြန်တယ်။ ဒုက္ခသည်စခန်း လုပ်ထားတဲ့ ရေပေးဝေရေးစက်ရုံတစ်ခုပါ။ အပြင်ဖက်မှာ လူတစ်ချို့ ၀ိုင်းဖွဲ့ထိုင်နေကြတယ်။ ထင်းခွေသူတွေ ခွေကြ၊ ခြင်းလုံးခတ်သူတွေ ခတ်ကြနဲ့ပေါ့။ ၀ါးတဲများနဲ့ တစ်ထပ်တိုက်အဆောက်အဦထဲမှာ မိသားစုတစ်စုအတွက် ၁၀ ပေ ပတ်လည်ကန့်သတ်နေရာချထားပေးတယ်။ ဒီစခန်းက အခြေအနေတော်တော်ကောင်းပုံရပါတယ်။

    ဒီလိုစခန်းမျိုးထဲမှာတောင် ရဲနဲ့ထောက်လှမ်းရေးအရာရှိတွေက အချင်းချင်းရယ်မောစကားဆိုယင်း ကျွန်တော်တို့နောက်ကို ထပ်ကြပ်မကွာ လိုက်နေခဲ့ကြတယ်။ ဒါကြောင့် အင်တာဗျူးလုပ်ဖို့ကြိုးပမ်းချက်အများစုက သဲထဲရေသွန်ဖြစ်သွားရတယ်လေ။ ခြောက်သွေ့ပူပြင်းတဲ့ဒဏ်၊ ဖရိုဖရဲဝန်းကျင်အခြေအနေတွေ၊ စခန်းပတ်လည်က လုံခြုံရေးအစောင့်တွေကြောင့် ကျွန်တော့်မှာ ပျို့အန်ချင်သလို ခံစားလာခဲ့ရပါတယ်။ အကျဉ်းသဘောလောက်သာ လျှောက်ကြည့်ပြီး ရဲအစောင့်တွေကို ကောင်းမွန်စွာ နှုတ်ဆက်ထွက်ခွာလာကြပါတယ်။

    10

    ( ဓာတ်ပုံ – ရေပေးစက်ရုံစခန်းပတ်လည်မှ ကျွန်ုပ်တို့နောက်လိုက်နေသည့် လုံခြုံရေးအုပ်စုဝင်များ )

    ဒုက္ခသည်တွေကို ဘယ်နေ့ဘယ်ရက်မှာအိမ်ပြန်ခွင့်ပြုမယ်ဆိုတာ ကယ်ဆယ်ရေးစခန်းတွေက တပ်အပ်သေချာ မပြောကြပါဘူး။ လူ့အဖွဲ့အစည်းတွေအကြား ရင်ကြားစေ့ရေးအစီအစဉ်ပြုလုပ်ပေးမယ့်လမ်းလည်း မမြင်ရဘူး။ နောက်ထပ်အကြမ်းဖက်လာနိုင်ချေရှိတဲ့အရာကို ထိန်းချုပ်ထားတဲ့ မူဝါဒစံနစ်တစ်ရပ်ကိုပင် မချမှတ်ထားတာလည်း တွေ့ခဲ့ရတယ်။

    မိတ္ထီလာအကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ ကင်တားနားက “ အနီးအနားမှာ ရဲတပ်ဖွဲ့ဝင်တွေရှိနေပါလျက် အကာအကွယ်မဲ့နေရတဲ့ ဒီအဖြစ်ကိုကြုံတွေ့လိုက်ရတဲ့အခါ စိုးရိမ်ထိတ်လန့်မှုကို ခံစားလိုက်ရတယ်။ လွန်ခဲ့တဲ့မတ်လ အကြမ်းဖက်မှုကြီးအတွင်း လူရမ်းကားအုပ်စုတွေက လူ ၄၃ ဦးကို သေတဲ့အထိ ရိုက်နှက်၊ ထိုးခုတ်၊ မီးရှို့နေပါလျက် ရဲတွေက စောင့်ဆိုင်းရပ်ကြည့်နေချိန်မှာ မြို့ခံလူတွေရဲ့သောကဝေဒနာကို ကျွန်တော့်ရဲ့ဒီအဖြစ်က ကိုယ်ချင်းစာနားလည်မှု ဖြစ်သွားစေပါတယ် ” လို့ ဖော်ထုတ်ပြောကြားခဲ့ပါပြီ။

    ကုလသမဂ္ဂသံတမန်တစ်ဦးကိုပင်လျှင် အာဏာပိုင်တွေက မကာကွယ်နိုင်ဘူး ဒါမှမဟုတ် ကာကွယ်ပေးလိုစိတ်မရှိဘူး ဖြစ်နေတဲ့အခါ မိတ္ထီလာက မွတ်စ်လင်မ်တွေအတွက် အနာဂတ်အလားအလာကောင်းဖို့ မမြင်တော့ပါဘူးဗျာ။

    ( International Centre For Journalists ထံသို့ Danny Gold ၏  Spending time with the displace muslims of Myanmar ခေါင်းစဉ်ဖြင့်တင်ပြချက်ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည် )

    Photos Credit: Andrew Stanbridge

  • သင်မသိသော သင့်ဦးနှောက်အကြောင်း

    စက်တင်ဘာ ၁၆၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    brain 2

    ၁။ ဦးနှောက်ရဲ့ ရာခိုင်နှုန်း ၈၀ ဟာ ရေဖြစ်ပါတယ်။ ဆိုလိုတာက ဦးနှောက်ကောင်းကောင်း အလုပ်လုပ်ဖို့ ရေအဝအလင် သောက်နေဖို့လိုပါတယ်။

    ၂။ ဦးနှောက်ဟာ မနက်ထက် ညပိုင်းမှာပိုပြီး အလုပ်ပိုလုပ်ပါတယ်။

    ၃။ အချက်အလက်တွေဟာ အာရုံကြောတွေကနေ ဖြတ်သွားတဲ့အခါ တစ်ခုနဲ့ တစ်ခု အမြန်နှုန်းမတူကြပါဘူး။ ဒါကြောင့် တစ်ခါတလေမှာ တစ်ချို့အကြောင်းအရာတွေကို ချက်ချင်းမှတ်မိပြီး တစ်ချို့ကိုကျ နည်းနည်းနောက်ကျပြီးမှ သတိရတာပါ။

    ၄။ ကျွန်တော်တို့ ဦးနှောက်ဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၂ ရာခိုင်နှုန်းသာရှိပါတယ်။ ဒါပေမယ့် သွေးထဲကိုရောက်လာတဲ့ အောက်ဆီဂျင်တွေရဲ့ ၂၀ ရာခိုင်နှုန်းကို လိုအပ်တယ်။

    ၅။ ဦးနှောက်ဟာ ၁၀ ဝက်ပ် မီးလုံးတစ်လုံးနဲ့ စွမ်းအင် အသုံးပြုပမာဏတူပါတယ်။

    ကိုးကား – GK

  • ပြည်သူလူထုအင်အားကို မျှော်လင့်ထားတဲ့ UNC

    ပြည်သူလူထုအင်အားကို မျှော်လင့်ထားတဲ့ UNC

    စက်တင်ဘာ ၁၆၊ ၂၀၁၃
    M-Media
    သုတ

    DSC00212

    ရန်ကုန် ။ ။ UNC (အမျိုးသားညီညွတ်ရေးကွန်ဂရက် ပါတီ)၏ ပသီအမျိုးသားရေးရာ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တတိယအကြိမ်မြောက် အကြံပြု ဆွေးနွေးပွဲကို မနေ့က နေ့လည် ၂း၃၀-နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ပါတီဋ္ဌာနချုပ်မှာ ပြုလုပ်ခဲ့ပြီး လူ ၁၀၀-ခန့် တက်ရောက်ခဲ့ကြသည်။

    ၎င်းဆွေးနွေးပွဲတွင် သဘာပတိဦးမြင့်ဝေမှပြောကြားရာတွင် တိုင်းရင်းသားညီအစ်ကို မောင်နှမများ အချင်းချင်း စည်းလုံးညီညွတ်မှုရရှိအောင် ဆောင်ရွက်ရန်၊ ဒီမိုကရေစီဖော်ဆောင်ရေး အလွန် အရေးကြီးကြောင်း၊ ပါတီညီလာခံ ခေါ်ယူရန်နှင့် ပသီလူမျိုးမှာ ရှေးပဝေဿနီကပင် ရှိခဲ့ကြောင်းနှင့် ကွယ်ပျောက်နေသော လူမျိုးစုကို ပြန်လည်ဖော်ထုတ်ရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထုရဲ့ အင်အားကို UNC အနေနဲ့ အများကြီး မျှော်လင့်ထားကြောင်းကိုလည်း ပြောကြား ခဲ့သည်။ ထို့နောက် အထွေထွေအတွင်းရေးမှူး ဦးမြင့်သိန်းမှ ပါတီမူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ဥပဒေကိစ္စရပ်များ နိုင်ငံသားအခွင့်အရေးများနှင့်ပတ်သက်၍ ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)မှ ရှင်းလင်းပြောကြားသွားခဲ့သည်။ အမှုဆောင်အဖွဲ့ဝင် ဦးထွန်းဝင်းမှ နိုင်ငံရေးကိစ္စများအား ရှင်းလင်းပြောကြားသွားခဲ့ကြသည်။

    ထို့နောက် တက်ရောက်လာကြသူများမှာ သိလိုသည်များကို ၀ိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ လူငယ်များမှ သန်းခေါင်စာရင်းကိစ္စနှင့် မှတ်ပုံတင်ကိစ္စများကိုလည်း အဓိက ဆွေးနွေးသွားခဲ့သည်။ တက္ကသိုလ်ဘွဲ့ရ ကျောင်းသားတစ်ဦးမှ မိမိတို့ မြန်မာမွတ်စလင်မ်အများစုမှာ ၃-ခေါက်ချိုး မှတ်ပုံတင်သာ ကိုင်ဆောင် ထားရကြောင်း ကျောင်းပြီးသွားသော်လည်း ဘွဲ့လက်မှတ်မရရှိကြောင်း၊ ကျောင်းကို ပြောသောအခါ ကျောင်းကလည်း နိုင်ငံသားကတ်ရမှသာ ဘွဲ့လက်မှတ် ထုတ်ပေးမည် ဖြစ်ကြောာင်း ထို့ကြောင့် မိမိတို့ သူငယ်ချင်း အယောက်(၂၀)ခန့် ဘွဲ့လက်မှတ် မရရှိကြောင်း တို့ကို မေးမြန်းခဲ့ပြီး UNC အနေနဲ့ အဆိုပါ ကိစ္စရပ်များအတွက် နိုင်ငံတော်မှ တာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဘာသာတရားပြောင်းလဲလိုက်မှုကြောင့် မိမိအနေဖြင့် လူမျိုးလည်း ပျောက်သွားရသည်ဆိုသူ တက်ရောက်လာသူတစ်ဦးမှ “ကျွန်တော် အရင်က ဗုဒ္ဓဘာသာပါ။ အခုတော့ မွတ်စလင်မ်တစ်ယောက်ပါ။ ကျွန်တော်တို့က အခုအခြေအနေမှာ ပြေဇာပင်ဖြစ်နေရတယ်။ အဓိက မြန်မာနိုင်ငံမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ကိုင်ဆောင်ပြီးလုပ်နေတော့ ကျွန်တော်တို့ကို တိုင်းရင်းသားစာရင်းထဲ မပါဘူးဆိုပြီး ဘေးထုတ်ခံရတယ်။ ကျွန်တော်တို့ ဒီနေ့မှာ ကိုယ့်ကိုယ်ကို အယူသည်းနေမယ်ဆိုရင် မြေဇာပင်ခံရမှာ ကျွန်တော်တို့ရဲ့ သားသမီးမြေးတွေဖြစ်တယ်။ တက်ရောက်လာသူတွေကို ကျွန်တော် ဆွေးနွေးချင်တာက ကျွန်တော် ဒီပါတီကိုယ်စား ပြောတာလည်း မဟုတ်ဘူး။ ဧည့်သည်တစ်ယောက်အနေနဲ့ပြောတာပါ။ ကျွန်တော် ခံစားချက်နဲ့ ဒီစကားကို ပြောပါတယ်။ တချို့ကပြောတယ် ငါတို့က ဟိုဟာ ငါတို့က ဒီဟာဖြစ်လို့ ဒီပါတီကို ဘာလို့ ထောက်ခံရမလဲဆိုတာမျိုး ကျွန်တော့်သူငယ်ချင်းထဲမှာကို ပြောတယ်။ ဒါပေမယ့် ကျွန်တော်မေတ္တာရပ်ခံတာက ဒီပါတီဟာ ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအတွက်လုပ်နေတာပါ။ ဒါကြောင့် ဟိုဟာဒီဟာဖြစ်လို့ မထောက်ခံဘူး မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ လူမျိုးတွေဟာ အများစု education ပိုင်းအားနည်းကြပါတယ်။ အဲဒါကို မြှင့်တင်ဖို့လိုပါတယ်။ ကျွန်တော့်ဇနီးကိုယ်တိုင်က မြန်မာစာ မသင်ခဲ့ရတော့ ဒါမျိုးတွေကို နားမလည်ဘူး။ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်က မြန်မာပဲ ဘာလို့ ပသီဆိုတာကိုပြောတာလဲလို့မေးတယ်။ ကျွန်တော်က အခု မွတ်စလင်မ်ဖြစ်လာတဲ့အတွက် မွတ်စလင်မ်ဆိုတာနဲ့ မှတ်ပုံတင်မှာ မြန်မာမဟုတ်တော့ဘူးလို့ ထည့်ခံရတယ်။ ကျွန်တော်လည်း လူမျိုးပျောက်သွားတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုဖြစ်နေတယ်။ တခြားတိုင်းရင်းသားတွေမှာလည်း ဘာသာပေါင်းစုံရှိကြတယ်။ ဥပမာ ကရင်မှာ ဗုဒ္ဓဘာသာရှိသလို၊ ခရစ်ယာန်လည်းရှိတယ်၊ မွတ်စလင်မ်လည်းရှိတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ စိတ်ဝမ်းမကွဲပဲနဲ့ တက်ညီလက်ညီ ပန်းတိုင်အရောက် သွားကြဖို့လိုတယ်။ ဒါကြောင့် သန်းခေါင်စာရင်း ကောက်ယူတဲ့အချိန်မှာလည်း မြန်မာမွတ်စလင်မ်တွေအားလုံး တညီတညွတ်တည်း ပသီလို့ ခံယူဖြည့်စေ ချင်တယ်။ ဒါက ကျွန်တော် ကိုယ်တိုင် ခံစားရတဲ့အတွေ့အကြုံအရ ပြောတာပါ။ လက်ခံတာ လက်မခံတာက ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။”လို့ ဆွေးနွေး ပြောကြားသွားခဲ့ပါတယ်။

    ဥက္ကဋ္ဌ နိဂုံးချုပ်စကားတွင် သားစဉ်မြေးဆက် မိမိတို့ကြောင့် နာမည်မပျက်ကြရအောင် အမျိုးသားရေးကို သစ္စာရှိရှိနဲ့ လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြား သွားခဲ့ပါတယ်။